အခန်း (၆၆၁-၆၆၅)
Vol. 27 Ch. 661-665
အခန်း(၆၆၁) ချူးဟမ့်ကို ဆုံးမခြင်း (၃)
ချူးဟမ့် စကားအဆုံးတွင် ချင်းယုကျီးက သူ့ရှေ့ရောက်လာပြီဖြစ်ပြီး မျက်နှာတည့်တည့်ကို ထိုးကြိတ်လိုက်ပါသည်။
“မင်းတို့ ဘာကောင်တွေလဲကွ!”။ ချူးဟမ့် ဒေါသ ထောင်းခနဲ ထသွားသည်။
“ဘယ်သူလဲဟုတ်လား မငင်းအဖေလေ!”။ ချူးဟမ့်၏ မျက်နှာအခြားတစ်ဖက်ကိုပါ ချူးယုကျီး ဒေါသတကြီး ထပ်ထိုးလိုက်ပါသည်။
ဘယ်ဘက်ကော ညာဘက်ကော တန်းတူညီမျှ အထိုးခံလိုက်ရသည်။
ချင်းယုကျီး၏ လက်သီးချက်များက အလွန်အားကောင်းသဖြင့် ချူးဟမ့်တစ်ယောက် မူးဝေသွားတော့သည်။
“မင်း… မင်းတို့တွေ… ဒါရာဇဝတ်မှုနော်! ငါရဲခေါ်လိုက်မှာ! မင်းတို့ကို ဖမ်းခိုင်းမှာ! ထောင်ထဲမှာ အရိုးဆွေးသွားအောင် လုပ်ပ်မှာနော်!”။ ချူးဟမ့် ဒေါသလည်းထွက် ကြောက်လည်း ကြောက်လာသည်။
“သက်သေရှာနိုင်ရင် ခေါ်လိုက်လေ”။ ယုဝမ်ရှုက တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။
“ဘာကွ မင်း… မင်းဘာပြောတာလဲ”
ချူးဟမ့် ဘာမှ နားမလည်နိုင်ခင် ချင်းယုကျီးက အကြိမ်ပေါင်းများစွာ ထပ်မံ ထိုးနှက်လေသည်။
ချင်းယုကျီးက လက်သီးထိုးသည့်နေရာမှာ ကျွမ်းကျင်ပါသည်။ မသေစေဘဲ အနာကျင်ဆုံးဖြစ်အောင် ထိုးတတ်သည်။
အဓိကက မျက်နှာကို တည်ထိုးပြီး ကျန်တာကတော့ ခြေတွေလက်တွေကို မျှထိုးသည်။
“အား!! ငါ့မျက်နှာ- အရိုးတွေကျိုးပါပြီ… ခွေးမသား!”
အစကတော့ ချူးဟမ့် အော်ဟစ်ဆဲဆိုနေသော်လည်း ချင်းယုကျီး၏ လက်သီးချက်တွေ များပြားလာသောအခါ ချူးဟမ့် အသံပင် မထွက်နိုင်တော့ပေ။
မျက်နှာတစ်ခုလုံး ရှုံ့မဲ့သွားပြီး ခန္ဓာကိုယ်လည်း ပုဇွန်တစ်ကောင်လို ကွေးသွားကာ ချွေးတွေ စိုရွှဲသွားပါသည်။
ချင်းယုကျီး ထိုးနှက်နေတာတွေကို ရပ်လိုက်ပြီး ချူးဟမ့်၏ နာကျင်ခံစားနေရသော ပုံစံကို အရသာခံလိုက်သည်။
စိတ်ကြိုက် အရသာခံပြီးနောက် ချင်းယုကျီး သတိပေးလိုက်ပါသည်။ “ကျုပ်သတိပေးထားမယ်နော်။ ချင်းမိသားစုကို တိုက်ခိုက်ချင်ရင် ကျုပ်ဆီလာခဲ့။ နောက်ကွယ်ကနေ ယုတ်မာတဲ့ နည်းလမ်းတွေ သုံးပြီး ၃ နှစ်အရွယ် ကလေး တစ်ယောက်ကို ပစ်မှတ်မထားနဲ့! ခင်ဗျား သတ္တိရှိရင် ကျုပ်ဆီတိုက်ရိုက်လာခဲ့။ အဲ့တာဆို ခင်ဗျားကို ယောက်ျားလို့ သတ်မှတ်ပေးမယ်”
“မင်းက ချင်းမိသားစုကလား”။ ချူးဟမ့် အံကြိတ်ကာ မေးလိုက်သည်။
“ဟုတ်တယ်။ ကျုပ်တို့ မိသားစုကို ရှင်းထုတ်ဖို့ ခင်ဗျား နည်းလမ်းပေါင်းစုံ ကြိုးစားနေတာ မဟုတ်ဘူးလား”။ ချူးဟမ့်၏ အကြံအစည်တွေကို ချင်းယုကျီး ကောင်းကောင်းသိပါသည်။
ချင်းမိသားစုကို ချူးဟမ့်ဘာကြောင့် ရန်လိုနေမှန်း ချင်းယုကျီး မသိသော်လည်း သူ့ကုမ္ပဏီအသစ်ရဲ့ လုပ်ရပ်တွေ အားလုံးက ချင်းမိသားစုကို ပစ်မှတ်ထားနေမှန်း သိသာသည်။
လက်ပူးလက်ကြပ်မိသွားသဖြင့် ချူးဟမ့် မျက်ခုံးတွန့်သွားပါသည်။
“ဒီနေ့ သင်ခန်းစာကို ကောင်းကောင်းမှတ်ထား။ ချင်းမိသားစုကို စီးပွားရေးအရ အနိုင်ယူနိုင်ရင် အနိုင်ယူလိုက်။ ဒါပေမယ့် ကျုပ်ဒေါ်လေးကို လာထိရဲလို့ကတော့ ချင်းယုကျီးဆိုတဲ့ ကျုပ်ကိုယ်တိုင် ခင်ဗျားကို ငရဲရောက်အောင် ပို့ပေးမယ်။ ကျုပ်အသက် သေရင်တောင် ဂရုမစိုက်ဘူး!”
