အခန်း (၆၈၆-၆၉၀)
Vol. 28 Ch. 686-690
အခန်း(၆၈၆) ပေကျင်းမြို့သို့ စူစူလေး သွားရောက်ခြင်း (၂)
“အမေ ညီမလေး လေယာဉ်စီးဖူးရဲ့လား။ မစီးဖူးရင် သူ ကြောက်နေမလား မသိဘူး။ ကျွန်တော်တို့ ဘာတွေ ပြင်ဆင်သွားဖို့ လိုဦးမလဲ”။ ချင်းရှင်းကျစ် သူ့အမေကို မေးခဲ့သည်။
“စိတ်မပူပါနဲ့။ ငါတို့သမီးလေး လေယာဉ်စီးဖူးပါတယ်”။ အဘွားချင်းက ဆို၏။
“စီးဖူးတယ် ဟုတ်လား”
စူစူလေးကို ချင်းရှင်းကျစ် ငုံ့ကြည့်လိုက်သည်။ သူ့ညီမလေးက တောင်ပေါ်ဒေသကလွဲပြီး တခြားဘယ်မှ မသွားဖူးလောက်ဟု သူထင်ထားခဲ့တာဖြစ်သည်။
“ညီမလေးက တော်လိုက်တာ! ငယ်ငယ်လေးနဲ့ လေယာဉ်စီးဖူးတယ်ပေါ့ ဟုတ်လား”
“အွန်း စီးဖူးတယ် အစ်ကိုကြီး! သမီးက အရမ်းတော်တာ!’။ စူစူလေး ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်ပါသည်။
လေယာဉ်စီးဖူးတာလောက်ကို မပြောလိုပါ။ အရင်တုန်းကဆို သူမကိုယ်တိုင် ပျံသန်းဖူးသည်။
“ဟုတ်တယ် ဟုတ်တယ် ညီမလေးက အတော်ဆုံးပဲ!”။ ချင်းရှင်းကျစ် ခေါင်းငြိမ့်ကာ အမြန်ထောက်ခံလိုက်ပါသည်။
ညီမလေးက ချစ်ဖို့ကောင်းလွန်းသဖြင့် သူမ ပြောတာမှန်သမျှ မှန်ကန်ပါသည်။
“အစ်ကိုကြီးကို ကာကွယ်ပေးမယ်!”။ စူစူလေးက ရင်ဘတ်ပုတ်ကာ ယုံကြည်ချက်အပြည့်ဖြင့် အာမခံလိုက်ပါသည်။
ချင်းရှင်းကျစ်၏ ဘော်ဒီဂတ်အဖြစ် သူမ လိုက်သွားရမှာဟု ထင်နေသည်။
ချင်းယန်ကျစ်နဲ့ ရှောင်းပေပေတို့ ပထမဆုံး ဖုန်းဆက်ခဲ့တုန်းက ဖေဖေနဲ့ မေမေတို့ကို ကာကွယ်ပေးဖို့ ဟွာချန်းမြို့မှာပဲ နေရမည်ဟု ဆိုကာ စူစူလေး ငြင်းဆန်ခဲ့သည်။
သို့သော်လည်း အစ်ကိုကြီးကို ကာကွယ်ပေးရမည့်တာဝန်တစ်ခု စူစူလေးကို ရှောင်းပေပေ ပေးအပ်ခဲ့သည်။
စူစူလေး သေချာစဉ်းစားကြည့်ပြီး အဓိပ္ပာယ်ရှိသည်ဟု ယူဆလိုက်ပါသည်။ အစ်ကိုကြီးက အလွန်ဝေးသည့် နေရာတစ်ခုကို ခရီးသွားရမှာဖြစ်သည်။ ထို့ကြောင့် တစ်ယောက်တည်းလွှတ်လိုက်ရမှာ သနားဖို့ကောင်းပါသည်။
အဘွားချင်းက ချင်းယုချဲကို မှာလိုက်သည်။ “အာ့ချဲ စူစူလေးကို ဂရုစိုက်ပေးပါဦး”
ယုချဲပါ လိုက်သွားမည်ဖြစ်သဖြင့် အဘွားချင်း စိတ်အေးရပါသည်။ ယုချဲက တည်ငြိမ်ပြီး အားကိုးရသည်။ စကားအများကြီး သိပ်မပြောတတ်သော်လည်း တခြားညီအစ်ကိုတွေထက် စူစူလေးကို ပိုဂရုစိုက်တတ်သည်။
“ဟုတ်ကဲ့ပါ”။ ချင်းယုချဲ ပြန်ဖြေလိုက်ပါသည်။
“တခြား ဘာကိစ္စမှမရှိတော့ရင် သွားကြတော့လေ။ မြန်မြန်သွား မြန်မြန် ပြန်လာခဲ့ကြ။ ငါ့သမီးလေးကိုလည်း ဂရုစိုက်ကြဦးနော်”
သားလတ်နဲ့ ချွေးမဖြစ်သူတို့ တောင်းတောင်းပန်ပန် ပြောခဲ့ကြပြီး သူမနဲ့ အဘိုးကြီးကလည်း အလုပ်များနေတာကြောင့်သာ မဟုတ်လျှင် စူစူလေးကို ပေကျင်းမြို့သို သွားခွင့်ပေးမိမှာ မဟုတ်ပေ။
--- --- ---
လေယာဉ်ပေါ်တွင် သူတို့ ၃ ယောက် first class မှာ ထိုင်ရသည်။
ချင်းရှင်းကျစ်က လေယာဉ်မယ်တစ်ယောက်ကို စူစူလေးအတွက် မုန့်တွေ အများကြီး ယူလာခိုင်းလိုက်၏။
စူစူလေးရှေ့က မုန့်ဗန်းကြီးထဲမှာ သစ်သီးများနဲ့ ပြည့်နှက်နေပါသည်။
“စူစူလေး ဘာမုန့်စားချင်လဲ။ နွားနို့ကော သောက်ဦးမလား”။ ချင်းရှင်းကျစ် ဂရုတစိုက် မေးလိုက်၏။
