အခန်း (၆၅၆-၆၆၀)
Vol. 27 Ch. 656-660
အခန်း(၆၅၆) ကျောင်းအုပ်ကြီး လာလည်ခြင်း
ကျောင်းသားမိဘ ကော်မတီမှ ပူးပေါင်းတောင်းဆိုမှုကြောင့် ကျောင်းအုပ်ကြီး ခေါင်းကိုက်နေပါသည်။
ဘယ်လိုလုပ်ရမလဲ…။
ချင်းစူစူက ချစ်စရာကောင်းသည့် ကောင်မလေးဖြစ်သည်။ ကျောင်းမှာ လိမ္မာသည့်အပြင် တခြားကလေးတွေကိုပါ လိမ္မာအောင် လမ်းပြပေးနိုင်သည့် ကလေးဖြစ်၏။
ထို့အပြင် ချင်းစူစူ၏ မိဘတွေကလည်း ပေါ့သေးသေး မဟုတ်သည့် သခင်ကြီးချင်းနဲ့ သခင်မကြီးချင်းတို့ဖြစ်ကာ မကြာသေးခင်က သူတို့ကျောင်းကို လာရောက်သွားသည့် ဆရာကြီးကောကလည်း စူစူလေးကို ပါရမီရှိသည်ဟု ဆိုကာ အလွန်သဘောကျပုံ ပေါ်ပါသည်။
ဘယ်ဘက်ကကြည့်ကြည့် ဒီလိုကျောင်းသူမျိုးကို ကျောင်းထုတ်စရာအကြောင်းမရှိဟု ကျောင်းအုပ်ကြီး ခံစားမိသည်။
သို့သော်လည်း ကျောင်းသားမိဘများရဲ့ ထင်မြင်ချက်တွေကိုလည်း လျစ်လျူရှုလို့မဖြစ်ပါ။ ချင်းစူစူ တစ်ယောက်တည်း အတွက်နဲ့ တခြားကျောင်းသားတွေ အားလုံးကို စော်ကားမိသလို ဖြစ်သွားမှာလည်း စိုးရိမ်ရပါသေးသည်။
ထို့အပြင် ကျောင်းသားမိဘတွေရဲ့ တောင်းဆိုချက်ကလည်း အဓိပ္ပာယ်ရှိနေသည်။
ချင်းစူစူ၏ ခွန်အားက သူထင်ထားတာထက် တကယ်ပဲ အများကြီဂ သာလွန်နေပါသည်။ ထို့ကြောင့် မတော်တဆ မဖြစ်နိုင်ဘူးဟု အာမမခံနိုင်ပါ။
သေချာစဉ်းစားပြီးနောက် သခင်ကြီးနဲ့ သခင်မကြီးချင်းတို့ထံ သွားရောက်လည်ပတ်ပြီး သူတို့သဘောထားကို မေးမြန်းကြည့်ဖို့ ကျောင်းအုပ်ကြီး ဆုံးဖြတ်လိုက်ပါသည်။
“သခင်ကြီးနဲ့ သခင်မကြီးချင်းတို့… ကျုပ်လည်း ဘာလုပ်ရမှန်း တကယ် မသိတော့ပါဘူး။ စူစူလေးက ကျောင်းမှာ အမြဲတမ်း ထူးချွန်ခဲ့တာ။ ကျုပ်လည်း သူ့ကို ကျောင်းမထုတ်ချင်ဘူး။ ဒါပေမယ့် တခြား ကျောင်းသားမိဘတွေက တညီတညွတ်တည်း ဆုံးဖြတ်ထားကြတာ။ ကျုပ်က ကျောင်းအုပ်ကြီးဆိုပေမယ့် သူတို့ရဲ့ သဘောထားကို လျစ်လျူရှုလို့ မဖြစ်ဘူးလေ…”
ကျောင်းသားမိဘ ကော်မတီ၏ အသနားခံလွှာကို ကြည့်ရင်း သခင်ကြီးချင်းနဲ့ သခင်မကြီးချင်းတို့ မျက်နှာများ မှောင်မိုက်သွားကြသသည်။
အချိန်အတော်ကြာအောင် စဉ်းစားပြီးနောက် သခင်ကြီးချင်းက ပြောလိုက်၏။ “အခြေအနေကို ကျုပ်တို့ နားလည်ပါတယ်။ ခင်ဗျား အခက်တွေ့နေတာကိုလည်း ကိုယ်ချင်းစာတယ်။ တခြား ကျောင်းသားမိဘတွေရဲ့ ခံစားချက်ကိုလည်း ထည့်တွက်ပေးရမှာပေါ့။ ကျုပ်တို့ကို ရက်လေးနည်းနည်းလောက် အချိန်ပေးဖို့ပဲ တောင်းဆိုပါတယ်။ အဲ့အချိန်ရောက်လို့ ကျုပ်တို့ ဖြေရှင်းချက် မပေးနိုင်ရင် ခင်ဗျားကြိုက်သလို ဆုံးဖြတ်နိုင်ပါတယ်”
“ရပါတယ် ရပါတယ် ကိစ္စမရှိပါဘူး”။ သခင်ကြီးချင်း၏ သဘောထားပြည့်ဝသော စကားကို ကြားပြီး ကျောင်းအုပ်ကြီး စိတ်အေးသွားလေသည်။
သခင်ကြီးချင်းနဲ့ သခင်မကြီးချင်းတို့ သူ့ကို ဒေါသထွက်သွားမှာ ကျောင်းအုပ်ကြီး စိတ်ပူနေခဲ့တာဖြစ်သည်။
