← Chapters

အခန်း (၆၇၆-၆၈၀)

Vol. 28 Ch. 676-680

အခန်း (၆၇၆-၆၈၀)

Vol. 28 Ch. 676-680

နတ်သားရဲမလေးရဲ့ ကမ္ဘာသစ် Book-28

အခန်း(၆၇၆) ကိုကြီးကို ထမ်းပြေးခြင်း (၁)

“အဲ မစဉ်းစားချင်တော့ဘူး။ ဘာမှ ဆုမတောင်းချင်ဘူး”။ စူစူလေး သက်ပြင်းချကာ စိတ်ပျက်လက်ပျက် ပြောလိုက်သည်။

ဒီဦးလေးကြီးက ဘာလို့ ဒီကစားနည်းပဲ ကစားချင်နေတာလဲ။ သူမ လုံးဝ မကစားချင်ပါ။

“စူစူလေး ဦးလေးမှာ ပိုက်ဆံတွေ အများကြီးရှိတယ်! စူစူလေးကို အများကြီး ကူညီပေးနိုင်တယ်!”။ သခင်ကြီးကုက စူစူလေးကို နားလည်အောင် ထပ်ရှင်းပြလိုက်သည်။

“ဒါမယ့် သမီးမှ ဘာမှ မလိုတာ”။ စူစူလေး ပြန်ပြောလိုက်ပါသည်။

“ဒါပေမယ့် စူစူလေးရဲ့ မိသားစု ခုတလော အခက်အခဲကြုံနေရတယ်ဆို။ ဦးလေးကို တောင်းဆိုလိုက်ရင် စူစူလေးရဲ့ မိသားစုကို ဦးလေး ကူညီပေးနိုင်တယ်။ ပြဿနာတွေ ပျောက်ကွယ်သွားပြီး ငွေတွေအများကြီး ဝင်လာအောင် ကူညီပေးနိုင်တယ်။ အဲ့တာဆို စူစူလေးရဲ့ မိသားစုလည်း ပျော်ရွှင်ရမှာလေ”

အရင်တစ်ခေါက်က ချူးယန်ရှီ ဒီလိုပြောဖူးတာကို သခင်ကြီးကု မှတ်မိပါသည်။

ဒါဆို စူစူလေးလည်း ဒီလို ဆုတောင်းနိုင်လောက်တယ် မဟုတ်လား။

“သမီးမိသားစုမှာ သမီးရှိတယ်! အကူအညီမလိုဘူး! သမီးဖေဖေ၊ မေမေ၊ အစ်ကိုကြီးတွေနဲ့ တူလေးတွေ အားလုံးက အရမ်းတော်ကြတယ်! သမီးတို့ အားလုံးက တော်ပြီးသား!”။ စူစူလေးက ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်ပါသည်။

သခင်ကြီးကု လုံးဝ ကြက်သေသေသွားခဲ့သည်။

အဘိုးချင်းကလည်း ပြုံးကာ ဝင်ပြောလိုက်သည်။ “ကြားတယ်မလား။ ကျုပ်သမီးလေးက ပြတ်ပြတ်သားသား ပြောလိုက်ပြီ။ ကျေးဇူးပြန်ဆပ်ဖို့ ခေါင်းမာနေတာ တော်ပါတော့။ ခင်ဗျားကျေးဇူးတင်ချင်တာနဲ့တင် လူကောင်းသူကောင်း ဖြစ်မှန်း သိသာပါတယ်။ ကျုပ်တို့ ကျေနပ်ပါပြီ”

စူစူလေးက‌လည်း ခေါင်းငြိမ့်ကာ ထောက်ခံသည်။ “ဖေဖေပြောတာမှန်တယ်။ ကျေးဇူးတင်စကားပြောရုံနဲ့ လုံလောက်တယ်!”

သားအဖနှစ်ယောက်၏ စကားကြောင့် သခင်ကြီးကု တုန်လှုပ်သွားရပြန်သည်။

အချိန်အတော်ကြာမှ သခင်ကြီးကု ရယ်မောလိုက်၏။

“ဟုတ်ပါပြီ ဟုတ်ပါပြီ။ ကျုပ် ဖိအား မပေးတော့ပါဘူး။ ဒါပေမယ့် ခုနက ခင်ဗျားနဲ့ မိတ်ဆွေဖွဲ့မယ်ဆိုတဲ့ စကားက မပြောင်းလဲဘူးနော်! ကျုပ် ဆုံးဖြတ်ပြီးသွားပြီ။ ဘာမှ ဂရုမစိုက်ဘူး။ ကျုပ်တို့ စကားများ ရန်ဖြစ်ပြီးသွားပြီဆိုတော့ မိတ်ဆွေတွေ ဖြစ်မလာရင် ဇာတ်သိမ်းကောင်းမှာ မဟုတ်ဘူး”

အဘိုးချင်းနဲ့ စူစူလေးတို့က ငွေကြေးနဲ့ ကျေးဇူးဆပ်တာကို လက်မခံကြပါ။ သို့သော် မိတ်ဆွေတွေ ဖြစ်လာကြပါက စီးပွားရေးအရ အချင်းချင်း ထောက်ပံ့ပေးနိုင်ပါသည်။

သခင်ကြီးကုကြောင့် အဘိုးချင်း မယုံကြည်နိုင်ဖြစ်သွားသည်။ “ခင်ဗျားတော်တော် ပြောရခက်ပါလား။ လက်မခံတဲ့ လူတစ်ယောက်နဲ့ ဘာလို့ အတင်းမိတ်ဆွေဖွဲ့ချင်နေရတာလဲ”

“အဲ့တော့ ဘာဖြစ်လဲ။ ကျုပ်နဲ့ မိတ်ဆွေဖွဲ့ဖို့ အဲ့လောက်တောင် ခက်လို့လား။ ကုချန်းယန်ဆိုတဲ့ ကျုပ် လုပ်ဖို့ ဆုံးဖြတ်လိုက်ရင် မလုပ်နိုင်တာ မရှိဘူးနော်။ ကျုပ်ကို ငြင်းရဲတဲ့ မိတ်ဆွေဆိုတာ မရှိဘူး!”

