အခန်း (၆၂၆-၆၃၀)
Vol. 26 Ch. 626-630
နတ်သားရဲမလေးရဲ့ ကမ္ဘာသစ် Book-26
အခန်း(၆၂၆) အချစ်မဟုတ်ဘူး
ဟွော်ထျင်းက ငယ်ရွယ်ပြီး အချစ်တွေ၊ အိမ်ထောင်ရေးတွေအကြောင်း နားမလည်သော်လည်း အရွယ်ရောက်ပြီးသား ယောက်ျားလေးတစ်ယောက်နဲ့ မိန်းကလေးတစ်ယောက် ဆုံတာ ဘာသဘောမှန်း နားလည်ပါသည်။
“ငါ့သား နားလည်မှုလွဲနေပြီ။ အဖေ သူ့အပေါ် တခြား ဘာစိတ်မှ မရှိဘူး။ အဖေ့ရင်ထဲမှာ သားအမေတစ်ယောက်ပဲ အမြဲတမ်း ရှိနေမှာ”။ ဟွော်ချန်းယီ ရှင်းပြလိုက်သည်။
“ကျွန်တော့်ကို ဖုံးကွယ်ထားစရာမလိုပါဘူး။ ပြီးတော့ ကျွန်တော်စိတ်ဆိုးမှာလည်း စိတ်ပူစရာမလိုဘူး။ အဖေ နောက်အိမ်ထောင်ပြုချင်ရင် ကျွန်တော် နားလည်ပေးလို့ရတယ်”။ ဟွော်ထျင်း ပြောလိုက်သည်။
ဟွော်ချန်းယီ နူးညံ့စွာ ပြုံးလိုက်ပြီး ဆက်ရှင်းပြလိုက်ပါသည်။ “အာ့ထျင်း အဲ့လို စကားမျိုး ပြောတာ အဖေ အရမ်း ဝမ်းသာပါတယ်။ ဒါပေမယ့် မစ္စလင်းအပေါ် အဖေ တကယ် တခြားဘာစိတ်မှ မရှိဘူး”
“ကျွန်တော့်ကို မလိမ်နဲ့။ မိန်းမတစ်ယောက်ကို အဖေ ဒီလောက်ထိ တရင်းတနှီးဆက်ဆံနေတာ ဒါပထမဆုံးပဲ။ ပြီးတော့ အဖေ့ဘက်ကအရင် စကားတောင် သွားပြောနေတာ မဟုတ်ဘူးလား”။ ဟွော်ထျင်း အခြေအမြစ်မရှိ စွပ်စွဲတာ မဟုတ်ပါ။
“မဟုတ်ဘူး။ သူ့အပေါ်ထားတဲ့ ခံဏားချက်က အချစ်မဟုတ်ဘူး။ သူ့ကို မြင်ရင် အရင်က အဖြစ်အပျက်တချို့ ပြန်သတိရလို့ပါ။ ငယ်ငယ်တုန်းက သူနဲ့ ဆုံဖူးတယ်။ သူငယ်ငယ်တုန်းက အရမ်း အငိုသန်တာ။ သား ညီမလေး ယွင်ယွင်လိုပဲ။ တစ်ခုခုဖြစ်တာပဲ အရင်ငိုဖို့ပဲ သိတယ်”။ ဟွော်ချန်းယီ ရှင်းပြသည်။
“ဘယ်သူ့က ညီမလေးယွင်ယွင်လဲ။ အဲ့အာပြဲစိန်က ကျွန်တော့် ညီမလေး မဟုတ်ဘူး! အဲ့လောက်ငိုတဲ့ ညီမလေး ကျွန်တော့်မှာ မရှိဘူး!”။ ဟွော်ထျင်းက ချက်ချင်းဆိုသလို ဒေါသတကြီး ကန့်ကွက်လိုက်သည်။
“ဟုတ်ပါပြီ ဟုတ်ပါပြီ။ ညီမလေး ယွင်ယွင် မဟုတ်ဘူး။ အာပြဲစိန်လေးပဲနော်”။ ဟွော်ချန်းယီ ရယ်မောရင်း အမှန်ပြင်ပေးလိုက်လေသည်။
ဧကန္တ ယောက်ျားလေးတွေ အားလုံး ဒီလိုအမှတ်တရမျိုးတွေ ရှိတတ်ကြတာလား။
ဟွော်ချန်းယီ ငယ်စဉ်ကလည်း မိန်းကလေးတွေကို ရန်စပြီး စနောက်တတ်ဖူးတာကို သတိရပါသည်။
“ဟွန်း!”။ ဟွော်ထျင်း မကျေမနပ် မျက်စောင်းထိုးလိုက်လေသည်။
--- --- ---
အိမ်ပြန်ရောက်တာနဲ့ တစ်ပြိုင်နက် ချူးဟမ့် အရက်တွေ မရပ်မနား သောက်လေသည်။ တစ်ပုလင်းပြီး တစ်ပုလင်း မော့ပြီးနောက် ဧည့်ခန်းထဲရှိ ဆိုဖာပေါ် မူးရူးလျက် လဲကျသွားလေသည်။ အရက်ပုလင်းခွံတွေလည်း ကြမ်းပြင်ပေါ်နဲ့ စားပွဲပေါ်တွေမှာ ပြန့်ကျဲကုန်ပါသည်။
ကျောင်းဆင်း၍ အိမ်ပြန်ရောက်သောအခါ မူးရူးနေသော ချူးဟမ့်အား ချူးယန်ရှီ မြင်သွားလေသည်။
“အဖေ ဘာလုပ်နေတာလဲ။ အိမ်မှာ ဘာလို့ အရက်သောက်နေတာလဲ”။ ချူးယန်ရှီ ဒေါသထွက်သွားသည်။
ထိုလူက သူမတို့ မိသားစုကို ရှားရှားပါးပါး အခွင့်အရေးတစ်ခု ပေးထားရဲ့သားနဲ့ သူမ အဖေက အလုပ်မကြိုးစားဘဲ ဘာလို့ အိမ်မှာ အရက်တွေ သောက်နေရတာလဲ။
“ရှောင်းရှီလေး… သမီးဖေကြီး ကွာရှင်းလိုက်ရပြီ! အဲ့ဒီ မိန်းမယုတ် လင်းယုရှန်းက ဖေကြီးထက် သာတဲ့လူကို ရွေးပြီး ဖေကြီးကို ထားခဲ့ပြီ! အဲ့ဒီ မိန်းယုတ်… သူ့အပေါ် ဒီလောက်ကောင်းပေးခဲ့တာကို”
“အဖေ… တကယ် ကွာရှင်းလိုက်ပြီလား”။ ဘာကြောင့်မှန်းမသိဘဲ ချူးယန်ရှီ ရင်ထဲ အေးစက်သွားသည်။
