လုံအော်ထျန်းက ဒီလိုလူလား
Vol. 45 Ch. 624
စစ်ထူယန်မှာ လုံအော်ထျန်းနှင့် မျက်စိတစ်ဖက်ဘီလူးကြီးတို့၏ မမျှော်လင့်ထားသော တုံ့ပြန်မှုများကြောင့် တစ်ခဏမျှ ပြောစရာစကားမရှိဖြစ်သွားရပြီး စိတ်ထဲတွင် တိတ်တဆိတ် ညည်းညူလိုက်မိ၏။ "ထူးဆန်းလိုက်တာ၊ ဘာလို့ ငါတွေ့တဲ့ ရှေးဟောင်းကျင့်ကြံသူတိုင်းက ဒီလိုအူတူတူအတတတွေဖြစ်နေရတာလဲ"
မတတ်သာသော အခြေအနေတွင် စစ်ထူယန်သည် စိတ်ရှည်လက်ရှည် ရှင်းပြရန်သာ ရွေးချယ်စရာရှိတော့သည်။
"ငါပြောတဲ့ ကောင်းကင်ဧကရာဇ်ယဲ့ဆိုတာ မင်းတို့ ရှေးခေတ်က အင်အားအကြီးဆုံး မသေမျိုးဧကရာဇ်ပဲ။ သူဟာတစ်ချိန်က အမှောင်မျိုးနွယ် ပုန်ကန်ထကြွမှုကိုနှိမ်နင်းခဲ့တဲ့ သမိုင်းကြောင်းတစ်ခု ပိုင်ဆိုင်ထားပြီး ပြိုင်ဘက်ကင်းတဲ့ တိုက်ခိုက်ရေး စွမ်းအားကြောင့်လည်း သူမတူအောင်ကျော်ကြားတယ်။သူကမှ မသေမျိုးသူတော်စင်အဆင့်အောက်က နံပါတ်တစ်ပုဂ္ဂိုလ် အမှန်အကန်ပဲ။ "
"ဟိုက်"
ထိုရှင်းပြချက်ကို ကြားသောအခါ လုံအော်ထျန်း နှင့် မျက်စိတစ်ဖက်ဘီလူးကြီးတို့မှာ အံ့သြဘနန်း ပင့်သက်ရှိုက်လိုက်မိကြရသည်။ ကမ္ဘာပေါ်ရှိ လေထုဝန်းကျင်တစ်ခုလုံးမှာ ခဏတာမျှ တိတ်ဆိတ်ငြိမ်သက်သွားသည့်ဟန်။
ထိုလျှို့ဝှက်ချက်တွင် သူတို့နှစ်ဦးစလုံး အကြီးအကျယ် တုန်လှုပ်အံ့သြသွားရသည်။
"မင်းတို့... မင်းတို့ တကယ် မသိကြဘူးလား?" စစ်ထူယန်၏ အမူအရာမှာလည်း အထူးတဆန်းဖြစ်နေဟန်။
ရုတ်တရက် သူ့မှာ ခြေကုန်လက်ပန်းကျသလို ခံစားမိလိုက်ရ၏။ အဘယ်ကြောင့် အပြင်ကမ္ဘာမှာလာသောသူက ဤကမ္ဘာမှ ကောင်းကင်ဧကရာဇ်ယဲ့၏ မူလဇာစ်မြစ်ကို အကြိမ်တိုင်း ရှင်းပြနေရပါသနည်း။
တစ်ချိန်က ခေတ်တစ်ခေတ်လုံးကို လွှမ်းမိုးခဲ့ပြီး အမှောင်မျိုးနွယ်ရင်းမြစ်ကို နှိမ်နင်းခဲ့သော ကောင်းကင်ဧကရာဇ်ယဲ့သည် ခွင်းလွင်ကမ္ဘာ၌ မသိသူမရှိ အလွန်ကျော်ကြားနေသင့်သည် မဟုတ်ပါလော။ အဘယ်ကြောင့် ရှေးခေတ်မှ ဤကျင့်ကြံသူများက ထိုနာမည်ကို ပထမဆုံးကြားဖူးသည့်အတိုင်း ပြုမူနေရပါသနည်း။ ယုံချင်စရာပင်မကောင်းလှပေ။
"မဟာမိတ်ခေါင်းဆောင်ယဲ့က တကယ်ပဲ ဒီလိုသမိုင်းကြောင်းမျိုး ရှိခဲ့တာကိုး..."
