← Chapters

အခန်း (၆၈၁-၆၈၅)

Vol. 28 Ch. 681-685

အခန်း (၆၈၁-၆၈၅)

Vol. 28 Ch. 681-685

အခန်း(၆၈၁) သဲထဲရေသွန်

“အင်း ကျုပ်သိပါတယ်”။ အဘိုးချင်းက တည်တည်ငြိမ်ငြိမ်ပဲ ပြန်ပြောလိုက်ပါသည်။

သူ့မျက်နှာက ခံစားချက်မဲ့နေသဖြင့် သူ့စိတ်ကို ကျောင်းအုပ်ကြီး ခန့်မှန်းရခက်နေပါသည်။

ထို့ကြောင့် နှလုံးခုန်သံတွေ မြန်ဆန်လာပြီး စိတ်ပူသွားမိ၏။

သခင်ကြီးချင်းသာ စူစူလေးကို သူတို့ မူကြိုမှာ တက်ခွင့်မပေးတော့ဘဲ သူတို့ပြိုင်ဘက်အဖြစ် မူကြိုကျောင်းအသစ် ဆောက်လိုက်ရင် ဘယ်လိုလုပ်မလဲ။

“သခင်ကြီးချင်း စူစူလေးကို ဘယ်တော့ ကျောင်းပြန်ထားဖို့ စီစဉ်ထားလဲ”။ ကျောင်းအုပ်ကြီးက မဝံ့မရဲ မေးလိုက်ပါသည်။

“မလောပါနဲ့။ သမီးလေး ကျောင်းတက်ဖို့ကို ခဏ ရွှေ့ဆိုင်းထားလို့ရပါတယ်” အဘိုးချင်းက ပြန်ပြောလိုက်သည်။

ဒါကိုကြားတော့ ကျောင်းအုပ်ကြီး ပိုစိတ်ဖိစီးသွားသည်။

“သခင်ကြီးချင်း ကျွန်တော့်ကို စိတ်ဆိုးနေတာလား”။

အဘိုးချင်း ဘာမှ ပြန်မပြောနိုင်ခင် ကျောင်းအုပ်ကြီးက စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်ပါသည်။ “ကျွန်တော့် အခက်အခဲတွေကိုလည်း နားလည်ပေးသင့်ပါတယ်။ ကျောင်းသားမိဘတွေ အားလုံးက တစည်းတလုံးတည်း အဲ့လို ပြောကြတော့ ကျွန်တော့်မှာလည်း ရွေးချယ်စရာမရှိခဲ့ဘူးလေ။ လူအများရဲ့ သဘောထားကို ကျွန်တော် ဦးစားပေးခဲ့ရတာပါ”

“ကျောင်းအုပ်ကြီး ကျုပ်ဆိုလိုရင်းကို နားလည်မှုလွဲနေပြီထင်တယ်”

အဘိုးချင်း စကားမဆုံးသေးခင် ကျောင်းအုပ်ကြီးက အမြန်ပြောလိုက်သည်။ “သခင်ကြီးချင်း အခု မြေတွေ ဝယ်ပြီး ကျောင်းဆောက်ဖို့ စီစဉ်နေတာ ကျွန်တော်သိတယ်။ သခင်ကြီးရဲ့ ရင်းနှီးမြှုပ်နှံမှုကို ကျွန်တော် မေးခွန်းထုတ်ခွင့် မရှိဘူး ဆိုပေမယ့် အရင်အဖြစ်အပျက်က ဒီတိုင်း နားလည်မှုလွဲခဲ့ရုံပါပဲ။ ကျောင်းသားမိဘတွေကလည်း မကောင်းတဲ့ ရည်ရွယ်ချက် မရှိဘူး။ အခု ပြဿနာတွေ ပြေလည်သွားပြီဆိုတော့ စူစူလေး ကျောင်းပြန်တက်လို့ရပါပြီ။ ကျွန်တော်တို့ ကျောင်းကို အခွင့်အရေးလေး နောက်တစ်ခါလောက် ပေးသင့်ပါတယ်”

“ကျောင်းကို ကျုပ်အခွင့်အရေး မပေးဘူးလို့ မပြောမိပါဘူး”။ အဘိုးချင်းက ဆိုသည်။

“အခွင့်အရေးပေးမယ်ဆိုရင် စူစူလေးကို ကျွန်တော်တို့ ဟုံဖုန်းမူကြိုဆီပဲ ပို့ပေးပါ။ ကျွန်တော်တို့ ကျောင်းရဲ့ ပညာရေး စံနှုန်းက အမြဲတမ်း မြင့်မားခဲ့တာ။ ဆရာဆရာမတွေကလည်း သင်ကြားမှုကောင်းပြီး တာဝန်သိတတ်တယ်။ ပြီးတော့ မကြာသေးခင်ကမှ ပညာအရည်အသွေးမြင့်တဲ့ ဆရာ ဆရာမအသစ်တွေ ထပ်ခန့်ထားသေးတယ်”။ ကျောင်းအုပ်ကြီးက သူ့ကျောင်းကို ပရိုမိုးရှင်း ဆင်းလိုက်လေသည်။

“စူစူလေးကို တခြားမူကြိုပို့မယ်လို့ ကျုပ်မပြောမိပါဘူး”။ အဘိုးချင်း ပြောလိုက်သည်။

“သခင်ကြီးချင်း အဲ့တာဆို…”

“ကျောင်းတွေဆောက်ဖို့ မြေတွေ ဝယ်ထားတာ ဟုတ်ပါတယ်။ ဒါပေမယ့် မူကြိုတော့ မပါဘူး။ ကျုပ် အခုချက်ချင်း ဆောက်မယ်ဆိုရင်တောင် အနည်းဆုံး ခြောက်လ တစ်နှစ်လောက်တော့ ကြာဦးမှာပဲ။ ကျုပ်သမီးလေးက အဲ့အချိန်ထိ စောင့်နေရမှာလား”

