← Chapters

အခန်း (၆၆၆-၆၇၀)

Vol. 27 Ch. 666-670

အခန်း (၆၆၆-၆၇၀)

Vol. 27 Ch. 666-670

အခန်း(၆၆၆) အဆင်မပြေရင် ကိုယ့်ဖာသာကိုယ် ကျောင်းဆောက်မယ်

“မဟုတ်ဘူး သမီးလေး။ သမီးလေး ကျောင်းသွားဖို့လိုတယ်။ ဖေဖေနဲ့ မေမေက သမီးလေးကို အရမ်းထူးချွန်တဲ့ ကျောင်းသူ ဖြစ်လာအောင် ဖိအားမပေးဘူးဆိုပေမယ့် အခြေခံပညာတော့ တတ်ထားဖို့ လိုအပ်တယ်။ ပြီးတော့ အရေးအကြီးဆုံးက တခြားကလေးတွေနဲ့ ပေါင်းသင်းဆက်ဆံတတ်ဖို့ပဲ”။ အဘိုးချင်း ရှင်းပြလိုက်သည်။

ကျောင်းသွားခြင်းက ပညာသင်ဖို့သာမကဘဲ လူ့ပတ်ဝန်းကျင်နဲ့ ဆက်ဆံတတ်အောင် သင်ယူဖို့လည်း ပါသည်။

ဖေဖေပြောတာ အဓိပ္ပာယ်တော့ရှိပါသည်။ ကျောင်းသွားပြီးနောက်ပိုင်း သူမ သူငယ်ချင်းတွေ အများကြီး ရလာခဲ့သည်။ လောင်ယွင်၊ ဟောက်ဟောက်၊ ရှောင်းရှောင်း….

စူစူလေး တွန့်ဆုတ်သွားသည်။

ချင်းရှင်းကျစ်ကလည်း ချက်ချင်း ထောက်ခံလိုက်သည်။ “ညီမလေး၊ အဖေပြောတာ မှန်တယ်။ ပညာသင်ရုံနဲ့ မပြီးသေးဘူး။ ပြီးတော့ ညီမလေးက လိမ္မာတဲ့ ကလေးပဲဥစ္စာ။ သူတို့တွေ သဘောမကျစရာအကြောင်း ရှိလို့လား။ သဘောမကျရင် မျက်လုံးမကောင်းလို့ပဲနေမှာ!”

စူစူလေး ခေတ္တစဉ်းစားလိုက်ပြီး ပြန်ပြောလိုက်ပါသည်။ “ဟုတ်ပြီ အဲ့တာဆို ကျောင်းသွားမယ်!”

ဖေဖေနဲ့ အစ်ကိုကြီးတော့ ပြောတာ အဓိပ္ပာယ်ရှိသဖြင့် သူမ လက်မခံချင်လည်း လက်ခံရပါတော့မည်။

အဘိုးချင်းက ဆက်ပြောသည်။ “စိတ်မပူနဲ့ သမီးလေး။ သမီးဖေဖေ၊ မေမေ၊ အစ်ကိုကြီးနဲ့ တူလေးတွေ အားလုံးက ကျောင်းကိစ္စတွေကို ဖြေရှင်းပေးမယ်။ ငါ့သမီးလေး ပညာသင်ဖို့ နေရာတစ်ခု ရှိစေရမယ်။ ဖေဖေနဲ့ မေမေတို့ ဆုံးဖြတ်ပြီးသွားပြီ။ လက်ရှိကျောင်းက အဆင်မပြေရင် ကိုယ့်ဖာသာကိုယ် မူကြိုကျောင်းတစ်ခု ဆောက်လိုက်မယ်။ ပြီး ရင်မူလတန်းကျောင်းလည်း ဆောက်မယ်။ ပြီးရင် အလယ်တန်းကျောင်းလည်း ဆောက်မယ်။ ပြီးရင် ကိုယ်ပိုင် အထက်တန်းကျောင်းပါ ဆောက်ကြမယ်!’

အကြံကောင်းသားပဲ!

စူစူလေး စိတ်လှုပ်ရှားသွားသည်။ “ဆောက်ကြရအောင်! ကျောင်းတွေ အများကြီး ဆောက်ကြမယ်!”

အပေါ်ထပ်မှ ဆင်းလာသည့် ဟွော်ထျင်းတစ်ယောက် စူစူလေး၏ စကားကို ကြားသွားပါသည်။

“ငတုံးမလေး ကျောင်းဖွင့်တယ်ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ဘူး! မူကြိုဖွင့်တာ မခက်ပေမယ့် တခြားကျောင်းတွေက ငွေကုန်မယ့် အပေါက်တွေ။ ပြီးတော့ နင့်မိသားစုက အဲ့လောက်ကျောင်းတွေ အများကြီးဖွင့်ဖို့လည်း ပိုက်ဆံ မရှိလောက်ဘူး။ ကျောင်းတွေ ဆောက်ချင်ရင် နင့်ရွှေတွေကို ထုတ်ပြီး ငွေနဲ့ လဲလိုက်ပေါ့”။ ဟွော်ထျင်း အရွဲ့တိုက်ကာ ပြောလိုက်ပါသည်။

လတ်တလော ချင်းမိသားစု အခက်အခဲကြုံနေရမှန်း အိမ်တော်ထိန်းလျို့မှ တဆင့် ဟွော်ထျင်း ကြားပြီးပါပြီ။

ထို့ကြောင့် ချင်းမိသားစုမှာ တခြားရင်းနှီးမြှုပ်နှံမှုတွေအတွက် ငွေလုံလုံလောက်လောက် မရှိလောက်ဘူးဟု ဟွော်ထျင်း ကောက်ချက်ချလိုက်သည်။

