← Chapters

တန်လို့လား

Vol. 1 Ch. 91

တန်လို့လား

Vol. 1 Ch. 91

"ဝိုး"

ကျန်းရီ၏ စကားဆုံးသည်နှင့် အာမေဋိတ်သံများ ထွက်ပေါ်လာခဲ့သည်။ ကျန်းရိလျှိုက ဘယ်သူမို့လဲ ... သူသည် ရှန်ဝူနိုင်ငံတော်၏ မင်းသားလေး ဖြစ်ပြီး သူ့အဖေသည် ရှန်ဝူနိုင်ငံတော်၏ နံပါတ်တစ် စစ်သည်တော်၊ နိုင်ငံတော်ကို ကာကွယ်သူ၊ အနောက်ဘက် နယ်စပ်မြို့စား လော့ကဲအရှင် ဖြစ်သည်။

သူ၏ အဆင့်အတန်းကို ထည့်မပြောလျှင်တောင် စွမ်းရည်တို့သည် အတိုင်းအဆမဲ့သည်။ အသက် ဆယ်ကိုးနှစ်နှင့် ခရမ်းရောင် နန်းတော်ရှင် ပဉ္စမအဆင့်ဖြစ်သည်။ သူသင်တန်းကျောင်းကို စတင် ဝင်ရောက်သောအခါက သုံးလအတွင်းတွင် ပါရမီရှင် ကျောင်းသား တစ်ယောက် ဖြစ်လာခဲ့သည်။ သူ့ကို ကျောင်းအုပ်ကျူးကော့က ချီးမြှင့်မြောက်စားကာ ကျောင်းအုပ် လက်ခံထားသော နောက်ဆုံး တပည့်အဖြစ် လက်ခံထားခဲ့သည်။

ကျူးကော့လျှိူယွင်၏ အဆင့်အတန်းသည် အမြင့်မားဆုံး ဖြစ်ရာ ကျန်းရိလျှိုသည် သူ၏ နောက်ဆုံးတပည့် ဖြစ်လာချိန်၌ ဒုကျောင်းအုပ်များပင် ကျန်းရိလျှိုကို အထက်စီးမှ ဆက်ဆံနေ၍ မရပေ။ ထို့ကြောင့်ပင် ကျန်းရိလျှိုသည် အကြောက်အလန့် မရှိစွာ စုလောရွှယ်ကို လူမြင်ကွင်းတွင် သွေးဆောင်ရန် ကြိုးစားရဲခြင်းလည်း ဖြစ်သည်။

သို့သော် ယခုမူ အမည်မသိ တရားမဝင်အပြင်ဆောင် ကျောင်းသားလေးသည် သူ့ကို လူမြင်ကွင်းတွင် ရန်စနေခဲ့သည်။ သူသည် ကျန်းရိလျှို စုလောရွှယ်ကို သွေးဆောင်နေသော အချိန်ကိုက်တွင် ဝင်ပါလိုက်ပေသည်။ သူသုံးလိုက်သော စကားလုံးတို့သည်ပင် နားထဲတွင် ကြားရဆိုးနေလေသည်။ အရှက်မဲ့တယ်တဲ့လား။

လူတိုင်း၏ ပထမဆုံး အတွေးသည် ကျန်းရီသည် အသက်ရှင်ရသည်ကို ငြီးငွေ့နေ၍ သို့ မဟုတ် သူသည် စိတ်ပုံမှန် မဟုတ်၍ ဟု ဖြစ်ပေသည်။ စိတ်ပုံမှန်ဖြစ်နေတဲ့လူတွေက ဒါမျိုးကို လုပ်မတဲ့လား။ နောက်ခံ အဆင့်အတန်း ကောင်းသော ချမ်ဝမ်ကွမ်သည်ပင် ကျန်းရိလျှိုကို ချိုချို သာသာ ယဉ်ယဉ်ကျေးကျေး ပြောရလေသည်။

အိုး ... မဟုတ်ဘူး။

ချမ်ဝမ်ကွမ်သည် မျက်နှာ ပျက်သွားခဲ့ပြီး တိတ်တဆိတ် ကျိန်ဆဲလိုက်သည်။ သူ့မျက်လုံး များသည် ချက်ချင်း ကျန်းရိလျှိုထံ ရောက်ရှိသွားလေသည်။