“ဒါဆို ကျုပ်တို့ သမီးလေးကို ရက်နည်းနည်းလောက် ခွင့်ပေးပါ”။ အဘိုးချင်းက တောင်းဆိုလိုက်သည်။
“ဟုတ်ကဲ့ပါ။ စူစူလေးကို ကောင်းကောင်း အနားယူခွင့် ပေးလိုက်ပါ”။ ကျောင်းအုပ်ကြီးက ကျေးဇူးတင်စွာ ခွင့်ပြုပေးလိုက်ပါသည်။
“ဒါဆို အကြောင်းထူးရင် ကျောင်းအုပ်ကြီးကို ကျုပ်တို့ သတင်းပါးလိုက်ပါ့မယ်”
“ဟုတ်ကဲ့ ဟုတ်ကဲ့”
ကျောင်းအုပ်ကြီးရင်ထဲက မီးတွေ ငြိမ်းအေးသွားပါပြီ။ ချင်းအိမ်တော်မှ ပြန်ထွက်လာတော့ အများကြီး ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။
ကျောင်းအုပ်ကြီး ပြန်သွားပြီးနောက် အဘွားချင်း မျက်မှောင် ကြုတ်သွားသည်။ မျက်လုံးတွေ စူးရှသွားပြီး ကိုယ့်ပေါင်ကိုယ် လက်ဖြင့် အားပြင်းပြင်း ရိုက်လိုက်ပါသည်။
“အဘွားကြီး ဒေါသထွက်မနေနဲ့။ သမီးလေးကို ဟွာချန်းဆီ စခေါ်လာကတည်းက ဒီလိုပြဿနာမျိုး ငါတို့ မျှော်လင့်ထားပြီးသား မဟုတ်ဘူးလား။ အနှေးနဲ့ အမြန်ဖြစ်လာမှာပဲ”။ အဘိုးချင်း အမြန်နှစ်သိမ့်ပေးလိုက်ပါသည်။
“ဖြစ်လာတာက ဟုတ်တယ်။ ဒါပေမယ့် အနှေးနဲ့ အမြန်ဆိုတာကတော့ ကွာတယ်! ကျွန်မတို့ သမီးလေး အရွယ်ရောက်မှ ဒီလိုပြဿနာဖြစ်တာဆိုရင် သူ စဉ်းစားဉာဏ် ရှိလာပြီး ဘယ်သူဘာပြောပြော ဂရုစိုက်မှာမဟုတ်ဘူး။ အဲ့တာဆို ကျွန်မတို့လည်း ဘာမှ စိတ်ပူစရာမလိုဘူး”။ အဘွားချင်းက ဆို၏။
တခြားသူတွေ သူမတို့ကို ဘာပြောပြော အဘွားချင်း ဂရုမစိုက်ပါ။ သို့သော်လည်း သူမ သမီးလေးကို သူများတွေ အတင်းအဖျင်းပြောမှာကိုတော့ အလွန်စိတ်ပူပါသည်။
သူမ သမီးလေးက အလွန်ငယ်သေးသည်။ လူတွေရဲ့ ထူးထူးဆန်းဆန်းအကြည့်တွေကြောင့် စိတ်ဒဏ်ရာ ရသွားရင် ဘယ်လိုလုပ်မည်နည်း။
စဉ်းစားကြည့်ရုံနဲ့ အဘွားချင်း ဒေါသထွက်လာပါသည်။
အဘိုးချင်းလည်း မျက်မှောင်ကြုတ်မိသည်။ သူ့သမီးလေး စိတ်ဒဏ်ရာ ရသွားမှာကို စိတ်ပူမိသည်။ ထိုပုံရိပ်ကို အဘိုးချင်း စိတ်တောင် မကူးရဲပါ။
အရာရာကို စိတ်လျှော့ထားသင့်သည့် အရွယ်ကို ရောက်နေကြပါပြီ။ သို့သော်လည်း သမီးလေးနဲ့ ပတ်သတ်လာလျှင် အဘိုးချင်းက ငယ်ငယ်တုန်းကလိုပဲ စိတ်လိုက်မာန်ပါ လုပ်ချင်နေလေသည်။
… … …
အခန်း(၆၅၇) ချင်းမိသားစု အစည်းအဝေး
စူစူလေး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေစဉ် ချင်းမိသားစု တစ်စုလုံး ညသန်းခေါင်ယံအချိန် အစည်းအဝေး လုပ်ကြသည်။
ချင်းမိသားစုဝင်တွေအပြင် ချင်းအိမ်တော်မှာ ယာယီနေထိုင်ကြသည့် ဆရာကြီးရှုယီနဲ့ စန်းကျစ်တို့ပါ ပါဝင်ပါသည်။
လူ ၃၀ - ၄၀ ခန့် ဆံ့သော ချင်းမိသားစု၏ အစည်းအဝေး အခန်းကျယ်ကြီးထဲရှိ စားပွဲဝိုင်းကြီးတွင် မိသားစုဝင်များ ထိုင်နေကြသည်။
အားလုံးရဲ့ မျက်နှာတွေက အလွန်တည်တံ့နေပြီး တချို့ဆို မျက်လုံးထဲမှာ ဒေါသအရိပ်အယောင်တွေကိုတောင် မြင်နေရပါသည်။
