ရန်သူတူရင် မိတ်ဆွေ
Vol. 45 Ch. 628
"ကျစ်၊ အဲဒီလိုအကြည့်မျိုးနဲ့ ငါ့ကို မကြည့်စမ်းပါနဲ့" သွေးအရှင်၏ နှုတ်ခမ်းထောင့်များက ခပ်မဲ့မဲ့ကွေးညွှတ်သွားသည်။
ထာဝရသွေးမျိုးနွယ်စုသည် အလွန်ပင် ပုံမှန်မဟုတ်သော ခန္ဓာပြန်လည်ကုစားနိုင်စွမ်းကို ပိုင်ဆိုင်ထားပြီး အစွမ်းထက်သူများ၏ သွေးကို သောက်သုံးခြင်းဖြင့် အဆင့်တက်သန်မာလာနိုင်သည်မှာ လူအများသိထားသော အားသာချက်များပင်။
သို့သော် အလင်းမျိုးနွယ်စု ပိုင်ဆိုင်သော မြင့်မြတ်သည့်စွမ်းအားသည်ကား ထာဝရသွေးမျိုးနွယ်စု အပေါ်တွင် ဆိုးကျိုးသက်ရောက်မှုရှိနေသောကြောင့် အလင်းမျိုးနွယ်စုဝင်နှင့် တိုက်ခိုက်ပါက သူတို့၏ပြန်လည်ကုစားနိုင်စွမ်းမှာ အတော်လေးအားနည်းလျော့ပါးသွားတတ်လေသည်။
ဤအကြောင်းကြောင့်ပင် ထာဝရသွေးမျိုးနွယ်စုသည် အလင်းမျိုးနွယ်စုကို အလွန်အမင်း ရန်လိုမုန်းတီးပြီး မွေးရာပါသဘာဝအတိုင်း ရန်ဘက်ဖြစ်နေပြီးသားမျိုးနွယ်စုဟု သတ်မှတ်ထားခဲ့ကြ၏။
အလင်းမျိုးနွယ်စုက ထာဝရသွေးမျိုးနွယ်စုကို မုန်းတီးရခြင်း အကြောင်းရင်းမှာ အလင်းမျိုးနွယ်စုဝင်များ၏ သွေးသည် ထာဝရသွေးမျိုးနွယ်စုအတွက် ကြီးမားသော အားဆေးတစ်မျိုး ဖြစ်နေခြင်းကြောင့်ဖြစ်သည်။
ထာဝရသွေးမျိုးနွယ်စုသည် အခြားမျိုးနွယ်များမှ သွေးကို သောက်သုံးခြင်းထက် အလင်းမျိုးနွယ်စု၏ သန့်စင်မြင့်မြတ်သောသွေးကို သောက်သုံးခြင်းဖြင့် ပိုမိုကြီးမားသော အကျိုးကျေးဇူးများကို ရရှိနိုင်သည်။ အကျိုးအမြတ်ဖြစ်ထွန်းရုံသာမက ခံစားချက်မှာလည်း ဘိန်းကဲသို့စွဲလမ်းယစ်မူးစေသည်ဟု။
ထို့ကြောင့် ကြယ်တာရာစစ်မြေပြင်တွင် ထာဝရသွေးမျိုးနွယ်စုသည် အလင်းမျိုးနွယ်စုဝင်များကို အထူးပစ်မှတ်ထားတိုက်ခိုက်တတ်ကြပြီး သူတို့အား နှိမ်နင်းရန် နည်းလမ်းမျိုးစုံကို အသုံးပြုကာ အေးအေးဆေးဆေး ခံစားစုပ်ယူဖို့အတွက် အရှင်လတ်လတ် ဖမ်းခေါ်သွားတတ်ကြလေ့ရှိသည်။
