အခန်း (၆၉၆-၇၀၀)
Vol. 28 Ch. 696-700
အခန်း(၆၉၆) တူငယ်လေး (၃)
သူ့ကို သူ့မိဘတွေ ကလေးဟု ခေါ်လျှင် ချင်းယုမူ မကြိုက်ပါ။ သူက အရွယ်ရောက်နေပြီဖြစ်သည်။
နည်းနည်းလောက် ဆန္ဒထပ်ပြဖို့ ကြံလိုက်စဉ် သူ့အစ်ကိုကြီးရဲ့ အသံကို ကြားလိုက်ရလေသည်။
“ယုမူ မင်းအိမ်စာ သွားလုပ်တော့လေ”။ ချင်းယုချဲ၏ အသံက တည်ငြိမ် တိုးညှင်းသည်။
ချင်းယုချဲ၏ အသံကိုကြားမှ ချင်းယုမူ ဒေါသ ချက်ချင်း ပျောက်သွားသည်။
စကားနည်းသော်လည်း အချက်အပြုတ်တော်ပြီး အလွန်ဝီရိယရှိသည့် အစ်ကိုကြီးကို သူလေးစားပါသည်။ အစ်ကိုကြီးက သူတို့ ညီတွေကို အမြဲတမ်း သိမ်သိမ်မွေ့မွေ့ ဆက်ဆံသည်။
“အစ်ကိုကြီး ဒီနေ့ည ဟင်းချက်ပေးမှာလား”။ အိမ်စာသွားမလုပ်ခင် ချင်းယုမူ မေးလိုက်သည်။
သူ့အစ်ကိုကြီး ချက်ပေးသည့် ဟင်းလျာတွေကို ချင်းယုမူ အကြိုက်ဆုံးဖြစ်သည်။ ထို့အပြင် မစားရတာလည်း အတော်ကြာပြီဖြစ်သဖြင့် စားချင်နေပါသည်။
“ဟုတ်တယ်”။ ချင်းယုချဲ ပြန်ဖြေလိုက်သည်။
“ငါ ငါးရှဉ့်စားချင်တယ်!”။ ချင်းယုမူက အခွင့်အရေးကို အရယူပြီး တောင်းဆိုလိုက်လေသည်။
“စားရမယ်၊ ဒါပေမယ့် မင်းဒေါ်လေးကို မကောင်းတာ ထပ်မပြောရဘူး”
ယုမူက စကားကို မစဉ်းစားဘဲ ပြောတတ်သဖြင့် စူစူလေး စိတ်ထိခိုက်သွားမှာ စိုးရသည်။
“မပြောတော့ပါဘူး မပြောတော့ပါဘူး”။ ချင်းယုမူ တီးတိုး ရေရွတ်လိုက်သည်။
ဘယ်လိုပဲဖြစ်ဖြစ် ဒီလို ဒေါ်လေးသေးသေးလေးနဲ့ သူ ပတ်သတ်မှာလည်း မဟုတ်ပါ။
ထိုသို့ပြောပြီးနောက် ချင်းယုမူ သူ့အခန်းဆီ လျှောက်သွားခဲ့သည်။ အခန်းထဲမဝင်ခင် စူစူလေးကို လှည့်ကြည့်လိုက်သေး၏။
စူစူလေးကလည်း မြင်ပါသည်။ ချင်းယုမူရဲ့ အူကြောင်ကြောင် အကြည့်ကို မြင်သော်လည်း စူစူလေး ဂရုမစိုက်ပါ။
ဘာဂရုစိုက်စရာလိုလို့လဲ! လူသားပေါက်စတစ်ယောက်ကို သူမ ဂရုစိုက်စရာမလိုဘူး!
ချင်းယုမူထွက်သွားသောအခါ စူစူလေး အိမ်ထဲကို လိုက်ကြည့်လိုက်ပြီး နံရံပေါ်က ဆုတံဆိပ်တွေ အများကြီးကို သတိထားမိသွားသည်။
စူစူလေး မေးလိုက်၏။ “အဲ့တာ ဘယ်သူ့ဆုတွေလဲ အစ်ကိုလတ်”
ချင်းယန်ကျစ်က စူစူလေး ဘေးနားမှာ ထိုင်လိုက်ပြီး ရှင်းပြလိုက်သည်။ “စူစူလေး တူလေးတွေရဲ့ ဆုတွေပေါ့။ ဘယ်ဘက်က ဆုတွေက တူချောလေးရဲ့ ဆုတွေ၊ ဟင်းချက်ပြိုင်ပွဲတွေမှာ ဆုတွေ အများကြီး ရဖူးတယ်။ ညာဘက်က ဆုတွေကတော့ တူငယ်လေးရဲ့ ဆုတွေပေါ့။ သူက စကိတ်ဘုတ်စီးတာ၊ နှင်းလျှောစီးတာ ဝါသနာပါတယ်။ ပြိုင်ပွဲတွေမှာ ဆုတွေရခဲ့တာ”
“စကိတ်ဘုတ်စီးတာ နှင်းလျှောစီးတာ ဟုတ်လား အဲ့တာဘာတွေလဲ”။ စူစူလေးက မေးလိုက်သည်။
ပျော်စရာကောင်းမယ့်ပုံပဲ!