အဘိုးချင်းက မိသားစုကို စတင် ပြောကြားလိုက်သည်။ “အားလုံးလည်း အွန်လိုင်းပေါ်က စူစူလေးရဲ့ သတင်းကို မြင်ပြီးကြလောက်ပြီပေါ့။ ကျောင်းအုပ်ကြီး ငါတို့ကို လာတွေ့သွားတယ်။ စူစူလေးကို သူတို့ ကြောက်လန့်နေကြတယ်။ နောက်ဆုံး စူစူလေးကို ကျောင်းထုတ်ဖို့တောင် အသနားခံလွှာ တင်ထားကြတယ်”
“ညီမလေးကို သူတို့ ဘာကြောက်စရာလိုလို့လဲ”။ ချင်းရှင်းကျစ် ဒေါသတကြီး ဝင်ပြောလိုက်ပါသည်။
“ဟုတ်တယ်! ဒေါ်လေးက အားနည်းနည်း သန်ရုံပဲရှိတာ။ သူတို့က ဘာမှမဟုတ်တာအတွက် ဘာလို့ ရေးကြီးခွင်ကျယ် လုပ်နေကြတာလဲ”။ ချင်းယုဟန်လည်း အလွန်ခံပြင်းနေပါသည်။
“အမှန်ပဲ! ပြီးတော့ ဒေါ်လေးက ကျောင်းတက်နေတာ ကြာပြီလေ။ ဘာဖြစ်ဖူးလို့လဲ။ ဒေါ်လေးကို အန္တရာယ်ရှိတယ်လို့ သူတို့ ပြောခွင့်ရှိလို့လား”။ ချင်းယုကျိုးကလည်း ထောက်ခံလိုက်သည်။
ထို ၃ ယောက်က ခံစားချက်တွေကို မထိန်းသိမ်းတတ်ပါ။ သူတို့မျက်နှာတွေက ဒေါသထွက်နေမှန်း အလွန်သိသာသည်။
ချင်းယုဟွိုင်းနဲ့ ချင်းယုချဲတို့ကတော့ စိတ်ပိုင်းဆိုင်ရာ ထိန်းချုပ်နိုင်စွမ်းရှိကြသည်။
ထို့အပြင် ပုံမှန်ဆို စိတ်လိုက်မာန်ပါ လုပ်တတ်သည့် ချင်းယုကျီးလည်း အလွန်တည်ငြိမ်နေလေသည်။ သို့သော် သူ့မျက်လုံးများက တခြားသူတွေထက် ပိုအုံ့မှိုင်းလို့နေသည်။
ချင်းယုဟွိုင်းက ဝင်ပြောလိုက်၏။ “အဖေနဲ့ ယုကျိုးတို့ စိတ်လျှော့ပါ။ ကျောင်းသားမိဘတွေ စိတ်ပူတာကို နားလည်ပေးလို့ရတယ်။ ကျွန်တော်တို့ ဒေါသထွက်သင့်တာ ကျောင်းအုပ်ကြီးကိုလည်း မဟုတ်ဘူး ကျောင်းသားမိဘတွေကိုလည်း မဟုတ်ဘူး။ စူစူလေးရဲ့ ဗီဒီယိုကို ဖြန့်ခဲ့တဲ့လူကို ဒေါသထွက်ရမှာ”
“ဒီဗီဒီယိုကို တစ်ယောက်ယောက်က ရည်ရွယ်ချက်ရှိရှိ ဖြန့်လိုက်တာလို့ ပြောချင်တာလား”။ ချင်းယုကျီး မေးလိုက်လေသည်။
“ဗီဒီယိုရိုက်ထားတဲ့ ရှုထောင့်က သာမန် ဖြတ်သွားဖြတ်လာ လူတွေ ရိုက်ထားတဲ့ ရှုထောင့်မျိုး မဟုတ်ဘူး။ ပြီးတော့ ငါစုံစမ်းပြီးသွားပြီ။ ဗီဒီယိုကို ဖြန့်တဲ့ အကောင့်က ဗီဒီယိုကို မဖြန့်ခင် ငွေတွေ လက်ခံရရှိထားတယ်။ တစ်ယောက်ယောက်က ငွေပေးပြီး ဗီဒီယိုကို ဖြန့်ခိုင်းခဲ့တာ”။ ချင်းယုဟွိုင်း ရှင်းပြလိုက်သည်။
“ငါတို့ဒေါ်လေးကို တစ်ယောက်ယောက်က ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတာပေါ့ဟုတ်လား အစ်ကိုကြီး” ချင်းယုဟန် မေးလိုက်သည်။ သူ့အစ်ကိုကြီးရဲ့ စကားကိုကြားပြီး ချင်းယုဟန် ဒေါသ ပိုထွက်လာပါသည်။
“လက်ရှိ ရထားတဲ့ သက်သေတွေကို ကြည့်ရသလောက်တော့ အဲ့လိုဖြစ်ဖို့ များတယ်။ ဒါပေမယ် ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ဗီဒီယိုရဲ့ ရင်းမြစ်ကို ငါတို့ စုံစမ်းရမှာတော့ သေချာတယ်”
အချိန်အကန့်အသတ်ကြောင့် ချင်းယုဟွိုင်း သေသေချာချာ မစုံစမ်းရသေးပါ။
