အခန်း (၆၂၇)
Vol. 45 Ch. 627
"ချီးတဲ့မှ ဘာတစ်ခုမှကိုအဆင်မပြေသေးဘူး ကံကြမ္မာက ဒီသခင်လေးကို လှည့်စားလို့မပြီးသေးဘူးလား"
စစ်ထူယန်သည် လက်သီးကိုတင်းတင်းဆုပ်ကာ ခန့်ညားသောမျက်နှာထက် ဒေါသငွေ့တို့ဖုံးလျက် ကြိတ်မနိုင်ခဲမရ ကျိန်ဆဲလိုက်မိသည်။
သူလိုချင်သည်မှာ မိမိပုခုံးပေါ်မှတာဝန်အားလုံး အောင်မြင်ပြီးမြောက်ရန်၊ နိဗ္ဗာန်ကမ္ဘာတစ်ခုလုံးတွင် ကျော်ကြားလာရန်နှင့် အစ်ကိုကြီးစစ်ထူကုံးမှ မိမိကို အမြင်သစ်တစ်ခုဖြင့် ကြည့်မြင်လာစေရန်သာဖြစ်၏။
"တာပူဆိုတဲ့ကောင် အပြင်လောက,က နောက်ဆုံးသတင်းတွေစုံစမ်းဖို့ လွှတ်လိုက်ရုံလေးကို ဘာတွေဒီလောက်ကြာနေတာလဲ"
စစ်ထူယန်သည် လှိုင်းခတ်နေသော ခံစားချက်များကို တတ်နိုင်သမျှထိန်းချုပ်ကာ ပြန်မလာနိုင်သေးသောတာပူကို မကျေမနပ်ပြောဆိုနေလိုက်သည်။
ထိုအခိုက်အတန့်တွင် ဂူ၏ အပြင်ဘက်မှ တွေဝေတွန့်ဆုတ်နေသော အသံတစ်ခု ထွက်ပေါ်လာသည်။ "သခင်... သခင်လေး၊ ဧည့်သည်တော်တစ်ဦးက သခင်လေးကို လာရောက်တွေ့ဆုံချင်ပါတယ်တဲ့"
"ဟင်"
စစ်ထူယန်သည် ပထမတော့ အံ့အားသင့်သွားပြီး ထို့နောက် မျက်နှာအမူအရာချက်ချင်းပြောင်းကာ ချက်ချင်းထရပ်၍ ဒေါသတကြီး ဆူပူလိုက်သည်။ "ငတုံးကောင်၊ ငါ့ကို ခွင့်မတောင်းဘဲ အပြင်လူကို ဒီထိခေါ်လာရဲသလား၊ ငါတို့နေရာလူသိသွားရင် ဘယ်လိုလုပ်မလဲ"
"သခင်လေး၊ ကျွန်တော်လည်း မတတ်သာလို့ပါဗျာ"
တာပူသည် တွန့်ဆုတ်လေးပင်သောခြေလှမ်းများဖြင့် မျက်နှာငယ်လေးလုပ်ရင်း အထဲသို့ အတင်းဝင်လာသည်။
အနောက်တွင်မူ သူနှင့် တစ်ပုံစံတည်း ချွတ်စွပ်တူသော အမျိုးသားတစ်ဦး လိုက်ပါလာသည်။ ထိုနှစ်ဦးမှာ မျက်နှာချင်းဆိုင်ရပ်လျှင် မှန်ကြည့်နေသလိုထင်ရနိုင်ပြီး၊ ဘေးတိုက်ရပ်လျှင် အမွှာဟုထင်ရလောက်အောင် ဆင်တူသည်။
"မင်းက ဘယ်သူလဲ၊ အတင့်ရဲပြီး ငါ့အစေခံကို အတုယူအယောင်ဆောင်ချင်တယ်ပေါ့"
စစ်ထူယန်သည် ဒေါသထွက်ရင်း အထိတ်တလန့်လည်းဖြစ်ကာ သူ၏ ကျောဘက်ရှိ ဖြူစင်သော အတောင်ပံများသည် သတိကပ်သကဲ့သို့ ချက်ချင်း ဖြန့်ကြက်လာပြီး အချိန်မရွေးတိုက်ခိုက်ဖို့ အသင့်ပြင်ထားလျက်ရှိ၏။
