အခန်း (၆၇၁-၆၇၅)
Vol. 27 Ch. 671-675
အခန်း(၆၇၁) အဘိုးကြီးနှစ်ယောက် စကားများခြင်း (၁)
သခင်ကြီးကုက စိတ်မရှည်သူတစ်ယောက်ဖြစ်သည်။ သူလုပ်ဖို့ ဆုံးဖြတ်ထားသည့်ကိစ္စတိုင်းကို ချက်ချင်း လုပ်ရမှ ကျေနပ်သူဖြစ်သည်။
ဒီနေ့ စူစူလေးကို သွားတွေ့မည်ဟု ဆုံးဖြတ်ထားသဖြင့် မနက်မိုးလင်းတာနဲ့တစ်ပြိုင်နက် အခြွေအရံတွေကိုခေါ်ပြီး ချင်းအိမ်တော်ဆီ ခမ်းခမ်းနားနား ရောက်ရှိလာခဲ့ပါသည်။
သခင်ကြီးကု ရောက်လာတာကိုမြင်သောအခါ ချင်းမိသားစုဝင်အားလုံး အံ့အားသင့်သွားခဲ့ရသည်။
သခင်ကြီးကုကို အဘိုးချင်းက ကိုယ်တိုင် ဧည့်ခံခဲ့ပါသည်။
ဗီဒီယိုထဲမှာ စူစူလေး ကယ်တင်ခဲ့သည့် အဘိုးကြီးက ရေတွေ စိုရွှဲနေပြီး ဆံပင်တွေလည်း ဖရိုဖရဲဖြစ်နေသဖြင့် ပုံစံက အလွန် ဆိုးရွားခဲ့ပါသည်။
ထို့ကြောင့် သူ့ကိုကယ်တင်ခဲ့သည့်လူကို သခင်ကြီးကု ကောင်းကောင်း မမြင်နိုင်ခဲ့သလို စူစူလေးကလည်း သူ့ကို မမှတ်မိခဲ့ပါ။
ဆုံလိုက်တာနဲ့ တစ်ပြိုင်နက် အဘိုးချင်းကို သခင်ကြီးကု နှုတ်ဆက်လိုက်သည်။ “ညီလေးချင်း”
အဘိုးချင်းက အမြန် ရှင်းပြလိုက်၏။ “ကျုပ် ဒီနှစ်ထဲ အသက် ၈၀ ပြည့်ပြီ”
“အသက် ၈၀ ဟုတ်လား”။ သခင်ကြီးကု မျက်လုံးပြူးသွားပြီး မယုံကြည်နိုင်ဖြစ်သွားသည်။
သခင်ကြီးကုက အသက် ၇၁ နှစ်ရှိပြီဖြစ်သည်။ သူ့ရှေ့က အဘိုးကြီးမှာ အများကြီး ပိုငယ်ရွယ်ပုံ ပေါက်နေသဖြင့် “ညီလေး”ဟု ခေါ်လိုက်မိခြင်းဖြစ်ပါသည်။
ထိုစဉ် သခင်ကြီးကု၏ လက်အောက်ငယ်သားက တီးတိုး အတည်ပြုပေးလိုက်သည်။ “သခင်ကြီးချင်းက တကယ်ပဲ အသက် ၈၀ ရှိပါပြီ”
ချင်းမိသားစု၏ သက်ဆိုင်ရာအကြောင်းအရာများကို လက်အောက်ငယ်သားများက သေချာ စုံစမ်းပြီးသား ဖြစ်သည်။ သို့သော် သခင်ကြီးကုက မမေးသဖြင့် သူတို့ ဘာမှ မပြောပြခဲ့ခြင်းဖြစ်ပါသည်။
သခင်ကြီးကု အံ့အားသင့်နေဆဲဖြစ်ကာ အဘိုးချင်းကို တိရိစ္ဆာန်ရုံထဲက ပန်ဒါတစ်ကောင်လို ခေါင်းအစ ခြေအဆုံး ကြည့်နေမိသည်။
အချိန်အတော်ကြာမှ သက်ပြင်းချလိုက်ပြီး အဘိုးချင်း အကြိမ်ကြိမ်ကြားဖူးသော စကားကို သခင်ကြီးကု ပြောလိုက်ပါသည်။ “ခင်ဗျားက တော်တော်နုတာပဲ”
“အဲ့လိုလည်း မဟုတ်ပါဘူး။ ကျုပ်သမီးလေးကို ဘာကိစ္စရှိလို့ တွေ့ချင်တာလဲ သိခွင့်ရှိမလား”။ အဘိုးချင်းက မေးလိုက်သည်။
“ခင်ဗျားသမီးဟုတ်လား။ ခင်ဗျားသမီးနဲ့ မတွေ့ချင်ပါဘူး။ ကျုပ်က ချင်းစူစူနဲ့ တွေ့ချင်တာ။ မူကြိုတက်နေတဲ့ အသက် ၃ နှစ် ၄ နှစ်အရွယ် ကလေးမလေးလေ”။ သခင်ကြီးကု ရှင်းပြလိုက်သည်။
“သခင်ကြီး”။ သခင်ကြီးကု၏ လက်အောက်ငယ်သားက တီးတိုး ထပ်မံရှင်းပြလိုက်ပြန်သည်။ “သခင်ကြီး တွေ့ချင်တဲ့ ကလေးမလေးက သခင်ကြီးချင်းရဲ့ သမီးအရင်းပါ”
သခင်ကြီးကုက ချင်းမိသားစုဆီ လာဖို့ စိတ်လောနေသဖြင့် တခြားဘာမှ မစုံစမ်းခဲ့မှန်း သိသာပါသည်။