တစ်ချက် ကြည့်လိုက်ရုံနှင့် ချမ်ဝမ်ကွမ်သည် ဒုက္ခများပြီ ဖြစ်ကြောင်း သိလိုက်သည်။ ကျန်းရိလျှိုသည် ပြုံးနေခဲ့သည်။ ထိုအပြုံးသည် တောက်ပလွန်းသော အပြုံးဖြစ်သည်။ ကျန်းရိလျှိုကို ကောင်းကောင်းသိသော ချမ်ဝမ်ကွမ်သည် မကောင်းသည့် အရာတစ်ခု ဖြစ်တော့မည်ကို သိလိုက်လေသည်။ ကျန်းရိလျှို ထိုသို့ ပြုံးခြင်းသည် သူ၏ သတ်ဖြတ်ခြင်း အရှိန်အဝါများကို မထိန်းနိုင်တော့ဟု ဆိုလိုခြင်း ဖြစ်သည်။ ကျန်းရီသည် သူ၏ ပစ်မှတ် ဖြစ်သွားခဲ့လေပြီ။

စုလောရွှယ်သည် ရုတ်တရက် အဖြစ်အပျက်ကြောင့် ဆွံ့အနေခဲ့သည်။ သူမသည် မျက်နှာ ပျက်သွားခဲ့ပြီး ကျန်းရီကို စိုးရိမ်စွာ ကြည့်လိုက်သည်။ သို့သော် သူမ မြင်လိုက်ရသည်မှာ အကြောက်အလန့် မဲ့စွာ ကျန်းရိလျှိုကို မကျေမနပ် စိုက်ကြည့်နေသော မျက်လုံးများကိုပင် ဖြစ်သည်။ ထိုခဏတွင် စုလောရွှယ်သည် မှင်သက်သွားကာ တစ်ခုခု ပြောချင်နေခဲ့သည်။ အဆုံးတွင်တော့ သူမသည် ပါးစပ်ပိတ်၍သာ ငြိမ်နေလိုက်သည်။

ကျန်းရိလျှိုသည် သူ၏ ဓားရှည်ကို ပြန်သိမ်းလိုက်ပြီး ရင်ဘတ်မှ စီးကျနေသော သွေးများကို လက်ဖြင့် ဖိကာ တားဆီးလိုက်သည်။ ထို့နောက် သူသည် ကျန်းရီကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။

"ကောင်းတယ် ... ဒီကျောင်းသားကို တော်တော်လေး စိတ်ဝင်စားသွားပြီ ... ရိလျှိုက သတ္တိ ကောင်းလွန်းတဲ့ မင်းရဲ့ နာမည်ကို သိလို့ရမလား"

ကျန်းရီသည် မည်သည့် အမူအရာမှ မပြဘဲ ပြန်ဖြေလိုက်သည်။

"ကျန်းရီ ... တရားမဝင် အပြင်ဆောင် ကျောင်းသား ... မိဘမဲ့ ... ဘာလို့လဲ ... အရှင့်သားက ကျွန်တော့် တစ်အိမ်လုံးကို သတ်ပစ်မလို့လား"

"ဟား ... ဟား ... ဟား"

ကျန်းရိလျှိုသည် ကောင်းကင်ကို မော့ကြည့်ကာ ရယ်မောလိုက်သည်။ သူ့မျက်လုံးများသည် စုလောရွှယ်ကို ကြည့်ကာ ပြောလိုက်သည်။

"ကျေင်းသားကျန်းရီ ... မင်းက ငါ့ရဲ့ သဘောထားကြီးမှုကို အထင်သေးနေပါပြီ ... မစိုးရိမ်ပါနဲ့ ... ငါက ဒီလို ကိစ္စ သေးသေးလေးတွေကို စိတ်ထဲမထားပါဘူး ... ဒါပေမဲ့ အမှား လုပ်ထားတဲ့သူက ပြန်တော့ ပေးဆပ်ရမယ် ... ဒီနေ့ကိစ္စမှာ မင်းက ဝင်ပါရဲမှတော့ ကျန်းရိလျှိုရဲ့ ဒေါသကို ရင်ဆိုင်ဖို့ ပြင်ဆင် ထားသင့်တယ်"