“ဘယ်သူက ဒီလိုလုပ်ရတာလဲ။ ငါတို့ ဒေါ်လေးက ငယ်ငယ်လေးပဲ ရှိသေးတာ! ဘယ်သူက ငါတို့ ဒေါ်လေးကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတာလဲ”။ ချင်းယုဟန် ဒေါသတကြီး ပြောလိုက်သည်။
အစက စူစူလေးကို ကျောင်းထုတ်ဖို့ ပြောနေသည့် ကျောင်းသားမိဘတွေကို သူဒေါသထွက်ခဲ့သော်လည်း အခုတော့ ဗီဒီယီုကို တမင်သက်သက် ဖြန့်ခဲ့သူက ပိုပြီး အပြစ်ရှိမှန်း နားလည်သွားပါပြီ။
“ကောင်းပြီ! ငါ့ညီမလေးကို တိုက်ခိုက်ဖို့ ကြိုးစားနေကြတယ်ပေါ့! မမိစေနဲ့ပေါ့ကွာ မိလို့ကတော့ မလွယ်ဘူး!”။ ချင်းရှင်းကျစ် ဒေါသတကြီး ခြိမ်းခြောက်လိုက်ပါသည်။
“ဒါလွယ်ပါတယ်။ ဗီဒီယိုကို ဖြန့်ဖို့ ဘယ်သူ ငွေပေးခိုင်းခဲ့တာလဲဆိုတာ ကျွန်မ စုံစမ်းလိုက်မယ်! ရလဒ် အမြန်ဆုံး ထွက်စေရမယ်!”။ စန်းကျစ်က အလျှင်အမြန်ပဲ တာဝန်ယူလိုက်သည်။
အွန်လိုင်းဗီဒီယိုတွေရဲ့ ရင်းမြစ်ကို ရှာဖွေရတာ စန်းကျစ်၏ ကျွမ်းကျင်မှုဖြစ်သည်။
“ဒါဆို တောင်းဆိုပါတယ်”။ ချင်းယုဟွိုင်းက ပြောလိုက်သည်။
“စူစူလေးရဲ့ ကိစ္စက ကျွန်မကိစ္စပဲ။ ကျွန်မကို အားနာစရာ မလိုဘူး။ စူစူလေးကို တိုက်ခိုက်ဖို့ ကြိုးစားတဲ့လူမှန်သမျှကို ခွင့်လွှတ်မပေးနိုင်ဘူး!”။ စန်းကျစ်က လေးလေးနက်နက် ပြန်ပြောလိုက်ပါသည်။
အဘွားချင်းက အားလုံးကို မေးလိုက်သည်။ “နောက်ကွယ်က လူကို စုံစမ်းတာလည်း စုံစမ်းပေါ့။ ဒါပေမယ့် ငါတို့သမီးလေးကိုလည်း ကာကွယ်ပေးချင်သေးတယ်။ သူ့ရဲ့ ကလေးဘဝကို မပျက်စီးစေချင်ဘူး။ ဘယ်သူ အကြံကောင်းဉာဏ်ကောင်း ပေးနိုင်ကြလဲ”
… … …
အခန်း(၆၅၈) တာဝန်ကိုယ်စီ ခွဲယူခြင်း
ဒါကိုကြားတော့ အားလုံး တိတ်ဆိတ်သွားကြသည်။
အင်တာနက်ခေတ်ဖြစ်သဖြင့် ဒီကိစ္စသာ ဆက်ကြီးထွားသွားလျှင် ဟုံဖုန်းမူကြိုကျောင်းတစ်ခုတည်းသာမကဘဲ ဘယ်မူကြိုကမှ စူစူလေးကို လက်ခံတော့မှာ မဟုတ်ပေ။
မူကြိုမှာသာ မကဘဲ နေ့စဉ်ဘဝမှာပါ စူစူလေးကို လူတွေ ထူးထူးဆန်းဆန်း ကြည့်လာကြလိမ့်မည်။
ဒီလိုသာဆို စူစူလေးရဲ့ ငယ်ဘဝ ထိခိုက်သွားနိုင်သည်။
လက်မခံနိုင်ပါ။ ဒီလိုလုံးဝ ဖြစ်လို့ မရပါ။
စူစူလေးကို ကာကွယ်ပေးဖို့အတွက် ဒီကိစ္စ ဆက်ပြန့်သွားလို့ မဖြစ်ပါ။ စူစူလေးကို မကောင်းဆိုးဝါးဟု ဘယ်သူ့ကိုမှ ထင်ခွင့်မပေးနိုင်ပါ။
အချိန်အတန်ကြာပြီးနောက် ချင်းယုဟန်က ပြောလိုက်သည်။ “အဘိုးနဲ့ အဘွား၊ ဒီလိုဆိုရင်ကော။ ဒီဗီဒီယိုကို အတုလို့ ထင်သွားအောင် လုပ်လိုက်ရင်ကော”
“အဲ့လို လုပ်လို့ ရလို့လား”။ အဘွားချင်းက မေးလိုက်သည်။
“ဗီဒီယို ဖန်တီးတဲ့အပိုင်းကို ကျွန်တော်တာဝန်ယူလိုက်မယ်။ အဲ့ဒီကဏ္ဍ ကျွန်တော် ကျွမ်းကျင်တယ်”။ ချင်းယုဟန်က ဆိုသည်။
“အွန်လိုင်းပေါ်မှာ ပြန့်ပြီးသား ဗီဒီယိုကို ကျွန်မ မွမ်းမံပေးမယ်”။ စန်းကျစ်ကလည်း ဝင်ပြောလိုက်သည်။