“ချင်းဖေးဖန်ဆိုတဲ့ ကျုပ်ကလည်း ကိုယ်ကျင့်သိက္ခာနဲ့ ဆက်ဆံရေးအပေါ်မူတည်ပြီး မိတ်ဆွေရွေးချယ်တာ။ ဘယ်လောက် ခေါင်းမာသလဲဆိုတာကိုကြည့်ပြီး ရွေးချယ်တာ မဟုတ်ဘူး!”။ အဘိုးချင်းက အတင်းအကျပ် စေခိုင်းလို့ ရမည့်သူ မဟုတ်ပါ။

စူစူလေးက အဘိုးချင်းနဲ့ သခင်ကြီးကုတို့ကို တစ်လှည့်စီကြည့်လိုက်ပြီး အူတူတူဖြစ်သွားသည်။

သခင်ကြီးကု၏ လက်အောက်ငယ်သားတွေလည်း ခေါင်းခဲသွားကြပါသည်။

အားလုံး အဆင်ပြေသွားခါမှ ဘာလို့ အဘိုးကြီးနှစ်ယောက် ရန်ထပ်ဖြစ်နေကြပြန်တာလဲ!

--- --- ---

သခင်ကြီးကုတို့ကို အောင်အောင်မြင်မြင် ပြန်လွှတ်ပြီးနောက် အဘိုးချင်းနဲ့အတူ စူစူလေး လုကျန်းယွီထံ ရောက်လာခဲ့သည်။

လုကျန်းယွီက ဆရာကြီးရှုယီနဲ့အတူ လေ့ကျင့်ခန်းတွေ ခက်ခက်ခဲခဲ လုပ်နေရပါသည်။

လုကျန်းယွီ၏ လက်နှစ်ဖက်က သံတန်းနှစ်ခုကို အမှီပြုထားရပြီး ခြေထောက်များကို ကြမ်းပြင်ပေါ် ချနိုင်အောင် ခက်ခက်ခဲခဲ ကြိုးစားနေရသည်။

လုကျန်းယွီ နှုတ်ခမ်းတွေဖြူနေသော်လည်း ပါးတွေနီရဲနေကာ နဖူးပေါ်မှာလည်း ချွေးတွေ စိုရွှဲနေပါသည်။

အနီးနားရှိ ဆိုဖာပေါ်တွင် သခင်ကြီးလု ထိုင်နေပြီး စိုးရိမ်ပူပန်စွာ စောင့်ကြည့်နေသည်။

လုကျန်းယွီ နည်းနည်းလောက် ယိမ်းယိုင်သွားတိုင်း သခင်ကြီးလု ထခုန်မိ၏။ လုကျန်းယွီ အံကြိတ်နေတာကို မြင်ရတာလည်း သခင်ကြီးလုအတွက် အသက်ရှူကြပ်စရာကောင်းသည်။ လုကျန်းယွီ၏ ဖြူရော်နေသော မျက်နှာကြောင့် သခင်ကြီးလု ရင်နာသွားပြီး လက်သီးတွေကိုလည်း ကျစ်ကျစ်ပါအောင် ဆုပ်ထားမိပါသည်။

“ကိုကြီး!”။ စူစူလေး အိမ်ထဲ ပြေးဝင်လာတာနဲ့ တစ်ပြိုင်နက် လုကျန်းယွီ လေ့ကျင့်ခန်းလုပ်နေတာကို မြင်သွားပါသည်။

တစ်ချက်လောက်ကြည့်လိုက်ရုံနဲ့ လုကျန်းယွီ၏ ဖြူဖပ်နေသော မျက်နှာကို စူစူလေး မြင်သွားပါသည်။

ထို့ကြောင့် စူစူလေး လုကျန်းယွီထံ အမြန်ပြေးသွားပြီး ချက်ချင်း ပွေ့ချီလိုက်လေသည်။

… … …

အခန်း(၆၇၇) ကိုကြီးကို ထမ်းပြေးခြင်း (၂)

ထိုမြင်ကွင်းကြောင့် အားလုံး ကြက်သေသေသွားကြသည်။

ဆိုဖာပေါ်မှာ ထိုင်နေသည့် သခင်ကြီးလု ဆတ်ခနဲ မတ်တပ်ရပ်လိုက်မိသည်။

၂ စက္ကန့်လောက် ကြောင်တောင်တောင် ဖြစ်သွားပြီးမှ နားလည်သွားကာ ပြန်ထိုင်နေလိုက်ပါသည်။

စူစူလေးပဲ ဘာမှ မဖြစ်ပါဘူး။ ငါ့မြေးလေး ဘာမှ မဖြစ်ဘူး။

အဘိုးချင်းလည်း သူ့နဖူးကိုသူ လက်ဖြင့် ရိုက်မိသည်။

သူ့သမီးလေးရဲ့ ကြမ်းတမ်းသော အပြုအမူများကို အဘိုးချင်း မြင်နေကျဖြစ်ပါသည်။ သို့သော်လည်း ကောင်လေးတစ်ယောက်ကို သူ့သမီးလေး ပွေ့ချီလိုက်တာကို မြင်မိတော့ အဖေတစ်ယောက်အနေနဲ့ ရင်ထဲမှာ ခံစားချက် မကောင်းလှပါ။

လုကျန်းယွီ အသိစိတ်ပြန်ဝင်လာချိန်တွင် စူစူလေး၏ ပခုံးပေါ်ကို သူရောက်နေပါပြီ။

“စူစူလေး ဘာလုပ်တာလဲ”

“မကြောက်နဲ့ ကိုကြီး။ သမီး ကာကွယ်ပေးမယ်!”

