← Chapters

အခန်း (၆၂၂)

Vol. 45 Ch. 622

အခန်း (၆၂၂)

Vol. 45 Ch. 622

နေရာတိုင်းရှိ ကျင့်ကြံသူများသည် ထိုအချင်းအရာကို ပြင်းပြင်းထန်ထန် ဆွေးနွေးနေကြရင်း ယဲ့ကျွင်းလင်၏ သမိုင်းပေါ်သမိုင်းထပ်သော အောင်မြင်မှုကို အံ့သြချီးကျူးမဆုံးနိုင်ရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သူတို့၏အမြင်တွင် မျိုးရင်းနဂါးများမှာ မည်သည့်အင်အားနှင့်မှ သတ်ဖြတ်ဖိနှိပ်ဖို့မဖြစ်နိုင်လောက်အောင် မြင့်မြတ်အားကောင်းလှသည်ဟု ခံယူထားခဲ့ကြသောကြောင့်။

အတိတ်တစ်ချိန် နဂါးမျိုးနွယ်တို့ လွှမ်းမိုးကျော်ဇောခဲ့စဥ်က စစ်မှန်သောနဂါးများကို မထိပါးလေနှင့် ဟူသောဆိုရိုးစကားပင် ပေါ်ပေါက်ခဲ့ဖူးသေးသည်။ သို့သော် အားကောင်းသော နဂါးမျိုးနွယ်ပင်လျှင် ယဲ့ကျွင်းလင်ကို စိန်ခေါ်မိသောအခါ နောက်ဆုံးတွင် အရိုက်ခံရရုံမှအပ တခြားလမ်းမရှိခဲ့။ မဟာမိတ်ခေါင်းဆောင်ရာထူးကတော့ ထိုက်သင့်သူလက်ထဲ ရောက်ရှိသွားခဲ့လေပြီ။

ထို နဂါးမျိုးနွယ်စွမ်းအားရှင်၏ အမည်ကို ဖော်ပြလိုက်သောအခါ ခေတ်ပြိုင် ကျင့်ကြံသူများ၏ သာမန်တုံ့ပြန်မှုများနှင့်မတူဘဲ ပြန်လည်ရှင်သန်နိုးထလာသူ အသိုင်းအဝိုင်းကြား အကြီးအကျယ် တုန်လှုပ်ခြောက်ချားသွားခဲ့ရ၏။ လုံအော်ထျန်းက ပြင်းပြင်းထန်ထန် ရှုံးနိမ့်ခဲ့ရသတဲ့လား။

ကျင့်ကြံရေးလမ်းကြောင်းတစ်လျှောက်လုံးတွင် နှောင့်နှေးပိတ်ဆို့လာသော အရာအားလုံးကို သတ်ဖြတ်ဖယ်ရှားကာ အဆင့်တက်ခဲ့သော နှစ်ယောက်မရှိသည့် ပါရမီရှင်၊ မသေမျိုးသူတော်စင်အဆင့် ပုဂ္ဂိုလ်ကြီးများပင် သူ့ကြောင့် သေဆုံးခဲ့ရဖူးသည်။ ထိုအမည်နာမသည် တစ်ချိန်က ရေတွက်မရနိုင်သော နှလုံးသားများကို တုန်လှုပ်ကြောက်ရွံ့စေခဲ့ပြီး ပြိုင်ဘက်ကင်းဟူသောစကားလုံး၏ အဓိပ္ပာယ်ဆိုလျှင်လည်း မမှား။

ထိုသို့သော ပြိုင်ဘက်ကင်းပါရမီရှင်တစ်ဦးသည် နောက်ဆုံးတွင် စီးချင်းထိုးပွဲ၌ပင် အရှုံးပေးဒူးထောက်လိုက်ရသတဲ့လား။

"ဒါကြောင့် ဒီယဲ့မျိုးရိုးကအရှင်က မသေမျိုးတာအို မဟာမိတ်အဖွဲ့အစည်းရဲ့ ခေါင်းဆောင် ဖြစ်လာတာကိုး၊ တကယ်ကို အသင့်တော်ဆုံး ရွေးချယ်မှုပါပဲ" သူတို့အားလုံး တူညီစွာ မှတ်ချက်ချမိကြသည်။

