အခန်း (၆၄၁-၆၄၅)
Vol. 26 Ch. 641-645
အခန်း(၆၄၁) အဘွားချင်းရဲ့ ချေပမှု
အဘွားချင်းက အပြုံးမပျက်ဘဲ ပြန်ပြောလိုက်သည်။ “ကလေးတွေ ပဋိပက္ခတာ ပုံမှန်ပဲဆိုပေမယ့် ပြဿနာ အကြောင်းအရင်းပေါ်လည်း မူတည်သေးတယ်လေ။ ဂုဏ်သိက္ခာပိုင်းနဲ့ ဆိုင်လာရင် ကလေးဆိုရင်တောင် အလွယ်တကူ ခွင့်လွှတ်ပေးလိုက်လို့ မရဘူး”
ချန်းဝမ်ချိုင်က ရယ်မောလိုက်ပါသည်။ “စူစူလေးကလည်း လိမ္မာတယ်၊ ရှောင်းရှီလေးကလည်း လိမ္မာတယ်။ ဂုဏ်သိက္ခာပိုင်းဆိုင်ရာမှာ ဘယ်သူမှ ပြဿနာမရှိပါဘူး”
အရင်တုန်းကသာဆို အဘိုးချင်းတို့ လင်မယားနဲ့ နှစ်ပေါင်းများစွာ ရင်းနှီးခဲ့မှုကြောင့် ချန်းဝမ်ချိုင်က ကျိန်းသေပေါက် ချင်းမိသားစုဘက်မှ ကူပြောပေးမှာဖြစ်သည်။
သို့သော်လည်း အခုတော့ အခြေအနေတွေ ပြောင်းလဲနေပါပြီ။ ချူးမိသားစု၏ ကလေးမလေးက သခင်ကြီးကု၏ ချီးမြှောက်မှုကို ခံထားရသူဖြစ်သည်။ ထို့ကြောင့် ချန်းဝမ်ချိုင်တောင် ချူးသားအဖကို ယဉ်ကျေးပျူငှာစွာ ဆက်ဆံနေရခြင်း ဖြစ်ပါသည်။
ချူးဟမ့်က အခွင့်အရေးကို အရယူပြီး သူတော်ကောင်းယောင် ဆောင်ကာ ပြောလိုက်သည်။ “မစ္စတာချန်း၊ ကျွန်တော် တောင်းပန်ပါတယ်။ သခင်မကြီးချင်းပြောတာ မှန်ပါတယ်။ ကျောင်းမှာ ကျွန်တော်တို့ ရှောင်းရှီလေး အပြစ်တစ်ခုခု လုပ်ထားလို့ စူစူလေးက သဘောမကျတာ နေမှာပါ။ ကျွန်တော်တို့ အပြစ်ပါ။ ရှောင်းရှီလေးကိုယ်စား ကျွန်တော်ကပဲ သခင်ကြီးချင်းတို့ကို တောင်းပန်ပါတယ်။ စူစူလေးလည်း ရှောင်းရှီလေးကို ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်”
ဒီလိုတောင်းပန်လိုက်ခြင်းအားဖြငသ့် သခင်ကြီးချင်းတို့လင်မယားနဲ့ စူစူလေးတို့ အကျပ်ရိုက်သွားမှာကို ချူးဟမ့် သိပါသည်။ သူတို့ ဘယ်လမ်းကိုပဲရွေးရွေး သူများအမြင်မှာ သင့်တော်မှာ မဟုတ်တော့ပါ။ သူတို့ ခွင့်လွှတ်ပေးဖို့ ရွေးချယ်ရင်တောင် ချန်းဝမ်ချိုင်၏ အမြင်မှာ သခင်ကြီးတို့ လင်မယားက အပြစ်ရှိသူတွေ ဖြစ်နေကြပါလိမ့်မည်။
“မတောင်းပန်ပါနဲ့။ ခင်ဗျားတောင်းပန်တာကို ကျုပ်တို့ လက်မခံဘူး။ လိုလည်း မလိုအပ်ဘူး”။ သခင်ကြီးချင်းက ခိုင်ခိုင်မာမာ ပြတ်ပြတ်သားသား ပြောလိုက်လေသည်။
ချူးဟမ့်ဆိုသည့်လူ ဘာတွေကြံနေသလဲဆိုတာ သူကောင်းကောင်း သိထားပါသည်။
အဘိုးချင်းနဲ့ သူ့မိန်းမတို့က အရာရာကို ပေါ်တင်ဖြေရှင်းတတ်သူတွေ ဖြစ်ကြသည်။ သူများကို စိတ်ကျေနပ်စေဖို့ သွယ်ဝိုက်ပြောတတ်သူတွေ မဟုတ်ကြပါ။
ချန်းဝမ်ချိုင်လည်း ပြုံးသာ ပြုံးနိုင်ပြီး လူစုခွဲဖို့ ကြိုးစားရတော့သည်။ “မစ္စတာချူးနဲ့ ကျုပ် ဆွေးနွေးစရာ ကိစ္စလေး ရှိတယ်။ ရှောင်းရှီလေးနဲ့အတူ ကျွန်တော့် ရုံးခန်းဆီ လိုက်ခဲ့ပါလား”
“ကောင်းပါပြီဗျာ”။ ချူးဟမ့် ရင်ထဲ အလွန်ရွှင်မြူးနေသည်။
သူလိုချင်တာလည်း ဒါပဲ မဟုတ်လား။
ချူးယန်ရှီကလည်း ပြုံးပျော်နေပါသည်။
ချင်းစူစူ ငတုံးမ! နင့်ရဲ့ ပွင့်လင်းမှုကြောင့် ဒီလိုဖြစ်ရတာ!
