အခန်း (၆၃၁)
Vol. 45 Ch. 631
"ဒါက..."
သွေးအရှင်မှာ အကြီးအကျယ်ထိတ်လန့်တုန်လှုပ်ဟန် ပြလာသည်။
စိတ်ကူးမှန်းဆဖို့ပင် ခက်ခဲပေစွ။ မသေမျိုးဧကရာဇ်တစ်ပါးမှ ထိုသို့သောစွမ်းအားမျိုးကို မည်သို့မည်ပုံ ထုတ်လွှတ်နိုင်ခဲ့ပါသနည်း။
မသေမျိုးသူတော်စင်တစ်ပါးကို ပွဲချင်းပြီးသတ်ဖြတ်လိုက်လို့ရနိုင်သည့် စွမ်းအားအဟုန်။
သွေးအရှင်ပင်လျှင် ထိုစွမ်းအင်လှိုင်းထံမှ တစ်ချက်ရိုက်ခတ်ခံလိုက်ရရုံဖြင့် အသားရောသွေးပါမကျန် တစ်ချက်တည်းအငွေ့ပျံသွားလောက်မည် ဧကန်ပင်။
စစ်ထူယန်၏ဦးရေပြားမှာ ထုံကျင်တုန်ယင်လာပြီး အထိတ်တလန့်မေးလာသည်။
"ဟေး မင်းဟာက ဒီမကောင်းဆိုးဝါးကို ထိန်းထားနိုင်မှာသေချာရဲ့လား"
"ထိန်း...ထိန်းထားလို့ရလောက်မယ် ထင်တာပါပဲ..." မရေမရာအဖြေကို ပြန်ပေးလာသော သွေးအရှင်၏မျက်နှာအမူအရာမှာလည်း မတည်မငြိမ် အလန့်လန့်အဖျပ်ဖျပ်။
မသေမျိုးဧကရာဇ်အဆင့် သွေးနှောနဂါးတစ်ကောင်၏ စွမ်းအားအဟုန်သည် သူတို့နားလည်စိတ်ကူးနိုင်သမျှ အတိုင်းအဆကို ကျော်လွန်ဖောက်ဖျက်သွားခဲ့လေ၏။
ဒီလူကို မသေမျိုးသူတော်စင်ဟု သတ်မှတ်ခေါ်ဝေါ်ရင်တောင် လွန်မည်မထင်။
ဝှစ်ခနဲ အသံတစ်ချက် ကြားလိုက်ရသည်။
တစ်နည်းတစ်ဖုံ မှိန်ဖျော့လာပြီဖြစ်သော သွေးနီရောင်လှောင်အိမ်အတွင်းဝယ် ထွန်းလင်းတောက်ပနေသော ဖျက်ဆီးရေးအလင်းတန်းတစ်ခုသည် မျက်စိရှေ့တွင်ပင် တဖြည်းဖြည်းလွင့်ပါးပျောက်ကွယ်သွားပြီး ကြီးမားသော ရွှေရောင်နှင့်အနက်ရောင်နှော နဂါးကိုယ်ထည်ကြီးမှ လူသားပုံစံအဖြစ် ပြန်လည်ပြောင်းလဲသွားသည်ကို မြင်တွေ့လိုက်ရသည်။
လုံအော်ထျန်း၏ နှာခေါင်းပေါက်များမှ အငွေ့များတရှူးရှူးပန်းထွက်နေပြီး ချွေးစက်တို့က မျက်နှာတစ်ခုလုံးကို ရွှဲစိုစွန်းထင်းနေခဲ့သည်။ အသည်းအသည် မောဟိုက်ပင်ပန်းနေသည့် အသက်ရှူသံပြင်းပြင်းကိုလည်း ဖုံးကွယ်ထားနိုင်ခြင်းမရှိတော့။