ချင်းယုကျီးက ကြက်သီးထစရာ ခြိမ်းခြောက်စကားကို ဆိုလိုက်သည်။
“မင်းတို့ ဘာတွေလာပြောနေတာလဲ! မင်းတို့ ဒေါ်လေးကို ငါဘယ်တုန်းက ထိလို့လဲ”။ ချူးဟမ့် ဘာမှ မသိပါ။
သို့သော်လည်း အခွင့်အရေးရလာပါက လုပ်နိုင်လောက်သည်။ သို့သော် အခုချိန်ထိ သူလုပ်ခဲ့တာဆိုလို့ ချင်းမိသားစုထံမှ အော်ဒါတွေ လုယူခဲ့ရုံသာ ရှိသည်။
“ချူးဟမ့် အိမ်ထောင်ရေးမှာ ခင်ဗျား ယောက်ျားမပီသမှန်း အားလုံး သိပြီးနေပြီ။ အနည်းဆုံးတော့ တခြား ကဏ္ဍတွေမှာ ယောက်ျားပီပီသသ နေစမ်းပါ”
ချူးဟမ့်က ယုံချင်စရာကောင်းသူမဟုတ်သဖြင့် သူဘာပဲပြောပြော ချင်းယုကျီး ယုံကြည်မှာ မဟုတ်ပါ။
“အာ့ကျီး၊ သူ့ကို လေကုန်ခံပြီး ပြောမနေနဲ့။ လက်သုံးလို့ရတဲ့နေရာမှာ ပါးစပ်ကို မသုံးနဲ့”။ ယုဝမ်ရှုက သတိပေးလိုက်ပါသည်။ သူ့မျက်နှာပေါ်မှာ ခံစားချက် စိုးစင်းမျှ မတွေ့ရပါ။
“ပြီးရော။ နောက်ဆုံးအဆင့် ရောက်ပြီ”
ယုဝမ်ရှုစကားကို နားထောင်ပြီး ချင်းယုကျီး အချိန်ဖြုန်းနေတာ ရပ်လိုက်ပါသည်။ ထို့နောက် ကြွေပုလင်းလေး တစ်လုံးကို ထုတ်လိုက်သည်။
ထိုပုလင်းထဲမှ အနက်ရောင် ဆေးလုံးလေး တစ်လုံးကို ထုတ်လိုက်ပါသည်။
ဒီဆေးက ဆရာကြီးရှုယီ ပေးလိုက်သော ဆေးဖြစ်သည်။ ချူးဟမ့်ကို ချင်းယုကျီး လာဆုံးမမှာဖြစ်မှန်း သူသိနေခဲ့သည်။
ချင်းယုကျီးက ချူးဟမ့်၏ ပါးစပ်ကို ဆွဲဟလိုက်ပြီး ချူးဟမ့်၏ ကြောက်လန့်နေသော အကြည့်တွေအောက်မှာ သူ့ပါးစပ်ထဲ ဆေးလုံး အတင်းထည့်ပေးလိုက်ပါသည်။
ဆေးလုံး မျိုချလိုက်ပြီဖြစ်မှန်း သေချာမှ ချင်းယုကျီး လွှတ်ပေးလိုက်သည်။
“မင်းသူ့ကို ဘာတွေ တိုက်လိုက်တာလဲ”။ ယုဝမ်ရှု မေးလိုက်သည်။
… … …
အခန်း(၆၆၂) ဆရာကြီးရှုယီရဲ့ ဆေးလုံး
“မသိဘူး။ ငါဒီနေ့ အိမ်က ထွက်မလာခင် ဆရာကြီးရှုယီ ပေးလိုက်တာပဲ။ အဲ့ဒီ ဆေးလုံးက ချူးဟမ့်ကို သေတာထက် ဆိုးရွားတဲ့ နာကျင်မှုမျိုး ပေးနိုင်တယ်တဲ့”။ ချင်းယုကျီးက ဖြေလိုက်ပါသည်။
ဆရာကြီးရှုယီ ကိုယ်တိုင် ဖော်စပ်ထားသည့် ဆေးဖြစ်သည်။ ထို့ကြောင့် ဘယ်လောက်ပဲ မေးမေး အသုံးမဝင်ပါ။ သူ့ကို ဖော်စပ်နည်းအပြည့်အစုံ ပြောပြလိုက်ရင်တောင် ဘာမှ နားလည်မှာ မဟုတ်ပေ။
“ချူးဟမ့်ဆီ မင်းလာမယ်ဆိုတာ သူက ဘယ်လိုသိနေတာလဲ”။ ယုဝမ်ရှု အနည်းငယ် စိုးရိမ်သွားသည်။
“အဲ့တာတော့ ငါလည်းမသိဘူး… အဲ့ဒီ အဘိုးကြီးက နည်းနည်း ထူးဆန်းတယ်။ ဒါပေမယ့် စိတ်ချပါ။ သူက ငါ့ဒေါ်လေး စူစူကို အရမ်း ချစ်တာ။ ငါ့ကို သစ္စာဖောက်မှာမဟုတ်ဘူး”
“အိုကေ”။ ယုဝမ်ရှု ဘာမှ မပြောတော့ပါ။
သူတို့စကားပြောနေကြစဉ် ချူးဟမ့် ဝမ်းဗိုက်ထဲမှ ပြင်းထန်သော နာကျင်မှုတစ်ခု ဖြစ်ပေါ်လာသည်။
ချွေးစေးတွေ ပြန်ပြီး ချူးဟမ့် ဘောလုံးတစ်လုံးလို ကွေးသွားကာ အသံတောင် မထွက်နိုင်တော့ပါ။