သူ့ညီမလေး ဗိုက်ဆာနေမှာကို စိုးရိမ်မိသည်။ ဒါ့ထက် လေယာဉ်ပေါ်မှာ ပျင်းသွားပြီး အဖေနဲ့ အမေကို သတိရနေမှာ ပိုစိုးရိမ်မိပါသည်။
“မစားချင်ဘူး”။ စူစူလေး ငြင်းလိုက်ပါသည်။
“ဘာဖြစ်လို့လဲ။ ဒါတွေ အရသာမရှိလို့လား။ အဲ့တာဆို တခြား မုန့်တွေ ယူလာခိုင်းလိုက်မယ်လေ”။ ချင်းရှင်းကျစ် မေးလိုက်သည်။
“ဦးလေး၊ မုန့်တွေပဲ ဆက်တိုက် စားနေရင် နေ့လယ်စာ စားချိန်ကျ ဘာမှ စားချင်စိတ်မရှိဘဲ နေလိမ့်မယ်”။ ချင်းယုချဲ သတိပေးလိုက်သည်။
“ဟေ ဟုတ်လား”
“ယုဟန်နဲ့ ယုကျီးတို့ ငယ်ငယ်တုန်းက ဦးလေး အဲ့လိုပဲ သင်ပေးခဲ့တာ မဟုတ်ဘူးလား”
သူ့သားတွေတုန်းကတော့ စည်းကမ်းတင်းကြပ်ခဲ့ပြီး စူစူလေးအလှည့်ကျမှ ကမ်းကုန် အလိုလိုက်နေတာလား။
“ဪ အဲ့တာ မတူဘူးလေကွာ။ အဲ့ကောင်တွေက ယောက်ျားလေးတွေ၊ ခန္ဓာကိုယ်ကြံ့ခိုင်ဖို့ လိုအပ်တယ်။ ငါတို့ ညီမလေးကတော့ အရပ်အရမ်းမရှည်လည်း ဖြစ်ပါတယ်”
“ဒါပေမယ့် သူ့ကျန်းမာရေးအတွက် မကောင်းဘူးလေ”။ ချင်းယုချဲ ပြောလိုက်သည်။
“ဟုတ်တယ် ဟုတ်တယ်!”။ စူစူလေးက ခေါင်းငြိမ့်၏။ “မေမေလည်း အဲ့လိုပဲ ပြောတယ်”
အရပ်ရှည်ချင်လျှင် ကျန်းမာရေးနဲ့ မညီညွတ်တာတွေ စားလို့မရပါ။
“ဒါ… ဒါဆိုလည်း မကျွေးတော့ပါဘူး”။ ချင်းရှင်းကျစ် လက်လျှော့လိုက်လေသည်။ သူ့ညီမလေးကို အလိုလိုက်ချင်သော်လည်း ကျန်းမာရေးကိုတော့ မထိခိုက်စေချင်ပါ။
ချင်းရှင်းကျစ် တစ်ခုခုစဉ်းစားလိုက်ပြီး ရုပ်ပြစာအုပ်တစ်အုပ် ဆွဲထုတ်လိုက်သည်။ “ဒါဆို အစ်ကိုကြီးနဲ့အတူတူ ရုပ်ပြစာအုပ်ဖတ်ရအောင်လေ”
… … …
အခန်း(၆၈၇) အစ်ကိုလတ်တို့လင်မယား သောင်းကျန်းမှု
သူ့ညီမလေးပါ လိုက်ပါလာမည်မှန်း သိသဖြင့် ချင်းရှင်းကျစ် အိမ်မှထွက်မလာခင် စူစူလေး သဘောကျသည့် ရုပ်ပြစာအုပ်များကို ယူလာခဲ့သည်။
“ဟုတ်ကဲ့!” စူစူလေး ခေါင်းငြိမ့်လိုက်ပါသည်။
၂ နာရီခန့်ကြာပြီးနောက် သူတို့ သုံးယောက် ပေကျင်းလေဆိပ်သို့ ရောက်ရှိသွားကြသည်။
လေဆိပ်ကိုရောက်တာနဲ့တစ်ပြိုင်နက် ချင်းယန်ကျစ်နဲ့ ရှောင်းပေပေတို့ကို စူစူလေး မြင်လိုက်ရပါသည်။
လင်မယားနှစ်ယောက်က ကာတွန်းဆိုင်းဘုတ်ကြီးကို ကိုင်ထားပြီး စူစူလေး၏ ကာတွန်းပုံလေးကိုလည်း ဆွဲထားသည်။
ထို့အပြင် SpongeBob ပုံ အကြီးကြီးကိုလည်း ဆွဲထားသည်။ ဒါမှ စူစူလေး ရောက်လာသည့်အခါ သူတို့ကို တန်းသတိထားမိမှာ ဖြစ်သည်။
စူစူလေးကို မြင်လိုက်တာနဲ့တစ်ပြိုင်နက် ရှောင်းပေပေက ပတ်ဝန်းကျင်ကို အားမနာဘဲ အော်ဟစ်လိုက်ပါသည်။ “စူစူလေး!! ဒီမှာ ဒီမှာ!! ဒီကို မြန်မြန်ကြည့်!”
ရှောင်းပေပေ အသက်အရွယ်နဲ့ မလိုက်အောင် ခုန်ပေါက် အော်ဟစ်နေပါသည်။
“အစ်ကိုလတ်နဲ့ ယောက်မ!”
စူစူလေးလည်း သူတို့နှစ်ယောက်ထံ ခြေလှမ်းသေးသေးလေးများဖြင့် အမြန်ပြေးလာခဲ့သည်။
သို့သော် သူတို့နှစ်ယောက်နား ရောက်ဖို့ လက်တစ်ကမ်းအလိုတွင် စူစူလေး ရုတ်တရက် ရပ်တန့်သွားခဲ့၏။
သူမကို ရှောင်းပေပေ ကြမ်းကြမ်းတမ်းတမ်း နမ်းရှိုက်ခဲ့သည့် ပုံရိပ်များက သူမ အာရုံထဲ ပြန်လည် ထပ်ဟပ်လာလေသည်။
မဖြစ်ဘူး… မဖြစ်ဘူး! သူမ အနမ်းမခံချင်ဘူး!
