← Chapters

အခန်း (၆၅၁-၆၅၅)

Vol. 27 Ch. 651-655

အခန်း (၆၅၁-၆၅၅)

Vol. 27 Ch. 651-655

နတ်သားရဲမလေးရဲ့ ကမ္ဘာသစ် Book-27

အခန်း(၆၅၁) အမှန်တရားကို ဖော်ထုတ်ခြင်း (၁)

လွန်ခဲ့သည့် ၂ ရက်လောက်ကမှ ကျောင်းကို ဆရာကြီးကော လာလည်သွားသေးသည်။

ဒီနေ့လည်း မတူညီသည့် နယ်ပယ်တစ်ခုမှ အကျော်အမော်ကြီးတစ်ယောက် ရောက်လာပြန်ပါပြီ။

ကျောင်းအုပ်ကြီး အလွန်ပီတိဖြာနေပြီး ညဘက် အိပ်မက်ကောင်းတွေ မက်တော့မည်ဟု ခံစားနေရပါသည်။

စာသင်ခန်းပြူတင်းပေါက် ဘေးမှာထိုင်နေသည့် ချူးယန်ရှီတစ်ယောက် အဘိုးကြီးကို မြင်သွားပြီး ပထမတော့ ပျော်ရွှင်သွားသော်လည်း ချက်ချင်းဆိုသလို စိတ်ပူပန်သွားသည်။

ဒီမှာ ချင်းစူစူလည်း ရှိနေတာကြောင့် ချင်းစူစူနဲ့ အဘိုးကြီးတို့ အချင်းချင်း မှတ်မိသွားကြမှာ စိုးရိမ်ရသည်။

သူတို့တကယ် မှတ်မိသွားရင် ပြဿနာပဲ!

စိုးရိမ်ပူပန်မှုဖြင့် စူစူလေးဆီ ချူးယန်ရှီ လျှောက်သွားပြီး ပြောလိုက်သည်။ “ချင်းစူစူ နင့်ကလစ်လေးနဲ့တူတဲ့ ကလစ်လေးတစ်ခု ကစားကွင်းထဲမှာ ကျနေတာ ငါမြင်ခဲ့တယ်”

စူစူလေးကို အဝေးသို့ပထုတ်ဖို့ ချူးယန်ရှီ ကြိုးစားနေပါသည်။

စူစူလေးက လှည့်ကြည့်လိုက်သော်လည်း ချူးယန်ရှီ၏ စကားကို မကြားချင်ယောင် ဆောင်လိုက်သည်။

“ငါပြောတာ နင်မကြားဘူးလား” ချူးယန်ရှီ မေးလိုက်သည်။

“မကြားဘူး” စူစူလေးက ဖြေသည်။

“ဒါပေမယ့် အခုလေးတင် နင်ကြားလို့ ပြန်ဖြေတယ်လေ”

“မဖြေပါဘူး ဘာမှမကြားဘူး ဘာမှမကြားဘူး”

လူဆိုးတစ်ယောက် စကားလာပြောပါက မကြားချင်ယောင် ဆောင်ပြီး သူတို့ အရူးလုပ်တာကို မခံရဖို့ အရေးကြီးသည်။ ဒါသူမရဲ့ တူလိမ္မာလေး သင်ပေးထားတာ ဖြစ်ပါသည်။

တူလိမ္မာလေး ပြောတာ မှန်သည်ဟု စူစူလေး ခံစားမိသည်။

ထို့ကြောင့် ချူးယန်ရှီပြောသမျှကို မကြားချင်ယောင်သာ ဆောင်လိုက်ပါသည်။

ချူးယန်ရှီ ဒေါသထွက်သွားလေသည်။

ထိုစဉ် သခင်ကြီးကုက စာသင်ခန်းထဲ ရောက်လာပါပြီ။

ကျောင်းအုပ်ကြီးက ဝမ်းပန်းတသာဖြင့် ကြေညာလိုက်သည်။ “ကလေးတို့၊ ဒီနေ့ ဆရာတို့ရဲ့ကျောင်းကို ဟော့ဒီက ဘိုးဘိုး လာလည်တယ်။ သူက ဆရာတို့ရဲ့ကျောင်းကို ရန်ပုံငွေတွေနဲ့ အရုပ်တွေ ထရပ်ကား ၂ စီးနဲ့အပြည့် လှူဒါန်းဖူးတဲ့လူပဲ။ ဘိုးဘိုးကုကို အားလုံး အတူတူ ကျေးဇူးတင်လိုက်ရအောင်”

“ကျေးဇူးတင်ပါတယ် ဘိုးဘိုး~!”

ကလေးတွေအားလုံး ပြိုင်တူ ကျေးဇူးတင်လိုက်ကြပါသည်။

ထို့နောက် သခင်ကြီးကုက စာသင်ခန်းထဲရှိ ကလေးများအားလုံးကို အကဲခတ်ကြည့်လိုက်သည်။

ချူးယန်ရှီ စိတ်လှုပ်ရှားလွန်းသဖြင့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိပါသည်။

နောက်ဆုံးတော့ ချူးယန်ရှီကို သခင်ကြီးကု မြင်သွားပြီး ကျောင်းအုပ်ကြီးကို ပြောလိုက်သည်။ “ကျောင်းအုပ်ကြီး။ အဲ့ဒီ ကလေးမလေးပဲ။ ဟိုနေ့က ကျုပ်အသက်ကို ကယ်သွားတာ အဲ့ဒီကလေးမလေးပဲ။ အရမ်းချစ်ဖို့ကောင်းပြီး စိတ်ထား အရမ်းဖြူစင်တဲ့ ကလေးမလေးပါ။ ခင်ဗျားတို့ကျောင်းရဲ့ သင်ကြားမှုတွေက ချီးကျူးထိုက်ပါပေတယ်”

