← Chapters

အခန်း (၆၃၁-၆၃၅)

Vol. 26 Ch. 631-635

အခန်း (၆၃၁-၆၃၅)

Vol. 26 Ch. 631-635

အခန်း(၆၃၁) ရန်စတာ အလုပ်မဖြစ်ဘူး

ချူးယန်ရှီ ရန်စတာကို ခံရသဖြင့် ချင်းလောင်ယွင် မျက်နှာလေး ဒေါသဖြင့် နီရဲနေပါပြီ။ စူစူလေးဘက်သို့ လှည့်ကာ သူမ ပြောလိုက်သည်။ “ဒေါ်လေးစူစူ သူ့ကို စွမ်းအားတွေ ပြလိုက်! အရင်တစ်ခေါက်ကလိုပဲ ပင့်ကူတွေ အများကြီးကို ခေါ်ပြီး သူ့ကို ကြောက်သွားအောင် လုပ်လိုက်!”

“မလုပ်ပါဘူး! သူက ကြည့်ချင်တာနဲ့ပဲ ငါပြလိုက်ရင် ငါအရှိန်အဝါကျမှာပေါ့”။ စူစူလေးက ပြန်ပြောလိုက်ပါသည်။

သူမက အရှိန်အဝါကြီးတဲ့ ပိုင်ကျဲနတ်သားရဲလေ။

သူမလို စွမ်းအားကြီးတဲ့သူတစ်ယောက်က အစွမ်းတွေကို အလွယ်တကူ ထုတ်ပြလို့ရမလား။

ပြီးတော့ တကယ့်ဆရာကြီးတွေက အရေးကြီးတဲ့အချိန်ကျမှ ပါဝါတွေ ထုတ်ပြတာလို့ တူလေးယုကျီးက ပြောဖူးတယ်။

အစွမ်းအစမရှိတဲ့ တပည့်တွေပဲ အလွယ်တကူ ရန်ဖြစ်တတ်တာ!

သူမက စွမ်အားအကြီးဆုံးဖြစ်ချင်တာ! အစွမ်းအစမရှိတဲ့ တပည့်ဖြစ်ချင်တာ မဟုတ်ဘူး!

အဲ့တာကြောင့် သူများခိုင်းတိုင်း မလုပ်နိုင်ဘူး ဟွန်း!

“နင့်မှာ အစွမ်းအစမရှိလို့ အဲ့လိုစကားပြောတာမလား”။ ချူးယန်ရှီက ပြောသည်။

“ငါက အရမ်း စွမ်းအားကြီးတယ်! ဒါပေမယ့် ဘယ်လောက်ပဲ စွမ်းအားကြီးကြီး နင့်ကို ထုတ်မပြဘူး! ငါက အဆင့်အတန်းရှိတဲ့ လူကြီးမို့လို့ ငါ့အစွမ်းတွေကို တွေ့ကရာလူထုတ်မပြရဘူးလို့ ငါ့တူလေးက မှာထားတယ်!”။ စူစူလေးက ယုံကြည်ချက် အပြည့်ဖြင့် ပြောလိုက်သည်။

ချူးယန်ရှီ ကြက်သေသေသွား၏။ သူမ ရန်စတာ အောင်မြင်လိမ့်မည်ဟု ထင်ခဲ့သော်လည်း ချင်းစူစူ၏ တုန့်ပြန်မှုက သူမ မျှော်လင့်ထားတာနဲ့ လုံးဝ ခြားနားနေပါသည်။

စူစူလေးက ချင်းလောင်ယွင်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။ “ယွင်ယွင် သူပြောတာ နားမထောင်နဲ့။ သူ မယုံလည်း မယုံတဲ့အတိုင်း ထားလိုက်။ သူ့ကို ယုံကြည်အောင် လုပ်ပြစရာ မလလိုဘူး! ရိုင်းရိုင်းစိုင်းစိုင်း စကားပြောတဲ့ လူတွေကို ဂရုစိုက်စရာမလိုဘူးလို့ တူလေးက မှာထားတယ်”

သူမ တူလေး ပြောတာ လုံးဝ မှန်သည်ဟု စူစူလေး ယုံကြည်ပါသည်။ ထို့ကြောင့် သူမ တူမလေး ယွင်ယွင်ကိုလည်း ပြန်သင်ပေးရမည်။

“အွန်းအွန်း!”။ ချင်းလောင်ယွင် ခေါင်းငြိမ့်လိုက်သည်။ “ဒေါ်လေးစူစူပြောတာမှန်တယ်! နားလည်သွားပြီ။ သူပြောတာ နားမထောင်တော့ဘူး!”

ဒေါ်လေးစူစူ ဘာပဲပြောပြာမှန်ပါသည်။

ချင်းလောင်ယွင်က ကျိုးဟောက်ကိုလည်း လှည့်ပြောလိုက်သည်။ “ဟောက်ဟောက် ဒေါ်လေးစူစူပြောတာ ကြားလား။ ငါတို့ ချူးယန်ရှီပြောတာကို နားထောင်လို့ မဖြစ်ဘူး!’

“အွန်း ငါကြားတယ်!”။ ကျိုးဟောက်လည်း ခေါင်းငြိမ့်လိုက်ပါသည်။

ထို့နောက် ချင်းလောင်ယွင်နဲ့ ကျိုးဟောက်တို့ စူစူလေးကို အတုယူပြီး ချူးယန်ရှီအား လျစ်လျူရှုလိုက်ကြပါသည်။

ချူးယန်ရှီ ဘာပဲပြောပြော သူတို့ ၂ ယောက် မကြားချင်ယောင်သာ ဆောင်လိုက်ကြသည်။

ချူးယန်ရှီ ဆွံ့အသွား၏။

ဒီသောက်ကလေး ၃ ယောက်က တော်တော် ခေါင်းမာကြပါလား!