သူတို့ထဲတွင် မသေမျိုးဧကရာဇ်အဆင့်ရှိ လူအနည်းစုသာ အတူပူးပေါင်းပြီး မသေမျိုးတာအို မဟာမိတ်အဖွဲ့အစည်း၏ အုပ်ချုပ်မှုကို ဖြုတ်ချဖို့အကြံရှိခဲ့ကြသည်။ သို့သော် လုံအော်ထျန်း၏ ရှုံးနိမ့်မှုသတင်းကို လက်ခံရရှိပြီးနောက် တစ်လှမ်းပင်ဆက်မတိုးရဲတော့ပါ။

လုံအော်ထျန်းကဲ့သို့ အားကောင်းသော မသေမျိုးဧကရာဇ်တစ်ပါးပင် ရှုံးနိမ့်ခဲ့ရလျှင် သူတို့လိုဖြစ်တည်မှုမျိုးက မဟာမိတ်ခေါင်းဆောင်ရှေ့တွင် အသက်ရှင်ဖို့ပင် ထိုက်တန်မည်မဟုတ်။

နောက်ရက်များတွင် မသေမျိုးတာအို မဟာမိတ်အဖွဲ့အစည်း၏ တင်းကျပ်သောအုပ်ချုပ်မှုအောက်ဝယ် အလယ်ပိုင်းဒေသ၏ ကျင့်ကြံမှုလောကသည် စနစ်တကျဖြစ်လာပြီး ယခင်အတိုင်း အေးချမ်းညီညွှတ်စွာ ပြန်လည်အသက်ဝင်ကာ စည်ပင်ဝပြောလာခဲ့သည်။

လျှို့ဝှက်နေရာတစ်ခုဖြစ်သော နဂါးတောင်တန်းရှိ ဧရာမနဂါးသိုက်ရှေ့တွင် ကျန်းတစ်သောင်းမျှ အမြင့်ရှိသော မျက်စိတစ်ဖက်ပါ ဘီလူးကြီးတစ်ကောင် ချဉ်းကပ်လာသည်။ သူ၏ခြေလှမ်းများက လေးလံလွန်းသဖြင့် တောင်ကမ်းပါးယံပင် တဒုန်းဒုန်းလှုပ်ခါနေလျက်။

ထိုသတ္တဝါကြီး ပိုမိုနီးကပ်လာသည်နှင့်အမျှ ခြေလှမ်းများသည် ပိုမိုညင်သာလာပြီး အနည်းငယ် သတိကပ်လာပုံလည်းရ၏။

ဘီလူးကြီး၏အရေပြားသည် ပင်လယ်ပြာရောင်ဖြစ်ပြီး ရှေးဟောင်းဆန်ကာ ကြမ်းတမ်းရှုပ်ထွေးသော အမှတ်အသားများဖြင့် ဖုံးလွှမ်းနေသည်။ ဖောင်းပွနေသော ကြွက်သားများသည် သံမဏိအား အပူပေးအရည်ကျို၍ သွန်းလုပ်ထားသည့်အလား သန်မာတောင့်တင်းသော အရှိန်အဝါကို ထုတ်လွှတ်လျက်ရှိ၏။

သူ၏မျက်နှာအလယ်ရှိ တစ်လုံးတည်းသောမျက်စိက ဧရာမနဂါးသိုက်ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်နေသည်။ ထိုအကြည့်တွင် နက်ရှိုင်းသော ကြောက်ရွံ့မှုကို မြင်တွေ့နိုင်၏။

အဘယ်ကြောင့်ဆိုသော် ထိုအသိုက်အတွင်းရှိ တည်ရှိမှုသည် မသေမျိုးသူတော်စင်တစ်ပါးကိုပင် သတ်နိုင်သော ပြိုင်ဘက်ကင်း ကြောက်မက်ဖွယ်သတ္တဝါဖြစ်သောကြောင့်ပင်။