ဆရာကြီးရှုယီလည်း အမြန်ပြေးလာပြီး စူစူလေးရှေ့မှာ ရပ်လိုက်သည်။ “စူစူလေး ဘာတွေလုပ်နေတာလဲ”

“ကိုကြီးကို ကာကွယ်ပေးနေတာ! အဲ့ဒီဟာကြီးက ကိုကြီးကို နာကျင်အောင် လုပ်နေတယ်”။ လုကျန်းယွီ လေ့ကျင့်ခန်း လုပ်ဖို့ အသုံးပြုရသည့် စက်ကြီးကို စူစူလေး လှည့်ကြည့်လိုက်သည်။

“စူစူလေး နားလည်မှုလွဲနေပြီ။ သမီးကိုကြီး အန္တရာယ်မရှိပါဘူး။ ဒီတိုင်း လေ့ကျင့်ခန်းလုပ်နေတာ”

“လေ့ကျင့်ခန်းလုပ်နေတာ ဟုတ်လား”။ စူစူလေး ခေါင်းလေးစောင်းကာ ဇဝေဇဝါဖြစ်သွားသည်။

ကိုကြီး လေ့ကျင့်ခန်းတွေ လုပ်နေရတာ သူမ သိပါသည်။

သို့သော် လေ့ကျင့်ခန်းလုပ်တာ ဘာလို့ ဒီပုံစံဖြစ်နေရတာလဲ။

ဦးလေးပိုင်ဟူကျစ်ကတော့ သူမကို လိမ်မှာ မဟုတ်ပါ။

“စူစူလေး၊ ကိုကြီး တကယ် လေ့ကျင့်ခန်း လုပ်နေတာပါ။ ခြေထောက်တွေ ပြန်မကောင်းသေးလို့ နည်းနည်း ပင်ပန်းနေရုံပဲရှိတာ။ အဲ့တာ သာမန်ပါပဲ။ နောက်ပိုင်း လမ်းကောင်းကောင်းပြန်လျှောက်နိုင်အောင် အပင်ပန်းခံရမှာပေါ့”။ လုကျန်းယွီက စူစူလေးကို စိတ်ရှည်လက်ရှည်ထားပြီး ရှင်းပြလိုက်ပါသည်။

စူစူလေး ၃ စက္ကန့်လောက် ရပ်တန့်သွားပြီး စက်ကြီးရှိရာထံသို့ ပြန်ပြေးသွားပါသည်။

ထို့နောက် လုကျန်းယွီကို ကြမ်းပြင်ပေါ်ပြန်ချပေးလိုက်သည်။

“ကိုကြီး ဆက်လုပ် ဆက်လုပ်!”

လုကျန်းယွီ ကြမ်းပြင်ပေါ်မှာထိုင်ပြီး ခေါင်းပေါ်က သံတန်း ၂ ခုကို မော့ကြည့်လိုက်သည်။ ဒီအကွာအဝေးနဲ့ဆို သူဘယ်လိုမှ မမှီနိုင်ပါ။

“ကိုကြီး ဘာလို့ လေ့ကျင့်ခန်း မလုပ်တာလဲ”။ လုကျန်းယွီ တွန့်ဆုတ်နေတာကို မြင်ပြီး စူစူလေး ထပ်မေးလိုက်သည်။

ဆရာကြီးရှုယီက အပြုံးဖြင့် ရှင်းပြလိုက်၏။ “စူစူလေး အနည်းဆုံးတော့ ကိုကြီးကို ပုံမှန်နေရာမှာ ပြန်ထားပေးမှပေါ့။ သူ့ကို ကြမ်းပြင်ပေါ် ဒီတိုင်းချထားတော့ ဘယ်လို ပြန်ထရမှာလဲ။ သူသာ အလွယ်တကူ ပြန်ထနိုင်နေရင် ဒီလေ့ကျင့်ခန်းတွေ လုပ်စရာတောင် လိုမှာ မဟုတ်ဘူးလေ”

“ဟုတ်လား”။ စူစူလေး နားလည်သလိုလို ရှိသွားသည်။

“ဟုတ်တယ်” စူစူလေးကို ရှင်းပြနေတုန်း လုကျန်းယွီ သူ့ဖာသာသူ ပြန်ထဖို့ ကြိုးစားနေတာကို ဆရာကြီးရှုယီ သတိထားမိသွားသည်။

လုကျန်းယွီ၏ မျက်နှာက အားစိုက်ထားရသဖြင့် နီမြန်းနေပါသည်။

“ကျန်းယွီ!” သခင်ကြီးလုက လုကျန်းယွီကို ထူပေးဖို့ ပြေးလာသည်။

သို့သော် ဆရာကြီးရှုယီက တားလိုက်ပြီး မလှုပ်ဖို့ မျက်လုံးဖြင့် အချက်ပြလိုက်သည်။

သခင်ကြီးလု စိတ်ပူမိသော်လည်း ဆရာကြီးရှုယီကို သူယုံကြည်ပါသည်။

စိုးရိမ်ပူပန်မှုကို မျိုသိပ်ရင်း သူ့မြေးလေး ရုန်းကန်နေရတာကို ငေးကြည့်နေခဲ့ရသည်။

လုကျန်းယွီ ခက်ခက်ခဲခဲ ထဖို့ ကြိုးစားနေတာကိုမြင်ပြီး စူစူလေးလည်း ကူညီချင်သည်။ သို့သော် သူမ လက်ကလေး ကမ်းလိုက်စဉ်မှာပင် လုကျန်းယွီက တားလိုက်ပါသည်။

“ကိုကြီးဖာသာလုပ်လိုက်မယ်”

“ဘာလို့လဲ”

“ကိုကြီးဖာသာ လုပ်ခွင့်ပြုပါ စူစူလေး!”။ လုကျန်းယွီ အံကြိတ်ကာ ပြောလိုက်သည်။

သူ့ကိုယ်သူ အားကိုးချင်သည့် ဆုံးဖြတ်ချက်က အလွန်ခိုင်မာပါသည်။

“ကိုကြီး…”

စူစူလေး ရပ်တန့်လိုက်ပြီး လုကျန်းယွီကို စောင့်ကြည့်နေခဲ့သည်။

ကိုကြီးက သူ့ဖာသာသူ ကြိုးစားချင်သည်ဟု ဆိုသဖြင့် သူမ အားပေးဖို့သာရှိပါသည်။

ကိုကြီးလုပ်နိုင်သည်ဟု သူမ ယုံကြည်ထားရမည်ဖြစ်ပြီး အောင်မြင်သွားပါက ချီးကျူးပေးရမည်။

