အခန်း (၆၉၁-၆၉၅)
Vol. 28 Ch. 691-695
အခန်း(၆၉၁) စိတ်ညစ်စရာတွေ ဖယ်ရှားဖို့ နည်းလမ်းကောင်း (၂)
လီကျုံးဝေ စကားတစ်လုံးနှစ်လုံးသာ ပြောရသေးချိန် စူစူလေးက သူ့ကို ထပ်မံ ကိုင်ပေါက်လိုက်ပြန်ရာ အနီးနားရှိ စားပွဲတစ်လုံးနဲ့ ဝင်တိုက်မိလေသည်။
ထိုစဉ် ချူးဟမ့်က လစ်ထွက်ဖို့ ကြိုးစားနေသည်။ သို့သော် ခြေလှမ်း ၂ လှမ်းလောက် လှမ်းပြီးနောက် သူ့ရှေ့မှာ စူစူလေး ရောက်နေပါပြီ။
သူမလက်ထဲမှာလည်း ထိုင်ခုံတစ်လုံးကို ကိုင်ထားသည်။
ထိုသစ်သား ထိုင်ခုံကြီးက အနည်းဆုံး 10kg လောက် လေးသည်။ သို့သော် စူစူလေးကတော့ ပလတ်စတစ်ခုံတစ်ခုံလို အလွယ်တကူ မ,ထားပါသည်။
စူစူလေး ထိုင်ခုံကို ခပ်မြင့်မြင့်ကိုင်မြှောက်လိုက်ပြီး အသင့်ပြင်လိုက်သည်။
ကံကောင်းစွာဖြင့် ချင်းရှင်းကျစ်နဲ့ ချင်းယန်ကျစ်တို့ အပြေးရောက်လာခဲ့ကြလေသည်။
“ညီမလေး စိတ်အေးအေးထား! ဒီကောင်က မတန်ပါဘူး!”
ချင်းရှင်းကျစ်က ထိုင်ခုံကြီးကို ဖက်ထားပြီး ချင်းယန်ကျစ်ကတော့ စူစူလေးကို ဖက်ထားပါသည်။
မကြာသေးခင်က ညီအစ်ကိုနှစ်ယောက် ပြိုင်ဆိုင်ခဲ့ကြသော်လည်း အခုလိုအချိန်မှာတော့ စည်းလုံးညီညွတ်နေသည်။
“အစ်ကိုကြီး မကြောက်နဲ့! သူ့ကို သေအောင် မရိုက်ပါဘူး! ခြေထောက်တွေကိုပဲ ချိုးမှာ!”။ စူစူလေးက ကြမ်းကြမ်းတမ်းတမ်း စကားများကို ချိုချိုသာသာ အသံလေးနဲ့ ပြောလိုက်ပါသည်။
လူဆိုးတွေကို ခေါင်းကလွဲပြီး ခြေတွေ၊ လက်တွေ ချိုးလို့ရသည်ဟု ဖေဖေနဲ့ မေမေက သင်ပေးထားပါသည်။
“ညီမလေး သူများတွေကို မရိုက်ရဘူး! သူတို့က ညီမလေးရဲ့ လက်သီးနဲ့ ထိုးဖို့တောင် မတန်ဘူး!”။ ချင်းရှင်းကျစ် ပြောလိုက်သည်။
စူစူလေး သေချာစဉ်းစားလိုက်၏။ “အဲ့တာဆို ပြီးရော”
စူစူလေး လက်ထဲက ထိုင်ခုံကို ပြန်ချထားလိုက်ပါသည်။
ချူးဟမ့်လည်း စိတ်အေးသွားရလေသည်။ အသက်အန္တရာယ်မရှိတော့မှ ချူးဟမ့် လူယုတ်မာအပြုံး ပြုံးကာ ပြောလိုက်သည်။ “ချင်းရှင်းကျစ်နဲ့ ချင်းယန်ကျစ်တို့၊ မင်းတို့ ညီမက တကယ့် မကောင်းဆိုးဝါးပဲ! သူက ရက်စက် ကြမ်းကြုတ်တဲ့ မကောင်းဆိုးဝါးဆိုတာ တစ်ကမ္ဘာလုံး သိသွားအောင် ငါလုပ်ပြမယ်!”
“ဘယ်သူ့ကို မကောင်းဆိုးဝါးလို့ လာခေါ်နေတာလဲ! မင်းပြောရဲထပ်ပြောကြည့် ပါးစပ်ကို တစ်စစီ ဆွဲဖြဲပစ်မယ်!”။ ချင်းရှင်းကျစ် ခြိမ်းခြောက်လိုက်သည်။
“ထွီ!”။ ရှောင်းပေပေက ချူးဟမ့်၏ မျက်နှာကို တံတွေးဖြင့် ထွေးလိုက်ပါသည်။ “နင်ကမှ မကောင်းဆိုးဝါးကောင်! နင်တို့ တစ်မိသားစုလုံးက မကောင်းဆိုးဝါးတွေ! ငါတို့ စူစူလေးက ဒီလောက် ချစ်ဖို့ကောင်းပြီး လိမ္မာတာ!”
“ပြောချင်တာပြောကြ၊ အမှန်တရားက မျက်စိရှေ့မှာပဲ ရှိနေတာ!”။ ချူးဟမ့် ယုံကြည်ချက် ပြည့်ဝနေသည်။ ချင်းမိသားစု၏ စီးပွားရေးကို မဖျက်ဆီးနိုင်ရင်တောင် ချင်းမိသားစုကို စိတ်ပိုင်းဆိုင်ရာ ထိခိုက်သွားအောင် လုပ်ပစ်မည်။
“ဆုတောင်းလေ!”။ ရှောင်းပေပေ ဒေါသတကြီး အော်လိုက်သည်။
“ဆုတောင်းစရာတောင်မလိုပါဘူး။ မန်နေဂျာလီနဲ့ ငါ့ပေါ်က ဒဏ်ရာတွေက သက်သေပဲ! သူက ငယ်သေးလို့ တရားစွဲလို့မရဘူးဆိုရင် သူက မကောင်းဆိုးဝါးဆိုတာ လူတိုင်းသိသွားအောင် လုပ်ပေးမယ်! နောက်ဆို သူနဲ့ ဘယ်သူ သူငယ်ချင်းဖြစ်ချင်ဦးမလဲ ကြည့်ရသေးတာပေါ့!”