ခရီးနှင်လာရသည့် မူလရည်ရွယ်ချက်ကို ပြန်လည်စဉ်းစားရင်း မျက်စိတစ်ဖက် ဘီလူးကြီးသည် သူ့စိတ်သူ ငြိမ်အောင်ထိန်းချုပ်ကာ မရဲတရဲမေးလိုက်သည်။ "နဂါးတာအိုမိတ်ဆွေ ရှိပါသလား"

အသိုက်အတွင်း၌မူ တစပြင်မျှ တိတ်ဆိတ်နေသည်။

မျက်စိတစ်ဖက် ဘီလူးကြီးသည် စိတ်ကိုခိုင်ခိုင်ထားရင်း အသိုက်တွင်းသို့ချောင်းကြည့်ရန် အရှေ့ဆက်တိုးလိုက်မိသည်။ ထိုအချိန်တွင် မာနကြီးပြီး ခမ်းနားသော အသံတစ်ခုက အသိုက်တွင်းမှ ထွက်ပေါ်လာခဲ့၏။

"ထပ်ပြီး ချဉ်းကပ်ရဲရင် သနားညှာတာမှုမရှိဘဲ သတ်ပစ်မယ်"

မျက်စိတစ်ဖက် ဘီလူးကြီး၏ ခန္ဓာကိုယ်သည် ရုတ်တရက် တောင့်တင်းသွားရသည်။ တစ်ဖက်လူ၏ မောက်မာလှသောလေသံကို မနှစ်ခြိုက်လှသော်ငြား စိတ်ကိုအသာပြန်ထိန်းကာ အသက်ပြင်းပြင်းရှူလိုက်ပြီး နက်ရှိုင်းသောလေသံဖြင့် ဆိုလိုက်သည်။ "နဂါး တာအိုမိတ်ဆွေ၊ ကျွန်တော် ခင်ဗျားနဲ့ ဆွေးနွေးစရာ အရေးကြီးကိစ္စတစ်ခုရှိပါတယ်"

"စိတ်မဝင်စားဘူး၊ ထွက်သွား" အသိုက်အတွင်းရှိ ပိုင်ရှင်က ချက်ချင်းပင် နှင်ထုတ်လာသည်။ ထိုဘီလူးကောင်ကား သူနှင့်စကားပြောဆိုဆွေးနွေးဖို့ အဆင့်အတန်း လုံးဝမရှိသည့်နှယ်။

"မင်း..." မျက်စိတစ်ဖက် ဘီလူးကြီးသည် အဆုတ်များ ပေါက်ကွဲတော့မတတ် ဒေါသထွက်ကာ လက်သီးများကို တဂျွတ်ဂျွတ်မြည်သံထွက်အောင် တင်းတင်းဆုပ်လိုက်မိသည်။ မည်သို့ပင်ဆိုစေ သူသည်လည်း မသေမျိုးဧကရာဇ်အဆင့် တည်ရှိမှုတစ်ခုဖြစ်ပြီး ကိုးကွယ်မြှောက်ပင့်မှုများကြားတွင်သာ နေထိုင်ခဲ့ရသူဖြစ်၏။ သို့သော် ဤနေရာတွင်မူ ခွေးလောက်မှမျက်နှာမရ။

"ဒီကိစ္စက ယဲ့ကျွင်းလင်နဲ့ ဆိုင်တယ်"

မျက်စိတစ်ဖက် ဘီလူးကြီးက ရုတ်တရတ် အကြံရသွားဟန်ဖြင့် လာရောက်ရခြင်းရည်ရွယ်ချက်ကို တည့်တည့်ထုတ်ပြောလိုက်သည်။

ချက်ချင်းပင် လေးလံပြင်းပြသော ခြေသံများက အသိုက်အတွင်း၌ ပဲ့တင်ထပ်လာသည်။ ကြီးမားသော သတ္တဝါတစ်ကောင် လျှောက်ထွက်လာသကဲ့သို့။ ဖုန်မှုန့်များ အလုံးလိုက်ထကာ သဲနှင့်ကျောက်စကျောက်နများ လွင့်ပျံကုန်ကြသည်။