အချိန်အတန်ကြာသည်အထိ ချူးယန်ရှီ ထွက်မသွားသေးသောအခါ စူစူလေးကပဲ ချင်းလောင်ယွင်နဲ့ ကျိုးဟောက်တို့ကို ခေါ်ပြီး ထွက်သွားလေတော့သည်။

ချူးယန်ရှီ တစ်ယောက်တည်း အံကြိတ်ရင်း ကျန်ခဲ့သည်။

လွယ်ကူမယ်လို့ ထင်ထားတဲ့အရာကို ချင်းစူစူက ဖျက်ဆီးသွားပြန်ပြီ!

--- --- ---

ညနေစောင်းပြီး ကျောင်းဆင်းချိန် ရောက်သည့်အချိန်အထိ စူစူလေးကို ချူးယန်ရှီ ရန်စဖို့ အခွင့်အရေး မရခဲ့ပါ။ စူစူလေး ခွန်အားကို ထုတ်သုံးအောင် လုပ်ခိုင်းဖို့ဆို ပိုဝေးပါသည်။

ညနေခင်း ကျောင်းဆင်းသောအခါ ပုံမှန်ဆို စူစူလေးနဲ့ ချင်းလောင်ယွင်တို့ ကျောင်းရှေ့မှာ လမ်းခွဲရမှာ ဖြစ်သည်။

သို့သော် ကျန်းဝမ်ဝမ်က ချင်းလောင်ယွင်ကို လာမကြိုခဲ့ပါ။ ဒီနေ့ အရေးကြီးကိစ္စတချို့ရှိသဖြင့် မလာနိုင်ခြင်း ဖြစ်သည်။

ကျန်းဝမ်ဝမ်ကို ချင်းယုဟွိုင်းက အသေးစား မန်နေဂျာရာထူးအထိ ရာထူးတိုးပေးခဲ့သည်။ လစာ ပိုမြင့်လာသော်လည်း တာဝန်တွေ ပိုများလာကာ အလုပ်လည်း ပိုရှုပ်လာခဲ့ပါသည်။

ထို့ကြောင့် စူစူလေးကပဲ ချင်းလောင်ယွင်ကို ချင်းအိမ်တော်သို့ ခေါ်သွားခဲ့ပါသည်။

အဘွားချင်း၏ ခွင့်ပြုချက်ဖြင့် ခဏနေ ချင်းလောင်ယွင်ကို စူစူလေးကိုယ်တိုင် အိမ်ပြန်လိုက်ပို့ပေးမည် ဖြစ်သည်။

အမှန်ပင်။ ကားကို မိသားစု ဒရိုင်ဘာက မောင်းပေးမှာဖြစ်ပြီး ဟဲပေမူကလည်း သက်တော်စောင့်အဖြစ် လိုက်ပါလာမှာ ဖြစ်သည်။ ထို့ကြောင့် စူစူလေးနဲ့ ချင်းလောင်ယွင်တို့ နောက်ခုံမှာသာ ထိုင်ကြပါသည်။

စူစူလေးသာ အနားမှာ ရှိနေပါက ချင်းလောင်ယွင် အလွန်ပျော်ရွှင်ပြီး စကားတွေလည်း မရပ်မနား ပြောနေသည်။

ချင်းလောင်ယွင်ကို အိမ်ပြန်လိုက်ပို့ပေးပြီးနောက် စူစူလေးနဲ့ ဟဲပေမူတို့ ကားဆီ ပြန်လာခဲ့ကြသည်။

ကားထဲဝင်ခါနီးတွင် အော်သံတချို့ ရုတ်တရက် ကြားလိုက်ရ၏။

“ကယ်ကြပါဦး! တစ်ယောက်ယောက် ရေထဲကျသွားလို့! ရေကူးတတ်တဲ့သူရှိရင် ကယ်ကြပါဦး!”

စူစူလေး ရပ်တန့်သွားသည်။ တစ်ယောက်ယောက် အကူအညီ အော်တောင်းနေတာပဲ!

ဟဲပေမူလည်း ကြားပါသည်။ သို့သော် စိတ်ထဲ သံသယတချို့ဝင်လာပြီး မျက်မှောင်ကြုတ်သွားလေသည်။

… … …

အခန်း(၆၃၂) သစ်ပင်ကြီးကို ဆွဲနှုတ်ခြင်း

ဟဲပေမူ အစိုးရိမ်လွန်နေတာ မဟုတ်သော်လည်း မကြာသေးခင်က ဒီလိုပဲ အယောင်ဆောင် ရေနစ်မှုတစ်ခု ကြုံတွေ့ခဲ့ရသဖြင့် သတိထားမိတာဖြစ်သည်။

ခေတ္တတွန့်ဆုတ်သွားပြီးနောက် စူစူလေးက အသံလာရာဘက်ကို ပြေးသွားလေသည်။

အန္တရာယ်ကျရောက်နေတာ သူမ ရန်သူမဟုတ်ပါက စူစူလေး အစွမ်းကုန်သုံးပြီးိ ကယ်တင်ပေးပါမည်။

ဟဲပေမူက စူစူလေးနောက်ကို ပြေးလိုက်ပြီး အမြန်ပွေ့ချီကာ တားလိုက်ပါသည်။

“ဘော်ဒီဂတ်အစ်ကိုကြီး ဘာလုပ်တာလဲ”

“နင်က ရေကူးတတ်လို့လား။ ဟိုရောက်သွားလည်း ဘာမှ အသုံးဝင်မှာ မဟုတ်ဘူး။ ဘာမှ မကူညီနိုင်ဘူး”။ ဟဲပေမူ သတိပေးလိုက်သည်။

“ဪ ဟုတ်သားပဲ!”။ စူစူလေး အခုမှ သတိရသွားသည်။ သူမ ရေမှ မကူးတတ်တာ!