စူစူလေး ခြေလှမ်း ၂ လှမ်းလောက် နောက်ဆုတ်သွားသည်။ သို့သော် ချင်းယန်ကျစ်က အမြန်ပြေးလာပြီး စူစူလေးကို လျှပ်စီးလို အလျှင်ဖြင့် ကောက်ချီကာ ပါးနုနုလေးများကို အနမ်းမိုး ခြွေလိုက်ပါသည်။
ရှောင်းပေပေကလည်း အကျောမခံဘဲ ကျန်ပါးတစ်ဖက်ကို အနမ်းမိုးချွေလိုက်သည်။
သနားစရာ စူစူလေးကို လင်မယားနှစ်ယောက် အနမ်းဖြင့် ကြားညှပ် တိုက်ခိုက်လိုက်ကြသည်။
အီးဟီးဟီး… ငါ့မျက်နှာလေး…
ချင်းယုချဲကို စူစူလေး လှမ်းမြင်လိုက်ပြီး အကူအညီတောင်းသော အကြည့်လေး ကြည့်လိုက်သည်။
တူချောလေး ကယ်ပါဦး!
ချင်းယုချဲ အနားရောက်လာပြီး သူ့မိဘတွေကို ဘယ်လိုစကား ပြောရမလဲ စဉ်းစားလိုက်ပါသည်။
ချင်းယန်ကျစ်နဲ့ ရှောင်းပေပေတို့က စူစူလေးကို ချီပြီး လှည့်ထွက်သွားကြသည်။ ချင်းယုချဲနဲ့ ချင်းရှင်းကျစ်တို့ကို ဂရုတောင် မစိုက်ကြပါ။
မသိလျှင် သူတို့ ညီမလေးတစ်ယောက်တည်း ရောက်လာသည်ဟု ထင်ရသည်။
ချင်းရှင်းကျစ်နဲ့ ချင်းယုချဲတို့ အနောက်မှ စိတ်ပျက်လက်ပျက် လိုက်သွားခဲ့ရပါသည်။
“စူစူလေး ရောက်လက်စနဲ့ ရက်နည်းနည်းလောက် နေရမယ်နော်! ယောက်မ အလုပ်တွေ ခွင့်ယူထားတယ်။ ပေကျင်းမှာ ရှိတဲ့ အရသာရှိတဲ့အစားအသောက်တွေ အကုန်လိုက်ကျွေးမယ်။ လည်ပတ်စရာ နေရာတွေကိုလည်း လိုက်ပို့ပေးမယ်!”။ ရှောင်းပေပေက သူမရဲ့ အစီအစဉ်တွေကို စူစူလေးအား အားတက်သရော ပြောပြလိုက်ပါသည်။
“ဟုတ်တယ်။ အစ်ကိုလတ်က မနက်ပိုင်း အလုပ်များပေမယ့် ညနေပိုင်းကျရင်တော့ အချိန်ရတယ်။ ညီမလေးရဲ့ ယောက်မက အလုပ်ခွင့်ယူပြီး တစ်နေကုန် အဖော်လုပ်ပေးလိမ့်မယ်။ ညီမလေး စားချင်တာ လုပ်ချင်တာ ရှိရင် ယောက်မကိုသာ ပြောလိုက်”။ ချင်းယန်ကျစ်ကလည်း ထောက်ခံသည်။
“မရဘူး သမီးအစ်ကိုကြီးကို ကာကွယ်ရဦးမယ်!”။ စူစူလေး ပြောလိုက်သည်။
သူမမှာ မစ်ရှင်တစ်ခု ရှိသည်။ ဒီတိုင်း ပျော်ပါးနေလို့ မဖြစ်ပါ။
“ရပါတယ် မလိုပါဘူး။ အစ်ကိုကြီးအတွက် ပရော်ဖက်ရှင်နယ် ဘော်ဒီဂတ်တွေ ငှားပေးထားတယ်။ သူ ဘေးကင်းပါတယ်”။ ချင်းယန်ကျစ်က ဆိုသည်။
အစ်ကိုကြီးကို ကာကွယ်ပေးဖို့ ဆိုတာ စူစူလေးကို ပေကျင်းမြို့ရောက်အောင်ခေါ်ဖို့ ဆင်ခြေတစ်ခုသာဖြစ်သည်။ ယခု သူမရောက်လာပြီဖြစ်သဖြင့် ကျန်တာ ဘာမှ အရေးမကြီးတော့ပါ။
“အစ်ကိုလတ်၊ သမီးက ဘော်ဒီဂတ်ထက် ပိုတော်တယ်!”။ စူစူလေးက သူမကိုယ်တိုင် လုပ်ဖို့ လိုအပ်သည်ဟု ထင်နေဆဲပင်။
“ဟုတ်ပါတယ် ဟုတ်ပါတယ် ညီမလေးက ဘော်ဒီဂတ်တွေထက် အများကြီး ပိုတော်ပါတယ်”။ ချင်းယန်ကျစ် ထောက်ခံလိုက်ပသါည်။ “ဒါပေမယ့် ညီမလေး၊ အစ်ကိုကြီးကို စောင့်ရှောက်ပေးမယ့် ဘော်ဒီဂတ်တွေက စူစူလေးလောက် မတော်ပေမယ့် ထူးချွန်ကြပါတယ်။ ပြီးတော့ အစ်ကိုလတ်နဲ့ ယောက်မတို့က ညီမလေးကို မတွေ့ရတာ တော်တော်ကြာပြီလေ။ အဲ့တာကြောင့် အရမ်းသတိရပြီး စူစူလေးနားမှာ ပိုနေချင်လို့ပါ”။
“ဟုတ်တယ် ဟုတ်တယ်။ ယောက်မလည်း စူစူလေးကို အရမ်းသတိရနေတာ! ယောက်မနဲ့အတူတူ မဟာတံတိုင်းကြီးဆီ သွားပြီး လမ်းတွေ အများကြီးလျှောက်ကြမယ်နော်။ ယောက်မတစ်ယောက်တည်းဆို လမ်းမလျှောက်နိုင်လို့ စူစူလေးကို ခေါ်သွားမှာ!”