“ဟုတ်တယ် ဟုတ်တယ် စူစူလေး စောင့်နေလို့ မဖြစ်ဘူး”။ ကျောင်းအုပ်ကြီး အမြန်ထောက်ခံလိုက်သည်။

“ပြီးတော့ ကျုပ်သမီးလေးက လက်ရှိအတန်းထဲက ကျောင်းသားတွေနဲ့ သူငယ်ချင်းဖြစ်နေပြီ။ အဖေဖြစ်တဲ့ ကျုပ်က မလိုအပ်ဘဲ သူတို့ကို ခွဲပါ့မလား”။ အဘိုးချင်း ပြန်မေးလိုက်ပါသည်။

“ဟုတ်ပါတယ် ဟုတ်ပါတယ်! သခင်ကြီးချင်းပြောတာ မှန်ပါတယ်! ကလေးတွေ သူငယ်ချင်းဖြစ်ဖို့ဆိုတာ မလွယ်ဘူး။ ဒီလိုအချိန်ရောက်မှ ခွဲလိုက်တာက မသင့်တော်ဘူးလေ နော်!”။ ကျောင်းအုပ်ကြီး သံယောင်လိုက်ကာ ပြောလိုက်သည်။

“ခင်ဗျား ပြန်လို့ရပါပြီ။ နောက်ထပ် ၂ ရက်လောက် နားပြီးရင် ကျုပ်သမီးလည်း ကျောင်းပြန်တက်လိမ့်မယ်”

“ကောင်းပါပြီဗျာ။ အဲ့တာဆို ကျွန်တော်လည်း စိတ်အေးရပါပြီ”။

နောက်ဆုံးတော့ ကျောင်းအုပ်ကြီး အသက်ဝဝ ရှူနိုင်ခဲ့ပါပြီ။

--- --- ---

ဟွာချန်းမြို့ အနောက်မြောက်ဘက်ရှိ ဆောက်လက်စ အဆောက်အဦးများကို ချင်းမိသားစုက ဝယ်ယူလိုက်သည်ဟူသော သတင်းအား ချူးဟမ့်မှ တဆင့်ကြားပြီးနောက် ချူးယန်ရှီ ကြက်သေသေသွားပြီး ဟက်ဟက်ပက်ပက် ရယ်မောမိလေသည်။

ပြန်လည်မွေးဖွားလာသူ ဖြစ်သဖြင့် အနာဂတ်မှာ ထိုနယ်မြေ ဘယ်လိုဖြစ်လာမလဲဆိုတာ သူမ ကောင်းကောင်း သိနေပါသည်။

သူမ ဆယ်ကျော်သက်အရွယ် ရောက်သွားတာတောင် ထိုနယ်မြေကြီးက မြို့သေကြီးတစ်မြို့ကလွဲပြီး ဘာမှ ဖြစ်မလာခဲ့ပါ။

ထိုနယ်မြေမှာ ငွေတွေ ရင်းနှီးမြှုပ်နှံခြင်းက ရူးမိုက်ခြင်းသာ ဖြစ်သည်။

ထိုနယ်မြေကို ပြန်လည်တည်ထောင်ဖို့အတွက် လိုအပ်သည့် ငွေပမာဏက အလွန်များပြားလိမ့်မည်။ အစိုးရကတောင် မစီမံနိုင်ခဲ့တာကို ချင်းမိသားစုလို ပြည်သူတွေက ကြိုးစားနိုင်မှာတဲ့လား။

ချူးယန်ရှီ ချက်ချင်း စိတ်ရွှင်သွားခဲ့လေသည်။

… … …

အခန်း(၆၈၂) ရင်းနှီးမြှုပ်နှံသူတွေ ရောက်ရှိလာခြင်း (၁)

ထို့နောက် ချူးဟမ့်၏ လက်ရှိ လုပ်ငန်းအခြေအနေများကို ချူးယန်ရှီ မေးမြန်းကြည့်လိုက်သည်။

ချူးဟမ့်၏ လုပ်ငန်းများက အတော်လေး အဆင်ပြေနေသည်ဟု ဆိုနိုင်သည်။ ချင်းမိသားစုနှင့် လက်တွဲခဲ့ဖူးသော လုပ်ငန်းရှင်တွေကိုတောင် သူတို့ဘက်ရောက်လာအောင် ဆွဲခေါ်နိုင်ခဲ့သည်။

ကျန်းရှင်းနဲ့ လက်တွဲဖို့ကို အတည်ပြုပြီးသွားပြီဖြစ်ကာ မန်နေဂျာလီ ပြန်ရောက်လာပြီး သူတို့နဲ့ စာချုပ်ချုပ်ဖို့သာ လိုအပ်ပါတော့သည်။

သနားစရာ ချင်းမိသားစုကတော့ ဘာမှမသိလောက်ဘူး! ကျန်းရှင်းက သူတို့အတွက် စာချုပ်အသစ် ချုပ်ပေးလိမ့်မယ်လို့ ထင်ပြီး မန်နေဂျာလီ ပြန်ရောက်လာမှာကို စောင့်နေကြတုန်းပဲထင်တယ်!

သနားစရာကောင်းလိုက်ကြတာ!

အားလုံးက ကောင်းကင်ဘုံရဲ့ အလိုတော်အတိုင်းပဲ! ချင်းမိသားစုသာ ကျန်းရှင်းနဲ့ ချုပ်မယ့် စာချုပ်ကို မဖျက်စီးခဲ့မိရင် ကျန်းရှင်း သူတို့ဆီ ရောက်လာမှာ မဟုတ်ဘူး။

ဘုရားသခင်က ကူညီပေးနေတာပဲ!