ဖမ်းဆီးခံအလင်းမျိုးနွယ်စုဝင်များ၏ အဆုံးသတ်မှာတော့ မြင်ရက်ဖွယ်ရာမရှိ။ သူတို့သည် သွေးမျိုးနွယ်စုတို့၏ သွေးရင်းမြစ်နယ်မြေတွင် အကျဉ်းချခံထားရကာ ထာဝရသွေးမျိုးနွယ်စုအတွက် အဖိုးရိက္ခာများအဖြစ် မသေမရှင်အချိန်ကာလများကို အနှိပ်စက်ခံဖြတ်သန်းကြရရှာတော့၏။
ထို့အပြင် အလင်းမျိုးနွယ်စုဝင်တစ်ဦးကို ဖမ်းဆီးနိုင်ခဲ့မည်ဆိုလျှင် အဆင့်နိမ့်အမျိုးအစားပင် ဖြစ်နေစေကာမူ အခြားမျိုးနွယ်ဝင်များကို ဖမ်းဆီးခြင်းထက် ပိုမိုများပြားသော ဆုလာဘ်များကို ရရှိစေသည်။
ထို့ကြောင့် သွေးအရှင်သည် စစ်ထူယန်ကိုတွေ့ခါစက ရာထူးမြှင့်တင်နိုင်မည့်အကြောင်းရင်းဟု သရော်ခေါ်ဆိုခဲ့ခြင်းပင်။
အလင်းမျိုးနွယ်စု၏ ဆက်ခံသူမျိုးဆက် တော်ဝင်သခင်လေးကိုသာ သွေးရင်းမြစ်နယ်မြေဆီ ဖမ်းဆီးခေါ်ဆောင်သွားနိုင်ပါက တမျိုးနွယ်လုံး မလွဲမသွေ လှုပ်လှုပ်ခတ်ခတ်ဖြစ်ကုန်ကြမည်ပင်။
မျိုးနွယ်စုအတွင်း မြင့်မားသောအနေအထားတွင် စံစားရဖို့ အလင်းမျိုးနွယ်စုအကျဥ်းသားတစ်ဦးသာ လိုအပ်သည်။
ဆန့်ကျင်ဘက်အားဖြင့် အလင်းမျိုးနွယ်စုဝင်တိုင်းမှာတော့ ငယ်စဉ်ကတည်းက ထာဝရသွေးမျိုးနွယ်စုကို ချေမှုန်းတိုက်ခိုက်ဖို့ သင်ကြားခံခဲ့ရသည်။ မိမိတို့၏ မိသားစုဝင်များနှင့် မျိုးနွယ်ကိုကာကွယ်ဖို့အတွက် မဖြစ်မနေထမ်းဆောင်ရမည့် တာဝန်သာပင်။
မျိုးနွယ်နှစ်ခုကြား ကြာရှည်စွာ တည်မြဲနေသော ရန်ငြိုးကြောင့် သူတို့နှစ်ဦးမှာလည်း ထိပ်တိုက်တွေ့လိုက်သည်နှင့် ပြင်းထန်သောခြိမ်းခြောက်မှုကို အပြန်အလှန်ခံစားနေရ၏။ တော်ဝင်မိသားစုမှ မွေးဖွားလာသူ စစ်ထူယန်သည် သွေးအရှင်၏ နောက်ခံအကြောင်း ကြားသိလိုက်ရသည်နှင့် အလွန်ပင်ရွံရှာမုန်းတီးမိလာသည်။
ဤဆိုးသွမ်းယုတ်မာသော သတ္တဝါကို နေရာတွင်ပင် သုတ်သင်သတ်ဖြတ်ဖို့ရည်ရွယ်ချက်ဖြင့် ခန္ဓာထဲမှစွမ်းအားများကို စတင်အသက်သွင်းလည်ပတ်စေလိုက်သည်။
လေထဲတွင် ဖြစ်တည်လာသော စွမ်းအင်လှိုင်းတွန့်ရိပ်များကို သတိပြုမိသောအခါ သွေးအရှင်သည်လည်း ပေါ့ဆရိုင်းစိုင်းမနေရဲတော့ဘဲ အလေးအနက်ညှိနှိုင်းလာသည်။
"အရှင်၊ စိတ်ထိန်းပါ။ ကျွန်တော့်မှာ အရှင့်အပေါ် မကောင်းတဲ့ရည်ရွယ်ချက် မရှိပါဘူး။ ဒီတစ်ခါ ကျွန်တော် ဒီကိုလာခဲ့တာက စိတ်ရင်းမှန်နဲ့ ပူးပေါင်းကြဖို့ပါပဲ"