ကျန်းရီသည် အသာအယာ ရယ်မော လိုက်ပြီး ခွန်းတုံ့ ပြန်လိုက်သည်။

"မင်းက ငါကျန်းရီကို သတ်ချင်နေမှတော့ ငါ့ရဲ့ ဒေါသကိုလည်း ရင်ဆိုင်ရမှာပဲ"

လွှမ်းမိုးနိုင်စွမ်း ရှိလိုက်တာ စိတ်ကြီးဝင်လိုက်တာ … ကျောင်းသားတိုင်းသည် စိတ်တွင်းမှ ရေရွတ်လိုက်ကြသည်။ ပထမ စကားသည် ကျန်းရိလျှိုကို ရည်ရွယ်ခြင်း ဖြစ်ပြီး ဒုတိယစကားသည် ကျန်းရီကို ပြောလိုခြင်း ဖြစ်သည်။ အင်အား အစစ်အမှန်နှင့် လူများသည် ဝံ့ကြွားနိုင်ကြသော်လည်း အင်အား မရှိပါဘဲ ရှိချင်ယောင် ဆောင်နေသော သူများသည် ရယ်ဖွယ် ကောင်းပေသည်။ သူတို့မျက်လုံးထဲတွင် ကျန်းရီသည် ဟာသ တစ်ခုထက် မပိုသည်မှာ ထင်ရှားသည်။

"ဝှစ်"

ကျန်းရိလျှိုသည် သူ၏ ရှေးဟောင်း စစ်ရထားလုံး ထက်သို့ ခုန်တက်လိုက်သည်။ သို့သော် သူသည် ကျန်းရီ၏ မျက်လုံးများကို စိုက်ကြည့် နေခဲ့သည်။ သူသည် နှာခေါင်းရှုံ့လိုက်ကာ သူ၏ စစ်ရထားလုံးကို သင်တန်းကျောင်းထံ ဦးတည် မောင်းနှင်သွားခဲ့သည်။ သူသည် မကြာခင်တွင် ပျောက်ကွယ် သွားခဲ့သည်။

"အစ်ကိုကြီး ... မင်းက အရမ်း ရှေ့မကြည့် နောက်မကြည့်လုပ်တာပဲ"

ကျန်းရိလျှို ထွက်သွားသည်နှင့် ချမ်ဝမ်ကွမ်သည် ကျန်းရီ၏ အနီးသို့ တိုးတပ်လာကာ တိုးတိုး ပြောလာခဲ့သည်။ ကျန်းရီသည် တည်ငြိမ်စွာပင် ခေါင်းယမ်းလိုက်သည်။

"ဒါက မဆင်မခြင် လုပ်တာ မဟုတ်ဘူး ... ငါက အနှေးနဲ့အမြန် သူနဲ့ ထိပ်တိုက် တွေ့ရမှာပဲ ... မနေ့ညက ဒီလောက် ရုတ်ရုတ်သဲသဲ ဖြစ်သွားတာ ကျန်းရိလျှိုက ငါ့ကို သတိပြုမိ သွားလောက်ပြီ ... ပြီးတော့ ကျန်းချီလင်းကလည်း ငါ့ကို လွယ်လွယ် လွှတ်ပေးမှာ မဟုတ်ဘူး ... သူတို့ ချောင်းမြောင်း တိုက်ခိုက်မှာကို သတိထားပြီး နေရမယ့် အစား ဘာလို့ လူမြင်ကွင်းမှာ ဒီလို မလုပ်လိုက်ပဲ နေရမှာလဲ ... သူတို့တွေ ငါ့ကို ခဏလောက်တော့ ထိရဲမှာ မဟုတ်သေးဘူး ... မဟုတ်ရင် ငါ့ကို လုပ်ကြံတာ သူတို့ဆိုတာ လူတိုင်း သိသွားမယ်လေ"

ဟူး ...