ထိုအဖြစ်ကို မြင်သောအခါမှ၊
စစ်ထူယန်တို့ သုံးယောက်သားလည်း စိတ်အေးလက်အေး သက်ပြင်းချလိုက်နိုင်တော့၏။
ထိုပြိုင်ဘက်ကင်းနဂါးသာ ဒေါသတကြီးအခြေအနေတွင် တကယ်ကြီးလွတ်ထွက်လာခဲ့လျှင် သူတို့အားလုံး မလွှဲမရှောင်သာ အသက်ဆုံးရပေတော့မည်ပင်။
ကံကောင်းထောက်မစွာဖြင့် အစီအစဥ်စဦးပိုင်းသည်ကား ချောချောမွေ့မွေ့ ပြီးဆုံးသွားခဲ့သည်။
လုံအော်ထျန်းမှာ ဤအခြေအနေကိုမျှော်လင့်မထားဟန်ဖြင့် မျက်နှာသွင်ပြင် တင်းမာခက်ထန်လျက်ရှိ၏။
သွေးအရှင်ကိုလည်း မြင်မြင်ချင်းပင် ကမ္ဘာ့အပြင်မှလာသော ထာဝရသွေးမျိုးနွယ်ဝင်တစ်ဦးဖြစ်ကြောင်း သူမှတ်မိထားသည်။ ထိုမျိုးနွယ်ဝင်တို့၏ တိုက်ခိုက်ရေးနည်းလမ်းများ မည်မျှယုတ်မာပက်စက်မှန်းလည်း သူကောင်းကောင်းသိထားသည်ပင်။
"ဟမ့် သူ့တို့ကိုယ်သူတို့ မြင့်မြတ်လှချည်ရဲ့ သန့်စင်လှချည်ရဲ့လို့ အစဥ်အမြဲမော်ကြွားနေခဲ့တဲ့ အလင်းမျိုးနွယ်စုလည်း တစ်နေ့နေ့မှာတော့ ဒီလိုယုတ်ညံ့အောက်တန်းကျတဲ့သတ္တဝါမျိုးနဲ့ ပူးပေါင်းစည်းလုံးနေလိမ့်မယ်လို့ ဘယ်သူကထင်ခဲ့မှာလဲ၊ ငါလုံအော်ထျန်းရဲ့ ကောင်းကင်မျက်လုံးတွေကို အလင်းဖွင့်ပေးလိုက်တာပါပဲ"
လှောင်ပြောင်သရော်ရှုတ်ချသော စကားလုံးများက ပြောင်မြောက်လှ၏။
စစ်ထူယန်သည် မခံချင်စိတ်ကိုဖိနှိပ်ကာ မျက်နှာထက်တွင် မတုန်မလှုပ်အမူအရာကိုသာ ဆက်ထိန်းထားလျက် ရယ်သွမ်းသွေးသည်။
"ဒီလိုပဲ အခြေအနေကိုလိုက်ပြီး ကျင့်သုံးရတာလေးတွေရှိတာပေါ့လေ။ မင်းသာ လှောင်အိမ်ထဲကနေ လေကြီးလေကျယ်ဟစ်မနေစမ်းပါနဲ့။"
သွေးအရှင်က နက်ရှိုင်းသောလေသံဖြင့် ပြောလာသည်။