လုံအော်ထျန်းသည် တံတွေးတစ်ချက်မျိုချလိုက်ရင်း မျက်လုံးများတွင် ရိုသေလေးစားမှုတို့ ပြည့်နှက်လာခဲ့သည်။
ထိုအချိန်က သူ၏ စွမ်းအားကုန်ကို ထုတ်သုံးတိုက်ခိုက်ခဲ့သော်လည်း ဆိုးရွားသော ရှုံးနိမ့်မှုဖြင့်သာ အဆုံးသတ်ခဲ့ရခြင်းမှာ အံ့သြစရာမရှိတော့ပေ။ တစ်ဖက်လူကား မသေမျိုးဧကရာဇ်တစ်ပါး ဖြစ်နေရုံသာမက အင်အားအကြီးဆုံး မသေမျိုးဧကရာဇ်ဟု ကင်ပွန်းတပ်သတ်မှတ်ခံခဲ့ရကာ မသေမျိုးသူတော်စင် အဆင့်အောက်ရှိ နံပါတ်တစ် ပုဂ္ဂိုလ်အဖြစ်ပင် လူသိများခဲ့သည်ကိုး။
လုံအော်ထျန်းသည် ထိုသို့သော ဒဏ္ဍာရီလာ အင်အားကြီးပုဂ္ဂိုလ်တစ်ဦးဖြင့် စွမ်းရည်ယှဉ်ပြိုင်ခွင့်ရခဲ့ခြင်းမှာ သူ၏ ကျင့်ကြံမှုခရီးလမ်းတွင် အကြီးမားဆုံး ဂုဏ်ကျက်သရေဖြစ်သည်ဟု စတင်ခံစားလာရ၏။
"သခင်လေးစစ်ထူ၊ ဒီသတင်းက တကယ်ပဲလား။ ကျွန်တော် ဒီအကြောင်းကို အရင်က ဘာလို့တစ်ခါမှ မကြားဖူးတာပါလိမ့်" မျက်စိတစ်ဖက် ဘီလူးကြီးက အံ့အားသင့်စွာဖြင့် မယုံတယုံမျက်နှာပေးကိုဆောင်လျက် မေးမြန်းလာသည်။
ကောင်းကင်ဧကရာဇ်ယဲ့ဆိုသူသာ ထိုခေတ်တစ်ခါတွင် ထိုမျှကျော်ကြားခဲ့သည်ဆိုပါက သူ၏အောင်မြင်မှုများသည် သမုဒ္ဒရာလေးစင်းနှင့် အရပ်ရှစ်မျက်နှာတစ်လျှောက်လုံးတွင် နေရာအကြားအလပ်မရှိ ပျံ့နှံ့ဖုံးလွှမ်းနေခဲ့သင့်သည်။ သူတို့ယခုမှကြားဖူးသိဖူးပြီး အံ့သြနေရလောက်မည့် အကြောင်းအရာမဟုတ်။
အလယ်ပိုင်းဒေသတွင် မဟာမိတ်ခေါင်းဆောင်ယဲ့၏ ယခင်ဘဝသည် နှိမ့်ချအေးဆေးစွာ ဇာတ်မြှုပ်နေထိုင်ခဲ့သော မသေမျိုးဧကရာဇ်တစ်ပါးဖြစ်လိမ့်မည်ဟု ကောလာဟလများ ပျံ့နှံ့နေသော်လည်း ယခု အလွန်အကျွံတိုးချဲ့ထားဟန်ရှိသော နောက်ကောလဟလတစ်ခုကို ထပ်ကြားရသောအခါ ဘီလူးကြီးကတော့ သံသယမကင်းနိုင်။