နယ်ပယ်ချင်း မတူညီကြသော်လည်း နှစ်ယောက်စလုံးက ကွန်ပျူတာကျွမ်းကျင်သူတွေဖြစ်ကြသည်။
“သတင်းမီဒီယာတွေကို ကျွန်တော် ဆက်သွယ်ပြီးသွားပြီ။ ဗီဒီယိုတွေကိုလည်း ဖျက်ချပြီးသွားပြီ။ တချို့ ဆိုရှယ်မီဒီယာ အကောင့်တွေကနေ တင်ထားတဲ့ ဗီဒီယိုတွေကိုလည်း မကြာခင် ဖျက်ချလိမ့်မယ်”။ ချင်းယုဟွိုင်းက ဆိုသည်။
“ဒါဆို အစ်ကိုကြီး။ ငါနဲ့ အစ်မမူရှင်းတို့ ဗီဒီယိုအတုကို လုပ်ပြီးသွားရင် မီဒီယာတွေဆီရောက်အောင် ပို့ပေးလို့ရလား”။ ချင်းယုဟန်က မေးလိုက်သည်။
“ရတယ် ကိစ္စမရှိဘူး”
ချင်းယုကျိုးက ဝင်မေးသည်။ “ငါ့မှာ ပရိတ်သတ်တွေ အများကြီး ရှိတယ်။ ငါကော ဘာကူညီပေးရမလဲ”
ချင်းယုကျိုးက လက်ရှိမှာ follower သန်းဆယ်ချီရှိသည့် ဆယ်လီတစ်ယောက်ဖြစ်သည်။
“လောလောဆယ် မင်းဘာမှ မတင်သင့်ဘူးလို့ ငါထင်တယ်။ မင်းက ဆယ်လီတစ်ယောက်လေ။ အဲ့တာကြောင့် စူစူလေးနဲ့ မင်းနဲ့ အမျိုးတော်တယ်လို့ လူတွေကို အသိပေးလိုက်ရင် စူစူလေးကို ပိုအာရုံစိုက်လာကြလိမ့်မယ်”။ ချင်းယုဟန်က အကြံပေးလိုက်ပါသည်။
“မဟုတ်ဘူး။ ယုကျိုးလည်း ပို့စ်တွေ တင်လို့ရတယ်။ ဆယ်ဖီတွေ ဘာတွေ ရိုက်ပြီး ရေပန်းစားအကြောင်းအရာတွေကို ပြောင်းလဲသွားအောင်လုပ်ပေးလို့ရတယ်။ ဒါဆို လူတွေလည်း အာရုံလွဲသွားကြလိမ့်မယ်”။ ချင်းယုဟွိုင်းကတော့ ချင်းယုကျိုးလို ဆယ်လီလည်း အသုံးဝင်နိုင်သည်ဟု ထင်ပါသည်။
“ဟုတ်ပြီ ဟုတ်ပြီ” ချင်းယုကျိုး ပြတ်ပြတ်သားသား လက်ခံလိုက်ပါသည်။
အကောင့်ထဲမှာ တစ်ခါမှ ဆယ်ဖီရိုက်မတင်ဖူးသော်လည်း စူစူလေးအတွက် ၁၀ ပုံလောက် တစ်ခါတည်း ရိုက်တင်လိုက်ဖို့ ချင်းယုကျိုး ဆုံးဖြတ်လိုက်ပါသည်။
ချင်းရှင်းကျစ်က ဆိုသည်။ “ငါတော့ နည်းပညာအကြောင်းတွေ သိပ်နားမလည်ဘူး။ ဒါပေမယ့် ဗီဒီယိုကို ဘယ်သူတင်တာလဲ ရှောင်းကျစ် စုံစမ်းပြီးသွားရင် အဲ့ဒီကောင်နဲ့ ငါစာရင်းရှင်းမယ်!”
ထို့နောက် စန်းကျစ်ကို ချင်းရှင်းကျစ် မေးလိုက်သည်။ “ရှောင်းကျစ် စုံစမ်းဖို့ ဘယ်လောက်ကြာမှာလဲ”
“အခုချက်ချင်းပဲ ရတော့မယ်”။ စန်းကျစ် ပြန်ဖြေလိုက်သည်။
တခြားသူတွေ စကားပြောနေစဉ် စန်းကျစ်က စုံစမ်းလို့ ပြီးသွားပါပြီ။
မကြာခင် Decryption အောင်မြင်သွားပြီး ရလဒ်တွေ ထွက်ပေါ်လာသည်။
“ပြီးသွားပြီ IP address နဲ့ ID အချက်အလက်တွေ ရသွားပြီ။ အခုပဲ ပို့ပေးလိုက်မယ်”
သက်ဆိုင်ရာ အချက်အလက်များကို ချင်းမိသားစုဝင်များရဲ့ ဖုန်းထဲ စန်းကျစ် ပို့ပေးလိုက်သည်။
IP address နဲ့ ID အချက်အလက်များကို ရရှိပြီးနောက် ထိုလူ၏ လိပ်စာကိုပါ သူတို့ ချက်ချင်း ရှာဖွေနိုင်ကြသည်။
ဖုန်းထဲက မတ်ဆေ့ကို စိုက်ကြည့်ရင်း ချင်းရှင်းကျစ် ကြုံးဝါးလိုက်၏။ “ဟုတ်ပြီ! ဘယ်သူလဲဆိုတာ သိရပြီပေါ့! ငါ့ညီမလေးကို တိုက်ခိုက်တဲ့အတွက် ဒီကောင် ပြန်ပေးဆပ်ရမယ်!”