ချမ်ဝမ်ကွမ်သည် တစ်ချက်လေးမှ အပြောင်းအလဲ မရှိသော ကျန်းရီ၏ မျက်နှာကို မြင်သည့်အခါ ပြောစရာ စကားမဲ့စွာ သက်ပြင်းချလိုက်ရသည်။ သူအခုလုပ်နိုင်သည်မှာ ကျန်းရီကို အကောင်းဆုံး ကြိုးစား၍ ကာကွယ်ရန်သာ ဖြစ်သည်။ သင်တန်းကျောင်း အတွင်းတွင် ခဏလောက် ဘေးကင်း နေမည် ဖြစ်၍ တော်သေးသည်။ ဆရာမစုလည်း ရှိနေရာ သူတို့သည် အမဲလိုက်ချိန်တွင် လုပ်ကြံ သတ်ဖြတ်ရန် ကြိုးစားကြမည် မဟုတ်ပေ။

စုလောရွှယ်သည် ကျန်းရီကို ဝေခွဲမရသော မျက်လုံးများနှင့် ကြည့်လိုက်သည်။ မကြာခင်တွင် သူမသည် အေးစက်စက် ဟန်ပန်တို့ကို ပြန်လည် ထိန်းသိမ်းလိုက်ကာ လက်ယမ်း ပြလိုက်သည်။

"သွားကြစို့ "

လူအုပ်သည် တောင်ပေါ်မှ တိတ်ဆိတ်စွာ ဆင်းလာခဲ့ကြသည်။ လူတိုင်းသည် ကျန်းရီကို ရှုပ်ထွေးနေသော မျက်လုံးများနှင့် ကြည့်နေကြပြီး သူ့ကိစ္စများထဲတွင် ပါသွားမည်ကို စိုးရိမ်နေကာ ရှောင်ဖယ် နေကြလေသည်။

ကျန်းရီသည် သူ့စိတ်ထဲတွင် ခံစားနေရသော မဖော်ပြနိုင်သည့် ခံစားချက်ကို အာရုံ စူးစိုက်ထားလိုက်သည်။ သူသည် ကြောက်ရွံ့ခြင်းနှင့် နောင်တကို မခံစားမိခဲ့ပေ။ သူသည် စိတ်ရှုပ်သလိုသာ ခံစားနေခဲ့ရသည်။ ထိုခံစားချက်သည် သူစိတ်လေးလာလျှင် ဖြစ်ပေါ်နေကျ ခံစားချက်ပင် ဖြစ်သည်။

စောစောက သူဝင်ပါလိုက်ရခြင်းသည် စုလောရွှယ်၏ အကူအညီမဲ့နေမှုနှင့် ထိတ်လန့်နေမှုတို့ကို မြင်လိုက်ရ၍ ဖြစ်သည်။ သူသည် သူမကို ကူညီချင်နေခဲ့သည်။ သူသည် ဤလှပသော ဆရာမနှင့် မည်သည့်ဆက်နွယ်မှုမှ မရှိသော်လည်း သူမသည် သူ့ကို သွေးရှင်းတမ်းပြိုင်ပွဲ၏ ပထမနေ့တွင် ကူညီခဲ့ပေသည်။ ထိုကျေးဇူးကြွေးကို သူမှတ်ထားခဲ့သည်။ ကျန်းရီသည် သူ့အပေါ် ကြင်နာမှု ပြသခဲ့သူများအတွက်ဆိုလျှင် လိုလားစွာနှင့် အသက်ပင် ပေးလိမ့်မည် ဖြစ်သည်။

နောက်ထပ် အကြောင်းရင်း တစ်ခုသည် သူသည် ကျန်းရိလျှိုကို အလိုလို မုန်းတီးနေသောကြောင့် ဖြစ်သည်။ ကျန်းရိလျှို၏ အမူအရာများကို မြင်ရခြင်းသည် သူ့စိတ်ထဲတွင် အတော်လေး မသက်မသာ ခံစားရစေသောကြောင့် အကျိုးဆက်ကို မစဉ်းစားပဲ လုပ်ချင်ရာကို လုပ်လိုက်မိခြင်း ဖြစ်သည်။