ယခုတော့ အခြေအနေက သူထင်ထားတာထက် ပိုပြီး ဆန်းကြယ်နေမှန်း သိခဲ့ရလေသည်။
ကလေးမလေးရဲ့ ခွန်အားက အံ့အားသင့်စရာကောင်းရုံတင်မကဘဲ မိသားစုကလည်း သာမန်မဟုတ်ပါ။
သခင်ကြီးကု အချိန်အတော်ကြာအောင် မှင်သက်သွားခဲ့ရသည်။
ထို့နောက် အဘိုးချင်းကို သခင်ကြီးကု မေးလိုက်သည်။ “စူစူလေးက အရမ်းသန်မာတာပဲလား”
ဒါကိုကြားတော့ အဘိုးချင်း မျက်နှာ မှောင်မိုက်သွားပါသည်။ “အွန်လိုင်းပေါ်မှာ ပြန့်နေတဲ့ ဗီဒီယိုကြောင့် ရောက်လာတာလား”
“ဟုတ်ပါတယ်။ အဲ့ဒီ ဗီဒီယိုကြောင့်လာခဲ့တာပါ”
“အဲ့တာဆို လှည့်ပြန်လိုက်ပါတော့။ အဲ့ဒီ ဗီဒီယိုက အတုကြီး။ ကျုပ်သမီးက နည်းနည်းအားသန်တယ် ဆိုပေမယ့် အဲ့ဒီ ဗီဒီယိုအတုထဲကလိုတော့ မဟုတ်ဘူး”
အဘိုးချင်းမျက်နှာပေါ်က ဖော်ရွေမှုတွေ ပျောက်ကွယ်သွားပြီး တည်ကြည်ခက်ထန်သွားပါသည်။
“ဗီဒီယိုက အတုဟုတ်လား”။ သခင်ကြီးကု မျက်မှောင်ကြုတ်သွားသည်။
“ဟုတ်တယ်။ အွန်လိုင်းပေါ်မှာ သတင်းတွေတောင် ပြန့်နေပြီ မဟုတ်ဘူးလား။ ဒီက သခင်ကြီး ပြန်သွားကြည့်သင့်တယ် ထင်တယ်”
သခင်ကြီးကု ဇဝေဇဝါဖြစ်သွားသည်။
ဧကန္တ… သူထပ်မှားပြန်ပြီလား။
တစ်ခေါက်လှည့်စားခံခဲ့ပြီးပြီဖြစ်သဖြင့် ချက်ချင်း ကောက်ချက်မချရဲတော့ပါ။
ထို့အပြင် ဗီဒီယိုထဲမှာ ရေနစ်နေသည့်လူက သူဖြစ်ကြောင်းနဲ့ ကျေးဇူးဆပ်ဖို့ လာခဲ့တာဖြစ်ကြောင်းကိုလည်း အလွယ်တကူ မပြောရဲပါ။
သေချာစဉ်းစားပြီးနောက် သခင်ကြီးကု တောင်းဆိုလိုက်သည်။ “အဲ့တာဆို သခင်ကြီးချင်းရဲ့ သမီးလေးနဲ့ ကျုပ်တွေ့ကြည့်လို့ အဆင်ပြေမလားဗျ”
… … …
အခန်း(၆၇၂) အဘိုးကြီးနှစ်ယောက် စကားများခြင်း (၂)
“အဆင်မပြေပါဘူး”။ အဘိုးချင်းက တွန့်ဆုတ်မှု မရှိဘဲ ပြတ်ပြတ်သာားသား ငြင်းဆန်လိုက်ပါသည်။
လာနောက်နေတာလား။ ဘယ်ကမှန်း မသိတဲ့လူတစ်ယောက်က အုပ်စုလိုက်ကြီးရောက်ချလာပြီး ဗီဒီယိုထဲက သူ့သမီးလေးကို မြင်ချင်တယ်လို့ လာပြောနေတာ။ သူ့သမီးလေးကို ဒီလို အန္တရာယ်ရှိနိုင်တဲ့ လူမျိုးနဲ့ တွေ့ခွင့်ပေးလို့ ဖြစ်ပါ့မလား။
“ဘာလို့လဲ”။ သခင်ကြီးကုကလည်း စိတ်ဆတ်သော အဘိုးကြီးဖြစ်သည်။
သခင်ကြီးကုက နေ့စဉ်ဘဝမှာ အငြင်းခံရသည်ဆိုတာ မရှိသလောက်ရှားသည်။ ထို့ကြောင့် အဘိုးချင်း၏ ငြင်းဆန်မှုကို ခံလိုက်ရသောအခါ ချက်ချင်း ဒေါသထွက်သွားခဲ့ပါသည်။
“အဆင်မပြေလို့ မပြေဘူး ပြောတာပါ။ ကျုပ်သမီးလေးက အရမ်းအလုပ်များလို့ အချိန်မရှိဘူး”။ အဘိုးချင်းကလည်း အလျှော့မပေးပါ။
သမီးလေးရဲ့ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ဘေးကင်းလုံခြုံရေးအတွက် သူနည်းနည်းလေးမှ လိုက်လျောပေးမှာ မဟုတ်ပါ။
“ခင်ဗျား ဘာမဟုတ်တာတွေ လျှောက်ပြောနေတာလဲ။ ကျုပ်စုံစမ်းပြီးသွားပြီ။ ခင်ဗျားသမီး ကျောင်းမတက်ဘဲ အိမ်မှာနေနေတာ ၂ ရက်ရှိပြီတဲ့!”