လင်မယားနှစ်ယောက် အတိုင်အဖောက်ညီကာ အရှက်မရှိစွာ ပြောလိုက်ကြပါသည်။
… … …
အခန်း(၆၈၈) ကျန်းရှင်းရဲ့ မန်နေဂျာနဲ့ တွေ့ဆုံခြင်း
“မရဘူး အစ်ကိုကြီးကို ကာကွယ်ပေးရမယ်!”။ စူစူလေးက အလွန်တာဝန်သိတတ်ပြီး ခေါင်းမာနေပါသည်။ အစ်ကိုလတ်နဲ့ ဒုတိယယောက်မတို့ သူမကို ဘာပဲပြောပြော၊ ဘာနဲ့ပဲ ဖြားယောင်းဖြားယောင်း စူစူလေး စိတ်ပြောင်းမှာ မဟုတ်ပါ။
ဒါကိုကြားတော့ ချင်းရှင်းကျစ် စိတ်ကြီးဝင်သွား၏။ “ယန်ကျစ် ငါ့ညီမလေးက ငါ့ကို အရမ်းချစ်တာကွ”
“မင်းတို့က စူစူလေးနဲ့ အချိန်အကြာကြီး ပိုနေရတာကိုး”။ ချင်းယန်ကျစ် မကျေမနပ် ပြန်ပြောလိုက်ပါသည်။
“ဘာပဲဖြစ်ဖြစ် အရေးမကြီးဘူး။ အရေးကြီးတာက ငါ့ညီမလေး ငါ့ကို ပိုချစ်တာ!”။ ချင်းရှင်းကျစ် ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်ပါသည်။
သူတို့ ညီအစ်ကိုနှစ်ယောက် ငယ်စဉ်ကတည်းက ချစ်ခင်ခဲ့ကြသည်။ ငယ်ငယ်လေးကတည်း ချင်းရှင်းကျစ်မှာ ညီ နှစ်ယောက်ကို အမြဲတမ်းလိုလို အလျှော့ပေးခဲ့၏။
သို့သော်လည်း အခုတော့ ချင်းရှင်းကျစ်က အလျှော့မပေးသည့်အပြင် ညီဖြစ်သူနဲ့ပါ လိုက်ပြိုင်နေလေသည်။
ပစ္စည်းဥစ္စာတွေကို ဝေမျှပေးနိုင်သော်လည်း ညီမလေးရဲ့ မေတ္တာကိုတော့ ဝေမျှမပေးနိုင်ပေ။
ထိုသို့ပြောပြီးနောက် စူစူလေးကို ချင်းရှင်းကျစ် ပြောလိုက်သည်။ “ညီမလေးရဲ့ ခရီးဆောင်အိတ်ကို အစ်ကိုလတ်ကို ပေးလိုက်လေ။ အစ်ကိုကြီးနဲ့အတူတူ အရေးကြီးတဲ့ စာချုပ်ကို အရင်လက်မှတ်သွားထိုးကြမယ်။ ပြီးမှ အစ်ကိုလတ်တို့ အိမ်ကို သွားကြမယ် ဟုတ်ပြီလား”
“ဟုတ်ကဲ့!”။ စူစူလေး ခေါင်းငြိမ့်လိုက်ပါသည်။
“ဒါဆို အစ်ကိုကြီးဆီ လာပါဦး! အစ်ကိုကြီး ချီပေးမယ်!”။ ချင်းရှင်းကျစ်က စူစူလေးကိုခေါ်ဖို့ လက်လှမ်းလိုက်ပါသည်။
ချင်းယန်ကျစ်က ချက်ချင်း ရှောင်လိုက်၏။ “မလိုပါဘူး ငါ့ညီမလေးကို ငါပဲချီမှာ!”
ချင်းရှင်းကျစ်ကလည်း အလျှော့မပေးပေ။ “မင်းကုမ္ပဏီ တော်တော်အားနေလား ယန်ကျစ်။ ကိုယ့်ကုမ္ပဏီကိုယ် ပြန်သွားစမ်းပါ။ အချိန်လာဖြုန်းမနေနဲ့။ မန်နေဂျာလီကို ငါတစ်ယောက်တည်း သွားတွေ့လို့ရတယ်။ ညီအစ်ကိုတွေ အကုန်စုပြီး သွားတွေ့စရာမလိုဘူး”
“မန်နေဂျာလီနဲ့ မင်းတစ်ယောက်တည်း တွေ့လေ။ ငါက ငါ့ညီမလေးနဲ့ပဲနေမှာ။ မင်းနဲ့ မန်နေဂျာလီတို့ စကားပြောနေတုန်း ညီမလေးကို ငါကြည့်ပေးထားမယ်။ မဟုတ်ရင် ညီမလေးက မင်းတို့ရဲ့ ပျင်းစရာ စကားတွေကို နားထောင်ပြီး အရမ်းပျင်းနေမှာ” ချင်းယန်ကျစ်က ယုတ္တိရှိရှိ ပြောလိုက်ပါသည်။
“ဟုတ်တယ် ဟုတ်တယ် ကျွန်မတို့ နားနေခန်းထဲမှာ စောင့်နေလိုက်မယ်။ ကျွန်မတို့ကို စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းတယ်လို့ ထင်ရင် ကျန်းရှင်းနားက စားသောက်ဆိုင်တစ်ဆိုင်ဆိုင်မှာ စောင့်နေလိုက်မယ်”။ ရှောင်းပေပေကလည်း ဝင်ပြောလိုက်သည်။
ချင်းရှင်းကျစ် နှုတ်ခမ်းတွန့်သွား၏။
သူ့ညီလတ်နဲ့ ခယ်မတို့ ဘာလို့ ဒီလောက် အရှက်မရှိ ဖြစ်လာတာလဲ။
ညီအစ်ကိုနှစ်ယောက် ပွစိပွစိလုပ်နေကြသဖြင့် စူစူလေး ခေါင်းမူးလာသည်။
“အစ်ကိုကြီးနဲ့ အစ်ကိုလတ်တို့ စကားမများကြနဲ့တော့!”။ စူစူလေး ခက်ထန်စွာ ပြောလိုက်သည်။ “အားလုံးတူတူ သွားကြမယ် ဘယ်သူမှ မနေခဲ့ရဘူး!”