“ဒါဆို သမီးမကယ်တော့ဘူး။ ဘော်ဒီဂတ်အစ်ကိုကြီးပဲ သွားကယ်လိုက်!”။ စူစူလေးက ပြောလိုက်သည်။

“ငါလည်း သွားလို့မရဘူး။ ငါ့တာဝန်က နင့်ကို ဘေးကင်းအောင် ကာကွယ်ဖို့။ နင့်ကို အဝေးကြီးမှာ ထားခဲ့ရမယ့် လုပ်ရပ်မျိုး လုပ်လို့မရဘူး။ တခြားသူတွေ တိုက်ခိုက်ဖို့ အခွင့်အရေး ရသွားနိုင်တယ်”။ ဟဲပေမူ ပြောလိုက်သည်။

မကြာသေးခင်ကမှ ရေနစ်တာကို အသုံးချပြီး အာရုံလွှဲဖို့ ကြိုးစားသည့် ဖြစ်ရပ်တစ်ခု ဖြစ်ထားဖူးသည်။ ထို့ကြောင့် စူစူလေးကို ထားခဲ့ပြီး ရေကန်ထဲ ခုန်ချပြီး စွန့်စားတာမျိုး သူ မလုပ်နိုင်ပါ။

သူရေထဲ ဆင်းလိုက်တာနဲ့တစ်ပြိုင်နက် စူစူလေးဘေးကို အချိန်မှီ ပြန်ရောက်လာပြီး ကာကွယ်ပေးနိုင်မှာ မဟုတ်ပေ။

“ဒါဆို သွားကြည့်ကြရအောင်!။ ကူညီပေးလို့ရတာရှိရင် ကူညီပေးကြမယ်လေ!”။ စူစူလေး သေချာစဉ်းစားပြီး ပြောလိုက်လေသည်။

“ဒီတိုင်းပဲ ကြည့်လို့ရမှာနော်။ ရေထဲဆင်းလို့မရဘူး”။ ဟေပဲမူ ထပ်ပြီး သတိပေးလိုက်ပါသည်။ စူစူလေးကို အရမ်းကြီး ချုပ်ချယ်လို့ မရသော်လည်း သူမ ဘေးကင်းအောင်တော့ အစွမ်းကုန် ကြိုးစားမှ ဖြစ်မည်။

“အွန်းပါ! ရေထဲ မဆင်းဘူး!”။ စူစူလေးက ကတိပေးလိုက်သည်။

စူစူလေးကို ချီရင်း ရေကန်နားသို့ ဟဲပေမူ ရောက်လာခဲ့သည်။

ချင်းလောင်ယွင်တို့ သားအမိနေထိုင်သည့် အိမ်ရာအနီးတွင် ရေကန်တစ်ကန် ရှိပါသည်။

ရေကန်က အနည်းငယ် နက်သည်။ အဘိုးကြီးတစ်ယောက် ရေကန်ထဲမှာ ယက်ကန်ယက်ကန်ဖြစ်နေပြီး အားအင် ကုန်ခမ်းကာ ရေနစ်လုနီးပါးဖြစ်နေပါသည်။

ကမ်းပေါ်မှာ ရပ်နေသည့် လူတွေကလည်း အသက်ကြီးပိုင်းတွေသာဖြစ်ပြီး လူငယ်တစ်ယောက်မှ မရှိကြပေ။

အဘွားကြီးတချို့က အကူအညီအော်တောင်းနေကြသည်။ သူတို့လည်း ရေကူးတတ်ပုံမပေါ်ပါ။

ထိုစဉ် ဟဲပေမူကို မြင်သွားပြီး အဘွားကြီးတွေ ရောက်လာကာ အကူအညီတောင်းလိုက်ကြသည်။

“ကောင်လေး ရေကူးတတ်လား! ရေကူးတတ်ရင် သူ့ကို အမြန်ဆင်းကယ်ပေးပါ! ကလေးကို အဘွားတို့ ကြည့်ထားပေးပါ့မယ်!”။ အဘွားအိုတစ်ဦးက ပြောလိုက်သည်။

“မကူးတတ်ဘူး”။ ဟဲပေမူ အေးတိအေးစက်ပဲ ပြန်ဖြေလိုက်ပါသည်။

သူရေကူးးတတ်သော်လည်း စူစူလေးကို အန္တရာယ်ကျရောက်စေမည့်အစား လိမ်ပဲ လိမ်ညာလိုက်ပါမည်။

“ဟင် နင်လည်း ရေမကူးတတ်ဘူးလား!”

“ဒါဆို ဘယ်လိုလုပ်ကြမလဲ! အိမ်ရာစီမံရေးကလူတွေ ရောက်လာကြပြီလား။ ရဲတွေကော မလာကြသေးဘူးလား။ အချိန်ကုန်တော့မှာပဲ!”

“ဝါးလုံးတန်းရှည်တွေဘာတွေ မရှိဘူးလား။ သူ့ကို ကမ်းပေးပြီး ဆွဲတင်လို့ရအောင်လေ”

“…”

ဟဲပေမူ ငြင်းလိုက်သော်လည်း အဘွားကြီးတွေက သူ့ဘေးမှာ အော်ဟစ် အကူအညီတောင်းနေကြဆဲဖြစ်သည်။

ထိုအချိန်တွင် စူစူလေး တစ်ခုခုကို စဉ်းစားမိသွားသည်။ ဟဲပေမူပေါ်မှ ခုန်ဆင်းကာ ရေကန်ဘေးရှိ မြက်ခင်းပြင်တွေ ရှိရာထံကို ပြေးသွားလိုက်သည်။

ထို့နောက် သစ်ပင်ကြီးတစ်ပင်၏ ပင်စည်ကို ပွေ့ဖက်လိုက်ပါသည်။

ထို့နောက် အားအနည်းငယ် စိုက်ထုတ်လိုက်ပြီး သစ်ပင်ကြီးကို အမြစ်မှ ဆွဲနှုတ်ပစ်လိုက်သည်။