“အိမ်မှာနေရင်တောင် သူက အလုပ်များတယ်! အချိန်မရှိဘူး! ပြီးတော့ ခင်ဗျားလို အဘိုးကြီးက ကျုပ်သမီးလေးကို ဘာလို့ အဲ့လောက် တွေ့ချင်နေတာလဲ။ ခင်ဗျားတို့ အသက်က ဒီလောက်ကွာခြားနေတာ ဘာပတ်သတ်စရာ ရှိလို့လဲ”
“ခင်ဗျားက ကျုပ်ထပ် အသက်ကြီးတယ် မဟုတ်ဘူးလား”။ သခင်ကြီးကု ပြန်ချေပလိုက်သည်။
“သူက ကျုပ်သမီးလေ! ခင်ဗျား အားကျရင် ခင်ဗျားဖာသာ မွေးလိုက်ပါလား”။ အဘိုးချင်းက ခေါင်းမော့ရင်ကော့ကာ ပြန်ပြောလိုက်ပါသည်။ “တခြား ဘာမှ ပြောစရာမရှိတော့ရင် ပြန်လိုက်ပါတော့။ ကျုပ်မှာ အလုပ်တွေ ရှိသေးတယ်”
အဘိုးချင်းက တံခါးရှိရာဘက်သို့ ညွှန်ပြလိုက်သည်။
“ကျုပ်ကို မောင်းထုတ်နေတာလား။ လုံးဝ မသွားနိုင်ဘူး!”။ သခင်ကြီးကု၏ ခေါင်းမာမှုများ စတင်ပေါ်ပေါက်လာသည်။
“ဒါကျုပ်အိမ်နော်။ ခင်ဗျား အရှက်မရှိ ဆက်နေနေဦးမယ်ဆိုရင် ရဲခေါ်ရလိမ့်မယ်”။ အဘိုးချင်း သတိပေးလိုက်သည်။
“ခေါ်ချင် ခေါ်လိုက်လေ။ ကျုပ်ကတော့ မပြန်နိုင်ဘူး!”
ဒီနေ့ သူချင်းစူစူနဲ့ တွေ့ရမှ ဖြစ်မည်။
သခင်ကြီးကု၏ လက်အောက်ငယ်သားတွေလည်း တစ်ယောက်မျက်နှာတစ်ယောက် ထိတ်လန့်စွာ ကြည့်ကုန်ကြသည်။
အဘိုးကြီးနှစ်ယောက် သတ်ပုတ်ကြမှာကို သူတို့ စိုးရိမ်နေပါသည်။ နှစ်ယောက် အသက်ပေါင်း ၁၅၀ ကျော်နေတာတောင် စကားများနေပုံက အသက် ၃ နှစ်အရွယ် ကလေးတွေလို ဖြစ်နေကြသည်။
“ခင်ဗျားတော်တော် ပြောရခက်ပါလား အဘိုးကြီး”။ အဘိုးချင်း ပြောလိုက်သည်။
ဒီလို ခေါင်းမာသည့် လူမျိုး သူဒုတိယအကြိမ် တွေ့ဖူးတာဖြစ်သည်။
ပထမအကြိမ်က ဆရာကြီးရှုယီ ဖြစ်သည်။
“ခုနက ခင်ဗျားကို ကျုပ်ကောင်းကောင်းမွန်မွန်ပြောတယ်လေ။ ခင်ဗျားမှ နားမထောင်တာ! ခင်ဗျားသမီးကို တွေ့ခွင့် မပေးရင် ကောင်းကောင်းမွန်မွန်ပြောလည်း ဘာထူးတော့မှာလဲ။ ကျုပ်အခု အသက်ကြီးနေလို့ ခင်ဗျား ကံကောင်းသွားတယ်။ ၁၀ နှစ်လောက်သာ ငယ်ရင် ခင်ဗျားကို မှောက်သွားအောင် ဆွဲထိုးလိုက်ပြီ!”
သခင်ကြီးကုက ခြိမ်းခြောက်လိုက်ပါသည်။
“ခင်ဗျားက ကျုပ်ကိုထိုးချင်တယ်ဟုတ်လား။ ခင်ဗျားကို အခုချိန်ထိ ကန်မထုတ်ဘဲ စကားကောင်းကောင်း ပြောနေတာနဲ့တင် ကျုပ်ကို ကျေးဇူးတင်သင့်တယ်!”။ အဘိုးချင်းက ပြန်ငေါက်လိုက်လေသည်။
“ကျုပ်ဘယ်သူလဲ ခင်ဗျား မသိဘူးလား။ ကျုပ်ကိုများ ကန်ထုတ်မယ်လို့ ခြိမ်းခြောက်ရဲတယ်ပေါ့!”။
“ခင်ဗျားဖာသာခင်ဗျား ဘယ်သူဖြစ်ဖြစ် ဂရုမစိုက်ဘူး။ ကျုပ်သမီးကို အန္တရာယ်ပြုဖို့ ကြိုးစားတဲ့လူတိုင်းကို ကျုပ် အလွတ်မပေးဘူး။ ကျုပ်အသက်ကို ရင်းရမယ်ဆိုရင်တောင် ကိစ္စမရှိဘူး”။ အဘိုးချင်းက ဒေါသမီးတောက်နေသော မျက်လုံးများဖြင့် ပြတ်သားစွာ ပြောလိုက်ပါသည်။
“ဘယ်သူက ခင်ဗျားသမီးကို အန္တရာယ်ပေးမှာလဲ။ အသက်ကြီးပြီး ကြောင်နေပြီလား။ မဟုတ်တာတွေ လာစွပ်စွဲနေတယ်”
“ခင်ဗျားစကားကို ကျုပ်က ယုံရမှာလား။ ခင်ဗျား အန္တရာယ်မပြုဘူးလို့ ပြောတာနဲ့ပဲ ကျုပ်သမီးက ဘေးကင်းသွားကောလား။ ခင်ဗျားဖာသာ ဘယ်အဖွဲ့အစည်းကပဲ လာခဲ့လာခဲ့ ကျုပ်သမီးက သုတေသန လုပ်ရမယ့် ပစ္စည်းမဟုတ်ဘူး။ လာရာအရပ်အတိုင်း လှည့်ပြန်လိုက်တော့!”