“ကိုကြီး ကြိုးစားထား! သမီး အားပေးနေမယ်!”။ စူစူလေး အားပေးစကား ပြောလိုက်ပါသည်။

အားလုံး အသက်ပင်ဝဝ မရှူရဲတော့ပါ။

လုကျန်းယွီ လေ့ကျင့်ခန်းလုပ်ဖို့ သီးသန့် စီစဉ်ပေးထားသည့် အခန်းထဲ အလွန်တိတ်ဆိတ်သွားပြီး လုကျန်းယွီ၏ အသက်ရှူသံပြင်းပြင်းကိုသာ ကြားရတော့သည်။

… … …

အခန်း(၆၇၈) ကိုယ့်သေတွင်းကိုယ်တူးခြင်း (၁)

လုကျန်းယွီ၏ လှုပ်ရှားမှုတိုင်းက အလွန်ခက်ခဲသည့်ပုံစံပင်။ လုကျန်းယွီ လဲကျတော့မည်ဟု ထင်ရသည့် အကြိမ်ပေါင်းများစွာ ရှိခဲ့သည်။ သခင်ကြီးလုလည်း စောင့်ကြည့်ရင်း နှလုံးရောဂါရတော့မည်။

စိတ်ကိုသာ ထိန်းမထားပါက လုကျန်းယွီကို ဆက်မလုပ်တော့ဖို့ အော်ပြောမိပါလိမ့်မည်။

သူ့မြေးလေး ဒီလို နာကျင်ခံစားနေရတာကို မကြည့်ရက်ပါ။

စူစူလေးတောင် စိတ်တွေ လှုပ်ရှားသွားပြီး အသက်ရှူဖို့ပင် မေ့ကာ မျက်နှာလေး နီမြန်းလာပါသည်။ ဒီတိုင်းသာ ဆက်သွားပါက စူစူလေး အသက်ရှူကြပ်သွားလောက်သည်။

ကံကောင်းစွာဖြင့် စူစူလေး အသက်ရှူမကြပ်ခင် လုကျန်းယွီ သံတန်း ၂ ခုကို အားပြုကာ မတ်တပ် ပြန်ရပ်နိုင်ခဲ့ပါသည်။

“ကိုကြီးက တော်လိုက်တာ! အရမ်းတော်တာပဲ!”။ စူစူလေး ပျော်ရွှင်မြူးထူးစွာ ခုန်ပေါက်လိုက်ပါသည်။

သခင်ကြီးလုလည်း မျက်ရည်တွေဝဲသွား၏။ “ကျန်းယွီ မင်းတကယ်တော်တယ်။ အဘိုး မင်းအတွက် ဂုဏ်ယူတယ်!”

လုကျန်းယွီကို ဂရုစိုက်ပုံမပေါ်သည့် ဆရာကြီးရှုယီတောင် သက်ပြင်းချလိုက်ပြီး လုကျန်းယွီကို ပထမဆုံးအကြိမ်အဖြစ် ချီးကျူးလိုက်ပါသည်။

“မင်းဘယ်ဆိုးလို့လဲ!”

ဒီလို စိတ်ဓာတ်မာကျောမှုနဲ့ သူ့ရဲ့ ဆေးပညာစွမ်းရည်တို့ ပေါင်းစပ်လိုက်ပါက ပြန်ကောင်းမလာစရာအကြောင်း မရှိပါ။

လုကျန်းယွီ ခေါင်းမော့ကြည့်လိုက်ရာ ပျော်ရွှင်ခုန်ပေါက်နေသည့် စူစူလေးကို မြင်လိုက်ရသည်။ စူစူလေး၏ ပျော်ရွှင်မှုက ကူးစက်တတ်သဖြင့် လုကျန်းယွီလည်း ပင်ပန်းတာတွေ ပျောက်ကွယ်သွားခဲ့ပါသည်။ သူကြိုးစားအားထုတ်ရတာ တန်သည်ဟု ခံစားလိုက်ရသည်။

လုကျန်းယွီ၏ မျက်နှာပေါ် အပြုံးတစ်ခု ပေါ်လာခဲ့ပါသည်။ သူ့မျက်နှာတစ်ခုလုံး ဖြူဖပ်နေပြီး အနည်းငယ် အားနည်းနေပုံပေါက်သော်လည်း ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေသည်။

လုကျန်းယွီ လေ့ကျင်းခန်းထပ်လုပ်ဖို့ ပြင်လိုက်ပါသည်။

“ကောင်လေး တန်ဆေးလွန်ဘေးတဲ့။ လေ့ကျင့်ခန်းချည့်ပဲ အမြဲတမ်း လုပ်နေလို့မဖြစ်ဘူး။ လုပ်ပါများလွန်းရင် ခြေထောက်တွေ ပိုဆိုးသွားနိုင်တယ်”။ ဆရာကြီးရှုယီက တားလိုက်ပါသည်။

ဆရာကြီးရှုယီ၏ စကားကို ကြားမှ သခင်ကြီးလုက လုကျန်းယွီကို ကူတွဲပေးဖို့ သူ့လူတစ်ယောက်ယောက်ကို ခိုင်းလိုက်ပါသည်။

စူစူလေးကလည်း လုကျန်းယွီကို ရေလာတိုက်သည်။

“ကျေးဇူးတင်ပါတယ် စူစူလေး”။ လုကျန်းယွီ ရေခွက်ကို ယူလိုက်ပြီး စူစူလေးကို ကျေးဇူးတင်လိုက်ပါသည်။

“ရပါတယ်!”

