← Chapters

အခန်း (၆၄၆-၆၅၀)

Vol. 26 Ch. 646-650

အခန်း (၆၄၆-၆၅၀)

Vol. 26 Ch. 646-650

အခန်း(၆၄၆) စိတ်မညစ်ပါဘူး

လုကျန်းယွီလည်း ဟူကျစ်၏ ခေါင်းလေးကို ပွတ်ပေးလိုက်သည်။

ဟူကျစ်က လုကျန်းယွီကို ပွတ်သပ်ခွင့်ပေးလိုက်ပြီး ကျေနပ်နေသည့် မျက်နှာမျိုးပင် လုပ်ပြလိုက်ပါသည်။

“မြောင် မြောင်~”

မလှမ်းမကမ်းမှ စောင့်ကြည့်နေသည့် ဟဲပေမူတစ်ယောက် မျက်စပစ်လိုက်မိသည်။

ဒီကြောင်စုတ်က တွေ့ကရာ လူတိုင်းကို လိုက်ကပ်နေတာ အရှက်မရှိဘူးလား။

သို့သော် ဟူကျစ်က သူ့ကို မမြင်ဘဲ လုကျန်းယွီ၏ ခန္ဓာကိုယ်ပေါ်မှာ ပွတ်သပ်နေဆဲဖြစ်သည်။

အချိန်အတော်ကြာမှ ဟူကျစ် တစ်ခုခုကို သတိရသွားသည်။ “မြောင်~ မြောင်~”

ချူးယန်ရှီအကြောင်းကို လုကျန်းယွီအား တိုင်ပြောလိုက်လေသည်။

လုကျန်းယွီက နားမလည်သော်လည်း ဟူကျစ် မကျေမနပ်ဖြစ်နေတာကို သတိထားမိပုံရသည်။

ထို့ကြောင့် စူစူလေးကို လုကျန်းယွီ မေးလိုက်ပါသည်။ “ဒီနေ့ စိတ်ညစ်စရာတစ်ခုခုဖြစ်ထားတာလား”

“မဖြစ်ပါဘူး” စူစူလေးက အမှန်တိုင်း ပြန်ဖြေလိုက်ပါသည်။

ဒီနေ့ စိတ်ညစ်စရာရှိလို့လား။ မရှိပါဘူး။ ဖေဖေ မေမေတို့နဲ့ အတူ ကောင်းကောင်း သောက်စားပြီး ပျော်ခဲ့ရတယ်!

စူစူလေး၏ မျက်နှာပေါ်က ဖြူစင်တောက်ပသော အပြုံးကို လုကျန်းယွီ မြင်လိုက်ရသည်။

အသေးအဖွဲပြဿနာလေးများက စူစူလေး၏ စိတ်ကို အနှောင့်အယှက် မဖြစ်စေနိုင်ပါ။

“ဟုတ်ပါပြီ”

“ကိုကြီးကော စိတ်ညစ်နေတာလား”

“ကိုကြီးလည်း ပျော်ပါတယ်” စူစူလေး ပျော်တာကို မြင်ရသဖြင့် သူ့ဆီကိုပါ အပျော်တွေ ကူးစက်လာတာ ငြင်းမရပေ။

“အွန်းအွန်း ပျော်အောင် နေရမယ်!”

“မြောင်~ မြောင်!”။ ဟူကျစ်ကလည်း သူတို့နှစ်ယောက်ကြား အတင်းတိုးဝှေ့ကာ နေရာဝင်ယူပါသည်။ ဒါဆို ငါလည်းပျော်တယ်!

ခပ်လှမ်းလှမ်းမှာ အချိန်အတော်ကြာအောင် စောင့်ကြည့်ပြီးနောက် ချူးယန်ရှီ ဒေါသကို ထိန်းချုပ်လိုက်ပြီး ချူးဟမ့်နဲ့အတူတူ အပေါ်ထပ်သို့ တက်သွားခဲ့ပါသည်။

ယာယီ အဆင်မပြေမှုတွေကြောင့် စိတ်ထိခိုက်ဖို့ မလိုဘူးဟု ချူးယန်ရှီ ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်ခဲ့သည်။ နောက်ဆုံးအချိန်မှာ ရယ်နိုင်သူတွေကသာ အနိုင်ရသူတွေဖြစ်လိမ့်မည်။

--- --- ---

လွန်ခဲ့သည့် ၂ ရက်အတွင်း ချင်းရှင်းကျစ် အလွန် အလုပ်ရှုပ်နေခဲ့သည်။

ကုမ္ပဏီက တခြားအခက်အခဲတစ်ခု ကြုံလာရတာကြောင့် ဖြစ်ပါသည်။

အရင်တစ်ခေါက်က ကုန်ကြမ်းကိစ္စ ဖြစ်ခဲ့သော်လည်း မိုးကြိုးပစ်ချမှုကြောင့် ဆန်းကြယ်စွာ အဆင်ပြေသွားခဲ့သည်။

ဒီတစ်ခါတော့ အော်ဒါပြဿနာတွေ ရင်ဆိုင်နေရတာဖြစ်သည်။

ဒီလုပ်ငန်းနယ်ပယ်ထဲမှာ ချင်းအုပ်စုက အမြဲတမ်း နာမည်ကောင်းရခဲ့သည်။ ထုတ်ကုန်များက အရည်အသွေး ကောင်းမွန်သဖြင့် အော်ဒါမရမှာ စိတ်ပူစရာ မလိုခဲ့ပါ။

အရင်တုန်းက ချင်းအုပ်စုကို ကျန်းကျန့်မင် ဒုက္ခပေးဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပါ။

သို့သော် မကြာသေးခင်က ချူးဟမ့်တစ်ယောက် သူတို့ ကုမ္ပဏီနဲ့ လုပ်ငန်းချင်း တူညီသည့် ကုမ္ပဏီသစ်တစ်ခုကို တည်ထောင်ခဲ့သည်။ သူတို့နဲ့ အရည်အသွေးချင်းတူညီသည့် ထုတ်ကုန်များကို ဈေးနှုန်း ပိုသက်သာစွာ ကမ်းလှမ်းပေးနေသည်။