“ရွှေဟုတ်လား”။ အဲ့တာ ဘာကြီးလဲ။

“နင့်သေတ္တာထဲ ထည့်ထားတဲ့ အဝါရောင် အချောင်းကြီးတွေကို ပြောတာ။ အဲ့တာကို ရွှေလို့ခေါ်တယ်။ အဲ့တာတွေက အရမ်း တန်ဖိုးရှိလို့ ငွေနဲ့လဲပြီး နင်လုပ်ချင်တာ လုပ်လို့ရတယ်”။ စူစူလေးကို ဟွော်ထျင်း ရှင်းပြလိုက်သည်။

သူမ စုဆောင်းထားသည့်အရာတွေက ဘာမှန်းမသိတာကို ဟွော်ထျင်း သိပါသည်။ အဝါရောင်တောက်တောက်လေးတွေ ဖြစ်သဖြင့် ကြည့်လို့လှသည်ဆိုတာကိုသာ စူစူလေး သိသည်။

“အဲ့တာတွေကို ပိုက်ဆံနဲ့ လဲလို့ရတာလား။ ဘယ်လောက်လဲ ယွမ် ၁၀၀ လား”။ စူစူလေး မေးလိုက်သည်။

စူစူလေးက ဂဏန်းတွေ သိပ်မရေတွက်တတ်သေးပါ။ သူမ သိထားသည့် အကြီးဆုံး ဂဏန်းက ၁၀၀ သာ ဖြစ်သည်။

“နင်တော်တော် တုံးပါလား! ယွမ် ၁၀၀ ထက် အများကြီး တန်ဖိုးရှိတယ်!”။ ဟွော်ထျင်း ပြောလိုက်သည်။

“ဘယ်လောက် ပိုများတာလဲ”။ စူစူလေး မေးလိုက်သည်။

“အဲ့… အဲ့တာက…”။ ဟွော်ထျင်း စကားနင်သွား၏။

ရွှေကို ငွေတွေအများကြီးနဲ့ လဲလို့ရမှန်းသာ သူသိပါသည်။ သို့သော် အတိအကျကိုတော့ သူလည်း မတွက်ချက်တတ်ပါ။

“ဘာပဲဖြစ်ဖြစ် ပိုက်ဆံတွေ အများကြီးနဲ့ လဲလို့ရတယ်! ငါရှင်းပြရင်တာ နင်နားလည်မှာမဟုတ်ဘူး။ နင် ဂဏန်းအရေအတွက် အကြီးကြီးတွေ မသင်ရသေးဘူးမလား!”

ကိုယ့်အရှက်ကိုယ် ကာကွယ်ဖို့အတွက် ဟွော်ထျင်း ဆင်ခြေပေးလိုက်ပါသည်။

စူစူလေး ခေတ္တစဉ်းစားကာ ပြန်ပြောလိုက်၏။ “ဒါဆို ဖေဖေ့ကို ပေးလိုက်မယ်! အဲ့တာဆို ဖေဖေ ကျောင်းတွေ ဆောက်လို့ရပြီမလား”

ပြောပြောဆိုဆိုနဲ့ အပေါ်ထပ်တက်ပြီး ရွှေတွေသွားယူဖို့ စူစူလေး ပြင်လိုက်ပါသည်။

“သမီးလေး နေဦး!”။ အဘိုးချင်းက စူစူလေး၏ လက်ကို အမြန်ဆွဲလိုက်ပါသည်။ “သမီးလေးက အဲ့ဒီ အဝါရောင်ပစ္စည်းတွေကို အကြိုက်ဆုံးမဟုတ်ဘူးလား။ အဲ့တာ သမီးလေးရဲ့ ရတနာတွေလေ။ အခု ပိုက်ဆံနဲ့ လဲလိုက်မယ်ဆိုရင် သမီးလေး မကြိုက်တော့ဘူးဆိုတဲ့ သဘောလား”

ချင်းမိသားစုက ဟွော်ထျင်း ထင်ထားသလောက် မဆင်းရဲကြပါ။ သို့သော် စူစူလေးက ရွှေတွေကို ထုတ်မည်ဟု ဆိုနေသဖြင့် အဘိုးချင်း မေးလိုက်ရခြင်းဖြစ်သည်။

… … …

အခန်း(၆၆၇) ဒေါ်လေးက အရမ်းတော်တာပဲ

“ကြိုက်ပါတယ် ဒါပေမယ့် ဖေဖေ၊ မေမေ၊ အစ်ကိုကြီးနဲ့ တူလေးတို့ကို ပိုကြိုက်တယ်!” စူစူလေး ပြန်ဖြေလိုက်သည်။ “ဖေဖေတိို့ မပျော်ရင် ပျော်အောင် လုပ်ပေးချင်တယ်! သမီးကို ကျောင်းသွားစေချင်ရင် သမီးကျောင်းဆောက်မှ ဖြစ်မှာပေါ့!”

အဝါရောင်ပစ္စည်းလေးတွေက လှပသဖြင့် သူမသဘောကျသော်လည်း ဖေဖေ၊ မေမေ၊ အစ်ကိုကြီးတွေ၊ တူလေးတွေနဲ့တော့ ယှဉ်နိုင်ပါ့မလား။ သူတို့က အများကြီး ပိုအရေးကြီးပါသည်။

အဘိုးချင်း ဆွံ့အသွား၏။ သူတို့ သမီးလေး ဒီလောက်တောင် သိတတ်လိမ့်မည်ဟု မထင်ထားခဲ့ပါ။

ထို့နောက် အဘိုးချင်း ပြုံးကာ ချီးကျူးလိုက်ပါသည်။ “သမီးလေးက အရမ်းလိမ္မာတာပဲ! ဖေဖေ အရမ်း ဂုဏ်ယူတယ်!”

အဘိုးချင်းက ချက်ချင်း ထပ်ပြောလိုက်ပါသည်။ “ဒါပေမယ့် သမီးလေးရဲ့ ရွှေတွေကို ရောင်းစရာ မလိုပါဘူး။ ဖေဖေနဲ့ မေမေ့မှာ ပိုက်ဆံရှိတယ်။ သမီးလေးအတွက် ကျောင်းဆောက်ပေးဖို့ လုံလောက်တယ်။ သမီးလေးရွှေတွေ သုံးစရာ မလိုဘူးနော်”

“တကယ်လား”။ စူစူလေး မေးလိုက်သည်။ “သမီးကို မလိမ်နဲ့နော်! အခက်အခဲရှိရင် ပြောလို့ရတယ်!”