ချူးဟမ့်၏ စကားကြောင့် ချင်းရှင်းကျစ်၊ ချင်းယန်ကျစ်နဲ့၊ ရှောင်းပေပေတို့ မျက်နှာတွေ ပျက်သွားကြပါသည်။
ထိုစဉ် ဧည့်စောင့်ခန်း တံခါးပွင့်လာသည်။
ချင်းမိသားစုဝင်များ စိုးရိမ်ပူပန်စွာ လှည့်ကြည့်လိုက်စဉ် ချူးဟမ့်နဲ့ လီကျုံးဝေတို့ကတော့ ပျော်ရွှင်နေကြသည်။
ကျန်းရှင်းကုမ္ပဏီကလူတွေ ဆူညံသံကြားပြီး ရောက်လာတာပဲဖြစ်မည်။
သို့သော်လည်း ဝင်လာသည့် လူတွေကို မြင်သောအခါ အားလုံး ကြောင်စီစီဖြစ်သွားသည်။
ရှောက်ကျင်းယန်က စူစူလေးဆီ အေးအေးလူလူလျှောက်လာပြီး ပြောလိုက်ပါသည်။ “စူစူလေးက တော်လိုက်တာ။ ဒီကောင်တွေကို ဘယ်လိုဖမ်းရမလဲ စဉ်းစားနေတာ စူစူလေးက အဆင်သင့် ပြင်ပေးထားတာပဲ! ကောင်းတယ်ကွာ ငါတို့ ဘာမှ မပင်ပန်းရတော့ဘူးပေါ့!”
ရှောက်ကျင်းယန်၏ စကားလုံးများကြောင့် စူစူလေးကလွဲပြီး တခြားသူတွေအားလုံး အံ့အားသင့်သွားကြသည်။
“ခေါင်းဆောင်ရှောက်၊ တခြား ခေါင်းဆောင်ပိုင်းတွေကို ထိန်းသိမ်းပြီးသွားပါပြီ။ အားလုံး ချောချောမွေ့မွေ့ပါပဲ”
အဖွဲ့သားတစ်ယောက်က ရှောက်ကျင်းယန်ကို အစီအစဉ် ခံလိုက်သည်။
“ငါ့ကို ခေါင်းဆောင်ရှောက်လို့မခေါ်နဲ့။ ငါက ဒီတိုင်း ယာယီ စုံစမ်းပေးတာပါ”။ ရှောက်ကျင်းယန် အပြုံးဖြင့် ပြောလိုက်သည်။
“ကျွန်တော်တို့အတွက်တော့ ခေါင်းဆောင်ရှောက်က ခေါင်းဆောင်ရှောက်ပဲ”
“ထားလိုက်ပါတော့။ ငါ့ကို ခေါ်ချင်သလိုသာခေါ်။ ကျန်တဲ့လူတွေနဲ့ သက်သေတွေ အကုန်လုံးကို တစ်ခုမကျန် ယူသွားလိုက်။ ဒီနှစ်ယောက်က အသာတကြည် အဖမ်းခံမှာမဟုတ်လို့ အင်အားသုံးဖို့ လိုလောက်တယ်။ ငါကူညီပေးမယ်”။ ရှောက်ကျင်းယန်က မျက်နှာတည်ကြီးဖြင့် လိမ်ညာလိုက်ပါသည်။
… … …
အခန်း(၆၉၂) လူတွေကို ရိုက်တာက အကောင်းဆုံးနည်းလမ်း မဟုတ်ဘူး
ကြမ်းပြင်ပေါ် လဲနေသည့် လူနှစ်ယောက်က အတော်လေး အားပြတ်နေမှန်း သိသာပါသည်။
ရှောက်ကျင်းယန်က စူစူလေးကို ထပ်ပြောလိုက်သည်။ “စူစူလေး ဒီနှစ်ယောက်က အသာတကြည် အဖမ်းမခံဘူး ဖြစ်နေတယ်။ သူတို့ကို လှုပ်လို့မရအောင် လုပ်ပြီး အစ်ကိုကြီးကို ကူညီပေးပါလား”
ရှောက်ကျင်းယန်၏ စကားကိုကြားပြီး ဒဏ်ရာရထားသည့် ချူးဟမ့်နဲ့ လီကျုံးဝေတို့ သတိလစ်လုနီးပါးဖြစ်သွားသည်။
“အွန်း! ကိစ္စမရှိဘူး!” စူစူလေး ပျော်ပျော်ကြီး သဘောတူလိုက်ပါသည်။
ဒီလို အသေးအဖွဲကိစ္စမျိုးကို သူမ တာဝန်ယူနိုင်ပါသည်။
စူစူလေး လက်သီးဆုပ်လျက် ချူးဟမ့်ကို လှည့်ကြည့်လိုက်သည်။
ဒါကိုမြင်ပြီး ရှောက်ကျင်းယန်ကို ချင်းရှင်းကျစ် အမြန်မေးလိုက်ပါသည်။ “မစ္စတာရှောက် အဲ့လိုလုပ်တာ သင့်တော်ပါ့မလား။ စူစူလေးက…”
ရှောက်ကျင်းယန်က ယုံကြည်ချက် အပြည့်ဖြင့် အာမခံလိုက်ပါသည်။ “ရပါတယ်။ ကျွန်တော် တာဝန်ယူတယ်။ စူစူလေး ကစားချင်သလောက် ကစားပါစေ။ လူဆိုးတွေဆို ကြိုက်သလောက် ရိုက်နှက်လို့ရတယ်။ သခင်ကြီးချင်းနဲ့ သခင်မကြီးချင်းတို့လည်း ဒီလိုပဲ ပြောကြမှာပဲ”