သူသည် စစ်ထူယန်၏ခန္ဓာတွင်း စီးဆင်းနေသော သွေးလတ်လတ်ဆတ်ဆတ်ကို အလွန်အမင်းတောင့်တမိသော်လည်း တစ်ဖက်လူ၏ မျိုးနွယ်စုစွမ်းအား,အား ပို၍ကြောက်ရွံ့မိသည်။
သဘာဝစွမ်းအားနှင့် ကျင့်ကြံဆင့်ကွာခြားချက်နှင့် ပေါင်းစပ်လိုက်သောအခါ၊ သွေးအရှင်သည် ဤနေရာတွင်တော့ သူယှဥ်တိုက်နိုင်ဦးမည်မဟုတ်ဟု တွက်ချက်လိုက်မိသည်။ တိုက်ပွဲတစ်ခု အမှန်တကယ်ဖြစ်ပွားခဲ့ပါက သူချက်ချင်း ထွက်ပြေးရမည်ပင်။
စစ်ထူယန်က အေးစက်စက်ပြောလိုက်သည်။ "သွေးစုပ်ပြီး အသက်ရှင်ရတဲ့ မင်းလို မိစ္ဆာကောင်ကို ဒီ သခင်လေးက ယုံကြည်ပေးလိမ့်မယ်လို့ ထင်နေတာလား။ မင်းတို့ဘက်မှာ ငါတို့ရဲ့ မျိုးနွယ်ဝင် ဘယ်လောက်များများကို ဖမ်းဆီးပြီး အဆုံးမဲ့နှိပ်စက်ညှင်းပန်းမှုတွေနဲ့ အကျဉ်းချထားသလဲ စဥ်းစားကြည့်ပါဦး။ မင်းငါ့ကိုများ စိတ်ထိန်းဖို့ပြောရဲသေးတယ်ပေါ့"
စိတ်ခံစားချက်များ ပြင်းထန်လာသည်နှင့် သူ၏ ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းများစွာ ထွက်ပေါ်လာပြီး ပတ်ပတ်လည်တွင် စုဝေးကာ စစ်ထူယန်မှာ ကောင်းကင်ဘုံမှ အပြစ်ပေးစီရင်ဖို့ ဆင်းသက်လာသော နတ်ဘုရားတစ်ပါးအလား ခမ်းနားမြင့်မြတ်လျက်ရှိ၏။
လေထုထဲရှိ တင်းမာမှုသည် သိသာထင်ရှားလာပြီး တိုက်ပွဲကြီးတစ်ခု အချိန်မရွေး ဖြစ်ပွားတော့မည့်အရိပ်အယောင်ပင်။
"သခင်လေး၊ ကျွန်တော့်ကို ဂရုမစိုက်ပါနဲ့၊ ဒီမိစ္ဆာကောင်ကို အမြန်သတ်လိုက်ပါ။" ဓားစာခံအဖြစ် ဖမ်းဆီးခံထားရသော တာပူသည် သေရန်စိတ်ပိုင်းဖြတ်ထားသောအသံဖြင့် အော်ဟစ်လိုက်သည်။
သွေးအရှင်၏မျက်နှာထားက တမုဟုတ်ချင်းတင်းမာသွားပြီး ဒေါသကိုထိန်းချုပ်ကာ လှောင်ပြောင်လိုက်သည်။ "မင်းတို့ အလင်းမျိုးနွယ်စုက နစ်နာသူလုပ်တဲ့နေရာမှာတော့ ကျွမ်းကျင်တယ်နော်"
"နတ်ဘုံအစည်းအရုံးနဲ့ မရဏမျိုးနွယ်တို့ရဲ့ ပဋိပက္ခ စတင်ခဲ့ချိန်ကတည်းက မင်းတို့က မွေးရာပါအလင်းစွမ်းအားကို အားကိုးပြီး ငါ့မျိုးနွယ်ကို ပစ်မှတ်ထားခဲ့တယ်၊ ငါတို့မျိုးနွယ်လည်း ပိုင်နက်နယ်မြေတွေအများကြီး ဆုံးရှုံးခဲ့ရပြီး မျိုးနွယ်ဝင်များစွာ သေကျေပျက်စီးခဲ့ရတာပဲ"