ချူးသားအဖတို့ ထွက်သွားသောအခါ အဘွားချင်းက စူစူလေးကို ပြောလိုက်သည်။ “သမီးလေး အဲ့ဒီ ကလေးကို သမီးလေး သဘောမကျတာ အကြောင်းအရင်းရှိမှန်း မေမေသိတယ်။ သမီးလေးဘက်မှာ ဖေဖေနဲ့ မေမေတို့ အမြဲတမ်း ရှိနေမယ်နော်!”
“ဟုတ်တယ် သမီးလေး! သူတို့ကို ဘာလို့ သဘောမကျလဲ ဖေဖေနဲ့ မေမေတို့ သဘောကျတယ်။ ကိုယ်ကျင့်တရား မကောင်းတဲ့လူတွေနဲ့ မပတ်သတ်တာ မှန်တယ်။ ဖေဖေ ထောက်ခံတယ်”။ အဘိုးချင်းကလည်း ထောက်ခံသည်။
“အွန်း!”။ စူစူလေး ခေါင်းငြိမ့်လိုက်ပါသည်။
“မြောင်~”။ ဟူကျစ်ကလည်း ခေါင်းလိုက်ငြိမ့်လေသည်။
--- --- ---
ထိုစဉ် စူစူလေး မြင်ဖူးနေသည့် လူတစ်ယောက် ညစာစားပွဲကို ရောက်လာပါသည်။ တခြားသူမဟုတ်ဘဲ လုကျန်းယွီ ဖြစ်နေသည်။
လုကျန်းယွီက သက်လတ်ပိုင်းလူကြီးတစ်ယောက်နဲ့ ရောက်လာခြင်းဖြစ်သည်။
အဘိုးချင်းနဲ့ အဘွားချင်းတို့က ထိုလူ့ကို သိပါသည်။ အရှေ့တောင်အာရှရှိ နိုင်ငံပေါင်းစုံ ထိုက်ယွဲ့အုပ်စု၏ အထွေထွေမန်နေဂျာ ရှဲ့ဝမ် ဖြစ်သည်။ လူရှေ့ မကြာခဏ ထွက်မပြတတ်သော်လည်း ဟွာချန့်မြို့ရှိ စီးပွားရေးပညာရှင်တိုင်းက သူဘယ်သူဘယ်ဝါမှန်း သိကြပါသည်။
အဘိုးချင်းနဲ့ အဘွားချင်းတို့က လုကျန်းယွီ၏ သရုပ်မှန်ကို မသိကြသေးပေ။ ဒီနေ့ ရှဲ့ဝမ်နဲ့ လုကျန်းယွီတို့ အတူတူ ရောက်လာတာက အဘိုးချင်းတို့အတွက် ထူးဆန်းနေလေသည်။
“အဘိုးကြီး ဟိုဘက်အိမ်မှာနေတဲ့ လုမိသားစုက ရှဲ့ဝမ်နဲ့ ပတ်သတ်နေတာလား”။ အဘွားချင်းက တီးတိုးမေးလိုက်သည်။
“မပြောတတ်ဘူး။ အခြေအနေကို ကြည့်ရသလောက်တော့ ရင်းနှီးနေကြတဲ့ပုံပဲ”။ အဘိုးချင်းကလည်း သုံးသပ်လိုက်ပါသည်။
သာမန် ရင်းနှီးမှုသာဆို လုကျန်းယွီကို ဒီလို ညစာစားပွဲမျိုးထံ ခေါ်လာမှာ မဟုတ်ပါ။
ညစာစားပွဲရှိ လူအများစုက လုကျန်းယွီကို ပထမဆုံး မြင်ဖူးခြင်း ဖြစ်သည်။
ရှဲ့ဝမ်နဲ့ အတူတူ ရောက်လာတဲ့ ဝှီးချဲနဲ့ကောင်လေးက ဘယ်သူများလဲ…။
… … …
အခန်း(၆၄၂) လုကျန်းယွီလည်း ရောက်လာပြီ
ရှဲ့ဝမ်မှာ အိမ်ထောင်ရှိတယ်လို့လည်း မကြားမိပါဘူး။ အဲ့တာကြောင့် သူ့သားတော့ မဖြစ်နိုင်ဘူး။
ဒါပေမယ့် ရှဲ့ဝမ်က ဒီလိုခေါ်လာတဲ့အတွက် သာမန်ဆက်ဆံရေးမျိုးတော့ မဖြစ်နိုင်ဘူး မဟုတ်လာား။
ထိုကောင်လေးမှာ ရုပ်ရည်ပြေပြစ်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ လူကြီးလေးတစ်ယောက်လို တည်ကြည်ခန့်ညားသည်။
ချူးယန်ရှီက ချန်းဝမ်ချိုင်နဲ့အတူ အပေါ်ထပ်တက်ဖို့ ပြင်နေစဉ် လုကျန်းယွီကို ရုတ်တရက် မြင်လိုက်ရသဖြင့် ခြေလှမ်းများ ရပ်တန့်သွားခဲ့သည်။
လုကျန်းယွီက ညစာစားပွဲကို ရောက်လာတာလား…။
ချူးယန်ရှီ၏ မှတ်ဉာဏ်များအရ ဒါမျိုး တစ်ခါမှ မဖြစ်ခဲ့ဖူးပါ။ အရင်ဘဝတုန်းက လုကျန်းယွီမှာ ဘယ်လို ပွဲမျိုးကိုမှ မတက်ရောက်ခဲ့ဖူးပါ။ အရွယ်ရောက်လာတာတောင် မပြောင်းလဲပေ။
လုကျန်းယွီကို ချူးယန်ရှီ ငေးကြည့်ရင်း အတွေးများ လွင့်မြောနေလေသည်။ ထိုကိစ္စဖြစ်ပြီးကတည်းက သူနဲ့ဆုံဖို့ အခွင့်အရေး မရခဲ့ပါ။
ဟွာချန့်မြို့ကို သူမ ရောက်လာရသည့် အဓိက အကြောင်းအရင်းမှာ လုကျန်းယွီကြောင့်ဖြစ်မှန်း ချူးယန်ရှီ မမေ့သေးပေ။