သခင်ကြီးကုစကားကို ကြားပြီးနောက် ကျောင်းအုပ်ကြီး ပထမတော့ အံ့အားသင့်သွားခဲ့သည်။ ထို့နောက် ချက်ချင်း ပြုံးကာ ပြောလိုက်ပါသည်။ “ဒါပေါ့ဗျာ။ သူတပါးကို ကူညီတာ ဖြစ်သင့်တဲ့အရာပဲ မဟုတ်လား။ ကလေးတွေကို ကျွန်တော်တို့ ဆရာဆရာမတွေ သေချာ သင်ကြားပေးထားပါတယ်”

“အင်း…” သခင်ကြီးကုက ခေါင်းငြိမ့်လိုက်သည်။ “ဟုတ်ပါပြီ။ ကျုပ်မှာ တခြားဘာမှ ပြောစရာမရှိတော့လို့ ကလေးတွေ စာသင်နေတာ အနှောင့်အယှက် မပေးတော့ပါဘူး”

ဒီလိုနဲ့ သခင်ကြီးကု ထွက်သွားခဲ့သည်။

ပန်းချီပညာ လာသင်ပေးသည့် ဆရာကြီးကောလို မဟုတ်ဘဲ သခင်ကြီးကုက မူကြိုကျောင်းကို လှည့်ပတ်ကြည့်ရှုရုံသာ ဖြစ်သည်။

ချူးယန်ရှီကိုလည်း ဂုဏ်ပြုချင်တာကြောင့်လည်းပါသည်။

စူစူလေးကို သူ မမှတ်မိပါ။ ထို့နည်းတူစွာ စူစူလေးကလည်း အဘိုးကြီးကို မမှတ်မိပါ။

ထိုနေ့က စူစူလေးမှာ ရေကန်ထဲက လူရဲ့အသက်ကို ကယ်တင်ဖို့သာ အာရုံရှိခဲ့သည်။ အဘိုးကြီးတစ်ယောက်ဖြစ်မှန်း သိသော်လည်း ဘယ်ပုံဘယ်ဝါရှိသလဲဆိုတာကို သေချာ မကြည့်နိုင်ခဲ့ပါ။

ချူးယန်ရှီရင်ထဲက အလုံးကြီး ကျသွားခဲ့ရသည်။

တော်သေးတာပေါ့… အဘိုးကြီးကော ချင်းစူစူကော ဘာမှ မမှတ်မိကြဘူး… တော်သေးတာပေါ့…။

--- --- ---

သခင်ကြီးကု စာသင်ခန်းထဲမှ ထွက်လာတာနဲ့တစ်ပြိုင်နက် ထောင့်တစ်နေရာမှ ဟဲပေမူလည်း ထွက်လာခဲ့သည်။

တစ္ဆေတစ်ကောင်လို လျှင်မြန် တိတ်ဆိတ်လွန်းသည့် သူ့လှုပ်ရှားမှုများကြောင့် သခင်ကြီးကု၏ ရှေ့မှောက်ကို ရောက်လာမှ ဘော်ဒီဂတ်တွေလည်း သတိထားမိသွားကြသည်။

သခင်ကြီးကု ထိတ်လန့်သွားသလို ဘော်ဒီဂတ်တွေကလည်း ချက်ချင်း ရှေ့မှာ ရပ်ကာ ကာကွယ်ပေးလိုက်ကြပါသည်။

ဒါကိုမြင်တော့ ကျောင်းအုပ်ကြီးက အမြန်ဝင်ရှင်းပြလိုက်၏။ “စိတ်မပူကြပါနဲ့ စိတ်မပူကြပါနဲ့! ဒါ ကျွန်တော်တို့ဆီက ကျောင်းသူလေး ချင်းစူစူရဲ့ ဘော်ဒီဂတ်ပါ။ လူဆိုးမဟုတ်ပါဘူး”

ကျောင်းသူတစ်ယောက်ရဲ့ ဘော်ဒီဂတ်ဟု သိလိုက်ရမှ သခင်ကြီးကုရဲ့ လူတွေလည်း စိတ်အေးနိုင်သည်။

ဟဲပေမူက မလှုပ်ရှားဘဲ သခင်ကြီးကုကို သေချာကြည့်ကာ မေးလိုက်သည်။ “အဲ့ဒီနေ့က ခင်ဗျားကို ကယ်ခဲ့တာ ချူးယန်ရှီလို့ ပြောလိုက်တာလား”

… … …

အခန်း(၆၅၂) အမှန်တရားကို ဖော်ထုတ်ခြင်း (၂)

“ဘာဖြစ်လို့လဲ။ မင်းမှာ ဘာပြဿနာရှိလို့လဲ”။ သခင်ကြီးကုက မေးလိုက်သည်။

ဒီကောင်လေး၏ စကားလုံးများက အနည်းငယ် ထူးဆန်းနေသည်။

ထို့အပြင် ဒီကောင်လေးကို တစ်နေရာရာမှာ မသဲမကွဲမြင်ဖူးသလိုလို ရှိနေသည်…။

“ဘာပြဿနာမှ မရှိပါဘူး။ အဲ့ဒီ့နေက ခင်ဗျားကို ဘယ်လိုနည်းလမ်းနဲ့ ကယ်တင်ခဲ့တာလဲဆိုတာ ပြန်စဉ်းစားစေချင်လို့”။ ဟဲပေမူ ပြောလိုက်သည်။

“ငါ့ကို ဘယ်လိုနည်းလမ်းနဲ့ ကယ်တင်ခဲ့တာလဲ ဟုတ်လား…” သခင်ကြီးကု သေချာစဉ်းစားလိုက်သည်။

ထို့နောက် သူအံ့အားသင့်စွာ ပြောလိုက်သည်။ “မင်းပြောမှ သတိရတယ်။ နည်းနည်းထူးဆန်းတယ်။ သူက ငါ့ကို သစ်ပင်ကြီးတစ်ပင်နဲ့ ကမ်းပေးပြီး ကယ်ခဲ့တာ။ အဲ့လိုအရာမျိုးကို သာမန်ကလေးမလေးတစ်ယောက်က လုပ်နိုင်မှာ မဟုတ်ဘူး”

