← Chapters

နဂါးကိုသွားမစသင့်

Vol. 45 Ch. 626

နဂါးကိုသွားမစသင့်

Vol. 45 Ch. 626

စစ်ထူယန်တစ်ယောက် ငွေရောင်အလင်းတန်းအဖြစ် လှစ်ခနဲပြောင်းလဲကာ လျင်မြန်စွာ ထွက်ပြေးသွားသည်ကို မြင်လိုက်ရသောအခါ မျက်လုံးတစ်ဖက် ဘီလူးကြီးမှာ ခေါင်းထဲတွင် မေးခွန်းများအပြည့်ဖြင့် ငေးကြောင်ကျန်ရစ်ခဲ့ရတော့၏။

"မင်းလာနောက်နေတာလား"

"မင်းကိုသာအားကိုးမရမှန်းသိရင် ငါကရောဘာလို့အသေခံပြီး လိုက်လာမှာလဲကွ"

စစ်ထူယန်၏ လုပ်ရပ်သည်ကား ရက်စက်ပြီး ရိုးရှင်းသည်။ 'ပြေး' ဟူသော စကားလုံးတစ်လုံးတည်းပင်ဖြစ်သော်ငြား သူ့အတွက်တော့ စိတ်နာစရာအကြောင်းများစွာဖြင့် ပြည့်စုံနေလေပြီ။

"ခုခံဖို့ ကြိုးစားချင်နေတုန်းပဲလား"

ကောင်းကင်၌ ရစ်ခွေနေသော ကိုယ်ထည်ကြီးမားထူထဲလှသည့် နဂါးကြီးသည် သူ၏ ရွှေရောင်တောက်နေသော မျက်စိသူငယ်အိမ်ရှည်ရှည်များဖြင့် လှောင်ပြောင်အထင်သေးစွာ လှမ်းငုံ့ကြည့်လာသည်။

ထို့နောက် ကျယ်လောင်စွာ ဟိန်းသံပေးကာ ရွေ့လျားဆင်းသက်လာသည်။ ၎င်း၏ ဦးခေါင်းနောက်တွင် ကျယ်ပြန့်သော မသေမျိုးစက်ဝန်းတစ်ခု ပေါ်ထွက်လာပြီး ရွှေရောင်နှင့်အနက်ရောင်နှော၍ တောက်ပနေကာ ကျောက်ခွဲစက်ကြီးကဲ့သို့ ကြမ်းတမ်းစွာ အသံဆူဆူမြည်ဟီးလျက်ရှိ၏။

ဆယ်ပတ်လည် မသေမျိုးစက်ဝန်းကို အသက်သွင်းလိုက်ခြင်းပင်။

လုံအော်ထျန်းသည် သတ်ဖြတ်လိုစိတ်ကို ချုပ်တည်းထိန်းသိမ်းထားခြင်းမရှိတော့။ ပထမဦးဆုံး နဂါးလက်သည်းများကိုဆန့်ထုတ်ထားသော လက်တစ်ဖက်ဖြင့် ဘီလူးကြီး၏ ဦးခေါင်းကို ဖမ်းဆုပ်လိုက်ပြီး တစ်ဖက်လူ၏ အသက်ချမ်းသာပေးပါရန် ထိတ်လန့်တကြား တောင်းပန်သံများအလယ်၌ ပြင်းထန်စွာ ဖိညှစ်ကြိတ်ချေလိုက်တော့၏။

ဦးခေါင်းမပါသော ဘီလူးကိုယ်ထည်ကြီးသည် အနောက်သို့ ဖြည်းဖြည်းချင်း လဲကျသွားပြီး မြေပြင်သို့ရိုက်ခတ်ချိန်တွင် လေးလံသောမြည်သံကြီးတစ်ချက် ဟီးထလာခဲ့သည်။

လက်တစ်ချက်အလှုပ်တွင် အသက်ရော တာအိုသွေးကြောပါ ပျက်စီးပျောက်ကွယ်သွားခဲ့လေပြီ။

ဤသည်မှာ လုံအော်ထျန်း၏ လက်ရှိစွမ်းအားပင် ဖြစ်သည်။

မျက်လုံးတစ်ဖက်ဘီလူးကြီးသည် မသေမျိုးဧကရာဇ် ပဥ္စမကောင်းကင်မှ စွမ်းအားရှင်တစ်ဦးဖြစ်သော်ငြားလည်း လုံအော်ထျန်း၏ ဆယ်ပတ်လည်မသေမျိုးစက်ဝန်းကိုမူ တစ်ချက်ပင်တောင့်ခံနိုင်စွမ်းမရှိခဲ့ဘဲ ပွဲချင်းပြီးအသက်ပျောက်သွားခဲ့ရလေသည်။

နှစ်ဦးကြားရှိ စွမ်းအားကွာခြားချက် မည်မျှကြီးမားသည်ကို ရှင်းလင်းပြသပေးလိုက်ခြင်းပင်။

"အသုံးမကျလိုက်တာ"