“မလိမ်ပါဘူး မလိမ်ပါဘူး။ ဖေဖေ့ကို မယုံရင် မေမေ့ကို မေးကြည့်လိုက်”။ အဘိုးချင်းက ဆိုုသည်။

“မေမေ”။ စူစူလေးက အဘွားချင်းဘက်သို့ လှည့်သွားသည်။

“ဟုတ်တယ်။ ဖေဖေနဲ့ မေမေ့မှာ ပိုက်ဆံတွေ အများကြီးရှိတယ်။ စိတ်မပူနဲ့ သမီးလေး!”။ အဘွားချင်း အပြုံးဖြင့် ပြောလိုက်ပါသည်။

ချင်းရှင်းကျစ်ကလည်း ပြောသည်။ “ပြီးတော့ အစ်ကိုကြီးလည်း ရှိတယ်။ အစ်ကိုကြီးမှာလည်း ပိုက်ဆံတွေ အများကြီး ရှိတယ်!”

ချင်းယုကျိုးလည်း အကျောမခံနိုင်ပေ။ “ငါလည်းပါမယ်! ငါက နာမည်ကြီးနေပြီ။ ရှိုးတစ်ခု ရိုက်ရုံနဲ့ ငွေတွေ အများကြီး ရမှာ! နောက်ပိုင်း ရိုက်ကူးရေးတွေ ထပ်လုပ်ရင် ငါတို့ဒေါ်လေးအတွက် ကျောင်းတွေ အများကြီး ဆောက်ပေးဖို့ ပိုက်ဆံ လုံလုံလောက်လောက် ရှိသွားပြီ!”

ချင်းယုချဲလည်း တိုးညှင်းစွာ ပြောလိုက်သည်။ “ငါ့မှာလည်း နည်းနည်း ရှိတယ်”

ချင်းယုချဲက စားသောက်ဆိုင်အသေးစား ဖွင့်ထားသည့် စားဖိုမှူးတစ်ယောက်သာ ဖြစ်သော်လည်း အဆင့်မြင့် စားသောက်ဆိုင်ကြီးတွေမှာ စားဖိုမှူးအဖြစ် အလုပ်လုပ်ခဲ့စဉ်က စုဆောင်းထားသည့် ငွေတွေ ရှိပါသည်။

“ငါကောပဲ! ငါ့မှာလည်း ပိုက်ဆံတွေ ရှိတယ်!”။ ချင်းယုဟန်ကပါ အမြန်ဝင်ပြောလိုက်လေသည်။

ယခင်တစ်ခေါက်က သူဖန်တီးထားသည့် ဂိမ်းကို ရောင်းချပြီး ရလာသည့်ငွေက စူစူလေး၏ ကျေးဇူးကြောင့် အဆပေါင်းများစွာ တိုးသါားခဲ့သည်။ အခုဆို သူ့ပိုင်ဆိုင်မှုက သန်း ၁၀၀ ကျော်နေပါပြီ။

ထိုစဉ် ချင်းယုဟွိုင်းက တည်တည်ငြိမ်ငြိမ်ဖြင့် ဝင်ပြောလိုက်သည်။ “သူတို့ပိုက်ဆံတွေက ငါ့လောက် မများနိုင်ပါဘူး”

ချင်းယုဟွိုင်း ကိုယ်တိုင် တည်ထောင်ထားသည့် ထိုက်ယွဲ့ဟိုတည်၏ ပိုင်ဆိုင်မှုများက ချင်းအုပ်စုနဲ့ မသက်ဆိုင်ပါ။

အဖေဖြစ်သူ ချင်းရှင်းကျစ်တောင် သူ့မှာ ပိုင်ဆိုင်မှု ဘယ်လောက်ရှိနေသလဲဆိုတာ မသေချာပေ။

ငွေတွေ ပေးဖို့ ကြိုးစားနေကြသည့် တူလေးတွေကို ကြည့်ရင်း စူစူလေး ခေါင်းခါလိုက်သည်။

“မလိုချင်ဘူး! ငါက ဒေါ်လေးလေ! ငါကပဲ အားလုံးကို ကာကွယ်ပေးပြီး မုန့်ဖိုးပေးရမှာပေါ့! အဲ့ဒီ ရွှေရောင်ပစ္စည်းတွေကို ပိုက်ဆံနဲ့ လဲလို့ရတယ်လို့ ထျင်းထျင်းက ပြောတယ်။ အာ့ကြောင့် ပိုက်ဆံနဲ့ သွားလဲလိုက်မယ်။ ဘယ်သူမှ ပိုက်ဆံ ပေးစရာ မလိုဘူး”။ စူစူလေးက အာဏာကြီးစွာ ပြန်ပြောလိုက်ပါသည်။

အသက် ၁၀၃ နှစ်ခွဲအရွယ် နတ်သားရဲတစ်ကောင်အနေနဲ့ ဒီလို လူသားပေါက်စတွေဆီက ငွေကို မသုံးနိုင်ပါ။

“ဒေါ်လေးက အရမ်းတော်တာပဲ!”။ ချင်းယုဟန် ပြေးထွက်လာပြီး စူစူလေးကို တင်းကျပ်စွာ ဖက်ထားလိုက်သည်။ မျက်နှာကလည်း ငိုလုနီးပါး ဖြစ်နေပါသည်။

“တူလိမ္မာလေး အဲ့လို မဖက်နဲ့!” စူစူလေးက ဘဝင်မကျစွာ ချင်းယုဟန်ကို တွန်းထုတ်လိုက်သည်။

ချင်းယုကျီးနဲ့ ချင်းယုကျိုးတို့လည်း ပြေးလာကြာပြီး ချင်းယုဟန်ကို ဝိုင်းဆွဲလိုက်ကြသည်။