“စူစူလေးလည်း ကစားချင်လို့လား။ အဲ့တာဆို နေ့လယ်စာ စားပြီးရင် တူငယ်လေးနဲ့ လိုက်သွားလိုက်လေ!”
သူ့သားအငယ်ဆုံးကို စူစူလေးနဲ့ အနေနီးအောင် ချင်းယန်ကျစ် စီစဉ်လိုက်တာဖြစ်သည်။ ဒီလိုသာဆို သူ့သားအငယ်ဆုံး ဟန်ဆောင်နေတာတွေ ပျောက်သွားလောက်ပါသည်။
“ဟုတ်ကဲ့!” စူစူလေး သဘောတူလိုက်ပါသည်။
ထိုကောင်စုတ်လေးက သူမကို ဒေါ်လေးဟု မခေါ်ချင်သော်လည်း သူမ ဂရုမစိုက်ပါ။
နေ့လယ်စာ စားပြီးနောက် ချင်းယုမူ စကိတ်ဘုတ်ကို ယူပြီး အောက်ထပ်ရှိ ပန်းခြံဆီ သွားဖို့ ပြင်လိုက်သည်။ စကိတ်အတူတူ စီးကြသည့် သူငယ်ချင်းတွေ စုစည်းကြသော နေရာလည်းဖြစ်၏။ ထိုသူငယ်ချင်းတွေကြားထဲမှာ အမြဲတမ်း သူ့ညီမအကြောင်း ကြွားတတ်သော ရှောင်ကျဲလည်း ပါဝင်ပါသည်။
ချင်းယုမူ အိမ်တံခါးဝသို့ ရောက်သောအခါ စူစူလေးကို မြင်သွားသည်။ စူစူလေးကလည်း စကိတ်ဘုတ်လေးတစ်ခု ကိုင်ထားပါသည်။
“နင်ဘာလုပ်နေတာလဲ”။ ချင်းယုမူ လန့်သွားပြီး မေးလိုက်ပါသည်။
“ကစားမလို့လေ!”
“ဘာကို ကစားမှာလဲ။ နင်စကိတ်ဘုတ်တောင် စီးဖူးရဲ့လား”။ ချင်းယုမူ မေးလိုက်၏။
“မစီးဖူးဘူး”
“မစီးဖူးရင် ဘာလိုက်လုပ်မှာလဲ”
စကိတ်စီးတာ အန္တရာယ်များပါသည်။ မတော်တဆ ပြုတ်ကျနိုင်သည်။ သူမ ပုံစံလေးက အတော် ပျော့ညံ့မည့်ပုံစံ ပေါက်သဖြင့် တစ်ခေါက်လောက် လဲကျသွားတာနဲ့ ပွဲသိမ်းသွားလိမ့်မည်။
“ဟွန်း!”
အကျင့်မကောင်းတဲ့ တူလေး! သူမကိုများ အထင်သေးရဲတယ်!