ချင်းယုကျီးက ဒါကိုမြင်ပြီး မေးကိုင်လျက် ပြောလိုက်သည်။ “အာ့ရှု။ လူတွေကို ငါလိုက်ထိုးကြိတ်နေတာ ဒိတ်အောက်နေပြီလို့ ခံစားရတယ်။ နောက်တစ်ခါဆို ဆရာကြီးရှုယီဆီက ဒီဆေးလုံးတွေပဲ တောင်းလိုက်ရမလား။ အချိန်ကုန်လည်း သက်သာတယ်။ လူလည်း မပင်ပန်းရဘူး။ ပြီးတော့ အာနိသင်ကလည်း မဆိုးဘူး”
“မနက်ဖြန် သွားတောင်းလိုက်” ယုဝမ်ရှုက ထောက်ခံပါသည်။
“ဟမ်…”။ ယုဝမ်ရှုကို ချင်းယုကျီး အံ့အားသင့်စွာ ကြည့်လိုက်သည်။ “ငါ့အကြံကို မင်းတကယ်ကြီး ထောက်ခံတာလား”
“အင်း”
“ထူးဆန်းလိုက်တာ။ မင်းသဘောကျတဲ့ အကြံမျိုး ငါထုတ်နိုင်တယ်ပေါ့”
ချင်းယုကျီး သက်ပြင်းချလိုက်ပါသည်။
“အဓိပ္ပာယ်ရှိတဲ့ အကြံဆိုရင် ငါထောက်ခံပြီးသားပါ”
“ဟားဟားဟား တိုက်ရည်ခိုက်ရည်က ငါ့ရဲ့အားသာချက်ပဲလေ။ ငါက ဉာဏ်တွေ အရမ်းကောင်းနေရင် မင်းကိုတောင် လိုအပ်ပါဦးမလား”။ ချင်းယုကျီးက ရယ်ရယ်မောမော ပြောလိုက်ပါသည်။
“သောက်ပေါကောင်”
“ဟားဟားဟားဟား။ ဟာသတွေကို ရုပ်တည်ကြီးနဲ့ ပြောတတ်အောင် ဘယ်မှာလေ့ကျင့်လာတာလဲ”
သူ့ကို ယုဝမ်ရှု ဂရုမစိုက်တော့ဘဲ တံခါးဆီ ပြန်လျှောက်သွားခဲ့သည်။
“အာ့ရှု မင်းဘယ်သွားမလို့လဲ။ ငါ့ကိုစောင့်ဦး စကားပြောလို့ မပြီးသေးဘူးလေ”။ ချင်းယုကျီး အမြန် ပြေးလိုက်သွားခဲ့သည်။
“အချိန်ပြည့်ပြီ။ ပြန်ကြစို့”။ ယုဝမ်ရှု ပြန်ပြောလိုက်ပါသည်။
“ပြန်ရမယ်ဆိုလည်း ပြန်ကြတာပေါ့။ ဆူပုတ်မနေစမ်းပါနဲ့”
“ဘယ်သူက ဆူပုတ်နေလို့လဲ။ ငါ့ပုံစံက အမြဲတမ်း ဒီလိုပဲလေ”
“ဟုတ်ပါပြီ ဟုတ်ပါပြီ”
ချင်းယုကျီးတို့နှစ်ယောက် ရယ်မောပျော်ရွှင်ပြီး ပြန်ထွက်သွားခဲ့ကြသည်။ ကြမ်းပြင်ပေါ်မှာ နာကျင်မှုဖြင့် မလှုပ်နိုင်ဖြစ်နေသော ချူးဟမ့်အား လုံးဝ လျစ်လျူရှုခဲ့ကြပါသည်။ ဝမ်းဗိုက်က နာကျင်လွန်းသဖြင့် သေလုမျောပါးပင် ဖြစ်နေလေပြီ။
နာရီဝက်လောက်ကြာမှ ဈေးဝယ်ထွက်သွားသော အိမ်စေပြန်ရောက်လာပြီး ချူးဟမ့်ကို တွေ့သွားကာ ဆေးရုံ တင်ပေးခဲ့လေသည်။
ဆေးရုံရောက်တော့လည်း ချူးဟမ့်၏ ရောဂါအခြေအနေကို ဘယ်လိုမှ စစ်ဆေးမရသဖြင့် အရေးပေါ်ခန်းထဲမှာသာ နေခဲ့ရပါသည်။
မနက်မိုးလင်းမှ ချူးယန်ရှီ အကြောင်းစုံ သိခဲ့ရလေသည်။
အိမ်စေအဒေါ်ကြီးနဲ့အတူ ချူးဟမ့်၏ လူနာခန်းထဲ ချူးယန်ရှီ ရောက်လာခဲ့သည်။
မျက်နှာတစ်ခုလုံး ဖြူရော်နေပြီး ဆေးရုံကုတင်ပေါ် လှဲလျောင်းနေရသည့် အဖေဖြစ်သူကို မြင်သောအခါ ချူးယန်ရှီက အိမ်စေအဒေါ်ကြီးကို အမြန်မေးလိုက်ပါသည်။ “အဖေ ဘာဖြစ်တာလဲ”
အိမ်စေအဒေါ်ကြီးကလည်း မလိမ်ရဲပါ။ ချူးဟမ့် ကျန်းမာရေး မကောင်းတော့ပါက ချူးမိသားစုထဲမှာ ချူးယန်ရှီက တစ်ဦးတည်းသော သခင်မလေး ဖြစ်သည်။
“မနေ့ညက သမီးအဖေ သူများရိုက်တာ ခံရတယ်။ ပြီးတော့ ဒီလိုဖြစ်သွားတာပဲ။ ဆရာဝန်တွေက သမီးအဖေရဲ့ ရောဂါကို စစ်ဆေးနေတုန်း ဆိုပေမယ့် အသက်အန္တရာယ်တော့ မစိုးရိမ်ရလောက်ပါဘူး”
အသက်အန္တရာယ်မစိုးရိမ်ရဘူး ဟုတ်လား။
ဒီပုံစံက မစိုးရိမ်ရတဲ့ ပုံစံလား။
မနေ့ညကတည်းက ဆေးရုံတင်ထားတာတောင် ဆေးရုံက ဘာရောဂါမှန်း မသိသေးဘူးတဲ့လား!