သိ့သော်လည်း ဒီကိစ္စကို ဘယ်သူ့ကိုမှ သခင်ကြီးကု မပြောခဲ့ပါ။ အနည်းငယ် ထူးဆန်းနေပြီး လူတိုင်းကို အသိပေးလိုက်ပါက သူ့ကို ကယ်တင်ခဲ့သည့် ကလေးမလေးအတွက် အန္တရာယ်ဖြစ်သွားမှာ စိုးရိမ်မိတာကြောင့် ဖြစ်သည်။

“ဒါဆို ချူးယန်ရှီ အဲ့လိုလုပ်နိုင်သလားဆိုတာ မစမ်းသပ်ကြည့်ဘူးလား”။ ဟဲပေမူက အကြံပေးလိုက်သည်။

စူစူလေးက မမှတ်မိသော်လည်း ဟဲပေမူကတော့ ကျိန်းသေပေါက် မှတ်မိပါသည်။

ပြောစရာရှိတာပြောပြီးနောက် ဟဲပေမူ အေးတိအေးစက်မျက်နှာဖြင့် လှည့်ထွက်သွားခဲ့သည်။

သခင်ကြီးကု မျက်မှောင်ကြုတ်လျက် ကျန်ခဲ့ပြီး စိတ်ထဲမှာလည်း ဇဝေဇဝါဖြစ်သွားသည်။ ထို့နောက် ကျောင်းအုပ်ကြီးကို သံသယဖြစ်စွာ ကြည့်လိုက်၏။

ကျောင်းအုပ်ကြီးက သူ့ထက်ပင် ပိုပြီး အံ့အားသင့်နေသေးသည်။ ထိုနေ့က ဘာတွေဖြစ်ခဲ့မှန်း သူ မသိသလို ဟဲပေမူရဲ့ စကားတွေကိုလည်း တစ်လုံးမှ နားမလည်ပါ။

သခင်ကြီးကုက ကျောင်းအုပ်ကြီးကို မေးမြန်းလိုက်သည်။ “ကျောင်းအုပ်ကြီး… အဲ့ဒီ ကောင်မလေး ချူးယန်ရှီမှာ ထူးခြားတာတစ်ခုခု ရှိလား”

ကျောင်းအုပ်ကြီးက ပြန်ဖြေလိုက်သည်။ “ဘာမှ ထူးခြားတာ မရှိပါဘူး။ သူက လိမ္မာပြီး သိတတ်တဲ့ ကလေးမလေးပဲ။ ပြီးတော့ ဘက်စုံလည်း ထူးချွန်တယ်၊ ပန်းချီဆွဲတတ်တယ်၊ သီချင်းဆိုတတ်တယ်၊ စန္ဒရားလည်း တီးတတ်တယ်”

“ခွန်အားပိုင်းဆိုင်ရာမှာကော… သူ့မှာ သာမန်မဟုတ်တဲ့ ခွန်အားမျိုး ရှိနေလား”။ သခင်ကြီးကုက ထပ်မေးလိုက်သည်။

“မရှိပါဘူး”။ ကျောင်းအုပ်ကြီးကလည်း အမှန်တိုင်း ပြန်ဖြေလိုက်သည်။ ထို့နောက် ကျောင်းအုပ်ကြီး တစ်ခုခုကို သေချာ စဉ်းစားလိုက်ပြီး ထပ်ပြောလိုက်သည်။ “ဒါပေမယ့် ခွန်အားဆိုလို့ ကျွန်တော်တို့ဆီက ‌ကျောင်းသူ ချင်းစူစူမှာတော့ သာမန် ကလေးတစ်ယောက်ထက် ပိုတဲ့ခွန်အားမျိုး ရှိတယ်။ သူ့အတန်းဖော်တွေကို အလွယ်တကူ မ,နိုင်သလို လူကြီးတွေကိုပါ လဲကျသွားအောင် ခြေထောက်နဲ့ ကန်နိုင်တယ်။ ဒါပေမယ့် သာမန်ထက် နည်းနည်းလေး အားသန်တယ် ဆိုရုံပါပဲ။ သိပ်ပြီး မထူးဆန်းပါဘူး”

“ခင်ဗျားပြောတဲ့ ချင်းစူစူက ဘယ်သူလဲ”။ သခင်ကြီးကုက ထပ်မေးလိုက်သည်။

ကျောင်းအုပ်ကြီးက ပြူတင်းပေါက်မှတဆင့် စာသင်ခန်းထဲရှိ စူစူလေးကို ညွှန်ပြလိုက်သည်။

သခင်ကြီးကုလည်း ညွှန်ပြရာကို လိုက်ကြည့်လိုက်ရာ စူစူလေးကို မြင်သွားပါသည်။

ဒီအကွာအဝေးမှ ကြည့်ပါက စူစူလေး၏ အရပ်နဲ့ ကိုယ်လုံးကိုယ်ပေါက်မှာ ချူးယန်ရှီနဲ့ ဆင်တူသည်။

အခုချိန်မှာ ထိုနေ့က သူစိတ်လောသွားသည်ဟု သခင်ကြီးကု ခံစားနေရပြီ ဖြစ်ပါသည်။

သခင်ကြီးကုက ကျောင်းအုပ်ကြီးကို ထပ်မေးလိုက်သည်။ “ဒီအပတ် တနင်္လာနေ့တုန်းက ကျောင်းသား ဘယ်နှယောက် ကျောင်းယူနီဖောင်းကို ဝတ်ခဲ့လဲ”

ကျောင်းအုပ်ကြီးက ပြန်ဖြေသည်။ “အဲ့ဒီ တနင်္လာနေ့ မနက်က ဓာတ်ပုံရိုက်ရမှာမို့လို့ ကလေးတွေအားလုံး ဆင်တူ ကျောင်းယူနီဖောင်းလေးတွေ ဝတ်လာရတယ်လေ”

ကျောင်းအုပ်ကြီး၏ အဖြေကို ကြားပြီးနောက် သခင်ကြီးကု အတွေးနွံထဲ နစ်သွားလေတော့သည်…။

--- --- ---

သခင်ကြီးကုကို ဟဲပေမူ ဘာတွေပြောသွားသလဲဆိုတာ စာသင်ခန်းထဲရှိ ချူးယန်ရှီတစ်ယောက် မသိသေးပါ။