အမြစ်တွေက တွဲလောင်းကြီးပါလာပြီး မြေကြီးပေါ်မှာ တွင်းပေါက်ကြီးတစ်ခုသာ ကျန်ခဲ့လေသည်။

စူစူလေးက သစ်ပင်ကြီးကို သယ်ပြီး ရေကန်ဘေးကို သယ်သွားကာ ရေကန်ထဲ ကမ်းပေးလိုက်လေသည်။

၁၀ မီတာကျော်မြင့်သည့် ထင်းရှူးပင်ကြီးက ကမ်းပေါ်မှ ရေနစ်နေသည့် အဘိုးအိုရှိရာအထိ မှီပါသည်။

သတိလစ်လုနီးပါးဖြစ်နေသည့် အဘိုးအိုလည်း သူ့မျက်လုံးရှေ့မှာ ဧရာမအရာကြီးတစ်ခု ပေါ်လာတာကိုသာ ခံစားမိသည်။

ဂယောင်ချောက်ချားဖြစ်ကာ ထင်းရှူးပင်ကြီး၏ သစ်ကိုင်းတစ်ခုကို အဘိုးကြီး လှမ်းဆွဲလိုက်သည်။

သစ်ကိုင်းက ထူထဲပြီး ခိုင်မာသဖြင့် သူ့လို လူကြီးတစ်ယောက်၏ ခန္ဓာကိုယ်ကို ထိန်းထားပေးနိုင်ပါသည်။

“သေချာကိုင်ထား!”။ ရေကန်ထဲက အဘိုးကြီးကို စူစူလေး အော်ပြောလိုက်လေသည်။

… … …

အခန်း(၆၃၃) အဘိုးကြီးက သာမန်လူမဟုတ်ဘူး

ထို့နောက် စူစူလေးက သစ်ပင်ကြီးကို ကိုင်ရင်း ၉၀ ဒီဂရီလောက် လှည့်လိုက်ရာ အဘိုးကြီးလည်း ရေကန်ထဲမှ ကမ်းပေါ်ရောက်သည့်အထိ သစ်ပင်ကြီးနဲ့အတူ တွဲပါလာလေသည်။

အဖြစ်အပျက်များက မြန်ဆန်လွန်းသဖြင့် အားလုံး ချက်ချင်း မတုန့်ပြန်နိုင်ခဲ့ကြပေ။

အားလုံး အသိစိတ် ပြန်ကပ်ချိန်မှာတော့ ရေကန်ထဲက အဘိုးကြီးကို ကယ်တင်ပြီးသွားပြီ ဖြစ်သည်။

ကမ်းပေါ်က အဘွားကြီးတွေအားလုံး ကြက်သေသေသွားသည်။

သူတို့ မြင်လိုက်ရတာ ဘာလဲ။

ဒီကလေးမလေးက… ၁၀ မီတာကျော်မြင့်တဲ့ ထင်း… ထင်းရှူးပင်ကြီးကို အမြစ်က ဆွဲနှုတ်လိုက်တာလား။

ပြီးတော့ အဲ့ဒီသစ်ပင်ကြီးနဲ့ ရေနစ်နေတဲ့ အဘိုးကြီးကို ကယ်လိုက်တယ်ပေါ့။

သူတို့ အမြင်မှားနေတာလား။ မျက်လုံးတွေက လှည့်စားနေတာလား။

ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ အဲ့လို အရာမျိုးလုပ်နိုင်ဖို့ သာမန်လူတစ်ယောက်ရဲ့ ခွန်အားနဲ့ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

အဘွားအိုတွေ ကြက်သေသေနေကြစဉ် ဟဲပေမူက စူစူလေးကို အမြန်ကောက်ချီပြီး အခြေအနေကို အခွင့်ကောင်းယူကာ ထွက်ပြေးသွားလေတော့သည်။

အဘိုးကြီးလည်း ရေတွေမွန်းပြီး သီးနေဆဲဖြစ်သည်။

Suit များ သားသားနားနား ဝတ်ဆင်ထားသည့် လူငယ်တချို့က ရေနစ်သွားသည့် အဘိုးကြီးဆီ အပြေး ရောက်လာကြပါသည်။

“ဆရာကြီး အဆင်ပြေရဲ့လား”

“ဆရာကြီး! ဆရာဝန်မြန်မြန် ခေါ်ကြပါဦး!”

“ဆရာကြီး ဘာလို့ ရေတွေ စိုနေတာလဲ”

“… …”

“သွားကြစမ်း! မင်းတို့ရောက်လာကြသေးတယ်ပေါ့! ငါ့အသုဘကျမှပဲ တစ်ခါတည်း လာခဲ့ကြပါတော့လား!”။ အဘိုးကြီးက ဒေါသတကြီး အော်ငေါက်လိုက်လေသည်။

လူငယ်တွေအားလုံး ချက်ချင်းတိတ်ဆိတ်သွားကြသည်။

“တော်တော် အသုံးမကျတဲ့ ကောင်တွေ! ခုနက ငါ့ကို ကယ်ပေးတဲ့လူတစ်ယောက်ကြောင့်သာ မဟုတ်ရင် ငါငရဲရောက်နေလောက်ပြီ! ငါသေရင် မင်းတို့ကောင်တွေပါ တစ်ခါတည်း မြေမြှုပ်ခံရမယ်မှတ်!”