ရေတစ်ငုံနှစ်ငုံခန့် သောက်ပြီးနောက် မကြာသေးခင်က အဖြစ်အပျက်များအကြောင်း စူစူလေးအား လုကျန်းယွီ မေးမြန်းလိုက်သည်။ “စူစူလေး ဒီ ၂ ရက်အတွင်း စိတ်ညစ်တာတွေ ဘာတွေရှိသေးလား”

“မညစ်ပါဘူး ဘာလို့ စိတ်ညစ်ရမှာလဲ”

“စိတ်မညစ်ရင်ပြီးတာပါပဲ။ မကြာခင် အင်တာနက်ပေါ်က ကိစ္စတွေ ပြီးသွားတော့မှာပါ”။ လုကျန်းယွီ ပြောလိုက်သည်။

တခြားသူတွေအတွက် နှစ်သိမ့်စကားတစ်ခွန်းဟု ထင်ရသော်လည်း စူစူလေးကို လုကျန်းယွီ ကတိပေးလိုက်ခြင်း ဖြစ်ပါသည်။

“အွန်း!” စူစူလေးက ယုံကြည်ချက်အပြည့်ဖြင့် ပြုံးပြလိုက်သည်။

ကလေးနှစ်ယောက် ပျော်ရွှင်နေကြတာကိုကြည့်ပြီး သခင်ကြီးလုတို့အားလုံးလည်း အပြုံးပန်းများ ဝေဆာသွားကြတော့သည်။

--- --- ---

ချူးယန်ရှီတစ်ယောက် သူမရဲ့ အကြံအစည် အောင်မြင်မှုကြောင့် ဂုဏ်ယူဝံ့ကြွားမဆုံးဖြစ်နေသည်။

ချင်းမိသားစု၏ စီးပွားရေးအတော်လေး ထိခိုက်သွားပြီဖြစ်ပြီး ချင်းစူစူကိုလည်း ကျောင်းထုတ်လိုက်ကြပြီ။

အားလုံး သူမ မျှော်လင့်ထားသည့်အတိုင်း ဖြစ်လာပါပြီ။

ထိုလူပြောတာ မှန်ကန်သည်။ တချို့ကိစ္စတွေက သူမ ကိုယ်တိုင်လုပ်ဖို့ မလိုအပ်ပါ။ အခုဆို မိဘတွေအားလုံးက ချင်းစူစူကို ကြောက်လန့်နေကြလေပြီ။

ဧကန္တ ဒီကိစ္စ ပိုမိုကြီးမားလာပါက ချင်းမိသားစုတစ်စုလုံးကိုပါ ထိခိုက်လာနိုင်လောက်သည်။

ချူးယန်ရှီ အိမ်ပြန်ရောက်ပြီး အွန်လိုင်းပေါ်က သတင်းတွေကို ကြည့်ဖို့ ကွန်ပျူတာဖွင့်ရန် ပြင်လိုက်သည်။

သူမက ငယ်လွန်းသဖြင့် ကိုယ်ပိုင်ဖုန်းမရှိဘဲ ကျောင်းချိန်အတွင်း အွန်လိုင်းပေါ်က သတင်းတွေကို ဘာမှ မကြားသိခဲ့ရပါ။

ချူးယန်ရှီ ကျောပိုးအိတ်ကို ချလိုက်စဉ်မှာပင် ဧည့်ခန်းထဲက ဆိုဖာပေါ် လှဲလျောင်းပြီး သောင်းကျန်းနေသည့် ချူးဟမ့်ကို မြင်လိုက်ရပါသည်။

ဒီနေ့မနက်က ချူးဟမ့် ဆေးရုံမှ ဆင်းခဲ့ရပြီး အိမ်မှာ အနားယူနေတာဖြစ်သည်။

“ဖေကြီး ဘာဖြစ်လို့လဲ”။ ချူးယန်ရှီ ချိုမြိန်သော ကလေးအသံလေးဖြင့် မေးလိုက်သည်။

“ရှောင်းရှီ အဲ့ဒီ သခင်ကြီးလု ဘာမှ မသိခဲ့ဘူး!”။ ချူးဟမ့် ဒေါသတကြီး ပြောလိုက်သည်။

“ဖေကြီး ဘာတွေပြောနေတာလဲ”။ ချူးယန်ရှီ နားမလည်နိုင်ဘဲ ထပ်မေးလိုက်ပါသည်။

… … …

အခန်း(၆၇၉) ကိုယ့်သေတွင်းကိုယ် တူးခြင်း (၂)

“အဲ့ဒီ အဘိုးကြီးက အဖြစ်မှန်ကို မသိခဲ့ဘူးလို့! လွန်ခဲ့တဲ့ ၂ ရက်က သူ အော်ဒါတွေကို ယာယီ ရွှေ့ဆိုင်းရုံပဲ လုပ်ခဲ့တာ! အသုံးမကျတဲ့ ငါ့လက်ထောက်က သောက်တလွဲလုပ်ခဲ့မိတာ!”။ ချူးဟမ့် ရှင်းပြလိုက်သည်။

ချူးယန်ရှီ မျက်လုံးများ ပြူးကျယ်သွားသည်။

ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ…။

“ဒါ… ဒါဆို…”

“အခုတော့ အော်ဒါတွေ တကယ် ဖျက်သိမ်းခံလိုက်ရပြီး! သောက်ရူးတစ်ကောင်က အဲ့ဒီ ဗီဒီယိုကို အွန်လိုင်းပေါ် တင်လိုက်လို့ ဒီလိုဖြစ်ရတာ! လခွီးပဲ ခွေးမသား!”။ ချူးဟမ့် ဒေါသအလွန်ထွက်နေပါသည်။

ချူးဟမ့် အလွန်တုန်လှုပ်သွားခဲ့၏။ အချိန်အတော်ကြာသည်အထိ စကားမပြောနိုင်ခဲ့ပေ။

သခင်ကြီးကုက အဖြစ်မှန်ကို မသိခဲ့ဘူးဟုတ်လား။

ဗီဒီယိုကိုကြည့်ပြီးမှ အဖြစ်မှန်ကို သိသွားခဲ့တာ ဟုတ်လား။

ဒါဆို သူ့သေတွင်းသူ တူးလိုက်မိတာလား…။

မဖြစ်နိုင်ဘူး… မဖြစ်နိုင်ပါဘူး…

“ဖေကြီးတစ်ခုခု မှားနေတာများလား”

