အစီအစဥ် စတင်ခင်းကျင်း
Vol. 45 Ch. 630
"ဘာတွေကြောင်ကြည့်နေတာလဲ၊ မြန်မြန်ပေးလိုက်လေ" စစ်ထူယန်က စိတ်မရှည်စွာ တိုက်တွန်းလာသည်။
ဒီသခင်လေးက သူ့လိုကောင်ဆီ ကိုယ်တိုင်ကိုယ်ကျသွားပြီး သွေးအစုပ်ခံဖို့လိုသေးတာလား။
ဒါဆို မင်းတို့ကောင်တွေကို ဘယ်နေရာမှသုံးစားရဦးမှာလဲ။
"အာ..."
တာပူမှာ အလွန်အမင်းစိတ်ဓာတ်ကျသွားရသည်။ သူကိုယ်တိုင်လည်း နည်းနည်းမှမလိုလားပါသော်ငြား စစ်ထူယန်၏အမိန့်ကြောင့် ငြင်းပယ်ဖို့လည်းအခွင့်အရေးမရှိ။
သခင်ဖြစ်သူ၏စကားကို သူ့လိုငယ်သားတစ်ဦးက နားမထောင်လို့မရပေ။
"သခင်လေးစစ်ထူ ဒါကဘာသဘောလဲ၊ ကျွန်တော့်ကို တမင်သက်သက်လှည့်စားဖို့ကြိုးစားနေတာလား"
သွေးအရှင်က အေးစက်စက်ပြောသည်။
စစ်ထူယန်၏စိတ်သဘောထားမှာလည်း ယိုင်လဲသွားခြင်းမရှိ။
"ဒါက ငါအတတ်နိုင်ဆုံးလျှော့ပေးထားတဲ့ အလိုဖြည့်ဆည်းခြင်းပဲ။ ဒါ့အပြင် ငါ့ကိုယ်ရံတော်ကလည်း မျိုးနွယ်ထဲမှာဆို ငါတို့တော်ဝင်မျိုးဆက်ထက် တစ်ဆင့်ပဲပိုနိမ့်တဲ့ ဒုတိယတန်းစား၊ တန်ဖိုးသိစမ်းပါ"
"သေချာတာပေါ့၊ မင်းကငါ့များ အဆင့်နိမ့်ထင်လို့လား" သွေးအရှင်၏ စိတ်ပျက်လက်ပျက်ဖြစ်သွားဟန် အမူအရာကြောင့် တာပူလည်း ရုတ်ချည်းဒေါသစိတ်ကြွကာ သူ့အဆင့်အတန်းကို စော်ကားခံလိုက်ရသလို ခံစားနေရသည်။
ခေါင်းနောက်တွင်ဖြစ်တည်နေသော ငွေရောင်စက်ဝန်းကိုကြည့်ခြင်းအားဖြင့် သူ၏ ဒုတိယလိုက်သောအဆင့်အတန်းကို ကောင်းကောင်းသိနိုင်သည်ပင်။ အလင်းမျိုးနွယ်ထဲတွင်မူ အဆင့်မြင့်ဟုသတ်မှတ်ခံရသော အနေအထားဖြစ်၏။
သွေးအရှင်မှာ အချိန်အတော်ကြာသည်အထိ တွေဝေစဥ်းစားနေပြီးမှ အကျိုးအမြတ်ကိုတွက်ဆလိုက်ပြီး တွန့်ဆုတ်ဆုတ်သဘောတူလိုက်ရသည်။
"ကောင်းပြီ ဒါဆိုလည်း မင်းသွေးကိုပဲစုပ်တာပေါ့"
တာပူသည် စိတ်မပါလက်မပါဖြင့် လက်ကောက်ဝတ်ကိုလှီးဖြတ်ပေးလိုက်သည်။ ဓားရာနက်နက်မှ ငွေရောင်သွေးရည်များသည် တဖျတ်ဖျတ်လင်းလက်စွာ စီးဆင်းကျလာပုံမှာ ဒဏ္ဍာရီဆန်လှသောမြင်ကွင်းပင်။
သွေးအရှင်သည် ထိုသွေးရည်တို့ကို လောဘတကြီးစုပ်ယူလိုက်ပြီး လည်ဇလုပ်ကြီးတလှုပ်လှုပ်ဖြင့် မျိုချလိုက်သည်။ လက်မခံချင်ဟန် အမူအရာမှာလည်း ချက်ချင်းကြည်လင်ကျေနပ်သွားဟန်ပင်။
"တကယ်အရသာရှိတာပဲ"