"အရှင့်ရဲ့စွမ်းရည်စွမ်းအားတွေကလည်း ကျွန်တော့်အမြင်ကို အလင်းဖွင့်ပေးလိုက်တာပါပဲ။ ကံမကောင်းစွာနဲ့ ကျွန်တော်တို့မျိုးနွယ်စုရဲ့ရတနာက ဒီလိုသန့်စင်ခိုင်မာနေမှတော့ ခဏလောက်သည်းခံပြီး ငြိမ်နေလိုက်ဖို့ အကြံပေးချင်ပါတယ်"
လုံအော်ထျန်းသည် လှံတံတစ်ချောင်းပမာ မြင့်မားဖြောင့်တန်းစွာရပ်တည်လျက် လက်နှစ်ဖက်ကို အနောက်သို့ပစ်ကာ သွေးအရှင်အား ကြွက်စုတ်တစ်ကောင်ကိုကြည့်သကဲ့သို့ အထင်အမြင်သေးစွာငုံ့ကြည့်သည်။
"ငါ့ကိုလှောင်အိမ်ထဲထည့်ပိတ်ဖို့ ဒီလောက်ကြိုးစားနေရတဲ့အကြောင်းရင်းလေး ရှင်းစမ်းပါဦး။ ငါသာ အထွတ်အထိပ်အဆင့်ဆီ ပြန်တက်ရောက်နိုင်တာနဲ့ ဒီလှောင်အိမ်လည်း ဆက်တောင့်ခံနိုင်မှာမဟုတ်ဘူးဆိုတာ မင်းသိသင့်တယ်"
ယုံကြည်မှုအပြည့်ရှိသော လေသံပင်။
သူ၏ကျင့်ကြံဆင့်သည် ယခုအချိန်တွင် မသေမျိုးဧကရာဇ် သတ္တမကောင်းကင်တွင်သာ ရှိနေဆဲဖြစ်သဖြင့် အရင်ကျင့်ကြံဆင့် နဝမကောင်းကင်ဆီသို့ ပြန်လည်တက်ရောက်နိုင်လိုက်သည်နှင့် စွမ်းအားသစ်များလည်း တစ်ဖန်တိုးမြင့်လာပြန်ဦးမည်ပင်။
ကျင့်ကြံသူတစ်ဦးသည် မသေမျိုးအဆင့် ဘယ်တစ်ခုတွင် ရှိနေစေကာမူ အဆင့်ခွဲများထဲမှ နဝမကောင်းကင်ဆိုသည်မှာ အပြည့်စုံဆုံး၊ အားအကောင်းဆုံး အခြေအနေသာဖြစ်၏။
လုံအော်ထျန်းသည် ဤလှောင်အိမ်ကိုဖောက်ထွက်ကာ အပြင်ဘက်သို့ ခြေချလိုက်နိုင်သည်နှင့် စစ်ထူယန်တို့အဖွဲ့ကို အရင်သုတ်သင်ရှင်းလင်းရကာ ဒေါသဖြေရမည်ဟု တိတ်တိတ်လေး စိတ်ပိုင်းဖြတ်ထားလိုက်သည်။
"ဟဲဟဲ အဲ့လောက်သိချင်နေရင် ကြည့်လိုက်ပါဦး"
သွေးအရှင်သည် စကားဆုံးသည်နှင့် သူ၏အသွင်အပြင်ကို လုံအော်ထျန်းနှင့် ချွတ်စွပ်တူသောအသွင်အပြင်အဖြစ် ရုတ်ချည်းပြောင်းလဲပြလိုက်တော့၏။
လုံအော်ထျန်းမျက်နှာအတုထက်တွင် ဆော့ကစားလိုဟန် အပြုံးတစ်ခုဖြင့်။
"မင်း..."