“မင်းဘာလုပ်နေတာလဲ! မင်းကြောင့် ဒေါ်လေး နာသွားမယ်!”။ ချင်းယုကျီးက ညင်ညင်သာသာ မလုပ်တတ်ပါ။ ချင်းယုဟန်ကို ချက်ချင်း လှမ်းချုပ်ကာ တရွတ်တိုက် ဆွဲသွားလို်သည်။

“ဟုတ်တယ် ဟုတ်တယ်! ဘယ်လိုလုပ်လိုက်တာလဲ! ဒေါ်လေးကို ညင်ညင်သာသာ ဆက်ဆံစမ်းပါ ကြားလား!”။ ချင်းယုကျိုးကလည်း ချင်းယုဟန်ကို ဆုံးမလိုက်သည်။

“ခွေးကောင်! ယဉ်ကျေးမှု မရှိဘူးလား။ ကိုယ့်ဒေါ်လေးကို ညင်ညင်သာသာ ဆက်ဆံမှပေါ့။ နားမလည်ဘူးလား”။ ချင်းရှင်းကျစ်က သူ့သား၏ အပြုအမူကို ပိုလို့တောင် မုန်းတီးသေးသည်။

ချင်းယုဟန်လည်း သနားစရာကောင်းစွာ ပြန်ပြောလိုက်ပါသည်။ “ဒေါ်လေးကြောင့် ကြည်နူးသွားလို့ပါ! ကျေးဇူးမသိတတ်တဲ့လူတွေ! ဒေါ်လေးရဲ့ စေတနာ မေတ္တာတရားကို မခံစားမိကြဘူးလား!”

“ဘာလို့ မခံစားမိရမှာလဲ။ မင်းပြောစရာတောင် လိုလို့လား”။ ချင်းယုကျီး ပြန်ချေပလိုက်သည်။

“အဲ့တာဆို ဘာလို့ ငါ့ကို လာရိုက်နေတာလဲ” ချင်းယုဟန် အနိုင်ကျင့်ခံရသလို ပုံစံဖြင့် ပြန်ပြောလိုက်လေသည်။

… … …

အခန်း(၆၆၈) ဆောက်လက်စ အဆောက်အဦးများစွာကို ဝယ်ယူခြင်း (၁)

“မင်းလုပ်တာ မြန်လွန်းလို့ ရိုက်တာကွာ။ မင်းကြောင့် ငါတို့က နှေးနေသလို ခံစားရလို့”။ ချင်းယုကျီး ပြန်ပြောလိုက်သည်။

စကားက အဓိပ္ပာယ်မရှိသော်လည်း ချင်းယုကျီးက တည်ကြည်ဖြောင့်မတ်စွာ ပြောလိုက်သည်။

“မင်းတို့ဖာသာ နှေးတာ ငါ့အပြစ်လားကွ”။ ချင်းယုဟွိုင်းဘက်သို့လှည့်ကာ ချင်းယုဟန် အကူအညီတောင်းလိုက်သည်။ “အစ်ကိုကြီးကော ဘယ်လိုထင်လဲ”

“ယုကျီးပြောတဲ့အတိုင်းပဲ”

“မဟုတ်တာ! ဒီလို ရိုင်းစိုင်းတဲ့ အပြုအမူကို ယုကျီးပဲ လုပ်တတ်မယ် ထင်ထားတာ။ မင်းပါ ဘယ်တုန်းက ဒုတိယ ယုကျီး ဖြစ်သွားတာလဲ”

“စူစူလေးနဲ့ ပတ်သတ်လာရင် ဘယ်အရာကမှ မရိုင်းစိုင်းဘူး”။ ချင်းယုဟွိင်း တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်ပါသည်။

ချင်းယုဟွိုင်း၏ အရှိန်အဝါကြီးသော်လည်း ကလေးဆန်သော အဖြေကြောင့် ချင်းဘုဟန် ဆွံ့အသွားပါသည်။

အဘွားချင်း ပြုံးသွားပြီး အားလုံးကို ပွေ့ဖက်လိုက်ပါသည်။

“အားလုံးက အဘွားရဲ့ ကလေးတွေ။ အားလုံးအတူတူ ရှိနေသရွေ့ ဘယ်လိုအခက်အခဲပဲ ကြုံလာရပါစေ အန္တရာယ်ကို လုံခြုံမှုအဖြစ် ပြောင်းလဲနိုင်သလို ကံဆိုးမှုကိုလည်း ကံကောင်းခြင်းအဖြစ် ပြောင်းလဲနိုင်လိမ့်မယ်”

“အဘွားပြောတာ မှန်တယ်။ အားလုံး စည်းစည်းလုံးလုံး ရှိနေသရွေ့ ချင်းမိသားစု လုပ်ငန်းတွေကို တိုက်ခိုက်လာတာပဲ ဖြစ်စေ၊ မိသားစုဝင်တွေကို တိုက်ခိုက်လာတာပဲဖြစ်စေ အားလုံး ဖြေရှင်းနိုင်လိမ့်မယ်”။ ချင်းယုဟွိုင်းကလည်း ထောက်ခံသည်။

အဘိုးချင်းက ပြုံးကာ ဝင်ပြောလိုက်၏။ “ဟုတ်တယ်။ အားလုံး တူတူ ရှိနေရင် ဆင်းရဲတာ ချမ်းသာတာ အရေးမကြီးဘူး။ အားလုံး ပျော်ရွှင်ရမှာပဲ”

ချင်းယုဟွိုင်း၊ ချင်းယုဟန်၊ ချင်းယုကျီး၊ ချင်းယုချဲနဲ့ ချင်းယုကျိုးတို့ ညီအစ်ကို ၅ ယောက်လည်း ပွေ့ဖက်လိုက်ကြသည်။

အလယ်မှာရှိနေသည့် စူစူလေးကတော့ အပူရှိန်ကြောင့် မျက်နှာ နီရဲလာပါသည်။

စူစူလေး တိုးညှင်းစွာ ဆန္ဒပြလိုက်သည်။ “အီး… ပူးတယ်…”

သို့သော် အားလုံးက သူမ တူလေးတွေ ဖြစ်ကြသဖြင့် ပူနေရင်တောင် ကန်ထုတ်လိုက်လို့မရပါ။ အနည်းငယ် သည်းခံဖို့သာ ရှိတော့သည်.