ယခု သူမကို ထောက်ပံ့ပေးမည့် လူတစ်ယောက်ရှိနေပြီဖြစ်သော်လည်း လုကျန်းယွီကို မြင်သောအခါ သူမ တွန့်ဆုတ်မိပါသေးသည်။
ချန်းဝမ်ချိုင်လည်း ရှဲ့ဝမ်ကို မြင်သောအခါ ခြေလှမ်းများ ရပ်တန့်သွားပြီး အမြန်ပြောလိုက်သည်။ “မစ္စတာချူးနဲ့ ရှောင်းရှီလေးတို့ ခဏစောင့်နော်။ ကျုပ် မစ္စတာရှဲ့ကို သွားနှုတ်ဆက်လိုက်ဦးမယ်”
ထိုသို့ပြောပြီးနောက် ရှဲ့ဝမ်ထံသို့ ချန်းဝမ်ချိုင် ခပ်သုတ်သုတ်လျှောက်လာခဲ့ပါသည်။
ချန်းဝမ်ချိုင်၏ အံ့အားသင့်နေသော မျက်နှာနဲ့ သွက်လက်နေသော ခြေလှမ်းများကို ကြည့်ခြင်းအားဖြင့် ဒီနေ့ ရှဲ့ဝမ် တက်ရောက်လာမည်ဟု မထင်ထားကာ ရှဲ့ဝမ်က လျစ်လျူရှုလို့မရသည့် အရေးကြီးဧည့်သည်ဖြစ်မှန်း သိသာပါသည်။
အခြေအနေကိုမြင်ပြီး ချူးဟမ့်လည်း တွန့်ဆုတ်သွားသည်။ သူလည်း ရှဲ့ဝမ်ကို သွားနှုတ်ဆက်ချင်ပါသည်။ သို့သော် လုကျန်းယွီကို ကြောက်ရွံ့နေသည်။
လင်းယုရှန်းကိစ္စကြောင့် လုမိသားစုက သူ့ကို အထင်အမြင်သေးနေကြပြီဖြစ်သည်။
လုကျန်းယွီက ကလေးသာဖြစ်သော်လည်း လူကြီးတွေထက်ပင် ပိုခေါင်းမာနိုင်ပါသည်။
အထူးသဖြင့် သူ့မျက်လုံးတွေရဲ့ စိုက်ကြည့်မှုကို ခံရသည့်အခါ ချူးဟမ့် ကျောချမ်းရသည်။
သူက အသက် ၇ နှစ် ၈ နှစ်အရွယ်ရှိ ကောင်လေး တစ်ယောက်သာ ဖြစ်သော်လည်း ဘာကြောင့်မှန်းမသိဘဲ အရှိန်အဝါက ကြီးမားလွန်းသည်။
ချူးဟမ့် တွန့်ဆုတ်နေစဉ် ချန်းဝမ်ချိုင်ကတော့ ရှဲ့ဝမ်ဆီ ရောက်သွားပြီဖြစ်ကာ အပြုံးကျယ်ကျယ်ဖြင့် နှုတ်ဆက်လိုက်ပါသည်။ “မစ္စတာရှဲ့ ကြိုဆိုပါတယ်ဗျာ! မစ္စတာရှဲ့ အခုလို တက်ရောက်လာတာ တကယ် ဂုဏ်ယူမိပါတယ်!”
ရှဲ့ဝမ်ကလည်း ကျိုးနွံ့စွာ ပြန်ဖြေလိုက်ပါသည်။ “မစ္စတာချန်းက ဧည့်ဝတ်ကျေပွန်ပါပေတယ်”
ချန်းဝမ်ချိုင် တခြား ဘာပြောရမှန်း မသိသဖြင့် ရှဲ့ဝမ်နဲ့ အတူပါလာသော လုကျန်းယွီအကြောင်း မေးမြန်းလိုက်ပါသည်။ “ဒီမိတ်ဆွေလေးက ဘယ်သူလဲ သိလို့ရမလား…”
လုကျန်းယွီကို ချန်းဝမ်ချိုင် သေချာ အကဲခတ်နေပါသည်။ ငယ်ငယ်ရွယ်ရွယ်လေးနဲ့ ဝှီးချဲပေါ် ရောက်နေတာ စိတ်မကောင်းစရာပင်။
“ဒါကျွန်တော့် တူလေးတစ်ယောက်ပါ။ ဟွာချန့်မြို့မှာ ဆေးကုသမှုခံယူနေတာလေ။ အဲ့တာကြောင့် ခေါ်လာခဲ့တာ”။ ရှဲ့ဝမ်က လုကျန်းယွီ၏ သရုပ်မှန်ကို မဖော်ပြဘဲ ရှင်းပြလိုက်သည်။
“ကောင်းတာပေါ့ဗျာ။ ဟွာချန့်မြို့မှာ ကြွားဝါစရာ သိပ်မရှိပေမယ့် ရှုခင်းတွေနဲ့ သဘာဝပတ်ဝန်းကျင်က အရမ်းကို လှပပါတယ်။ အနားယူဖို့ သင့်တော်တဲ့ နေရာပဲ”။
“အင်း ကျွန်တော့်တူလေးလည်း အဲ့လိုပဲ တွေးပါတယ်”။ ရှဲ့ဝမ်က သိမ်မွေ့စွာ ပြုံးနေဆဲဖြစ်သည်။
“ဒါဆို ကြာကြာလေး နေကြပါနော်။ နားမလည်တာရှိရင် ဒါမှ မဟုတ် အကူအညီလိုတာရှိရင် ကျွန်တော့်ကိုသာပြော။ သူစိမ်းမဆန်ပါနဲ့”။ ချန်းဝမ်ချိုင်က တိုက်တွန်းလိုက်သည်။
“ကျွန်တော့်တူလေးကိုယ်စား မစ္စတာချန်းကို ကျေးဇူးတင်ပါတယ်”။ ရှဲ့ဝမ်ကလည်း ပြန်ပြောလိုက်ပါသည်။