--- --- ---

မြေတွေ အဆောက်အဦးတွေကို ဝယ်ယူပြီးနောက် အဘိုးချင်းနဲ့ အဘွားချင်းတို့နှစ်ယောက် အရင်တုန်းက အဆက်အသွယ်ဟောင်းတွေကို ပြန်လည်ဆက်သွယ်ခဲ့ပြီး ပညာရေးနယ်ပယ်ထဲ တရားဝင်ခြေချခဲ့ပါသည်။

အစကတော့ ခက်ခဲလိမ့်မည်ဟု အဘိုးချင်းတို့ ထင်ထားခဲ့ကြပြီး စိတ်ကို ကြိုတင်ပြင်ဆင်ထားခဲ့ကြသည်။

သို့သော် အံ့အားသင့်ဖို့ကောင်းလောက်အောင် အရာရာ ချောချောမွေ့မွေ့နဲ့ ပြိးဆုံးသွားခဲ့လေသည်။ လွယ်ကူလွန်းသဖြင့် အဘိုးချင်းတို့ ယုံရခက်နေကြပါသည်။

ထိုအချိန်တွင် သခင်ကြီးကု ပြန်ရောက်လာပြန်သည်။

ဒီတစ်ခါတော့ ကျေးဇူးပြန်ဆပ်ဖို့ သို့မဟုတ် မိတ်ဆွေဖွဲ့ဖို့လာခဲ့တာ မဟုတ်ပါ။ အဘိုးချင်းတို့ လင်မယားနှစ်ယောက်၏ ပညာရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမည်ဟု ချက်ချင်း ကြေညာခဲ့ပါသည်။

“သခင်ကြီးကု ပေါက်ကရတွေ မပြောပါနဲ့။ အရင်တစ်ခေါက်က ကျုပ်ပြောထားတာ မရှင်းသေးဘူးလား”။ အဘိုးချင်း စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်ပါသည်။

“ဘယ်သူက ပေါက်ကရပြောနေလို့လဲ။ ကျုပ်အတည်ပြောနေတာ! ကျုပ်တကယ် ရှယ်ယာဝင်ဖို့ ရောက်လာခဲ့တာ။ ငွေကော ရင်းမြစ်တွေကော ရင်းနှီးမြှုပ်နှံပေးမှာ။ ခင်ဗျားတို့ ငြင်းစရာ ဘာအကြောင်းမှ မရှိဘူး”။ သခင်ကြီးကုက ယုံကြည်ချက် အပြည့်ဖြင့် ပြောလိုက်ပါသည်။

ဒီအဆင့်မှာ အဘိုးချင်းတို့ ဘာကို အလိုအပ်ဆုံးလဲဆိုတာ သခင်ကြီးကု ကောင်းကောင်းသိပါသည်။

မြေတွေနဲ့ ဆောက်လက်စ အဆောက်အဦးများကို သူတို့ ဝယ်ယူပြီးပါပြီ။ သို့သော် နောက်ဆက်တွဲ လုပ်ရမည့် အလုပ်များက အလွန်များပြားပြီး ကဏ္ဍပေါင်းစုံမှာ တခြားသူတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ပါသည်။

သူ့လို အဆက်အသွယ်၊ ငွေကြေး၊ ရင်းမြစ် အစစအရာရာ ပြည့်စုံသည့်လူသာ ပြစ်ချက်မရှိသည့် ပါတနာကောင်း ဖြစ်နိုင်သည်။

စီးပွားရေး ရှုထောင့်မှ ကြည့်လျှင် အဘိုးချင်းတို့လင်မယား သူ့ကို ငြင်းဆန်စရာအကြောင်း မရှိပါ။

အဘိုးချင်းနဲ့ အဘွားချင်းတို့ အကြည့်ချင်း ဖလှယ်လိုက်ကြ၏။

ထို့နောက် အဘိုးချင်းက သခင်ကြီးကုကိုကြည့်ကာ ပြောလိုက်သည်။ “သခင်ကြီးကု သေချာစဉ်းစားနော်။ ရင်းနှီးမြှုပ်နှံမှုဆိုတာ စွန့်စားရတယ်။ စိတ်ထင်တိုင်း လုပ်လို့မရဘူး”

“ဒီလုပ်ငန်းသာ အောင်မြင်သွားရင် အကျိုးအမြတ်တွေ အများကြီးရမှာ ကျုပ်သိတယ်။ ခင်ဗျားတို့ရဲ့ အမြော်အမြင်ကို ကျုပ်ယုံကြည်တယ်။ ရင်းနှီးမြှုပ်နှံတဲ့နေရာမှာ အရေးကြီးဆုံးက လူကဲခတ်တတ်ဖို့ပဲ။ မှန်ကန်တဲ့ လူဆီမှာ ရင်းနှီးမြှုပ်နှံတာက မှန်ကန်တဲ့ ပရောဂျက်မှာ ရင်းနှီးမြှုပ်နှံတာထက် ပိုအရေးကြီးတယ်”။ သခင်ကြီးကု ခိုင်ခိုင်မာမာ ပြောဆိုလိုက်ပါသည်။

သခင်ကြီးကု ငယ်စဉ်ကလည်း ဒီနည်းလမ်းအတိုင်း ကျင့်သုံးခဲ့တာဖြစ်သည်။ သူနောက်ဆုံး ရင်းနှီးမြှုပ်နှံခဲ့သည့် အချိန်က လွန်ခဲ့သည့် ၁၈ နှစ်တုန်းက ဖြစ်သည်။

အဘိုးချင်းတို့ လင်မယား ဆုံးဖြတ်မှာကို စောင့်မနေတော့ဘဲ သခင်ကြီးကုက သူ့တပည့်တွေကို အချက်ပြလိုက်သည်။

ထို့နောက် အဘိုးချင်းတို့ လင်မယားရှေ့သို့ စာရွက်စာတမ်းများ ရောက်ရှိလာလေသည်။

“ကျုပ်အတည်ပြောနေတာကို ပြသဖို့ ညတွင်းချင်း လုပ်ငန်း ပလန်ဆွဲခဲ့တယ်။ စစ်ကြည့်လိုက်ပါဦး”။ သခင်ကြီးကုက ပြောလိုက်ပါသည်။