"မင်းတို့က နစ်နာသူဟန်ဆောင်ပြီး ဒီအပြစ်ကြွေးကိုတော့ မမြင်ချင်ယောင်ဆောင်လိုက်လို့ရတယ်ပေါ့ ဟုတ်လား"
ထိုစကားကိုကြားလိုက်ရသောအခါ၊
စစ်ထူယန်၏ ကိုယ်အတွင်း၌ လည်ပတ်နေသော မသေမျိုးချီစွမ်းအင်သည် အနည်းငယ် အရှိန်လျော့သွားပြီး ရင်ထဲမှဒေါသမီးများလည်း အတန်ငယ်ငြိမ်းအေးသွားသည်။ စိတ်အေးအေးထားပြီး ဂရုတစိုက်စဥ်းစားလိုက်သော် ထာဝရသွေးမျိုးနွယ်စုသည်လည်း တစ်လျှောက်လုံးအခြေအနေမကောင်းခဲ့ကြောင်း သူအတွေးဝင်မိ၏။
တစ်ဖက်လူ စိတ်လျှော့လိုက်သည်ကိုမြင်သော် သွေးအရှင်သည် စိတ်ရှည်ရှည် ဆက်လက်ညှိနှိုင်းလာသည်။ "ခုတော့ ငါတို့နှစ်ဦးစလုံးမှာ ဘုံရန်သူတစ်ဦး ရှိနေပြီ၊ ဒီရန်သူက ဘယ်လောက်အစွမ်းထက်သလဲ မင်းရောငါရောအသိပဲ။ ဘာကြောင့် ငါတို့ကြားကရန်ငြှိုးတွေကို ခဏလောက်ဘေးပို့ထားလို့ မရရမှာလဲ၊ ဘုံရန်သူကို အရင်နှိမ်နင်းကြတာပေါ့။"
စစ်ထူယန်က ယုံကြည်မှုအပြည့်ဖြင့် ပြန်ပြောသည်။ "မင်းကငါ့ကို ယဲ့မျိုးရိုးလူသားကို တကယ်မသတ်နိုင်လောက်ဘူးထင်နေတာလား။ ငါပိုင်ဆိုင်ထားတဲ့ရတနာက ခွင်းလွင်မှာရှိတဲ့ ဘယ်စွမ်းအားရှင်ကိုမဆို သတ်ပစ်ဖို့လုံလောက်တယ်"
သွေးအရှင်က လှောင်ရယ်လိုက်သည်။ "ဒါဆို မင်းအခုဘာလို့ အဲ့ဒါကိုထုတ်မသုံးသေးတာလဲ။ ဘာလို့ ဒီမှာ လာပုန်းနေတာလဲ။ မင်းမှာလည်း ကြီးမားတဲ့ရည်မှန်းချက်တွေရှိပြီး အလယ်ပိုင်းဒေသထဲက ပြန်လည်နိုးထလာသူအားလုံးကို ချေမှုန်းပစ်ဖို့စီစဥ်နေတယ်ဆိုတာ ငါသိပါတယ်။ ဒါကြောင့်ပဲ ဝှက်ဖဲကို အလျင်စလိုဖော်ထုတ်လိုက်လို့ မရနေတာမဟုတ်လား"
"ဟင်"
တစ်ဖက်လူက သူပျော့ကွက်ကို ဆုပ်ကိုင်လိုက်သဖြင့် စစ်ထူယန်မျက်မှောင်ကြုတ်လိုက်မိသည်။ တာပူကိုတစ်ချက်ကြည့်လိုက်သော် တစ်ဖက်လူမှာ သူ့ကိုမျက်နှာချင်းမဆိုင်ရဲဟန်ဖြင့် ခေါင်းငုံ့ထားသောကြောင့် အကြောင်းစုံသိနားလည်လိုက်ရတော့၏။
"ငါမင်းကို အကျိုးအမြတ်အများဆုံး ပြန်သယ်ဆောင်သွားနိုင်အောင် ကူညီပေးမယ်"