စူစူလေးနားကို ထပ်သွားပြီး သူမ ထပ်ပြောလိုက်သည်။ “ချင်းစူစူ နင်မသိလောက်ဘူးထင်တယ်။ နင်တို့ ချင်းမိသားစု အခုတလော ဒုက္ခရောက်နေတယ်နော်”

စူစူလေးက ဘာမှ ပြန်မပြောဘဲ ပဟေဠိသာ ဆက်ကစားနေပါသည်။

ချူးယန်ရှီကို သူမ လျစ်လျူရှုခဲ့တာ ကြာပြီဖြစ်သည်။

လူဆိုးတွေနဲ့ ပတ်သတ်လာလျှင် စူစူလေးက ‘မ’သုံးလုံးဆောင်သည်။ နား ‘မ’ထောင်ရ၊ ဂရု ‘မ’စိုက်ရ၊ ‘မ’ယုံကြည်ရ ဟူ၍ ဖြစ်သည်။

သူမစကားကို စူစူလေး ကြားမှန်း သိသဖြင့် ချူးယန်ရှီ ဆက်ပြောလိုက်သည်။ “နင်တို့ ချူးမိသားစုက ထုတ်လုပ်တဲ့ ထုတ်ကုန်တွေကို ငါတို့ ချူးမိသားစု ထုတ်ကုန်တွေက အနိုင်ယူသွားပြီဆိုတာ သိလား။ မစ္စတာချန်းကလည်း နင်တို့ မိသားစုနဲ့ လက်တွဲဖြုတ်သွားပြီ။ အခု ကျန်းရှင်းကပါ ငါတို့ မိသားစုနဲ့ ပူးပေါင်းတော့မှာတဲ့! နင်တို့ စာချုပ်သစ် ချုပ်လို့ မရတော့ဘူးနော်”

… … …

အခန်း(၆၅၃) စကားမပြောချင်ဘူး လက်ပဲ ပါချင်တာ

စူစူလေးက မသိချင်ယောင် ဆောင်နေသည်။ ချူးယန်ရှီက ဆက်ပြောသည်။ “ငါတို့ ချူးမိသားစုရဲ့ ထုတ်ကုန်အသစ်တွေက နင်တို့ ချင်းမိသားစုရဲ့ ထုတ်ကုန်အဟောင်းတွေထက် အများကြီး ပိုလူကြိုက်များတယ်။ ကုမ္ပဏီကြီးတွေက နင်တို့မိသားစုနဲ့ လက်တွဲဖြုတ်ပြီး ငါတို့ဆီ ရောက်လာပြီ”

ချူးယန်ရှီက မရပ်မနား ပွစိပွစိ ပြောနေပါသည်။ စူစူလေးက ဘာမှ သိပ်နားမလည်ပါ။ “ဈေးကွက်ရှယ်ယာ”၊ “ခေတ်သစ် ဆက်သွယ်ရေးကိရိယာ” စသည့် စကားလုံးများက စူစူလေး၏ အဘိဓာန်ထဲမှာ ရှိမနေပါ။

သို့သော်လည်း နောက်ဆုံးတော့ စူစူလေး တုန့်ပြန်ခဲ့သည်။ ချူးယန်ရှီဘက်သို့ လှည့်ကာ စကားလုံး ၃ လုံးတည်း ပြောလိုက်ပါသည်။ “နားငြီးတယ်”

ချူးယန်ရှီ ဘာတွေပြောနေသလဲဆိုတာ စူစူလေး နားမထောင်ပါ။ သူမ ဘာတွေပြောနေသလဲဆိုတာ စိတ်လည်း မဝင်စားပါ။ သို့သော် ဘေးက တတွတ်တွတ်ပြောနေသဖြင့် စူစူလေး စိတ်ရှုပ်လာပါပြီ။ နားအနားမှာ ယင်ကောင်တွေ လာပျံနေသည့် ခံစားချက်မျိုးဖြစ်သည်။

“ချင်းစူစူ နင်နားလေးနေလား။ နင်နားလည်အောင် ဘာသာပြန်ပေးရမလား။ နင်တို့ ချင်းမိသားစုက ဇာတ်သိမ်းတော့မှာ။ နင့်အဖေ၊ နင့်အမေ၊ နင့်အစ်ကိုတွေ၊ ယောက်မတွေ၊ တူတွေ အကုန်လုံး အကြီးအကျယ် ဒုက္ခရောက်ကြတော့မှာ”။ ချူးယန်ရှီက ယုံကြည်ချက် အပြည့်ဖြင့် ပြောလိုက်ပါသည်။

“ငါ့ဖေဖေ မေမေ၊ အစ်ကိုကြီးတွေနဲ့ တူလေးတွေက ဘာမှ ဒုက္ခမရောက်ဘူး။ ငါကာကွယ်ပေးမှာမို့လို့ အားလုံး ဘေးကင်းကြမှာ!”။ စူစူလေးက ပြန်ချေပလိုက်သည်။

“နင်တကယ် လူစကား နားမလည်ဘူးထင်တယ်။ ကိုယ့်မိသားစု ဒုက္ခရောက်တော့မှာကိုတောင် စိတ်မဝင်စားဘူး”။ ချူးယန်ရှီ ထပ်ပြီး လှောင်ပြောင်လိုက်သည်။

“တကယ် နားငြီးတာပဲ”

ယင်ကောင်တစ်ကောင်သာဆို လက်ဖြင့် ရိုက်ချလိုက်တာ ကြာပါပြီ။ လူတစ်ယောက်ဖြစ်နေသဖြင့် ဘယ်လိုဖြေရှင်းရမလဲ စူစူလေး မသိပါ။ စာသင်ခန်းထဲမှာဖြစ်တာကြောင့် ကင်းခြေများတွေ၊ ပုရွက်ဆိတ်တွေ၊ ပင့်ကူတွေကိုလည်း ခေါ်လိုက်လို့ မရပါ။ တခြားကလေးတွေ ကြောက်လန့်ကုန်လိမ့်မည်။