“ဘာတွေ လာမေးနေတာလဲ! ဟန်ဆောင်ကွာရှင်းတယ်ဆိုတာ ရှိလို့လား။ ဒီမှာကြည့် ကွာရှင်းစာချုပ် မြင်လား!”။ ချူးဟမ့် ကွာရှင်းစာချုပ်ကို ထုတ်ကာ ကြမ်းပြင်ပေါ် ပစ်ချပေးလိုက်သည်။
အနီရောင်တောက်တောက် ကာဗာဖြင့် စာချုပ်ကို ချူးယန်ရှီ ကောက်လိုက်ပြီး ဖွင့်ကြည့်လိုက်ကာ ထပ်ခါထပ်ခါ အတည်ပြုလိုက်သည်။
သူမ အဖေနဲ့ လင်းယုရှန်းတို့ ကွာရှင်းတော့မှာကို ချူးယန်ရှီ သိထားသော်လည်း တကယ်တမ်း ကွာရှင်းလိုက်သောအခါ စိတ်ပျော့အားလျော့သော ခံစားချက်မျိုး ခံစားလိုက်ရပါသည်။
အရင်ဘဝတုန်းက သူမ အထင်အမြင်သေးခံရ၊ လှောင်ပြောင်ခံခဲ့သည့် မှတ်ဉာဏ်များ ပြန်လည် ဝင်ရောက်လာခဲ့သည်။ တစ်စုံတစ်ယောက်က သူမ လည်ပင်းကို ဆွဲညှစ်ထားသလိုမျိုး အသက်ရှူရ ခက်လာခဲ့သည်။
အရင်ဘဝတုန်းကလည်း လင်းယုရှန်းနဲ့ သူမ အဖေ ကွာရှင်းလိုက်သည့်အချိန်မှစကာ သူမ ဘဝ စတင် ပျက်စီးခဲ့ရခြင်း ဖြစ်သည်။
ထိုမိန်းမ ချူးမိသားစုမှ ထွက်သွားသည့် အချိန်ကစလို့ သူမ ဘဝ ငရဲတွင်းထဲ စတင်ကျရောက်ခဲ့သည်။
ချူးယန်ရှီ ကောဇောပေါ်သို့ လဲကျသွားပြီး သူမရဲ့ အသက် ၄ နှစ်အရွယ် ခန္ဓာကိုယ်လေးက ဘောလုံးတစ်လုံးလို ကွေးသွားသည်။
အရင်ဘဝက မှတ်ဉာဏ်တွေကို ပိတ်ကားပေါ်မှာ မြင်ရသလို ထင်ထင်ရှားရှား ပြန်မြင်လာရသည်။
ဒီဘဝမှာ ပြောင်းလဲဖို့ အများကြီးကြိုးစားခဲ့တာ! ဒီလောက်ထိ လုပ်ခဲ့တာကို…
ဘာလို့ အရင်ဘဝထက် ပိုဆိုးတဲ့ ရလဒ်ကိုပဲ ရခဲ့တာလဲ!
… … …
အခန်း(၆၂၇) တူလိမ္မာလေးရဲ့ တာဝန်
ယခင်ဘဝတုန်းကထက် စောပြီး လင်းယုရှန်းက သူမ အဖေကို ထားခဲ့သည်။ ချူးအုပ်စု ကပ်ဆိုက်တာလည်း ယခင် ဘဝကထက် ပိုစောနေသည်။
ထို့အပြင် လုကျန်းယွီနဲ့လည်း သူမ အဆင်ပြေအောင် မနေနိုင်ခဲ့ပါ။ အရင်ဘဝကလိုပဲ သူ့ကို ဒေါသထွက်ပြီး စိတ်ရှုပ်အောင်သာ လုပ်ခဲ့မိသည်။
ဆိုဖာပေါ်မှာ မူးရူးနေသည့် သူမ အဖေကို ကြည့်ပြီး ချူးယန်ရှီ ဒေါသလည်းထွက် မုန်းလည်း မုန်းတီးမိသည်။
သူမမှာ ရွေးချယ်ခွင့် မရှိပါ။ ပြန်လည်မွေးဖွားလာရင်တောင် သူမ အဖေက အသုံးမကျသည့် လူတစ်ယောက် ဖြစ်နေတာကို ပြောင်းလဲလို့ ရမှာ မဟုတ်ပါ။
၁၀ မိနစ်လောက် ငြိမ်သက်သွားပြီးနောက် ချူးယန်ရှီ မတ်တပ် ပြန်ရပ်လိုက်သည်။
သူမ မရှုံးနိမ့်သေးပါ။ တချို့ကိစ္စတွေက ယခင်ဘဝကထက် ပိုမို ဆိုးရွားသွားသော်လည်း ကောင်းသည့် ကိစ္စတချို့လည်း ရှိပါသေးသည်။
ဥပမာအားဖြင့် ထိုဆန်းကြယ်သည့် ပုဂ္ဂိုလ်က သူမအဖေကို ကုမ္ပဏီအသစ်နဲ့ အရင်းအနှီးအသစ်တွေ ပေးထားသည်။ ထို့အပြင် မူကြိုကျောင်းမှာလည်း သူမကို အကြံဉာဏ်ပေးနိုင်မည့် ဆရာအသစ်တစ်ယောက် ရောက်လာသည်။
ဒါတွေအားလုံးက သူမအတွက် အခွင့်အလမ်းကောင်းတွေပဲ မဟုတ်လား။ ထိုအခွင့်အလမ်းတွေကို အမိအရ ဆုပ်ကိုင်နိုင်ပါက သူမ ကစားပွဲကို ပြောင်းလဲဖို့ အခွင့်အရေးတွေ အများကြီး ရှိပါသေးသည်။
ချူးယန်ရှီ အားပြန်မွေးကာ ချူးဟမ့်ကို ထပ်မေးလိုက်သည်။ “လင်းယုရှန်းက အဖေ့ထက်သာတဲ့လူတစ်ယောက်ကို ရွေးသွားတယ်ဟုတ်လား။ ဘယ်သူ့ကို ပြောတာလဲ”
“အဲ့ဒီ စီအီးအိုဟွော်ဆိုတဲ့ကောင်။ လခွီးပဲ! အဲ့ဒီ ဟွော်ချန်းယီဆိုတဲ့ကောင်! အဲ့ဒီကောင်က အဘိုးကြီးလုထက် ပိုပြီး အသိဉာဏ်ရှိမယ်ထင်ထားတာ။ ဒါပေမယ့် ဒီကောင်လည်း မျက်ကန်းပဲ။ ငါ့ကုမ္ပဏီကိုများ အထင်သေးရဲတယ်! ပြီးတော့ ငါ့ကိုလည်း ခြိမ်းခြောက်သေးတယ်! လခွီးပဲကွာ!” ချူးဟမ့် ကျိန်ဆဲနေလေသည်။
ဟွော်ချန်းယီနဲ့ ပြဿနာ ဖြစ်ခဲ့တာလား!