ချူးယန်ရှီ စိတ်ချောက်ချားသွားသည်။
ချူးဟမ့်လုံးဝ သေလို့မဖြစ်ပါ။ ချူးဟမ့်သာ သေသွားလျှင် သူမ မိဘမဲ့ဖြစ်သွားလိမ့်မည်။ သူမ မိဘမဲ့တစ်ယောက် လုံးဝ ဖြစ်မလာချင်သေးပါ။
… … …
အခန်း(၆၆၃) ဘာသက်သေမှ မရှိ
“ဆရာဝန် ဘယ်မှာလဲ! သမီးဆရာဝန်နဲ့ တွေ့ချင်တယ်!”။ ချူးယန်ရှီ စိတ်ချောက်ချားစွာ အော်ငိုလိုက်ပါသည်။
ချူးယန်ရှီ၏ ငိုသံများက အာနိသင်မရှိပါ။ အလုပ်ရှုပ်နေသည့် ဆရာဝန်များ၊ သူနာပြုများက ကလေးထိန်းဖို့ အချိန်မရှိပေ။
အိမ်စေအဒေါ်ကြီးတစ်ယောက်တည်းသာ သူမကို ချော့နိုင်ပါသည်။
“သခင်မလေး မငိုပါနဲ့။ သခင်မလေးအဖေ ဘာမှ မဖြစ်လောက်ပါဘူး!”
အားမပါသည့် အားပေးစကားကြောင့် ချူးယန်ရှီ ပိုပြီး စိတ်ဓာတ်ကျသွားသည်။ ထိုအချိန်တွင် ချူးယန်ရှီ၏ စိတ်ထဲ လင်းယုရှန်း၏ မျက်နှာကို ပြန်မြင်ယောင်လာသည်။
လင်းယုရှန်းသာ အခုချိန်မှာ ရှိနေသေးလျှင် အရာရာ စီစဉ်ပေးလိမ့်မည်။ ဒီလိုသာဆို သူမလည်း အခုလို ခိုကိုးရာမဲ့နေမှာ မဟုတ်ပါ။
ချူးယန်ရှီ ရင်ထဲ နောင်တများ ဖြစ်ပေါ်လာခဲ့သည်။
သူမအဖေကိုသာ ထိုစီအီးအိုအမျိုးသမီးနဲ့ သွားမတွေ့အောင် သူမ တားနိုင်ခဲ့လျှင် ဒါတွေအားလုံးကို ရှောင်ရှားနိုင်ခဲ့မှာလား။
သို့သော်လည်း အခုချိန် ဘာပဲတွေးတွေး အသုံးမဝင်တော့ပါ။ လင်းယုရှန်းက သူတို့နဲ့ လုံးဝ အဆက်အသွယ် ဖြတ်သွားခဲ့လေပြီ။
လူနာခန်းတံခါးဝမှာ ချူးယန်ရှီ အချိန်အကြာကြီး မတ်တပ်ရပ်နေခဲ့၏။ နောက်ဆုံးတော့ သူမကို စကားပြန်ပြောနိုင်မည့် ဆရာဝန်တစ်ယောက်ကို ရှာတွေ့သွားပါသည်။
ချူးယန်ရှီက ဆရာဝန်ဂျူတီကုတ်ကို လက်ဖြင့်ဆွဲကာ မေးလိုက်သည်။ “ဒေါက်တာ သမီးဖေကြီး အခြေအနေ ဘယ်လိုရှိလဲဟင်”
“စိတ်မပူနဲ့ သမီးလေး။ သမီးအဖေ အခြေအနေ တိုးတက်လာပါပြီ”
ဘာရောဂါမှန်း မသိရသေးသော်လည်း ချူးဟမ့်၏ အခြေအနေကတော့ တကယ်ပဲ တိုးတက်လာပါပြီ။
ဆရာဝန်၏ စကားကြောင့် ချူးယန်ရှီ စိတ်အနည်းငယ် တည်ငြိမ်သွားရသည်။
နောက်ထပ် နာရီဝက်ခန့် ကြာသောအခါ ချူးဟမ့်ကို အရေးပေါ်ခန်းထဲမှ ထုတ်လာကြပြီး သာမန် လူနာခန်းဆီ ပြောင်းရွှေ့ပေးခဲ့ကြသည်။
ချူးဟမ့် သတိလည်နေပါပြီ။ သို့သော် မျက်နှာပေါ်မှာ အရောင်အသွေးမရှိဘဲ အလွန်အားနည်းနေပုံရ၏။
ချူးယန်ရှီ လူနာခန်းထဲ ဝင်လာပြီး မဝံ့မရဲ မေးလိုက်သည်။ “ဖေကြီး သက်သာရဲ့လား”
“မြန်မြန်! ငါ့လက်ထောက်ကို သွားခေါ်စမ်း! အိမ်က လုံခြုံရေး မှတ်တမ်းတွေ ယူရမယ်! အိမ်ရာက လုံခြုံရေး မှတ်တမ်းတွေပါ အကုန်ယူရမယ်!”။ ချူးဟမ့် ဒေါသတကြီး အော်ဟစ်လိုက်သည်။
“ဖေကြီးကို ဘယ်သူရိုက်သွားတာလဲ”။ ချူးယန်ရှီ မေးလိုက်သည်။
“ချင်းယုကျီး! ချင်းယုကျီးဆိုတဲ့ကောင်!”။ ချူးဟမ့် အော်ဟစ်နေသာ်လည်း အသံက အက်ကွဲနေပါသည်။
ချင်းမိသားစု လက်ချက်ပဲ!