စူစူလေးက ချင်းလောင်ယွင်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။ “လောင်ယွင် နင်က လိမ္မာတယ်”

“ဒေါ်လေးစူစူ ဘာလို့ ရုတ်တရက်ကြီး ချီးကျူးနေတာလဲ”

“နင်က တစ်ခါတလေ ငိုတတ်ပေမယ့် သူ့လောက် စိတ်ရှုပ်စရာ မကောင်းဘူး။ သူက စိတ်ရှုပ်စရာကောင်းပြီး ဘာပြောပြော နားမထောင်ဘူး”။ စူစူလေးက ရှင်းပြလိုက်၏။

“အွန်း အွန်း ဟုတ်တယ်!”။ ချင်းလောင်ယွင်‌ ခေါင်းငြိမ့်ကာ ထောက်ခံလိုက်ပါသည်။ သူမ မျက်နှာလေး နီမြန်းသွားပြီး အပြုံးပန်းများ ဝေဆာသွားပါသည်။

ထို့နောက် စူစူလေးက ချူးယန်ရှီဘက်သို့ လှည့်ကာ ပြောလိုက်သည်။ “ငါ့ကို စကားလာမပြောနဲ့တော့။ နင်နဲ့ စကားပြောရတာ သဘောမကျဘူး။ ကျောင်းမှာ ရန်မဖြစ်ဖို့ ဖေဖေနဲ့ မေမေက မှာထားလို့၊ မဟုတ်ရင် နင့်ကို အပြင် ကန်ထုတ်လိုက်တာကြာပြီ”

စူစူလေးက ချူးယန်ရှီကို ရိုးရိုးရှင်းရှင်း ထိထိရောက်ရောက် သတိပေးလိုက်ပါသည်။

စကားအများကြီး သိပ်မပြောချင်ပါ။ လက်ပဲ ပါချင်နေသည်။

ဟူး… ဒီစာသင်ခန်းထဲမှာ နေရတာ ခက်ခဲလိုက်တာ။ အပြင်မှာသာဆို သူ့ကို သစ်ပင်ပေါ် ပစ်တင်လိုက်လို့ရတယ်။ အဲ့တာဆို အားလုံး တိတ်ဆိတ်သွားတော့မှာ။

“ချင်းစူစူ အရူးမ!”

ချူးယန်ရှီ မကျေနပ်သော်လည်း ရွေးချယ်စရာမရှိတော့ဘဲ လှည့်ထွက်သွားခဲ့ရတော့သည်။

ဦးနှောက်မရှိသည့် ဒီကလေးမကို ချူးယန်ရှီ လေကုန်ခံပြီး ဘာမှ မပြောချင်တော့ပါ။ အသက် ၃ နှစ်ခွဲအရွယ် ကလေးမတစ်ယောက်ကို နားလည်အောင် ရှင်းပြရတာ ခက်ပါသည်။

ချူးယန်ရှီ ထွက်သွားပြီးနောက် ချင်းလောင်ယွင်က စူစူလေးနား ကပ်ကာ တီးတိုးမေးလိုက်သည်။ “ဒေါ်လေးစူစူ သူပြောတာ တကယ်ပဲလား။ ဒေါ်လေးစူစူတို့ မိသားစု ဒုက္ခရောက်နေတယ်ဆို။ အရေးကြီးမယ့်ပုံပဲနော်”။ ချင်းလောင်ယွင် မေးလိုက်သည်။

“ငါ့မိသားစုက ဘာမှ ဒုက္ခမရောက်ဘူး။ ငါ့တူလိမ္မာလေးက မဟုတ်တဲ့စကားတွေ နားမယောင်ဖို့ မှာထားတယ်” စူစူလေးက ပြောသည်။

“အွန်းအွန်း နားမထောင်နဲ့! ဒေါ်လေးစူစူပြောတာ အမြဲမှန်တယ်!”။ ချင်းလောင်ယွင်ကတော့ စူစူလေးကို ခြွင်းချက်မရှိ ထောက်ခံပါသည်။

--- --- ---

အိမ်ပြန်လမ်းတွင် ကားထဲက သခင်ကြီးကုတစ်ယောက် မျက်မှောင်ကြုတ်ကာ မျက်နှာတွေ ပျက်နေပါသည်။

ဘော်ဒီဂတ်တွေပါ အလွန်စိတ်ပူသွားကြသည်။ “သခင်ကြီး နေမကောင်းဘူးလား”

သခင်ကြီးကု ဘာမှ ပြန်မပြောပါ။

ဘော်ဒီဂတ်တွေ ပိုပြီး စိတ်ပူလာကြသည်။ “ကျွန်တော်တို့ ဒေါက်တာကျောက်ကို ဖုန်းဆက်ပြီး ပင့်လိုက်ရမလား”

“အဲ့ဒီနေ့က ငါလူရှာခိုင်းခဲ့တုန်းက အဲ့ဒီကလေးမလေးတစ်ယောက်ကိုပဲ တွေ့ခဲ့တာလား။ အနားမှာ တခြား ကလေးတွေ မရှိဘူးလား”။ သခင်ကြီးကု မေးလိုက်သည်။

… … …

အခန်း(၆၅၄) သန်း ၁၀၀ တန် အော်ဒါတွေ မရှိတော့ဘူး

“အဲ… အဲ့တာက… အဲ့ဒီကောင်မလေး တစ်ယောက်ကိုပဲ တွေ့ခဲ့တာပါ။ ကလေးတစ်ယောက်က အဝေးကြီး မပြေးနိုင်လောက်ဘူးလို့ ထင်လို့…”

ဘော်ဒီဂတ်က မဝံ့မရဲ ပြန်ဖြေလိုက်သည်။

“အဝေးကြီးမပြေးနိုင်ဘူးဆိုတာ ဘာစကားလဲကွ။ ကလေးတွေ အဝေးကြီး မပြေးနိုင်ဘူးလို့ မင်းကို ဘယ်သူပြောလဲ! မင်းက ဘာမို့လို့ အဲ့လို ကောက်ချက်ချရတာလဲ”။ သခင်ကြီးကု ဒေါသတကြီး မေးလိုက်ပါသည်။

ဘော်ဒီဂတ်လည်း ကြောက်လန့်သွားပြီး အသက်ပင် ဝဝ မရှူရဲတော့ပါ။

“ဘာတွေ စောင့်နေကြတာလဲ။ ကားရပ်စမ်း။ အခုချက်ချင်း ကားပေါ်ကဆင်းပြီး သွားစုံစမ်းကြ!”