ချင်းအုပ်စုမှ ကမ်းလှမ်းထားသည့် ဈေးနှုန်းက ဒီနယ်ပယ်မှာ အသက်သာဆုံးဟု ဆိုနိုင်သည်။ ဒီ့ထက် ပိုသက်သာရမည် ဆိုလျှင် ဖြစ်နိုင်ချေက နှစ်ခုသာ ရှိပါသည်။ နည်းပညာပိုင်းမှာ ဆန်းသစ်တီထွင်မှုတစ်ခုခု ပေါ်ပေါက်လာခြင်း သို့မဟုတ် ကုန်ကြမ်းတန်ဖိုးများကို လျှော့ချလိုက်ခြင်းတို့သာ ဖြစ်နိုင်လိမ့်မည်။

နှစ်ခုစလုံးသာ မဟုတ်ပါက ရည်ရွယ်ချက်ရှိရှိ ယှဉ်ပြိုင်တိုက်ခိုက်ခြင်းသာ ဖြစ်နိုင်တော့သည်။ ငွေအရှုံးခံပြီး ဈေးကွက် ရှယ်ယာကို လုယူနေခြင်း ဖြစ်နိုင်သည်။

ထို့ကြောင့် ချင်းအုပ်စု ဖိအားများလာခဲ့၏။

လက်ရှိ ချင်းမိသားစု၏ ဦးစီးတစ်ယောက်အနေဖြင့် ချင်းရှင်းကျစ်က ဖိအားအများဆုံး ဖြစ်သည်။

သူမရဲ့ အစ်ကိုကြီး ဒီရက်ပိုင်းထဲ အလုပ်တွေ အရမ်းများနေတာကို စူစူလေးလည်း သတိထားမိပါသည်။ အလုပ်များလွန်းသဖြင့် နေ့လယ်စာ၊ ညစာ စားချိန်တွေမှာတောင် မတွေ့ရတတ်ပေ။

“ဖေဖေ အစ်ကိုကြီး ဘာဖြစ်နေတာလဲဟင်”။ စူစူလေး မေးလိုက်သည်။

“သမီး အစ်ကိုကြီးက အလုပ်များနေလို့ပါ။ အခု စာကြည့်ခန်းထဲမှာ အလုပ်လုပ်နေတာ။ ခဏနေရင် သူ့ဖာသာသူ ဆင်းစားလိမ့်မယ် စိတ်မပူနဲ့ သမီးလေး”။ အဘိုးချင်းက ရှင်းပြလိုက်သည်။

“ဪ…”။ အဲ့လိုကိုး…။ အဲ့တာဆို ကိစ္စမရှိပါဘူး။

ညစာစားပြီးနောက် စူစူလေး ကိုယ့်အခန်းကိုယ် ပြန်လာစဉ် ချင်းရှင်းကျစ်၏ စာကြည့်ခန်းရှေ့မှ ဖြတ်သွားရသည်။

ဟထားသည့် တံခါးကြားထဲမှ အလုပ်များနေသည့် ချင်းရှင်းကျစ်ကို စူစူလေး လှမ်းမြင်လိုက်ပါသည်။ ချင်းရှင်းကျစ်က အလွန်ပင်ပန်းနေပုံပေါက်ပြီး နားထင်တွေကို လက်ဖြင့် မကြာခဏ ပွတ်နေသည်။

အစ်ကိုကြီး ဘာဖြစ်နေတာလဲ။ သူ့ကြည့်ရတာ စိတ်ဖိစီးနေတဲ့ပုံပဲ…။

… … …

အခန်း(၆၄၇) ညီမလေးရှိနေရုံနဲ့ အားတက်တယ်

စူစူလေး စာကြည့်ခန်းထဲ ဝင်လာခဲ့သည်။

ချင်းရှင်းကျစ်၏ အာရုံက ရှေ့က ကုမ္ပဏီစာရွက်စာတမ်းတွေပေါ်သာ ရောက်နေသဖြင့် စူစူလေး ဘေးနား ရောက်လာတာကိုတောင် သတိမထားမိပါ။

“အစ်ကိုကြီး”

စူစူလေး ခေါ်လိုက်သည်။ သူမရဲ့ နူးညံ့ချိုမြိန်သည့် အသံလေးကြောင့် ချင်းရှင်းကျစ် ရုတ်တရက် ရပ်တန့်သွားသည်။ ထို့နောက် ဘေးကို လှည့်ကြည့်လိုက်ရာ ခေါင်းလေးစောင်းပြီး သူ့ကို ကြည့်နေသည့် စူစူလေးအား မြင်လိုက်ရပါသည်။

“စူစူလေး ဘာကိစ္စရှိလို့လဲ”

ပင်ပန်းနေသော်လည်း စူစူလေးကို မြင်သောအခါ ချင်းရှင်းကျစ်၏ မျက်နှာပေါ်မှာ ရွှင်လန်းမှုတချို့ ပေါ်လာခဲ့ပါသည်။

“အစ်ကိုကြီးကို ‌တွေ့ချင်လို့လေ”။ စူစူလေးက ချင်းရှင်းကျစ်၏ ပေါင်ပေါ် တက်ထိုင်လိုက်ပါသည်။

သူ့ပေါင်ပေါ် ထိုင်နေသည့် စူစူလေးကို ကြည့်ရင်း ချင်းရှင်းကျစ် အပြုံးများဖြင့် ပြည့်နျက်သွားသည်။ မျက်နှာပေါ်မှာ ပင်ပန်းနွယ်းနယ်မှုတချို့ ထင်ဟပ်နေသော်လည်း စိတ်ပျော်ရွှင်မှုကိုတော့ အဟန့်အတာား မဖြစ်စေပါ။

“အစ်ကိုကြီး အလုပ်များနေတယ်လို့ ဖေဖေက ပြောတယ်”

“အစ်ကိုကြီးကြောင့် စိတ်ပူသွားအောင် လုပ်မိပြီ။ တောင်းပန်ပါတယ္”။ ချင်းရှင်းကျစ်က တောင်းပန်လိုက်ပါသည်။

စူစူလေး ခေါင်းခါလိုက်သည်။ “ရပါတယ်! အစ်ကိုကြီးက သမီးအစ်ကိုကြီးပဲ ဥစ္စာ။ ဂရုစိုက်ပေးရမှာပေါ့!”