ချူးဟမ့်နဲ့ လီကျုံးဝေတို့နှစ်ယောက်ထံ ရောက်လာတာက ကယ်ဆယ်ရေး မဟုတ်ဘဲ ပိုကြီးမားသည့် အန္တရာယ် ဖြစ်နေလေသည်။ ဒီလူ၏ အရှိန်အဝါက အတော်လေး ရက်စက်ကြမ်းကြုတ်မည့် အရှိန်အဝါမျိုး ဖြစ်သည်။
သူ့စကားကြောင့် စူစူလေး အကာအကွယ်ရသွားပြီး ချင်းမိသားစုဝင်များ၏ စိုးရိမ်ပူပန်မှုများလည်း ပျောက်ကွယ်သွားပါသည်။
“မင်းတို့… ကလေးကို ဘယ်လိုတွေ သင်ပေးနေတာလဲကွ…”။ ချူးဟမ့် ဖြောင့်မတ်ချင်ယောင် ဆောင်ကာ ဒေါသတကြီး မေးလိုက်ပါသည်။
“ငါတို့ စူစူလေးက လူကောင်းတွေဆို ကောင်းကောင်းမွန်မွန် ဆက်ဆံပါတယ်။ ဒါပေမယ့် လူဆိုးတွေကိုတော့ နည်းနည်း ကြမ်းတမ်းပေးရမှာပေါ့။ လူဆိုးတွေကိုပါ ပြုံးပြတတ်အောင် သင်ပေးရမှာလား” ရှောက်ကျင်းယန် ပြန်ပြောလိုက်ပါသည်။
ချူးဟမ့် ဆွံ့အသွားပြီး မျက်လုံးတွေ ပြူးသွားပါသည်။ ဒီလောက်ထိ အရှက်မဲ့သည့်လူမျိုး ရှိနိုင်မည်ဟု မထင်ခဲ့ပါ။
ထိုစဉ် သူ့ထံ လက်သီးဆုပ်လေးများကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး လျှောက်လာသည့် စူစူလေးအား ချူးဟမ့် မြင်လိုက်ရသည်။
ဟိုတယ်မှာ စူစူလေး ဆုံးမတာကို ခံရဖူးသည့် မှတ်ဉာဏ်များ အာရုံထဲ ပြန်လည်ဝင်ရောက်လာပြီး ချူးဟမ့် ကြောက်လန့်သွားပါသည်။
သူ့အပေါ် စူစူလေး လက်သီး ကျရောက်ခါနီးတွင် စူစူလေး ရုတ်တရက် ရက်တန့်သွား၏။
ထို့နောက် ရှောက်ကျင်းယန်ဘက်သို့ ပြန်လှည့်ကာ ပြောလိုက်ပါသည်။ “အစ်ကိုကြီး သမီးသူတို့ကို မရိုက်ချင်တော့ဘူး”
စူစူလေး စိတ်ပြောင်းသွားပါပြီ။
“ဘာဖြစ်လို့လဲ စူစူလေး။ ဘာလို့ မရိုက်ချင်တော့တာလဲ”
“သူတို့ကို ရိုက်လိုက်လို့ ငိုသွားရင် ဆက်ဆိုးနေဦးမှာပဲ။ အဲ့တာ မကောင်းဘူး”
“ဟုတ်တယ်”။ တချို့ကိစ္စတွေကို လက်သီးနဲ့ ဖြေရှင်းလို့မရမှန်း ရှောက်ကျင်းယန်သိပါသည်။ သို့သော် စူစူလေး ဘာကြောင့် ရုတ်တရက် ဒီလိုတွေးမိသွားတာလဲ စိတ်ဝင်စားသဖြင့် မေးကြည့်လိုက်သည်။ “စူစူလေးက ဘာလို့ ရုတ်တရက်ကြီး အဲ့လို တွေးရတာလဲ”
“ဟိုဘက်အိမ်က ကိုကြီး ပြောတာလေ။ လူဆိုးတွေကို ရိုက်တာ ဘာမှ အသုံးမဝင်ဘူးတဲ့။ သူတို့က အပြင်ပန်းမှာ ဆိုးတာ မဟုတ်ဘူး အတွင်းထဲက ဆိုးတာတဲ့။ အဲ့တော့ သူတို့ကို လူကောင်းဖြစ်အောင် လုပ်ပေးချင်ရင် အတွင်းထဲကနေ စရတယ်တဲ့”။ လုကျန်းယွီ ပြောဖူးသည့် စကားကို စူစူလေး ပြန်ရွတ်ပြလိုက်ပါသည်။
တကယ်တော့ သူမကို လုကျန်းယွီ မကြာခဏ ပြောဖူးပါသည်။ သို့သော် စူစူလေးက အခုမှ သတိရသွားတာ ဖြစ်သည်။
မတတ်နိုင်ပေ။ သူမရဲ့ အစ်ကိုကြီးတွေကို စိတ်ညစ်အောင် လုပ်သည့် လူဆိုးတွေကို မြင်လိုက်တာနဲ့ စိတ်မထိန်းနိုင်ဘဲ ရိုက်နှက်မိသည်။
အခု မှတ်မိတာတောင် ကံကောင်းသွားသည်ဟု ဆိုရမည်။
“ဒါဆို အိမ်နီးချင်းကိုကြီးစကားကို နားထောင်လိုက်ပေါ့”။ ရှောက်ကျင်းယန် ပြောလိုက်ပါသည်။ တစ်ချိန်တည်းမှာပဲ စူစူလေး ခဏခဏ ထုတ်ပြောသည့် ထိုအိမ်နီးချင်း ကိုကြီးမှာ ဘယ်လို အရှိန်အဝါတွေ ရှိနေတာကြောင့် စူစူလေးရဲ့ စိတ်ကို ပြောင်းလဲနိုင်တာလဲဆိုတာ ရှောက်ကျင်းယန် သိချင်မိသည်။