လုပ်ငန်းပလန်ကို ညတွင်းချင်း ရေးသားခဲ့တာ မှန်သော်လည်း သခင်ကြီးကု ဘာမှ လုပ်စရာ မလိုခဲ့ပါ။ တကယ်တမ်း အလုပ်လုပ်ခဲ့ရသူများက သူ့သားတွေရဲ့ တပည့်တွေသာ ဖြစ်ကြသည်။

သခင်ကြီးကုက ဒီလောက်ထိ ပြင်ဆင်ထားသဖြင့် အဘိုးချင်းနဲ့ အဘွားချင်းတို့လည်း ရွေးချယ်စရာ မရှိတော့ဘဲ လုပ်ငန်းပလန်များကို ယူလိုက်ပြီး သေချာ စစ်ဆေးကြည့်လိုက်တော့သည်။

… … …

အခန်း(၆၈၃) ရင်းနှီးမြှုပ်နှံသူတွေ ရောက်ရှိလာခြင်း (၂)

ဒီလုပ်ငန်းပလန်တွေကို အဘိုးချင်းတို့ အတော်လေး သဘောကျပြီး သူတို့ရဲ့ ကိုယ်ပိုင် ပလန်တွေနဲ့လည်း ကိုက်ညီမှု ရှိသည်ဟု ဆိုနိုင်ပါသည်။

အချိန်အတန်ကြာမှ အဘိုးချင်းက ပြန်ပြောလိုက်သည်။ “ဒီလိုလုပ်ပါလား သခင်ကြီးကု။ ကျုပ်ရဲ့ မြေးနဲ့ပဲ တရားဝင် ဆွေးနွေးလိုက်ပါ”

ဒါ သူတို့ လက်ခံလိုက်သည့် သဘောဖြစ်သည်။

သခင်ကြီးကု စိတ်ကျေနပ်စွာ ပြုံးလိုက်ပါသည်။ “ကောင်းပါပြီ ကောင်းပါပြီ။ ကျုပ်သားအငယ်ဆုံးကို ခင်ဗျားမြေးနဲ့ ဆွေးနွေးခိုင်းလိုက်ပါ့မယ်။ ဒီလက်တွဲမှုကို သူ့ကုမ္ပဏီက အဓိက ဆောင်ရွက်တာဆိုတော့လေ။ လိုအပ်တာ ရှိရင် သူ့ကို ပြောလို့ရတယ်။ သူ အသုံးမကျတာရှိရင်လည်း ကျုပ်ကိုပဲ လာပြောပါ ကျုပ်ဆုံးမလိုက်မယ်!”

သခင်ကြီးကုက ဘယ်အလုပ်မှ ကိုယ်တိုင် မလုပ်တတ်ပါ။ အကြံတစ်ခုရလာတိုင်း သူ့သားတွေကိုသာ နည်းလမ်းရှာခိုင်းခဲ့သည်။ သူ့သားတွေကလည်း သူ့ကို တစ်ခါမှ စိတ်မပျက်စေခဲ့ဖူးပါ။

သခင်ကြီးကုလည်း အဘိုးချင်းတို့လင်မယားနဲ့ စကားအနည်းငယ်ဆက်ပြောခဲ့သည်။ လက်ဘက်ရည် ၂ ခွက်လောက် ကုန်သွားမှ သခင်ကြီးကု ပျော်ပျော်ရွှင်ရွှင် ပြန်သွားလေတော့သည်။

သခင်ကြီးကု ပြန်သွားသဖြင့် အဘိုးချင်း သက်ပြင်းချနေစဉ် ဖုန်းသံ မြည်လာခဲ့လေသည်။

ဟွော်ချန်းယီက ဗီဒီယီုကော ခေါ်ဆိုနေခြင်း ဖြစ်နေပါသည်။ ခေတ္တ တွန့်ဆုတ်သွားပြီးနောက် အဘိုးချင်း ဖုန်းကိုင်လိုက်လေသည်။

“သခင်ကြီးချင်းနဲ့ သခင်မကြီးချင်းတို့ မတွေ့တာကြာပြီနော်”

“မတွေ့တာကြာပြီ မစ္စတာဟွော်။ ခင်ဗျားသားကိစ္စကြောင့် ဖုန်းဆက်လိုက်တာလား”။ အဘိုးချင်း မေးလိုက်သည်။

“သူ့ကြောင့် မဟုတ်ပါဘူး။ သခင်ကြီးချင်းတို့နဲ့ စီးပွားရေး ကိစ္စဆွေးနွေးစရာလေး ရှိလို့။ ဟွာချန့်မြို့ အနောက်မြောက်ပိုင်းမှာ မြေတွေ ဝယ်ထားတယ်လို့ ကြားမိတယ်” ဟွော်ချန်းယီ သွယ်ဝိုက်မနေဘဲ တဲ့တိုး ပြောလိုက်ပါသည်။

“ဟုတ်ပါတယ်”။ အဘိုးချင်းလည်း အမှန်တိုင်းပြောလိုက်သည်။ အလုပ်တွေ အမြဲတမ်းရှုပ်နေတတ်သည့် ဟွော်ချန်းယီတစ်ယောက် ဒီအကြောင်း ဘယ်လိုသိသွားတာလဲ အဘိုးချင်း မသေချာပါ။

“ကျွန်တော်လည်း တစ်စိတ်တစ်ဒေသက ပါဝင်လို့ရမလာား”။ ဟွော်ချန်းယီ တောင်းဆိုလိုက်သည်။

“မစ္စတာဟွော် အားနာဖို့ကောင်းပါတယ်”။ အဘိုးချင်း ဘယ်လို တုန့်ပြန်ရမလဲ မသိတော့ပါ။

ဟွော်ချန်းယီ ဘယ်လိုလူမျိုးလဲဆိုတာ သူကောင်းကောင်းသိပါသည် ဟွာချန့်မြို့ အနောက်မြောက်ဘက်ရှိ မြေကွက်ကို မဆိုဦးနဲ့၊ ဟွာချန့်တစ်မြို့လုံးကိုတောင် ဟွော်မိသားစုက စိတ်ဝင်စားမှာ မဟုတ်ပါ။