"အလယ်ပိုင်းဒေသထဲက ပြန်လည်ရှင်သန်နိုးထလာသူတွေရဲ့ ကိုးဆယ်ရာခိုင်နှုန်းလောက်ကို ငါတို့နှစ်ယောက်အားနဲ့ တစ်ခါတည်း ချေမှုန်းပစ်နိုင်ပါတယ်။ အလယ်ပိုင်းဒေသ ဦးဆောင်သူမဲ့ဖြစ်သွားရင် ဆက်ပြီးရှင်းလင်းသုတ်သင်ဖို့က လွယ်ကူသွားပါပြီ။
သွေးအရှင်က ခိုင်မာပြတ်သားစွာ ပြောလာသည်။
"မင်းကငါ့ကို ဒီအတွက်ကူညီပေးမယ်ပေါ့"
စစ်ထူယန်၏ မျက်လုံးများမှ ထက်ရှသောအလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။
သူ၏လက်ရှိ အကြီးမားဆုံးဒုက္ခမှာ အမိန့်လက်စွပ်၏ သက်ရောက်မှုအကွာအဝေးကို တိုးချဲ့ပြီး ပြန်လည်ရှင်သန်နိုးထလာသူများစွာအား ပိုက်ကွန်ထဲတစ်ခါတည်းအမိဖမ်းကာ ချေမှုန်းနိုင်ဖို့သာဖြစ်၏။
လက်ရှိအချိန်ထိ မလှုပ်ရှားဘဲ စိတ်ရှည်လက်ရှည် သည်းခံစောင့်ဆိုင်းနေရခြင်းမှာလည်း ထိုအကြောင်းကြောင့်သာ။
ကောင်းကင်ဘုံက ပေးပို့လာမည့် ကံကြမ္မာကို သူစောင့်ဆိုင်းရမည်၊
သို့သော် သူ့အရှေ့မှ ထာဝရသွေးမျိုးနွယ်စုဝင်သည်လည်း ကောင်းကင်ဘုံမှပို့ဆောင်လာသော အခွင့်အရေးတစ်ခု ဖြစ်နေနိုင်သည်ပင်။ သူစိတ်မယိုင်မိဘူးဆိုလျှင် လိမ်ရာကျမည်။
ထာဝရရန်သူဟူ၍မရှိ၊ အကျိုးစီးပွားအတွက် ပူပေါင်းသင့်က ပူးပေါင်းရမည်။
အကယ်၍ တစ်ဖက်လူသာ သူ့ကိုတကယ်ကူညီပေးနိုင်ပါက ယခင်ရန်ငြှိုးများကို ခဏလောက်ဘေးဖယ်ထားဖို့ အခက်အခဲမရှိ။
"မင်း ဘယ်လိုလုပ်ဖို့ စီစဉ်ထားလဲ၊ ငါတစ်ခုတော့ သတိပေးထားမယ်၊ လှည့်စားဖို့မစဥ်းစားနဲ့နော်" စစ်ထူယန်သည် နှုတ်မှလေသံမလျှော့သေးသော်ငြား သူ့အကြည့်များမှ ရန်လိုမုန်းတီးမှုကတော့ အတော်အတန်လျော့ပါးသွားပြီဖြစ်၏။ သူကိုယ်တိုင်လည်း ဤ ပူးပေါင်းဆောင်ရွက်မှုကို အလေးအနက်ထား စတင် စဉ်းစားလာကြောင်း သိနိုင်သည်။
သွေးအရှင်သည် တိတ်တိတ်လေး သက်ပြင်းချလိုက်ပြီး လေးနက်သောအသံဖြင့် စတင်ဆွေးနွေးလာသည်။ "မင်းမြင်ခဲ့တဲ့အတိုင်းပဲ၊ ငါ့မှာ အသွင်ပြောင်းလဲခြင်း နတ်ဘုရားစွမ်းရည် ရှိတယ်၊ သက်ရှိတိုင်းရဲ့ ရုပ်ရည်နဲ့ ချီစွမ်းအင်ကို တစ်ထပ်တည်း ကူးယူအတုခိုးနိုင်ပြီး ဟာကွက်မရှိ အယောင်ဆောင်နိုင်တယ်"