ချူးယန်ရှီ မျက်နှာ ချက်ချင်း ပြောင်းလဲသွားပြီး ဒေါသဖြင့် မှောင်မိုက်သွားခဲ့သည်။
“ရှောင်းရှီ မြန်မြန်လုပ်! အဖေ့လက်ထောက်ကို သွားခေါ်ပေး! ဒီကောင့်ကို တရားစွဲဖို့ သက်သေယူရမယ်!”။ အားနည်းနေသော လေသံဖြင့် ချူးဟမ့် ပြောလိုက်ပါသည်။
“ဟုတ်ကဲ့! သမီးသိတယ်။ ဖေကြီး နားနားနေနေ နေနော်!”
ချူးယန်ရှီလည်း ဒေါသထွက်နေပါသည်။ သူမလည်း ချင်းမိသားစုကို ကလဲ့စားချေချင်နေသည်။
ထို့နောက် အိမ်စေအဒေါ်ကြီးကို ခေါ်ပြီး ချူးယန်ရှီ အိမ်ပြန်လာခဲ့သည်။
အိမ်ပြန်ရောက်တာနဲ့ တစ်ပြိုင်နက် အိမ်ထဲက လုံခြုံရေးစနစ်ထဲ ချူးယန်ရှီ လော့ဂ်အင်ဝင်လိုက်ပြီး ဗီဒီယိုမှတ်တမ်းတွေကို စစ်ဆေးဖို့ ကြိုးစားလိုက်သည်။
ဘယ်လိုဖြစ်တာလဲ။ လုံခြုံရေး မှတ်တမ်းတွေ ဘယ်မှာလဲ။
ချူးယန်ရှီ ကိုယ့်မျက်လုံးကိုယ် မယုံနိုင်တော့ပေ။ အကြိမ်ကြိမ်အခါခါ စစ်ဆေးကြည့်ခဲ့သည်။
တကယ်ပဲ ဘာမှ မရှိတော့ပါ။
ချူးယန်ရှီ လက်မလျှော့သေးဘဲ အိမ်ရာစီမံရေးဆီ ပြေးသွားကာ မနေ့ညက အိမ်ရာထဲ ဝင်ရောက်ခဲ့သူများ၏ ဗီဒီယို မှတ်တမ်းကို တောင်းကြည့်ခဲ့သည်။
သို့သော်လည်း အကြိမ်ပေါင်းများစွာ ကြည့်ပြီးတာတောင် ဘာမှ မတွေ့ခဲ့ရပါ။
ချင်းယုကျီး ထိုးကြိတ်နေသည့် မြင်ကွင်းကို မဆိုဦးနှင့်၊ သူ့အရိပ်ကိုတောင် မမြင်ခဲ့ရပေ။
တစ်ချိန်တည်းမှာပင် ဆေးရုံက ချူးဟမ့်၏ တစ်ကိုယ်လုံးကို စစ်ဆေးပြီး DNA ရှာဖွေခဲ့သည်။ သို့သော် ဘာမှ မတွေ့ခဲ့ရပေ။
ချူးဟမ့် ဒေါသအလွန်ပေါက်ကွဲသွား၏။ နဂိုကတည်းက အားနည်းနေသဖြင့် သတိလစ်လုနီးပါး ဖြစ်သွားခဲ့ပါသည်။
--- --- ---
တစ်ဖက်မှာလည်း သခင်ကြီးကု၏ လက်အောက်ငယ်သားတစ်ယောက်က စူစူလေး သစ်ပင်ဆွဲနှုတ်ပြီး လူတစ်ယောက်ကို ကယ်ဆယ်နေသည့် ဗီဒီယိုကို အွန်လိုင်းပေါ်မှာ မြင်သောအခါ သခင်ကြီးကုထံ ချက်ချင်း သွားပြခဲ့သည်။
ဗီဒီယိုကို မြင်ပြီးနောက် သခင်ကြီးကု၏ မျက်နှာ ဒေါသဖြင့် ရှုံ့တွသွားခဲ့လေသည်။
အခုတော့ သူ အတည်ပြုနိုင်ပါပြီ။ ထိုနေ့က သူ့ကို ကယ်တင်ခဲ့သူက ချူးယန်ရှီ မဟုတ်ပါ။ ဟုံဖုန်းမူကြိုရှိ တခြား ကျောင်းသူလေးတစ်ယောက်သာ ဖြစ်သည်။
အားသန်သည်ဟု ဆိုကြသော ချင်းစူစူ ဖြစ်နေပါသည်။
… … …
အခန်း(၆၆၄) သခင်ကြီးကုရဲ့ အမျက်ဒေါသ
အစက သံသယဖြစ်ရုံသာ ရှိခဲ့သည်။ အခုတော့ သက်သေ ခိုင်လုံသွားပါပြီ။
“ယုတ်ညံ့လိုက်တာ! တော်တော် ယုတ်ညံ့တာပဲ!”။ သခင်ကြီးကု စားပွဲကို ဒေါသတကြီး ထုရိုက်လိုက်သည်။
သူ့ကို တကယ်ကြီး ကလေးမလေးတစ်ယောက်က လှည့်စားသွားတာပဲ!