ဒါကိုကြားတော့ သခင်ကြီးကု ရုတ်တရက် ကြက်သေသေသွားသည်။
“ခင်ဗျားဘာပြောတာလဲ ဘယ်ကအဖွဲ့အစည်းလဲ ဘာသုတေသနလဲ”
… … …
အခန်း(၆၇၃) ကျေးဇူးဆပ်ဖို့ လာခဲ့တာ (၁)
“ရူးချင်ယောင် မဆောင်နဲ့! အွန်လိုင်းပေါ်က ဗီဒီယိုတွေကို မြင်ပြီး ကျုပ်သမီးဆီလာခဲ့တာ! အဲ့တော့ ကောင်းတဲ့ ရည်ရွယ်ချက်နဲ့ လာတာ မဖြစ်နိုင်ဘူး!”။ အဘိုးချင်းက ရန်လိုစွာ ပြောလိုက်ပါသည်။
ဒီတစ်ခါတော့ သခင်ကြီးကု နားလည်သွားပါသည်။
သုတေသန အဖွဲ့အစည်းတစ်ခုခုမှ စူစူလေး၏ ခွန်အားကို သုတေသနပြုလုပ်ဖို့အတွက် လာဖမ်းတာဟု အဘိုးချင်း ထင်နေပုံရသည်။
ဒါကိုနားလည်သွားပြီးနောက် သခင်ကြီးကု ပြန်တည်ငြိမ်သွားခဲ့ပါသည်။
အဘိုးချင်း၏ ဒေါသထွက်နေသော မျက်နှာကို ကြည့်ပြီး ရယ်ချင်သွားပါသည်။
“အွန်လိုင်းပေါ်က ဗီဒီယိုက အတုတဲ့လား။ ဟား အဲ့တာကို ဦးနှောက်မရှိတဲ့ Netizen တွေသာ ယုံချင်ယုံမယ်။ ကျုပ်ကိုတော့ အရူးလုပ်လို့မရဘူး! အဲ့တာ အစစ်မှန်း ကျုပ်သိတယ်!” သခင်ကြီးကုက ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်ပါသည်။
“အတုလို့ပြောနေတယ် အတုအတု!”။ အဘိုးချင်း အံကြိတ်ကာ ငြင်းလိုက်ပါသည်။။
အဘိုးချင်း ဂယောင်ချောက်ချားဖြစ်နေသည်။ သူ့သမီးလေးနဲ့ ပတ်သတ်လာလျှင် စိတ်အေးအေး မထားနိုင်ပါ။
“မဟုတ်တာတွေ မပြောနဲ့။ အဲ့ဒီနေ့က ဖြစ်ခဲ့တာတွေ အကုန်လုံးက အမှန်တွေ။ အကယ်ခံခဲ့ရတဲ့ အဘိုးကြီးက သက်သေပဲ” သခင်ကြီးကု ပြောလိုက်သည်။
ဒါကိုကြားတော့ အဘိုးချင်း မျက်နှာပျက်သွားပါသည်။
ထိုနေ့က မျက်မြင်သက်သေတွေ အားလုံးကို သူတို့ ရှာဖွေခဲ့သည်။
အဘွားအိုတွေ အားလုံးကို ရှာတွေ့ခဲ့သော်လည်း ကယ်တင်ခံခဲ့ရသည့် အဘိုးကြီးကိုတော့ မတွေ့ခဲ့ရပါ။ အဘွားအိုတွေတောင် ထိုအဘိုးကြီးကို မသိကြပေ။
အဘိုးချင်း စိတ်မသက်မသာ ဖြစ်သွားသော်လည်း ဆက်လက် ငြင်းဆန်နေဆဲဖြစ်သည်။ “ဘယ်က သက်သေလဲ။ ဘာတွေ လာပြောနေတာလဲ။ အဲ့ဒီဗီဒီယိုကို ရှင်းပြထားတဲ့ အကြောင်းတွေ အွန်လိုင်းပေါ်မှာ ရှိတယ်။ မျက်မြင်သက်သေလို့ ပြောတဲ့လူတွေက လူလိမ်တွေပဲ!”
အဘိုးချင်း၏ အကျည်းတန်နေသော မျက်နှာကို ကြည့်ကာ သခင်ကြီးကု သရော်ပြုံးပြုံးလိုက်သည်။ “ငြင်းမနေပါနဲ့တော့ သခင်ကြီးချင်း။ ကျုပ်စုံစမ်းပြီးသွားပြီ။ ခင်ဗျားသမီးက အရမ်းသန်မာမှန်း မူကြိုက ဆရာမတွေတောင် သိကြတယ်”
“ကျုပ်သမီးက သာမန်ထက် မဆိုသလောက်လေး အားသန်တာ! အဲ့လောက်ကြီး မဟုတ်ဘူး။ ပြီးတော့ ခင်ဗျားတို့ သုတေသနလုပ်ရမယ့် အရာလည်း မဟုတ်ဘူး!”
“ကျုပ်တို့ ငွေတွေ အများကြီး ပေးမယ်ဆိုရင်ကော”
“ဟား! ခင်ဗျားညီမကို သွားပေးလိုက်ပါလား! ကျုပ်သမီးလေးက အဖိုးမဖြတ်နိုင်ဘူး!”
