← Chapters

အခန်း (၆၂၅)

Vol. 45 Ch. 625

အခန်း (၆၂၅)

Vol. 45 Ch. 625

သူ၏ ယခင်ပူးပေါင်းဆောင်ရွက်မှု နှစ်ခုစလုံးသည် ယဲ့ကျွင်းလင်ကြောင့် ပျက်စီးခဲ့ရပြီး မရှုမလှ ခွေးပြေးဝက်ပြေး ထွက်ပြေးခဲ့ရသည်ချည်းသာ။ ထိုသို့သော အရှက်ရဖွယ် အတွေ့အကြုံများဖြင့် စစ်ထူယန်တစ်ယောက် ရန်ငြှိုးမဖွဲ့မိမှသာ ထူးဆန်းနေပေဦးမည်။

သို့သော် သူသည် တာဝန်ပြီးမြောက်အောင်မြင်သည်အထိ သည်းခံရမည်ဖြစ်ပြီး အိမ်အပြန်တွင် အကျိုးအမြတ်အများဆုံးသယ်ဆောင်သွားဖို့သာ အာရုံစိုက်ရမည်။ ထိုတာဝန်သာမရှိခဲ့ပါက အမိန့်လက်စွပ်ကို ချက်ချင်းတန်းထုတ်၍ ယဲ့ကျွင်းလင်အား ပစ်မှတ်ထားရှင်းလင်းပြီးခဲ့လောက်လေပြီ။

လုံအော်ထျန်းသည် ထိုကမ်းလှမ်းစကားကို ကြားသောအခါ လှောင်ပြောင်သရော်လိုဟန်များဖြင့် နင့်သည်းပြည့်သိပ်နေသော ရယ်သံတစ်ခုအား စိတ်ပါလက်ပါ လွှင့်ထုတ်လိုက်လေတော့၏။

စစ်ထူယန်မှာ စိတ်လေးသွားရကာ မျက်နှာအကြီးအကျယ်ပျက်လျက် မေးသည်။ "မိတ်ဆွေ ဘာကိုရယ်နေတာလဲ"

လုံအော်ထျန်းသည် မကြာမီပင် အရယ်ရပ်သွားပြီး ဒေါသတကြီး ကျိန်ဆဲလာသည်။ "မင်းကိုရယ်နေတာလေ၊ ငတုံးငအကောင်၊ ငါ့ကိုများ မင်းလိုကောင်နဲ့ပူးပေါင်းလိမ့်မယ်လို့ တကယ်ထင်နေတာလား"

စစ်ထူယန်လည်း ဒေါသထွက်လာကာ မဲ့ရွဲ့နေသောမျက်နှာထားဖြင့် အံကြိတ်လျက်ခွန်းတုံ့ပြန်သည်။ "မင်းလည်း ကောင်းကင်ဧကရာဇ်ယဲ့က ခွင်းလွင်ကမ္ဘာကို အလုံးစုံကာကွယ်နိုင်လိမ့်မယ်လို့ မထင်ဘူးမလား"

"အခု မသေမျိုးသူတော်စင်တွေကြားက သဘောတူညီချက်က ဆက်ပြီးတည်မြဲနေသေးတယ်၊ ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ သဘောတူညီချက်ပျက်ပြယ်သွားပြီး မသေမျိုးသူတော်စင်အဆင့် ပြင်ပစွမ်းအားရှင်တွေ ခွင်းလွင်ကိုသိမ်းပိုက်ဖို့ စစ်မြေပြင်ဆီ ဆင်းသက်လာတဲ့အခါ ကောင်းကင်ဧကရာဇ်ယဲ့ဆိုတဲ့လူလည်း ဘယ်လောက်ပဲတော်ထက်နေပါစေ ဖိနှိပ်ချုပ်ထိန်းခံရမဲ့ကံကြမ္မာကိုတော့ ရှောင်လွှဲလို့ရမှာမဟုတ်ဘူး"

"အဲ့ဒီအချိန်မှာ ခွင်းလွင်ကမ္ဘာကြီး လုံးဝကျဆုံးသွားရင် မင်းကိုယ်တိုင်ရော ဘယ်လိုဖြစ်ကျန်ခဲ့မယ်ထင်လဲ"

မျက်စိတစ်ဖက် ဘီလူးကြီးကလည်း ကူညီစည်းရုံးရန် ကြိုးစားသည်။ "နဂါး တာအိုမိတ်ဆွေ၊ သခင်လေးစစ်ထူပြောတာ အဓိပ္ပာယ်ရှိတယ်။ အဲ့ဒီယဲ့ကျွင်းလင်က ကောင်းကင်ဧကရာဇ်ယဲ့ဖြစ်နေရင်တောင်မှ ဒီကြီးမားတဲ့ စစ်ရေးလမ်းကြောင်းကို ဘယ်လိုရင်ဆိုင်ခုခံနိုင်မှာလဲ။ မသေမျိုးဧကရာဇ်က ဘယ်လောက်ပဲ အားကောင်းပါစေ၊ မသေမျိုးသူတော်စင်ရဲ့ လက်ညှိုးတစ်ချောင်းနဲ့တောင် နှိုင်းယှဉ်လို့မရဘူး"