အချိန်အတော်ကြာ တွန့်ဆုတ်ပြီးနောက် ချူးဟမ့် သည်းမခံနိုင်တော့ဘဲ ရှဲ့ဝမ်ဆီ လျှောက်လာခဲ့ပါသည်။ ဒါကိုမြင်တော့ ချူးယန်ရှီလည်း လုကျန်းယွီထံ မဝံ့မရဲ လျှောက်လာခဲ့သည်။
သားအဖ နှစ်ယောက် ရှဲ့ဝမ်နဲ့ လုကျန်းယွီတို့နားသို့ ရောက်ရှိလာကြသည်။
ချူးဟမ့်က တောက်တောက်ပပ ပြုံးလျက် ရှဲ့ဝမ်အား နှုတ်ဆက်လိုက်ပါသည်။ “ဟယ်လို မစ္စတာရှဲ့။ ကျွန်တော်တို့ အရင်က ဆုံဖူးတယ်လေ။ ကျွန်တော့်ကို မစ္စတာရှဲ့ မှတ်မိဦးမလားတော့ မသိဘူး”
… … …
အခန်း(၆၄၃) ရင်းနှီးချင်ယောင် မဆောင်တတ်ဘူး
“စိတ်မရှိပါနဲ့ ကျွန်တော် မမှတ်မိဘူး”
အနည်းဆုံးတော့ မှတ်မိသလိုလိုရှိသည်ဟု ပြောလိမ့်မည်ဟု ချူးဟမ့်မျှော်လင့်ထားခဲ့တာ ဖြစ်သည်။ သို့သော်လည်း ရှဲ့ဝမ်က တဲ့တိုးဆန်ပြီး မမှတ်မိတာကို ဝန်ခံလိုက်ပါသည်။
“ဟားဟားဟား… ဒီတစ်ခါတော့ ကျွန်တော့်ကို မှတ်မိသွားဖို့ မျှော်လင့်ပါတယ်ဗျာ”။ ချူးဟမ့် ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်ပါသည်။
“အဲ့တာတော့ ပြောရခက်တယ်။ ကျွန်တော် အသက်အရွယ်လည်း ရလာပြီဆိုတော့ မေ့လွယ်တယ်လေ။ အတော်လေး အရေးပါတဲ့ လူတွေ ကိစ္စတွေ မဟုတ်ရင် မကြာခဏ မေ့တတ်တယ်”။ ရှဲ့ဝမ်က ဆိုသည်။
ပြောချင်သည့် အဓိပ္ပာယ်ကတော့ ချူးဟမ့်က သူ့အတွက် အရေးပါသူတစ်ယောက် မဟုတ်ပါ။
ချူးဟမ့် မျက်နှာ ချက်ချင်း ဖြူရော်သွားသည်။
ချန်းဝမ်ချိုင်လည်း အနေခက်စွာ ပြုံးလိုက်ပြီး စကားလမ်းကြောင်း အမြန်လွှဲလိုက်ရပါသည်။ “စကားမစပ် မစ္စတာရှဲ့။ ဒီတစ်ခေါက် ဟွာချန့်မြို့ကို လာတာ အလုပ်ကိစ္စပဲလား”
“မဟုတ်ဘူး။ ကိုယ်ရေးကိုယ်တာ ကိစ္စတချို့ကြောင့်ပါ”။ ရှဲ့ဝမ် ပြန်ဖြေလိုက်သည်။
“ကိုကြီးလု”။ လုကျန်းယွီကို ချူးယန်ရှီ ရုတ်တရက် ခေါ်လိုက်သည်။ “သမီးတောင်းပန်ပါတယ် ကိုကြီးလု…”
ရုတ်တရက် တောင်းပန်စကားကြောင့် ဘေးကလူတွေ ကြောင်စီစီ ဖြစ်သွားကြသည်။
လုကျန်းယွီ၏ မျက်နှာက တည်ငြိမ်နေပါသည်။ မျက်လုံးတွေက သိန်းငှက်တစ်ကောင်လို စူးရှနေပြီး ချူးယန်ရှီ၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေသည့်အလား ထင်ရသည်။
ချူးယန်ရှီလည်း ကြောက်ရွံ့သွားပုံဖြင့် ချူးဟမ့်နောက်မှာ ဝင်ပုန်းလိုက်ပြီး ပိုသနားစရာကောင်းသည့် ပုံစံလေး ဖြစ်သွားပါသည်။
ချန်းဝမ်ချိုင်က ကလေးမလေးရဲ့ သနားစရာပုံစံလေးကို ကြည့်ကာ မေးလိုက်သည်။ “ဘာဖြစ်လို့လဲ။ သမီးတို့ နှစ်ယောက် ရန်ဖြစ်ထားလို့လား။ ကလေးအချင်းချင်း ရန်ဖြစ်တာ သာမန်ပါပဲ။ အားလုံးက လိမ္မာတဲ့ ကလေးတွေဆိုတော့ ခင်ခင်မင်မင် နေကြနော်”
လုကျန်းယွီက ဘာမှ မပြောပါ။ ရှဲ့ဝမ်က ပြုံးပြီး ရှင်းပြပေးလိုက်သည်။ “မစ္စတာချန်း၊ ကျွန်တော့်တူလေးက ငယ်ပေမယ့် သူ့မှာ ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်းရှိပါတယ်။ တစ်ယောက်ယောက်ကို သူ အသိအမှတ်မပြုရင် အကြောင်းအရင်းတစ်ခုခု ရှိလို့ပဲနေမှာ”
ရှဲ့ဝမ်၏ စကားက အဘွားချင်း၏ စကားနဲ့ ဆင်တူနေပါသည်။
ထို့ကြောင့် ချန်းဝမ်ချိုင် ဆွံ့အသွားပြီး ပြုံးသာ ပြုံးနေနိုင်တော့သည်။