သခင်ကြီးကု၏ ဒေါသကြောင့် လက်အောက်ငယ်သားများ တုန်သွားကြသည်။
လက်အောက်ငယ်သားတစ်ယောက်က နှစ်သိမ့်ပေးဖို့ ကြိုးစားလိုက်၏။ “သခင်ကြီး ဒေါသမထွက်ပါနဲ့။ ကျွန်တော်တို့ ချူးအုပ်စုနဲ့ ဘာလုပ်ငန်းမှ မစရသေးဘူးမလား။ သူတို့ ဘာအကျိုးအမြတ်မှ မရသေးပါဘူး”
“ဒေါသမထွက်လို့ ရမလားကွ! ဒီအသက်ဒီအရွယ်ထိ ငါ့ဘဝမှာ ကလေးမလေးတစ်ယောက် လှည့်စားတာကို ခံရဖူးတာ ဒါပထမဆုံးအကြိမ်ပဲ! သိက္ခာကျလိုက်တာကွာ!” သခင်ကြီးကု ဒေါသထိန်းချုပ်မရတော့ပါ။
လက်အောက်ငယ်သားတွေလည်း အကြောက်လွန်ပြီး ဘာမှ မပြောရဲကြတော့ချေ။
“ငါ့သား ၃ ယောက်ကို သွားအကြောင်းကြားလိုက်! ချူးဟမ့်ဆိုတဲ့ကောင် ငါ့ကို လှည့်စားသွားတာ! တရားလွန်တယ်!”။ သခင်ကြီးကု အမိန့်ပေးလိုက်သည်။
သခင်ကြီးကုက အနားယူသွားပြီဖြစ်သော်လည်း အလွန်ထူးချွန်သည့် သား ၃ ယောက်ရှိသည်။ ၃ ယောက်စလုံးက အတော်လေး အစွမ်းအစရှိကြပြီး မိဘကိုလည်း သိတတ်သည်။ သခင်ကြီးကု ဘာပဲ လိုချင်ပါစေ သား ၃ ယောက်က မဖြစ်ဖြစ်အောင် လုပ်ပေးတတ်သည်။
ဒီကိစ္စကို သား ၃ ယောက်ကိုသာ သွားပြောလိုက်ပါက ချူးဟမ့်တစ်ယောက် သက်သာမှာ မဟုတ်မှန်း လက်အောက်ငယ်သားတွေ အားလုံး သိကြပါသည်။
“ဟုတ်ကဲ့ပါ သခင်ကြီး။ ကျွန်တော်တို့ ချက်ချင်း ဆောင်ရွက်လိုက်ပါ့မယ်။ ကျေးဇူးပြုပြီး ဒေါသမထွက်ပါနဲ့တော့။ လူလိမ်တွေအတွက် ဒေါသထွက်ပြီး ကျန်းမာရေးထိခိုက်ရတာ မတန်ပါဘူး”
“ငါသိတယ် မြန်မြန်သွားကြတော့!”။ သခင်ကြီးကု စိတ်မရှည်စွာ ပြောလိုက်သည်။
“နေဦး! ပြန်လာကြဦး!”။ သခင်ကြီးကု တစ်ခုခုကို သတိရသွားပြီး လက်အောက်ငယ်သားတွေကို ပြန်ခေါ်လိုက်သည်။
“သခင်ကြီး ဘာခိုင်းစရာရှိသေးလို့လဲ”
“ချင်းမိသားစုက ကောင်မလေးကို မနက်ဖြန် ငါသွားတွေ့မယ်။ စီစဉ်စရာရှိတာ စီစဉ်လိုက်”။ သခင်ကြီးကု အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့ပါ သခင်ကြီး ကျွန်တော်တို့ ဘာလက်ဆောင်တွေ ပြင်ဆင်ထားရမလဲ”
“ဘာမှ မပြင်ထားနဲ့ဦး။ ငါထပ်မမှားချင်ဘူး!”
သင်ခန်းစာကောင်းကောင်း ရသွားပြီဖြစ်သဖြင့် သခင်ကြီးကု ဒီတစ်ခါတော့ သတိထားဖို့ ဆုံးဖြတ်လိုက်ပါသည်။ တူညီသည့် အမှားကို ၂ ခါ မလုပ်နိုင်ပါ။
“ဟုတ်ကဲ့ပါ သခင်ကြီး”
--- --- ---
ချင်းမိသားစုတို့ဘက်မှာလည်း ဗီဒီယိုအတုက အသင့်ဖြစ်နေပြီ ဖြစ်သည်။
ဗီဒီယိုက မူရင်းဗီဒီယိုနဲ့ မဆိုသလောက် ကွာခြားသည်။ တမင်တကာ ဖန်တီးထားသော အမှားအယွင်းတချို့လည်း ပါဝင်နေပါသည်။
ထို့နောက် စန်းကျစ်က မူရင်းဗီဒီယိုကို ဗီဒီယိုအတုနဲ့ အမြန်အစားထိုးလိုက်သည်။
ထို့နောက် ချင်းယုဟွိုင်း စီစဉ်ထားသည့် သတင်းမီဒီယာများက သတင်းဆောင်းပါးတွေ စတင် ရေးသားခဲ့ကြသည်။ ဗီဒီယိုက အတုဖြစ်ကြောင်း ရှုထောင့်ပေါင်းစုံမှ သက်သေပြခဲ့ကြသည်။ မားကတ်တင်းအကောင့်များမှ ဖန်တီးထားသော လှည့်ကွက်တစ်ခု ဖြစ်ကြောင်းလည်း အယုံသွင်းခဲ့ကြသည်။
မူလဗီဒီယိုက အတုအယောင်ဟူသည့် သတင်းမှာ အွန်လိုင်းပေါ် ရေပန်းစားလာခဲ့ပြန်သည်။
ချင်းမိသားစုလည်း အွန်လိုင်းပေါ်က အကြောင်းအရာတွေကို စိုးရိမ်ပူပန်စွာ စောင့်ကြည့်နေခဲ့ကြပါသည်။
ချင်းရှင်းကျစ်က အနည်းငယ် စိတ်ပူနေဆဲဖြစ်၏။ “လူတွေ တကယ်ယုံပါ့မလား”