စူစူလေးက ခေါင်းမော့ကာ မေးလိုက်သည်။ “အစ်ကိုကြီး ဘာတွေ အလုပ်များနေတာလဲ။ သမီးကူညီပေးမယ်လေ!”

“ကျေးဇူးပါ ညီမလေး။ အဲ့ဒီစကားကြားရုံနဲ့ အစ်ကိုကြီး အားတွေ ပြန်ပြည့်သွားပြီ!”

စူစူလေးက စားပွဲပေါ်ရှိ စာရွက်စာတမ်းများကို ကြည့်လိုက်သည်။ ဂဏန်းတချို့ကလွဲပြီး တခြားစကားလုံးတွေ ဘာမှ သိပ်နားမလည်ပါ။

ဒီလောက် ရှုပ်ထွေးတဲ့ စကားလုံးတွေ အစ်ကိုကြီးဖတ်ရတာ ပင်ပန်းနေမှာပဲ! အစ်ကိုကြီးကို ကူညီပေးချင်ပေမယ့် သူမအတွက်လည်း ခက်ခဲလွန်းနေတယ်!

စူစူလေး၏ ဇဝေဇဝါဖြစ်နေသော မျက်နှာလေးကို ကြည့်ပြီး ချင်းရှင်းကျစ်ပြုံးလျက် ရှင်းပြလိုက်ပါသည်။ “ဒါတွေက အစ်ကိုကြီး လုပ်ရမယ့် အလုပ်တွေပါ။ ညီမလေးက ငယ်သေးတယ်။ နားလည်စရာလည်း မလိုဘူး။ အနာဂတ်မှာ ဒီအလုပ်တွေ လုပ်ဖို့အစီအစဉ်မရှိရင် နားမလည်လည်း ရတယ်”

သူ့ညီမလေးက ပျော်ပျော်ရွှင်ရွှင် ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာဖို့သာ လိုအပ်ပါသည်။ ဒီလို ဦးနှောက်စားရသည့် အလုပ်တွေကို အစ်ကိုကြီးဖြစ်သည့် သူပဲ လုပ်ပါမည်။

စူစူလေးက ချင်းရှင်းကျစ်ကို လှည့်မေးလိုက်သည်။ “အဲ့တာဆို အစ်ကိုကြီးကို ဘာကူညီပေးရမလဲ”

စူစူလေး၏ ချစ်စရာကောင်းသော မျက်နှာလေးကို ကြည့်ရင်း ချင်းရှင်းကျစ် ချက်ချင်း ကြည်နူးသွားသည်။ “ဒါဆို ညီမလေးက အစ်ကိုကြီးပေါင်ပေါ်မှာပဲ ထိုင်ပြီး အဖော်လုပ်ပေးနော်”

သူ့ညီမလေးကို တာဝန်တစ်ခုခုပေးလိုက်ခြင်းအားဖြင့် သူမလည်း ကျေနပ်သွားသလို သူကိုယ်တိုင်လည်း အားအင်တွေ ပြည့်ဝသွားမှာဖြစ်သည်။

“အစ်ကိုကြီးကို အဖော်လုပ်ပေးရုံပဲလား”

“ဒါပေါ့။ ညီမလေးသာ ရှိရင် အစ်ကိုကြီး အရမ်း လန်းဆန်း တက်ကြွသွားမှာ!”

“အွန်း! ဟုတ်ပြီ! အစ်ကိုကြီးရဲ့ ပေါင်ပေါ်မှာ ထိုင်ပြီး အစ်ကိုကြီးကို အားပေးမယ်!”

အင်းလေ… အစ်ကိုကြီးက သူမကို လိုအပ်မှတော့ ကူညီပေးရမှာပေါ့!

စူစူလေးက ခြေထောက်လေးနှစ်ဖက်ကို လှုပ်ရမ်းရင်း လိမ်လိမ်မာမာ ထိုင်နေပါသည်။

ချင်းရှင်းကျစ်လည်း လုပ်စရာရှိတာ ဆက်လုပ်ခဲ့သည်။

စူစူလေး၏ နွားနို့နံ့လေးကို ချင်းရှင်းကျစ် ခပ်သဲ့သဲ့ ရနေသည်။ ထို့အပြင် သူ့ပေါင်ပေါ် ထိုင်နေသည့် စူစူလေး၏ အထိအတွေ့ကို ခံစားမိသည်။

ဒါတွေကလွဲပြီး သူ့ကို အာရုံလွဲစေမည့် အလုပ်မျိုး စူစူလေး မလုပ်ခဲ့ပါ။

ချင်းရှင်းကျစ်ရဲ့ စိတ်တွေလည်း တကယ်ရှင်းလင်းသွားခဲ့ရသည်။

ချင်းရှင်းကျစ် အချိန်အတော်ကြာအောင် အလုပ်လုပ်ပြီးနောက် ငုံ့ကြည့်လိုက်သောအခါ စူစူလေး အိပ်ပျော်နေပြီဖြစ်မှန်း မြင်လိုက်ရပါသည်။

သူမရဲ့ မျက်နှာသေးသေးလေးက သူ့ရင်ဘတ်ကို မှီထားပြီး အသက်ရှူသံတွေ တည်ငြိမ်နေပါသည်။

သူမက ကြောင်ပေါက်လေးတစ်ကောင်လို ‌မွေးပျံ့နေပြီး ချစ်စရာကောင်းလွန်းသည်။

ချင်းရှင်းကျစ် နှလုံးသားတွေ အရည်ပျော်သွားရသည်။ အလုပ်ကြောင့် ပင်ပန်းထားသမျှ ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့ပါသည်။

သူ့ညီမလေးကို ကောင်းကောင်းမွန်မွန်ထားဖို့နဲ့ ပြည့်ပြည့်စုံစုံ ကြီးပြင်းလာစေဖို့အတွက် ဒီကုမ္ပဏီကို သူကျိန်းသေပေါက် ကယ်တင်မှဖြစ်မည်။

ချင်းရှင်းကျစ်အတွက် အစားအသောက်တွေ ယူပြီး ဝမ်ချင်း အခန်းထဲ ဝင်လာသောအခါ ချင်းရှင်းကျစ် ရင်ခွင်ထဲ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည့် စူစူလေးကို မြင်လိုက်ရလေသည်။