သခင်ကြီးကု ဒေါသကပေါက်ကွဲသွားသည်။

ဒရိုင်ဘာလည်း ကားကို အမြန်ရပ်ပေးလိုက်ရပြီး ဘော်ဒီဂတ်တွေအကုန် ကားပေါ်က အမြန်ဆင်းကုန်ကြပါသည်။

ဘော်ဒီဂတ်တွေကို မောင်းထုတ်ပြီးနောက် သခင်ကြီးကုက ဒရိုင်ဘာကို အမိန့်ပေးလိုက်သည်။ “မောင်းတော့!”

လခွမ်းပဲ! ကလေးမလေးတစ်ယောက် အရူးလုပ်တာကို တကယ်ခံခဲ့ရတာဆိုရင် လူတွေကို ဘယ်လို မျက်နှာပြရတော့မလဲ။

စဉ်းစားကြည့်လေလေ တစ်ခုခု လွဲနေသလို ခံစားရလေလေဖြစ်ကာ သခင်ကြီးကု စိတ်ပိုရှုပ်လာသည်။

ထို့ကြောင့် သခင်ကြီးကု ဖုန်းဆက်လိုက်သည်။ “ချူးအုပ်စုကို ပေးထားတဲ့ အော်ဒါတွေ ယာယီ ရပ်ဆိုင်းထားလိုက်။ သေချာ စုံစမ်းပြီးမှ ထပ်ဆွေးနွေးကြမယ်!”

ဒီသန်း ၁၀၀ ကို သူဂရုမစိုက်ပါ။ သို့သော် အခွင့်အရေးယူခံရပြီး လိမ်ညာခံရတာကိုတော့ လုံးဝ မကြိုက်ပေ။

ငွေတွေက လူမှန်နေရာမှန်ဆီ ရောက်သွားလျှင် ကိစ္စမရှိပါ။ သန်း ၁၀၀ မကလို့ သန်း ၁,၀၀၀ ဆိုလည်း သူဂရုစိုက်မှာ မဟုတ်ပါ။

သို့သော် သူ့ကို လှည့်စားရင်တော့ ၁ ယွမ်တောင် မရက်ရောနိုင်ပေ။

--- --- ---

သခင်ကြီးကု အမိန့်ပေးပြီးနောက် နာရီဝက်အတွင်း ချူးဟမ့် သတင်းရခဲ့သည်။

ဘာတွေဖြစ်နေတာလဲ။ အဘိုးကြီးကို သူ့သမီးလေး ကယ်တင်ပေးခဲ့လို့ ဒီအော်ဒါတွေ ကမ်းလှမ်းထာားတာ မဟုတ်ဘူးလား။ ဘာလို့ အကြောင်းအရင်းမရှိ ဖျက်သိမ်းလိုက်ရတာလဲ။

ဘာတွေဖြစ်သွားတာလဲဆိုတာ ချူးဟမ့် ချက်ချင်း စုံစမ်းချင်သွားသည်။ ထို့ကြောင့် ကုမ္ပဏီအစည်းအဝေးကိုပင် ဖျက်သိမ်းပြီး အိမ်ကို တန်းပြန်လာခဲ့သည်။

အိမ်ထဲဝင်လာတော့ ဧည့်ခန်းထဲမှာ ကာတွန်းကားကြည့်နေသည့် ချူးယန်ရှီကို မြင်ပြီး မေးလိုက်ပါသည်။

“ရှောင်းရှီ ဘာတွေဖြစ်နေတာလဲ အဖေ့ကို ပြောစမ်း”

“ဘာဖြစ်လို့လဲ ဖေကြီး”။ ချူးယန်ရှီက ချူးဟမ့်ကို အူတူတူဖြင့် ကြည့်လိုက်ပါသည်။

“အဲ့တာ ငါ့မေးခွန်းလေ! အဲ့ဒီ သခင်ကြီးကုဆိုတဲ့ အဘိုးကြီးကို နင်ကယ်ခဲ့တာ မဟုတ်ဘူးလား။ အဲ့တာကြောင့် ငါတို့ကို သန်း ၁၀၀ တန်တဲ့ အော်ဒါတွေ ကမ်းလှမ်းခဲ့တာ မဟုတ်ဘူးလား။ နောက်ထပ် အော်ဒါတွေ ထပ်လာဖို့ ရှိသေးတယ်လို့တောင် ပြောသေးတယ်!”

“ဖေကြီး အော်ဒါတွေ ပြဿနာတစ်ခုခုဖြစ်လို့လား”

“ပြဿနာအကြီးကြီးဖြစ်တာ! အော်ဒါတွေ မရှိတော့ဘူး!”

တစ်ဖက်လူက ယာယီ ရပ်ဆိုင်းထားမည်ဟုသာ ပြောခြင်းဖြစ်သော်လည်း ချူးဟမ့်က ဖျက်သိမ်းလိုက်ပြီဟု ယူဆလိုက်တာ ဖြစ်သည်။

“မရှိတော့ဘူးဟုတ်လား”။ ချူးယန်ရှီ တုန်လှုပ်သွားသည်။

ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူး!