သူ၏အမြင်တွင် အတိတ်က သက်ရှိသတ္တဝါများအတွက် မသေမျိုးဧကရာဇ်အဆင့်သို့ လူမသိစေဘဲ တိတ်တဆိတ်တက်လှမ်းခြင်းသည် မဖြစ်နိုင်သောကိစ္စတော့မဟုတ်။ များသောအားဖြင့် ထိုမျှအဆင့်မြင့်သော သက်ရှိသတ္တဝါများသည် မသေမျိုးဧကရာဇ်များအသိုင်းအဝိုင်းများကြားတွင်သာ ကျင်လည်နေထိုင်ကြသည်ဖြစ်ရာ ပြင်ပလူတို့ ထဲထဲဝင်ဝင်သိရှိဖို့ မလွယ်ကူပါချေ။
သို့သော် စစ်ထူယန်ပြောပြခဲ့သော ကောင်းကင်ဧကရာဇ်ယဲ့သည် ထိုမျှကြီးကျယ်သော မယုံနိုင်စရာ အောင်မြင်မှုများကို စွမ်းဆောင်ပေးခဲ့သည်ဆိုလျှင် ထိုအမည်နာမသည် ခွင်းလွင်ကမ္ဘာတစ်ဝှမ်းလုံးတွင် လျှမ်းလျှမ်းတောက် ကျော်ကြားနေသင့်ပြီး ထိုကျေးဇူးတော်ကို ကမ္ဘာက မှတ်ကျောက်တင်စွဲထင်နေစေသင့်၏။ အထူးသဖြင့် သူတို့လို တစ်ခေတ်တည်းရှင်သန်လာသော ကျင့်ကြံသူများအစ အဖျားအနားပင်မကြားဖူးသည်မှာ ဖြစ်ကိုမဖြစ်နိုင်ပေ။
"မင်းမှတ်ဉာဏ်မကောင်းလို့နေမှာပေါ့ကွ"
စစ်ထူယန်က မျက်နှာမည်းကြီးဖြင့် စိတ်မရှည်စွာ ဆူပူလိုက်သည်။ သခင်လေးက စေတနာနဲ့ အကြောင်းစုံရှင်းပြနေတာကို မယုံသင်္ကာ မေးခွန်းထုတ်ရဲသေးတယ်လား။
"အမ်..." မျက်စိတစ်ဖက်ဘီလူးကြီးသည် အူကြောင်ကြောင်ဖြင့် ခေါင်းကုတ်လိုက်ရင်း ရှက်ကိုးရှက်ကန်းဖြစ်သွားဟန်ရှိ၏။ ဒါလေးမေးတာကို ဒီလောက်ဖြစ်သွားဖို့လိုလို့လား။
"ဖြစ်နိုင်တာကတော့ ကျွန်တော်တို့ အိပ်ပျော်နေတာ အရမ်းကြာလွန်းသွားလို့ မှတ်ဉာဏ်တချို့က အလိုအလျောက် ပျောက်ကွယ်သွားခဲ့တာဖြစ်နိုင်တယ်၊ ဒါကြောင့် ကောင်းကင်ဧကရာဇ်ယဲ့ရဲ့ စွမ်းဆောင်ရည်တွေကို တစ်ခုမှမမှတ်မိနိုင်တာဖြစ်မှာပါ။"
လုံအော်ထျန်းက အလေးအနက် မှတ်ချက်ပြုသည်။ "ပြန်လည်နိုးထလာတဲ့ ကျင့်ကြံသူအများစု ဒီလိုမှတ်ဉာဏ်ပျောက်တဲ့ဖြစ်စဥ်တွေ သေချာပေါက်ကြုံတွေ့ရမှာပဲ"
သူကတော့ သံသယမြူမှုန်မျှမဝင်မိ။ သူကိုယ်တိုင်က ယဲ့ကျွင်းလင်နှင့် တိုက်ခိုက်ခဲ့ဖူးသူဖြစ်သဖြင့် ဤဖြစ်နိုင်ချေကိုတော့ ယုံကြည်မိသည်။