… … …

အခန်း(၆၄၈) စူစူလေးရဲ့ ကံကောင်းခြင်း Buff (၁)

စူစူလေးက အလွန်ချစ်ဖို့ကောင်းလွန်းပါသည်။

ဝမ်ချင်းလည်း စူစူလေး၏ စွမ်းအားတွေကို မကြောက်တော့ပါ။ သို့သော် တခြားမိသားစုဝင်တွေနဲ့ စူစူလေး ပျော်ပျော်ရွှင်ရွှင် နွေးနွေးထွေးထွေး ဆက်ဆံနေတာကို မြင်လိုက်တိုင်း သူမ အနည်းငယ် ဝမ်းနည်းပြီး အထီးကျန်သလို ခံစားရပါသည်။

အဘယ့်ကြောင့်ဆိုသော် အခုချိန်မှာ စူစူလေးက သူမတစ်ယောက်တည်းကိုသာ စကားကောင်းကောင်း မပြောတာ ဖြစ်သည်။ ချီခွင့်ပေးဖို့ဆို ပိုဝေးပါသည်။

သူမကို စူစူလေး ခင်မင်လာအောင် ဘယ်လိုလုပ်ရမယ်မှန်းလည်း မသိပါ။ သူမ နည်းလမ်းတိုင်းကို ကြိုးစားကြည့်ပြီးပါပြီ။ ဘာမှ အလုပ်မဖြစ်ခဲ့ပါ။

စားပွဲဆီလျှောက်လာပြီးနောက် ဝမ်ချင်းက အစားအသောက်တွေကို စားပွဲပေါ် တင်လိုက်ပြီး မေးလိုက်သည်။ “စူစူလေး ဒီမှာ ဘာလုပ်နေတာလဲ”

“ရှူးးး တိုးတိုးပြော။ ညီမလေး အိပ်နေတယ်”။ ချင်းရှင်းကျစ်က တီးတိုးပြောလိုက်သည်။

“ဒါဆို ကျွန်မတို့ ဘာလုပ်ကြမလဲ။ အဖေနဲ့ အမေ့ဆီ ချီပို့လိုက်ရမလား”

“ရပါတယ်။ ငါ့ပေါင်ပေါ်မှာပဲ အိပ်ပါစေ”။ ချင်းရှင်းကျစ်က ဆိုသည်။

“ဒါပေမယ့်… စူစူလေး နိုးလာတဲ့အခါကျရင် အဖေနဲ့ အမေ့ကို မမြင်ရင် ဂျီကျလိမ့်မယ်ထင်တယ်…”။ ဝမ်ချင်းက သတိပေးလိုက်သည်။

သူမလည်း စူစူလေးကို ချီထားပြီး ကံကောင်းမှုတွေ စုပ်ယူချင်ပါသည်။ သို့သော် စူစူလေးရဲ့ အကျင့်တစ်ခုကြောင့် အားလုံး တွန့်ဆုတ်ရသည်။

“ဪ ဟုတ်သားပဲ!”။ သူ့ရင်ခွင်ထဲက စူစူလေးကို ချင်းရှင်းကျစ် ငုံ့ကြည့်လိုက်သည်။ သူမကို ဘယ်မှ မသွားစေချင်သော်လည်း စူစူလေး နိုးလာသည့်အခါ ဖြစ်လာမည့် အန္တရာယ်ကို မရင်ဆိုင်ရဲပါ။

“ဒီလိုဆိုရင်ကော သူ့ကို ဟိုနားက ခုံလေးပေါ်မှာ သိပ်ထားလိုက်လေ။ အဲ့တာဆို သူနိုးလာရင်လည်း ရှင် မြင်လိမ့်မယ်”။ ဝမ်ချင်းက အကြံပေးလိုက်ပါသည်။

ဒါမှ သူမလည်း စူစူလေး အိပ်ချင်မူးတူးဖြစ်နေတာကို အခွင့်ကောင်းယူပြီး မုန့်ကျွေးနိုင်မည်ဖြစ်သည်။ ဒီလိုဆို စူစူလေး သူမကို ပိုခင်မင်လာလောက်သည်။

“ဟုတ်ပြီ ဟုတ်ပြီ!”။ ချင်းရှင်းကျစ် ညင်ညင်သာသာ ထလျက် စူစူလေးကို အနီးနားရှိ ခုံပေါ် တင်ကာ သိပ်ထားလိုက်ပါသည်။

ထို့နောက် စားပွဲဆီ ပြန်လျှောက်လာပြီး အလုပ်တွေ ဆက်လုပ်နေလိုက်သည်။

“ရှင် အလုပ်များနေတုန်းလား။ ကုမ္ပဏီကိစ္စတွေက အဲ့လောက် ရှုပ်ထွေးတာလား”။ ဝမ်ချင်း စိတ်ပူစွာ မေးလိုက်ပါသည်။

ခုတလော သူမတို့ ကုမ္ပဏီ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရမှန်း ဝမ်ချင်းလည်း သိပါသည်။ သို့သော် ဒီလောက် ကြီးမားလိမ့်မည်ဟု မထင်ထားခဲ့ပါ။

“အင်း… နည်းနည်း ရှုပ်ထွေးတယ်။ ချူးဟမ့်ဆိုတဲ့လူက ဘယ်ကမှန်းမသိတဲ့ အရင်းအနှီးတွေ အဆက်အသွယ်တွေ ရလာတယ်။ မစ္စတာချန်းကတောင် အဲ့ဒီလူနဲ့ လက်တွဲဖို့ စဉ်းစားနေတယ်လို့ အရိပ်အမြွက်တွေ ပေးနေပြီ”

“ချူးဟမ့်ဆိုတဲ့လူက ပေါ့ပေါ့နေပေါ့ပေါ့စားတဲ့လူ မဟုတ်ဘူးလား။ သူက ဘာအစွမ်းအစမှ ရှိတဲ့လူမဟုတ်ဘူးလို့ အဖေကော ရှင်ကော ပြောဖူးတယ်လေ”။ ဝမ်ချင်းက မေးလိုက်သည်။