သူမရဲ့ အသံလေးက နူးညံ့ပြီး ကလေးဆန်သော်လည်း မျက်နှာက တည်တံ့နေပါသည်။ အစ်ကိုနှစ်ယောက်အတွက် အကဲဖြတ်ဒိုင်အဖြစ် လေးလေးနက်နက် ဆုံးဖြတ်ပေးနေတာဖြစ်သည်။
“ဟုတ်တယ်! ညီမလေးပြောတာပဲ နားထောင်မယ်!”။ ချင်းယန်ကျစ် သဘောတူလိုက်ပါသည်။
ညီမလေးက ဒီလောက်ချစ်ဖို့ကောင်းတာ သူပြောတာအကုန် မှန်တယ်!
“ငါလည်း ညီမလေးပြေတာ သဘောတူတယ်”။ ချင်းရှင်းကျစ်ကလည်း အမြန်ပြောလိုက်သည်။ စကားပြော နောက်ကျသွားပါက သူ့ညီမလေးရင်ထဲ သူ့အဆင့်ကျသွားမှာ စိုးရိမ်ရသေးသည်။
--- --- ---
နာရီဝက်ခန့်ကြာပြီးနောက် ၅ ယောက်သား ကျန်းရှင်းကုမ္ပဏီသို့ ရောက်ရှိလာခဲ့ကြသည်။ ဘယ်သူမှ မနေခဲ့ဘဲ အားလုံး လိုက်ပါလာခဲ့သည်။
ကုမ္ပဏီထဲဝင်လိုက်တာနဲ့ သူတို့ကို လာကြိုရမည့် မန်နေဂျာလီ၏ လက်ထောက်ဖြစ်သူကို မတွေ့ခဲ့ရပေ။
ထို့ကြောင့် ဧည့်ကြိုဝန်ထမ်းကို ချင်းရှင်းကျစ်ကိုယ်တိုင် သွားမေးခဲ့ရသည်။
ဟွာချန့်မြို့ရှိ ချင်းအုပ်စုမှ ချင်းရှင်းကျစ်ဖြစ်ကြောင်း သိလိုက်ရသောအခါ ဧည့်ကြိုဝန်ထမ်းမလေး၏ အပြုံးက တောင့်တင်းသွားခဲ့သည်။
“စီအီးအိုချင်းက ကျွန်မတို့ မန်နေဂျာကြီးနဲ့ ချိန်းဆိုထားတာ ရှိလို့လားရှင့်”။ ဧည့်ကြိုဝန်ထမ်းမလေးက ယဉ်ကျေးသော်လည်း အားနာသော အမူအရာဖြင့် မေးလိုက်သည်။
“ရှိပါတယ်”။ ချင်းရှင်းကျစ် မျက်မှောင်အနည်းငယ် ကြုတ်သွားသည်။
အခြေအနေတွေ ဘယ်လိုဖြစ်နေသလဲ ချင်းရှင်းကျစ် သေချာမသိပါ။ ပုံမှန်ဆို ကျန်းရှင်းအုပ်စုက လေဆိပ်မှာ သူတို့ကို ကားဖြင့် လာကြိုနေကျဖြစ်သည်။
ဒီနေ့တော့ လေဆိပ်မှာ လာမကြိုသည့်အပြင် ကုမ္ပဏီထဲရောက်တာတောင် ဘယ်သူမှ လာမကြိုဆိုကြပါ။
“ဒါပေမယ့်… မန်နေဂျာကြီးက အခု အလုပ်များနေတယ်။ သူဘယ်ချိန် အလုပ်ပြီးမလဲ မပြောတတ်ဘူး”
ထိုစကားကြားသောအခါ မန်နေဂျာလီက ချင်းအုပ်စုနဲ့ လက်တွဲဖို့ အစီအစဉ်မရှိတော့မှန်း အားလုံး နားလည်လိုက်ရလေသည်။
… … …
အခန်း(၆၈၉) စိတ်ညစ်စရာတွေ ဖယ်ရှားပေးမယ်
ဧည့်ကြို ဝန်ထမ်းမလေးက အကြောင်းစုံသိထားမှန်း သိသာသော်လည်း ပြဿနာ မဖြစ်စေချင်သဖြင့် တဲ့တိုး ပြောလိုက်လို့ မရပါ။
ချင်းရှင်းကျစ်ကလည်း ငတုံးမဟုတ်ပေ။ ကျန်းရှင်း၏ အပြုအမူတွေ ပြောင်းလဲသွားတာကို အာရုံခံမိပါသည်။
သို့သော်လည်း အချိန်အတော်ကြာ လက်တွဲလာသည့် ပါတနာများဖြစ်ကြသဖြင့် တစ်ဖက်လူက အဆိုးဆုံးဖြစ်အောင် လုပ်လိမ့်မည်ဟု ကောက်ချက်မချချင်ပါ။
“ကျုပ်တို့ကို နားနေခန်းဆီ ခေါ်သွားပေးလို့ရမလား။ မန်နေဂျာလီကို အဲ့ကပဲ စောင့်နေလိုက်ပါ့မယ်”။ ချင်းရှင်းကျစ်က ဆိုသည်။
“ကျွန်မ လက်ထောက်ချမ့်ကို ဆက်သွယ်ပေးမယ်နော်”။ ဧည့်ကြိုဝန်ထမ်းမလေးက ကိုယ့်စိတ်နဲ့ကိုယ် မဆုံးဖြတ်ရဲသဖြင့် မန်နေဂျာလီ၏ လက်ထောက်ဖြစ်သူကို ဖုန်းဆက်လိုက်သည်။