စူစူလေးက မျက်နှာလွှဲလိုက်ပြီး စကိတ်ဘုတ်လေးကို ကိုင်ကာ တံခါးဆီ တစ်ယောက်တည်း လျှောက်သွားပါသည်။ ထို့နောက် ခုံပုလေးတစ်ခုမှာ ထိုင်ပြီး ဖိနပ်စီးလိုက်သည်။
စူစူလေးသူ့ကို အထင်အမြင်သေးစွာ ကြည့်သွားသည်ဟု ချင်းယုမူ ခံစားလိုက်ရသည်။
“သူ… သူ ကျွန်တော့်ကို အထင်သေးတဲ့အကြည့်နဲ့ ကြည့်သွားတာလား”။ ချင်းယုမူ မေးလိုက်သည်။
“ဟုတ်လား၊ ငါတော့မမြင်ပါဘူး”။ ချင်းယန်ကျစ် မျက်နှာတည်ဖြင့် လိမ်ညာလိုက်ပါသည်။ ထို့နောက် ချင်းယုမူကို အပြင်သွားဖို့ ဆွဲခေါ်လိုက်သည်။ “ဟုတ်ပြီ ဟုတ်ပြီ သွားကြစို့”
“အဖေ ကျွန်တော် သူနဲ့ မသွားချင်ဘူး!”။ ချင်းယုမူ စတင် ဆန္ဒပြလေသည်။
… … …
အခန်း(၆၉၇) စကိတ်ဘုတ် ပါရမီရှင်လေး (၁)
“ဂျီကျမနေနဲ့ မင်းက လူကြီးဖြစ်နေပြီဆို၊ မလုပ်ချင်တာကိုလည်း အားတင်းပြီး လုပ်တတ်ရမှာပေါ့ကွ”
ချင်းယန်ကျစ်က ချင်းယုမူကို ငြင်းခွင့်မပေးဘဲ တရွတ်တိုက် ဆွဲခေါ်လာလေသည်။
“အဖေ… အဖေ… ကျွန်တော် မသွားချင်ဘူး!”။ ချင်းယုမူက တံခါးဘောင်ကို အတင်းဆွဲထားလေသည်။
“အဲ့တာဆို စူစူလေးနဲ့ ငါပဲ သွားတော့မယ်။ မင်းသူငယ်ချင်းတွေ အကုန်လုံးကို ငါသိတယ်။ ငါ့ကို လာမေးရင် အမှန်တိုင်းပဲ ပြောပြလိုက်မှာ”။ ချင်းယန်ကျစ်က ပြောလိုက်ပါသည်။
ဒါကိုကြားတော့ ချင်းယုမူ ကြက်သေသေသွားသည်။
ဘယ်လိုပဲဖြစ်ဖြစ် လွတ်လမ်းမရှိတော့ဘူးလား။
သူလိုက်သွားပါက အနည်းဆုံးတော့ ဘာတွေဖြစ်သွားလဲ သိရလိမ့်မည်။ အိမ်မှာပဲ နေပြီး စိုးရိမ်နေရမှာက ပိုသနားစရာ မကောင်းဘူးလား။
ချင်းယန်ကျစ် သူ့သားလက်ကို လွှတ်ပေးလိုက်သည်။ “အဲ့တာဆို ငါတို့သွားတော့မယ်”။ ထို့နောက် လူယုတ်မာ အပြုံး ပြုံးပြလိုက်လေသည်။
သူ့သားအကြောင်း သူကောင်းကောင်းသိသည်။ သူ့သားစိတ်ထဲ ဘာတွေကြံနေသလဲဆိုတာ သူဖောက်ထွင်းမြင်နိုင်ပါသည်။
“ကျွန်တော်လိုက်မယ်!”။ ချင်းယုမူလည်း သူတို့နောက် အမြန်ပြေးလိုက်လာခဲ့တော့သည်။
အိမ်မှာ ပုန်းနေရမည့်အစား သူ ရဲရဲဝံ့ဝံ့ ရင်ဆိုင်လိုက်ပါမည်။
ပန်းခြံကို ချင်းစူစူလေးတို့ ရောက်သွားသောအခါ စကိတ်ဘုတ်စီးသည့်နေရာတွင် လူအတော်များများ ရောက်နေကြပြီ ဖြစ်သည်။ အားလုံးက သူတို့ရဲ့ စကိတ်စီး စွမ်းရည်ကို ပြသနေကြသည်။
တချို့ဆို အမြင့်ကြီး ခုန်လိုက်ပြီး လှေကားလက်တန်းပေါ် လျှောကာ စီးသွားသည်။ ကြည့်ရတာ အလွန်မိုက်ပါသည်။
စူစူလေး အလွန် စိတ်လှုပ်ရှားသွားသည်။ သူမ ရင်ထဲက စွန့်စားလိုသောစိတ် ပြန်လည်နိုးကြားလာခဲ့သည်။
သူမရဲ့ စကိတ်ဘုတ်လေးပေါ် တက်စီးရဖို့ မစောင့်နိုင်တော့ပါ။
သူမအရွယ် ကလေးလေးတွေ စီးသည့် စကိတ်ဘုတ်အသေးစားလေးဖြစ်ပြီး နေ့လယ်တုန်းက ချင်းယန်ကျစ် ဝယ်ပေးထားခြင်း ဖြစ်သည်။
စူစူလေးက သူမ မြင်လိုက်ရတာတွေကို တုပဖို့ ကြိုးစားလိုက်သည်။ သို့သော် စကိတ်ဘုတ်ပေါ် ခြေထောက် တင်လိုက်တာနဲ့ တစ်ပြိုင်နက် ချင်းယန်ကျစ်က လှမ်းဆွဲလိုက်လေသည်။
“ညီမလေး မလုပ်နဲ့! အန္တရာယ် များတယ်!”