ချူးသားအဖက ဘာတွေဖြစ်နေတာလဲ သူနားမလည်တော့ပါ။ သူတို့ကို လူအတော်များများက သဘောမကျသည့်ပုံစံ ပေါက်နေသည်။
အရင်တုန်းက ချူးမိသားစုနဲ့ မပတ်သတ်ဖူးသဖြင့် ချန်းဝမ်ချိုင်က အကြောင်းအရင်းအစုံအလင်ကို မသိသေးပါ။
သို့သော် ကုမိသားစုကတော့ ဒီသားအဖကို အတော်လေး မျက်နှာသာပေးထားသည်။ ထို့ကြောင့် ချန်းဝမ်ချိုင် အခက်တွေ့နေပါသည်။
ပိုပြီး အခက်တွေ့နေသူများက ချူးဟမ့်နဲ့ ချူးယန်ရှီတို့ ဖြစ်ကြသည်။
ချူးယန်ရှီ နှုတ်ခမ်းကို ကိုက်ထားလိုက်သည်။ မျက်နှာပေါ်မှာလည်း ဝမ်းနည်းမှုတွေ မြင်သာနေပါသည်။ “ကိုကြီးလု…”
လုကျန်းယွီ ပွင့်ပွင့်လင်းလင်း ပြန်ပြောလိုက်၏။ “ရင်းနှီးချင်ယောင် မဆောင်နဲ့။ ငါနဲ့ နင်နဲ့ အဲ့လောက် မရင်းနှီးဘူး”
ယခင်တုန်းက လင်းယုရှန်းနဲ့ ဆက်နွယ်မှုကြောင့် လုကျန်းယွီကို ချူးယန်ရှီ ဝမ်းကွဲအစ်ကိုဟု ခေါ်တာ လက်ခံပေးလို့ ရသေးသည်။ ယခု ဘာဆက်နွယ် တော်စပ်မှုမှ မရှိတော့သဖြင့် သူ့ကို “ကိုကြီး”ဟု ခေါ်တာကို လုကျန်းယွီ လက်ခံမှာ မဟုတ်တော့ပါ။
ချူးယန်ရှီ လုံးဝ အရှက်ကွဲသွားပြီး မျက်ရည်တွေ ကျလာပါသည်။
ချန်းဝမ်ချိုင်လည်း ဘာမှ ဝင်မပြောရဲသဖြင့် မမြင်ချင်ယောင်သာ ဆောင်နေလိုက်ရသည်။
ရှဲ့ဝမ်ကတော့ ဘေးမှာ အပြုံးမပျက်ပါ။ သခင်လေးလုကို သူမထိန်းချုပ်နိုင်သလို ထိန်းချုပ်နိုင်ရင်တောင် ထိန်းချုပ်မှာ မဟုတ်ပါ။
ရှေ့ကလူတွေကို လုကျန်းယွီ လျစ်လျူရှုလိုက်ပြီး ဝှီးချဲပေါ်က ခလုတ်ကို နှိပ်ကာ လှည့်ထွက်သွားတော့သည်။
ဒါကိုမြင်တော့ ရှဲ့ဝမ် အမြန်လိုက်သွားရသည်။ “နောက်မှ စကားအေးဆေးပြောကြရအောင် မစ္စတာချန်း”
“ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ”
ရှဲ့ဝမ်ထွက်သွားတာကို ငေးကြည့်ပြီးနောက် ချူးသားအဖကို ချန်းဝမ်ချိုင် ပြန်လှည့်ကြည့်ရင်း မျက်မှောင်ကြုတ်သွားသည်။
အဘိုးချင်းတို့ လင်မယားနှစ်ယောက်ရဲ့ စကားကို သိပ်ပြီး စိတ်ထဲမထားသော်လည်း ဒီလိုဖြစ်ရပ်မျိုး ထပ်ခါထပ်ခါ ဖြစ်နေသဖြင့် ချန်းဝမ်ချိုင် သံသယစိတ်တွေ ဝင်လာမိပါပြီ။
လုကျန်းယွီက စူစူလေးရှိရာထံသို့ တလိမ့်လိမ့် ရောက်လာခဲ့သည်။
“ကိုကြီး!”။ လုကျန်းယွီကို မြင်တာနဲ့တစ်ပြိုင်နက် စူစူလေး ထိုင်ခုံပေါ်မှ ချက်ချင်း ခုန်ဆင်းလိုက်ပါသည်။
… … …
အခန်း(၆၄၄) ကိုကြီးကို လက်ထပ်ပါ
“အင်း” လုကျန်းယွီ နူးညံ့သိမ်မွေ့စွာ ပြုံးလိုက်ပါသည်။
“ကိုကြီးက ဘာလို့ ရောက်လာတာလဲ”။ စူစူလေး မေးလိုက်သည်။
“မိတ်ဆွေကြီးတစ်ယောက်ကို အဖော်ပြုပေးဖို့ လိုက်လာခဲ့တာ” လုကျန်းယွီ ပြန်ဖြေလိုက်သည်။
မိတ်ဆွေကြီးဟု အခေါ်ခံရသော ရှဲ့ဝမ်တစ်ယောက် ပြုံးကာ နှာခေါင်းပွတ်လိုက်မိပါသည်။
သူ့ကို ခေါ်သွားဖို့ လုကျန်းယွီ တောင်းတောင်းပန်ပန်နဲ့ ပြောခဲ့တာ မဟုတ်ဘူးလား။ အခုတော့ သူ့ကို အဖော်ပြုပေးဖို့ လိုက်လာခဲ့တာတဲ့လား။
ရှဲ့ဝမ် ရယ်မောလိုက်သည်။ “ဟုတ်ပါတယ် ဟုတ်ပါတယ်။ ကျုပ်မှာ အဖော်မရှိလို့ ကျန်းယွီကို ခေါ်လာခဲ့တာပါ”
ဘာတတ်နိုင်မှာလဲ။ သခင်လေးလု ပြောတာကို ဖြည့်ဆည်းပေးရုံကလွဲပြီး တခြား ဘာလုပ်နိုင်မှာလဲ.