“အွန်း ဒါပေမယ့် အစ်ကိုကြီး၊ သူတို့ကို အတွင်းထဲက နာအောင် ဘယ်လိုလုပ်ရမလဲ သိလား”။ စူစူလေး မေးလိုက်သည်။
လုကျန်းယွီကို ထိုမေးခွန်းမေးဖို့ စူစူလေး မေ့သွားပါသည်။ ထို့ကြောင့် ရှောက်ကျင်းယန်ကို မေးကြည့်လိုက်ခြင်းဖြစ်၏။
“သိတယ်” ရှောက်ကျင်းယန် ပြန်ဖြေလိုက်သည်။
ဒီကဏ္ဍမှာ သူအလွန်တော်ပါသည်။
“အဲ့တာဆို သူတို့ကို အတွင်းထဲက နာအောင် လုပ်ဖို့ ကူညီပေးပါလား”။ စူစူလေး တောင်းဆိုလိုက်လေသည်။
… … …
အခန်း(၆၉၃) အတွင်းထဲက နာအောင် လုပ်ခြင်း
“အင်း စိတ်ပူနဲ့။ အစ်ကိုကြီး တာဝန်သာ ထားလိုက်!”။ ရှောက်ကျင်းယန် ကတိပေးလိုက်သည်။
ချူးဟမ့်နဲ့ လီကျုံးဝေတို့နှစ်ယောက် သူတို့ စကားတွေကို နားထောင်ရင်း ခေါင်းတွေ မူးလာပါသည်။
သူတို့နှစ်ယောက် စဉ့်တီတုန်းပေါ်က ငါးတွေလို ခံစားနေရသည်။ ချင်းမိသားစုကတော့ ဓားတွေ ကိုင်ထားကြကာ သူတို့ကို ဘယ်လိုခုတ်၊ ဘယ်လိုထစ်၊ နောက်ဆုံး ဘယ်လိုချက်ပြုတ်ရမလဲ ဆိုတာပါ တိုင်ပင်နေကြသလိုပင်။
ရှောက်ကျင်းယန်က လီကျုံးဝေဆီ လျှောက်သွားပြီး သတင်းပါးလိုက်သည်။ “မန်နေဂျာလီ။ ခင်ဗျားရဲ့ ကုမ္ပဏီမှာ ပြဿနာ နည်းနည်း ရှိနေတယ်ထင်တယ်။ တရားမဝင် မှောင်ခို ကုန်ကူးတာ၊ ငွေကြေး အလွဲသုံးစားလုပ်တာ၊ အခွန်ရှောင်တာတွေ အပါအဝင်ပေါ့”။
“မင်း… မင်းဘာတွေ ပြောနေတာလဲ။ မင်းကို အသရေဖျက်မှုနဲ့ တရားစွဲမှာနော်!”။ လီကျုံးဝေ လိပ်ပြာမလုံဖြစ်သွားပြီး ရှောက်ကျင်းယန်ကို ပြန်ခြိမ်းခြောက်လိုက်ပါသည်။
“ရူးချင်ယောင် ဆောင်မနေစမ်းပါနဲ့။ ဌာနတိုင်းက ခင်ဗျားရဲ့ လူတွေကို သက်သေအဖြစ် ထိန်းသိမ်းထားပြီးပြီ။ ခင်ဗျားရဲ့ အတွင်းရေးမှူးနဲ့ စာရေးတို့လည်း အပါအဝင်ပေါ့”။ ရှောက်ကျင်းယန် အပြုံးဖြင့် ပြောလိုက်သည်။
“မင်းဘာပြောတယ်။ ခုနလေးတင် သူတို့…”။ လီကျုံးဝေ မျက်နှာပေါ် ချောက်ချားမှုများ ဖြည်းညင်းစွာ ပေါ်လာခဲ့ပါသည်။
အချိန်အတော်ကြာ ဆွံ့အသွားပြီးနောက် လီကျုံးဝေ မေးလိုက်သည်။ “မင်းဘယ်သူလဲ”
“ကျုပ်က အလုပ်သမားတစ်ယောက်ပါ။ တစ်ခါတလေ တချို့ ကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေရဲ့ ရာဇဝတ်မှု သက်သေတွေကို ရှာပေးရတယ်။ ကျုပ်ရဲ့ အဓိက ပစ်မှတ်တွေက ရာဇဝတ်မှု ကျူးလွန်ထားတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေပဲ။ သက်သေရသွားရင် သူတို့ရဲ့ စတောခ့်တွေထဲက အမြတ်နည်းနည်း ယူလိုက်တာပေါ့”။ ရှောက်ကျင်းယန် ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။
လီကျုံးဝေ၏ မျက်လုံးများက ဇဝေဇဝါဖြစ်မှုမှ ချောက်ချားမှုအဖြစ် ပြောင်းလဲသွားသည်။ “မင်း… မင်းက… ရှောက်… ရှောက်ကျင်းယန်လား”
“ကျုပ်ကို ကြားဖူးတာ ဂုဏ်ယူမိပါတယ်”