“အဖေ ဘာမှ သက်ညှာစရာမလိုဘူးနော်!”။ ချင်းယုဟန် သတိပေးလိုက်သည်။
“စိတ်မပူနဲ့ တရားဥပဒေဘောင်အတွင်းကပဲ ဒီကောင်းကို သင်ခန်းစာကောင်းကောင်းပေးမှာ!”။ ချင်းရှင်းကျစ် အာမခံလိုက်ပါသည်။
ချင်းယုချဲကတော့ ဘာမှ ဝင်မပြောခဲ့ပေ။ ဒီလိုအခြေအနေမျိုးမှာ သူဘာမှ သိပ်မကူညီနိုင်ပါ။
ချင်းယုကျီးလည်း တိတ်ဆိတ်နေပါသည်။ သူ့ဖုန်းကို ထုတ်ပြီး ယုဝမ်ရှုကို မက်ဆေ့တစ်စောင်သာ ပို့လိုက်သည်…။
… … …
အခန်း(၆၅၉) ချူးဟမ့်ကို ဆုံးမခြင်း (၁)
ထိုလူကို သူ့အဖေ ဘာနည်းလမ်းတွေ သုံးပြီး စာရင်းရှင်းမလဲဆိုတာ ချင်းယုကျီး မသိပါ။ သို့သော် သူ့နည်းလမ်းနဲ့သူ ဆုံးမချင်သေးသည်။
အမှန်ပင်။ ချင်းမိသားစုဝင်တွေက သူ့နည်းလမ်းကို လက်ခံမှာ မဟုတ်ပါ။ ထို့ကြောင့် ထုတ်ပြောဖို့ အစီအစဉ်မရှိပေ။
ဗီဒီယိုကို တင်လိုက်ရသည့် အကြောင်းအရင်းက ဘာပဲဖြစ်ဖြစ် ချင်းယုကျီး ဂရုမစိုက်ပါ။ စူစူလေးကို ပစ်မှတ်ထားတာ သေချာသရွေ့ အလွတ်ပေးမှာ မဟုတ်ပေ။
သူ့မိသားစုဝင်တွေကို ထိခိုက်အောင်လုပ်ရဲသည့် လူတွေကို ချင်းယုကျီး ခွင့်မလွှတ်ပါ။ ထို့အပြင် စူစူလေးက အလွန်ငယ်ရွယ်သူဖြစ်သည်။
ချင်းမိသားစု၏ အစည်းအဝေးက အလွန်အာနိသင်ရှိပြီး ဖြေရှင်းချက်ကိုယ်စီ ရသွားကြသည်။
“ဒါဆို ဒီတိုင်းပဲ ဆက်လုပ်ကြတာပေါ့။ အားလုံး စီစဉ်ထားတဲ့အတိုင်း လှုပ်ရှားကြတော့”။ အဘိုးချင်းက နောက်ဆုံး ဆုံးဖြတ်ချက်ကို ချပေးလိုက်သည်။
အားလုံး သက်ဆိုင်ရာ တာဝန်များကို ထမ်းဆောင်ဖို့ စတင်ထွက်ခွာလေတော့သည်။
--- --- ---
အစည်းအဝေး ပြီးဆုံးသွားသောအခါ ချင်းယုကျီး အိမ်အပြင် ထွက်သွားပြီး လမ်းဘေးမှာ ရပ်ကာ တစ်ယောက်ယောက်ကို စောင့်နေလိုက်သည်။
သိပ်မကြာလိုက်ဘဲ မီးခိုးငွေရောင် ပြိုင်ကားတစ်စီး သူ့ရှေ့ရောက်လာပါသည်။
ကားမှန်ကို ချလိုက်သောအခါ ယုဝမ်ရှုအား ချင်းယုကျီး မြင်လိုက်ရသည်။
ချင်းယုကျီးက ကားတံခါးဖွင့်ဖို့ ကြိုးစားသော်လည်း ယုဝမ်ရှုက တံခါးကို လော့ခ်ချထားဆဲဖြစ်သဖြင့် ဖွင့်မရပေ။
“အာ့ရှု တံခါးဖွင့်စမ်း!”
“မင်း အရင်စိတ်လျှော့လိုက်ပါဦး” ယုဝမ်ရှု ပြောလိုက်သည်။
“စိတ်လျှော့ထားပြီးသားကွ”
“အဲ့ထက် ထပ်လျှော့ဦး”
အခုချိန်မှာ ချင်းယုကျီး စိတ်တည်ငြိမ်မနေမှန်း ယုဝမ်ရှုသိပါသည်။
“ငါစိတ်လျှော့ထားတယ်လို့! ငါနားလည်တယ်! ငါ့ကို အဲ့ဒီလိပ်စာအတိုင်း လိုက်ပို့ပေး! အဲ့ဒီ ခွေးသားကို တွေ့ချင်တယ်!”။ ချင်းယုကျီးက သွေးဆာနေသော မျက်လုံးများဖြင့် ပြောလိုက်သည်။
ယုဝမ်ရှုက ဂရုမစိုက်ပေ။
“ယုဝမ်ရှု!!” ချင်းယုကျီး သူ့ကို နာမည်အပြည့်အစုံ ခေါ်လိုက်သည်။
“မင်းစိတ်အေးသွားမှ ငါ့ကို စကားလာပြော”။ ယုဝမ်ရှုက တည်တည်ငြိမ်ငြိမ်ပဲ ပြန်ပြောလိုက်ပါသည်။
“မင်းတော့လား…”။ ချင်းယုကျီး ဒေါသထွက်လွန်းသဖြင့် တစ်ယောက်ယောက်ကို ထိုးချင်လာပြီး လက်သီးတွေ ယားလာသည်။
ထိုစဉ် ယုဝမ်ရှုက ကားမှန်ကို ပြန်တင်လိုက်ပါသည်။
ချင်းယုကျီး ဒေါသထွက်ပြီး ကားမှန်ကို နှစ်ချက်လောက် လက်သီးဖြင့် ထိုးလိုက်၏။ ထို့နောက် ယုဝမ်ရှု ထိုင်ခုံနဲ့ နီးသည့် တံခါးဘက်ကို သွားပြီး အော်ပြောလိုက်သည်။
“ယုဝမ်ရှု ခွေးကောင်! မင်းဘာဖြစ်ချင်နေတာလဲ! စူစူလေးအတွက် ကလဲ့စားချေဖို့ မင်းကို လိုက်ပို့ခိုင်းနေတာ! မင်းကပါ ဘာလို့ ငါ့ကို လာရစ်နေတာလဲ!”