“အားနာစရာမလိုပါဘူး။ ကျွန်တော်က အကျိုးအမြတ်လိုချင်ရုံပါ။ သခင်ကြီးချင်းတို့က ရင်းနှီးမြှုပ်နှံမှု အမြော်အမြင် ရှိကြတယ်လေ။ ပြီးတော့ ဟွာချန့်မြို့ကလည်း အလားအလာကောင်းတယ်။ ဒီလို အလားအလာရှိတဲ့ ပရောဂျက်ကို ကျွန်တော် လက်လွှတ်လိုက်ရင် ကျွန်တော့်အရှုံးပဲ မဟုတ်လား။ ကျွန်တော်လည်း စီးပွားရေးသမားပါ။ ကျွန်တော့်ဆီ ရောက်သင့်တဲ့ အခွင့်အလမ်းတစ်ခု သူများလက်ထဲ ရောက်သွားမှာကို ဒီတိုင်းကြည့်နေမှာ မဟုတ်ဘူး”

ဟွော်ချန်းယီ၏ စကားက အဓိပ္ပာယ်ရှိပါသည်။ သူသာ သာမန် စီးပွားရေးသမားတစ်ယောက်ဆိုလျှင် အဘိုးချင်းတို့ ယုံကြည်မိလောက်သည်။

“မစ္စတဟွော်၊ ဟွာချန့်မြို့က ပရောဂျက်က ဟွော်မိသားစုအတွက် သင့်တော်တဲ့ ပရောဂျက် ဖြစ်မယ် မထင်ဘူးနော်”။ အဘိုးချင်းက ရှင်းပြသည်။

“ရင်းနှီးမြှုပ်နှံမှုဆိုတာ အရွယ်အစားနဲ့ မသက်ဆိုင်ပါဘူး။ အကျိုးအမြတ်ရတဲ့ ပရောဂျက်တိုင်းက ကောင်းမွန်တဲ့ ရင်းနှီးမြှုပ်နှံမှုလို့ သတ်မှတ်လို့ရတယ်။ ဟွော်မိသားစုရဲ့ စီပွားရေးက ဘယ်လောက်ပဲ ကျယ်ပြန့်ပါစေ တစ်ဆင့်ချင်း တည်ဆောက်ခဲ့တာဆိုတာကို မေ့လို့မရဘူး။ ခြေလှမ်းတစ်လှမ်းချင်း မလှမ်းဘဲ မိုင်တစ်ထောင်ထိ မရောက်နိုင်ဘူး။ ဒါမှမဟုတ် ကျွန်တော့်ကို သခင်ကြီးတို့ မယုံကြည်လို့လား။ အဲ့တာကြောင့် ကျွန်တော်နဲ့ လက်မတွဲချင်တာလား”

“အဲ့လိုမဟုတ်ပါဘူး။ မစ္စတာဟွော်ကို ကျုပ်တို့ ယုံကြည်ပါတယ်”

“အဲ့တာဆို ကျုပ်ကို အခွင့်အရေးတစ်ခါလောက် ပေးပါ”။ ဟွော်ချန်းယီ လေးလေးနက်နက် တောင်းဆိုလိုက်ပါသည်။

ဟွော်မိသားစုရဲ့ ဦးစီးက တစ်ဖက်လူကို ကျိုးကျိုးနွံနွံတောင်းဆိုနေသည့် မြင်ကွင်းမှာ အလွန်ရှားပါးသည့် မြင်ကွင်းတစ်ခု ဖြစ်ပါသည်။

… … …

အခန်း(၆၈၄) ဝမ်ချင်းရဲ့ စိုးရိမ်ပူပန်မှု

ခေတ္တတွန့်ဆုတ်သွားပြီးနောက် အဘိုးချင်း သက်ပြင်းချကာ ပြောလိုက်ပါသည်။ “မစ္စတာဟွော် တကယ်ဆန္ဒရှိတယ်ဆိုရင် နောက်မှ သေချာဆွေးနွေးကြည့်ကြတာပေါ့။ အဘွားကြီးနဲ့ ကျုပ်က အပေါ်ယံပဲ ဦးဆောင်တာပါ။ အသေးစိတ်တွေကို ကျုပ်ရဲ့ မြေးအကြီးဆုံး ချင်းယုဟွိုင်းနဲ့ သူ့အဖွဲ့က တာဝန်ယူထားတာ”

“ကောင်းပါပြီ။ ရင်းနှီးမြှုပ်နှံမှုအတွက် အသေးစိတ်ဆွေးနွေးဖို့ ဟွာချန့်မြို့ကို ကျွန်တော့် မန်နေဂျာတစ်ယောက် လွှတ်လိုက်ပါ့မယ်”

အဘိုးချင်းတို့နဲ့ စကားအနည်းငယ် ဆက်ပြောပြီးနောက် ဟွော်ချန်းယီ ဖုန်းချသွားခဲ့သည်။

ဖုန်းချပြီးနောက် အဘိုးချင်းနဲ့ အဘွားချင်းတို့ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြပါသည်။

သူတို့ ပရိုမိုးရှင်းဆင်းစရာတောင်မလိုဘဲ ရင်းနှီးမြှုပ်နှံသူ ပါတနာ ၂ ယောက်က အလိုလိုရောက်ရှိလာခဲ့သည်။

အဘိုးချင်း သက်ပြင်းချမိသည်။ “အဘွားကြီး၊ ဟွော်ချန်းယီက ဒီတိုင်း ဆင်ခြေတွေ ပေးသွားတာပဲနေမှာ”