လက်ထောက်ဖြစ်သူထံမှ ညွှန်ကြားချက်ရပြီးနောက် ဧည့်ကြိုဝန်ထမ်းမလေးက ချင်းရှင်းကျစ်ကို ပြောလိုက်သည်။ “ကျေးဇူးပြုပြီး ကျွန်မနဲ့ လိုက်ခဲ့ပေးပါ စီအီးအိုချင်း”
ထို့နောက် ချင်းရှင်းကျစ်တို့ အဖွဲ့ကို ထိပ်ဆုံးအထပ်သို့ ဓာတ်လှေကားဖြင့် ခေါ်သွားခဲ့သည်။
ချင်းရှင်းကျစ်တို့ ၅ ယောက်ကို မန်နေဂျာလီ၏ သီးသန့်ဧည့်စောင့်ခန်းဆီသို့ လိုက်ပို့ပေးပြီးနောက် ဧည့်ကြိုဝန်ထမ်းမလေး ပြန်ထွက်သွားခဲ့သည်။
ဧည့်စောင့်ခန်းထဲတွင် ချင်းမိသားစုဝင် ၅ ယောက်သာရှိနေသည်။ မန်နေဂျာလီ ရှိမနေရုံတင်မကဘဲ လက်ထောက်ချမ့်တောင် ရှိမနေခဲ့ပါ။
ဘာမှ နားမလည်သေးသည့် စူစူလေးကလွဲပြီး ကျန် ၄ ယောက်စလုံး ပြဿနာကို နားလည်စ ပြုနေကြပါပြီ။
ရှောင်းပေပေက ပြောလိုက်၏။ “အစ်ကိုကြီး မန်နေဂျာလီက ကျွန်မတို့နဲ့ လက်တွဲဖို့ အစီအစဉ်မရှိတော့ဘူး ထင်တယ်နော်”
“အင်း” ချင်းရှင်းကျစ် လက်ခံလိုက်ရသည်။
“လက်မတွဲတော့ဘူးဆိုရင်တော့ ယဉ်ကျေးမှုတော့ ရှိသင့်တာပေါ့။ မန်နေဂျာလီက ငါတို့ကို ဘာလို့ အစောကြီး မပြောခဲ့တာလဲ။ မနေ့က အစ်ကိုကြီး ဆက်သွယ်တုန်းက သူတို့ ဘာမှမပြောခဲ့ဘူးမလား”။ ချင်းယန်ကျစ်က ဆိုသည်။
“ငါလည်း နားမလည်ဘူး”။ ချင်းရှင်းကျစ် ခေါင်းခါလိုက်၏။ “ဒီတစ်ခေါက် မအောင်မြင်ရင်တောင် နောက်တစ်ခေါက် ရှိချင်ရှိလာဦးမှာလေ။ ဒီလောက်ထိ နှစ်ဦးနှစ်ဖက် အခက်တွေ့အောင် လုပ်စရာမလိုဘူး”
အစ်ကိုကြီးတွေနဲ့ ယောက်မတို့ရဲ့ စကားကို နားထောင်ပြီး စူစူလေး ဇဝေဇဝါဖြစ်သွားသည်။
“အစ်ကိုကြီးနဲ့ အစ်ကိုလတ်တို့ ဘာဖြစ်နေတာလဲ စိတ်ညစ်နေတာလား”။ သူတို့ စိတ်အခြေအနေ မကောင်းတာကို စူစူလေး အာရုံရနေပါသည်။
“စိတ်မပူနဲ့ ညီမလေး။ အစ်ကိုကြီးတို့ ဘာမှမဖြစ်ဘူး။ ဒီတိုင်း အလုပ်ကိစ္စကြောင့်ပါ။ အလုပ်ကိစ္စတွေက တစ်ခါတလေ အခက်အခဲကြုံရတတ်တယ်”။ ချင်းရှင်းကျစ်က စူစူလေးကို ရှင်းပြလိုက်ပါသည်။
“အွန်း! အစ်ကိုကြီး မပျော်ရင် သမီးကိုပြောနော်! မပျော်ရွှင်တာတွေ ဖယ်ရှားပေးမယ်!”။ စူစူလေးက အတည်ပေါက် ပြောလိုက်ပါသည်။
“ဟားဟားဟား…” စူစူလေး၏ နှစ်သိမ့်စကားများကို ကြားပြီးနောက် ချင်းရှင်းကျစ် အားရပါးရ ရယ်မောလိုက်ပါသည်။ “စူစူလေးရဲ့ အားပေးစကားတွေကြောင့် အစ်ကိုကြီး အရမ်းပျော်သွားပြီ! အလုပ်မှာ ဘာဖြစ်ဖြစ် စိတ်မညစ်တော့ဘူး!”
“အွန်း!” စူစူလေး ခေါင်းငြိမ့်လိုက်သည်။
စူစူလေး၏ ချစ်ဖို့ကောင်း လိမ္မာသော ပုံစံလေးကို ကြည့်ပြီး ချင်းယန်ကျစ်နဲ့ ရှောင်းပေပေတို့ မနာလို အားကျ ဖြစ်သွားကြသည်။
သူတို့လည်း စူစူလေးဆီက ဒီလို နှစ်သိမ့်ပေးမှုမျိုး လိုချင်တာပေါ့!