ကားမှန် ပြန်ကျလာပြီး ယုဝမ်ရှုက နီးကပ်စွာ ပြောလိုက်သည်။
“ငါမင်းကို ရစ်နေတာ မဟုတ်ဘူး။ အရင်တုန်းကလို ဒေါသထွက်တိုင်း စိတ်လိုက်မာန်ပါ မလုပ်စေချင်လို့ တားနေတာ။ မင်းက လူကြီးဖြစ်နေပြီ။ မင်းအရှုပ်ထုပ်တွေကို ငါအမြဲတမ်း ရှင်းပေးနိုင်မှာ မဟုတ်ဘူး။ မင်း ရင့်ကျက်လာအောင် သင်ယူသင့်တယ်”။ ယုဝမ်ရှု ဆုံးမလိုက်ပါသည်။
“မင်း…”။ ချင်းယုကျီး ကျိန်ဆဲချင်သော်လည်း ယုဝမ်ရှု၏ နက်ရှိုင်းသော မျက်လုံးများကို စိုက်ကြည့်ရင်း လျှာထိပ်ရောက်နေသော စကားလုံးများကို ပြန်မျိုသိပ်လိုက်ရသည်။
သူတို့ အလုပ်တူတူလုပ်ခဲ့ကြသည့် ၂ နှစ်အတွင်း သူ့ဘက်ကပဲ စိတ်လိုက်မာန်ပါ လုပ်တတ်ခဲ့တာ ချင်းယုကျီး သိပါသည်။ ယုဝမ်ရှုသာ သူ့အရှုပ်ထုပ်တွေကို မရှင်းပေးခဲ့လျှင် သူထောင်ထဲ ရောက်နေလောက်ပါပြီ။
ယုဝမ်ရှုက ဆက်ပြောသည်။ “ရှောင်းရုံနဲ့ ကိစ္စက အတိတ်မှာ ကျန်ခဲ့ပြီ။ အဲ့တာတွေ မေ့လိုက်တော့။ မင်းစိတ်ကို တည်ငြိမ်အောင် ထားတတ်ဖို့ အချိန်ကျပြီ”
ချင်းယုကျီး ဒေါသကြီးရခြင်း၏ အကြောင်းအရင်းကို ယုဝမ်ရှု သိပါသည်။ သူ့ရင်ထဲမှာ ပုန်းကွယ်နေသည့် နာကျင်မှုက တစ်ခါတရံ ပြန်လည်ပေါ်ပေါက်လာပြီး ပြဿနာတွေကို အကြမ်းနည်းသုံးကာ ဖြေရှင်းတတ်သည်။
ချင်းယုကျီးက လူဆိုးတွေကို အပြစ်ပေးနေသည်ဟု ဆိုတာထက် သူ့ကိုယ်သူ အပြစ်ပေးနေသည်ဟု ဆိုလျှင် ပိုမှန်လိမ့်မည်။
ချင်းယုကျီး အချိန်အတော်ကြာအောင် မလှုပ်နိုင်ခဲ့ပါ။ ယုဝမ်ရှု၏ စကားတွေကိုလည်း ပြန်မချေပနိုင်တော့ပါ။
အချိန်အတန်ကြာမှ ယုဝမ်ရှု ကားတံခါး ဖွင့်ပေးလိုက်လေသည်။
ချင်းယုကျီးလည်း ကားထဲကို တိတ်တိတ်ဆိတ်ဆိတ် ဝင်လာပြီး ထိုင်ခုံခါးပတ် ပတ်လိုက်ပါသည်။
ထို့နောက် ယုဝမ်ရှုကို လှည့်ကြည့်လိုက်သည်။ ယုဝမ်ရှုက ဘာမှမပြောဘဲ ကားစက်နှိုးပြီး ချင်းယုကျီး သွားချင်သည့် နေရာသို့ စတင် ထွက်ခွာလေတော့သည်…။
… … …
အခန်း(၆၆၀) ချူးဟမ့်ကို ဆုံးမခြင်း (၂)
အချိန်အတန်ကြာသောအခါ ချင်းယုကျီး ပြောလိုက်သည်။ “ကျေးဇူးပါ”
ယုဝမ်ရှု မကြားမှာစိုးသဖြင့် ချင်းယုကျီး ထပ်ပြောလိုက်သည်။ “ကျေးဇူးပါ။ ဒီ ၂ နှစ်အတွင်း စိတ်လိုက်မာန်ပါ လုပ်တတ်တဲ့ ငါ့ကို ထိန်းကျောင်းပေးခဲ့လို့…”
ယုဝမ်ရှုက ချင်းယုကျီး၏ ခေါင်းကို လှမ်းကိုင်ကာ ပုတ်ပေးလိုက်ပါသည်။ စကားတစ်ခွန်းမှ မပြောသော်လည်း သူ့လုပ်ရပ်က သူ့ခံစားချက်ကို ဖော်ပြနေသည်။
“လခွမ်း ကားကို သေချာမောင်းဟ! လက်တစ်ဖက်တည်းနဲ့ မောင်းတာ အန္တရာယ်များမှန်း မသိဘူးလား။ မင်း သေချင် မင်းဖာသာသေ ငါတော့ အသက်ရှင်ချင်သေးတယ်!”။ ချင်းယုကျီး ကျိန်ဆဲလိုက်သည်။
ယုဝမ်ရှုလည်း လက်ကို ပြန်ရုတ်သိမ်းလိုက်ပါသည်။
စတီယာရင်ပေါ် ယုဝမ်ရှုလက်နှစ်ဖက်စလုံး ပြန်ရောက်သွားမှ ချင်းယုကျီး ဆက်ပြောသည်။ “အာ့ရှု၊ ငါကလေး မဟုတ်တော့ဘူး။ ငါ့ခေါင်းကို ခဏခဏ လာကိုင်တာ ရပ်ပါတော့။ အိမ်မှာလည်း ငါ့ခေါင်းကို လာလာပုတ်တဲ့ လူတစ်ယောက် ရှိတယ်။ အဲ့တစ်ယောက်နဲ့တင် ငါလုံလောက်နေပြီ”