“အဖေ… အဲ့ဒီလူက အရှိန်အဝါကြီးမယ့်ပုံပဲ။ သူ့ကို ပြဿနာ မရှာကြရအောင်နော်”
သူ့အဖေ ငတုံးတစ်ယောက်လို ဟွော်ချန်းယီနဲ့ ထိပ်တိုက် ရင်ဆိုင်ချင်နေတာလား! အသေဆိုးနဲ့ သေသွားချင်လို့လား!
“စိတ်မပူ… စိတ်မပူပါနဲ့။ သမီးအဖေက အဲ့လောက် မတုံးသေးပါဘူး…”။ ချူးဟမ့် ဘာမှ မစဉ်းစားနိုင်တော့လောက်အောင် မူးနေသော်လည်း ဟွော်ချန်းယီက သွားရှုပ်သင့်သည့် လူမဟုတ်မှန်းတော့ သိပါသေးသည်။
ချူးဟမ့်၏ အဖြေကို ကြားမှ ချူးယန်ရှီ ရင်ထဲက အလုံးကြီး ကျသွားတော့သည်။
--- --- ---
သောကြာနေ ညနေခင်း မူကြိုဆင်းသောအခါ ကျောင်းဝင်ပေါက်မှာ ချင်းယုဟန်စောင့်နေတာကို စူစူလေး မြင်လိုက်ရလေသည်။
ဟဲပေမူက ကာကွယ်ပေးထားသည့်အပြင် ချင်းမိသားစုဝင်တွေကလည်း စူစူလေးကို အလှည့်ကျ ကျောင်းပို့ကျောင်းကြို လုပ်ပေးသည်။
“တူလိမ္မာလေးပါလား။ ဒီနေ့ ဒေါ်လေးကို ကျောင်းလာကြိုဖို့ အလှည့်ကျတာလား”။ စူစူလေးက မေးသည်။
“ဟုတ်တယ် ဟုတ်တယ်။ ဒီနေ့ ငါ့အလှည့်လေ။ ပြီးတော့ အိမ်စာတွေ ကူလုပ်ပေးဖို့လည်း ငါတာဝန်ကျတယ်”။ ချင်းယုဟန်က ဂုဏ်ယူဝံ့ကြွားစွာ ပြုံးလိုက်သည်။
ညီအစ်ကိုတွေနဲ့ သတ်ပုတ်ပြီး ကြိုးစားပမ်းစား ရယူထားရသည့် အခွင့်အရေးဖြစ်သည်။
သူသေချာ ကြိုးစားမှဖြစ်မည်။ စူစူလေး သဘောကျအောင် နေပြမှ တခြားညီအစ်ကိုတွေကြားထဲမှာ ထင်ရှားနေမှာ ဖြစ်ပါသည်။
သူ့ဒေါ်လေးရဲ့ ရင်ထဲက သူ့အဆင့်ကို Level တစ်ခုလောက် မြှင့်တင်ဖို့ ရည်ရွယ်ထားသည်။ ချင်းယုကျီးထက် တစ်ဆင့်သာလျှင် ပိုကောင်းပါသည်။
လောလောဆယ် သူ့ဒေါ်လေးရဲ့ ရင်ထဲမှာ သူ့အဆင့်က ထင်သလောက် မမြင့်ဘူးဟု ချင်းယုဟန် ခံစားနေရသည်။ တခြား တူတွေနဲ့ ယှဉ်လိုက်လျှင် သူ့ဒေါ်လေးနားမှာနေရသည့် အချိန်က သူအနည်းဆုံး ဖြစ်နေသည်။
ဒေါ်လေးစူစူကို အချိန်ပိုပေးပြီး သူ့အစွမ်းအစတွေကို ထုတ်ပြလိုက်ပါက ထိုဆန်ကုန်မြေလေးများထက် ပိုသာသွားမှာ သေချာပါသည်။
“ဒေါ်လေးစူစူ ဒီနေ့ မူကြိုက ဘာရုပ်လေးတွေ လုပ်ဖို့ အိမ်စာပေးလိုက်သေးလဲ”။ ချင်းယုဟန် မေးလိုက်သည်။
အိမ်စာကို ကြိုသိထားပါက ညစာစားနေချိန်အတွင်း သေချာ လေ့လာနိုင်မည်ဖြစ်သည်။
“ဒီနေ့ ဘာရုပ်မှ မလုပ်ရဘူး။ ဒါပေမယ့် အကောင်သေးသေးလေးတစ်ကောင် မွေးရမယ်”။ စူစူလေးက ဖြေသည်။
“အကောင်လေးတွေ မွေးရမှာ ဟုတ်လား။ ငါက တော်ပြီးသား။ ဘာကောင်လေးတွေ မွေးချင်လဲ”။ ချင်းယုဟန် ယုံကြည်ချက် အပြည့်ဖြင့် မေးလိုက်သည်။
ငယ်ငယ်တုန်းက လိပ်များ၊ ကြက်ပေါက်များ၊ ဘဲပေါက်များ၊ ယုန်ပေါက်များ မွေးဖူးပြီး အကုန် သေသွားသော်လည်း သူ့ကိုယ်သူ တိရိစ္ဆာန် မွေးတာ တော်သည်ဟု ယုံကြည်မှုကတော့ ပျောက်ကွယ်မသွားပေ။
“တူလိမ္မာလေးက ပိုးချည်ကောင် မွေးတတ်လား”။ စူစူလေးက မေးသည်။
“ပိုး… ပိုးချည်ကောင် ဟုတ်လား။ အဲ့တာကြီးတွေ ဘာလို့ မွေးမှာလည်း”။ ချင်းယုဟန် ဇဝေဇဝါလည်းဖြစ် ကြောက်လည်း ကြောက်လန့်သွားပါသည်။
ဘာလို့ ပိုးချည်ကောင် မွေးမှာလဲ။ လှုပ်စိလှုပ်စိအကောင်တွေဆို သူ အရမ်းကြောက်တာ!