--- --- ---

ချက်ချင်း လှုပ်ရှားကြဖို့ ဆုံးဖြတ်ပြီးနောက် မိသားစုဝင်အားလုံး စားပွဲဝိုင်းမှာ ထိုင်လိုက်ကြပြီး စတင် ဆွေးနွေးကြလေသည်။

အဘိုးချင်းက လက်တလော ဟွာချန့်မြို့ရှိ ဆောက်လုပ်ရေးနယ်မြေများနဲ့ပတ်သတ်တာတွေကို ယူလာဖို့ ချင်းရှင်းကျစ်အား တာဝန်ပေးလိုက်ပါသည်။

အရင်ဆုံး တည်နေရာရွေးချယ်ဖို့ စီစဉ်ထား၏။

ချင်းရှင်းကျစ်က ဟွာချန့်မြို့၏ မြေပုံတစ်ခုနဲ့ သက်ဆိုင်ရာ ကုန်ကြမ်းများကို ယူဆောင်လာခဲ့သည်။

“အဖေနဲ့ အမေ ဒီမှာကြည့်။ ဘယ်နယ်မြေကို ရွေးချင်လဲ”။ ချင်းရှင်းကျစ်က မေးလိုက်သည်။

အဘိုးချင်းနဲ့ အဘွားချင်းတို့က စိတ်ချင်းတူညီကြပြီး စူစူလေးကိုသာ တစ်ပြိုင်တည်း ငုံ့ကြည့်လိုက်ကြသည်။

အဘွားချင်းက စူစူလေး၏ သဘောထားကို မေးလိုက်၏။ “သမီးလေး ဘယ်မှာ ကျောင်းတက်ချင်လဲ’

သူတို့ သမီးလေး တက်ဖို့ ဆောက်ပေးရမည့် ကျောင်းဖြစ်သဖြင့် သမီးလေးရဲ့ သဘောထားက ကျိန်းသေပေါက် အရေးကြီးပါသည်။

စူစူလေးလည်း ရှေ့က မြေပုံကို ကြည့်လိုက်သည်။ အရောင်တွေ စုံလင်ပြီး မျဉ်းကြောင်းတွေနဲ့ အလွန်ရှုပ်နေပါသည်။

စူစူလေး ဘာမှ နားမလည်ပါ။

သို့သော် နယ်မြေတစ်ခု၏ ပုံသဏ္ဌာန်ကို စူစူလေး မျက်စိကျသွားပြီး လက်ချောင်းလေးဖြင့် ထောက်ပြလိုက်သည်။ “ဒီမှာ!’

စူစူလေး ထောက်ပြသည့် နေရာကို မြင်ပြီး အားလုံး တွန့်ဆုတ်သွားကြလေသည်။

ဝမ်ချင်းက အရင်ဆုံး‌ ပြောလိုက်၏။ “စူစူလေး ဒီနေရာက ဆောက်လက်စ အဆောက်အဦးတွေ ရှိတဲ့နေရာပဲ။ မသင့်တော်ဘူးထင်တယ်”

စူစူလေး လက်ထောက်ထားသည့် နေရာက ဟွာချန်းမြို့၏ အနောက်မြောက်ဘက်မှာ တည်ရှိသည်။

ထိုနယ်မြေတွင် မူလက ဟွာချန့်မြို့အတွက် စီမံကိန်းတစ်ခု ချထားသော်လည်း အကြောင်းအရင်းတချို့ကြောင့် ပြီးမြောက်အောင် ဆောက်လုပ်ဖို့ မအောင်မြင်ခဲ့ကြပေ။

ဒီနေ့ဒီအချိန်ထိ ထိုနယ်မြေတွင် ဆောက်လက်စ အဆောက်အဦးတချို့သာ ရှိပြီး ဘယ်သူမှ မျက်စိမကျသည့် ရှော့ပင်းမောတချို့နဲ့ အားကစားရုံတစ်ခုသာ ရှိပါသည်။

“မကောင်းဘူးလား။ သမီးသဘောကျလို့! ဒီပုံက Patrick Star နဲ့တူတယ်!”။ စူစူလေး ပြောလိုက်သည်။

“မကောင်းဘူး စူစူလေး။ ကျောင်းဆောက်မယ့် နေရာကို ရွေးရမှာ။ ကာတွန်းဇာတ်ကောင်ပုံကို ရွေးရမှာ မဟုတ်ဘူးလေ”။ ဝမ်ချင်း ရှင်းပြလိုက်သည်။

စူစူလေး၏ ရွေးချယ်ပုံ ရွေးချယ်နည်းများက အတော်လေး ထူးဆန်းလွန်းနေပါသည်။

… … …

အခန်း(၆၆၉) ဆောက်လက်စ အဆောက်အဦးများစွာကို ဝယ်ယူခြင်း (၂)

အမှန်ပင်။ အဘိုးချင်းနဲ့ အဘွားချင်းတို့ကလည်း စူစူလေး ဒီလို ပုံစံနဲ့ ရွေးချယ်တာမျိုးကို လက်ခံဖို့ တွန့်ဆုတ်နေပါသည်။

စူစူလေးရဲ့ သဘောထားက အရေးကြီးသော်လည်း အနည်းဆုံးတော့ အပြင်မှာ ကြည့်ဖို့ လိုက်ပို့ပေးသင့်သည်။ မြေပုံပေါ်က ပုံသဏ္ဌာန်တစ်ခုတည်းကို ကြည့်ပြီး ရွေးချယ်တာက အဓိပ္ပာယ်မဲ့လွန်းပါသည်။