“၂ ဘီလီယံဆိုရင်ကော ဘယ်လိုသဘောရလဲ”။ သခင်ကြီးကုက ကမ်းလှမ်းလိုက်သည်။
“သေလိုက်လေ! ကျုပ်သမီးကို ငွေနဲ့တန်ဖိုးဖြတ်ပြီး မစော်ကားနဲ့!” အဘိုးချင်း ဒေါသများ ထိန်းမရတော့ပါ။
သခင်ကြီးကု၏ မျက်နှာထားကို ကြည့်ပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည်။ လည်ပင်းပေါ်မှာလည်း သွေးကြောတွေ ထောင်လာပါသည်။
နေ့တိုင်း သူ့သမီးလေးကို သူမှာကြားခဲ့သည့် စကားလုံးများကို ပြန်ကြားယောင်နေမိသည်။
မလိုအပ်ဘဲ ရန်မဖြစ်ရဘူး…။ မလိုအပ်ဘဲ ရန်မဖြစ်ရဘူး…။
သူ့သမီးလေးအတွက် သူက စံပြကောင်းဖြစ်ဖို့လိုပါသည်။
အဘိုးချင်း၏ ဒေါသကြောင့် သခင်ကြီးကု ထိတ်လန့်သွားပြီး ရယ်မောလိုက်ပါသည်။ “ဟားဟားဟားဟား”
“မရယ်နဲ့ သောက်အဘိုးကြီး!” အဘိုးချင်း ကျိန်ဆဲလိုက်သည်။
“ဒေါသမထွက်ပါနဲ့ စိတ်လျှော့ပါ။ ကျုပ် မရည်ရွယ်ပါဘူး”။ သခင်ကြီးကုက အပြုံးဖြင့် ပြောလိုက်သည်။ “ကျုပ်ပြောခဲ့သမျှကို ပြန်ရုတ်သိမ်းပါတယ်။ ကျုပ် အတည်ပြုစရာတစ်ခုခုရှိလို့ အဲ့လိုတွေ ပြောခဲ့တာ။ ကျုပ်က ခင်ဗျားထင်သလို ဘယ်အဖွဲ့အစည်းကမှ မဟုတ်ဘူး”
“ကျုပ်ကတော့ ကောက်ကျစ်တဲ့ အကြံအစည်ကလွဲပြီး ဘာမှ မမြင်ဘူး! ခင်ဗျားအထိုးခံချင်နေပြီထင်တယ်!”
“မဟုတ်ဘူး ကျုပ်မှာ တကယ်ပဲ မကောင်းတဲ့ ရည်ရွယ်ချက် ဘာမှမရှိပါဘူး။ ဒီကို ကျေးဇူးဆပ်ဖို့ လာခဲ့တာပါ”
“ကျေးဇူးဆပ်ဖို့ လာခဲ့တာဟုတ်လား”
ဘာကျေးဇူးဆပ်တာလဲ။ ကလဲ့စားချေဖို့ ရောက်လာတဲ့ ပုံစံနဲ့!
“ကျုပ်က ဗီဒီယိုထဲမှာ ခင်ဗျားသမီးလေး ကယ်ခဲ့တဲ့ အဘိုးကြီးပါ”။ သခင်ကြီးက ရှင်းပြလိုက်သည်။
“ဗီဒီယိုက အတုလို့ပြောနေတယ် ဘာလို့…”။ အဘိုးချင်း ရပ်တန့်သွားသည်။ “ခင်ဗျားက ဗီဒီယိုထဲက အဘိုးကြီး ဟုတ်လား”
“ကျုပ်ပါပဲ။ မယုံရင် သေချာ ကြည့်လိုက်။ ကျုပ်ရဲ့ ကိုယ်လုံးကိုယ်ပေါက်က ဗီဒီယိုထဲကလူနဲ့ မဆင်ဘူးလား”
မျက်နှာကို သေချာမမြင်ရသော်လည်း ကိုယ်လုံးကိုယ်ပေါက်ကတော့ ဆင်တူပါသည်။
အဘိုးချင်း မျက်လုံးမှေးကာ သခင်ကြီးကုကို သေချာ အကဲခတ်လိုက်သည်။
… … …
အခန်း(၆၇၄) ကျေးဇူးဆပ်ဖို့ လာခဲ့တာ (၂)
“ခင်ဗျားနဲ့ တူတာတော့ ဟုတ်တယ်။ အထူးသဖြင့် နားရွက်ကားကားတွေက သိသာတယ်”။ အဘိုးချင်း ယုံကြည်စ ပြုလာသည်။
“ကျုပ်နဲ့တူရင် တူတယ်ပေါ့။ ဘာကို နားရွက်ကားတာလဲ။ အခု ခင်ဗျားသမီးနဲ့ တွေ့ခွင့်ပေးလို့ရပြီလား”
“မရဘူး”
အဘိုးချင်းက ငြင်းဆန်နေဆဲပင်။
“ဘာလို့လဲ။ ကျုပ်က ကျေးဇူးဆပ်ဖို့ လာခဲ့တာပါဆို။ တခြားဘာရည်ရွယ်ချက်မှ မရှိဘူး!”