သာမန် ပေါ့ပေါ့နေ ပေါ့ပေါ့စားလူတစ်ယောက်က သူမတို့ မိသားစု စီးပွားရေးကို ဒီလောက်ထိ ထိခိုက်အောင် လုပ်နိုင်တာ မဖြစ်နိုင်ပေ။

“သူ့ပုံစံက အဲ့လိုထင်ရတယ်။ အဲ့တာကြောင့် ဆရာကောင်းရသွားတာပဲလား ဒါမှမဟုတ် ငါတို့ သူ့ကို အကဲခတ်တာ မှားသွားတာပဲလား မပြောတတ်တော့ဘူး”။ ချင်းရှင်းကျစ် သက်ပြင်းချလိုက်ပါသည်။

ဒါကိုကြားတော့ ဝမ်ချင်း မျက်မှောင်ကြုတ်သွားပါသည်။

ချင်းရှင်းကျစ်က သူမကို နှစ်သိမ့်ပေးလိုက်သည်။ “အာ့ချင်း စိတ်မပူပါနဲ့။ ကုမ္ပဏီကိစ္စတွေကို ကိုယ်ပဲ တာဝန်ယူလိုက်မယ်။ အာ့ချင်းက ကိုယ့်ကျန်းမာရေးကိုယ် ဂရုစိုက်ပြီး ဗိုက်ထဲက သမီးလေးကို ကျန်းကျန်းမာမာနဲ့ မွေးပေးဖို့ပဲ အာရုံစိုက်”

“ကျွန်မ ဘာမှမဖြစ်ပါဘူး။ နည်းနည်းပါးပါး ကူညီပေးလို့ရတယ်။ တစ်နေကုန် အိမ်မှာပဲ အသုံးမဝင်တဲ့လူလို့ မနေချင်ဘူး”

ကိုယ်ဝန်မရခင်တုန်းက ကုမ္ပဏီကိစ္စတွေမှာ ဝမ်ချင်း အမြဲတမ်း ကူညီပေးလေ့ရှိသည်။ ထို့ကြောင့် အလုပ်တွေကို ဝမ်ချင်း ရင်းနှီးမှုရှိပါသည်။

“ဒါဆို ဂရုစိုက်နော်။ အပင်ပန်းမခံနဲ့”။

စူစူလေး အိပ်ရာနိုးလာပြီး မျက်လုံးတွေကို ပွတ်ကာ ရေရွတ်လိုက်သည်။ “အစ်ကိုကြီး”

ဒါကိုကြားတာနဲ့ ချင်းရှင်းကျစ် ချက်ချင်းပြေးသွားပြီး စူစူလေးကို ပွေ့ချီလိုက်ပါသည်။

“ညီမလေး နိုးလာပြီလား”။ ထို့နောက် စူစူလေးကို စားပွဲဆီသို့ ချင်းရှင်းကျစ် ပြန်ခေါ်လာခဲ့သည်။

စူစူလေးက အိပ်ချင်မူးတူးဖြစ်နေဆဲဖြစ်ကာ ချင်းရှင်းကျစ်၏ ရင်ခွင်ထဲမှာ မှီခိုရင်း လက်နှစ်ဖက်ကို ဆန့်တန်းလိုက်ပါသည်။

ထိုစဉ် သူမရဲ့ လက်ကလေးက စားပွဲပေါ်ကို ရောက်ရှိသွားပြီး ဆူညံသံများ စီစီညံသွားလေတော့သည်။

ခွမ်း-!

ဝမ်ချင်း ယူလာခဲ့သည့် အစားအသောက်တွေအကုန်လုံးကို စူစူလေးက လက်ဖြင့် တိုက်ချသွားသည်။

စွပ်ပြုတ်တွေ၊ ကော်ဖီတွေ အားလုံး စားပွဲပေါ် ဖိတ်ကျကုန်ပြီး စာရွက်စာတမ်းတွေပါ အကုန်စိုရွှဲကုန်ပါသည်။

ဒါကိုမြင်သွားပြီး ချင်းရှင်းကျစ်နဲ့ ဝမ်ချင်းတို့ နှစ်ယောက်စလုံး မျက်နှာတွေ သွေးမဲ့ကုန်ကြလေသည်။

… … …

အခန်း(၆၄၉) စူစူလေးရဲ့ ကံကောင်းခြင်း Buff (၂)

စူစူလေးကို ထိုင်ခုံပေါ် အမြန်တင်ပေးလိုက်ပြီး စားပွဲကို ချင်းရှင်းကျစ် အသည်းအသန် ရှင်းလင်းလေသည်။

စာရွက်စာတမ်းတွေ အကုန်စိုရွှဲကုန်ပြီး အရည်တွေကြောင့် ညစ်ပတ်ကုန်လေပြီ။ အဖတ်ဆယ်ဖို့ နောက်ကျသွားပါပြီ။

“ယောက်ျား၊ အဲ့ဒီ စာရွက်စာတမ်းတွေက အရေးကြီးတာလား။ ကွန်ပျူတာထဲမှာ အရံဖိုင်တွေ ရှိသေးလား။ အခုချိန် ပရင့်ထုတ်လို့ မှီဦးမလား”။ ဝမ်ချင်း အမြန်မေးလိုက်သည်။

“အရေးကြီးတယ်… ကျန်းရှင်းကုမ္ပဏီနဲ့ စာချုပ်တွေလည်း ပါတယ်။ တစ်ဖက်လူက လက်မှတ်ထိုးပြီး တံဆိပ်တုံးတောင် ထုပြီးသွားပြီ။ ကိုယ့်ဖက်က အတည်ပြုဖို့ပဲ လိုတော့တာ။ လက်မှတ်ထိုး၊ တံဆိပ်တုံးထုပြီး ပြန်ပို့ပေးရမှာ…”။ ချင်းရှင်းကျစ် ရှင်းပြလိုက်ပါသည်။

စာချုပ်တစ်ခုက နှစ်ဦးနှစ်ဖက် လက်မှတ်ထိုးပြီး တံဆိပ်တုံးထုပြီးခါမှ အကျုံးဝင်မှာဖြစ်သည်။ ပျက်စီးသွားသည့် ဒီစာချုပ်က ကျန်းရှင်းဘက်မှ လက်မှတ်ထိုးပြီးသား စာချုပ်ဖြစ်ပါသည်။