လူငယ်တွေ ခေါင်းတောင် မဖော်ရဲကြတော့ပေ။

အဘိုးကြီးပြောတာ မမှားပေ။ သူသာ တစ်ခုခုဖြစ်သွားပါက သူတို့တွေ ပြန်ပေးဆပ်ရလိမ့်မည်…။

“မင်းတို့ ဘာရပ်ကြည့်နေကြတာလဲ။ ခုနက ငါ့ကို ကယ်ခဲ့တဲ့ကလေးမလေးကို မြန်မြန်သွားရှာကြလေကွာ!”။ အဘိုးကြီး ပေါက်ကွဲသွားသည်။

“ကလေးမလေးဟုတ်လား ဘယ်လို ကလေးမလေးလဲ”

“ငါလည်း သေချာမမြင်လိုက်ဘူး! အသက် ၃ နှစ် ၄ နှစ်အရွယ်ပဲ ရှိဦးမယ်။ အရမ်းချစ်ဖို့ကောင်းတယ်။ မူကြိုကျောင်းဝတ်စုံ ဝတ်ထားတဲ့ပုံပဲ!”။ ရေကန်ထဲမှာ အသက်လုနေခဲ့ရသဖြင့် အဘိုးကြီးလည်း ထိုကလေးမလေးကို သေချာ မမြင်လိုက်ရပါ။

သူ့ကို ကမ်းပေါ် ဆွဲတင်ပေးခဲ့သည့် ကလေးမလေး၏ ပုံရိပ်ကို ဝေဝေဝါးဝါးသာ မြင်လိုက်ရသည်။

အသက် ၃ နှစ် ၄ နှစ်အရွယ် ချစ်စရာကောင်းတဲ့ ကလေးမလေးတဲ့…

အဲ့လို ကလေးမလေးက သူတို့ဆရာကြီးကို တကယ် ကယ်ခဲ့တာလား။

အားလုံး ကြောင်စီစီ ဖြစ်သွားကြသည်။

“ဘာရပ်လုပ်နေကြတာလဲလို့။ မြန်မြန်သွားရှာကြလေ! သူ့ကို အစအနတောင် ရှာမရတော့တဲ့အချိန်ကျမှ လှုပ်ရှားကြမှာလား ဆန်ကုန်မြေလေးတွေရဲ့!”။ အဘိုးကြီး ဒေါသပေါက်ကွဲသွားပြန်သည်။

“ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ”

လူငယ်တွေအားလုံး ချက်ချင်း လှုပ်ရှားလိုက်ကြသည်။ တစ်ဝက်က အဘိုးကြီးကို စောင့်ရှောက်ဖို့ နေခဲ့ပြီး ကျန်တစ်ဝက်ကတော့ အဘိုးကြီး ပြောသည့် ကလေးမလေးကို စတင်ရှာဖွေကြပါသည်။

စူစူလေးကို ဟဲပေမူ ကားပေါ်ပြန်တင်ပြီး‌ မောင်းထွက်သွားခဲ့တာ အတော်ကြာပါပြီ။

သို့သော်လည်း အဘိုးကြီးပြောသည့် ပုံစံနဲ့ အံဝင်သည့် ကလေးမလေးတစ်ယောက်ကိုတော့ တပည့်ဖြစ်သူတွေ ရှာတွေ့သွားခဲ့သည်။

ထိုကလေးမလေးကို အမြန်ခေါ်ပြီး အဘိုးကြီးထံ ပြန်လာခဲ့ကြလေသည်။

---- --- ---

လူစိမ်းတချို့က သူမကို ရုတ်တရက်ကြီး ဖမ်းခေါ်သွားသဖြင့် ချူးယန်ရှီ လုံးဝ ကြက်သေသေသွားပါသည်။

သူမ လိုချင်သည့် ဗီဒီယိုကို ရဖို့အတွက် ချင်းစူစူ၏ ကားနောက်ကိုလိုက်ဖို့ သူမ ဒရိုင်ဘာကို တာဝန်ပေးခဲ့သည်။

ထို့ကြောင့် ချင်းစူစူ သစ်ပင်ကြီးကို ဆွဲနှုတ်နေသည့် ဗီဒီယိုအား သူမ ရိုက်ယူနိုင်ခဲ့ပါသည်။

ဟုတ်ပြီ! ဒီဗီဒီယိုကိုသာ အွန်လိုင်းပေါ် တင်လိုက်ရင် ချင်းစူစူလို မကောင်းဆိုးဝါးကို လူတွေ အာရုံစိုက်မိသွားကြမှာပဲ!

ချူးယန်ရှီ အောင်ပွဲခံနေစဉ် Suit တွေနဲ့ လူတချို့က သူမကို ဝန်းရံလိုက်ကြပါသည်။

… … …

အခန်း(၆၃၄) ကယ်တင်ပေးလို့ ကျေးဇူးပါ

ချူးယန်ရှီ ပါးစပ် မဟနိုင်ခင်မှာပင် ထိုလူတွေက သူမကို အဘိုးကြီးတစ်ယောက်ထံ ဆွဲခေါ်သွားကြသည်။

သေချာ အကဲခတ်ကြည့်လိုက်သောအခါ ဒီအဘိုးကြီးက ချင်းစူစူ ကယ်တင်ပေးခဲ့သည့် အဘိုးကြီးဖြစ်မှန်း ချူးယန်ရှီ သိသွားသည်။

အဘိုးကြီးက ရေတွေ စိုရွှဲနေဆဲဖြစ်ပြီး ရိုးရှင်းသည့် မီးခိုးရောင် အဝတ်အစားများက အသားမှာကပ်နေကာ အဖြူရောင် ပဝါတစ်ထည်ကို ပခုံးပေါ် တင်ထားပါသည်။

ဘော်ဒီဂတ်တွေဟု ထင်ရသူတွေက သူ့ကို ရေဝိုင်းသုတ်ပေးနေကြသည်။

ဒီအဘိုးကြီး ဘာဖြစ်ချင်တာလဲဆိုတာ ချူးယန်ရှီ နားမလည်ပါ။

အဘိုးကြီးကလည်း သူ့ရှေ့က ကလေးမလေးကို သေချာအကဲခတ်လိုက်ပြီး အတည်ပြုလိုက်ပါသည်။ “ဟုတ်တယ်။ သူ့ပုံစံက ဒီလိုပဲ။ အဝတ်အစားတွေကလည်း တူတယ်”