သခင်ကြီးကု မယုံကြည်နိုင်ပေ။ ဒီလောက်တောင် ရှင်းပြထားတာကို ဒီအဘိုးကြီး ဘာလို့ ခေါင်းမာနေရတာလဲ။
“ကျုပ်သမီးလေးကို ခင်ဗျားကျေးဇူးဆပ်ဖို့ မလိုဘူး။ ကုသိုလ်လုပ်ရင် အလိုလို အကျိုးကျေးဇူးရလာမှာပဲ။ ကျုပ်သမီးကို တကယ်ကျေးဇူးတင်ချင်တယ်ဆိုရင် အဲ့ဒီအဖြစ်အပျက်ကြောင်း မေ့ပြစ်လိုက်တော့။ အပြင်လောကကို ဘာမှ ပြန်မပြောနဲ့။ ဒါမှ ကျုပ်သမီးလေးကို ဘယ်သူမှ မဝေဖန်ကြမှာ”။ အဘိုးချင်းက ပြောလိုက်ပါသည်။
“ကျုပ်ကို ဒီလောက်ပြတ်ပြတ်သားသား ငြင်းရအောင် ကျုပ်ဘယ်သူလဲဆိုတာ မသိဘူးလား!”။ သခင်ကြီးကု ဒေါသ ပြန်ထွက်လာသည်။
“ဘယ်သူဖြစ်ဖြစ် ဂရုမစိုက်ဘူး။ ကျုပ်သမီး ခင်ဗျားကို ကယ်ခဲ့တုန်းကလည်း ခင်ဗျားဘယ်သူဘယ်ဝါမှန်း သူသိမှာ မဟုတ်ဘူး။ အခု ကျုပ်တိုလည်း သိဖို့ မလိုအပ်ဘူး”။ အဘိုးချင်းက ဆုံးဖြတ်ချက် ခိုင်မာပါသည်။
“ခင်ဗျားတို့ ချင်းအုပ်စု အခက်အခဲနဲ့ ရင်ဆိုင်နေရတာ ကျုပ်သိတယ်။ အဲ့တာ ကျုပ်ကူညီပေးနိုင်တယ်”။ သခင်ကြီးကုက ကမ်းလှမ်းလိုက်သည်။
သူကျေးဇူးဆပ်တာ ဘယ်လောက် တန်ဖိုးကြီးသလဲဆိုတာ အဘိုးချင်း နားမလည်မှာ သခင်ကြီးကု စိုးရိမ်နေပါသည်။
“မလိုပါဘူး ကျုပ်တို့ ချင်းအုပ်စုက ဒီလိုကျေးဇူးမျိုးကို အားကိုးပြီး ရှင်သန်စရာမလိုဘူး။ စီးပွားရေး လုပ်ငန်းတစ်ခု အောင်မြင်ဖို့ဆိုတာ ကိုယ်ပိုင်အစွမ်းအစရှိမှဖြစ်မှာ။ တခြားသူတွေရဲ့ အကူအညီနဲ့ ထောက်ပံ့မှုကိုပဲ အားကိုးနေရင် သက်တမ်းရှည်မှာ မဟုတ်ဘူး။ သက်တမ်းရှည်ရင်တောင် အမြင့်ကို ရောက်နိုင်မှာမဟုတ်ဘူး”။ အဘိုးချင်း ပြန်ပြောလိုက်ပါသည်။
သခင်ကြီးကုက အဘိုးချင်း၏ စကားကို အထထင်ကြီးသွားသည်။
သူ့ရှေ့က အဘိုးကြီးက အတော်လေး ဖြောင့်မတ်ပုံရသည်။ သူ့ စီးပွားရေး အမြင်ကိုလည်း သခင်ကြီးကု သဘောကျပါသည်။
ချင်းအုပ်စု ကပ်ဆိုက်နေတာတောင် ဒီလိုစကားလုံးတွေကို တည်တည်ငြိမ်ငြိမ် ပြောနိုင်တာ ချီးကျူးဖို့ကောင်းပါသည်။
အချိန်အတန်ကြာသောအခါ သခင်ကြီးကု ထပ်မံရယ်မောလိုက်လေသည်။
“ဟားဟားဟားဟား… စိတ်ဝင်စားစရာပဲ အစ်ကိုကြီးချင်း။ ခင်ဗျာားကို ကျုပ်မိတ်ဆွေအဖြစ် သတ်မှတ်ဖို့ ဆုံးဖြတ်လိုက်ပြီ”
အဘိုးချင်းနဲ့ မိတ်ဆွေဖြစ်ချင်သည်ဟု သခင်ကြီးကု ချက်ချင်း ဆုံးဖြတ်လိုက်ပါသည်။
“စိတ်ဝင်စားစရာကောင်းတယ်ဟုတ်လား ဘာကို စိတ်ဝင်စားစရာလဲ။ ကျုပ်စကား နားမလည်ဘူးလား။ ခင်ဗျားအကူအညီကို ကျုပ်တို့ မလိုဘူးလို့ ပြောနေတယ်လေ”။ အဘိုးချင်း အုတ်နံရံတစ်ချပ်ကို စကားပြောနေရသလို ခံစားနေရပါသည်။
ဒီသခင်ကြီးကု ဆိုသူကို လာရာအရပ်အတိုင်း ပြန်စေချင်သည်။ သို့သော်လည်း သူ့စကား နားမထောင်သည့်အပြင် မိတ်ဆွေ ဖြစ်ချင်သည်ဟုပါ ပြောနေလေသည်။
ဘယ်သူက သူနဲ့ မိတ်ဆွေဖြစ်ချင်လို့လဲ!