ယခု စာချုပ်ပျက်စီးသွားပြီဖြစ်သဖြင့် ကျန်းရှင်းကလူတွေကို ဆက်သွယ်ပြီး စာချုပ်အသစ် ရေးဆွဲခိုင်းကာ လက်မှတ်ထိုးပြီး ပြန်ပို့ပေးခိုင်းရတော့မည်။

ဒါကိုကြားတော့ ဝမ်ချင်းမျက်နှာ ပိုဖြူဖပ်သွားသည်။ ကုမ္ပဏီက အကျပ်ရိုက်နေချိန်ဖြစ်သဖြင့် ကျန်းရှင်းနဲ့ပါ အော်ဒါတွေ ဆုံးရှုံးသွားပါက အနာကို ဆားနက်ပက်လိုက်သလို ဖြစ်သွားနိုင်ပါသည်။

“ယောက်ျား၊ ကျန်းရှင်းက လူတွေကို မြန်မြန်သွားဆက်သွယ်လိုက်လေ! စာချုပ်အသစ် ထပ်ချုပ်ရအောင်!”။ ဝမ်ချင်း စိတ်ပူပန်စွာ ပြောလိုက်ပါသည်။

“ဒါပေမယ့် ကျန်းရှင်းရဲ့ ဌာနချုပ်က ပေကျင်းမြို့မှာလေ။ လောနေလို့ ဘာမှ အသုံးမဝင်နိုင်ဘူး”။ ချင်းရှင်းကျစ်က ပြောလိုက်ပါသည်။

“ဒါဆိုလည်း လေယာဉ်လက်မှတ် ဖြတ်ပြီး အခုချက်ချင်း ပေကျင်းကို သွားကြရအောင်! ဒါမှမဟုတ် ယန်ကျစ်နဲ့ ပေပေတို့ကို ဆက်သွယ်ပြီး ကျန်းရှင်းက လူတွေနဲ့ သွားတွေ့ခိုင်းလိုက်ပါလာား”။ ဝမ်ချင်းက အကြံပေးလိုက်သည်။

“အဲ့တာလည်း… အလုပ်ဖြစ်မှာ မဟုတ်ဘူး။ ကျန်းရှင်းရဲ့ မန်နေဂျာလီက ဒီမနက်ပဲ နိုင်ငံခြားကို ထွက်သွားပြီ။ အနည်းဆုံး တစ်ပတ်လောက်ကြာမှာ”။ ချင်းရှင်းကျစ် ရှင်းပြလိုက်လေသည်။

ဒီစာချုပ်ကို မန်နေဂျာလီကိုယ်တိုင် လက်မှတ်ထိုးပေးမှ အကျုံးဝင်လိမ့်မည်။

“ဒါဆို… ကျွန်မတို့ ဘာလုပ်ကြမလဲ”။ ဝမ်ချင်း စိုးရိမ်စိတ်များဖြင့် ပြည့်နှက်သွားခဲ့ပါသည်။

“ကိစ္စမရှိပါဘူး ဒီတိုင်း တစ်ပတ် နှစ်ပတ်လောက် နောက်ကျရုံပါ။ သိပ်ပြီး မထိခိုက်လောက်ပါဘူး”။ ချင်းရှင်းကျစ် သေချာစဉ်းစားလိုက်ပြီး ပြဿနာက သိပ်မကြီးလောက်ဟု ယူဆလိုက်ပါသည်။

“ခုတလော ချူးဟမ့်က ဒီလောက် တိုက်ခိုက်နေတာ။ ဒီချိန်တောအတွင်း ကြီးကြီးမားမားတစ်ခုခုဖြစ်သွားမှာ စိတ်ပူရတယ်…”

ချန်းဝမ်ချိုင်က ချူးဟမ့်နဲ့ လက်တွဲချင်သည့် အရိပ်အယောင်တွေ ပြနေပြီဖြစ်သည်။ ကျန်းရှင်းကိုပါ ပါတနာအဖြစ် ဆုံးရှုံးလိုက်ရပါက ချင်းမိသားစု ထိခိုက်မှု ကြီးမားပါလိမ့်မည်။

“အရမ်းကြီး မစဉ်းစားပါနဲ့”။ ဇနီးဖြစ်သူကို ချင်းရှင်းကျစ် နှစ်သိမ့်ပေးလိုက်ပါသည်။

တချို့အရာတွေ ပြောင်းလဲသွားနိုင်သည်ဟု သူလည်း ထင်မိပါသည်။ သို့သော် သူ့ဇနီး အစိုးရိမ်မလွန်စေဖို့က ပိုအရေးကြီးသည်။

“အင်း…” ဝမ်ချင်း ခေါင်းငြိမ့်လိုက်ပြီး တရားခံ စူစူလေးကို လှည့်ကြည့်လိုက်ပါသည်။

သူမ စိတ်ထဲ အနည်းငယ် ဘဝင်မကျ ဖြစ်သွားသော်လည်း စူစူလေးကို ဘာမှ မပြောရက်ခဲ့ပါ။

စိတ်ထဲမှသာ သက်ပြင်းချလိုက်မိသည်။

ဧကန္တ ကံကောင်းစေတဲ့ ကြယ်ပွင့်လေးဆိုတာ တိုက်ဆိုင်မှုသက်သက်ပဲလား…

အင်းလေ… စဉ်းစားနေလို့လည်း ဘာမှမထူးတော့ပါဘူး။

သူမ မကောင်းတာတစ်ခုခု လုပ်မိပြီဖြစ်မှန်း စူစူလေး သိပါသည်။

စူစူလေး မျက်မှောင်ကြုတ်လျက် ဘာလုပ်ရမလဲ စဉ်းစားလိုက်သည်။

စူစူလေး၏ မျက်နှာလေးကို မြင်ပြီး ချင်းရှင်းကျစ်က အမြန်ချော့လိုက်ပါသည်။ “ညီမလေး ဝမ်းမနည်းပါနဲ့။ ညီမလေး အပြစ်မှ မဟုတ်တာာ။ ဒီစားပွဲကို အစ်ကိုကြီးခေါ်လာခဲ့တာလေ။ စာရွက်စာတမ်းတွေကို သေချာ မသိမ်းတဲ့ အစ်ကိုကြီးရဲ့ အပြစ်ပါ”

ဒီနေ့အဖြစ်အပျက်က စူစူလေး၏ အပြစ်ဟု ချင်းရှင်းကျစ် မထင်ပါ။ စူစူလေး၏ ခေါင်းကို ပွတ်သပ်ပေးရင်း ချင်းရှင်းကျစ် နှစ်သိမ့်ပေးလိုက်ပါသည်။

“အစ်ကိုကြီးအပြစ် မဟုတ်ပါဘူး။ အစ်ကိုကြီးအပြစ်လို့ မပြောရဘူး!”