… … …
အခန်း(၆၂၈) အစ်ကိုလတ်က ကြောက်နေတာလား
ပျော့ပျော့အိအိ လှုပ်စိလှုပ်စိနဲ့…
စဉ်းစားကြည့်ရုံနဲ့ ချင်းယုဟန် ကျောပြင်တလျှောက် ကြက်သီးမွေးညှင်းများ ထသွားလေသည်။
သူ… သူ ငြင်းလိုက်လို့ မရဘူးလား။
“ဆရာမပေးထားတဲ့ အိမ်စာက ပိုးချည်ကောင် မွေးဖို့လေ”။ စူစူလေး ပြန်ပြောလိုက်သည်။
စူစူလေးက ချင်းယုဟန်ကို ကြည့်ကာ မေးလိုက်သည်။ “တူလိမ္မာလေးက ပိုးချည်ကောင် ကြောက်လို့လား”
“မ… မကြောက်ပါဘူး! ဒီလောက် ချစ်ဖို့ကောင်းတဲ့ ပိုးချည်ကောင်လေးတွေကို ဘာလို့ ကြောက်ရမှာလဲ!”။ ချင်းယုဟန် သတ္တိရှိချင်ယောင်ဆောင်ပြီး ပြန်ဖြေလိုက်ပါသည်။
အခုချိန်ကြောက်ပြလို့ မဖြစ်ဘူး! သူက ငကြောက်ဆိုတာ သူ့ဒေါ်လေး သိသွားလို့ မဖြစ်ဘူး!
“ဪ မကြောက်လို့ တော်သေးတာပေါ့”။ သူမရဲ့ တူလိမ္မာလေး ကြောက်ရင်လည်း ကိစ္စမရှိပါ။ လူအများစုက ပိုးကောင်တွေကို ကြောက်တတ်သည်။ ဒါ သာမန်ပဲဟု ဆရာမက ပြောထား၏။
သို့သော်လည်း စူစူလေးကတော့ မကြောက်ပေ။ သူမလို နတ်သားရဲတစ်ကောင်က ပိုးကောင်လေးတွေကို ကြောက်ပါ့မလား။
“ပိုးချည်ကောင်ဆိုရင် ပိုးစာရွက်နဲ့ မွေးရတာမလား”။ ချင်းယုဟန် တွေးလိုက်သည်။ ပိုးစာရွက် နည်းနည်းလောက် ရှာပြီး ပိုးချည်ကောင်တွေ မွေးသည့်နေရာထဲ ပစ်ထည့်ပေးလိုက်လျှင် တာဝန်ကျေပြီ မဟုတ်လား။ ပိုးချည်ကောင်တွေကို ထိစရာ မလိုပါက ကြောက်စရာလည်း ကောင်းမှာ မဟုတ်ပါ။
“အွန်း ဟုတ်တယ်”။ စူစူလေး ခေါင်းငြိမ့်လိုက်သည်။
“အဲ့တာဆို ဒေါ်လေးစူစူရဲ့ ပိုးချည်ကောင်လေးတွေ စားဖို့ ပိုးစာရွက်လေးတွေ သွားရှာပေးမယ်နော်”။
“ဟင့်အင်း ပိုးချည်ကောင်တွေမှာ ပိုးစာရွက်ရှိပြီးသား”
“အဲ့တာဆို ဘာလုပ်ပေးရမလဲ”
“သူတို့ကို ပြန်သယ်ပေး”
“ပြန်သယ်ပေးရမယ် ဟုတ်လား”
“အွန်း သူတို့ကို ပိုးစာပင်ပေါ်မှာ မွေးထားတာလေ။ သူတို့ အရွယ်ရောက်လာရင် ပြန်လာခေါ်မယ်လို့ မှာထားတယ်”။ စူစူလေးက ရှင်းပြလိုက်သည်။
ပိုးစာပင်ပေါ်မှာ မွေးထားတာ ဟုတ်လား…။
အဲ့တာ ဘယ်လို နည်းလမ်းကြီးလဲ။
ပိုးချည်ကောင်တွေကို အဲ့လို မွေးလို့ရလို့လား။
သူတီဗွီထဲမှာ မြင်ဖူးတာတော့ ပိုးချည်ကောင်တွေကို အမိုးအကာအောက်မှာ ထားပြီး လူတွေက ပိုးစာရွက်တွေ ကျွေးရတာ မဟုတ်ဘူးလား။
သူ့ဒေါ်လေးရဲ့ ပိုးချည်ကောင်မွေးနည်းကတော့ တကယ် ဆန်းကြယ်ပါပေတယ်။
မဟုတ်ဘူး နေပါဦး… သူက ပြန်သွားသယ်ပေးရမယ်တဲ့လား။
ဘယ်… ဘယ်လို သွားသယ်ရမှာလဲ။