အဘိုးချင်းတို့ လင်မယားနှစ်ယောက်စလုံးက လူလည်များဖြစ်ကြသည်။ ထို့ကြောင့် ဟွော်ချန်းယီ၏ ရည်ရွယ်ချက် အစစ်အမှန်ကို နားမလည်ဘဲ မနေပါ။

အဘိုးချင်းတို့ကို အကူအညီကမ်းလှမ်းချင်သော်လည်း သူ့အပေါ် ကျေးဇူးကြွေးတင်နေသည်ဟု မခံစားစေချင်တာကြောင့် ဖြစ်မည်။ ထို့ကြောင့် ဒီလို လုပ်ငန်းချင်း လက်တွဲလိုက်ရခြင်းဖြစ်ပါသည်။

အဘွားချင်းကလည်း ပြုံးလိုက်သည်။ “ဟုတ်တာပေါ့။ ကျွန်မလည်း သိပါတယ်။ ဒါပေမယ့် သူက ယဉ်ယဉ်ကျေးကျေး လေးလေးနက်နက် တောင်းဆိုမှတော့ ကျွန်မတို့ လက်မခံရင် ရိုင်းရာကျမှာပေါ့”

“ဒါဆို ငါတို့ရဲ့ ရင်းနှီးမြှုပ်နှံသူတွေ အရှုံးမပေါ်အောင် ငါတို့က ၂ ဆ ကြိုးစားရတော့မယ်”

“အမှန်ပဲ။ ဒီပရောဂျက်က ကျွန်မတို့ သမီးလေးရဲ့ ပရောဂျက်ပဲလေ!”

အဘိုးချင်းပြုံးကာ ပြောလိုက်သည်။ “ကဲ အဘွားကြီး။ ငါတို့ ဒီတိုင်း အနားယူနေလို့ မရတော့ဘူး။ အရင်တုန်းကလို အတူတူ ပြန်ကြိုးစားရတော့မယ်။ မင်းကျန်းမာရေးကိုလည်း ဂရုစိုက်ဦး။ ပင်ပန်းရင် ငါ့ကိုပြော။ ကိုယ့်ကိုယ်ကိုယ် အရမ်းကြီး တွန်းအားမပေးနဲ့။ ငါတို့တွေက မငယ်တော့ဘူး”

“ကျွန်မ မပင်ပန်းပါဘူး။ အခုတောင် အားအင်တွေနဲ့ ပြည့်နေတာ! အနားယူခင်တုန်းကထက်တောင် ပိုပြီး အားအင်တွေ ပြည့်နေသေးတယ်။ ဒီအားအင်တွေ ဘယ်လိုထုတ်သုံးရမလဲဆိုတာပဲ စဉ်းစားနေတာ”

“အဘွားကြီး မင်းဘာကို အရိပ်အမြွက်ပေးနေတာလဲ”

“ရှင်တော်တော် အရှက်မရှိတဲ့ အဘိုးကြီးပဲ!”။ အဘိုးချင်း၏ ရင်ဘတ်ကို အဘွားချင်း ရိုက်လိုက်သည်။

“ဘာမှမဖြစ်ပါဘူး။ ကလေးတွေမှ အိမ်မှာမရှိတာ”

“သွားစမ်းပါ! ပေါက်ကရတွေ လျှောက်ပြောမနေနဲ့။ ကျွန်မ အလုပ်လုပ်တော့မယ်!”။ အဘွားချင်းက အဘိုးချင်းကို တွန်းထုတ်လိုက်ပြီး စာာကြည့်ခန်းထဲ ဝင်သွားလေတော့သည်။

--- --- ---

ညနေခင်း ချင်းရှင်းကျစ် အလုပ်မှ ပြန်လာသောအခါ ဝမ်ချင်းက စကားလာပြောလေသည်။

“ယောက်ျား အဖေနဲ့အမေ အခြေအနေ ဘယ်လိုရှိလဲ”

“ဘာအခြေအနေတုန်း”

“ကျောင်းဆောက်မယ့် ကိစ္စကို ပြောတာလေ”

“ကိုယ်လည်း တစ်နေကုန် အလုပ်များနေလို့ သေချာမသိပါဘူး။ အဖေနဲ့ အမေ့မှာ သူတို့အစီအစဉ်နဲ့ သူတို့ ရှိတယ်။ ဘာမှ စိတ်ပူမနေနဲ့”

ချင်းရှင်းကျစ်က သူ့မိဘတွေကို အပြည့်အဝ ယုံကြည်ပါသည်။ စီးပွားရေးလုပ်သည့်နေရာမှာ သူ့မိဘတွေကို သူ မမှီနိုင်သေးပါ။

ထို့ကြောင့် ကျောင်းဆောက်မည့်ကိစ္စကို ဘာမှစိတ်ပူမနေဘဲ သူတာဝန်ယူထားရသည့် ချင်းအုပ်စု လုပ်ငန်းအပိုင်းကိုသာ အာရုံစိုက်ထားဖို့ ချင်းရှင်းကျစ် ဆုံးဖြတ်ထားပါသည်။

ဝမ်ချင်းက သဘောမတူပါ။ “ယောက်ျား၊ အဖေနဲ့ အမေ အရင်တုန်းက အရမ်းတော်တာ ဟုတ်ပါတယ်။ ဒါပေမယ့် သူတို့ ၁၀ နှစ်လောက် တောင်ပေါ်ဒေသမှာသွားနေခဲ့ကြတာလေ။ သူတို့မရှိတဲ့အချိန်အတွင်း ပြောင်းလဲသွားတာတွေ အများကြီးရှိတယ်။ အဖေနဲ့ အမေတို့ ခေတ်နဲ့ အညီ မလိုက်နိုင်မှာ စိုးရိမ်မိတယ်”