“အစ်ကိုလတ် မကြောက်နဲ့! သမီးက အရမ်းတော်တာ!”
သူမကို အစ်ကိုလတ် ဂရုစိုက်တာ ဝမ်းသာသော်လည်း သူမက အားမနည်းပါ။
သူမက ဒီလောက်တော်တာ စကိတ်ဘုတ်သေးသေးလေးကြောင့် ဒုက္ခရောက်နိုင်ပါ့မလား။
သူမ စီးပြလိုက်တာနဲ့ ဘယ်လောက်မိုက်သလဲဆိုတာ အစ်ကိုလတ် မြင်သွားလိမ့်မည်။
“မ- မလုပ်ပါနဲ့ ညီမလေး။ ညီမလေးက အခုမှ စကိတ်စစီးမှာလေ။ ဘယ်လောက်ပဲ တော်ပါစေ စိတ်ထင်တိုင်း တက်စီးလိုက်လို့ မရဘူး”။ ချင်းယန်ကျစ်က ချော့ကာ ပြောလိုက်ပါသည်။
ထိုစဉ် ချင်းယုမူ ရောက်လာပြီး အပြစ်တင်လိုက်လေသည်။ “သူပြုတ်ကျမှာ ကြောက်ရင် ဘာလို့ အစကတည်းက ခေါ်လာသေးလဲ။ စကိတ်စီးရင်တော့ တစ်ခါတလေ ပြုတ်ကျမှာပဲ။ ကျွန်တော် ဘယ်နှခေါက်လောက် ပြုတ်ကျဖူးတယ်လို့ အဖေထင်လို့လဲ”
“တူလို့လားကွ။ မင်းတို့ကောင်တွေက ယောက်ျားလေးတွေလေ။ ငါ့ညီမလေးက မိန်းကလေးကွ။ သူဘယ်လောက် နူးညံ့သိမ်မွေ့လဲ ကြည့်ပါဦး။ တစ်ခါလောက် ပြုတ်ကျသွားတာနဲ့ ဒဏ်ရာ ရသွားနိုင်တယ်”။ ချင်းယန်ကျစ်က အတည်ပေါက် ပြောလိုက်ပါသည်။
ချင်းယုမူ မျက်စပစ်ကာ ဆွံ့အသွားခဲ့ပါသည်။
ထိုစဉ် ချင်းယုမူရဲ့ သူငယ်ချင်းတွေ သူ့ကို မြင်သွားပြီး အနားရောက်လာကြသည်။
သူတို့ထဲမှာ ရှောင်ကျဲလည်း ပါသည်။ အနားရောက်လာတာနဲ့တစ်ပြိုင်နက် သူငယ်ချင်းများ၏ အာရုံက ချင်းယုမူဆီမှာ ရှိမနေဘဲ စူစူလေးဆီမှာသာ ရှိနေပါသည်။
ချစ်စရာကောင်းလိုက်တဲ့ ညီမလေးပါလား! ကာတွန်းကားထဲက ထွက်လာတဲ့အတိုင်းပဲ!
သူတို့မြင်ဖူးသည့်အထဲ ချစ်စရာအကောင်းဆုံး ညီမလေးက ရှောင်ကျဲရဲ့ ညီမလေးဖြစ်သည်။
သို့သော် ဒီညီမလေးက ရှောင်ကျဲရဲ့ညီမလေးထက်တောင် ပိုချစ်ဖို့ကောင်းပါသေးသည်။
“ယုမူ ဒီညီမလေးက ဘယ်သူလဲ။ မင်းနဲ့ အမျိုးတော်တာလား”။ ရှောင်ကျဲက မေးသည်။
ဒါကိုကြားတော့ ချင်းယုမူ တစ်ကိုယ်လုံး တောင့်တင်းသွား၏။
“မ… မဟုတ်ပါဘူး”။ ချင်းယုမူ မျက်လုံးတွေ ဂနာမငြိမ်ဖြစ်လာသည်။
“အမျိုးမဟုတ်ရင် သူက ဘယ်သူလဲ”။ ရှောင်ကျဲက သိချင်စိတ်ဖြင့် ထပ်မေးလိုက်သည်။
“ဘာလို့ အမေးအမြန်းလာထူနေတာလဲကွ”။ ချင်းယုမူ ငေါက်လိုက်ပြီး စကားလမ်းကြောင်း အမြန်လွှဲဖို့ စဉ်းစားလိုက်ပါသည်။
“သူ့ဖေဖေရဲ့ ညီမလေးလေ!”