ကျန်းရီသည် သူဘာကြောင့် ကျန်းရိလျှိုကို မကျေမနပ်ဖြစ်နေသည်ကိုတော့ မရှင်းပြချင်ပေ။ သူတို့သည် ဖအေတူ၊ မအေကွဲ ညီအစ်ကိုများ ဖြစ်ကြသော်လည်း တစ်ယောက်သည် အဆင့်အတန်း မြင့်မြင့်နှင့် ချမ်းသာကြွယ်ဝစွာ နေရပြီး သူသည် ပုရွက်ဆိတ် တစ်ကောင်ကဲ့သို့ နိမ့်ကျနေပြီး နှစ်ပေါင်းများစွာကြာ အလှောင်ခံ ဘဝနှင့် နေခဲ့ရသောကြောင့် ဖြစ်နိုင်ပေသည်။ သို့မဟုတ် ကျန်းပိုင်လီသည် သူ့အမေကို စွန့်ပစ်ကာ ကျန်းရိလျှို၏ အမေကို ရွေးချယ်ခဲ့၍လည်း ဖြစ်နိုင်ပေသည်။ သူသည် အသက်ငယ်ငယ်နှင့် သေဆုံးခဲ့ရသော သူ့အမေအတွက် တရားမျှတမှုကို ရှာဖွေလိုသည်။ သူသည် ကျန်းပိုင်လီကို နာနာကျည်းကျည်း မုန်းတီးနေခဲ့သည်။ တစ်ဖက်မှ ကြည့်မည်ဆိုလျှင် သူ့ရန်သူ၏ သားသည် သူ့ရန်သူသာ ဖြစ်လေသည်။

သူတို့အုပ်စုသည် မကြာခင်တွင် အမဲလိုက်ရမည့် တောင်ခြေသို့ ရောက်ရှိသွားလေသည်။ စုလောရွှယ်၏ ညွှန်ကြားချက်အတိုင်း ကျောင်းသားတိုင်းသည် အမဲလိုက်ရန် တောင်ပေါ်သို့ အလျှိုလျှို တက်သွားကြလေသည်။ ချမ်ဝမ်ကွမ်သည် အခြေအနေကို နားလည်ပေသည်။ ထို့ကြောင့် သူသည် ကျန်းရီကို အလျင်စလို တောင်ပေါ် တက်ရန် မတိုက်တွန်းပေ။

"ကျန်းရီ ... မင်းခဏနေဦး ... မင်းက အရင်သွားပြီး အမဲလိုက်နှင့်"

စုလောရွှယ်သည် ရုတ်တရက် ကျန်းရီကို ရပ်တန့်စေလိုက်သည်။ သူမ၏ အမူအရာသည် တည်ငြိမ် နေသော်လည်း မျက်လုံးများကမူ စိတ်လှုပ်ရှားမှုကို ဖော်ပြနေခဲ့သည်။ သူမစိတ်သည် မတည်ငြိမ် သေးသည်မှာ သိသာသည်။

ချမ်ဝမ်ကွမ်သည် ကျန်းရီကို မျက်စပစ်ပြလိုက်ကာ လက်ကောက်ဝတ်ကို ဆိတ်ဆွဲလိုက်သည်။ သူသည် အသံကို နှိမ့်လိုက်ကာ တိုးတိုး ပြောလိုက်သည်။

"အစ်ကိုကြီး ... ဒီအခွင့်အရေးကို အမိအရ ဆုပ်ကိုင်လိုက် ... ကံကောင်းပါစေ"

"သွားစမ်းပါ"

ကျန်းရီသည် သူ့ဒေါသကို ဖော်ပြရန် ချမ်ဝမ်ကွမ်ကို ကန်ထုတ်လိုက်သည်။ ထို့နောက် သူသည် စုလောရွှယ်ထံ လှည့်ကြည့်လိုက်သည်။ သူသည် အလျင်အမြန် ပြုံးလိုက်ကာ စကားစလိုက်သည်။

"ဆရာမစု ... အဲဒီတစ်ယောက်က အရိုက်ခံရဖို့ လိုနေတာ ... သူ့ကို စိတ်ထဲမထားပါနဲ့ ... ကျွန်တော့်ဆီက တစ်ခုခု လိုအပ်တာများ ရှိလို့လား"

စုလောရွှယ်သည် ခေါင်းညိတ်လိုက်သော်လည်း တိတ်ဆိတ် နေခဲ့သည်။ ခဏကြာသော် သူမသည် နှုတ်ခမ်းကိုက်လိုက်ကာ ပြောလာခဲ့သည်။