ချင်းရှင်းကျစ် ရယ်မောလိုက်လေသည်။ “အာ့ချင်း မင်းအတွေးလွန်နေပြန်ပြီ။ အဖေနဲ့ အမေက တောင်ပေါ်ဒေသမှာ သွားနေခဲ့တာဆိုပေမယ့် ဒီခေတ်ကြီးထဲ ဘယ်နေရာဖြစ်ဖြစ် အရမ်းတိုးတက်နေပြီ။ အင်တာနက်ခေတ် ရောက်နေပြီ ကျောက်ခေတ်မဟုတ်တော့ဘူး”

သူမရဲ့ စိုးရိမ်ပူပန်မှုတွေကို ချင်းရှင်းကျစ် နားမလည်မှန်း သိသဖြင့် ဝမ်ချင်း စိတ်ညစ်သွားပြီး မျက်နှာလွှဲလိုက်ပါသည်။

ဒါကိုမြင်တော့ ချင်းရှင်းကျစ် အနားအမြန်ကပ်ကာ သူမ ပခုံးပေါ် လက်တင်လျက် ချော့လိုက်ပါသည်။ “ဘာဖြစ်လို့လဲ။ ဘာတွေ စိတ်ညစ်နေတာလဲ”

… … …

အခန်း(၆၈၅) ပေကျင်းမြို့သို့ စူစူလေး သွားရောက်ခြင်း (၁)

“ကျွန်မ စိတ်ပူတာကို ရှင်နားမလည်ဘူး”။ ဝမ်ချင်း စူပုတ်ပုတ်ဖြင့် ပြောလိုက်သည်။

“အဖေနဲ့ အမေ အမှားလုပ်မိမှာကို စိတ်ပူနေတာလား။ ဘာမှမဖြစ်ပါဘူး။ သူတို့ အမှားလုပ်မိလည်း သူတို့ပိုက်ဆံနဲ့သူတို့ပဲ ဥစ္စာ”။ ချင်းရှင်းကျစ် ရှင်းပြလိုက်သည်။

အဘိုးချင်းနဲ့ အဘွားချင်းတို့ ငွေတွေ ဘယ်လောက်ပဲ ရင်းနှီးမြှုပ်နှံထားပါစေ ဒါတွေက သူတို့ ပိုက်ဆံတွေဖြစ်သည်။ သူတို့ ကုမ္ပဏီနဲ့ ဘာမှ မဆိုင်ပါ။

“အဲ့လိုတော့ မပြောနဲ့လေ။ အခုချိန်မှာ ကျွန်မတို့ ကုမ္ပဏီက ကပ်ဆိုက်နေတာ။ သူတို့မှာ ပိုက်ဆံတွေ အများကြီး ရှိပေမယ့် ထုတ်မပြောဘူး။ သူတို့သာ ကျွန်မတို့ ကုမ္ပဏီမှာ ငွေနည်းနည်းလောက် ရင်းနှီးမြှုပ်နှံခဲ့ရင် လက်ရှိ ပြဿနာက-…”

“အာ့ချင်း!”။ ဝမ်ချင်းကို ချင်းရှင်းကျစ် တားလိုက်သည်။ “မင်းဘာတွေ တွေးနေတာလဲ။ အဲ့တာ အဖေနဲ့ အမေတို့ရဲ့ ပိုက်ဆံတွေလေ”

“အားလုံးက မိသားစုတွေ မဟုတ်ဘူးလား။ အခု အဲ့ဒီမိသားစုက အခက်ကြုံနေရတာလေ”

“လွန်ခဲ့တဲ့ ၁၀ နှစ် အဖေနဲ့အမေ အနားယူသွားတုန်းက ကိုယ်နဲ့ ယန်ကျစ်တို့ကို ကုမ္ပဏီကော အမွေတွေကော အညီအမျှ ခွဲပေးခဲ့ပြီးသားပဲ။ အခု ကုမ္ပဏီ ဒုက္ခရောက်နေတာက ကိုယ်ကောင်းကောင်း မစီမံနိုင်လို့ ဖြစ်ရတာ။ ကိုယ်လုပ်ထားတဲ့ အရှုပ်ထုပ်ကို အဖေနဲ့ အမေတို့ ရှင်းပေးရမယ့် တာဝန်မရှိဘူး”။ ချင်းရှင်းကျစ် တည်တံ့စွာ ပြောလိုက်သည်။

ဝမ်ချင်း ခေါင်းငုံ့သွားပြီး ဘာမှ ပြန်မပြောနိုင်တော့ပါ။

ချင်းရှင်းကျစ်က ဆက်ပြောသည်။ “အာ့ချင်း ဒီကိစ္စမှာ မင်းကိုယ်နဲ့ အမြင်ချင်း တူသင့်တယ်။ အဖေနဲ့ အမေတို့ပိုက်ဆံက သူတို့ပိုက်ဆံပဲ။ ကိုယ်တို့ကို ကူညီပေးရင် ကျေးဇူးတင်ရမှာဆိုပေမယ့် မကူညီပေးလည်း တောင်းဆိုခွင့်မရှိဘူးလေ”

“သူတို့ ပိုက်ဆံကို လိုချင်လို့ပြောတာ မဟုတ်ဘူး။ စူစူလေးအတွက် သုံးတာကိုလည်း ပြောချင်တာမဟုတ်ဘူး။ ရှင်ခုတလော အရမ်း ပင်ပင်ပန်းပန်း အလုပ်တွေ လုပ်နေရတာ။ ပြီးတော့ ကုမ္ပဏီကလည်း ဒုက္ခရောက်နေတာကို သူတို့က အလားအလာမကောင်းတဲ့ လုပ်ငန်းတစ်ခုမှာ ငွေတွေအများကြီး ပုံပေးပြီး ခြေချဖို့ ကြိုးစားနေကြလို့ ပြောနေတာ။ ကျွန်… ကျွန်မ ရင်ထဲ တစ်မျိုးကြီးဖြစ်နေတယ်”