ချူးယန်ရှီနဲ့ စူစူလေးတို့က ကျောင်းဝတ်စုံချင်းတူညီကြသည်။

အသက်အရွယ်နဲ့ ခန္ဓာကိုယ်အရွယ်အစားကလည်း တူညီသဖြင့် အဘိုးကြီး အထင်လွဲသွားပုံရပါသည်။

ဘယ်လိုပဲဖြစ်ဖြစ် ဒီနားမှာ ဒီအသက်အရွယ်နဲ့ ကလေးမများများစားစား မရှိပါ။ ထို့ကြောင့် အသက်အရွယ်လည်းတူ အဝတ်အစားချင်းလည်း တူတူ ဝတ်ဆင်ထားသည့် ကလေးမလေး ၂ ယောက် တစ်နေရာတည်းမှာ ပေါ်လာဖို့ဆိုတာ အလွန်ရှားပါးသည့် ဖြစ်ရပ်ဖြစ်သည်။

ခုနက အကူအညီတောင်းခဲ့ကြသည့် အဘွားကြီးတွေကလည်း အဘိုးကြီး ဘာမှ မဖြစ်မှန်း မြင်ပြီးနောက် ညစာ ချက်ပြုတ်ဖို့ အိမ်အမြန်ပြန်သွားကြလေပြီ။

ထို့အပြင် ဘော်ဒီဂတ်တွေကလည်း တခြား ကလေးမလေးတွေကို မတွေ့ခဲ့သဖြင့် သူ့ကယ်တင်ရှင်က ဒီကလေးမလေးသာ ဖြစ်မည်ဟု အဘိုးကြီး ကောက်ချက် ချလိုက်ပါသည်။

ချူးယန်ရှီက သူတို့ လူမှားနေကြောင်း ပြောသင့်မပြောသင့် စဉ်းစားချင့်ချိန်နေပါသည်။

ထိုစဉ် အဘိုးကြီး၏ စကားကို သူမ ကြားလိုက်ရ၏။ “ဘိုးဘိုးကို ကယ်တင်ပေးခဲ့တာ အရမ်းတော်တာပဲ သမီးလေး! တကယ့် အံ့ဖွယ်ဖြစ်ရပ်ပဲ။ ဘိုးဘိုး သေတော့မယ်လို့ ထင်ခဲ့တာ။ ဒါပေမယ့် သမီးလေးက ကောင်းကင်ဘုံက လွှတ်လိုက်တဲ့ နတ်သမီးလေးလို ရောက်လာတာပဲ!”

အဘိုးကြီး၏ အသံက ခံစားချက်များဖြင့် ပြည့်နှက်နေပါသည်။

ချူးယန်ရှီ ထိတ်လန့်သွား၏။ ဒီအဘိုးကြီးက သူမကို ကယ်တင်ရှင်လို့ ထင်နေတာလား။

ထို့နောက် အဘိုးကြီးနောက်က ဘော်ဒီဂတ်တွေကို ချူးယန်ရှီ မြင်သွားသည်။ ဒီလောက်ဆို ဒီအဘိုးကြီးက သာမန်လူမဟုတ်မှန်း အတည်ပြုနိုင်ပါပြီ။

ချူးယန်ရှီ သတိထားပြီး ဘာမှ ပြန်မပြောခဲ့ပါ။ သို့သော် အဘိုးကြီးကို အပြစ်ကင်းစင်ပြီး ဖြူစင်သော မျက်လုံးလေးများဖြင့်သာ ကြည့်နေပါသည်။

အဘိုးကြီးက ဆက်ပြော၏။ “သမီးလေး မကြောက်ပါနဲ့။ ကျေးဇူးတင်ချင်လို့ ဒီလို ခေါ်လာခိုင်းလိုက်ရတာပါ။ ဘိုးဘိုးက အကြွေးရှိရင် ဆပ်ရမှ ကျေနပ်တဲ့ လူမျိုးပဲ။ ဘိုးဘိုးကို မဟုတ်တာလုပ်တဲ့လူတွေကို ခွင့်လွှတ်မပေးတတ်ဘူး။ ဒါပေမယ့် ဘိုးဘိုးကို ကူညီပေးခဲ့တဲ့ သူတွေရဲ့ ကျေးဇူးကိုလည်း မမေ့တတ်ဘူး။ အထူးသဖြင့် အသက်သခင် ကျေးဇူးရှင်တွေကိုပေါ့။ အဲ့လိုမှ ကျေးဇူးမဆပ်ရရင် ဘိုးဘိုး ကောင်းကောင်းအိပ် ကောင်းကောင်းစားနိုင်မှာ မဟုတ်ဘူး”

ဘော်ဒီဂတ်တစ်ယောက်က ဝင်ပြောလိုက်သည်။ “ဘာမှမစိုးရိမ်နဲ့ ကလေးမလေး။ ငါတို့ ဆရာကြီးက သာမန်လူမဟုတ်ဘူး။ မင်းတောင်းဆိုတာ မှန်သမျှ တကယ်ဖြစ်လာအောင် လုပ်ပေးနိုင်တယ်။ အဲ လက်တွေ့မှာ တကယ်မရှိတဲ့ အရာတွေကိုတော့ မတောင်းဆိုနဲ့ပေါ့။ Ultraman ဖြစ်ချင်တယ်တို့ Balala နတ်သမီးဖြစ်ချင်တယ်တို့ ဘာတို့…”

ဘော်ဒီဂတ်၏ စကားကြောင့် ဒီအဘိုးကြီးက သာမန်လူမဟုတ်မှန်း ချူးယန်ရှီ ပိုသေချာသွားသည်။ ဒီအဘိုးကြီးက ကျိန်းသေပေါက် အာဏာကြီးမားသူတစ်ဦး ဖြစ်ရမည်။

သေချာစဉ်းစားချင့်ချိန်ပြီးနောက် ချူးယန်ရှီ ပြန်ပြောလိုက်သည်။ “ရပါတယ်…”