“မမှားဘူး! အဲ့ဒီအဘိုးကြီး ဒီနေ့ ငါ့ဆီ လူလွှတ်ပြီး အကြောင်းကြားခိုင်းလိုက်တ်ယ်!”။

လက်တစ်ကမ်းအလိုရောက်မှ အခွင့်အရေးကို ဆုံးရှုံးလိုက်ရသည့်ခံစားချက်ကြောင့် သူ့ခန္ဓာကိုယ်တစ်ခုလုံး နာကျင် ကိုက်ခဲသွားသည်။ အထူးသဖြင့် ချင်းယုကျီး ထိုးကြိတ်သွားသည့် ဒဏ်ရာများကြောင့် ပိုနာကျင်ရသည်။

ချူးယန်ရှီ ကြက်သေသေသွားခဲ့သည်။

ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ…။ သူမ တကယ်ကြီး ကိုယ့်သေတွင်းကိုယ် တူးမိတာပဲ!

ချူးဟမ့်ကတော့ ကျိန်ဆဲနေဆဲဖြစ်သည်။ “ဗီဒီယိုတင်တဲ့ ခွေးမသား! တွေ့ရင် အသေသတ်ပစ်မယ်!”

သူ့ရှေ့မှာ သမီးဖြစ်သူရှိနေလည်း ချူးဟမ့် ဂရုမစိုက်တော့ဘဲ ရုန့်ရင်းကြမ်းတမ်းစွာ ဆဲဆိုပစ်လိုက်ပါသည်။

ချူးယန်ရှီတစ်ယောက် စိတ်ထဲမှာ ကိုယ့်ကိုယ်ကို နှစ်သိမ့်ပေးဖို့ ကြိုးစားနေသည်။

ရပါတယ်… အဘိုးကြီးရဲ့ အထောက်အပံ့ကို ဆုံးရှုံးလိုက်ရတယ် ဆိုမေယ့် အနည်းဆုံးတော့ ချင်းစူစူကို ရှင်းထုတ်နိုင်ခဲ့တာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် တန်ပါတယ်။

သခင်ကြီးကု၏ အထောက်အပံ့ကို ဆုံးရှုံးလိုက်ရသည့် ဒဏ်ရာအား သက်သာစေဖို့အတွက် အွန်လိုင်းပေါ်တက်ပြီး ချင်းစူစူ၏ အခြေအနေကို စစ်ဆေးကြည့်ဖို့ ချူးယန်ရှီ ဆုံးဖြတ်လိုက်ပါသည်။

ထို့ကြောင့် ဧည့်ခန်းထဲ သောင်းကျန်း ဆဲဆိုနေသည့် ချူးဟမ့်ကို လျစ်လျူရှုခဲ့ပြီး သူမအခန်းထဲ ပြန်ဝင်လာခဲ့ကာ စာအုပ်စင်နောက်တွင် ဖွက်ထားသည့် လက်ပ်တော့ကို ထုတ်လိုက်ပါသည်။

ပါဝါဖွင့်လိုက်ပြီး နောက်ဆုံးရသတင်းတွေကို ဖတ်ဖို့ ပြင်လိုက်သည်။

ရလဒ်များက သူမကို စိတ်သက်သာရာ မရစေသည့်အပြင် သွေးပါတက်သွားစေသည်။

စူစူလေးနဲ့ ပတ်သတ်သည့် ဗီဒီယို ရေပန်းစားမှုက ကျဆင်းသွားပါပြီ။ ထိုအကြောင်းအရာကိုလည်း ဘယ်သူမှ စိတ်မဝင်စားကြတော့ပါ။

သက်ဆိုင်ရာအကြောင်းအရာကို ရှာဖွေကြည့်ပြန်တော့လည်း ၃ နှစ်အရွယ် ကလေးလေး တစ်ယောက်ကို အသုံးချပြီး မားကတ်တင်း အကောင့်များမှ ဗီဒီယိုအတု ဖန်တီးထားသည်ဟူသော သတင်းတွေသာ မြင်ရပါသည်။

ဘာကို ဗီဒီယိုအတုလဲ…

အစစ်မှန်း ဒီလောက် သိသာနေတာကို!

ဘယ်ငတုံးက အတုလို့ ပြောရဲတာလဲ!

ဗီဒီယိုကို အတုဟု ပြောဆိုထားသည့် သတင်းဆောင်းပါးများကို ချူးယန်ရှီ အမြန်ဖတ်ကြည့်လိုက်သည်။ သူမ နားမလည်သည့် ဗီဒီယို မွမ်းမံခြင်း နည်းလမ်းများကို ရေးသားဖော်ပြထားခြင်းဖြစ်သည်။

ထို့ကြောင့် ချူးယန်ရှီ အကြီးအကျယ် ခေါင်းကိုက်သွားခဲ့ရ၏။

အရင်ဘဝတုန်းက အသက် ၂၀ ကျော်အထိ နေထိုင်ခဲ့ရသော်လည်း ချူးယန်ရှီ ပညာကောင်းကောင်း မသင်ခဲ့ပါ။ ထို့ကြောင့် ဒီလို နည်းပညာအချက်အလက်တွေကို ဘာမှ နားမလည်နိုင်ပေ။

ကောမန့်တွေကို ဖတ်ကြည့်ပြန်တော့လည်း Netizen များစွာက ထိုသတင်းဆောင်းပါးများကို ယုံကြည်နေကြမှန်း မြင်လိုက်ရသဖြင့် ဒေါသပိုထွက်ခဲ့ရသည်။

ငတုံးတွေ! အမှန်တရားကို ဒီလောက်ချပြထားတာတောင် မယုံကြည်ကြဘူး! ဒီမဟုတ်တဲ့ သတင်းဆောင်းပါးတွေကျတော့ ယုံကြည်ကြတယ်! ဦးနှောက်မရှိကြဘူးလား!