ကြီးမားပြီး ခမ်းနားသော နဂါးခေါင်းတစ်ခု ပေါ်ထွက်လာသည်။ ထိုနဂါး၏ ဒေါင်လိုက်သဏ္ဌာန်ရှိ မျက်ဟိသူငယ်အိမ်များ ရွှေရောင်တလက်လက် တောက်ပနေပြီး မျက်စိတစ်ဖက် ဘီလူးကြီးကို အသေအချာစိုက်ကြည့်နေသည်။ နဂါး၏အရှိန်အဝါက နေရာတိုင်းကို တိုက်စားဖုံးလွှမ်းသွားပြီး ပတ်ဝန်းကျင်တစ်ခုလုံးအား သစ်ရွက်ခတ်သံပင်မကြားရလောက်အောင် ဆိတ်သုဥ်းသွားစေခဲ့၏။

မျက်စိတစ်ဖက် ဘီလူးကြီးသည် ‌ကျောရိုးတလျှောက် စိမ့်တက်လာသောကြက်သီးကို ခံစားမိလိုက်သည်။ သို့သော် အတင်းအကြပ်ပြုံးပြရင်း တည်ငြိမ်ဟန်ဆောင်ကာ ပြောသည်။

"နဂါး တာအိုမိတ်ဆွေ၊ ဒီကိစ္စကို ခင်ဗျားလည်း အရမ်းစိတ်ဝင်စားလိမ့်မယ်ဆိုတာ သေချာပါတယ်"

"မင်းဆိုလိုတာက ဒီကိစ္စက မဟာမိတ်ခေါင်းဆောင်ယဲ့နဲ့ ပတ်သက်နေတယ်ပေါ့" လုံအော်ထျန်းက မျက်မှောင်ကြုတ်လျက် မေးသည်။

သူသည် ဒီကာလအတွင်း ယခင်ကျင့်ကြံမှုကို ပြန်လည်ရယူရန် အားထုတ်ထူထောင်နေခဲ့သည်။ လက်ရှိတွင် သူသည် မသေမျိုးဧကရာဇ် တတိယကောင်းကင်မှ သတ္တမကောင်းကင်သို့ ရောက်ရှိနိုင်ခဲ့ပြီဖြစ်သော်လည်း ယခင် မသေမျိုးဧကရာဇ် နဝမကောင်းကင်သို့ ပြန်လည်တက်ရောက်ရန်ကား သိသိသာသာကို လိုအပ်နေသေးသည်ပင်။

ဒီရက်ပိုင်းအတွင်း လုံအော်ထျန်းသည် ထိုတိုက်ပွဲ၏ အသေးစိတ်အချက်အလက်များကို ပြန်လည်စဥ်းစားဆင်ခြင်နေခဲ့ရင်း သူ၏ တိုက်ခိုက်မှုပုံစံသည် အင်မတန်ရန်လိုခဲ့ပြီး ကျင့်ကြံဆင့်တွင်လည်း အားနည်းခဲ့ရုံမက အလောတကြီးနိုင်ခဲ့ခြင်းကြောင့် အားအကောင်းဆုံးဝှက်ဖဲကို ထုတ်သုံးလိုက်ရန်ပင် အချိန်မလုံလောက်ခဲ့ကြောင်း သတိပြုမိသည်။ ထိုအကြောင်းများကြောင့် အားကုန်မထုတ်လိုက်ရခင် ဆိုးရွားစွာရှုံးနိမ့်ခဲ့ရခြင်းပင်။

ထို့ကြောင့် လုံအော်ထျန်းသည် ကျင့်ကြံဆင့်ကို အပြည့်အဝ ပြန်လည်ရရှိပြီး အင်အားအလုံးစုံ ပြန်လည်စုစည်းပြီးသည်နှင့် တစ်ပြိုင်နက် ယဲ့ကျွင်းလင်ကို ထပ်မံစိန်ခေါ်ရန် စီစဉ်ခဲ့သည်။ သို့သော် ဤတစ်ကြိမ်တွင် သူသည် ရန်လိုမှုမပါဝင်သော ရိုးရိုးရှင်းရှင်း လက်ရည်စမ်းပွဲတစ်ခုအတွက်သာ ရည်ရွယ်ထားခြင်းဖြစ်၏။