“အစ်ကိုကြီးချင်း စိတ်မပူပါနဲ့။ ခင်ဗျားသမီးရဲ့ ကိစ္စကို အပြင်လောကမှာ ကျုပ်တစ်ခွန်းမှ မဟပါဘူး။ အဲ့ဒီအပြင် ဒီကိစ္စ ဖြေရှင်းနိုင်ဖို့ ခင်ဗျားသမီးကို ကျုပ်ကူညီပေးမယ်။ စိတ်မပူနဲ့။ ကျုပ်သားကလည်း သတင်းမီဒီယာအပိုင်းမှာ အလုပ်လုပ်တာ။ နည်းလမ်းပေါင်းစုံသုံးပြီး သတင်းတွေကို ဖုံးဖိဖို့ ကျုပ်ပြောလိုက်မယ်! ကျုပ်က အမဲကို အဖြူဖြစ်အောင် ပြောင်းလဲနိုင်စွမ်းရှိတယ်!”။ သခင်ကြီးကုက ကတိပေးလိုက်ပါသည်။
သခင်ကြီးကုကို ဘယ်လိုပြောပြော မရနိုင်မှန်း နားလည်သွားသဖြင့် လက်အောက်ငယ်သားတွေကိုသာ အဘိုးချင်း လှည့်ပြောလိုက်သည်။ “မင်းတို့ သခင်ကြီးကို ကျေးဇူးပြုပြီး ပြန်ခေါ်သွားကြပါ။ သူ့ကို သေချာ ဂရုစိုက်ဖို့နဲ့ ပြဿနာမရှိဘဲ ပြဿနာမရှာဖို့ သူ့သားတွေကိုလည်း မှာလိုက်ပါ”
လက်အောက်ငယ်သားတွေကလည်း တောင်းတောင်းပန်ပန်ဖြင့် ပြုံးကာ ပြန်ပြောလိုက်သည်။ “သခင်ကြီးချင်း၊ ကျွန်တော်တို့ သခင်ကြီးက အရမ်းပွင့်လင်းပါတယ်။ သခင်ကြီးချင်းနဲ့ မိတ်ဆွေဖြစ်ချင်တယ်လို့ပြောတာက သခင်ကြီးချင်းကို တကယ် သဘောကျလို့ပဲနေမှာ။ ကျွန်တော်တို့ သခင်ကြီးက ဘယ်နေရာမှာမှ အကြွေးတင်ရတာကို မကြိုက်ဘူး။ သခင်မလေးချင်းကိုသာ ကျေးဇူးပြန်မဆပ်ရရင် ကောင်းကောင်းအိပ်ပျော်မှာတောင် မဟုတ်ဘူး။ သခင်ကြီးကုရဲ့ သား ၃ ယောက်ကလည်း သခင်ကြီးကုကို အပြည့်အဝ ထောက်ခံကြပါတယ်”
… … …
အခန်း(၆၇၅) ကျေးဇူးပါ ပြန်လိုက်ပါတော့
သခင်ကြီးကု၏ သား ၃ ယောက်က အလွန်သိတတ်ကြသည်။ သခင်ကြီးကုက လမင်းကြီးကို လိုချင်သည်ဟု ဆိုရင်တောင် သား ၃ ယောက်က အာကာသယာဉ်တည်ဆောက်ပြီး လပေါ် တက်ပေးမည့် လူများဖြစ်ကြသည်။
ကံကောင်းစွာဖြင့် သခင်ကြီးကုက စိတ်ဆတ်တတ်သော်လည်း သားတွေကို မဖြစ်နိုင်တာ မတောင်းဆိုဖူးပါ။
ပြုံးပြနေသည့် သခင်ကြီးကုကို ကြည့်ရင်း အဘိုးချင်း ခေါင်းကိုက်လာသည်။
အဘိုးချင်းကလည်း စူစူလေးလိုပဲ ဖြစ်သည်။ တစ်ဖက်လူက လူဆိုးဖြစ်ပါက ဖြေရှင်းရ လွယ်ကူပါသည်။ သို့သော်လည်း ဒီလိုလူမျိုးကိုတော့ ဘယ်လိုရှင်းထုတ်ရမလဲ တကယ် မသိပါ။
အဘိုးချင်းကို စူစူလေး မတွေ့တာကြပြီဖြစ်သည်။ တစ်အိမ်လုံးနှံ့အောင် ရှာဖွေပြီး အိမ်စေတစ်ယောက်ကို မေးကြည့်သောအခါ အဘိုးချင်းက ဧည့်သည်တစ်ယောက်ကို ဧည့်ခံနေတာဖြစ်မှန်း သိလိုက်ရလေသည်။
ထို့ကြောင့် စူစူလေး ခပ်သုတ်သုတ် ပြေးလာခဲ့၏။
“ဖေဖေ!”