ဗီဒီယိုက အစစ်အမှန်ဖြစ်ကြောင်းနဲ့ သတင်းတွေကသာ အတုအယောင်ဖြစ်ကြောင်း ချူးယန်ရှီ ကောမန့်တွေ အများကြီး ရေးခဲ့သည်။

သို့သော်လည်း သူမရဲ့ ကောမန့်များက တခြားကောမန့်ပေါင်း သောင်းချီအောက်မှာ နစ်မြုပ်သွားခဲ့ပြီး ဘာအာနိသင်မှ မရှိခဲ့ပါ။

ချူးယန်ရှီ ကြမ်းပြင်ပေါ်မှာထိုင်လျက်သားကျသွားပြီး ဖန်သားပြင်ကို မှင်သက်စွာ စိုက်ကြည့်နေမိသည်။

အချိန်အတန်ကြာမှ ဖြည်းညှင်းစွာ ပြန်ထလာခဲ့၏။

ဗီဒီယိုကို အတုလို့ သတ်မှတ်လိုက်ရင် သခင်ကြီးကုက သူမကို ပြန်ယုံကြည်မှာလား။

နှစ်ဖက်စလုံးမှာ သူမ ရှုံးနိမ့်သွားပြီး ကြိုးစားအားထုတ်မှုတွေအားလုံး သဲထဲရေသွန်ဖြစ်သွားပြီဟု ချူးယန်ရှီ လက်မခံချင်သေးပါ။

ဗီဒီယီုက အတုဖြစ်ကြောင်း သတင်းတွေ တက်လာပြီးနောက် သခင်ကြီးကု၏ အကူအညီကို ပြန်လည်ရယူနိုင်ဖို့ မျှော်လင့်မိသည်။

ထို့ကြောင့် ယခင်တုန်းက သခင်ကြီးကု ပေးထားသည့် ဖုန်းနံပါတ်အား ချူးယန်ရှီ မဝံ့မရဲ ခေါ်ဆိုလိုက်လေသည်…။

… … …

အခန်း(၆၈၀) ချင်းမိသားစု ရူးနေတာလား

ဖုန်းဝင်သွားတာနဲ့ ဘာတွေပြောရမလဲဆိုတာ ချူးယန်ရှီ ကြိုတင်စဉ်းစားထားပြီးပါပြီ။

သခင်ကြီးကုက ဘယ်လိုသဘောထားမျိုးပဲ ရှိပါစေ ကလေးတစ်ယောက်ရဲ့ ဖြူစင်မှုကို အသုံးချပြီး ချူးယန်ရှီ ပြန်တောင်းပန်နိုင်သည်။

သူမ လိမ်ညာခဲ့သည်ဟု ဆရာကြီးကုက စွပ်စွဲရင်တောင် သူမနှုတ်မှ သူ့ကို ကယ်တင်ခဲ့သည်ဟု တစ်ခါမှ ဝန်မခံခဲ့ဖူးကြောင်း ပြန်ပြောလိုက်မည်။

“လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ မအားသေးပါရှင်…”

မအားသေးပါဟုသာ ဆိုပြီး ဖုန်းဝင်မသွားခဲ့ပါ။

ချူးယန်ရှီ လက်မလျှော့သေးဘဲ ၁၅ မိနစ်ခန့် ကြာပြီးနောက် ဒုတိယအကြိမ် ထပ်ခေါ်လိုက်သည်။

“လူကြီးမင်း ခေါ်ဆိုသော တယ်လီဖုန်းမှာ မအားသေးပါရှင်…”

ချူးယန်ရှီ မယုံကြည်နိုင်သေးပါ။ နောက်ထပ် နာရီဝက်ခန့် ထပ်စောင့်ပြီး တတိယအကြိမ် ထပ်ခေါ်ဆိုလိုက်သည်။

“လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ မအားသေးပါရှင်…”

ဒီတစ်ခါတော့ ချူးယန်ရှီ မျက်နှာ အရောင်မဲ့သွားလေပြီ။

ဒါဘာကို ဆိုလိုသလဲ သူမ ကောင်းကောင်း သိပါသည်။ တကယ် မအားသေးတာမဟုတ်ဘဲ တစ်ဖက်လူမှ သူမဖုန်းကို ဘလော့ထားခြင်းကြောင့်သာ ဖြစ်သည်။

သခင်ကြီးကုက သူမကို ရှင်းပြခွင့်တောင် မပေးတော့ပါ။

--- --- ---

ချင်းမိသားစုက စီစဉ်ထားသမျှကို အလျှင်အမြန်ပဲ လှုပ်ရှားခဲ့သည်။ ကိုယ်ပိုင်ကျောင်း တည်ဆောက်မည်ဟု ဆုံးဖြတ်ပြီးနောက် စူစူလေးကို တည်ဆောက်မည့် နေရာသို့ လိုက်ပို့ပေးခဲ့သည်။ ထို့နောက် အဘိုးချင်းတို့ လင်မယားက မြေနေရာဝယ်ယူဖို့ကို ချင်းယုဟွိုင်းအား တာဝန်ပေးလိုက်ပါသည်။

ထိုနယ်မြေက စွန့်ပစ်ခံထားရတာ ကြာပြီဖြစ်သဖြင့် ဝယ်ယူရတာ အလွန်လွယ်ကူပါသည်။

ဆောက်လက်စ အဆောက်အဦးအားလုံးကို ဈေးနည်းနည်းနဲ့ ချင်းယုဟွိုင်း ရယူနိုင်ခဲ့သည်။ ရှော့ပင်းမောများ ရုံးအဆောက်အဦးများကိုလည်း ချက်ချင်း ရှင်းလင်းခဲ့၏။

ဒီလို အကြီးအကျယ် လှုပ်ရှားမှုကြောင့် ဟွာချန့်မြို့ရှိ စီးပွားရေးအသိုင်းအဝိုင်း၏ အာရုံစိုက်မှုကို ခံလာရသည်။