ရှောက်ကျင်းယန်၏ အဖြေကြောင့် လီကျုံးဝေ နောက်ဆုံးလက်ကျန် မျှော်လင့်ချက်များ ပျောက်ဆုံးသွားခဲ့ရလေသည်။
တခြားသူတစ်ယောက်ယောက်သာဆို ခြိမ်းခြောက်မှုသက်သက် ဖြစ်နိုင်သော်လည်း ရှောက်ကျင်းယန်ကတော့ ပြောသည့်အတိုင်း တကယ်လုပ်နိုင်သည်။
ရှောက်ကျင်းယန် ပစ်မှတ်ထားသည့် ကုမ္ပဏီတိုင်း လွတ်မြောက်ဖူးသည့် မှတ်တမ်း မရှိပါ။
လီကျုံးဝေ ခိုကိုးရာမဲ့ဖြစ်သွားပြီး ကြက်သေသေသွားခဲ့လေသည်။
အကြောင်းစုံ ကြားလိုက်ရသော ချူးဟမ့်လည်း ထိုနည်းလည်းကောင် မှင်သက်သွားခဲ့သည်။ လီကျုံးဝေရဲ့ ကုမ္ပဏီက အဲ့လိုပြဿနာတွေ ရှိနေတာလား။
လီကျုံးဝေ စိတ်ကျေနပ်စေဖို့အတွက် ချူးအုပ်စုမှ ထုတ်ကုန်တွေ အများကြီး ကြိုတင် ထုတ်လုပ်ခဲ့ရသည်။
လီကျုံးဝေတို့ ကုမ္ပဏီသာ ဒေဝါလီခံသွားရလျှင် ထိုထုတ်ကုန်တွေ ဘယ်သူ့ကို သွားရောင်းရမလဲ ချူးဟမ့် မသိတော့ပါ။
“ဪ ဟုတ်သားပဲ။ ခင်ဗျားတို့ ကုမ္ပဏီကလည်း ကျန်းရှင်းရဲ့ ပေကန်း နံပါတ်တစ် ထုတ်ကုန်ကို ဝယ်ယူခဲ့တယ်လို့ ကြားတယ် အဲ့တာဟုတ်လား”။ ရှောက်ကျင်းယန် မေးလိုက်သည်။
“အဲ့… အဲ့တာ ဘာဖြစ်လဲ”။ ချူးဟမ့် မဝံ့မရဲ မေးလိုက်ပါသည်။
ကျန်းရှင်းကုမ္ပဏီနဲ့ လက်တွဲနိုင်ဖို့အတွက် ချူးဟမ့် အပေးအယူတွေ အများကြီးလုပ်ခဲ့သည်။ ယခင် ကုမ္ပဏီအဟောင်းဖြင့် ကျန်းရှင်း၏ ပေကန်းနံပါတ်တစ် ထုတ်ကုန်ကို ဝယ်ယူခဲ့ဖူးသည်။
ထို့အပြင် ပမာဏက မနည်းပါ။ သန်း ၂၀ ဖိုးလောက်အထိ ရှိသည်။
သန်း ၂၀ ဆိုတာ ချူးအုပ်စု ကုမ္ပဏီဟောင်းအတွက် အလွန်များပြားသော ပမာဏ ဖြစ်ပါသည်။
ထိုဆန်းကြယ်သည့် ပုဂ္ဂိုလ် ပေးထားသည့် ကုမ္ပဏီအသစ်ကို ချူးဟမ့် အားကိုးပြီး မူလ လုပ်ငန်းကို တည်ငြိမ်အောင်လုပ်ကာ အခုမှ အခြေအနေ တိုးတက်လာခါစ ရှိသေးသည်။
“အဲ့ဒီ ထုတ်ကုန်မှာ ပြဿနာတချို့ ရှိနေတယ်။ ရှောက်ကျင်းယန်က အနာကို ဆားဖြင့် ပက်လိုက်ပါသည်။
“ဘယ်… ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ လုံးဝ မဖြစ်နိုင်ဘူး!”။ ရှောက်ကျင်းယန်၏ စကားကို ချူးဟမ့် မယုံကြည်နိုင်ပါ။
သူပြောတာသာ အမှန်ဆို သူ့ကုမ္ပဏီပါ ဒုက္ခရောက်သွားနိုင်သည်။ ဒါဆို သူ့ဘဝ ဇာတ်သိမ်းသွားပါလိမ့်မည်။
ချူးဟမ့် မျက်နှာ ဖြူဆုပ်သွားပြီး အရိုက်ခံထားရတာထက် ပိုကြည့်ရဆိုးသွားသည်။
ရှောက်ကျင်းယန်က စူစူလေး နားသို့ပြန်လျှောက်လာပြီး ဆောင့်ကြောင့်ထိုင်ကာ တီးတိုးပြောလိုက်ပါသည်။ “မြင်လား စူစူလေး။ သူတို့ပုံစံကို ကြည့်လိုက်ရုံနဲ့ အတွင်းထဲက နာကျင်နေတယ်ဆိုတာ သိသာတယ်”
… … ….
အခန်း(၆၉၄) တူငယ်လေး (၁)
စူစူလေး မျက်နှာ ဇဝေဇဝါဖြစ်သွားပါသည်။
အစ်ကိုကြီးက အလွန်တော်သည်ဟုသာ ခံစားမိသည်။ လက်ချောင်းတစ်ချောင်းပင် လှုပ်စရာမလိုဘဲ စကားလုံးတချို့ ပြောလိုက်ရုံနဲ့ လူဆိုးတွေ အလွန်ဝမ်းနည်းသွားကြသည်။
“အစ်ကိုကြီး သမီးကို သင်ပေးပါ! သမီးလည်း အစ်ကိုကြီးလို တော်ချင်တယ်!’