“ဟုတ်ပါတယ် ဟုတ်ပါတယ်။ အစ်ကိုကြီး အပြစ်လည်း မဟုတ်ပါဘူး။ ဒီစားပွဲခုံရဲ့ အပြစ်!”

“ဟုတ်တယ်! ဒီစားပွဲခုံကြီးရဲ့အပြစ်!”။

စူစူလေးတို့နှစ်ယောက်ရဲ့ စကားတွေကိုနားထောင်ပြီး ဝမ်ချင်း ခေါင်းသာ ခါနိုင်တော့သည်။

--- --- ---

စာချုပ်မချုပ်ရသေးသဖြင့် ကျန်းရှင်းနဲ့ လက်တွဲဖို့ကို ခေတ္တ ရွှေ့ဆိုင်းခဲ့ရသည်။

ညစာစားချိန်တွင် ဝမ်ချင်းက ထိုအကြောင်းကို ထပ်ပြောမိပါသည်။

“ကျန်းရှင်းနဲ့စာချုပ် မတော်တဆ ပျက်စီးသွားတယ်…။ သဘောတူညီမှုကို ရွှေ့ဆိုင်းထားရလို့ မန်နေဂျာလီ ပြန်မလာခင် တစ်ခုခုဖြစ်သွားမှာ စိတ်ပူမိတယ်”

ဒါကိုကြားတော့ အဘိုးချင်းက လက်ထဲက တူကို ချလိုက်ပြီး ချင်းရှင်းကျစ်အား ကြည့်လိုက်ပါသည်။

… … …

အခန်း(၆၅၀) စူစူလေးရဲ့ ကံကောင်းခြင်း Buff (၃)

ချင်းရှင်းကျစ် အမြန် ရှင်းပြလိုက်ပါသည်။ “စာချုပ် မတော်တဆ ရေစိုသွားလို့ပါ…”

“မင်းက အရွယ်ရောက်ပြီးသားလူတစ်ယောက် မဟုတ်ဘူးလား။ ဘယ်လိုဖြစ်လို့ အရေးကြီးတဲ့ စာချုပ်တစ်ခုကို ရေစိုအောင် လုပ်ရတာလဲ”။ အဘိုးချင်း အပြစ်တင်လိုက်သည်။

“ကျွန်တော့် အမှားပါအဖေ။ စိတ်မဆိုးပါနဲ့”။ ချင်းရှင်းကျစ်က အပြုံးဖြင့် တောင်းပန်လိုက်ပါသည်။

“နောက်တစ်ခါ ထပ်မလုပ်ဖို့ အရေးကြီးတယ်”။ အဘွားချင်းက ဝင်ပြောလိုက်သည်။ “နင်လည်း အသက်တွေ ကြီးနေပြီ။ နည်းနည်းပါးပါး ဂရုစိုက်မှပေါ့။ အဲ့လို ကလေးဆန်တဲ့ အမှားမျိုး မလုပ်မိအောင် ကြိုးစား”

“ဟုတ်ကဲ့ပါ ကျွန်တော်နားလည်ပါတယ်။ နောက်တစ်ခါ ဒါမျိုး မဖြစ်စေရပါဘူး”။ ချင်းရှင်းကျစ် ကတိပေးလိုက်ပါသည်။

“မေမေ အဲ့တာ သမီးကြောင့် စိုသွားတာ!”။ စူစူလေးက ရုတ်တရက် ထပြောလိုက်သည်။

“သမီးလေး ဘာပြောတာ”။ အဘွားချင်းက စူစူလေးကို ကြည့်လိုက်ပါသည်။

“အစ်ကိုကြီးရဲ့ စားပွဲပေါ်မှာ ရေတွေစိုသွားအောင် လုပ်လိုက်တာ သမီးလေ။ အစ်ကိုကြီးအပြစ် မဟုတ်ဘူး!”။

ချိုချိုမြိန်မြိန်အသံလေးနဲ့ သူ့ကို ကာကွယ်ပေးနေသည့် စူစူလေးကို မြင်သောအခါ ချင်းရှင်းကျစ် ကြည်နူးသွားပြီ ဆက်ရှင်းပြလိုက်ပါသည်။ “အိပ်ချင်မူးတူးဖြစ်နေတဲ့ ညီမလေးကို စားပွဲဆီ ချီလာတာ ကျွန်တော့်အပြစ်ပါ။ စူစူလေးကို အပြစ်တင်လို့ မရဘူး”

စူစူလေး အိပ်ရာနိုးလာတိုင်း အိပ်ချင်မူးတူးဖြစ်ကာ လက်တွေကို လှုပ်ရမ်းပြီး သူများတွေကို ထိုးနှက်တတ်မှန်း တစ်မိသားစုလုံး သိကြပါသည်။

“ဒါပေမယ့် သမီးလုပ်တာလေ! သမီးတာဝန်ယူမှ ဖြစ်မယ်!”။ စူစူလေး ရင်ဘတ်ကို ပုတ်ကာ ပြောလိုက်ပါသည်။ “ဖေဖေနဲ့ မေမေ အစ်ကိုကြီးကို အပြစ်မတင်နဲ့။ သမီးအပြစ်မို့လို့ တာဝန်ယူပေးမယ်!”