သက်တမ်းတစ်လျှောက်လုံး ကျင့်ကြံတတ်မြောက်ပြီးခဲ့သမျှ စွမ်းအားအကုန်အစင် ဖိနှိပ်ချေမှုန်းခံခဲ့ရသည့် ထိုစိတ်ပျက်ဖွယ်ခံစားချက်သည် အမြဲတစေ မာန်မာနထောင်လွှားခဲ့ပါသော လုံအော်ထျန်းအား နက်နက်ရှိုင်းရှိုင်း တုန်လှုပ်စေခဲ့ပြီး တစ်ဖက်လူ၏သာလွန်မှုကို အထင်ကြီးစွဲမှတ်စေခဲ့သည်။
ထို့ကြောင့် ထိုဆံဖြူလူငယ်၏ နားလည်ရခက်သောခွန်အားကို လက်ခံနိုင်ဖို့ဆိုလျှင် ဤသို့ကြီးကျယ်ခမ်းနားသော နောက်ကြောင်းသမိုင်းတစ်ခုကတော့ ရှိကိုရှိရမည်သာ။
အတွေးများ တရစပ်လှည့်လည်လှုပ်ရှားနေရင်း လုံအော်ထျန်းမှာ ပျော်ရွှင်ကျေနပ်မှုကိုပါ တစ်ပါတည်းခံစားလာရသည်။
ကောင်းကင်ဧကရာဇ်ယဲ့၊ အင်အားအကြီးဆုံး မသေမျိုးဧကရာဇ်၊ မသေမျိုးသူတော်စင် အဆင့်အောက်ရှိ နံပါတ်တစ်ပုဂ္ဂိုလ်။
ဟားဟားဟား၊ ငါ လုံအော်ထျန်း မတရားရှုံးနိမ့်ခဲ့ရတာမဟုတ်ဘူး။ ဒါက တရားမျှတသောတိုက်ပွဲပဲ၊ တရားသောတိုက်ပွဲ။
"မင်းပြောသလိုလည်း ဖြစ်နိုင်တာပဲ..." မျက်စိတစ်ဖက်ဘီလူးကြီးသည်လည်း လုံးဝမမှတ်မိသည်ကို သိပ်မကျေနပ်သော်ငြား မယုံ့တယုံလက်ခံပေးလိုက်ရသည်။
နှစ်ယောက်တစ်ယောက်ဖြစ်နေသော ဤအခြေအနေတွင် မယုံပေးလို့လည်း ရမည်မဟုတ်။
နောက်ကြောင်းပြန်ဇာတ်လမ်းကိစ္စ နိဂုံးချုပ်သွားချိန်တွင် စစ်ထူယန်၏ အမူအရာသည် အနည်းငယ် ပျော့ပျောင်းသွားပြီး လုံအော်ထျန်းကို ဆက်လက်၍ စည်းရုံးသည်။
"နဂါး တာအိုမိတ်ဆွေ၊ ကောင်းကင်ဧကရာဇ်ယဲ့က မင်းကို လူသိရှင်ကြားအနိုင်ယူခဲ့တယ်၊ ဒီအတွက် လက်စားမချေချင်ဘူးလား။ မင်းငါ့ဘက်ကို ဝင်လိုက်တာနဲ့ ကောင်းကင်ဧကရာဇ်ယဲ့ကို ဖယ်ရှားပြီးရင် နောက်တက်မဲ့ မသေမျိုးတာအိုမဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင်နေရာက မင်းအတွက်ဖြစ်လာလိမ့်မယ်"
ထိုစကားလုံးများတွင် ယဲ့ကျွင်းလင်အပေါ် မကျေမနပ်အငြှိုးများဖြင့် ပြည့်နှက်လို့နေ၏။