သူ့ကို တလေးတစား ကြည့်နေသည့် စူစူလေးကို ကြည့်ရင်း ရှောက်ကျင်းယန် ပြုံးမိသွားပါသည်။
ဒီဂုဏ်ယူဝံ့ကြွားမိတဲ့ ခံစားချက်ကြီးက ဘယ်လိုကြီးလဲ။
စူစူလေးရဲ့ ချီးကျူးစကားကြောင့် သူ့နှလုံးက အလွန်ပျော်ရွှင်ရပါသည်။
“ဟုတ်ပြီ။ စူစူလေး အချိန်ရပြီး သင်ချင်စိတ်ရှိရင် သင်ပေးမှာပေါ့။ ငါတို့ စူစူလေး အရမ်းတော်သွားအောင် သင်ပေးမယ်!”။ ရှောက်ကျင်းယန် သဘောတူလိုက်ပါသည်။
“အွန်း အရမ်း အရမ်းတော်သွားအောင် သင်ပေးပါ!”။ စူစူလေး မျှော်လင့်တကြီး ခေါင်းငြိမ့်လိုက်ပါသည်။
ချင်းရှင်းကျစ်က ရှောက်ကျင်းယန်ကို မေးလိုက်သည်။ “မစ္စတာရှောက် ဒီကို ဘယ်လိုလုပ် ရောက်လာတာလဲ။ စူစူလေးကြောင့်လား”
“မဟုတ်ပါဘူး ဒါတိုက်ဆိုင်တာ။ ကျွန်တော် မလာခင်တုန်းက စူစူလေး ဒီနေရာက်နေမယ်မှန်း မသိခဲ့ဘူး”။ ရှောက်ကျင်းယန် ရှင်းပြလိုက်သည်။
ခုတလော သူအလုပ်များနေသဖြင့် စူစူလေးရဲ့ တည်နေရာကိုတောင် ခြေရာမခံမိပေ။
ထို့အပြင် ပေကျင်းမြို့သို့ စူစူလေး လိုက်လာဖို့ ဒီနေ့မနက်မှ ဆုံးဖြတ်ချက် ချခဲ့တာ ဖြစ်သည်။ ရှောက်ကျင်းယန် ဘယ်လောက်ပဲ အဆက်အသွယ် ကျယ်ပြန့်ပါစေ အနာဂတ်ကိုတော့ ကြိုမမြင်နိုင်ချေ။
“ဒါဆို ကျုပ်တို့ တော်တော် ကံကောင်းတာပဲ”။ ချင်းရှင်းကျစ် ပြောလိုက်သည်။
ဒီအခြေအနေကို ဘယ်လိုဖြေရှင်းရမလဲ ချင်းရှင်းကျစ် ခေါင်းစားနေခဲ့သည်။ သို့သော် ရှောက်ကျင်းယန် ရောက်လာပြီး အရာရာ အဆင်ပြေသွားခဲ့ပါသည်။
ရှောက်ကျင်းယန်သာ မကူညီခဲ့လျှင် သူတို့ ဒီလောက်ထိ ကံမကောင်းလောက်ပါ။
ရှောက်ကျင်းယန် ခေါင်းငြိမ့်ကာ ထောက်ခံလိုက်ပါသည်။ စူစူလေး ကံကောင်းတာကို သူတို့ တစ်ဖွဲ့လုံး သိထားပြီးသား ဖြစ်သည်။
ချင်းယန်ကျစ်က ရှောက်ကျင်းယန်အား ဖိတ်ကြားလိုက်သည်။ “မစ္စတာရှောက် အဆင်ပြေရင် ကျွန်တော်တို့အိမ်မှာ ညစာလိုက်စားပါလား”
“ကျေးဇူးပါ ဒါပေမယ့် ကျွန်တော် လုပ်စရာအလုပ်လေးတွေ ရှိသေးလို့။ နောက်နေ့မှ တွေ့ကြတာပေါ့”
ရှောက်ကျင်းယန် ယဉ်ယဉ်ကျေးကျေး ငြင်းဆန်လိုက်သည်။ ထို့နောက် စူစူလေးကို နှုတ်ဆက်လိုက်ပါသည်။ “အစ်ကိုကြီး အလုပ်ပြီးလို့ အားတဲ့အချိန်ကျရင် စူစူလေးနဲ့ မမလှလှတို့ဆီ လာလည်မယ်နော်”
“အွန်း! တာ့တာ အစ်ကိုကြီး!”။ စူစူလေးက ရှောက်ကျင်းယန်ကို တာ့တာပြကာ နှုတ်ဆက်လိုက်ပါသည်။
ရှောက်ကျင်းယန်ထွက်သွားပြီးနောက် လီကျုံးဝေကိုလည်း သက်ဆိုင်ရာမှ ဖမ်းဆီးသွားသည်။
ထို့နောက် ချင်းယန်ကျစ်နဲ့ ရှောင်းပေပေတို့လင်မယားလည်း စူစူလေးကိုခေါ်ပြီး ပေကျင်းမြို့ရှိ သူတို့အိမ်ဆီ ပြန်လာခဲ့ကြလေသည်။
ဟွာချန့်မြို့ရှိ ဗီလာကြီးလို မဟုတ်ဘဲ ပေကျင်းမြို့ရှိ ချင်းယန်ကျစ်တို့ အိမ်ကာ စတုရန်းမီတာ ၂၀၀ ကျော် ကျယ်သည့် တိုက်ခန်းကြီးဖြစ်သည်။
စူစူလေးကို ရှောင်းပေပေ ပွေ့ချီလာပြီး ဧည့်ခန်းထဲက ဆိုဖာပေါ် တင်ပေးလိုက်သည်။ ဆိုဖာရှေ့က စားပွဲပေါ်မှာလည်း မုန့်တွေ မျိုးစုံ တင်ထားပါသည်။
ချင်းယန်ကျစ်တို့ လင်မယားနှစ်ယောက် စူစူလေးကို စားစရာတွေ၊ ကစားစရာတွေ၊ ဖတ်စရာတွေ အစုံအလင် ပေးကြသည်။
“ဟင်း”
ထိုစဉ် ခပ်သဲ့သဲ့ သရော်ရယ်သံတစ်ချက်ကို စူစူလေး ကြားလိုက်ရလေသည်။ ထို့ကြောင့် ခေါင်းမော့ကြည့်လိုက်ရာ သူမရှေ့ရှိ နံရံပေါ်တွင် လက်ပိုက်လျက် မှီနေသော ကောင်လေးတစ်ယောက်ကို မြင်လိုက်ရပါသည်။
သူ့ပုံစံက သူမရဲ့ တူလေးတွေထက် ငယ်ပုံရသည်။ သို့သော် ကိုကြီးနဲ့ ထျင်းထျင်းတို့ထက်တော့ အသက်ကြီးမည့်ပုံစံ ပေါက်ပါသည်။
စူစူလေးက ထိုကောင်လေးကို ကြည့်နေပြီး ထိုကောင်လေးကလည်း စူစူလေးကို ပြန်ကြည့်နေသည်။
“နင်က ချင်းစူစူပေါ့”။ ကောင်လေးက လူငယ်တစ်ယောက်ပီပီ မောက်မာ ခက်ထန်စွာ မေးလိုက်သည်။
စူစူလေး ပြန်မဖြေနိုင်ခင် ရှောင်းပေပေက ဆုံးမလိုက်ပါသည်။ “ချင်းယုမူ ဒါ နင့်ဒေါ်လေးနော်။ နာမည်အပြည့်အစုံ မခေါ်ရဘူး!”