စူစူလေးကို ချင်းယန်ကျစ် မေးလိုက်သည်။ “ညီမလေး၊ အစ်ကိုလတ်လည်း စိတ်ညစ်စရာတွေ ကြုံလာရင် ညီမလေးက စိတ်ညစ်စရာတွေကို ဖယ်ရှားပေးမှာလား”
“အွန်း!”။ စူစူလေး ခေါင်းငြိမ့်လိုက်သည်။
“ယောက်မကော ယောက်မကော!”။ ရှောင်းပေပေလည်း အမြန်ရှေ့ထွက်လာသည်။ “ယောက်မကိုကော ကူညီပေးမှာလား”
“အွန်း!” စူစူလေးက ထုံစံအတိုင်း ခေါင်းငြိမ့်ပြလိုက်ပါသည်။
“မွ မွ မွ!” ဒါကိုကြားပြီး ရှောင်းပေပေ ချက်ချင်းဆိုသလို စူစူလေး၏ ပါးအပေါ် အနမ်းမိုးတွေ ရွာချလိုက်ပါသည်။
အီး… အနမ်းခံရပြန်ပြီ!
ဒုတိယယောက်မက အရမ်းနမ်းတာပဲ အဲ့တာမကောင်းဘူး။
သူမလို အရှိန်အဝါကြီးတဲ့ နတ်သားရဲတစ်ကောင်က ဘာလို့ ခဏခဏ အနမ်းခံနေရတာလဲ။
ချင်းရှင်းကျစ်တို့ ဧည့်စောင့်ခန်းထဲမှာ နာရီဝက်ကြာလောက် စောင့်ပြီးနောက် နောက်ဆုံးတော့ မန်နေဂျာလီ ရောက်လာခဲ့ပါသည်။
လီကျုံးဝေက အသက် ၄၀ ဝန်းကျင် ရှိပြီဖြစ်ပြီး ခန္ဓာကိုယ်ပိန်ပါးကာ နှုတ်ခမ်းမွေးထူထူ ရှိသည်။ သူ့ဘေးမှာတော့ ချင်းမိသားစု ရင်းနှီးပြီးသား ချူးဟမ့်လည်း ပါလာပါသည်။
ချူးဟမ့်က ပြုံးရွှင်နေပြီး ချင်းမိသားစုဝင်တွေကို နှုတ်ဆက်လိုက်သည်။ “စီအီးအိုချင်းတို့ ညီအစ်ကိုနှစ်ယောက်ပါလား”
“မင်းက ဘာလို့ ဒီရောက်နေတာလဲ”။ ချင်းရှင်းကျစ် မျက်မှောင်ကြုတ်ကာ မေးလိုက်လေသည်။
… … …
အခန်း(၆၉၀) စိတ်ညစ်စရာတွေ ဖယ်ရှားဖို့ နည်းလမ်းကောင်း (၁)
“ခင်ဗျားတို့လိုပဲ မန်နေဂျာလီနဲ့ အလုပ်ကိစ္စ စကားလာပြောတာလေ။ မတူတာက မန်နေဂျာလီနဲ့ ကျုပ် အခုပဲ စကားပြောပြီး စာချုပ်ပါချုပ်ပြီးသွားပြီ”။ ချူးဟမ့်က ဂုဏ်ယူဝံ့ကြွားမှုဖြင့် ပြောလိုက်လေသည်။
ချူးဟမ့်က လီကျုံးဝေကို အစောကြီး ဆက်သွယ်ခဲ့တာဖြစ်ပြီး စီစဉ်စရာရှိတာတွေ အားလုံးနီးပါး စီစဉ်ပြီးသွားပြီ ဖြစ်သည်။
ကျန်းရှင်းနဲ့ စာချုပ်ချုပ်ဖို့ ပေကျင်းမြို့သို့ ချင်းရှင်းကျစ် လာမည့် ဒီနေ့ကိုမှ ရည်ရွယ်ချက်ရှိရှိ ရွေးချယ်ခဲ့ခြင်းဖြစ်၏။
ချင်းရှင်းကျစ် မျက်နှာ မှောင်မိုက်သွားကြ လီကျုံးဝေကို ပြောလိုက်ပါသည်။ “မန်နေဂျာလီ။ အခြားတစ်ယောက်နဲ့ တွေ့ဖို့ရှိတာကို ကျုပ်တို့နဲ့ တစ်ချိန်တည်း မချိန်းသင့်ဘူး”
လီကျုံးဝေ ပြုံးကာ ပြောလိုက်ပါသည်။ “ကျွန်တော် တောင်းပန်ပါတယ်။ အချိန်ပြောင်းတာ ကျွန်တော် အသိပေးဖို့ မေ့သွားတယ်။ ဒါပေမယ့် ဘာမှတော့ မထူးတော့ပါဘူးလေ။ ခင်ဗျားတို့ရဲ့ ချင်းအုပ်စုက လတ်တလော အခြေအနေမှ သိပ်မကောင်းတာ။ ပြီးတော့ စီအီးအိုချင်းတို့ ညီအစ်ကိုနှစ်ယောက်ကလည်း အတော်လေး အားနေပုံပဲ။ အဲ့တော့ ဘယ်သူမှ မနစ်နာပါဘူး ဟုတ်တယ်မလား”
ထိုစကားကြားသောအခါ ချင်းရှင်းကျစ်၊ ချင်းယန်ကျစ်နဲ့ ရှောင်းပေပေတို့ မျက်နှာပျက်သွားကြသည်။
ချင်းရှင်းကျစ်က အေးစက်စွာ ပြောလိုက်သည်။ “မန်နေဂျာလီရဲ့ စကားက နည်းနည်း မရိုင်းဘူးလား”
ချူးဟမ့်က သရော်ကာ ဝင်ပြောလိုက်သည်။ “ဘာလို့ ရိုင်းရမှာလဲ။ အဲ့တာ အမှန်တရားပဲ မဟုတ်ဘူးလား။ ခင်ဗျားတို့နဲ့ လက်တွဲဖူးတဲ့ ကုမ္ပဏီတွေအကုန် အခု လက်တွဲဖြုတ်သွားကြပြီ မဟုတ်ဘူးလား။ ပြီးတော့ ခင်ဗျားတို့ရဲ့ ထုတ်ကုန်က ဒိတ်အောက်နေပြီ။ ဦးနှောက်ရှိတဲ့ ဘယ်ကုမ္ပဏီမဆို ခင်ဗျားတို့နဲ့ လက်တွဲချင်ကြမှာ မဟုတ်ဘူး”
လီကျုံးဝေကလည်း ထောက်ခံပါသည်။ “ဟုတ်တယ် စီအီးအိုချင်း၊ ကျုပ်ကို အပြစ်တင်လို့ မရဘူး။ ခင်ဗျားတို့ နည်းပညာတွေက အရမ်း ဒိတ်အောက်နေပြီ။ ပြီးတော့ ခင်ဗျားတို့ရဲ့ ဈေးတွေကလည်း ချူးအုပ်စုနဲ့ ယှဉ်လို့ မရဘူး။ အဲ့တာကြောင့် ဘယ်ဘက်ကကြည့်ကြည့် ခင်ဗျားတို့ အနိုင်ရမှာ မဟုတ်ဘူး”
ထိုသို့ပြောပြီး လီကျုံးဝေ ရယ်မောကာ ဆက်ပြောလိုက်သည်။ “ဒါနဲ့ စီအီးအိုချင်းကို ကျေးဇူးတင်ပါတယ်။ ခင်ဗျားသာ အဲ့ဒီစာချုပ်ကို မဖျက်ဆီးခဲ့ရင် ခင်ဗျားတို့နဲ့ ကျုပ် အံကြိတ်ပြီး အလုပ်တွဲလုပ်နေရဦးမှာ”
ထို့နောက် လီကျုံးဝေနဲ့ ချူးဟမ့်တို့ အကြည့်ချင်း ဖလှယ်ကြီး လှောင်ရယ်ရယ်လိုက်ကြသည်။
ဝုန်း!