“တကယ်မဟုတ်ရင် ငါအိမ်ကို အပြေးပြန်လာပြီး နင့်ကို ဒီလိုတွေ မေးနေပါ့မလား”။ ချူးဟမ့် အလွန်ဒေါသထွက်နေသည်။

ထို သန်း ၁၀၀ အတွက် အစီအစဉ်တွေတောင် ဆွဲထားပြီးပါပြီ။

“သ… သမီးမသိဘူး…” ချူးယန်ရှီ အလွန် မှင်သက်နေပါသည်။

ဒီနေ့ မူကြိုကို သခင်ကြီးကု လာသွားသည်။ သူ့မျက်နှာကို ကြည့်ခြင်းအားဖြင့် ဘာပြဿနာမှ မရှိလောက်ပါ။

ထို့အပြင် ချင်းစူစူကော သူကော တစ်ယောက်ကိုတစ်ယောက် မမှတ်မိကြပေ။

ဧကန္တ… သူမ မမြင်နိုင်တဲ့ နေရာမှာ တစ်ခုခု ဖြစ်သွားတာများလား…။

“နင်က မသိဘူးဟုတ်လား။ ဘာလို့ မသိရမှာလဲ။ ဒီအော်ဒါတွေ ဆုံးရှုံးတာ ကုမ္ပဏီအတွက် မဟာဆုံးရှုံးမှုကြီးနော်!” ချူးဟမ့် ဒေါသပေါက်ကွဲသွားပြီး မျက်နှာတစ်ခုလုံး ကြမ်းကြုတ်ကာ ချူးယန်ရှီ၏ ပခုံးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ပါသည်။

ချူးယန်ရှီ ကြောက်လန့်သွားပြီး မျက်နှာလည်း ဖြူရော်သွားလေသည်။ “ဖေကြီး နာတယ်”

သမီးဖြစ်သူ မျက်နှာ ဖြူဖပ်သွားတာကိုမြင်မှ ချူးဟမ့် အသိစိတ်ပြန်ဝင်လာခဲ့ပါသည်။

“အဖေတောင်းပန်ပါတယ် ရှောင်းရှီလေး။ အဖေ ဒေါသထွက်သွားလို့ပါ”။ ချူးဟမ့် တောင်းပန်လိုက်သည်။ “ဒါပေမယ့် အဖေ့ ခံစားချက်ကိုလည်း နားလည်ရမယ်လေ။ အဖေက အခု အရမ်းအရေးကြီးတဲ့အချိန်ကို ရောက်နေတာ…”

အသက် ၄ နှစ်သာရှိသေးသည့် သမီးဖြစ်သူကို ဒေါသပုံမချသင့်မှန်း ချူးဟမ့်လည်း နားလည်ပါသည်။

“ရှောင်းရှီ အပေါ်တက်တော့။ အဖေ တစ်ခုခုစဉ်းစားလိုက်ဦးမယ်”။ ထို့နောက် ချူးဟမ့် စာကြည့်ခန်းထဲ ဝင်သွားခဲ့ပါသည်။

ချူးယန်ရှီ အချိန်အတော်ကြာသည်အထိ မလှုပ်နိုင်ခဲ့ပါ။ လက်သီးများကို တင်းကျပ်စွာ ဆုပ်ထားပြီး အံတွေလည်း ကြိတ်နေမိပါသည်။

… … …

အခန်း(၆၅၅) ဗီဒီယိုကို လိုင်းပေါ်တင်ခြင်း

ပြဿနာတွေ ဘယ်ကနေစဖြစ်လာသလဲ ချူးယန်ရှီ မသိတော့ပါ။

သို့သော် သေချာစဉ်းစားပြီးနောက် တစ်ခုတည်းသော ဖြစ်နိုင်ချေက ချင်းစူစူ သို့မဟုတ် သူမ မိသားစုက ဝင်နှောင့်ယှက်လိုက်တာကြောင့်သာ ဖြစ်နိုင်သည်။

လခွီးပဲ!

ချင်းစူစူ မသာမ! သခင်ကြီးကုကို အမှန်အတိုင်း သွားပြောခဲ့တာပေါ့!

လက်တစ်ကမ်းအလိုရောက်ခါမှ…!

ချူးယန်ရှီ ဒေါသတွေ ထိန်းမရတော့ပါ။

စာကြည့်ခန်းထဲ ပြန်ရောက်သောအခါ ဒေါသထွက်လွန်းသဖြင့် ဖတ်စာအုပ်တွေ အကုန်လုံးကို ဆွဲဖြဲပစ်လိုက်သည်။ စားပွဲပေါ်က အရာအားလုံးကို ဖျက်ဆီးပြီးတာတောင် သူမ မကျေနပ်နိုင်သေးပါ။

သူမရင်ထဲမှာ စုပြုံလာသည့် ဒေါသကို ဘယ်လို လျှော့ချရမလဲ မသိပေ။

နည်းနည်းလေးပဲ လိုတော့တာ!

မဆိုသလောက်လေးပဲ!

ချူးမိသားစု ပြန်ပြီး အဆင်ပြေလာခါနီးမှ…!

အချိန်အတန်ကြာသောအခါ ချူးယန်ရှီ တည်ငြိမ်သွားခဲ့သည်။ မကြာသေးခင်က သူမ ရိုက်ယူထားသည့် စူစူလေး သစ်ပင် ဆွဲနှုတ်နေသော ဗီဒီယိုကို ရှာဖွေလိုက်သည်။

ဗီဒီယိုကို ကြည့်ပြီးနောက် ချူးယန်ရှီ အံကြိတ်ကာ ရေရွတ်လိုက်ပါသည်။ “ချင်းစူစူ ဒါ နင့်ထိုက်နဲ့ နင့်ကံပဲ! အစက ငါ ဒီလိုလုပ်ဖို့ စိတ်ကူးမရှိဘူး။ ဒါပေမယ့် နင်က ငါ့လက်ကို တွန်းအားပေးခဲ့တာ!”