မသေမျိုးသူတော်စင်တစ်ပါးသည် အလုံးစုံသော စွမ်းအားထုထည်ကို ကိုယ်စားပြုသည်။ မသေမျိုးဧကရာဇ် အရေအတွက်မည်မျှပင် စုဝေးနေပါစေ၊ တစ်ယောက်ကိုသတ်ရခြင်းနှင့် ဘာမှခြားနားမည်မဟုတ်။ ကောင်းကင်ဧကရာဇ်ယဲ့ဆိုသူမှာ ပုရွက်ဆိတ်များကြားထဲ အကောင်နည်းနည်းပိုကြီးနေရုံလောက်သာ ရှိပေမည်။

လုံအော်ထျန်းသည် အလွန်အမင်း ဒေါသထွက်ကာ ရယ်မောလိုက်သည်။ "မင်းတို့ လူယုတ်မာတွေ၊ ငါ့ကိုများ သေမှာကြောက်တတ်လိမ့်မယ်လို့ မင်းတို့ထင်နေတာလား။ ငါ တကယ်ပဲ သေခြင်းတရားကို ကြောက်တတ်ခဲ့ရင် အဲ့ဒီအချိန်က နဂါးနက်မျိုးနွယ်ကို ပုန်ကန်ခဲ့မှာတောင်မဟုတ်ဘူး"

"ငါ ဒီကမ်းလှမ်းချက်ကို ငြင်းဆန်ရတဲ့ အကြောင်းရင်းက မဟာမိတ်ခေါင်းဆောင်ယဲ့ရဲ့ ကိုယ်ကျင့်စရိုက်ကို လေးစားလို့ပဲ။ ဒီတစ်သက်တာလုံးမှာ ငါ လုံအော်ထျန်းက အရှင်ယဲ့ကလွဲ ဘယ်သူ့ကိုမှ လိုလိုလားလားလက်အောက်ခံခြင်း မရှိခဲ့ဘူး"

"ဒါ့အပြင်၊ ခွင်းလွင်ကမ္ဘာက အခု အရှိန်အဝွကျဆင်းနေရင်တောင်မှ ငါကတော့ ဒီကမ္ဘာမှာမွေးဖွားခဲ့ပြီး ဒီကမ္ဘာရဲ့ ကျင့်ကြံသူဖြစ်ရတာကို အမြဲတမ်း ဂုဏ်ယူနေလိမ့်မယ်"

"ဒါက ငါ့အိမ်ပဲ၊ ငါ့အိမ်ကို ကျူးကျော်လိုသူမှန်သမျှ ငါ့လက်ချက်နဲ့သေရမယ်"

ပြင်းပြသော စိတ်ပိုင်းဖြတ်ချက်များဖြင့် စိတ်အားထက်သန်သော ကြွေးကြော်ဟိန်းဟောက်သံသည် ကမ္ဘာတစ်ဝှမ်းလုံးတွင် ပဲ့တင်ထပ်သွားပြီး အဆုံးမရှိ လွင့်မျောနေသယောင် တွေးထင်မိရ၏။

"သေသင့်တဲ့ ငမိုက်သား..." စစ်ထူယန် ‌ဒေါသတကြီး ကျိန်ဆဲလိုက်သည်။ ခွင်းလွင်ကမ္ဘာတွင် ဤမျှခေါင်းမာသောတောသားမျိုးကို သူတစ်ခါမျှမမြင်စဖူး။

"နဂါး တာအိုမိတ်ဆွေ၊ ကျေးဇူးပြုပြီး ပြန်စဉ်းစားကြည့်ပါဦး" မျက်စိတစ်ဖက် ဘီလူးကြီး၏ ဦးရေပြားသည် မသိစိတ်၏သတိပေးမှုဖြင့် စူးခနဲဖြစ်သွားပြီး မကောင်းတာတစ်ခုခု ဖြစ်လာတော့မည်ဟု ဝိုးတဝါးခံစားမိလိုက်သည်။

လေပြင်းတိုက်သံများ ပဲ့တင်ထပ်လာသည်။

ထို့နောက် အသိုက်အတွင်းမှ အနက်ရောင်နှင့်ရွှေရောင်နှော အကြေးခွံများရှိသော ဧရာမနဂါးကြီးတစ်ကောင် ပျံတက်လာပြီး ခေါင်းပေါ်တွင် ပတ်ချာလည်ပျံဝဲကာ စစ်ထူယန်နှင့် အခြားသူများကို အပေါ်စီးမှ ငုံ့ကြည့်လာသည်။ ၎င်း၏ မျက်လုံးအစုံမှ ဖြာထွက်လာသော ပြင်းပြသောအလင်းရောင်တွင် သတ်ဖြတ်လိုစိတ်များကို အတိုင်းသားခံစားမိနိုင်၏။