အိမ်မှာ သူ့ခေါင်းကို ပုတ်ပေးသည့် တစ်ယောက်ကိုတော့ ချင်းယုကျီး သဘောကျပါသည်။ ထိုကလေးမလေးက ချစ်ဖို့ကောင်းတာကြောင့်ဖြစ်သည်။
သူ့ရှေ့က လူကတော့ အရွယ်ရောက်ပြီးသား လူတစ်ယောက်ဖြစ်သည်။ သက်တူရွယ်တူ တစ်ယောက်က ကိုယ့်ခေါင်းကို လာပုတ်တာ ကလေးတစ်ယောက်လို ဆက်ဆံခံရသလို ခံစားချက်မျိုးဖြစ်သည်။
“ငါမင်းကို ကလေးတစ်ယောက်လို တစ်ခါမှ မဆက်ဆံဖူးဘူး”။ ယုဝမ်ရှုက ပြောလိုက်သည်။
“ဟုတ်လား။ အဲ့တာဆို ခုနက ဘာလုပ်တာလဲ။ ငါစိတ်မငြိမ်မချင်း စကားမပြောနိုင်ဘူး ဆိုတာလေ”
“လူကြီးတွေလည်း တစ်ခါတလေ မတည်မငြိမ်ဖြစ်တတ်ပါတယ်”
“ဟုတ်ပါတယ်”။ ချင်းယုကျီး ရယ်မောလိုက်သည်။ “နောက်ဆို ငါစိတ်မတည်ငြိမ်တဲ့အချိန်မှာ သတိပေးပါ”
ချင်းယုကျီးက သူ့စိတ်သူ သိသည်။ သူစိတ်လိုက်မာန်ပါ လုပ်နိုင်သည့် အချိန်တွေ ရှိလာနိုင်သည်။ သို့သော် အာ့ရှုသာ ရှိလျှင် ပြဿနာ မရှိနိုင်ပါဟု သူ ယုံကြည်ပါသည်။
“ဟုတ်ပြီ”။ ချင်းယုကျီး၏ တောင်းဆိုချက်ကို ယုဝမ်ရှု လက်ခံလိုက်ပါသည်။
၁၀ မိနစ်ခန့် ကြာပြီးနောက် လိပ်စာအတိုင်း ယုဝမ်ရှုတို့ကား ရောက်လာခဲ့သည်။
“ဒါဘယ်နေရာကြီးလဲ”။ ချင်းယုကျီးက မေးလိုက်သည်။
“ဟောက်ထျင်း အိမ်ရာလေ။ မင်းငါ့ကို ပေးထားတဲ့ IP address ရဲ့ လိပ်စာ”
“ငါ အိမ်ရာနာမည်ကို မေးတာမဟုတ်မှန်း မင်းသိပါတယ်”
“ချူးဟမ့်နဲ့ သူ့သမီးတို့ ဒီမှာနေကြတယ်” ယုဝမ်ရှု ပြန်ဖြေလိုက်သည်။
“အဲ့ဒီဗီဒီယိုကို ချူးဟမ့် တင်တာလား”
“အကောင့်က ချူးဟမ့်ရဲ့အကောင့်။ အင်တာနက်ကလည်း ချူးဟမ့်အိမ်က အင်တာနက်ပဲ”
“ငါအခု ဒေါသထွက်လို့ရပြီလား”
“မြေအောက် ကားပါကင်ကနေတဆင့် တက်ကြမယ်။ ကတ်တွေ၊ သော့တွေ အားလုံး ပြင်ထားပြီးပြီ”
ယုဝမ်ရှုကတော့ အမြဲတမ်း အကွက်စေ့သည်။
“အာ့ရှု မင်းက တကယ်တော်တာပဲ”။ ချင်းယုကျီး ပြုံးလိုက်ပါသည်။
အသက် ၁၈ နှစ်အရွယ် ကောင်လေး၏ အပြုံးက လရောင်အောက်မှာ အလွန်တောက်ပလို့နေသည်။ အရင်တုန်းကထက် အများကြီး ပိုရွှင်လန်းလာမှန်းလည်း သိသာသည်။ ဒီပြောင်းလဲမှုတွေကို သူ့ဒေါ်လေးစူစူ ယူဆောင်လာပေးခဲ့ခြင်းသာ ဖြစ်ပါသည်။
“သွားကြစို့ လက်အိတ်တွေ စွပ်လိုက်”။ ယုဝမ်ရှုက ဆိုသည်။
“ဟုတ်ပြီ ဟုတ်ပြီ”။ ချင်းယုကျီး ပြုံးလိုက်ပြီး ရာဘာလက်အိတ် တစ်စုံကို ထုတ်ကာ စွပ်လိုက်သည်။
ချင်းယုကျီးမှာ ရွေးချယ်ခွင့်မရှိပါ။ အာ့ရှုက အလွန်သတိကြီးသည်။ မကောင်းတာတစ်ခုခု လုပ်ခါနီးတိုင်း ခြေရာလက်ရာ မကျန်အောင် အမြဲတမ်း လက်အိတ်စွပ်ရသည်။
ထို့နောက် ယုဝမ်ရှုက မြေအောက်ကားပါကင်အထိ ကားကို ဆက်မောင်းလာခဲ့သည်။
ထို့နောက် အသင့်ပြင်ထားသည့် ဓာတ်လှေကား ကတ်ဖြင့် ချူးသားအဖတို့ နေထိုင်သည့် ၁၆ ထပ်သို့ တက်လာခဲ့ကြသည်။
တိုက်ခန်းတံခါးရှေ့သို့ ရောက်သောအခါ ယုဝမ်ရှု အီလက်ထရွန်းနစ်စက်တစ်လုံးကို ထုတ်လိုက်ပြီး တံခါးလော့ခ်ကို Hack ဖွင့်လိုက်သည်။
တံခါးပွင့်သွားပြီးနောက် တိုက်ခန်းထဲ ဝင်သွားခဲ့ကြပါသည်။
ယုဝမ်ရှုနဲ့ ချင်းယုကျီးတို့ ဝင်လာတာကို မြင်သောအခါ ချူးဟမ့်တစ်ယောက် ဒေါသလည်းထွက် ဇဝေဇဝါလည်း ဖြစ်သွားခဲ့သည်။ “မင်းတို့ဘယ်သူတွေလဲ။ ငါ့အိမ်ထဲ ဘာလို့ ဝင်လာတာလဲ”
… … …