ထို့အပြင် ဒီလို နယ်မြေမျိုးမှာသာ ကျောင်းဆောက်လိုက်ပါက ဘယ်သူက လာတက်မည်နည်း။

စူစူလေးကို ကျောင်းပို့ရသည့် ရည်ရွယ်ချက်က တခြားကလေးတွေနဲ့ ရင်းနှီးလာအောင် လုပ်ဖို့ မဟုတ်လား။ တခြား ကျောင်းသားတွေ တစ်ယောက်မှ မရှိပါက အိမ်မှာ ကျူရှင်ဆရာခေါ်သင်တာနဲ့ ဘာမှ ခြားနားမှာ မဟုတ်တော့ချေ။

လက်ရှိ ချင်းအုပ်စုက ကပ်ဆိုက်နေသဖြင့် ဝမ်ချင်း ပိုပြီး စိတ်ပူမိသည်။ သူတို့ အမှားအယွင်းတစ်ခုလောက် လုပ်မိလိုက်တာနဲ့ ကုမ္ပဏီတစ်ခုလုံး ပြိုလဲသွားနိုင်ပါသည်။

အဘိုးချင်းတို့ လင်မယားသာ စုဆောင်းထားသည့် ငွေတွေအကုန်လုံးကို ဒီလို အကျိုးအမြတ်မရှိသည့် နယ်မြေမှာ ရင်းနှီးမြှုပ်နှံလိုက်ပါက အရာရာ ပိုဆိုးရွားသွားလိမ့်မည်။

“ပုံကြည့်ပြီး မရွေးရဘူးဆိုရင် ဘာလို့ ပုံလာပြတာလဲ”။ စူစူလေးက ပြန်ချေပလိုက်သည်။

သူမကို ဒီပုံကြီးလာပြပြီး ရွေးခိုင်းခဲ့တာပဲ မဟုတ်လား။

ထို့အပြင် ဒီ Patrick Star ပုံလေးကို သူမ မျက်စိအကျဆုံးဖြစ်သည်။

“အဲ့တာက…” ဝမ်ချင်း ဘယ်လိုရှင်းပြရမလဲ မသိတော့ပါ။

အဘိုးချင်း ပြုံးလိုက်ပြီး ဝင်ပြောလိုက်သည်။ “ငါတို့ သမီးလေး သဘောကျတဲ့ နေရာမှာပဲ ကျောင်းဆောက်မယ်! ခဏနေရင် ငါတို့သမီးလေး ကြည့်လို့ရအောင် အဲ့ဒီနေရာကို လိုက်ပို့ခိုင်းလိုက်မယ်။ သမီးလေး သဘောကျတာ သေချာရင် လုပ်စရာရှိတာ လုပ်ကြမယ်”

အဘွားချင်းကလည်း ထောက်ခံသည်။ “ဟုတ်တယ်။ သမီးလေး သဘောကျရင် အဲ့ဒီ ဆောက်လက်စ အဆောက်အဦးတွေ အကုန် ဝယ်ပြီး ပြီးအောင် ဆက်ဆောက်မယ်။ ပြီးရင် ပြန်ရောင်းမယ်။ အဲ့မှာ နေတဲ့ လူတွေ ရှိလာရင် ကျောင်းတက်မယ့် ကလေးတွေလည်း ရှိလာမှာပဲ”

ထိုစကားလုံးများကို အဘိုးချင်းနဲ့ အဘွားချင်းတို့က အလွန် လွယ်ကူနေသလိုမျိုး ပြောလိုက်ခြင်းဖြစ်သည်။

တကယ်တမ်းတော့ ထိုနယ်မြေတစ်ခုလုံးကို ဝယ်ယူပါက အနည်းဆုံး ယွမ် ၁ ဘီလီယံ ၂ ဘီလီယံလောက် လိုအပ်ပါလိမ့်မည်။

အဘိုးချင်းတို့ လင်မယားနှစ်ယောက်မှာ အဲ့လောက် ပိုက်ဆံ ရှိလို့လား။

တခြားမိသားစုဝင်တွေ အံ့အားသင့်စွာ တစ်ယောက်မျက်နှာကိုတစ်ယောက် ကြည့်ကုန်ကြသည်။

အဘိုးချင်းတို့ လင်မယားနှစ်ယောက် တောင်ပေါ်ဒေသမှာ သွားနေတုန်းက သား ၃ ယောက်ကို အညီအမျှ အမွေပေးခဲ့မှန်း အားလုံးသိကြသည်။

“အဖေနဲ့ အမေ။ အဲ့ဒီနယ်မြေတစ်ခုလုံးကို ဝယ်တာက… ကုန်ကျစရိတ် မနည်းလောက်ဘူးနော်”။ ဝမ်ချင်း သတိပေးလိုက်သည်။

ဒီကိစ္စမှာတော့ သူ့မိန်းမကို ချင်းရှင်းကျစ် ထောက်ခံပါသည်။ “အဖေ။ လတ်တလော ကုမ္ပဏီက အခက်အခဲ နည်းနည်း ရှိနေတာ။ အဲ့လောက် ပမာဏ ကျွန်တော်တို့မှာ မရှိလောက်ဘူးထင်တယ်”

“မင်းတို့ ဘာမှ စိတ်ပူစရာမလိုဘူး။ ဒါငါတို့ သမီးလေးအတွက် ငါ့မိန်းမနဲ့ငါ ဝယ်ပေးမှာ။ တခြားဘယ်သူမှ ပိုက်ဆံထုတ်စရာ မလိုဘူး”။ အဘိုးချင်း ယုံကြည်ချက် အပြည့်ဖြင့် ကြေညာလိုက်ပါသည်။

အဘိုးချင်းတို့ လင်မယားနှစ်ယောက်၏ ပိုင်ဆိုင်မှုက သူတို့ထင်ထားတာထက် ပိုများမှန်း ဘယ်သူမှ မသိကြပါ။

လွန်ခဲ့သည့် ၁၀ နှစ်တုန်းက သားဖြစ်သူတွေကို အဘိုးချင်းတို့ အမွေပေးပြီးနောက် သူတို့အတွက်သူတို့ ပိုင်ဆိုင်မှု အနည်းငယ် ချန်ထားခဲ့သည်။