ထိုစကားလုံး ၃ လုံးက အတည်ပြုလိုက်ခြင်းဖြစ်သည်။ သူမက အဘိုးကြီးကို ကယ်တဲ့ခဲ့သူ မှန်ကန်ကြောင်း အတည်ပြုပေးလိုက်ခြင်းဖြစ်သည်။

အဘိုးကြီးက ပြော၏။ “မဟုတ်တာ မဟုတ်တာ။ အသက်ကယ်တင်ပေးထားတဲ့ ကျေးဇူးကို ဆပ်မှဖြစ်မှာပေါ့! သမီးလေး လိုချင်တာ စဉ်းစားလိုက်ပါ။ ဘိုးဘိုး အသက်ကို ကယ်တင်ပေးခဲ့တဲ့အတွက် ကြိုက်တဲ့ ဆု ၃ ဆု ဖြည့်ဆည်းပေးမယ်။ လိုချင်တာ မှန်သမျှပြောလိုက်သည်။ စည်းစိမ်တွေ၊ အာဏာပါဝါတွေ ကြိုက်တာ တောင်းလို့ရတယ်”

ကြိုက်တဲ့ ဆု ၃ ဆု ဟုတ်လား… ဒါဆို…

ချူးယန်ရှီ စိတ်လိုက်မာန်ပါ မတောင်းဆိုရဲသေးပါ။ သူမ မဝံ့မရဲ မေးလိုက်သည်။ “တကယ် ဘာမဆို တောင်းဆိုလို့ ရတာလား။ ဘိုးဘိုးက အဲ့လောက်တောင် တော်တာလား”

“ဒါပေါ့။ ဘိုးဘိုး ပေးနိုင်တာတွေ အများကြီးရှိတယ်”။ အဘိုးကြီးက သေချာစွာ ပြောလိုက်ပါသည်။

အဘိုးကြီး၏ အတည်ပြုချက်ကို ရပြီးနောက် ချူးယန်ရှီ ရင်ထဲ စိတ်လှုပ်ရှားမှုများ မြင့်တက်လာလေသည်။

… … …

အခန်း(၆၃၅) အော်ဒါတွေ အများကြီးရရှိခြင်း

သေချာစဉ်းစားပြီးနောက် အဘိုးကြီးကို ချူးယန်ရှီ နူးညံ့သိမ်မွေ့သော အသံလေးဖြင့် တောင်းဆိုလိုက်ပါသည်။ “ဒါဆို သမီးဖေကြီးကို ကူညီပေးပါလား ဘိုးဘိုး။ ခုတလော သူအလုပ်မှာ အခက်အခဲဖြစ်နေလို့ နေ့တိုင်း စိတ်ညစ်နေတဲ့ပုံပဲ။ သူ့ကို စိတ်မညစ်စေချင်ဘူး”

ဒါကိုကြားတော့ အဘိုးကြီးက ပြုံးလိုက်ပါသည်။ “သမီးလေးက လိမ္မာလိုက်တာ။ ပထမဆုံး စဉ်းစားမိတာက ကိုယ့်အဖေကို ကူညီပေးဖို့ပေါ့ဟုတ်လား။ လိမ္မာပြီး သိတတ်လိုက်တဲ့ ကောင်မလေးပါလား!”

ချူးယန်ရှီက ချိုမြိန်စွာ ပြုံးထားဆဲဖြစ်သည်။ “ဖေကြီးပျော်ရင် သမီးလည်း ပျော်တယ်လေ”

ငွေကို တိုက်ရိုက်မတောင်းသော်လည်း ငွေရေးကြေးရေးအဆင်ပြေအောင် လုပ်နိုင်မည့် အဖြေတစ်ခုကို တောင်းဆိုလိုက်ခြင်းဖြစ်သည်။

အဘိုးကြီး ဖြည့်ဆည်းပေးနိုင်လျှင် အကောင်းဆုံးဖြစ်သည်။ မဖြည့်ဆည်းပေးနိုင်ရင်လည်း အဘိုးကြီးရဲ့စိတ်ထဲမှာ သူမက သိတတ်လိမ္မာသည့် ကလေးမလေးတစ်ယောက် ဖြစ်သွားမှာပဲ ဖြစ်သည်။

“တော်တယ် တော်တယ်။ တကယ် လိမ္မာတဲ့ ကလေးပဲ”။ အဘိုးကြီးက ရယ်မောကာ ပြောလိုက်သည်။

ထို့နောက် သူ့ဘော်ဒီဂတ်တွေကို ညွှန်ကြားလိုက်သည်။ “နောက်တောင် ကျနေပြီ။ ဒီကလေးမလေးကို အိမ်ပြန်ပို့ပေးလိုက်ကြ။ ပြီးရင် သူ့အဖေကိုပါ ငါ့ကိုယ်စား ကျေးဇူးတင်ခဲ့။ ဒီကလေးရဲ့ မိသားစုကို ဆက်သွယ်နိုင်မယ့် အချက်အလက်တွေပါ တောင်းခဲ့။ ငါသူ့ဆန္ဒကို ဖြည့်ဆည်းပေးမယ်”

“ဟုတ်ကဲ့ပါ”

ထို့နောက် ဘော်ဒီဂတ် ၂ ယောက်က ချူးယန်ရှီကို အိမ်ပြန်လိုက်ပို့ပေးခဲ့ကြသည်။ တခြားသူတွေကတော့ အဘိုးကြီးကို ခေါ်သွားကြပါသည်။

အဘိုးကြီး ဝင်သွားသည့် Custom-made Rolls-Royce ကားကြီးကို အဝေးမှ လှမ်းမြင်လိုက်ရသောအခါ အဘိုးကြီးက တကယ် ထူးခြားသည့် ပုဂ္ဂိုလ်ဖြစ်မှန်း ချူးယန်ရှီ ထပ်အတည်ပြုနိုင်ခဲ့သည်။