ချင်းယုဟန် ရုတ်တရက် တုန်ယင်သွားသည်။ သို့သော်လည်း ကတိပေးထားပြီးသား ဖြစ်သဖြင့် စကားကို ပြန်ရုတ်သိမ်းလို့ မရတော့မှန်း နားလည်ပါသည်။ ပိုးကောင်တွေကို လက်ဖြင့် တကယ် မကိုင်ရဖို့သာ စိတ်ထဲမှ ဆုတောင်းနေမိတော့သည်။
--- --- ---
သို့သော်လည်း ကောင်းကင်ဘုံက ချင်းယုဟန်၏ ဆုတောင်းစကားကို မဖြည့်ဆည်းပေးခဲ့ပါ။
ညစာစားပြီးနောက် စူစူလေးက ချင်းယုဟန်ကို ပလတ်စတစ်ဘူးလေးတစ်ဘူး ပေးလိုက်သည်။ ထို့နောက် နောက်ဖေးခြံကို သွားပြီး သူမရဲ့ ပိုးချည်ကောင်လေးတွေကို အိမ်ပြန်ခေါ်လာခဲ့ဖို့ တာဝန်ပေးလိုက်လေသည်။
ချင်းယုဟန် လက်ထဲက ဘူးကို ကြည့်ရင်း အချိန်အတော်ကြာအောင် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ပြီးမှ သတ္တိမွေးပြီး နောက်ဖေးခြံသို့ ထွက်လာခဲ့ပါသည်။
နောက်ဖေးခြံ နံရံတွေနားမှာ ပိုးစာပင် အနည်းငယ်ရှိနေသည်။ စူစူလေး သူမရဲ့ ပိုးချည်ကောင်တွေ မွေးထားသည်ဟူသည့် နေရာလည်းဖြစ်သည်။
ဘုရားဘုရား… ဒီကောင်တွေကို ဒီလိုမွေးလို့ အသက်တောင် ရှင်ပါ့မလား။
ပိုးစာပင်နားကို ချင်းယုဟန် ဖြည်းဖြည်းချင်း ချဉ်းကပ်လာခဲ့သည်။ အနားရောက်သောအခါ ပိုးစာရွက်တချို့ အစားခံထားရတာကို မြင်လိုက်ရပါသည်။
အနီးကပ် သေချာ ကြည့်လိုက်သောအခါ သစ်ရွက်တွေပေါ်မှာ တွားသွားနေသည့် ဖြူဖြူဖွေးဖွေး ဝဝဖြိုးဖြိုး ပိုးချည်ကောင်များကို မြင်လိုက်ရလေသည်။
ထိုအချိန်တွင် ချင်းယုဟန် တစ်ကိုယ်လုံး ကြက်သီးမွေးညှင်းများ ထသွားလေတော့သည်။ သူက အိမ်တွင်းအောင်း မဟုတ်လား။ ဒါမျိုး တစ်ခါမှ မကြုံဖူးပါ။
ကယ်ကြပါဦး!
ချင်းယုဟန် ထွက်ပြေးဖို့ ကြံလိုက်စဉ် ခပ်လှမ်းလှမ်းမှ ရပ်ကြည့်နေသည့် ချင်းယုကျီးကို မြင်လိုက်ရလေသည်။ ချင်းယုကျီးက သူ့ကို လှောင်ပြောင် သရော်လိုက်၏။ “အစ်ကိုလတ်က ကြောက်နေတာလား။ မလုပ်နိုင်ဘူးလား။ ရပါတယ်လေ။ ညီလေးကိုသာ အကူအညီတောင်းလိုက်။ ညီလေးက လုပ်ပေးမှာပေါ့! ဒါပေမယ့် နောက်ဆို ဒေါ်လေးစူစူကို အိမ်စာကူလုပ်ပေးဖို့ တခြားညီအစ်ကိုတွေနဲ့ လိုက်မပြိုင်ရတော့ဘူးနော်”
“ဘယ်သူက ကြောက်လို့လဲကွ။ ငါမလုပ်နိုင်ဘူးလို့ မင်းကို ဘယ်သူပြောလဲ”
ညီဖြစ်သူ၏ လှောင်ပြောင်စကားကို ကြားပြီး ချင်းယုဟန် ဆုတ်ခွာမည့် ခြေလှမ်းတွေ ချက်ချင်း ရပ်တန့်လိုက်ပါသည်။
လာနောက်နေတာလား…။ သူ့ညီရှေ့မှာ အရှက်ကွဲပြီး အလှောင်ခံရတာ ကိစ္စမရှိဘူး။ သူ့ဒေါ်လေးကို အိမ်စာကူလုပ်ပေးနိုင်မယ့် အခွင့်အရေး ဆုံးရှုံးတာကမှ တကယ့် ပြဿနာ! ဒီအကြောင်းသာ သူ့ဒေါ်လေး ကြားသွားရင် သူ့ကို အထင်သေးသွားတော့မှာပဲ။
အဲ့လို လုံးဝ ဖြစ်လို့ မရဘူး!