သွေးများကို အကုန်အစင်သောက်သုံးပြီးသည်အထိ သွေးအရှင်၏မျက်နှာမှာ ဆန္ဒတို့မပြီးပြတ်သေးဟန်ဖြင့် ပါးစပ်ထဲရှိသွေးအရသာကို တစိမ့်စိမ့်ခံစားမိနေဆဲပင်။
အမြင့်ဆုံးသွေးကိုမရလိုက်သည့်အတွက် အနည်းငယ်မျှ မကျေမနပ်ဖြစ်ဆဲဖြစ်သော်ငြား သူ့အတွက်တော့ အကောင်းဆုံးဟုသတ်မှတ်ရလောက်မည့် ပျော်ရွှင်ကျေနပ်မှုကို ပေးစွမ်းနိုင်ဆဲဖြစ်သည်။
"မင်းတို့ ထာဝရသွေးမျိုးနွယ်စုတွေဆိုတာ တကယ်ကို ရွံစရာအကောင်းဆုံး အောက်ဆင့်သတ္တဝါတွေပဲ" တာပူက မကျေမချမ်းရှုတ်ချသည်။
သခင်ဖြစ်သူ၏ အမိန့်ပင်ဖြစ်လင့်ကစား ထိုသို့ယုတ်ညံ့သောမကောင်းဆိုးဝါးမျိုးကို သွေးတိုက်လိုက်ရခြင်းသည် ဘယ်လိုတွေးတွေး အရှက်ရဖွယ်ဖြစ်ရပ်သာပင်။
"ဟဲဟဲ မင်းပြောချင်တာပြော စောက်ဂရုမစိုက်ဘူး"
ဆန္ဒမီးများ အတော်အတန်ငြိမ်းကျသွားခြင်းကြောင့် သွေးအရှင်လည်း တည်တည်ငြိမ်ငြိမ်ပြန်ဖြစ်သွားကာ တာပူ၏နှုတ်လှန်ထိုးစကားများကိုပင် စိတ်ဆိုးဒေါသထွက်ဟန်မပြတော့ဘဲ ယုတ်မာကောက်ကျစ်သောအပြုံးဖြင့် အောင်မြင်မှုအရသာကို ခံစားလျက်ရှိလေသည်။
ထိုဆောင့်ကြွားကြွားအသွင်က တာပူကို ပို၍ဒေါသထွက်စေသည်။
စစ်ထူယန်လည်း မျက်မှောင်ကြုတ်နေမိသည်။ သွေးအရှင်၏ အပြုအမူကို နှလုံးသားအောက်ခြေမှတိုင် ရွံရှာစက်ဆုပ်မိပါသော်ငြား အခြေအနေအရ ခေတ္တသည်းခံထားရုံမှလွဲ တခြားမတတ်နိုင်ချေ။
တစ်ချက်မျှ စိတ်မရှည်လိုက်မိသည်နှင့် အစီအစဥ်တစ်ခုလုံး ပျက်သုဥ်းသွားနိုင်သည်။ သူ့အကြံအစည်ထမြောက်ဖို့က ဦးစားပေးအာရုံစိုက်ထားရမည်။
သွေးနီရောင်လှောင်အိမ်ထဲတွင်မူ အနီရောင်အလင်းတန်းများ အရိုင်းဆန်စွာ ယှက်နွယ်ရောယှက်လျက်ရှိပြီး အထဲမှနဂါးလူသားကား မဆုံးနိုင်သောလက်သီးများကို တစ်ခုပြီးတစ်ခု ပစ်လွှတ်နေဆဲပင်။
ထို သွေးနီရောင်လှောင်အိမ်ကို ချိုးဖျက်ဖောက်ထွက်ဖို့အတွက် လုံအော်ထျန်းတစ်ယောက် တတ်သမျှစွမ်းရည်အားလုံးကို အမြင့်ဆုံးအဆင့်ထိ အားထုတ်သုံးစွဲခဲ့ပေသည့် အရာမရောက်ခဲ့။
"ကျိုးလိုက်စမ်း ကျိုးလိုက်စမ်းပါ အားးးး"
ကမ္ဘာမြေကို တုန်ခါကွဲအက်စေမတတ် အော်ဟစ်ဟိန်းဟောက်သံသည်ကား မိုးခြိမ်းသံတမျှကျယ်လောင်ကာ ဒေါသလှိုင်းထန်နေခဲ့သည်။
လုံအော်ထျန်း၏ ဒေါသနှင့်မခံချင်စိတ်မှာ ယဲ့ကျွင်းလင်နှင့်တိုက်တုန်းကထက် ပိုမိုသာလွန်ပြင်းထန်လာခြင်းကြောင့် စွမ်းအားကလည်း အဆမတန် တိုးပွားလာတော့၏။