--- --- ---

သစ်ပင်ကြီးကို စူစူလေး ဆွဲမနေသည့် ဗီဒီယိုက အင်တာနက်တစ်ခွင် ပြန့်နှံ့သွားလေသည်။

ယခင်တုန်းက ဗီဒီယိုအတိုလေးတချို့ကြောင့် စူစူလေး နာမည်ကြီးဖူးသော်လည်း ချင်းမိသားစု၏ ကာကွယ်ပေးမှုနဲ့ စူစူလေးရဲ့ အစွမ်းအစမှန်ကို ဘယ်သူမှ သိပ်မသိခဲ့ကြပါ။

သို့သော်လည်း ဒီတစ်ခေါက်တော့ အခြေအနေတွေက ချင်းမိသားစု ထင်ထားတာထက် အများကြီး ပိုဆိုးရွားနေသည်။

သစ်ပင်ကြီးတစ်ပင်ကို စူစူလေး ကိုင်မထားသည့် မြင်ကွင်းက အလွန်အံ့အားသင့်စရာကောင်းပြီး အင်တာနက်တစ်ခွင်လုံး ပွက်လောရိုက်သွားခဲ့လေသည်။

ခန္ဓာကိုယ် သေးသေးလေးနဲ့ ဒီလောက် အားကြီးတာ… ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!

ချူးယန်ရှီက ဗီဒီယိုကို ဖြန့်ခဲ့ရုံတင်မကဘဲ ကျောင်းသားမိဘတစ်ယောက်ကိုပါ ငွေပေးပြီး ကျောင်းသားမိဘ Group Chat ထဲ အာချောင်ခိုင်းခဲ့သည်။

မိုမိုတို့အမေ : [ဘုရားဘုရား ချင်းစူစူက တော်တော်အားကြီးတာပါလား။ သာမန်ကလေးကော ဟုတ်ရဲ့လား]

ဟောက်ဟောက်တို့အမေ : [ဘာမှတော့ မဖြစ်ပါဘူး။ စူစူလေးက ကျောင်းတက်နေတာကြာပြီ။ ဘာမှ မဖြစ်ဖူးဘူး။ ကျွန်မသား ဟောက်ဟောက်လေးလည်း သူနဲ့ ရင်းနှီးတယ်။ စူစူလေးက သဘောကောင်းတယ်လို့ ခဏခဏ ပြောဖူးတယ်]

မိုမိုတို့အမေ : [အဲ့လိုမတွေးနဲ့လေ။ အရင်က ဘာမှမဖြစ်ဖူးတာနဲ့ပဲ နောက်ဘာမှ မဖြစ်နိုင်ဘူးလို့ ပြောလို့မှ မရတာ။ တစ်ခုခုသာဖြစ်သွားရင် ကျွန်မတို့ နောင်တရဖို့ နောက်ကျသွားမယ်နော်]

နန်နန်တို့အဖေ : [ကျွန်တော်လည်း နည်းနည်း စိတ်ပူတယ်။ ဒီကလေးရဲ့ ခွန်အားက သာမန်မဟုတ်တာ သေချာသွားပြီ။ လူကြီးတွေကိုလည်း ကိုင်ပေါက်နိုင်သလို ကားတံခါးတွေကိုပါ ဆွဲဖြုတ်နိုင်တယ်။ အခု ဒီဗီဒီယိုထဲမှာ ပိုတောင် အံ့ဩဖို့ ကောင်းနေသေးတယ်]

ဟောက်ဟောက်တို့အမေ : [ကျွန်မကတော့ ကိစ္စမရှိဘူးလို့ထင်တယ်။ စူစူလေးက နည်းနည်း ထူးခြားတာ မှန်ပေမယ့် အရင်တစ်ခေါက်က လူတစ်ယောက်ကို ကယ်ဖူးလို့ သတင်းထဲ ပါလာဖူးတယ်လေ။ အဲ့တာကြောင့် စိတ်ထားကောင်းတဲ့ ကောင်မလေးပါ]

မိုမိုတို့အမေ : [ကလေးက စိတ်ထားကောင်းချင် ကောင်းနိုင်ပေမယ့် သူ့ခွန်အားသူ ထိန်းချုပ်နိုင်မယ်ဆိုတာ သေချာရဲ့လား။ ဒါဟာသမဟုတ်ဘူးနော်။ သူသာ သတိမထားရင် လူတစ်ယောက်ကို နှစ်ပိုင်းကျိုးသွားအောင် အလွယ်လေး လုပ်နိုင်လောက်တယ်]

ကျစ်လွေ့တို့အဖေ : [အဲ့လိုကြီးတွေ မပြောကြပါနဲ့။ ကျွန်တော် ကြောက်လာပြီ]

ရွှမ်ရွှမ်တို့အမေ : [မိုမိုတို့အမေပြောတာ မှန်တယ်လို့ ကျွန်မတော့ထင်တယ်]

ရှောင်းရှောင်းတို့အမေ : [ဒီကိစ္စအတွက် ဖြေရှင်းချက်တစ်ခုခု စဉ်းစားပေးလို့ရမလား ဆရာမ။ တကယ်တမ်း ပြဿနာ ဖြစ်လာရင် ဘယ်သူက တာဝန်ယူပေးမှာလဲ။ ကျောင်းက တာဝန်ယူနိုင်လား]

--- --- ---

အစကတော့ ကျောင်းသားမိဘတွေ သိပ်ပြီး စိတ်မပူခဲ့ကြပါ။ ဘာပဲဖြစ်ဖြစ် စူစူလေး မူကြိုတက်နေတာကြာပြီ ဖြစ်ပြီး ဘာပြဿနာမှ မဖြစ်ခဲ့ဖူးပေ။

သို့သော် ကျောင်းသားမိဘတစ်ဦး၏ စကားကြောင့် တခြားမိဘတွေပါ စိုးရိမ်သွားကြသည်။

ဘာမှမဖြစ်တာ ကောင်းသော်လည်း တစ်ခုခုဖြစ်သွားလျှင် သေရေးရှင်ရေးအဆင့်ထိ ဖြစ်နိုင်သည်။

ကိုယ့်သားသမီးအသက်ကို ဘယ်မိဘမှ အလောင်းအစား မလုပ်ရဲကြပါ။

ထို့ကြောင့် အချိန်အတော်ကြာအောင် ညှိနှိုင်းတိုင်ပင်ပြီးနောက် ချင်းစူစူကို ကျောင်းထုတ်ရန် ဟုံဖုန်းမူကြိုကို တောင်းဆိုဖို့ အားလုံး ဆုံးဖြတ်ခဲ့ကြပါသည်။

… … …

All Chapters