သို့သော်လည်း တောင်ပေါ်ဒေသမှ နေထိုင်စဉ် ရင်းနှီးမြှုပ်နှံမှုတချို့ ပြုလုပ်ခဲ့သည်။

အဘွားချင်း ကိုယ်ဝန်ရှိနေကြောင်း သိလိုက်ရပြီးနောက် သူတို့ရဲ့ သမီးလေးကို အမွေပေးဖို့ ငွေရှာဖို့ လိုအပ်သည်ဟု အဘိုးချင်းတို့ ခံစားခဲ့ရသည်။ ထို့ကြောင့် သူတို့ ရင်းနှီးမြှုပ်နှံခဲ့ကြခြင်းဖြစ်၏။

စီးပွားရေး အမြော်အမြင်ရှိသူများဖြစ်သဖြင့် အဘိုးချင်းတို့၏ ရင်းနှီးမြှုပ်နှံမှုများက အကျိုးအမြတ်များစွာ ရရှိခဲ့ပါသည်။ စူစူလေး အရွယ်ရောက်လာလျှင် အမွေပေးဖို့ အားလုံး အသင့်ပြင်ထားပြီးသား ဖြစ်သည်။

ဒီငွေတွေက စူစူလေးအတွက်ဖြစ်သဖြင့် စူစူလေး လိုအပ်သည့် ကဏ္ဍမှာ သူတို့ သုံးစွဲသင့်ပါသည်။

ထို့ကြောင့် ဒီကိစ္စအတွက် ငွေတွေအများကြီး သုံးရမှာကို အဘိုးချင်းတို့ လင်မယား လက်မတွန့်ပါ။

အဘိုးချင်းတို့၏ အမူအရာကို ကြည့်ပြီး ချင်းရှင်းကျစ်၊ ချင်းယုဟွိုင်းနဲ့ တခြားမိသားစုဝင်တွေအားလုံး သူတို့ အဘိုးအဘွားတွေကို အထင်သေးမိပြီဆိုတာ နားလည်လိုက်ရပါသည်။

အဘိုးချင်းနဲ့ အဘွားချင်းတို့ လွန်ခဲ့သည့် ၁၀ နှစ်တာ ကာလစလုံး စိုက်ပျိုးရေးလုပ်နေတာ မဖြစ်နိုင်ပါ။

“အဲ့တာဆို ကျွန်တော် ကန့်ကွက်စရာ မရှိတော့ပါဘူး”။ ချင်းရှင်းကျစ် ပြောလိုက်ပါသည်။

သားအကြီးဆုံး အနေဖြင့် မိဘများနဲ့ ညီမလေးရဲ့ ဆုံးဖြတ်ချက်ကို အပြည့်အဝ ထောက်ခံပါသည်။

“ဒါပေမယ့် အဖေနဲ့ အမေ။ ပိုက်ဆံက ပြဿနာ မဟုတ်ရင်တောင် နေရာရွေးတာကို ဒီ့ထက် ပိုပြီး သတိမထားသင့်ဘူးလား”။ ဝမ်ချင်းက စိတ်ပူနေဆဲဖြစ်၏။

… … …

အခန်း(၆၇၀) ဆောက်လက်စ အဆောက်အဦးများစွာ ဝယ်ယူခြင်း (၃)

“ဘာမှ ထပ်စဉ်းစားစရာ မလိုတော့ဘူး။ နယ်မြေရွေးချယ်တဲ့နေရာမှာ စူစူလေးရဲ့ သဘောထားက အရေးအကြီးဆုံးပဲ” အဘိုးချင်းက ခိုင်ခိုင်မာမာ ပြတ်ပြတ်သားသား ကြေညာလိုက်ပါသည်။

“အမှန်ပဲ။ အဘိုးကြီးပြောတာမှန်တယ်။ ဒီကိစ္စ ဘာမှ မဆွေးနွေးတော့ဘူး။ ဆုံးဖြတ်လိုက်ပြီ”။ အဘွားချင်းကလည်း ထိုနည်းလည်းကောင်း ထောက်ခံပါသည်။

ချွေးမ ဖြစ်သူ ဘာကိုဆိုလိုသလဲဆိုတာ အဘိုးချင်းတို့ လင်မယား နားလည်ပါသည်။

ရင်းနှီးမြှုပ်နှံရမည့်် ငွေက မနည်းသဖြင့် နယ်မြေ၏ ရှုထောင့်တိုင်းကို စေ့စေ့စပ်စပ် စစ်ဆေးဖို့ လိုအပ်လိမ့်မည်။

သို့သော်လည်း ဒါက ကျောင်းဆောက်မည့် နေရာဖြစ်သဖြင့် ပရောဂျက် အခြေအနေက ခြားနားပါသည်။ ကျောင်းတည်နေရာကိုသာလိုက်ပြီး လူနေအိမ်တွေ ဖွံ့ဖြိုးတိုးတက်လာလေ့ရှိသည်။

ကျောင်းကို တည်ဆောက်ပြီးသွားတာနဲ့ ဘေးပတ်လည် နယ်မြေတွေလည်း ဖွံ့ဖြိုးတိုးတက်လာပါလိမ့်မည်။

ထို့ကြောင့် ကျောင်းဆောက်လုပ်သည့်အခါ အဓိက ဦးစားပေးရမည့် အချက်က နယ်မြေရွေးချယ်မှု မဟုတ်ဘဲ ပညာရေး ရင်းမြစ်များ ဖြစ်သည်။

ထိုကဏ္ဍနဲ့ ပတ်သတ်ပြီး အခက်အခဲများစွာ ရှိသော်လည်း အဘိုးချင်းနဲ့ အဘွားချင်းက မကြာခင် တစ်ဆင့်ချင်းစီ ဖြေရှင်းကြပါလိမ့်မည်။