ထို့ကြောင့် ချူးယန်ရှီ ပျော်ရွှင်မှုဖြင့် ရင်တွေခုန်လာရပြန်ပါသည်။

ထို့နောက် ချူးယန်ရှီကိုလည်း ဘော်ဒီဂတ်များက Bentley တစ်စီးဖြင့် အိမ်ပြန်လိုက်ပို့ပေးခဲ့ကြသည်။

--- --- ---

ထိုနေ့ညနေတွင် ချူးယန်ရှီတစ်ယောက် စာကြည့်ခန်းထဲ၌ ဖုန်းထဲက ဗီဒီယိုကို ပြန်ဖွင့်ကြည့်မိသည်။

ဗီဒီယိုထဲမှာ စူစူလေး သစ်ပင်ကြီးကို ဆွဲနှုတ်ပြီး ရေကန်ထဲကလူကို ကယ်တင်နေသည့် မြင်ကွင်း ရှင်းရှင်းလင်းလင်း ပါဝင်သည်။

အစက ဒီဗီဒီယိုကို အွန်လိုင်းပေါ်တင်ဖို့ စိတ်ကူးရှိခဲ့သော်လည်း အခုတော့ မတင်တော့ဖို့ ဆုံးဖြတ်လိုက်ပါသည်။

အဘိုးကြီးက သူမကို သူ့ကယ်တင်ရှင်အဖြစ် အထင်မှားနေတာဖြစ်သည်။ ထို့ကြောင့် ဒီလို သက်သေကိုသာ လိုင်းပေါ် တင်လိုက်ပါက ကိုယ့်သေတွင်းကိုယ်တူးရာ ကျပါလိမ့်မည်။

“ရှောင်းရှီရေ ရှောင်းရှီ!!”။ ချူးယန်ရှီ၏ စာကြည့်ခန်းထဲ ချူးဟမ့် ပြေးဝင်လာခဲ့သည်။ မျက်နှာကလည်း အလွန်ပျော်ရွှင်နေပုံပေါက်သည်။ “ရှောင်းရှီ သမီးသိလား။ ကုမ္ပဏီတစ်ခုက ဒီနေ့အဖေတို့ကုမ္ပဏီကို ဆက်သွယ်ပြီး သန်း ၁၀၀ တန်ဖိုးရှိတဲ့ အော်ဒါတွေ တင်ချင်တယ်လို့ ပြောလာတယ်!”

“သန်း ၁၀၀ ဖိုး ဟုတ်လား။ တကယ်ကြီးလား”။ ဒါကိုကြားတော့ ချူးယန်ရှီလည်း အလွန်ပျော်ရွှင်သွားပြီး မယုံကြည်နိုင် ဖြစ်သွားလေသည်။

“ဟုတ်တယ်! သန်း ၁၀၀ ဖိုးတဲ့! ပြီးတော့ ဒီ သန်း ၁၀၀ ဆိုတာလည်း အစပဲရှိသေးတယ်တဲ့။ အဖေတို့ ထုတ်ကုန်တွေသာ စံနှုန်းပြည့်မှီရင် ဒီ့ထက် ပိုများတဲ့ အော်ဒါတွေနဲ့ လက်တွဲဖို့ အစီအစဉ်လည်းရှိတယ်တဲ့!”

ထိုသတင်းကြောင့် ချူးယန်ရှီ အလွန်စိတ်လှုပ်ရှားသွားသည်။

“အဖေ စာချုပ်ချုပ်ပြီးပြီလား။ အော်ဒါတွေကို အတည်ပြုပြီးသွားပြီလား”

စိတ်လှုပ်ရှားလွန်းသဖြင့် ကိုယ့်ကိုယ်ကို အသက် ၄ နှစ်အရွယ်ဆိုတာ မေ့လျော့သွားပြီး လူကြီးတွေသာ သုံးမည့် စကားလုံးမျိုး နှုတ်မှ ပြောမိသွားလေသည်။

ကံကောင်းစွာဖြင့် ချူးဟမ့်ကလည်း အပျော်လွန်နေကာ ဘာမှ သတိမထားမိပါ။

“ဖုန်းထဲကလူကတော့ အဖေတို့နဲ့ စာချုပ်ချုပ်ဖို့ လူတစ်ယောက် ချက်ချင်းလွှတ်ပေးမယ်လို့ ပြောတယ်! ပြီးတော့ အဖေ့သမီးလေးက သူတို့ဆရာကြီးကို ကယ်တင်ပေးခဲ့တဲ့အတွက် အဖေတို့ ကုမ္ပဏီနဲ့ အခုလို လက်တွဲဖို့ ဆုံးဖြတ်လိုက်တာလို့ ပြောတယ်! ဒီလောက် လိမ္မာတဲ့ သမီးတစ်ယောက်ကို ပျိုးထောင်ပေးနိုင်တဲ့အဖေမို့လို့ စီးပွားရေးဘက်မှာလည်း ယုံကြည်စိတ်ချရတဲ့ ပါတနာကောင်းဖြစ်နိုင်တယ်တဲ့!”

ချူးဟမ့်က ဖုန်းထဲကလူ ပြောသမျှကို ပြန်ပြောပြလိုက်ပါသည်။

ချူးယန်ရှီ၏ မျက်နှာ အလွန်တောက်ပနေသည်။ ဒါဆို အဘိုးကြီး ပြောတာ တကယ်ပဲပေါ့။ သူမ တောင်းဆိုခဲ့တဲ့ ပထမ တောင်းဆိုချက်ကို တကယ် ဖြည့်ဆည်းပေးတော့မှာပဲ။

ထို့နောက် ချူးယန်ရှီကို ချူးဟမ့် မေးလိုက်သည်။ “ရှောင်းရှီလေး အဖေ့ကို အမြန်ပြောစမ်း။ ဒီနေ့ ဘာတွေ လုပ်ခဲ့တာလဲ”

… … …

All Chapters