ချင်းမိသားစု ရူးများနေတာလား။

ဟွာချန့်မြို့၏ အနောက်မြောက်ပိုင်းဒေသရှိ အဆောက်အဦးတွေကို စွန့်ပစ်ထားခဲ့တာ ဆယ်စုနှစ်တစ်ခုကျော် ကြာခဲ့ပြီ ဖြစ်သည်။ အစိုးရက စီမံကိန်းရေးဆွဲဖို့ ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

အခု ချင်းမိသားစုက အဲ့လိုနေရာမျိုးမှာ ဒီလောက်များတဲ့ ငွေတွေ ဘာလို့ ရင်းနှီးမြှုပ်နှံနေရတာလဲ။

ဒါမှမဟုတ် မကြာသေးခင်က အဖြစ်အပျက်တွေကြောင့် သူတို့ ကြံရာမရဖြစ်နေကြတာလား။

ပြီးတော့ ချင်းမိသားစုစီးပွားရေးက ကပ်ဆိုက်နေတာကော မဟုတ်ဘူးလား။ ဒီလောက်ငွေတွေ အများကြီး ဘယ်ကနေ ရလာကြတာလဲ။

ဧကန္တ သခင်ကြီးချင်းတို့ လင်မယားရဲ့ ပိုင်ဆိုင်မှုတွေလား။ ဒါပေမယ့် သူတို့မှာ အဲ့လောက်အများကြီး တကယ်ရှိပါ့မလား။

တကယ်ရှိနေရင်လည်း လက်ရှိ ချင်းမိသားစု စီးပွားရေး အခက်ကြုံနေတာကို အရင်ဖြေရှင်းလိုက်တာက ပိုမကောင်းဘူးလား။

ထို့နောက် ချင်းမိသားစု မြေတွေ၊ အဆောက်အဦးတွေ ဝယ်ယူရခြင်း အကြောင်းအရင်းက ကိုယ်ပိုင်ကျောင်းတစ်ခု တည်ဆောက်ဖို့ ဖြစ်ကြောင်း အားလုံး သိခဲ့ရသည်။ အားလုံးက သခင်မလေး ချင်းစူစူ ကောင်းကောင်းမွန်မွန် ပညာသင်နိုင်စေဖို့သာ ဖြစ်သည်။

ချင်းမိသားစုရဲ့ လုပ်ရပ်တွေကို ဟွာချန့်မြို့ကလူတွေ နားမလည်နိုင်ကြတော့ပါ။

အသေးအဖွဲကိစ္စလေးတစ်ခုကြောင့် ဒီလောက်တောင် ဝရုန်းသုန်းကာ ဖြစ်နေကြတာလား။

ပြဿနာကို ဖြေရှင်းပြီး ချင်းစူစူကို အရင်ကျောင်းမှာပဲ ပြန်တက်ခိုင်းလိုက်တာ ပိုမလွယ်ဘူးလား။

ဘာလို့ ဒီလောက်ထိ လုပ်ရတာလဲ။

ချင်းမိသားစုနဲ့ တရင်းတနှီးရှိသူတွေက အကြံပေးကြသည်။

သို့သော်လည်း ချင်းမိသားစု၏ အဖြေကတော့ မပြောင်းလဲပါ။ သူတို့ အကျိုးအမြတ်ကို ဂရုမစိုက်ဘဲ သူတို့ရဲ့ ဒေါ်လေးကို ပျော်စေချင်ရုံသာ ဖြစ်သည်ဟု ဆိုသည်။

ချင်းမိသားစု တကယ်ကြီး ရူးသွပ်သွားပြီဟု အားလုံးထင်ခဲ့ကြသည်။

ချင်းစူစူက ချင်းမိသားစု၏ တစ်ဦးတည်းသော သမီးမိန်းကလေးဖြစ်သော်လည်း အလိုလိုက်တာက ကမ်းကုန်လွန်းပါသည်။

ဒီလောက် ငွေတွေ အများကြီးနဲ့ စွန့်ပစ်ခံထားရတဲ့ အဆောက်အဦးတွေ ဝယ်မယ့်အစား တခြားတစ်ခုခု လုပ်လိုက်တာက ပိုမကောင်းဘူးလား။

ဟုံဖုန်းမူကြို ကျောင်းအုပ်ကြီးလည်း ချင်းမိသားစု ကျောင်းဆောက်မည်ဟူသည့် သတင်းကို ကြားသွားပြီး စိတ်ဖိစီးသွားသည်။

အွန်လိုင်းပေါ်က အခြေအနေတွေ အားလုံး တည်ငြိမ်သွားတာကို သူလည်း မြင်ပါသည်။

ကျောင်းသားမိဘ ကော်မတီကလည်း စူစူလေးကို ဟုံဖုန်းမူကြိုမှာပဲ တခြားကလေးတွေနဲ့ အတူတူ ပညာဆက်သင်ခွင့်ပေးဖို့ သဘောတူလိုက်ကြသည်။

သို့သော်လည်း အခုတော့ ချင်းမိသားစုက ကိုယ်ပိုင်ကျောင်း တည်ဆောက်ဖို့ စီစဉ်နေကြလေပြီ။

ထို့ကြောင့် ကျောင်းအုပ်ကြီးလည်း ချင်းမိသားစုထံ အမြန် သွားလည်ရပြန်ပါသည်။

အဘိုးချင်းကို မြင်တာနဲ့တစ်ပြိုင်နက် ကျောင်းအုပ်ကြီး အပြုံးကျယ်ကျယ်ဖြင့် သတင်းကောင်းပါးလိုက်သည်။ “သခင်ကြီးချင်း၊ ကျွန်တော် သတင်းကောင်းပါးစရာ ရှိလို့ လာခဲ့တာပါ။ အွန်လိုင်းပေါ်က ဗီဒီယိုက အတုကြီးလို့ ကျောင်းသားမိဘတွေ အားလုံး ကြားပြီးကြပါပြီ။ စူစူလေးက နည်းနည်း သန်မာပေမယ့် သူတို့ထင်ထားသလို မဟုတ်ဘူး။ အဲ့တာကြောင့် သူတို့အားလုံး စူစူလေးကို ကျောင်းပြန်တက်ခွင့် ပြုလိုက်ပါပြီ”။

… … …

All Chapters