"ကျန်းရီ ... မင်းစောစောက လုပ်ပေးတာ အတွက် ကျေးဇူးတင်ပါတယ် ... ဒါပေမဲ့ မင်းက အရမ်း ရှေ့နောက် မကြည့်တာပဲ ... ကျန်းရိလျှိုရဲ့ နောက်ခံက တခြားလူတွေနဲ့ မတူဘူး ... ဒါက မင်းကို အနာဂတ်မှာ ဒုက္ခ ရောက်စေလိမ့်မယ်"

ကျန်းရီသည် ရယ်မောလိုက်ကာ ပြန်ပြောလိုက်သည်။

"ကိစ္စမရှိပါဘူး ... ကျွန်တော် မကြောက်ဆုံးက ဒုက္ခရောက်မှာကိုပဲ"

"ဟူး ... "

စုလောရွှယ်၏ မျက်လုံးများသည် ကျဉ်းမြောင်းသွားကာ ခြေဆောင့်လိုက်သည်။

"ငါမင်းကို ဘာပြောပေးရမလဲ ... ကျန်းရိလျှိုက အနောက်ဘက်နယ်စပ်မြို့စား လော့ကဲအရှင်ရဲ့ ဆက်ခံသူပဲ ... "

"ဆရာမစု ... ရပ်လို့ ရပါပြီ ... ကျွန်တော် အားလုံးကို နားလည်ပါတယ်"

ကျန်းရီသည် စုလောရွှယ်ကို ကြည့်လိုက်ကာ လေးလေးနက်နက် ပြောလိုက်သည်။

"ဆရာမက ကျွန်တော့်ကို အရင်ကူညီခဲ့တယ် ... ကျွန်တော်က ဘာအရည်အချင်းမှ မရှိပေမဲ့ ကျေးဇူးရှင်ကို ပြန်ပြီး ကျေးဇူးဆပ်သင့်တာတော့ ကျွန်တော် သိတယ် ... မစိုးရိမ်ပါနဲ့ ... ကျွန်တော်က အသက်ပြင်းပါတယ်"

စုလောရွှယ်သည် ကျန်းရီ၏ လေးနက်နေသော မျက်လုံးများကို ကြည့်လိုက်ပြီး ခေါင်းယမ်းကာ သက်ပြင်းချလိုက်သည်။

"ဒါက တန်လို့လား"

"ထိုက်တန်တယ်"

ကျန်းရီသည် သေချာမှုများနှင့် ခေါင်းညိတ်လိုက်သည်။ သူသည် စုလောရွှယ်၏ နူးညံ့ကာ အပြစ်ကင်းသော မျက်နှာလေးကို ကြည့်လိုက်ပြီး တောက်ပစွာ ပြုံးလိုက်သည်။

"ရှေးစကားတစ်ခွန်းတောင် ရှိသေးတာပဲ ... ဘုရင်က မိန်းမလှလေး ရယ်မောစေဖို့အတွက် မီးထွန်းပြီး မှူးမတ်တွေကို စနောက်ပြီး စိတ်ဆိုးစေတယ်ဆိုတာလေ ... ဘုရင်တောင် မိန်းမလှလေးအတွက် သူ့တိုင်းပြည်ကို စွန့်လွှတ်နိုင်တယ်ဆိုရင် ကျွန်တော်ကရော ကျွန်တော့်ရဲ့ နိမ့်ကျတဲ့ အသက်လေးကို စွန့်လွှတ်တာ မဆန်းပါဘူး"

စုလောရွှယ်သည် ဤကဲ့သို့သော မြှောက်ပင့်စကားများကို အကြိမ်ပေါင်းများစွာ ကြားဖူးသော်လည်း ယခုတစ်ခါတွင် စိတ်အနှောင့်အယှက် ဖြစ်မနေခဲ့ပေ။ သူမသည် ကျေနပ်စွာ ရယ်မောလိုက်သည်။ သူမသည် နုနယ်သော လက်လေးကို ဆန့်ထုတ်လိုက်ပြီး ကျန်းရီ၏ ခေါင်းကို ခေါက်လိုက်သည်။

"လျှာစောင်းထက်လိုက်တာ ... မင်းဒါမျိုးမပြောခင် အသက်ပြည့်အောင် အရင်စောင့်ပါဦး ... မင်းအမဲလိုက်ရမယ့် အချိန်ရောက်နေပြီ မဟုတ်လား"

***

All Chapters