… … …
အခန်း(၆၂၉) ဒါမှ ငါ့ညီ
သူ့ဒေါ်လေးရဲ့ ရင်ထဲမှာ လက်ရှိ သူ့အဆင့်က Top 3 ထဲမှာ ရှိနေသည်။ ဒီ့ထက် ပိုကျသွားလို့ မဖြစ်ပါ။
အထူးသဖြင့် ဒီ ဆန်ကုန်မြေလေး ယုကျီးထက် အဆင့်ကျသွားလို့ လုံးဝ မဖြစ်ပါ။
ချင်းယုဟန် သတ္တိမွေးကာ ပိုးစာပင်ဆီ ပြန်လျှောက်သွားလိုက်ပြီး ပိုးချည်ကောင်တွေကို ဘူးထဲ ဘယ်လို ဖမ်းထည့်ရမလဲ စတင် စဉ်းစားလေသည်။
သူ့လက်ကို သုံးဖို့လည်း စိတ်ခိုင်မှာ မဟုတ်ပါ။ ဇာဂနာ သုံးပြန်ရင်လည်း ပိုးချည်ကောင်တွေ သေသွားမှာ စိုးရိမ်ရသည်။
ချင်းယုဟန် တွန့်ဆုတ်နေစဉ် ချင်းယုကျီး အနားရောက်လာပြီး လူယုတ်မာ အပြုံးဖြင့် ပြောလိုက်သည်။ “အစ်ကိုလတ် စိတ်လျှော့လိုက်ပါတော့ကွာ။ မင်းငယ်ငယ်လေးကတည်းက ပိုးကောင်တွေကို ကြောက်တတ်တာ မဟုတ်ဘူးလား။ လှုပ်စိလှုပ်စိ အကောင်တွေဆို ပိုကြောက်တတ်တယ်လေ”
ချင်းယုကျီးက သူ့အစ်ကိုလတ်ရဲ့ စိတ်ကို ဖောက်ထွင်းမြင်နိုင်ပါသည်။
သူ့အစ်ကိုလတ်ကို ပိုးကောင်ဖမ်းခိုင်းတာထက် လမ်းပေါ်မှာ ကိုယ်လုံးတီး ပြေးခိုင်းတာကမှ ပိုလွယ်ပါဦးမည်။
“ဘယ်သူပြောလဲကွ။ ငါမကြောက်ဘူး!”
ချင်းယုကျီး၏ ရယ်သံကို ကြားလေလေ ချင်းယုဟန် အထင်သေးမခံချင်လေလေ ဖြစ်သည်။
“ဟုတ်ပါပြီ။ ဒါဆိုလည်း ငါဒီတိုင်း ကြည့်နေတော့မယ်။ ဆက်ဖမ်းပါ”။ ချင်းယုကျီးက မျက်လုံးမှေးလျက် ပြောလိုက်သည်။
ချင်းယုကျီး၏ စောင့်ကြည့်မှုအောက်တွင် ချင်းယုဟန် အားမွေးပြီး အနီးဆုံးမှာ ရှိနေသည့် ပိုးချည်ကောင်ထံ လက်လှမ်းလိုက်သည်။
သူ့လက်ချောင်းနှစ်ချောင်းနဲ့ ပိုးချည်ကောင်၏ ပျော့ပျော့အိအိ ခန္ဓာကိုယ်ကို ထိလိုက်တာနဲ့ တစ်ပြိုင်နက် ချင်းယုဟန် ဓာတ်လိုက်သလို ခံစားလိုက်ရပြီး သတိလစ်ချင်သွားလေသည်။
ငိုမဲ့မဲ့ဖြစ်နေသည့် အစ်ကိုလတ်ကို ကြည့်ရင်း ချင်းယုကျီး ဗိုက်ကိုကိုင်ကာ အားရပါးရ ရယ်မောလိုက်ပါသည်။
“ဟားဟားဟားဟား ဟားဟားဟားဟား။ အစ်ကိုလတ် တကယ်ကြီး ပိုးကောင်ဖမ်းနေတာဟေ့။ ဟားဟားဟား… မဖြစ်ဘူး ဒါကို ဗီဒီယိုရိုက်ပြီး အားလုံးမြင်အောင် Group Chat ထဲ ပို့ပေးရမယ် ဟားဟားဟား…”
ပြောပြောဆိုဆိုနဲ့ ချင်းယုကျီး ဖုန်းထုတ်ကာ သမိုင်းဝင် အခိုက်အတန့်ကို မှတ်တမ်း တင်လိုက်လေသည်။
မှတ်တမ်းတင်ပြီးနောက် ချင်းယုဟန်ကို ချင်းယုကျီး သတိပေးလိုက်ပါသည်။ “အစ်ကိုလတ် ငါတို့ ဒေါ်လေးက ပိုးချည်ကောင် ၄၄ ကောင် မွေးထားတာနော်။ သေချာ ရေထား။ တစ်ကောင်မှ မကျန်ခဲ့စေနဲ့”
၄၄ ကောင်တဲ့…
အဲ့ဒီ ကြောက်စရာအထိအတွေ့ကို ၄၄ ခါတောင် ခံစားရမှာပေါ့…
ထိုအချိန်တွင် ချင်းယုဟန်တစ်ယောက် စိတ်ပျက်အားလျော့မှုများ ဖုံးလွှမ်းသွားရသည်။ သို့သော် စိတ်အမြန် ပြန်ထိန်းပြီး အူမြူးနေသည့် ချင်းယုကျီးအား စိုက်ကြည့်လိုက်ပါသည်။
“အစက မင်းကို ဂိမ်းခွေအသစ် နည်းနည်းဝယ်ပေးဖို့ စဉ်းစားထားတာ။ ဒီနှစ်မှ အသစ်စက်စက်ထွက်ထားတဲ့ ဂိမ်းတွေ။ တရားဝင် ထွက်မလာခင် ကြိုကစားလို့ ရမယ့် ဗားရှင်းတွေ။ အခုတော့ မေ့လိုက်ပါတော့မယ်။ ငါတို့ ညီအစ်ကို သံယောဇဉ်က သိပ်ပြီး မနက်ရှိုင်းသေးဘူးထင်တယ်”