“အဲ့တာဆို ကိုကြီးနဲ့ အတူတူကစားပေးမယ် မကြောက်နဲ့နော် ဟုတ်ပြီလား!”။ စူစူလေးက လုကျန်းယွီဘေးကို ရောက်လာပြီး ပြောလိုက်သည်။
ကိုကြီးက အပြင်သိပ်မထွက်တော့ လူတွေအများကြီးရှိတဲ့နေရာကို လာရတာ ကြောက်နေမှာပဲ။ ဒါပေမယ့် သူမသာ ရှိရင် ကိုကြီး ဘာမှ ကြောက်စရာ မလိုဘူး။
“အင်းပါ ဟုတ်ပါပြီ”
ရှဲ့ဝမ်လည်း သူတို့ကိုကြည့်ရင်း ပြုံးနေမိသည်။
ပုံမှန်ဆို အိမ်တွင်းအောင်းနေတတ်သည့် သခင်လေးလုက ရုတ်တရက် ချန်းဝမ်ချိုင်၏ ညစာစားပွဲကို တက်ရောက်ချင်တာ အကြောင်းအရင်းတစ်ခုခု ရှိရမည်ဟု သူသိနေပါသည်။
ဖြစ်ချင်တော့ အတူတူကစားမယ့် မိတ်ဆွေလေးတစ်ယောက် ရှိနေတာကိုး။ ကလေးမလေးက တကယ် ချစ်ဖို့ကောင်းပါတယ်။ ကျစ်ဆံမြီးလေး နှစ်ဖက်က နူးညံ့ပျော့ပြောင်းမယ့် ပုံပဲ။ ကျစ်ဆံမြီးလေးကို ဆွဲလိုက်ရင် သူ ငိုသွားမလား မသိဘူး။
ရှဲ့ဝမ်က ဆောင့်ကြောင့်ထိုင်လိုက်ပြီး စူစူလေးကို ကျီစယ်လိုက်ပါသည်။ “ကလေးမလေး၊ ဦးလေးမှာ အဖော်မရှိဘူးလို့ ပြောထားတယ်လေ။ ဘာလို့ ကိုကြီးတစ်ယောက်တည်းနဲ့ပဲ ကစားမှာလဲ”
“ဦးလေးကြီးကို သမီးမသိဘူး အဲ့တာကြောင့် မကစားချင်ဘူး! သမီးက လူတိုင်းနဲ့ ကစားတာ မဟုတ်ဘူး!”။ စူစူလေးက ဂုဏ်ယူဝံ့ကြွားသော မျက်နှာလေးဖြင့် ပြောလိုက်သည်။ နှုတ်ခမ်းလေးစူ ပါးလေး ဖောင်းနေပါသည်။
သူမက အရှိန်အဝါကြီးမားသည့် ပိုင်ကျဲနတ်သားရဲဖြစ်သည်။ လူတိုင်းနဲ့ ကစားနေလို့ မဖြစ်ပါ။
“ဟားဟားဟား…”။ ရှဲ့ဝမ် ရယ်မောလိုက်သည်။ ကလေးမလေးရဲ့ ပါးဖောင်းဖောင်းလေးများကို လက်ညှိုးဖြင့် ထိုးကြည့်ချင်စိတ်များ ပေါက်လာပါသည်။
ရှဲ့ဝမ်က ဆက်မေးလိုက်သည်။ “လူတိုင်းနဲ့ မကစားဘူးဟုတ်လား။ အဲ့တာဆို ဘယ်လို လူမျိုးနဲ့ ကစားတာလဲ။ ကိုကြီးလို လူမျိုးနဲ့လား”
ရှဲ့ဝမ်က လုကျန်းယွီကို လက်ညှိုးထိုးပြကာ မေးလိုက်သည်။
“ဟုတ်တယ်။ ကိုကြီးက အရမ်းတော်တာ!”။ စူစူလေးက ဖြေသည်။
“ဪ ကိုကြီးက အရမ်းတော်တယ်ပေါ့။ အဲ့တာဆို အမြန်အရွယ်ရောက်လာပြီး ကိုကြီးရဲ့ ဇနီးအဖြစ် လက်ထပ်လိုက်လေ”။ ရှဲ့ဝမ် ကျီစယ်လိုက်ပါသည်။
ကလေးတွေက အချစ်အကြောင်းတွေ နားမလည်သေးမှန်း သိသဖြင့် ရှဲ့ဝမ် တမင်တကာ စနောက်နေခြင်းသာ ဖြစ်သည်။
“ဇနီးလုပ်ရမယ်ဟုတ်လား”။ စူစူလေး အူတူတူဖြစ်သွားသည်။ “ဇနီးဆိုတာ ဘာလဲ”
“ဇနီးလုပ်ရမယ်ဆိုတာ ကိုကြီးနဲ့ တစ်သက်လုံး အတူတူနေရမယ်လို့ ဆိုလိုတာ။ ပျော်စရာကောင်းတာတွေကော ဝမ်းနည်းစရာ ကောင်းတာတွေကော အတူတူ ဖြတ်ကျော်ရမှာ”။ ရှဲ့ဝမ် ရှင်းပြလိုက်သည်။
“အဲ့တာဆို မလုပ်တော့ဘူး။ သမီးလုပ်စရာတွေ ရှိသေးတယ်! ကိုကြီးနဲ့ တစ်ချိန်လုံး မနေနိုင်ဘူး! ဇနီးအဖြစ် တခြားသူကိုပဲ ရွေးလိုက်။ သမီးက သူငယ်ချင်းအဖြစ်ပဲနေမယ်”။ စူစူလေး အတည်ပေါက် ပြောလိုက်ပါသည်။
သူမ ဒီ့ထက် စွမ်းအားကြီးလာဖို့ လိုသေးသည်။ ထို့နောက် နတ်ယုတ်မာကြီးကိုလည်း ကလဲ့စားချေရဦးမည်။