“စူစူလေး ဒါလူကြီးတွေရဲ့ ကိစ္စပါ။ ကလေးတစ်ယောက်က ဘာမှ မကူညီနိုင်ဘူး”။ ဝမ်ချင်း ဝင်ပြောလိုက်သည်။

တာဝန်ယူမယ်ဟုတ်လား။ အသက် ၃ နှစ်ခွဲအရွယ် ကလေးမလေးက ဘာတာဝန်ယူနိုင်မှာလဲ။

ချင်းရှင်းကျစ်ကလည်း နှစ်သိမ့်ပေးလိုက်ပါသည်။ “ဒါညီမလေးရဲ့ အပြစ်မဟုတ်ပါဘူး။ အစ်ကိုကြီး ရှင်းလိုက်မယ်။ အစ်ကိုကြီးကိုယုံနော်”

“အစ်ကိုကြီးကို ယုံပါတယ်”။ စူစူလေးက ခိုင်မာစွာ ပြောလိုက်ပါသည်။

မောင်နှမ နှစ်ယောက်ရဲ့ စကားကို ကြားပြီး အဘွားချင်းလည်း အဖြစ်အပျက်တွေကို နားလည်သွားပါသည်။

မကောင်းတာတစ်ခုခု ဖြစ်သွားသော်လည်း မောင်နှမနှစ်ယောက်ကို ချစ်ချစ်ခင်ခင်နဲ့ မြင်ရတာ အဘွားချင်း အလွန် စိတ်ကျေနပ်ရပါသည်။

“ဟုတ်ပါပြီ။ ဖြစ်ပြီးသားတွေကို ပြန်ပြောနေလို့ မထူးတော့ဘူး။ မန်နေဂျာလီ ပြန်ရောက်လာတဲ့အခါ သွားတွေ့ပြီး စာချုပ်အသစ် လက်မှတ်ထိုးဖို့သာ ပြင်ထားကြ။ အသေးစိတ်တွေ အကုန်လုံးကို ဆွေးနွေးထားပြီးသားမို့လို့ စာချုပ် အသစ်လုပ်တာ သိပ်မကြာလောက်ပါဘူး”။ အဘွားချင်းက ဆိုသည်။

“အင်း…”။ ဝမ်ချင်း တိုးညှင်းစွာ တုန့်ပြန်လိုက်ပါသည်။

အဘွားချင်းက ပြတ်ပြတ်သားသား ပြောလိုက်မှတော့ ဝမ်ချင်း ဘာမှ မပြောနိုင်တော့ပါ။

တစ်ချိန်လုံး တိတ်ဆိတ်နေသည့် ချင်းယုဟွိုင်းက ရုတ်တရက် ဝင်ပြောလိုက်သည်။ “ညစာမစားခင် ပြောစရာကိစ္စ ရှိတယ်။ ကျန်းရှင်းမှာ အခွန်နဲ့ပတ်သတ်ပြီး ပြဿနာရှိနေတယ်ဆိုတဲ့ ကောလဟာလတွေ ကြားမိတယ်”

“အခွန်ရှောင်တာလား”။ ချင်းရှင်းကျစ်က မေးသည်။

“အခွန် သန်း ၃၀၀ လောက် မဆောင်ဘဲ နေခဲ့တယ်လို့ ကြားမိတယ်။ ဒါပေမယ့် အခုချိန် ကောက်ချက်ချဖို့ ခက်ပါသေးတယ်။ ဘာကိုမှ အတည်မပြုနိုင်သေးဘူး”

“ကိစ္စမရှိပါဘူး။ ကျန်းရှင်းက အခွန် သန်း ၃၀၀ လောက် ရှောင်ထားရင်တောင် သူတို့ လုပ်ငန်းရဲ့ အရွယ်အစားနဲ့ အဲ့လောက်ကို ချက်ချင်း ဖြေရှင်းလို့ရတယ်။ တကယ့်ပြဿနာက သူတို့ရဲ့ စတော့ခ်ဈေးကွက်တန်ဖိုးတွေ ကျသွားမှာ။ ဒါပေမယ့် အဲ့တာ ငါတို့ ကုမ္ပဏီနဲ့ မသက်ဆိုင်ဘူးလေ”။ ချင်းရှင်းကျစ်က သုံးသပ်လိုက်ပါသည်။

အခွန်ပြဿနာတစ်ခုတည်းသာဆို ချင်းရှင်းကျစ် သုံးသပ်တာ ဖြစ်နိုင်ပါသည်။

စူစူလေးကို ချင်းယုဟွိုင်း ကြည့်လိုက်သည်။ ကိစ္စတွေက ထင်သလောက် အမြဲတမ်း ရိုးရှင်းမနေနိုင်ဟု ချင်းယုဟွိုင်း ခံစားမိပါသည်။

--- --- ---

နောက်တစ်နေ့ ချူးယန်ရှီ မူကြိုမှာ ရှိနေစဉ် ကျောင်းဝင်ပေါက်သို့ ကားတန်းကြီးတစ်ခု ရောက်ရှိလာခဲ့လေသည်။

ကျောင်းအုပ်ကြီးက ထိုလူတွေကို ကိုယ်တိုင် ထွက်ကြိုဆိုရသည်။

သူမကို လိုရာ ဆု ၃ ဆု ဖြည့်ဆည်းပေးမည်ဟု ကတိပေးထားသည့် အဘိုးကြီး ဘော်ဒီဂတ်တွေ ဝန်းရံလျက် မူကြိုထဲ ဝင်လာတာကို ချူးယန်ရှီ မြင်သွားခဲ့ပါသည်။

“သခင်ကြီးကုပါလား။ ကျွန်တော်တို့ကျောင်းကို ကိုယ်တိုင် လာလည်မယ် ထင်မထားဘူး။ ဆရာဆရာမတွေ အားလုံးကော ကျွန်တော်ပါ ဂုဏ်ယူမိပါတယ်”။ ကျောင်းအုပ်ကြီးက သခင်ကြီးကုကို အပြုံးဖြင့် နွေးနွေးထွေးထွေး ကြိုဆိုလိုက်ပါသည်။

ခုတလော သူတို့ရဲ့ မူကြိုကျောင်း ကံဇာတာတွေ တက်နေပုံရသည်။ အထင်ကရပုဂ္ဂိုလ်တွေ တစ်ယောက်ပြီး တစ်ယောက် ရောက်ရှိလာကြတာကြောင့်ပင်။

… … …

All Chapters