စစ်ထူယန်အား အံ့အားသင့်သွားစေသည်မှာ တစ်ဖက်လူသည် တာပူနှင့် ရုပ်ချင်းခန္ဓာချင်း ထပ်တူကျအောင်ဖန်တီးနိုင်ရုံသာမက သူ၏ အရှိန်အဝါသည်ပင်လျှင် တာပူ၏ အရှိန်အဝါနှင့် ထပ်တူညီနေခြင်းပင်။
တစ်ခုတည်းသော ခြားနားချက်မှာ ထိုသူ၏ နှုတ်ခမ်းများပေါ်တွင် နောက်ပြောင်လှောင်ရယ်လိုဟန် အပြုံးတစ်ခု ရှိနေပြီး တာပူ၏မျက်နှာထက်တွင်မူ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ထိတ်လန့်ကြောက်ရွံ့နေဟန် ရှိနေခြင်းပင်။
"ဟဲဟဲ၊ ဒီလိုနေရာမှာ အလင်းမျိုးနွယ်စုရဲ့ မြင့်မြတ်တဲ့ သွေးရင်းမျိုးဆက်ကို တေ့တေ့ဆိုင်ဆိုင်တွေ့ရလိမ့်မယ်လို့ တကယ်မမျှော်လင့်ခဲ့မိဘူး။ ငါသာမင်းကို ဂြိုဟ်ပြင် ကြယ်တာရာစစ်မြေပြင်မှာ ဖမ်းဆီးနိုင်ခဲ့ရင် မျိုးနွယ်ထဲမှာ ရာထူးတိုးလောက်မဲ့ပွပေါက်ပဲ"
အယောင်ဆောင်တာပူသည် သူ၏နှုတ်ခမ်းများကို လျှာဖြင့်သပ်လိုက်ပြီး မကောင်းဆိုးဝါးဆန်ဆန်ပြုံးသည်။
ထိုစကားတစ်ခွန်းမှ များပြားလှသောအချက်အလက်များကို ဆုပ်ဖမ်းလိုက်မိသောအခါ စစ်ထူယန်၏ မျက်လုံးများသည် အနည်းငယ် ကျဉ်းမြောင်းသွားပြီးနောက် အတွေးပေါက်သွားဟန်ဖြင့် လက်ခနဲတောက်ပသွားခဲ့သည်။
"မင်းက မရဏမျိုးနွယ်ဘက်က ဖောက်ထွင်းဝင်ရောက်သူပဲမဟုတ်လား"
စကြဝဠာတစ်ခုလုံးကို ခြုံကြည့်လိုက်မည်ဆိုလျှင် အလင်းမျိုးနွယ်စု၏ အမွေခံမျိုးဆက်များကို ပွင့်ပွင့်လင်းလင်း ဖမ်းဆီးရဲသည့် တစ်ခုတည်းသော အင်အားစုမှာ နတ်ဘုံအစည်းအရုံး၏ ရန်သူတော်အကြီးစားဖြစ်သော မရဏမျိုးနွယ်များသာဖြစ်သည်။
အကြောင်းမှာ မရဏမျိုးနွယ်နှင့် နတ်ဘုံအစည်းအရုံးတို့သည် မီးနှင့်ရေကဲ့သို့ ဆန့်ကျင်ဘက်တွင်ရှိပြီး အမြဲတစေ တစ်ဦးအာဏာကို တစ်ဦးကချိုးဖျက်ဖို့ ကြိုးစားနေသောကြောင့်ပင်။
"ဟုတ်တယ်"
အယောင်ဆောင်တာပူက အလေးအနက် ဆက်ပြောလာသည်။ "တကယ်တော့ ငါဒီကိုရောက်လာတာက မင်းနဲ့ပူးပေါင်းဆောင်ရွက်ဖို့ပဲ"
"ငါနဲ့ ပူးပေါင်းမယ်တဲ့လား"
စစ်ထူယန် အံ့အားသင့်သွားသည်။