အားကုန်သုံး၍ ပျံသန်းထွက်ပြေးနေသော စစ်ထူယန်သည် အနောက်တွင်ကျန်ခဲ့သော မျက်လုံးတစ်ဖက် ဘီလူးကြီး၏ အရှိန်အဝါ လုံးဝပျောက်ကွယ်သွားသည်ကို ခံစားမိပြီးနောက် နှုတ်မှ ညည်းတွားပြစ်တင်လိုက်သည်။

တစ်ချိန်တည်းမှာပင် သူသည် လုံအော်ထျန်း၏ စွမ်းအားကို ပို၍ နက်နက်ရှိုင်းရှိုင်း နားလည်သွားခဲ့ရ၏။

ဤမျှ အရည်အချင်းမြင့်မားသော ပါရမီရှင်တစ်ဦးကို သူတော်စင်တို့စံစားရာ မည်သည့်မဟာကမ္ဘာကမဆို ထိပ်တန်းဆက်ခံသူအဖြစ် ဦးစားပေးကမ်းလှမ်းကြမည်သာပင်။

စစ်ထူယန်သည် ကောင်းကင်ဧကရာဇ်ယဲ့ ကဲ့သို့သော ခြိမ်းခြောက်မှုမျိုးသာ မရှိခဲ့လျှင် လုံအော်ထျန်း သည် သူ၏ ခွင်းလွင်ကမ္ဘာ ဖြတ်ကျော်ချေမှုန်းရေးတွင် အကြီးမားဆုံးသောရန်သူတော် ဖြစ်လိမ့်မည်ဟု တွေးမိလိုက်သည်။

"ငှက်လူသား၊ မင်းညှိနှိုင်းရတာ ဒီလောက်ကြိုက်ရင် ငါ့ဗိုက်ထဲရောက်မှ ဖြည်းဖြည်းချင်း စကားဆက်ပြောကြတာပေါ့"

လုံအော်ထျန်းသည် ချက်ချင်းအမီလိုက်လာပြီး မကောင်းဆိုးဝါးဆန်ဆန်အပြုံးဖြင့် ပြောလာသည်။

အနောက်မှ ထပ်ကြပ်မကွာကပ်ပါလာသော ခမ်းနားထည်ဝါသော နဂါးကြီးသည် သူ၏ အငမ်းမရဆာလောင်နေဟန်ရှိသော ပါးစပ်ကြီးကို ဟက်တက်ပြဲဖွင့်ဟကာ အတောင်ပံများ အသည်းအသန်ခတ်ပြေးနေသော ရွှေရောင်ဆံပင်ပိုင်ရှင်အား မျိုချဖို့ပြင်လာသည်။

"တီကောင်စုတ်၊ ဒီသခင်လေးက မင်းကို မရရအောင်ဖမ်းပြီး သတ်ပစ်ဦးမယ်"

စစ်ထူယန်သည် ပြေးနေရာမှ ဆတ်ခနဲရပ်တန့်ကာ ချဉ်းကပ်လာသည့် ဧရာမနဂါးကြီးဆီသို့ တည့်တည့်ပြန်လှည့်၍ ရင်ဆိုင်လိုက်သည်။ အကြီးအကျယ် မကျေမနပ်ဖြစ်နေဟန်ဖြင့် တစ်ဖက်ရန်သူကို စူးစူးဝါးဝါးစိုက်ကြည့်လာပြီး သူ၏ ကိုယ်ခန္ဓာတစ်ခုလုံးမှ နို့နှစ်ရောင်ရှိသော သန့်ရှင်းစင်ကြယ်သည့် အလင်းတန်းများကို ထုတ်လွှတ်လိုက်တော့၏။

ရွှစ်ခနဲ အသံတစ်ချက်ကြားလိုက်ရသည်။

လုံအော်ထျန်းပင် အံ့အားသင့်သွားရ၏။ စစ်ထူယန်မှာ ငွေဖြူရောင်ငှက်မွေးတောင်လေးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး မြေပြင်ထက် ဝဲလွင့်ကျသွားခဲ့ခြင်းပင်။

သူနှင့် စကားပြောဆိုတွေ့ဆုံခဲ့သော ထိုပုဂ္ဂိုလ်သည် ကိုယ်ပွားသက်သက်မျှသာဖြစ်ပြီး လူအစစ်သည်ကား လွယ်လွယ်နှင့်ရှာမတွေ့နိုင်လောက်မည့် တစ်နေရာရာတွင် ပုန်းအောင်းနေခဲ့ခြင်းသာဖြစ်သည်။

ထိုအချက်ကို နားလည်လိုက်ချိန်တွင် လုံအော်ထျန်းအကြည့်များက ပိုလို့ပင်အထင်သေးစိတ်ပျက်သွားဟန်ရှိပြီး ကျယ်လောင်စွာ သရော်လှောင်ပြောင်လိုက်သည်။ "ဒီလောက်စွမ်းရည်လေးကိုအားကိုးပြီး မဟာမိတ်ခေါင်းဆောင်ယဲ့ကို ရင်ဆိုင်ချင်သေးတာလား၊ သတ္တိကဖြင့် ကြွက်သူခိုးလောက်နဲ့"