“အစ်ကိုလတ် အဲ့လို မလုပ်စမ်းပါနဲ့! ငါတို့ ညီအစ်ကိုသံယောဇဉ်က ဘာလို့ မနက်ရှိုင်းရမှာလဲ။ ငါတို့ သံယောဇဉ်က မာရီယာနာ ချောက်နက်ကြီးထက်တောင် ပိုနက်ရှိုင်းသေးတယ်!”။ ချင်းယုကျီး ချက်ချင်း စိတ်ချောက်ချားသွား၏။
အခု သူအားလပ်နေချိန်ဖြစ်သဖြင့် ဂိမ်းကစားဖို့ အကောင်းဆုံးအချိန်ဖြစ်သည်။
ဂိမ်းအသစ်တွေသာ ရလာလျှင် အချိန်ရတုန်း ကျိန်းသေပေါက် ကစားပါမည်။ တက္ကသိုလ် စတက်ရပြီ ဆိုတာနဲ့ ကစားဖို့ အချိန်ရှိမှာ မဟုတ်တော့ပါ။
“ဟင်း” ချင်းယုဟန် မျက်စောင်းထိုးလိုက်သည်။
အခြေအနေ မဟန်တော့တာကို အာရုံခံမိပြီး ဂိမ်းခွေအသစ်တွေကို ဆုံးရှုံးတော့မည်ဟု ချင်းယုကျီး ခံစားလာရသည်။
ထို့ကြောင့် ချက်ချင်းဆိုသလို မျက်နှာလို မျက်နှာရပြုံးကာ တောင်းပန်လိုက်ပါသည်။ “အစ်ကိုလတ်ကလည်း ငါမှားမှန်း သိပါပြီ။ မင်းကို မလှောင်တော့ပါဘူး။ ပိုးကောင်ကြောက်တာ ရှက်စရာမှ မဟုတ်တာ။ ပိုးကောင်ကြောက်တတ်တဲ့ လူတွေ အများကြီး ရှိတာပဲ ဥစ္စာ~~”
ချင်းယုဟန်က မသိချင်ယောင် ဆောင်နေဆဲဖြစ်ကာ မျက်နှာတည်တည်တံ့တံ့နဲ့ ဂိမ်းခွေအသစ်တွေကို ပြန်သိမ်းဖို့ ဆုံးဖြတ်ထားဆဲဖြစ်သည်။
ချင်းယုကျီး စိတ်ထဲ အကြံတစ်ခုပေါ်လာပြီး ချင်းယုဟန်ကို ပိုးချည်ကောင်တွေ ကူဖမ်းပေးဖို့ ဆုံးဖြတ်လိုက်သည်။
“အစ်ကိုလတ် ငါကူညီပေးမယ်။ ၄၄ ကောင်ဆိုတော့ မင်းတစ်ယောက်တည်း ဖမ်းရတာ ပင်ပန်းတာပေါ့။ ငါကူညီပေးရင် ပိုလွယ်တယ်။ ဒေါ်လေးဆီရောက်ရင်လည်း ငါကူညီပေးခဲ့တယ်လို့ မပြောပါဘူး။ မင်းတစ်ယောက်တည်း အစွမ်းအစနဲ့ ဖမ်းခဲ့တာလို့ပဲ ပြောလိုက်!”
… … …
အခန်း(၆၃၀) စူစူလေးကို ရန်စဖို့ ထပ်ကြိုးစားခြင်း
ပြောပြောဆိုဆိုနဲ့ ချင်းယုကျီး စတင် ကူညီလေသည်။ အလွန် လိမ္မာလွန်းသဖြင့် အပြစ်တောင် ရှာမရ ဖြစ်နေပါသည်။
ချင်းယုကျီး၏ အကူအညီဖြင့် ပိုးချည်ကောင်တွေကို ခပ်မြန်မြန် ဖမ်းနိုင်ခဲ့သည်။ ၁၀ မိနစ်ခန့်ကြာသောအခါ စူစူလေး ပေးထားသည့် တာဝန်ကို ချင်းယုဟန် အောင်မြင်သွားခဲ့ပြီး ပိုးချည်ကောင်အပြည့်ထည့်ထားသည့် ဘူးလေးကို ကိုင်ကာ စူစူလေး၏ စာကြည့်ခန်းထဲ ဝင်လာခဲ့ပါသည်။
“တူလိမ္မာလေး ပြန်လာပြီလား! ပိုးချည်ကောင်တွေ အကုန်လုံး ဖမ်းနိုင်ခဲ့တယ်ပေါ့ တော်လိုက်တာ!”။ စူစူလေးက ချင်းယုဟန်၏ အစွမ်းအစကို အလွန်ကျေနပ်ပါသည်။
“အင်း မစ်ရှင် အောင်မြင်သွားပြီ”။ ၄၄ ကောင်မှာ ၃၁ ကောင်ကို သူ့ညီ ဖမ်းပေးခဲ့ခြင်းဖြစ်သော်လည်း ကိစ္စမရှိပါ။
“တူလိမ္မာလေးက အတော်ဆုံးပြ!”။ စူစူလေးက ချင်းယုဟန်၏ လည်ပင်းကို ဖက်ကာ ပါးကို နမ်းလိုက်ပါသည်။
မိသားစုဝင်မဟုတ်သည့် သူစိမ်းတွေကို မနမ်းရဘူးဟု ဖေဖေက မှာထားသည်။ သို့သော် တူတွေကိုတော့ နမ်းလို့ ရပါသည်။
အနမ်းခံလိုက်ရသဖြင့် ချင်းယုဟန် အရူးတစ်ယောက်လို ပြုံးရွှင်သွားသည်။ သူစတေးခဲ့ရတာတွေ အလကား မဖြစ်တော့ဘူးဟု ခံစားလိုက်ရ၏။
သို့သော် ချင်းယုကျီးကတော့ မနာလို ဖြစ်နေပါသည်။
လခွီးပဲ! ဂိမ်းခွေသစ်တွေကြောင့် စိတ်မပြောင်းခဲ့သင့်ဘူး!
အရင် အစီအစဉ်အတိုင်း သူ့အစ်ကိုလတ် ထွက်ပြေးသွားအောင်လုပ်ပြီး ပိုးကောင်တွေကို သူပဲ ဖမ်းပေးခဲ့ရမှာ!
ဒီလိုသာဆို သူ့ဒေါ်လေး နမ်းတာကို ခံရမယ့်သူက သူပဲ ဖြစ်ရမှာ!