သို့သော် မည်မျှပင်အားထုတ်ကြိုးပမ်းပါစေ သွေးနီရောင်လှောင်အိမ်ကား တုတ်တုတ်ပင်မလှုပ်။
သွေးအရှင်က တစ်ချက်လှောင်ရယ်သည်။
"အားအကုန်ခံမနေစမ်းပါနဲ့၊ မသေမျိုးသူတော်စင်အဆင့်တောင် အမှောင်သွေးလက်စွပ်ရဲ့ အကျဥ်းချလှောင်အိမ်ကို ချိုးဖျက်နိုင်မှာမဟုတ်ဘူး"
"ဒါဆို မင်းမြင်ဖူးတယ်ရှိအောင် ချိုးပြရသေးတာပေါ့"
လုံအော်ထျန်းသည် ရွှေရောင်နှင့်အနက်ရောင်နှော နဂါးကိုယ်ထည်ကြီးအဖြစ် ပြန်လည်အသွင်ပြောင်းလိုက်ကာ နီရဲရဲအလင်းတန်းတို့က သူ့မျက်လုံးအစုံမှ ပြင်းရှစွာစူးထွက်လာကြပြီး နက်ရှိုင်းသောအာခံတွင်းကို ဖြဲဟလျက် ကြယ်တံခွန်ကဲ့သို့ တောက်ပလင်းလက်သော နီညိုရောင်စွမ်းအင်လုံးကြီးတစ်ခုကို စတင်စုစည်းလိုက်သည်။
ရေတွက်မရနိုင်သော လျှပ်စီးကြောင်းများသည် ထိုနီညိုရောင်အလင်းလုံး၏ မျက်နှာပြင်ပေါ်တွင် ရောယှက်ထင်ဟပ်နေပြီး ကြောက်မက်ဖွယ် ဖျက်ဆီးခြင်းအရှိန်အဝါကို ထုတ်လွှတ်လျက်ရှိ၏။
ထိုအရာမှာ လုံအော်ထျန်း၏ ဒုတိယမွေးရာပါ နတ်ဘုရားစွမ်းရည်ဖြစ်သော နဂါးဒေါသမီးပင် ဖြစ်သည်။
အလွန်အမင်း ဒေါသကြီးနေချိန်တွင် ထိုစွမ်းရည်ကိုထုတ်သုံးမည်ဆိုလျှင် အသင့်တော်ဆုံး အပြည့်စုံဆုံး အခိုက်အတန့်ဟုဆိုရမည်။
အဘယ့်ကြောင့်ဆိုသော် ထိုလှုပ်ရှားမှုကို စတင်ဖို့ရာ ကြိုတင်ပြင်ဆင်အားဖြည့်ဖို့လိုအပ်ပြီး ချက်ချင်းလက်ငင်း ထုတ်သုံးလို့လည်းမရနိုင်။ ယဲ့ကျွင်းလင်နှင့် တိုက်ပွဲတွင်မူ ထိုစွမ်းရည်ကို ထုတ်သုံးဖို့အချိန်မရှိလိုက်ခင် အနိုင်ယူခံခဲ့ရသောကြောင့်ဖြစ်သည်။
ယခု လှောင်အိမ်ထဲ ဖမ်းဆီးအကျဥ်းချခံထားရချိန်တွင် လုံအော်ထျန်းမှာ သူ၏အဆုံးစွန်သော အဆင့်မြင့်စွမ်းရည်ကို ပြင်ဆင်အားဖြည့်ဖို့ အချိန်ကောင်းကောင်းရလိုက်ပေ၏။
တမုဟုတ်ချင်းပင်။
သူ၏အာခံတွင်းမှ ဆန်တက်လာသော ထိုနီညိုရောင်အလင်းလုံးသည် ပြိုင်ဘက်ကင်းစွမ်းအင်လှိုင်းတွန့်များကို ထုတ်လွှတ်လာတော့၏။
အုံး
သိပ်သည်းပြည့်ဝသော စွမ်းအင်တို့စုစည်းရာ အလင်းလုံးကြီး ပေါက်ကွဲသွားသည်နှင့် ဖျက်ဆီးခြင်းဖိအားမှာ အဆက်မပြတ်တိုးပွားသက်ရောက်လာလေရာ သွေးနီရောင်လှောင်အိမ်ကြီးတစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်လှုပ်ယိမ်းခါလာရတော့သည်။