အသံကျယ်ကြီးတစ်သံကြောင့် သူတို့နှစ်ယောက် ထိတ်လန့်သွားကြသသည်။ အပြုံးတွေ ရပ်တန့်သွားပြီး ရှေ့ကို ပြန်လှည့်ကြည့်လိုက်ကြ၏။
ဧည့်စောင့်ခန်းထဲက စားပွဲခုံကြီး ကျိုးကျနေလေသည်။ စူစူလေးက ခါးထောက်လျက် သူတို့နှစ်ယောက်ကို ကြမ်းကြမ်းတမ်းတမ်း အကြည့်ဖြင့် ကြည့်နေ၏။
ချူးဟမ့်တို့ အံ့အားသင့်နေကြစဉ် စူစူလေးက သူတို့နားရောက်လာပြီး ခြေထောက်တွေကို လက်ဖြင့် ကိုင်လိုက်သည်။
လက်တစ်ဖက်စီဖြင့် နှစ်ယောက်စလုံးရဲ့ ခြေထောက်တွေကို ကိုင်လိုက်ခြင်းဖြစ်သည်။
သူမရဲ့ လက်ကလေးများက အလွန်သေးငယ်သဖြင့် သူတို့ခြေထောက်တွေကို အမိအရပင် မဆုပ်ကိုင်နိုင်ဘဲ ဒီတိုင်း တင်ထားသလို ဖြစ်နေသည်။
သို့သော်လည်း တစ်စက္ကန့်လောက် ကြာသောအခါ နှစ်ယောက်စလုံး လွင့်ထွက်သွားကြလေသည်။
ဝုန်း! ဝုန်း!
တစ်ယောက်က တံခါးနဲ့ ရိုက်မိပြီး နောက်တစ်ယောက်က စာအုပ်စင်ကြီးနဲ့ ရိုက်မိသွားလေသည်။
“ညီမလေး!”။ ချင်းရှင်းကျစ်၊ ချင်းယန်ကျစ်နဲ့ ရှောင်းပေပေတို့ အမြန်ပြေးလာပြီး စူစူလေးကို ထိန်းဖို့ ကြိုးစားကြသည်။
ချူးဟမ့်တို့နှစ်ယောက်အတွက် စိတ်ပူတာ မဟုတ်ဘဲ စူစူလေး တစ်ခုခုဖြစ်သွားမှာကို စိုးရိမ်တာဖြစ်ပါသည်။
သို့သော်လည်း စူစူလေးက သူမရဲ့ အစ်ကိုကြီးတွေနဲ့ ယောက်မတို့ကို စိတ်ညစ်အောင်လုပ်သည့် လူဆိုးနှစ်ယောက်အား အပြစ်ပေးဖို့ အာရုံများနေသဖြင့် ခေါ်သံတွေကို မကြားခဲ့ပါ။
အစ်ကိုကြီးတွေနဲ့ ယောက်မတို့ရဲ့ စိတ်ညစ်စရာတွေကို ဖယ်ရှားပေးမည်ဟု စူစူလေး ကတိပေးထားတာ အပြောသက်သက် မဟုတ်ပေ။
စူစူလေး နားလည်သလောက်ဆို စိတ်ညစ်စရာတွေ ဖယ်ရှားဖို့ အကောင်းဆုံးနည်းလမ်းက စိတ်ညစ်အောင် လုပ်သည့် လူတွေကို ဖယ်ရှားဖို့သာ ဖြစ်သည်။
ချူးဟမ့်နဲ့ လီကျုံးဝေတို့ ထိတ်လန့်သွားကြ၏။
လီကျုံးဝေ ကြမ်းပြင်ပေါ်မှ ပြန်ထဖို့ ကြံလိုက်စဉ် သူ့ခြေထောက်တစ်ဖက်ကို စူစူလေးက လာကိုင်ပြန်သည်။
ထိုလက်ကလေးက အလွန်နူးညံ့သိမ်မွေ့သော်လည်း ဘာကြောင့်မှန်းမသိဘဲ အလွန်ခွန်အားကြီးမားနေပါသည်။
“မ… မလုပ်ပါနဲ့…”။ စူစူလေးကို ကြည့်ရင်း လီကျုံးဝေ၏ မျက်လုံးများ အလွန်ချောက်ချားသွားခဲ့ပါသည်။
… … …