မရဏမျိုးနွယ်ဝင်တစ်ဦးဖြင့် ပူပေါင်းဆောင်ရွက်ရမည့်နေ့မျိုးကိုပင် ရောက်လာခဲ့လေပြီလော။
"ဟမ့် ပူပေါင်းဖို့ကိစ္စ ခဏထားစမ်းပါ၊ မင်းလို မျက်နှာအစစ်တောင်မပြရဲတဲ့ကောင်ကို ငါကဘယ်လိုနည်းနဲ့ယုံကြည်ပြီး ပူးပေါင်းရမတဲ့လဲ။"
စစ်ထူယန်၏ အကြည့်သည် ရန်လိုနေဆဲပင်။
"စိတ်မပူပါနဲ့၊ ငါ့ဘက်က မျိုးနွယ်ရဲ့အသွင်ပြောင်းပညာကို ပြသချင်ရုံသက်သက်ပါ"
ပြောရင်းဆိုရင်းပင် အယောင်ဆောင်တာပူ၏ အရေပြားနှင့် အသွေးအသားများမှာ လှိုင်းတွန့်များထကြွကာ ရိုင်းစိုင်းစွာ လှုပ်ခါလာပြီး မကောင်းဆိုးဝါးဆန်သော အေးစက်စက်အရှိန်အဝါတစ်ခုကိုလည်း ထုတ်လွှတ်လာသည်။
နောက်ဆုံးဖြစ်တည်လာသော ပုံသဏ္ဌာန်မှာ အရပ်ရှည်ရှည် မျက်နှာထားတင်းတင်း အမျိုးသားတစ်ဦး ဖြစ်ပြီး အနက်ရောင်ဆံပင်ရှည်များရှိသည်။ အသားအရေများ ဖျားနာနေသည့်အလား ဖြူဖျော့သွေးဆုတ်နေလျက် ကြောက်မက်ဖွယ် သွေးနီရောင်မျက်လုံးများနှင့်အတူ ကျောဘက်တွင်လည်း အရုပ်ဆိုးဆိုး အသားတောင်ပံတစ်စုံ ပါရှိနေသေး၏။
အကယ်၍ ယဲ့ကျွင်းလင်သာ ဤနေရာတွင်ရှိနေပါက အံ့အားသင့်စွာ ထအော်ပေလိမ့်မည်။ "သောက်ကျိုးနည်း၊ မင်းကိုတစ်ခါသတ်ဖို့ အဲ့လောက်တောင်ခက်သလား"
မှန်ပေ၏။ ဤပုဂ္ဂိုလ်ကား ထိုက်ချူသူတော်စင်နယ်မြေ၌ ယဲ့ကျွင်းလင်၏ လက်ချက်ဖြင့် အဆုံးသတ်ခဲ့ရသည့် ထာဝရသွေးမျိုးနွယ်စုဝင်ပင် ဖြစ်လေသည်။ ယခုထိတိုင် ဆက်လက်အသက်တည်မြဲနေရခြင်း၏ အကြောင်းရင်းမှာ ယဲ့ကျွင်းလင်သုတ်သင်ခဲ့သော ထိုတစ်ယောက်ကား သူ၏နောက်ဆုံးကိုယ်ပွားသာ ဖြစ်သောကြောင့်ပင်။
ခန္ဓာအစစ်ကိုတော့ ဝေးလံခေါင်သီသော အရပ်ဒေသတစ်ခုတွင် လုံလုံခြုံခြုံ ဖုံးဝှက်ထားခဲ့ပြီး ထိုက်ချူသူတော်စင်နယ်မြေတွင်ပင် စိတ်မချနိုင်စွာ ကိုယ်ပွားကိုသာစေလွှတ်ထားခဲ့၏။ အလွန်အမင်းသတိကြီးမှုနှင့် တိကျသော ကြိုတင်စီမံမှုများကြောင့် သူယခုထိ အသက်ချမ်းသာရာရနေခြင်းပင်။
သို့သော် ကိုယ်ပွားနှစ်ခုအား ဆက်တိုက်ဆုံးရှုံးလိုက်ရခြင်းကြောင့် သွေးအရှင်မှာလည်း အဆမတန် ထိခိုက်နစ်နာခဲ့ရသည်ပင်။ လက်ဝဲလက်ယာ လက်နှစ်ဖက်စလုံး ဖြတ်တောက်ခံခိုက်ရသည့်အလား အချိန်အတော်ကြာ ချိနဲ့အားယုတ်နေခဲ့ရသည်။