ချင်းရှင်းကျစ်က ဝမ်ချင်း၏ ပခုံးကို ပုတ်ပေးပြီး နှစ်သိမ့်ပေးလိုက်သည်။ “အာ့ချင်း မင်းအခု ကိုယ်ဝန်ဆောင်ထားရတဲ့ အချိန်မို့လို့ စိတ်ခံစားလွယ်နေမှန်း ကိုယ်သိပါတယ်။ မင်းကိုယ်စား ကိုယ်ကလေးမွေးမပေးနိုင်သလို ဝင်ခံစားပေးလို့လည်း မရဘူး။ ဒါပေမယ့် ကိုယ့်ကို ယုံကြည်ပေးဖို့ မျှော်လင့်တယ်။ ပြီးတော့ အဖေ့ကိုကော၊ အမေ့ကိုကော၊ ယုဟွိုင်းကိုကော အားလုံးကိုပါ ယုံကြည်ပေးဖို့ မျှော်လင့်မိတယ်”

“ဒါပေမယ့် ရှင်အခု အရမ်း ပင်ပန်းနေရတာ…”

“အာ့ချင်း ကိုယ်က ယောက်ျားတစ်ယောက်ပါ။ ကုမ္ပဏီကို ကိုယ်ဦးဆောင်ထားရတာ။ အခု အဖေနဲ့ အမေ ကိုယ့်ကို ငွေတွေ လာပေးရင်တောင် ယူမှာ မဟုတ်ဘူး။ အဲ့တာ ကိုယ့်ဂုဏ်သိက္ခာနဲ့ မာနပဲ”။ ချင်းရှင်းကျစ်က ခိုင်မာစွာ ပြောဆိုလိုက်ပါသည်။

“အာ့ချင်း ကိုယ်လည်း အသက်မငယ်တော့ပါဘူး။ ကိုယ်တို့သားဆို လူကြီးတစ်ယောက်ဖြစ်နေပြီ။ လူ့ပတ်ဝန်းကျင်ထဲ ကိုယ်ခြေချဖို့ အခုချိန်ထိ အဖေနဲ့ အမေ့ကို အားကိုးနေရဦးမယ်ဆိုရင် မင်းရဲ့ ယောက်ျား သို့မဟုတ် ယုဟွိုင်းရဲ့ အဖေလို့ ခေါ်ထိုက်ဦးမလား”

ချင်းရှင်းကျစ်၏ စကားကြောင့် ဝမ်းချင်း၏ မျက်မှောင်ကြုတ်မှုများ ပြေလျော့သွားခဲ့ပါသည်။

“ဟုတ်ပါပြီ။ ဒါပေမယ့် ရှင့်ကျန်းမာရေးကိုလည်း ရှင်ဂရုစိုက်ဦး။ အလုပ်တွေ ဖိမလုပ်နဲ့”

“စိတ်မပူနဲ့ ကိုယ်က ကျန်းမာရေးကောင်းပြီးသား။ ဒီလောက်က ဘာမှမဖြစ်ဘူး”

“အင်း မနက်ဖြန် မန်နေဂျာလီ ပြန်ရောက်လာတော့မယ်ကြားတယ်။ ရှင်သွားတွေ့မှာလား”

“ဟုတ်တယ် မနက်ဖြန်မနက် လေယာဉ်နဲ့သွားမှာ။ အဆင်ပြေရင် ညနေလောက် ပြန်လာခဲ့မယ်။ မပြေရင်တော့ မနက်ဖြန်ည အိမ်ပြန်လာဖြစ်မှာမဟုတ်ဘူး။ အဲ့တာကြောင့် ကိုယ့်ဖာသာကိုယ် ကောင်းကောင်း အနားယူနေ။ ကိုယ့်ကို အိပ်ရေးအပျက်ခံပြီး ‌စောင့်မနေနဲ့”

“ဟုတ်ပါပြီ”

--- --- ---

နောက်တစ်နေ့မနက် ပေကျင်းမြို့သို့ ချင်းရှင်းကျစ် ခရီးနှင်ခဲ့သည်။

သူနဲ့အတူ စူစူလေးလည်းပါလာပါသည်။

စူစူလေးကို ခေါ်လာရခြင်းက ချင်းယန်ကျစ်နဲ့ ရှောင်းပေပေတို့ လင်မယား၏ တောင်းဆိုချက်ကြောင့် ဖြစ်သည်။

မနက်က သူတို့လင်မယား ဖုန်း ၇ ခါ ၈ ခါလောက်ဆက်ပြီး စူစူလေးကို မပါမဖြစ် ခေါ်လာဖို့ ချင်းရှင်းကျစ်အား နားပူနားဆာ လုပ်ခဲ့ပါသည်။

ချင်းရှင်းကျစ်လည်း မငြင်းနိုင်သဖြင့် စူစူလေးကို ခေါ်လာခဲ့ရသည်။ သူတို့နဲ့အတူ ချင်းယုချဲလည်း ပါလာပါသည်။ ဒါကိုလည်း ချင်းယန်ကျစ်တို့ လင်မယား တောင်းဆိုထားခြင်းဖြစ်၏။

ချင်းရှင်းကျစ်က အလုပ်အရမ်းများနေသဖြင့် စူစူလေးကို ဂရုမစိုက်အားမှာစိုး၍ စူစူလေးကို ထိန်းကျောင်းဖို့အတွက် ချင်းယုချဲကို ခေါ်လာခိုင်းခဲ့ခြင်းဖြစ်သည်။

ရှောင်းပေပေ၏ စိတ်ကို သိသဖြင့် ချင်းယုချဲသာ လက်မခံလျှင် နောက်တစ်ခါတွေ့သည့်အခါ လက်ထဲမှာ ဓားတစ်ချောင်း ကိုင်ပြီး သူ့ကို စောင့်ကြိုနေလောက်ပါသည်။

… … …

All Chapters