ဝမ်ချင်းက နှစ်သိမ့်ပေးလိုက်ပါသည်။ “စိတ်မပူပါနဲ့ ယောက်ျားရယ်။ အခြေအနေကို ကြည့်ရသလောက်တော့ တချို့တဝက်က ယုံကြည်ကြမှာပါ။ ပြီးရင် ကျောင်းအုပ်ကြီးနဲ့ စကားသွားပြောကြမယ်။ စူစူလေး စွပ်စွဲခံရတာလို့ သူတို့ယုံအောင် ပြောနိုင်ရင် ဘာမှ မဖြစ်ပါဘူး”
ဒီရက်ပိုင်းထဲ သူမယောက်ျား အလုပ်ကိစ္စ ပင်ပန်းရသည့်အပြင် စူစူလေးရဲ့ ကိစ္စအတွက်လည်း စိတ်ပူပန်နေရသည်။ ကောင်းကောင်းအိပ်မပျော်တာ ရက်နဲ့ချီပြီး ကြာမြင့်နေပြီဖြစ်သဖြင့် ဝမ်ချင်း စိတ်ပူမိပါသည်။
ချင်းယုဟွိုင်းကတော့ တည်တည်ငြိမ်ငြိမ်ပဲ ရှိနေသည်။ “ဒီနည်းလမ်း အလုပ်မဖြစ်ရင် တခြားနည်းလမ်း ထပ်ရှာကြမယ်”
ချင်းယုဟန်ကလည်း ထောက်ခံပါသည်။ “အစ်ကိုကြီးပြောတာမှန်တယ်။ နည်းလမ်းတစ်ခု အလုပ်မဖြစ်ရင် နောက်တစ်ခု ထပ်စဉ်းစားမှာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ဒေါ်လေးကို ဘယ်သူမှ ဒီလိုမပြောရဘူး!”
ချင်းယုကျိုးကလည်း ကြုံးဝါးလိုက်သည်။ “မူကြိုက ငါတို့ စူစူလေးကို လက်မခံနိုင်ဘူးဆိုရင် ငါတို့ဖာသာ ကိုယ်ပိုင်မူကြိုတစ်ခု ဆောက်ပစ်လိုက်မယ်!”
“ဘာတွေပြောနေကြတာလဲ”
ချိုမြိန် နူးညံ့သည့် အသံလေးတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။
စူစူလေးလည်း ဘယ်ကမှန်းမသိ ထွက်လာလေသည်။
… … …
အခန်း(၆၆၅) ဝမ်းမနည်းပါဘူး
“သမီးလေး ဘာလို့ အောက်ဆင်းလာတာလဲ”
အဘိုးချင်းက စူစူလေးကို စိုးရိမ်ပူပန်စွာ ကြည့်လိုက်သည်။ သူတို့စကားတွေကို စူစူလေး ကြားသွားမလား ကြောက်မိပါသည်။
တခြားသူတွေလည်း အဘိုးချင်းလိုပဲဖြစ်၏။
သူတို့စကားတွေကို ကြားသွားပြီး ဆရာမတွေက သူမတို့ ကျောင်းလာခွင့်မပြုတာကိုသာ သိသွားရင် စူစူလေးရဲ့ နှလုံးသား ဒဏ်ရာ ရသွားမလား။
စစူစူလေး ငိုနေသည့် မျက်နှာလေးကို မြင်ယောင်ကြည့်သောအခါ အားလုံး စိတ်ဖိစီးသွားပြီး ရင်တွေလည်း တဒိတ်ဒိတ် ခုန်နေကြပါသည်။
“ပြဿနာတစ်ခုခု ရှိလို့လား။ သမီးကူညီပေးရမလား” စူစူလေး မေးလိုက်သည်။
စူစူလေး လှုပ်ရှားဖို့ လိုအပ်သည်ဟု ခံစားနေရသည်။
“မရှိပါဘူး! ဘာပြဿနာမှ မရှိပါဘူး!” အဘိုးချင်း အမြန်ငြင်းဆန်လိုက်ပါသည်။
ဘာပြဿနာမှ မရှိဘူးဟုတ်လား။ မဖြစ်နိုင်တာ!
“ဒါပေမယ့် အကုန်လုံးက စိတ်ညစ်နေတဲ့ပုံစံကြီးနဲ့”
သူမ အားလုံးကို မြင်ခဲ့သည်။ သူတို့အားလုံး စိတ်ညစ်နေသည့်ပုံစံပေါက်နေပါသည်။
သူမကို မလှည့်စားသင့်ပါ။ သူမက အလွန်ဉာဏ်ကောင်းသည်။ ပျော်တာနဲ့ မပျော်တာကို ကောင်းကောင်း ခွဲခြားနိုင်သည်။
“မဟုတ်ပါဘူး! ဖေဖေတို့… ဖေဖေတို့…” အဘိုးချင်းက သားတွေနဲ့ မြေးတွေကို မျက်နှာရိပ်မျက်နှာကဲ ပြလိုက်ပါသည်။
အဘိုးချင်း၏ အချက်ပြမှုကို မြင်သောအခါ အားလုံးလည်း ဆင်ခြေဆင်လတ်တွေ အမြန် စဉ်းစားရတော့သည်။
စူစူလေးက အစ်ကိုကြီး ချင်းရှင်းကျစ်၊ တူကြီး ချင်းယုဟွိုင်း၊ တူလိမ္မာလေး ယုဟန်၊ တူငယ်လေး ချင်းယုကျီး၊ တူချောလေး ချင်းယုချဲနဲ့ ဆယ်လီတူလေး ချင်းယုကျိုးတို့ အားလုံးကို အကဲခတ်ကြည့်လိုက်ပါသည်။
“ဇာတ်တိုက်နေကြတာ!”။ ချင်းယုဟန် ပါးနပ်စွာ ရှင်းပြလိုက်သည်။ “ငါတို့အားလုံး သရုပ်ဆောင်ဖို့အတွက် ဇာတ်တိုက်နေကြတာပါ!”