ကံကောင်းခြင်း အလှည့်အပြောင်းဟု ဆိုရမည်ပေလား။ ခွင်းလွင်သည် ကမ္ဘာမြေတိုးတက်ပြောင်းလဲမှုများကို မပြတ်ဖော်ဆောင်နေခဲ့သောကြောင့် သွေးအရှင်သည် ထိုနေရာတွင်ပင် လျှို့ဝှက်စွာပုန်းအောင်းကာ ပြန်လည်ကျင့်ကြံအားထုတ်ရင်း ပြန်လည်ရှင်သန်နိုးထလာသူတို့အား ဖမ်းဆီးသွေးစုပ်ကာ အားဖြည့်ခဲ့သည်။ သူ၏ ကျင့်ကြံမှုအဆင့်ကို ခုန်ပျံကျော်လွှား တိုးတက်စေဖို့က ထိုတစ်နည်းသာရှိသည်ပင်။
လက်ရှိတွင် သွေးအရှင်သည်လည်း မသေမျိုးဧကရာဇ်အဆင့်၌ တည်ရှိနေပြီး သူ၏ ကျင့်ကြံမှုစွမ်းရည်ကတော့ မသေမျိုးစက်ဝန်း ငါးပတ်လည်သာရှိသေးရာ စစ်ထူယန်ထက် အနည်းငယ်နိမ့်ကျနေသေးသည်ဟု ဆိုရပေမည်။
သူသည် စစ်ထူယန်နှင့်နှိုင်းယှဥ်လျှင် ဘက်ပေါင်းစုံမှ အားနည်းနေဟန် ရှိသော်လည်း ကြောက်မက်ဖွယ်ကောင်းသော မွေးရာပါ ပြန်လည်ကုစားနိုင်စွမ်းကို ထပ်ပေါင်းဖြည့်လိုက်ပါလျှင် သူတို့နှစ်ဦး ယခုချက်ချင်းထတိုက်လျှင်ပင် စစ်ထူယန်သူ့ကို အသေသတ်နိုင်လိမ့်မည်မဟုတ်။
ထို့ကြောင့်သူသည် တစ်ချိန်ကမဟာရန်ဘက်ဖြစ်ခဲ့သော မျိုးနွယ်သခင်လေးနှင့် အရဲစွန့်ပူးပေါင်းကာ ဘုံရန်သူကိုအရင်ချေမှုန်းဖို့ ညှိနှိုင်းရခြင်းဖြစ်၏။
"မင်းက တကယ်ပဲ ထာဝရသွေးမျိုးနွယ်စုဝင်လား"
အခြားတစ်ဖက်သား၏ ရုပ်သွင်ကို ရှင်းလင်းစွာ မြင်လိုက်ရသည့်အခါ စစ်ထူယန်၏အကြည့်များ ပြောင်းလဲသွားပြီး နှလုံးသားတွင်လည်း အေးစက်စက်ခံစားချက်တစ်ခုရလိုက်သည်။
စကြဝဠာတစ်ခွင်လုံး၌ အလင်းမျိုးနွယ်စုနှင့် ထာဝရသွေးမျိုးနွယ်စုတို့၏ ဆက်ဆံရေးသည် နတ်ဘုံအစည်းအရုံးနှင့် မရဏမျိုးနွယ်တို့ကြားက ဆက်ဆံရေးထက်ပင် ပိုမိုဆိုးရွားကြောင်း သူ သိရှိထားသည်။
သို့တိုင် တစ်ဖက်လူက သူနှင့်လာရောက်ပူးပေါင်းဖို့ ရဲရဲဝံ့ဝံ့တောင်းဆိုနေသေးပြန်သည်။ ယုံကြည်မှုလွန်ကဲခြင်းဟု ဆိုရမလား၊ မိုက်မဲခြင်း ဆိုရမလား။
(မရဏမျိုးနွယ်မှ မျိုးနွယ်စုအခွဲတွေ ထပ်ရှိပါသေးတယ်။ ထာဝရသွေးမျိုးနွယ်စုက အဲ့ထဲကတစ်ခုပါ)