ထိုကောင်လေးက တခြားသူမဟုတ်ဘဲ ချင်းယန်ကျစ်နဲ့ ရှောင်းပေပေတို့၏ သားအငယ်ဆုံး ချင်းယုမူဖြစ်သည်။ အသက် ၁၁ နှစ်သာ ရှိသေးပြီး စူစူလေးရဲ့ တူပေါင်းများစွာအနက် အငယ်ဆုံးဖြစ်သည်။
“အဲ့လို မခေါ်နိုင်ပါဘူး။ သူ့လို ကလေးလေးတစ်ယောက်ကို ဒေါ်လေးလို့ ခေါ်ရမှာ ရှက်စရာကြီး!”။ ဆယ်ကျော်သက် အရွယ်ဝင်ခါစ ဖြစ်သဖြင့် ဂျစ်ကန်ကန် နိုင်လှသည်။
သူ့ထက် ပိုငယ်သည့် ဒေါ်လေးတစ်ယောက် ရှိသည်ဆိုတာကို ချင်းယုမူ လုံးဝ လက်မခံနိုင်ပါ။
… … …
အခန်း(၆၉၅) တူငယ်လေး (၂)
ရှောင်းပေပေက သူမသားကို အမြန်ဆုံးမလိုက်သည်။ “မသာလေး မဟုတ်တာတွေ မပြောစမ်းနဲ့! စူစူလေးလို ချစ်စရာကောင်းတဲ့ ဒေါ်လေး ရထားတာ နင့်သူငယ်ချင်းတွေကတောင် မနာလို ဖြစ်ကြဦးမယ်! ဘာလို့ ရှက်စရာ ကောင်းရမှာလဲ။ အဲ့လိုစိတ်ထားတာ လုံးဝ မှားတယ်နော်!’
ဒီအသက်အရွယ် ကလေးတွေက လူကြီးတွေနဲ့ အမြင်မတူတာ ဖြစ်လေ့ဖြစ်ထရှိပါသည်။ ရှောင်းပေပေက သူ့သားကို အမှန်မြင်တတ်အောင် သင်ပေးနေပြီး သူတို့ရဲ့ ချစ်စရာဒေါ်လေးကို လက်ခံတတ်အောင် အားပေးနေသည်။
ချင်းယုမူက စူစူလေးကို အကဲခတ်လိုက်၏။
တော်တော်သေးတာပဲ!
ခြေထောက်သေးသေး လက်သေးသေးလေးတွေနဲ့၊ ကျစ်ဆံမြီးလေးလည်း ကျစ်ထားသေးသည်။ သူမ ဆံပင်က အလွန် နူးညံ့ပျော့ပြောင်းပြီး ကိုင်လို့ကောင်းမည့်ပုံပင်။
ထို့နောက် သူမရဲ့ ဖြူးဖွေးနူးညံ့သော မျက်နှာလေးနဲ့ ကြည်လင်ဝိုင်းစက်နေသော မျက်လုံးပြူးပြူးလေးများကို ကြည့်လိုက်သည်။
သူ့စိတ်ကူးယဉ်အိပ်မက်ထဲက ညီမလေးမှာ ဒီလိုပုံစံမျိုးလေးပဲဖြစ်သည်။ ထို့ကြောင့် ချင်းယုမူ ခေတ္တ ရင်ခုန်သွား၏။
သို့သော် ၅ စက္ကန့်သာ ခံလိုက်ပြီး ချက်ချင်း မျက်နှာလွှဲလိုက်ပါသည်။
“မခေါ်ချင်ဘူး! ဒေါ်လေးဆိုရင် မမိုက်ဘူး။ ချစ်စရာကောင်းတဲ့ ညီမလေးရထားမှ သူများတွေ မနာလိုဖြစ်ကြမှာ! ဒီတစ်ယောက်ကို ခေါ်ပြီး သူငယ်ချင်းတွေရှေ့မှာ ဒေါ်လေးပါလို့ ပြောလိုက်ရင် ဝိုင်းရယ်ကြလိမ့်မယ်! မင်းဒေါ်လေးက ဘာလို့ အဲ့လောက်သေးတာလဲလို့ ဝိုင်းမေးကြလိမ့်မယ်!”