အံ့မခန်းနက်နဲလှသော အသွင်ပြောင်းလဲခြင်း နတ်ဘုရားစွမ်းရည်သည် ထာဝရသွေးမျိုးနွယ်စု၏ မွေးရာပါ ပါရမီစွမ်းရည်တစ်ခု ဖြစ်သည်။ ကျင့်ကြံသူ၏ အဆင့်မြင့်မားလေလေ၊ ထိုစွမ်းရည်၏ အကျိုးသက်ရောက်မှုက ပိုမိုပြည့်စုံချောမွေ့လေဖြစ်၏။
"ပြီးတော့ ဘာဆက်လုပ်မလဲ"
စစ်ထူယန်က မျက်ခုံးပင့်လျက်မေးသည်။
သူသည် ထိုအရာမှာ ထာဝရသွေးမျိုးနွယ်စု၏ ပါရမီတစ်ခုဖြစ်ကြောင်း သိရှိထား၏။ ယခင်က မရဏမျိုးနွယ်သည် ထာဝရသွေးမျိုးနွယ်စုဝင်အချို့ကို လျှို့ဝှက်စေလွှတ်ခဲ့ပြီး နတ်ဘုံအစည်းအရုံး အထူးအဆင့်များအတွင်းသို့ ထိုးဖောက်ဝင်ရောက်ကာ ထောက်လှမ်းရေးအချက်အလက်များခိုးယူ၍ လုပ်ကြံသတ်ဖြတ်မှုများစွာကိုလည်း ပြုလုပ်ခဲ့သေးသည်။
ထိုကာလများအတွင်း နတ်ဘုံအစည်းအရုံးတစ်ခုလုံး ရတက်မအေးနိုင်စွာ စိုးရိမ်ပူပန်ခဲ့ကြရပြီး နေရာတိုင်းတွင်မလုံခြုံသလို ခံစားခဲ့ကြသည်။ နောက်ပိုင်းတွင် စကြာမျိုးနွယ်မှ အစွမ်းထက်သူတစ်ဦး ပေါ်ထွက်လာပြီး မဟာနေမင်း တထာဂတ ဂါထာကို ရွတ်ဆိုစီးဖြန်းခဲ့ပြီး အယောင်ဆောင်ကိုယ်ပွားများကို ဖိအားပေးစစ်ထုတ်ခဲ့ခြင်းကြောင့် ရှင်းလင်းသွားခဲ့ရသည်ပင်။
"မကြာသေးခင်က လုံအော်ထျန်းဆိုတဲ့ နဂါးတစ်ကောင်ပေါ်လာသေးတယ်၊ မင်းလည်း သူ့အကြောင်း ကြားဖူးမှာပါ။ သူက ယဲ့ကျွင်းလင်ရဲ့လက်ချက်နဲ့ ရှုံးနိမ့်ခဲ့ပေမဲ့ လက်ရှိမှာ ဒုတိယအစွမ်းထက်ဆုံး ပုဂ္ဂိုလ်အဖြစ် အသိအမှတ်ပြုခံထားရတယ်" သွေးအရှင်က ပြောလိုက်သည်။
"ငါသိတယ် အဲ့တီကောင်ကို"
စစ်ထူယန် အံတင်းတင်းကြိတ်လိုက်သည်။
မေ့ထားသည့်မကျေနပ်ချက်ကို ပြန်အဖော်ခံလိုက်ရခြင်းပင်။
သွေးအရှင်က အလေးအနက်ပြောလာသည်။ "ငါ့အစီအစဉ်ကတော့ သူ့အယောင်ဆောင်ပြီး မဟာမိတ်ခေါင်းဆောင်ရာထူးအတွက် ယှဥ်ပြိုင်မယ်ဆိုတဲ့ကြေညာချက်နဲ့ သိုင်းပညာပြိုင်ပွဲ တစ်ခုကို ကျင်းပဖို့ပဲ။ ဒီအတိုင်းဆို အလယ်ပိုင်းဒေသတဝှမ်းက ပြန်လည်နိုးထလာသူတွေကို လာရောက်စနည်းနာချင်အောင် ဆွဲဆောင်နိုင်လိမ့်မယ်။ ယဲ့ကျွင်းလင်လည်း စိန်ခေါ်မှုကို မဖြစ်မနေတုံ့ပြန်ဖို့ လာရောက်ရလိမ့်မယ်။ အဲ့လို လူစုလူဝေးထဲမှာ မင်းရဲ့ရတနာကို အသက်သွင်းလိုက်မယ်ဆိုရင် သေချာပေါက် အလုပ်ဖြစ်မယ်မဟုတ်လား"