ထိုမြင်ကွင်းကို မြင်လိုက်ရချိန်တွင် လုံအော်ထျန်းမှာ တည်ငြိမ်မှုကိုပင် ဆက်မထိန်းသိမ်းနိုင်တော့လောက်အောင် ဖြစ်သွားရသည်။ တစ်ဖက်လူမှာ သူ့အသွင်အပြင်နှင့် နာမည်ကိုအသုံးပြုကာ မကောင်းသည့်အကြံအစည်တစ်ခုအား အကောင်အထည်ဖော်ရန် ကြိုးစားနေခြင်းပင်။
"စိတ်မပူပါနဲ့၊ ခင်ဗျားနေရာကို ခဏဝင်ယူပြီး လူသတ်ပွဲလေးကျင်းပပေးရုံပါ"
သွေးအရှင်သည် အဓိပ္ပာယ်များစွာပါဝင်သော မျက်နှာထားဖြင့်ဆိုသည်။ သူ၏ အတုအယောင်အသွင်အပြင်မှာ လုံအော်ထျန်းနှင့် ခွဲခြားမရအောင် ထပ်တူကျနေပါသော်ငြား အရှိန်အဝါကိုတော့ အပြည့်အဝ အတုယူနိုင်ခြင်းမရှိဘဲ ထူးဆန်းသော ယုတ်ညံ့ကောက်ကျစ်ဟန်ခံစားချက်ကြီးက တဝဲလည်လည် ကျန်ရှိနေဆဲပင်။
လုံအော်ထျန်း၏မျက်လုံးများ ဖျတ်ခနဲလက်သွားပြီး ရယ်ချလိုက်သည်။
"မဟာမိတ်ခေါင်းဆောင်ယဲ့ရဲ့လက်အောက်မှာ မင်းတို့လိုကြွက်သူခိုးတွေက ဘာများမွှေနိုင်နှောက်နိုင်ဦးမှာတဲ့လဲ။ စိတ်ကူးတွေယဥ်မနေကြစမ်းပါနဲ့"
စစ်ထူယန်က သရော်တော်တော်လေသံဖြင့် ခွန်းတုံ့ပြန်သည်။
"ဟေ့ တီကောင်၊ မင်းတကယ်ပဲ ကောင်းကင်ဧကရာဇ်ယဲ့လောက်ကို ငါတို့မကိုင်တွယ်နိုင်လောက်ဘူးထင်နေတာလား၊ ငါ့မှာ ဘယ်စွမ်းအားရှင်ကိုမဆို ကျင့်ကြံဆင့်ပျောက်ပြယ်အောင်လုပ်နိုင်တဲ့ ရတနာတစ်ခုရှိထားတယ်လေ။ အဲ့ဒီ အင်အားကြီးလှပါတယ်ဆိုတဲ့ ကောင်းကင်ဧကရာဇ်ယဲ့လည်း ကျင့်ကြံဆင့်ဆုံးရှုံးသွားပြီဆိုတာနဲ့ ဒီသခင်လေးရဲ့လက်ဝါးဘယ်နှစ်ချက်လောက်ကိုများ တောင့်ခံနိုင်လိမ့်မယ်ထင်လဲ"
"ဘာ"
လုံအော်ထျန်း၏ မျက်စိသူငယ်အိမ်များ ပြင်းထန်စွာကျုံ့ဝင်သွားပြီး ထိုစကားကို သေချာစဥ်းစားလိုက်မိသည့်အချိန်တွင် ကျောရိုးတစ်လျှောက် ကြက်သီးဖြန်းဖြန်းထသွားရ၏။
ယနေ့ တွေ့ကြုံခဲ့ရသည်များနှင့် ချိတ်ဆက်လိုက်သောအခါ လုံအော်ထျန်းသည် မဟာမိတ်ခေါင်းဆောင်ယဲ့နှင့် အခြားစွမ်းအားရှင်များစွာကို ပစ်မှတ်ထားနေသော ထောင်ချောက်တစ်ခုအား သူတို့ တိတ်တဆိတ်ကြံစည်အကွက်ချနေခဲ့ကြခင်းကို ချက်ချင်းပင် သဘောပေါက်လိုက်သည်။
ဒါဆို ဒါကအစပဲရှိသေးတာပေါ့။
ပုံမှန်အားဖြင့် မာနကြီးပြီး လူတကာအပေါ် အနိုင်ကျင့်တတ်သော လုံအော်ထျန်းတစ်ယောက် ထိုမျှ ရတက်မအေး စိတ်မချမ်းမသာဖြစ်နေဟန်ကို ကြည့်ရင်း စစ်ထူယန်မှာ ဖော်ပြလို့မရလောက်အောင် ကျေနပ်ပျော်ရွှင်မိလာသည်။
အကြီးစားဗီလိန်တစ်ဦးအား အားရပါးရ ပါးဖြတ်ရိုက်လိုက်ရသော ခံစားချက်ပင်။
နေစမ်းပါဦး။
ဒီတိုင်းဆို ဒီသခင်လေးက ဗီလိန်ကြီးဖြစ်သွားတော့မှာပေါ့၊ ဟုတ်တယ်မလား။
စာစဉ်ပြီး