--- --- ---
မနေ့က ချင်းစူစူကို ရန်စဖို့ မအောင်မြင်သော်လည်း ချူးယန်ရှီ လက်မလျှော့သေးပါ။
အထူးသဖြင့် ချူးဟမ့်နဲ့ လင်းယုရှန်းတို့၏ ကွာရှင်းမှုက ချူးယန်ရှီကို အတိုင်းအတာတစ်ခုအထိ တွန်းအားပေးလိုက်သည်။
ဒီနေ့ နောက်တစ်ကြိမ်လောက် ထပ်ကြိုးစားကြည့်ဖို့ ဆုံးဖြတ်လိုက်ပါသည်။ ချင်းစူစူ၏ မဟာခွန်အားကို ကျိန်းသေပေါက် ဗီဒီယို ရိုက်ထားရမည်။
မနေ့က ကျရှုံးမှုက နည်းလမ်း မမှန်တာကြောင့်သာ ဖြစ်မည်ဟု ချူးယန်ရှီ ယုံကြည်သည်။ သွယ်ဝိုက်ပြီး ချဉ်းကပ်သည့် နည်းလမ်းက ချင်းစူစူအပေါ်မှာ အလုပ်မဖြစ်လောက်ပါ။
ချင်းစူစူ၏ စိတ်ကြီးဝင်မှုကို ကြည့်ခြင်းအားဖြင့် တိုက်ရိုက်ရန်စခြင်းက ပိုပြီး သက်ရောက်မှုရှိပါလိမ့်မည်။
တစ်မနက်လုံး ချူးယန်ရှီ စောင့်နေခဲ့ပြီး နောက်ဆုံးတော့ ကျောင်းပြင်ပမှာ ကစားဖို့ အချိန်ကို ရောက်လာခဲ့ပြီ ဖြြစ်သည်။
ချင်းလောင်ယွင်၊ ကျိုးဟောက်တို့နဲ့အတူ ရှိနေသည့် စူစူလေးထံသို့ ချူးယန်ရှီ ထပ်မံ ချဉ်းကပ်လာခဲ့ပြန်သည်။
ချူးယန်ရှီ ချဉ်းကပ်လာတာကိုမြင်သောအခါ စူစူလေး၏ အရိပ်နှစ်ခုဖြစ်သော ချင်းလောင်ယွင်နဲ့ ကျိုးဟောက်တို့က ရန်လိုစွာ ကြည့်လိုက်ကြသည်။
ချူးယန်ရှီက သူတို့ကို ကြည့်လိုက်ပြီး သရော်သော လေသံဖြင့် ပြောလိုက်သည်။ “မနေ့က နင်တို့ ကံကောင်းသွားတယ်။ ဆီးပင်ကြီး ရုတ်တရက် လှုပ်သွားပြီး ဆီးသီးတွေ ကြွေကျလာလို့ပေါ့”
“ဘာကို ကံကောင်းတာလဲ။ အဲ့တာ ငါ့ဒေါ်လေးစူစူတော်လို့လေ! သူလက်သီးနဲ့ထိုးပြီး ဆီးသီးတွေ ကြွေကျအောင် လုပ်လိုက်တာ!” ချင်းလောင်ယွင် ချက်ချင်း ချေပလိုက်ပါသည်။
“မယုံပါဘူး။ ချင်းစူစူက ဘယ်လောက် သန်မာနိုင်မှာမို့လို့လဲ။ ဆီးပင်ကြီးက ဒီလောက်ကြီးတာကို။ သူသန်မာတယ် ဆိုရင်တောင် လက်သီးတစ်ချက်တည်းနဲ့ ဆီးသီးတွေ ကြွေကျအောင် လုပ်နိုင်မှာ မဟုတ်ဘူး”
ချူးယန်ရှီက ပေါ်တင်လိမ်ညာလိုက်ပြီး ချင်းစူစူ ဒေါသထွက်မည့် အချိန်ကို စောင့်နေလိုက်သည်။
“နင်ဘာလို့ အဲ့လိုပြောရတာလဲ။ ငါ့ဒေါ်လေးစူစူ လက်သီးနဲ့ထိုးလိုက်တာ သိသာနေတာကို!”
စူစူလေးက ဘာမှ မတုန့်ပြန်သော်လည်း ချင်းလောင်ယွင်က အရင် ဒေါသထွက်နေပါပြီ။ သူမ ဒေါ်လေးစူစူရဲ့ အစွမ်းအစကို သူများတွေ သံသယဝင်တာ မကြောက်ပါ။
ချူးယန်ရှီ မြင်ခဲ့တာ သေချာပါတယ်။ ဒါတောင် သူမရဲ့ ဒေါ်လေးစူစူကြောင့် ဆီးသီးကြွေကျတာ မဟုတ်ဘူးလို့ ပြောရဲသေးတယ်ပေါ့! စိတ်ရှုပ်ဖို့ကောင်းလိုက်တာ!
“လေကြီးလေကျယ်တွေ ပြောချင်သလောက် ပြောကြစမ်းပါ။ ချင်းစူစူ ဘယ်လောက်ပဲ သန်မာပါစေ ဒီလောက်ကြီးတဲ့ သစ်ပင်ကြီးကို လက်သီးတစ်ချက်တည်းနဲ့ လှုပ်ခါသွားအောင် လုပ်နိုင်မှာ မဟုတ်ဘူး”
“ငတုံးမ! ငါ့ဒေါ်လေးစူစူက အရမ်းသန်မာတာ! ဆီးသီးတွေ ကြွေကျအောင် လုပ်နိုင်တာလောက်ကို မပြောနဲ့။ သစ်ပင်ကြီးကိုတောင် အမြစ်ကနေ ဆွဲနှုတ်နိုင်တယ်!”။ ချင်းလောင်ယွင်က ခါးထောက်လျက် ရန်လိုစွာ ပြောလိုက်သည်။
“သစ်ပင်ကြီးကို ဆွဲနှုတ်နိုင်တယ်ဟုတ်လား။ နင်တို့က စကားပြောရင် ဘာမှ မစဉ်းစားဘဲ ပြောကြတာလား။ ငါတော့ မယုံပါဘူး။ ချင်းစူစူကို အခုချက်ချင်း သစ်ပင်ဆွဲနှုတ်ခိုင်းပြမှ ယုံနိုင်မယ်!”။ ချူးယန်ရှီ စိန်ခေါ်လိုက်ပါသည်။
… … …