ဝမ်ချင်း ဘာမှ မတတ်နိုင်တော့ပါ။ စူစူလေး၏ သဘောထားကို မလိုက်လျောချင်တာ မဟုတ်သော်လည်း စူစူလေးက ငယ်လွန်းသေးသဖြင့် အရာရာကို နားမလည်နိုင်ပေ။

သူမရဲ့ ကလေးဆန်သော စကားတစ်ခွန်းကြောင့်နဲ့ ဒီလို ဆုံးဖြတ်ချက်မျိုး ချလိုက်တာ မသင့်တော်ပါ။

ဆောက်လက်စ အဆောက်အဦးတွေကို ဝယ်ယူတာကလည်း အလောင်းအစားလုပ်ရာ ကျသည်။

ကျောင်းကို အောင်အောင်မြင်မြင် တည်ဆောက်နိုင်ပါက ဘေးပတ်လည် နယ်မြေတွေလည်း တန်ဖိုးတက်လာမည် ဖြစ်ကာ သူတို့ ရင်းနှီးမြှုပ်နှံမှုမှ အကျိုးအမြတ်များစွာ ရရှိမည်ဖြစ်သည်။

သို့သော် မအောင်မြင်ပါက ငွေတွေအကုန် လေထဲအငွေ့ပျံသွားပါလိမ့်မည်။

သို့သော် စီးပွားရေးလောကမှာ ဒါ မထူးဆန်းပါ။ အကျိုးအမြတ်များများလိုချင်လျှင် များများ စွန့်စားရဲရမည်။

အဘိုးချင်းက စူစူလေး၏ ခေါင်းလေးကို ပွတ်ပေးလိုက်ပြီး ပြုံးကာ ပြောလိုက်သည်။ “သမီးလေး ခဏနေရင် အဲဒီ Patrick Star ကို သွားကြည့်ကြရအောင်နော်”

“ဟုတ်ကဲ့!”။ စူစူလေး ခေါင်းငြိမ့်လိုက်သည်။

အဘိုးချင်းတို့ လင်မယားနှစ်ယောက်၏ ရိုးအသော ပုံစံကို ကြည့်ရင်း သူတို့နှစ်ယောက် အသက်အရွယ်ကြီးလာတာကြောင့် စီးပွားရေးအမြင်တွေ ကျလာတာပဲလား၊ သို့မဟုတ် စူစူလေးကို အချစ်လွန်ပြီး အမြော်အမြင်တွေ နည်းပါးသွားတာပဲလား ဝမ်ချင်း မပြောတတ်တော့ပါ။

“စူစူလေး ရွေးတာ မှန်တယ်လို့ ကျွန်တော်တော့ထင်တယ်”။ ချင်းယုဟွိုင်းက ရုတ်တရက် ပြောလိုက်ပါသည်။

“ဘယ်လို”။ သူမရဲ့ သားအကြီးဆုံးကို ဝမ်ချင်း အံ့အားသင့်စွာ ကြည့်လိုက်သည်။

“အမေက စီးပွားရေးရှုထောင့်ကနေ နယ်မြေရွေးချယ်တာဆိုရင် စူစူလေး ရွေးတဲ့ နေရာက အကျိုးအမြတ်အများဆုံးပဲလို့ ကျွန်တော်ထင်တယ်”။ ချင်းယုဟွိုင်းက ပြောလိုက်သည်။

“ဒါပေမယ့် အဲ့ဒီနယ်မြေကို စွန့်ပစ်ထားကြတာ နှစ်တော်တော်ကြာပြီလေ။ အခုမှ စီမံကိန်းပြန်ချလို့ အောင်မြင်နိုင်ချေက တခြားနေရာတွေထက် နည်းမှာပေါ့”။ ဝမ်ချင်းက လက်မခံသေးပါ။

ဝမ်ချင်းပြောတာမှန်ပြီး လူတိုင်း သိကြပါသည်။ ဟွာချန်းမြို့ရှိ ရင်းနှီးမြှုပ်နှံသူ များစွာက ထိုအဆောက်အဦးများကို ဒီနေ့ဒီအချိန်ထိ လျစ်လျူရှုခဲ့ကြသည်။

“အဲ့တာ မှန်ပါတယ်။ ဒါပေမယ့် အောင်မြင်သွားပြီဆိုတာနဲ့ တန်ဖိုးကလည်း အဆမတန် တက်လာမှာလေ။ ဒီနယ်မြေကို ကျွန်တော်ကိုင်တွယ်နိုင်မယ်လို့ ယုံကြည်ချက်ရှိတယ်။ ရိုးရိုးသားသား ပြောရရင် ဟိုးအရင်ကတည်းက ဒီနယ်မြေမှာ ကျွန်တော် ဟိုတယ်သစ်တစ်ခု ဆောက်ဖို့ စဉ်းစားထားခဲ့တာ။ သေချာလည်း စုံစမ်းပြီးသွားပြီ”။ ချင်းယုဟွိုင်း ရှင်းပြလိုက်ပါသည်။

“တကယ်လား”။ ဝမ်ချင်း အံ့အားသင့်သွားပါသည်။

ယုဟွိုင်း၏ အစွမ်းအစကို သူမ ယုံကြည်သည်။

ယုဟွိုင်းက သူ့အောင်မြင်မှုကိုသူ ဖန်တီးနိုင်ခဲ့သူဖြစ်သည်။ ကိုယ်ပိုင်ဟိုတယ်တစ်ခု တည်ဆောက်က လက်ရှိ အဆင့်ထိ ရောက်လာအောင် တစ်ယောက်တည်း စီမံခဲ့ခြင်း ဖြစ်ပါသည်။

ထို့ကြောင့် သူ့အစွမ်းအစကို မယုံကြည်စရာ အကြောင်းမရှိပေ။

“ကျွန်တော် လိမ်စရာအကြောင်းမရှိဘူး”

ချင်းယုဟွိုင်း၏ အကြည့်က စူစူလေးထံ ရောက်ရှိသွားပါသည်။ ဘာကြောင့်မှန်းမသိဘဲ ရင်ထဲ ထူးဆန်းသည့် ခံစားချက်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

… … …

All Chapters