စစ်ထူယန်၏ သတ္တိကြောင်ပုံကို သူလှောင်ရယ်ရုံမျှသာပြုလိုက်ပြီး တစ်ဖက်လူ၏ ပူးပေါင်းဆောင်ရွက်ရေး ကမ်းလှမ်းမှုသည်လည်း အဓိပ္ပာယ်မရှိသော အစီအစဥ်မျှသာဖြစ်လိမ့်မည်ဟု သတ်မှတ်လိုက်သည်။

ကောင်းကင်ယံ၌၊

ရွှေရောင်နှင့်အနက်ရောင်နှော အကြေးခွံများဖုံးအုပ်နေသည့် နဂါးကြီးသည် လာရာလမ်းအတိုင်း လှည့်ပြန်သွားပြီး မြေပြင်ထက်လဲကျနေသော ဦးခေါင်းမပါသော ကိုယ်ထည်ကြီးတစ်ခု၏ လက်မောင်းတစ်ပိုင်းကို ကိုက်ဖြတ်ကာ သူ၏ အေးစက်မှောင်မိုက်သော နဂါးသိုက်တွင်းသို့ ဆွဲယူသိမ်းဆည်းသွားလေတော့၏။

မကြာမီပင် အရိုးကိုက်သံတဂျွတ်ဂျွတ်က အသိုက်တွင်းမှ လျှံထွက်လာတော့သည်။

ကြားရသူအပေါင်း ကြက်သီးမထဘဲ မနေနိုင်လောက်။

မျက်လုံးတစ်ဖက် ဘီလူးကြီးသည်လည်း သူ၏နောက်ဆုံးသေလမ်းကို ဤပုံစံဖြင့်ဖြတ်သန်းရလိမ့်မည်ဟု အိပ်မက်ပင်မက်ခဲ့မိမည်မဟုတ်။

မိုင်တစ်သိန်းမျှအကွာရှိ ဂူတစ်လုံးတွင်၊

ဦးခေါင်းထက်တွင် ကောင်းကင်တမန်တစ်ပါးအလား စက်ဝန်းတစ်ခုဝိုက်ဖြာနေသော ရွှေရောင်ဆံပင်ပိုင်ရှင်သည် ရုတ်တရက် မျက်လုံးများကို အသာဖွင့်လိုက်သည်။ လှစ်ဟလာသောအကြည့်များတွင် ဒေါသမီးတို့ တဟုန်းဟုန်းတောက်လောင်လျက်။

သူ့လို အထက်တန်းစားမျိုးနွယ်ဝင် သခင်လေးတစ်ပါးအနေဖြင့် ဤမျှ ပြင်းထန်သော အရှက်ရမှုကို ယခင်က တစ်ခါမှ မခံစားခဲ့ရဖူး။

လုံအော်ထျန်းဆိုသည့်နဂါးကိုက ကျက်သရေတုံးလွန်းသည်။

ပူးပေါင်းရန် ငြင်းဆန်ရုံသာမက သူ့ကိုပင် ပြန်လည်ရန်ပြုရဲသေးသည်လော။

တစ်ဖက်တွင် စစ်ထူယန်သည် လုံအော်ထျန်း၏ မောက်မာရိုင်းစိုင်းသော အပြုအမူကို မခဲမကျေဖြစ်နေရသော်လည်း အခြားတစ်ဖက်တွင်မူ လုံအော်ထျန်း၏ ကြောက်မက်ဖွယ်စွမ်းအားကို နက်နက်ရှိုင်းရှိုင်း သတိထားစိုးရိမ်နေမိသည်။

သိထားရမည့်တစ်ချက်မှာ၊

ယခုအချိန်တွင် စစ်ထူယန်သည် ခွင်းလွင်ကမ္ဘာ၏ တိုးတက်ဖွံ့ဖြိုးလာသော ပတ်ဝန်းကျင်ကို အသုံးချကာ ကျင့်ကြံဆင့်အား မသေမျိုးဧကရာဇ် သတ္တမကောင်းကင်အဆင့်အထိ ပြန်လည်ရရှိထားပြီးဖြစ်သည်။ ပို၍အစွမ်းထက်သော ကျင့်စဥ်များကိုလည်း ဤကမ္ဘာမြေတွင်း အသုံးပြုလာနိုင်ပြီဖြစ်ပြီး အစောကသုံးခဲ့သော ငှက်မွေးတောင်အသွင်ပြောင်း ကျင့်စဥ်သည်လည်း ထိုအထဲမှအပါအဝင်ပင်။

ထို့အပြင် သူသည် ကိုးပတ်လည် မသေမျိုးစက်ဝန်းကိုလည်း ပိုင်ဆိုင်ထားပြီးဖြစ်လေရာ တိုက်ခိုက်ရေးစွမ်းအားသည် မသေမျိုးဧကရာဇ်အဆင့်တွင် ထိပ်တန်းဟုသတ်မှတ်ရမည့်အနေအထားသာ ဖြစ်၏။

သို့သော် လုံအော်ထျန်းကဲ့သို့ ပါရမီရှင်နှင့် နှိုင်းယှဉ်လျှင်မူ မတတ်သာစွာ အားနည်းနေမြဲသာ။

All Chapters