စူစူလေး ပြေးလာတာကိုမြင်ပြီး သခင်ကြီးကု မျက်လုံးများ အရောင်တောက်သွားကာ စူစူလေးကို ခေါင်းအစ ခြေအဆုံး အကဲခတ်လိုက်သည်။
ဒီကလေးမလေးက အလွန် နူးညံ့ပြီး သွက်လက်ချက်ချာသည်။ အထူးသဖြင့် သူမ၏ မျက်လုံးလေးတွေထဲမှာ စကြဝဠာကြီးတစ်ခုလုံး ရှိနေသကဲ့သို့ တောက်ပလွန်းပါသည်။
ဆံပင်ကို ကျစ်ဆံမြီး နှစ်ဖက်ကျစ်ထားပြီး အိမ်နေရင်း အဝတ်အစားဝတ်ထားသဖြင့် အလွန်ချစ်ဖို့ကောင်းပါသည်။
“သမီးက စူစူလေးပေါ့ ဟုတ်လား”။ သခင်ကြီးကု အပြုံးဖြင့် မေးလိုက်သည်။
“ဦးလေးက ဘယ်သူလဲ”။ စူစူလေးကလည်း မကြောက်ရွံ့ဘဲ ပြန်မေးလိုက်သည်။ သူမ၏ မျက်နှာလေးက ချစ်ဖို့လည်းကောင်း တည်လည်း တည်ကြည်ပါသည်။
“အဲ့ဒီနေ့က ရေထဲပြုတ်ကျသွားတာ ဦးလေးလေလေ။ အဲ့ဒီနေ့က စူစူလေး သစ်ပင်ကြီးနဲ့ ကယ်ပေးခဲ့တာ မှတ်မိလား”။ သခင်ကြီးကု မေးလိုက်ပါသည်။
“ဪ အဲ့တာ ဦးလေးကိုး”
သူမ မှတ်မိတာပေါ့။ မှတ်ဉာဏ်ကောင်းတာပဲကို။
“ဟုတ်တယ် အဲ့တာ ဦးလေးပါ။ စူစူလေးကို ကျေးဇူးလာတင်တာ။ ဦးလေးကို ကယ်ပေးခဲ့တဲ့အတွကက် ကျေးဇူးတင်ပါတယ် စူစူလေး”
“ဟုတ်ပြီ ဟုတ်ပြီ ကျေးဇူးတင်ပြီးသွားပြီဆိုတော့ ပြန်လို့ရပြီ”။ စူစူလေး ပြန်ပြောလိုက်သည်။
ထို့နောက် အဘိုးချင်းဘက်သို့ ချက်ချင်းလှည့်ကာ စူစူလေး ပြောလိုက်သည်။ “ဖေဖေ သမီး ဟိုဘက်အိမ်က ကိုကြီးဆီ သွားတော့မယ်။ ကိုကြီး လေ့ကျင့်ခန်း လုပ်ရမယ်လို့ ဦးလေးပိုင်ဟူကျစ်က ပြောတယ်။ သမီး ကိုကြီးကို သွားအားပေးမလို့!”
လုကျန်းယွီတို့အိမ်ကို သွားချင်နေသဖြင့် စူစူလေး သခင်ကြီးကုနဲ့ စကားပြောဖို့ အချိန်မရှိပါ။
“ဟုတ်ပြီ ဟုတ်ပြီ ဒီဧည့်သည်ကို ပြန်ပို့ပြီးရင် ဖေဖေ လိုက်ခဲ့မယ်နော်”
လုကျန်းယွီတို့အိမ်က ၁၀၀ မီတာလောက်သာ ကွာဝေးရင်တောင် အခုချိန်မှာ အဘိုးချင်းက စူစူလေးကို တစ်ယောက်တည်း မလွှတ်ရဲပါ။
“အွန်း!”
စူစူလေး ခေါင်းငြိမ့်လိုက်ပြီး သခင်ကြီးကုဘက်သို့ ပြန်လှည့်လာသည်။ သူမရဲ့ မျက်လုံးလေးများက ဘာလို့ မပြန်သေးတာလဲ ဟု ပြောနေပုံရသည်။
သခင်ကြီးကု ပြုံးလိုက်ပြီး ပြောလိုက်သည်။ “စူစူလေးက ဦးလေးရဲ့ အသက်ကို ကယ်ထားတော့ ကျေးဇူးတင်တဲ့အနေနဲ့ စူစူလေး လိုချင်တဲ့ ဆု ၃ ဆုကို ဖြည့်ဆည်းပေးမယ်။ ဘာမဆို တောင်းဆိုလို့ရတယ်။ ဥပမာ စူစူလေးရဲ့ မိသားစု ကုမ္ပဏီကြီး ပိုကြီးမားလာဖို့နဲ့ ငွေတွေ ပိုဝင်ဖို့ ဆုတောင်းတာမျိုးပေါ့”
စူစူလေးက သခင်ကြီးကုကို မယုံသင်္ကာ ကြည့်လိုက်သည်။
ဒီလူကြီးက ထူးဆန်းလိုက်တာ။ သူမကို ဘာလို့ ဆုတောင်းခိုင်းနေတာလဲ။ တခြားသူတွေကမှ သူမဆီမှာ လာဆုတောင်းရမှာ မဟုတ်ဘူးလား!
သခင်ကြီးကု၏ မျက်နှာကို စူစူလေး အချိန်အတော်ကြာအောင် အကဲခတ်ခဲ့သည်။ ဖော်ဖော်ရွေရွေ ပြုံးပြနေသဖြင့် လူဆိုးတော့ မဖြစ်နိုင်လောက်ပါ။
စူစူလေးက လက်ချောင်းလေးတွေကို ရေတွက်ရင်း ကလေးဆန်သည့် အသံလေးဖြင့် တောင်းဆိုလိုက်သည်။
“နောက်တစ်ခါဆို ရေထဲ ပြုတ်မကျအောင် သတိထား”
“ရေထဲ ပြုတ်ကျသွားရင်လည်း ကယ်တင်ပေးမယ့်လူ ပေါ်လာပါစေ”
“ပြီးတော့… ဦးလေး မြန်မြန်ပြန်တော့လေ။ ဖေဖေနဲ့ သမီးနဲ့ ကိုကြီးဆီ သွားရဦးမယ်!”
အဲ့တာဆို ၃ ခု ပြည့်ပြီလား။
စူစူလေး လက်ချောင်းများဖြင့် ရေတွက်လိုက်သည်။
အွန်း ဟုတ်တယ်! ၃ခုပဲ မမှားဘူး!
သခင်ကြီးကု တုန်လှုပ်သွားလေသည်။ “စူစူလေးရဲ့… ဆု ၃ ဆုစလုံးက ဦးလေးနဲ့ ပတ်သတ်တာတွေချည့်ပဲလား။ သေချာ ထပ်မစဉ်းစားချင်ဘူးလား”
… … …