“ဟားဟားဟား”။ စူစူလေး၏ အဖြေကို ကြားပြီးနောက် ရှဲ့ဝမ် ဟက်ဟက်ပက်ပက် ရယ်မောမိပါတော့သည်။
သခင်လေးလုရဲ့ မိတ်ဆွေလေးက ချစ်စရာကောင်းသားပဲ။ အဲ့တာကြောင့် ဒီလောက် တည်ငြိမ်တဲ့ သခင်လေးလုနဲ့ ရင်းရင်းနှီးနှီးနေနိုင်တာပဲ ဖြစ်မှာ…။
ရယ်မောပြီးနောက် လုကျန်းယွီကို ရှဲ့ဝမ် လှည့်ကြည့်လိုက်သည်။ ကလေးမလေးရဲ့ ငြင်းဆန်မှုကို ခံလိုက်ရပြီးနောက် သခင်လေးလု ဘယ်လိုခံစားရမလဲဆိုတာ သိချင်မိသည်။
“ဦးလေးရှဲ့၊ စူစူလေးကို အနိုင်မကျင့်ပါနဲ့”။ လုကျန်းယွီက ရှဲ့ဝမ်အား အတည်ပေါက် ပြောလိုက်ပါသည်။
… … …
အခန်း(၆၄၅) ကလေးအမေကိုတောင် ရှာမတွေ့သေးဘူး
“ဟုတ်ပါပြီ ဟုတ်ပါပြီ မစတော့ပါဘူး”။ ရှဲ့ဝမ် အမြန်မတ်တပ်ရပ်ကာ စူစူလေးအနားမှ ခွာလိုက်ပါသည်။
ကလေးမလေးကို ဆက်စနောက်လျှင် သခင်လေးလု ဒေါသထွက်တော့မည်ဟု ခံစားနေရသည်။
သူ့လုပ်ရပ်များက စူစူလေးကို အနိုင်ကျင့်ရာကျသည်ဟု မထင်မိသော်လည်း သခင်လေးလု၏ အပြုအမူက စူစူလေးကို တစ်ယောက်တည်း အပိုင်သိမ်းချင်သည့် အပြုအမူမျိုး ဖြစ်နေသည်။
ရှဲ့ဝမ်က အဘိုးချင်းတို့ လင်မယားကို စကားသွားပြောလိုက်သည်။ “သခင်ကြီးချင်းနဲ့ သခင်မကြီးချင်းတို့ ကျွန်တော် အတူတူ လာထိုင်လို့ရမလား”
အဘိုးချင်းက ပြုံးကာ ပြောလိုက်ပါသည်။ “ရပါတယ် လက်ဘက်ရည်အတူတူ သောက်ရအောင် လာလေ”
“ကျေးဇူးတင်ပါတယ် သခင်ကြီးချင်း”
ရှဲ့ဝမ်က သခင်လေးလုကို အဖော်ပြုပေးရုံသက်သက် လာခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သခင်ကြီးချင်းတို့ လင်မယား နှစ်ယောက်နဲ့အတူတူ ထောင့်မှာထိုင်ရင်း ကလေးတွေကို စောင့်ကြည့်ရတာက ပိုပြီး သက်တောင့်သက်သာ ရှိပါသည်။
ထို့ကြောင့် လူကြီး ၃ ယောက် အတူတူ ထိုင်ရင်း လက်ဘက်ရည်သောက်ကာ ကလေး ၂ ယောက်နဲ့ ကြောင်တစ်ကောင်ကို စောင့်ကြည့်နေကြသည်။
ရှဲ့ဝမ်က သခင်ကြီးချင်းတို့လင်မယားကို စကားစမြည် ပြောလေသည်။ “သခင်ကြီးချင်းနဲ့ သခင်မကြီးချင်းတို့ကို ကျွန်တော် မေးချင်တာလေးရှိလို့”
“မေးပါ မစ္စတာရှဲ့”။
“ဒီလောက်ထိ နုပျိုနေတာ ဘာလျှို့ဝှက်ချက်တွေ ရှိလို့လဲ”
သေချာပါသည်။ လူတိုင်းက အဘိုးချင်းတို့ လင်မယား ဘာကြောင့် နုပျိုနေရသလဲဆိုတာကိုသာ စိတ်ဝင်စားနေကြသည်။
အဘိုးချင်းကလည်း တူညီသည့် အဖြေတစ်ခုတည်းကိုသာ ပေးခဲ့သည်။
“တကယ် အဲ့တာပဲလား”။ ဒီလောက် မရိုးရှင်းနိုင်ဘူးဟု ရှဲ့ဝမ် ခံစားမိသည်။ ဘာပဲဖြစ်ဖြစ် တောင်ပေါ်ဒေသတွေမှာ နှစ်ပေါင်းများစွာ နေထိုင်နေသည့် လူတွေ ရှိကြသည်။ လေ့ကျင့်ခန်းလည်း မှန်မှန်လုပ်ကြသည်။ သို့သော် အဘိုးချင်းတို့ လင်မယားလောက် နုပျိုနေသူတွေက ရှားပါသည်။
“ဒါပေါ့ ကျုပ်တို့ရဲ့ ချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက်ရှိနေရင် ပိုကောင်းတာပေါ့”။ အဘိုးချင်းက ပြောလိုက်ပါသည်။