"လုံအော်ထျန်း၊ မင်း ဘာလုပ်နေတာလဲ" စစ်ထူယန်လည်း အလန့်တကြားဖြစ်သွားသည်။

လုံအော်ထျန်းက လှောင်ရယ်သည်။

"မေးဖို့လိုသေးလား၊ မဟာမိတ်ခေါင်းဆောင်ယဲ့နဲ့ ခွင်းလွင်ကမ္ဘာအတွက် အနာဂတ်ပြဿနာကို ဖယ်ရှားရှင်းလင်းပေးမလို့ပေါ့"

ပြောနေစဥ်မှာပင် ကောင်းကင်၌ လျှပ်စီးများလက်ပြီး မိုးခြိမ်းသံများ ဆက်တိုက်မြည်ဟည်းလာသည်။ မျိုးစစ်မျိုးမှန် တော်ဝင်နဂါး၏ အရှိန်အဝါသည် မိုင်ထောင်ချီအကွာအဝေးကို အသက်ရှူကျပ်လောက်အောင် ထိန်းချုပ်ဖိနှိပ်ထားနိုင်၏။

"သ- သခင်လေးစစ်ထူ၊ ကျွန်တော်တို့ ဘာလုပ်ရမလဲ" မျက်စိတစ်ဖက် ဘီလူးကြီးသည် တစ်ကိုယ်လုံး ဇောချွေးများဖြင့်စိုရွှဲနေပြီး ထစ်အထစ်အ မေးလာသည်။

ဆိုးဝါးလှသောကံတရားကိုသာ ကျိန်ဆဲရပေတော့မည်။

အစပထမတွင် လုံအော်ထျန်းတစ်ယောက် အခြေအနေကို သဘောပေါက်ပြီးနောက် နိဗ္ဗာန်ကမ္ဘာသို့ လက်နက်ချကူးပြောင်းလာပေးလိမ့်မည်ဟု သူအပိုင်တွက်ထားခဲ့သည်။

သို့သော် အရာရာသည် မမျှော်လင့်ထားသောအခြေအနေသို့ ပြောင်းလဲသွားခဲ့ပြီး တစ်ဖက်လူသည် မည်သူ့တစ်ဦးတစ်ယောက်နှင့်မျှ ပူးပေါင်းရန် ရည်ရွယ်ချက်မရှိဘဲ အခြားကမ္ဘာမှ မျိုးနွယ်ခြားများကို ပြင်းပြင်းထန်ထန် ခုခံရန် ဆုံးဖြတ်ထားသည်ပင်။

အဓိကအချက်မှာ လုံအော်ထျန်းသည် ယခုအခါ ဒေါသအရှိန်ဖြင့် တိုက်ခိုက်ဖို့အသင့်ပြင်ထားပြီဖြစ်၏။ မျက်စိတစ်ဖက် ဘီလူးကြီးသည် မသေမျိုးသူတော်စင်နှင့် ညီမျှသော ထိုကြောက်မက်ဖွယ်စွမ်းအားကို ၎င်းအနေဖြင့် သူလုံးဝမတွန်းလှန်နိုင်ကြောင်း ကောင်းကောင်းသိသည်။ ထို့ကြောင့် စစ်ထူယန်တစ်ယောက်ကိုသာ အားကိုးဖို့ကျန်ပေတော့မည်။

မည်သို့ပင်ဆိုစေ အလင်းမျိုးနွယ်၏ မျိုးဆက်သခင်လေးဖြစ်သော စစ်ထူယန်သည် လုံအော်ထျန်း၏ ခွန်အားအကြောင်း ကြားသိပြီးသောအခါတွင်ပင် စည်းရုံးပြောဆိုဖို့ သတ္တိရှိနေခဲ့သေးသည်ဖြစ်ရာ အားကိုးရာတစ်ခုခုတော့ ရှိထားလိမ့်မည်ပင်။

သို့သော် စစ်ထူယန်သည် တည်ငြိမ်အေးဆေးဟနဖြင့် နေရာတွင်မလှုပ်မယှက်ထိုင်နေရင်း စကားလုံးတစ်လုံးတည်းကို သံကုန်ဟစ်၍အော်ပြောလာသည်။

"ပြေး"

ရုတ်တရက် သူသည် ပြတ်သားစွာ အနောက်ပြန်လှည့်ပြီး ငွေရောင်အလင်းတန်းအဖြစ်သို့ ပြောင်းလဲကာ ထွက်ပြေးသွားလေတော့၏။

မျက်စိတစ်ဖက် ဘီလူးကြီး - "???"

All Chapters