“သရုပ်ဆောင်တာ ဟုတ်လား ဘယ်လို သရုပ်ဆောင်တာလဲ”
ပျော်စရာကောင်းမယ်ပုံပဲ!
“အဲ့… အဲ့တာက မူကြိုမှာ ဖျော်ဖြေဖို့လေ!။ ဒီနှစ်ရက် ကျောင်းပိတ်ထားရတာက ငါတို့အားလုံးကို လေ့ကျင့်ချိန် ပေးထားတာပါ!”။ ချင်းယုဟန်၏ စိတ်က သွက်လက်သည်။ သင့်တော်သည့် ဆင်ခြေတစ်ခုခု အမြန်ရှာလိုက်ပြီး ကျောင်းနားထားရတာကိုပါ အကြောင်းပြချက်ပေးလိုက်သည်။
“ဪ အဲ့လိုလား။ ဟုတ်ပြီလေ”။။ စူစူလေးက ထိုရှင်းပြချက်ကို လက်ခံလိုက်ပါသည်။
စူစူလေး ယုံကြည်သွားပုံပေါ်မှ အားလုံး သက်ပြင်းချနိုင်တော့သည်။
စူစူလေး ဘာမှ မသိလို့ တော်သေးတာပေါ့!
“ဪ ဟုတ်သားပဲ။ သမီးက အရမ်းသန်တာကို လူတွေအများကြီး သိသွားလို့ ကျောင်းလာခွင့် မပေးတော့ဘူးလို့ ထျင်းထျင်းက ပြောတယ်!” စူစူလေး ပြောလိုက်သည်။
ဟမ်…
ဘာဖြစ်တယ်။
စူစူလေးက သိပြီးသားလား။
အားလုံး ကြက်သေသေသွားကြလေသည်။
“သမီးလေး ဝမ်းမနည်းပါနဲ့။ အဲ့ဒီ အပြင်လူတွေက ပေါက်ကရတွေ လျှောက်ပြောနေကြတာ!”။ အဘိုးချင်း အမြန်ပြောလိုက်သည်။
“ဟုတ်တယ် ဒေါ်လေး! ဒေါသမထွက်နဲ့! ဒေါ်လေးက အတော်ဆုံးပဲ။ သူတို့ မဟုတ်တာတွေ ပြောနေကြတာ။ အကုန်လုံးကို လျစ်လျူသာ ရှုထားလိုက်!”။ ချင်းယုဟန်ကလည်း ထောက်ခံသည်။
“ဘာလို့ ဝမ်းနည်းရမှာလဲ။ ဘာလို့ ဒေါသထွက်ရမှာလဲ”။ စူစူလေး ပြန်မေးလိုက်ပါသည်။
“သမီးလေးက ဒေါသမထွက်ဘူးလား”။ အဘိုးချင်းက စိုးရိမ်ပူပန်စွာ မေးလိုက်ပါသည်။
“မထွက်ပါဘူး။ ဒေါသထွက်စရာမှ မလိုတာ! သမီးက အဲ့လောက် မသေးသိမ်ဘူး! သမီး သန်မာတာကို သူတို့မကြိုက်ရင် သူတို့ ပျော့ညံ့တာကိုလည်း သမီးမကြိုက်ဘူး!”။ စူစူလေးက အထက်စီးဆန်စွာ ပြန်ပြောလိုက်ပါသည်။
သူမက မြင့်မြတ်သည့် ပိုင်ကျဲနတ်သားရဲဖြစ်သည်။ သူမကို သဘောကျသည့် လူတွေ အများကြီး ရှိကြသည်။ သူမကို သဘောမကျသည့် လူတွေကို ဂရုစိုက်နေမှာ မဟုတ်ပါ။
စူစူလေး၏ အဖြေကြောင့် ချင်းမိသားစုဝင်အားလုံး အံ့အားသင့်သွားခဲ့ကြပါသည်။ တစ်ချိန်တည်းမှာပင် ရင်ဘတ်ထဲက အလုံးကြီးလည်း ကျသွားကြသည်။
သူတို့ အတွေးလွန်နေခဲ့တာကိုး။ သူတို့ရဲ့ စူစူလေးက သူတို့ထင်ထားတာထက် အများကြီး ပိုသတ္တိရှိပါတယ်။
အပြင်လူတွေရဲ့ အထင်အမြင်တွေက စူစူလေးအပေါ် နည်းနည်းလေးတောင် သက်ရောက်မှုမရှိပါ။
“ဖေဖေနဲ့ မေမေ၊ အစ်ကိုကြီးနဲ့ တူလေးတို့၊ သမီး ကျောင်းသွားလို့ မရရင် မသွားတော့ဘူး။ ကိုကြီးကို ဆေးသွားကုပေးရင် ဦးလေးပိုင်ဟူကျစ်နဲ့အတူတူ လိုက်သွားလို့ရလား”
ကျောင်းတက်ရတာ ပျော်ဖို့ကောင်းသော်လည်း သူမကို သန်မာမလာစေပါ။ သူမ သန်မာလာဖို့က အရေးအကြီးဆုံး ဖြစ်သည်။
… … …