“ဒေါ်လေးဖြစ်ဖြစ် ညီမလေးဖြစ်ဖြစ် ဘာအရေးကြီးလို့လဲ။ သူ ချစ်ဖို့ကောင်းရင် ပြီးတာပဲ မဟုတ်ဘူးလား။ စူစူလေးက ဘယ်လောက် ချစ်ဖို့ကောင်းပြီး လိမ္မာလဲ ကြည့်ပါဦး။ ဒီလောက် ချစ်ဖို့ကောင်းတဲ့ ကလေးမျိုး ဘယ်မှာ ရှာလို့ရမလဲ။ ပြီးတော့ နင်ညီမလေးလိုချင်တယ်လို့ အမြဲတမ်း တဖွဖွပြောနေတာ မဟုတ်ဘူးလား”။ ရှောင်းပေပေ မေးလိုက်သည်။
“ဂရုမစိုက်ဘူးဗျာ! အမေတို့ ကျွန်တော့်ကို ညီမလေး မွေးပေးနိုင်ရင် မွေးပေးလိုက်။ အဲ့တာဆို ကျွန်တော် ကူထိန်းပေးမယ်။ ဒီတစ်ယောက်ကိုတော့ မလိုချင်ဘူး!”။ ချင်းယုမူ ခိုင်မာပြတ်သားစွာ ပြောလိုက်ပါသည်။
သူ့အစ်ကိုကြီးနဲ့ အစ်ကိုလတ်တို့ ဒီလို အဒေါ်သေးသေးလေးကို ဘယ်လိုများ လက်ခံနိုင်ကြတာလဲ ချင်းယုမူ နားမလည်ပါ။ သူတို့လည်း အဖေ အမေ၊ အဘိုးအဘွားတွေ စိတ်မကောင်းဖြစ်မှာ စိုးရိမ်သဖြင့် လက်ခံချင်ယောင် ဆောင်နေကြတာသာ ဖြစ်မည်။
ဘယ်လိုပဲဖြစ်ဖြစ် သူကတော့ လုံးဝ လက်မခံနိုင်ပါ။
သူ့မှာ ခံယူချက်တွေရှိသည်။ မဟာ ခံယူချက်တွေ အများကြီး ရှိသည်။
ရှောင်းပေပေ စိတ်ပျက်လက်ပျက်ဖြစ်သွား၏။ သူမသားက ပြောရဆိုရ ခက်သည့်အရွယ် ရောက်လာပြီဖြစ်သဖြင့် ဘာမှ မတတ်နိုင်တော့ပါ။
သား ၃ ယောက် မွေးထားသဖြင့် ဒီလိုအရွယ်မှာ ယောက်ျားလေးတွေကို ထိန်းရတာ ဘယ်လောက် ခေါင်းကိုက်ရသလဲ ရှောင်းပေပေ သိပြီးသား ဖြစ်သည်။
ထို့နောက် ရှောင်းပေပေက စူစူလေးဘက်သို့ လှည့်ကာ မိတ်ဆက်ပေးလိုက်သည်။ “စူစူလေး ဒါယောက်မရဲ့ သားအငယ်ဆုံး၊ စူစူလေးရဲ့ တူအငယ်ဆုံးလေးလေ”
“တူအငယ်ဆုံးလေးဟုတ်လား။ ယုကျီးက အငယ်ဆုံးတူလေး မဟုတ်ဘူးလား”။ စူစူလေး မေးလိုက်သည်။
“မဟုတ်ဘူး ယုကျီးက အငယ်ဆုံးမဟုတ်ဘူး။ ယုမူလေးက ယုကျီးထက် အသက် ၇ နှစ်ပိုငယ်တယ်”။ ရှောင်းပေပေ ရှင်းပြလိုက်ပါသည်။
ဪ အဲ့လိုကိုး…
စူစူလေး ခေတ္တစဉ်းစားလိုက်ပြီး ချင်းယုမူအား ပြောလိုက်သည်။ “အဲ့တာဆို တူငယ်လေးလို့ပဲ ခေါ်မယ်! တူသေးသေးလို့တော့ ခေါ်လို့မရဘူး! တူသေးသေးလေးဆိုတာ တူလေးယုကျီးရဲ့ ညီလေးကို ခေါ်ဖို့ ချန်ထားတာ”
စူစူလေး၏ အသံက အလွန်ချိုမြိန်သည်။ ချင်းယုမူကို ကြည့်နေသည့် သူမ၏ မျက်လုံးပြူးပြူးလေးများက အလွန် တောက်ပနေပါသည်။
ချင်းယုမူ မှင်သက်သွားခဲ့သည်။
သူ့အိပ်မက်ထဲက ညီမလေးကလည်း ဒီလိုပုံစံလေးပဲဖြစ်သည်။
သူ့အတန်းထဲက ရှောင်ကျဲ ဆိုသူမှာ သူ့ညီမလေး အလွန်ချစ်ဖို့ကောင်းကြောင်း မကြာခဏ ကြွားတတ်၏။ သို့သော်လည်း အခု သူ့ရှေ့မှာ ရပ်နေသည့် ကလေးမလေးက အဆ ၁,၀၀၀ လောက် ပိုသာပါသည်။
ဒီကလေးမလေးကသာ သူ့ညီမလေးဖြစ်နေလျှင် ကျောင်းကို ခေါ်သွားပြီး တကယ်ချစ်ဖို့ကောင်းသည့် ညီမလေးက ဘယ်လိုမျိုးလဲဆိုတာ ရှောင်ကျဲကို ပြသလိုက်မည်။
“လုပ်ချင်တာသာလုပ်!”။ ချင်းယုမူ မျက်နှာလွှဲလိုက်ပါသည်။
တူသေးသေးလေးလို့ ခေါ်ချင်တဲ့လူကိုခေါ်! သူက သေးသေးလေးမှ မဟုတ်တာ!
စူစူလေးက ရှောင်းပေပေကို ပြန်လှည့်ကြည့်လိုက်သည်။ ရှောင်းပေပေက အမြန် ရှင်းပြလိုက်၏။ “စူစူလေး သူ့ကို ဂရုစိုက်မနေနဲ့။ သူက ငယ်သေးတော့ နည်းနည်း ကလေးဆန်တယ်”
“ဪ…” စူစူလေး ခေါင်းငြိမ့်လိုက်သည်။ ဒီတူလေးက တကယ်ပဲ အနည်းငယ် သေးငယ်ပါသည်။ သူမက ရင့်ကျက်သူ ဖြစ်သဖြင့် စိတ်မဆိုးတော့ပါ။
စူစူလေးက ခွင့်လွှတ်ပေးတတ်သည်။ ချင်းယုမူ သူမကို ရန်ရှာ၊ အနိုင်ကျင့်တာမျိုး မလုပ်သရွေ့ နှစ် ၁၀၀ ကျော် သက်တမ်းရှိသည့် စူစူလေးလို နတ်သားရဲတစ်ကောင်က ခွင့်လွှတ်ပေးမှာ ဖြစ်ပါသည်။
ချင်းယုမူက ပြန်ချေပလိုက်သည်။ “ဘယ်သူက ကလေးလဲ! ကျွန်တော် ကလေးမဟုတ်ဘူး လူကြီးဖြစ်နေပြီ!”
စူစူလေး စိတ်ထဲမှ တွေးလိုက်၏။ ဒီတူငယ်လေးက တော်တော် ပြောရခက်တာပဲ။ နည်းနည်းလည်း ဆိုးတယ်။ ဘယ်လိုလုပ်ရင် ကောင်းမလဲ။
… … …