စူစူလေးကို ရှဲ့ဝမ် အကဲခတ်လိုက်ပြီး ဒါတော့ဖြစ်နိုင်သည်ဟု ခံစားလိုက်ရသည်။
ဒီလို ကလေးမလေးတစ်ယောက်သာ အနားမှာ ရှိနေပါက ကျိန်းသေပေါက် နုပျိုသလို ခံစားမိမှာ အမှန်ပင်။
“အင်း… အဲ့တာတော့ နည်းနည်းခက်ပြီ။ ကျွန်တော့်မှာ ကလေးမွေးပေးမယ့် အမေကိုတောင် မရှာနိုင်သေးပါဘူးဗျာ”။
ဟူး… အားကျလိုက်တာ။ လက်မထပ်ဘဲ ဒီလိုချစ်ဖို့ကောင်းတဲ့ ကလေးမျိုး မွေးနိုင်ရင် ဘယ်လောက်ကောင်းလိုက်မလဲ။
“မစ္စတာရှဲ့ စိတ်ဓာတ်မကျပါနဲ့။ ကံပါရင် ကလေးရမှာ သေချာပါတယ်”။ အဘိုးချင်းက နှစ်သိမ့်လိုက်သည်။
“ဟုတ်ပါတယ်။ အဲ့ဒီကိစ္စအတွက် မျှော်လင့်ချက်ရှိသေးတယ်”
သူအသက်ကြီးလာပြီဖြစ်မှန်း ရှဲ့ဝမ်သိပါသည်။ အခုချိန်မှ လက်ထပ်လိုက်ရင်တောင် ကလေးရဖို့ မသေချာတော့ပါ။
သို့သော် အဘိုးချင်းတို့ လင်မယား အသက် ၇၀ ကျော်အရွယ်ရောက်ခါမှ ဒီလို ချစ်စရာကောင်းသည့် သမီးလေး မွေးထားတာကိုမြင်ပြီး သူလည်း လုပ်နိုင်သည်ဟု ရှဲ့ဝမ် ခံစားလိုက်ရသည်။
ရှဲ့ဝမ်တစ်ယောက် အဘိုးချင်းတို့ လင်မယားနှစ်ယောက်နဲ့ စကားအတူတူ ပြောနေတာကို မြင်ပြီး ညစာစားပွဲ တက်ရောက်လာသည့်လူတွေ စိတ်ဝင်စားသွားကြသည်။ ထိုလူတွေအနက် ချန်းဝမ်ချိုင်လည်း အပါအဝင်ဖြစ်ပါသည်။
မကြာသေးခင်က ဟွာချန့်မြို့မှာ ပေါ်ပေါက်လာသည့် နည်းပညာကုမ္ပဏီသစ်တစ်ခုက ချင်းမိသားစုနဲ့ စီးပွားရေး ပြိုင်ဆိုင်နေသည်ဟု အားလုံး ကြားမိကြသည်။ ချင်းမိသားစု၏ ပါတနာများစွာ ထိုကုမ္ပဏီသစ်ထံ ရောက်ရှိကုန်ကြလေသည်။
ချင်းမိသားစု၏ မိတ်ဆွေဟောင်းဖြစ်သော ချန်းဝမ်ချိုင်ကတောင် ဘက်ပြောင်းဖို့ စဉ်းစားနေပြီဟု ကောလဟာလ ထွက်နေ၏။
ဒီကာလအတွင်း ချင်းမိသားစု ကံနိမ့်နေပြီဟု ယူဆထားခဲ့ကြသည်။
သို့သော်လည်း ရှဲ့ဝမ်နဲ့ တရင်းတနှီး စကားပြောဆိုနေပုံတွေကို မြင်ပြီး ထိုက်ယွဲ့အုပ်စုနဲ့ ချင်းမိသားစုတို့ ဘယ်လို ဆက်ဆံရေးတွေ ရှိနေသလဲဆိုတာ အားလုံး စိတ်ဝင်စားသွားကြပါသည်။
ဘေးပတ်လည်က လူတွေရဲ့ အကြည့်က စူစူလေး၊ လုကျန်းယွီနဲ့ ဟူကျစ်တို့ကို အနှောင့်အယှက် မဖြစ်စေပါ။
စူစူလေးက လုကျန်းယွီကို ကြည့်ရင်း မေးလိုက်သည်။ “ကိုကြီး လေ့ကျင့်ခန်းတွေ လုပ်ရတော့မယ်လို့ ဦးလေး ပိုင်ဟူကျစ်က ပြောတယ်။ လေ့ကျင့်ခန်းတွေ လုပ်နေပြီလား”
“အင်း လုပ်နေပြီ”
“အရမ်းပင်ပန်းမှာလို့ ဦးလေးပိုင်ဟူကျစ်က ပြောတယ်။ ကိုကြီး ပင်ပန်းနေပြီလား”။ စူစူလေးက ထပ်မေးသည်။
“မပင်ပန်းပါဘူး”။ အလွန်ပင်ပန်းသော်လည်း လုကျန်းယွီ လေ့ကျင့်ခန်းလုပ်ရတာ သဘောကျပါသည်။
“အင်း ကြိုးစားထား ကိုကြီး!”
“ကြိုးစားမှာပါ”။ လုကျန်းယွီ ကတိပေးလိုက်သည်။
“မြောင်~ မြောင်~”
ထိုစဉ် ဟူကျစ်က လုကျန်းယွီပေါ် ရုတ်တရက် ခုန်တက်လိုက်ပြီး ခြေထောက်တွေကို ပွတ်သပ်လိုက်ပါသည်။
လုကျန်းယွီ၏ ခြေထောက်ကို အရသာရှိသည့် အသားပြားကြီးတစ်ခုလို သဘောထားပြီး ပွတ်သပ်နေခြင်း ဖြစ်သည်။
… … …