အစီအစဥ်ကို ကြားလိုက်ရသောအခါ။
စစ်ထူယန်၏ မျက်လုံးများ တောက်ပလာသည်။
လုံအော်ထျန်း၏ သြဇာအာဏာသည် အလွန်ကြီးမားကျယ်ပြန့်ကြောင်း သူလည်းသိထားသည်။ သူသာ ထိုသူအဖြစ်အယောင်ဆောင်ကာ မသေမျိုးတာအို မဟာမိတ်ခေါင်းဆောင် နေရာလုပွဲဟူသော စိတ်ဝင်စားစရာခေါင်းစည်းကို တပ်ဆင်နိုင်လျှင် ပြန်လည်ရှင်သန်နိုးထလာသူမြောက်များစွာကို သေချာပေါက် တစ်နေရာတည်းတွင် စုစည်းနိုင်ပေမည်။
မည်သို့ပင်ဖြစ်စေ သူတို့အားလုံးသည် ကျင့်ကြံသူများ ဖြစ်ကြသည်။ ပြိုင်ဘက်ကင်းဟု သတ်မှတ်ခံထားရသော ခေတ်ပြိုင်စွမ်းအားရှင်နှစ်ဦး တိုက်ခိုက်နေသည်ကို ကိုယ်တိုင်မျက်မြင်ကြည့်ရှုကာ လေ့လာမှတ်သားရဖို့၊ ထိုးထွင်းသိမြင်နိုင်ဖို့၊ ဗဟုသုတတိုးချဲ့ဖို့ဆိုသည်မှာ တစ်သက်တွင် တစ်ခါသာရနိုင်သော အခွင့်အရေးကြီးသာပင်။
အကယ်၍ ထိုအစီအစဥ်သာ အဆင်ပြေချောမွေ့ခဲ့ပါက သူသည် ယဲ့ကျွင်းလင်၏ ခြိမ်းခြောက်မှုကို ဖယ်ရှားနိုင်ရုံသာမက ပြန်လည်ရှင်သန်နိုးထလာသူ အများစုကိုလည်း ရှင်းလင်းပစ်နိုင်မည်။ ခဲတစ်လုံးတည်းနှင့် ငှက်နှစ်ကောင်ပစ်ခြင်းသာ။
"ဒါပေမယ့် ဒီလိုလုပ်ဖို့ဆိုရင် အစီအစဥ်ပိရိအောင် လုံအော်ထျန်းကို အရင်ဆုံးရှင်းပစ်ရမယ်။ ဒါပေမယ့် လုံအော်ထျန်းက ဒဏ္ဍာရီလာ ဆယ်ပတ်လည်မသေမျိုးစက်ဝန်းကို ပိုင်ဆိုင်ထားပြီး စွမ်းအားက နှယ်နှယ်ရရမဟုတ်နေဘူး။ ငါတို့ ပူးပေါင်းတိုက်ခိုက်ရင်တောင် သူ့ကိုနှိမ်နင်းဖို့ အရမ်းခက်ခဲလိမ့်ဦးမယ်"
စစ်ထူယန်သည် မျက်မှောင်ကြုတ်လျက် စိုးရိမ်စရာများကိုပြောပြလာ၏။
သူသည် လုံအော်ထျန်း၏ တိုက်ရည်ခိုက်ရည်ကို မျက်မြင်ကြုံတွေ့ခဲ့ရပြီး ဖြစ်သည်။ နှစ်ဦးကြားက ကွာခြားမှုကို သေချာနားလည်ထားပြီးသားပင်။
"ဟဲဟဲ၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး ငါ့မှာနည်းလမ်းတစ်ခုရှိတယ်၊ ဒါပေမယ့် မင်းဘက်ကအကူအညီကိုတော့ အပြည့်အဝလိုအပ်လိမ့်မယ်..." သွေးအရှင်က အဓိပ္ပာယ်ပါပါပြောလိုက်သည်။