ထိုတိုက်ပွဲအပြီးတွင် လုံအော်ထျန်း၏ တာအိုနှလုံးသားသည် ရန်ငြှိုးကင်းစင်ပြီး မုန်းတီးနာကျည်းခြင်းလည်း စိုးစဥ်းမျှမရှိ။ နောက်ထပ် ပြင်းထန်သော ရှုံးနိမ့်မှုကို ထပ်မံရင်ဆိုင်ရလျှင်တောင် ဤသန့်စင်သောတာအိုနှလုံးသားက မပျက်စီးနိုင်အောင် ယုံကြည်ချက်ခိုင်မာနေခဲ့သည်။

အဓိက,ကတော့ သူ၏အားနည်းချက်များကို မပြတ်ဖြည့်ဆည်းရန် ပိုမိုအားကောင်းသော ပြိုင်ဘက်များနှင့် ရင်ဆိုင်တိုက်ခိုက်ချင်သည်။

အမှန်တော့လည်း မျက်စိတစ်ဖက် ဘီလူးကြီး ပြောလာသောစကားတွင် ပါဝင်သောနာမည်ကြောင့် ထူးထူးခြားခြား အာရုံစိုက်မိခဲ့ခြင်းပင်။

အဘယ်ကြောင့်ဆိုသော် ဤရက်စက်ကြမ်းကြုတ်သော မိတ်ဆွေရခဲလှသည့်ခေတ်တွင် တစ်ဖက်လူသည် သူ၏ အပြင်းထန်ဆုံး ပြိုင်ဘက်သာမက သူ၏ လေးစားထိုက်သော လမ်းညွှန်ပြသသူလည်း ဖြစ်နေသောကြောင့်။

"သခင်လေးစစ်ထူ၊ ကျွန်တော် ခင်ဗျားကို နဂါးတာအိုမိတ်ဆွေနဲ့ မိတ်ဆက်ပေးပြီးပါပြီ၊ ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကိုထုတ်ဖော်ပြသပါ"

မျက်စိတစ်ဖက် ဘီလူးကြီးက လုံအော်ထျန်းကို တိုက်ရိုက်စကားမဆိုဘဲ အနောက်သို့ခေါင်းလှည့်ကာ လူတစ်ဦးအား အချက်ပြခေါင်းညိတ်လိုက်သည်။

ထို့နောက် လေဟာနယ်တွင် လှိုင်းတွန့်များပေါ်ထွက်လာသည်။ ထိုလှိုင်းတွန့်များကြားမှ ရွှေရောင်ဆံပင်ရှိသော လူငယ်တစ်ဦးသည် စင်ကြယ်သော အဖြူရောင်တောင်ပံများဖြင့် ခေါင်းအနောက်တွင် ကောင်းကင်တမန်တော်ကဲ့သို့ အဖြူရောင်အလင်းဝန်းတစ်ခုနှင့်အတူ ထွက်ပေါ်လာခဲ့သည်။

စစ်ထူယန်သည် မျက်စိတစ်ဖက် ဘီလူးကြီး၏ ဘေးသို့ ရောက်လာပြီး အေးအေးဆေးဆေးဆိုသည်။ "ကျေးဇူးတင်ပါတယ်၊ မိတ်ဆွေ"

လုံအော်ထျန်းသည် ရွှေရောင်ဆံပင်ရှိ လူငယ်လေးကို မြင်သောအခါ အလွန်အံ့အားသင့်စွာ ငေးကြည့်နေမိရင်း မျက်လုံးများကျဥ်းမြောင်းသွားလျက် မေးခွန်းထုတ်လိုက်သည်။

"မင်းက အလင်းမျိုးနွယ်ကမလား"

All Chapters