စူစူလေး၏ အသံ ရုတ်တရက် ထွက်ပေါ်လာသည်။
အားလုံး စူစူလေးကို အံ့အားသင့်စွာ ကြည့်လိုက်ကြ၏။
ဒီချစ်စရာ ညီမလေးက ယုမူအဖေရဲ့ ညီမလေးလို့ ပြောလိုက်တာလား။
… … …
အခန်း(၆၉၈) စကိတ်ဘုတ် ပါရမီရှင်လေး (၂)
သူတို့ နားကြားမှားသွားတာဖြစ်မည်ဟု ထင်မိသည်။
ရှောင်ကျဲက ထပ်မေးလိုက်သည်။ “ညီမလေးက ဘယ်သူ့ညီမလေးလို့ ပြောလိုက်တာ”
“သူ့ဖေဖေရဲ့ ညီမလေးလို့!”။ စူစူလေး၏ လက်ချောင်းသေးသေးလေးက ချင်းယန်ကျစ်ကို ညွှန်ပြလိုက်ပါသည်။
ချင်းယုမူက စူစူလေးကို ဒေါ်လေးဟု အသိအမှတ်မပြုသဖြင့် စူစူလေးကလည်း သူ့ကို တူလေးဟု မခေါ်နိုင်ပါ။ သို့သော် သူမက အစ်ကိုလတ်ရဲ့ ညီမလေးဖြစ်တာတော့ အမှန်ပင်။
ဟမ်…
ဘယ်လို…
အားလုံး ချင်းယုမူကို လှည့်ကြည့်လိုက်ကြသည်။
ချင်းယုမူ မြေကြီးထဲ တွင်းတူးပြီး ဝင်အောင်းချင်စိတ်များ ပေါက်သွားပါသည်။
“ညီမလေးက ယုမူအဖေရဲ့ ညီမလေးလို့ ပြောလိုက်တာလား”။ ရှောင်ကျဲ ထပ်မေးလိုက်သည်။
“ဟုတ်တယ် အရင်းခေါက်ခေါက်!”။ စူစူလေး အတည်ပြောပေးလိုက်သည်။
“ဒါဆို… ယုမူရဲ့ ဒေါ်လေးအရင်းခေါက်ခေါက်ပေါ့”
ကောင်လေးတွေ အားလုံး မျက်လုံးပြူးသွားကြပြီး ချင်းယုမူကို ဝိုင်းကြည့်လိုက်ကြသည်။
ချင်းယုမူကတော့ ကောင်းကင်ကြီးကိုသာ မော့ကြည့်နေပြီး ဘာမှမမြင်ချင်ယောင် မကြားချင်ယောင် ဆောင်နေပါသည်။
ငါမကြားဘူး မကြားဘူး ဘာမှမကြားဘူး!
“ယုမူ မင်းဘာလို့ ဘာမှဝင်မပြောတာလဲ”။ ရှောင်ကျဲ မေးမြန်းလိုက်သည်။
“ဘာပြောရမှာလဲကွ။ စကိတ်စီးဖို့ အချိန်ကျပြီ! အခုမစီးရင် မကြာခင် မိုးချုပ်သွားလိမ့်မယ်နော်!”။ ချင်းယုမူ ရှက်လည်း ရှက် ဒေါသလည်း ထွက်နေပါသည်။ စကိတ်ဘုတ်ကို မြေကြီးပေါ်ချကာ တက်စီးလျက် ထွက်ပြေးသွားတော့သည်။
မျက်စိတစ်မှိတ်အချိန်အတွင်း ချင်းယုမူ ပျောက်ချင်းမလှ ပျောက်သွားလေသည်။
ဒါကိုမြင်တော့ စူစူလေးလည်း မစောင့်နိုင်တော့ပါ။ “အစ်ကိုလတ် သမီး စကိတ်စီးတော့မယ်!”
“မစီးနဲ့ဦး! ညီမလေး ဖြည်းဖြည်းချင်း အရင်သင်ရမှာပေါ့။ တစ်ခါမှလည်း မစီးဖူးဘဲနဲ့ ဘယ်ဖြစ်ပါ့မလဲ”။ ချင်းယန်ကျစ် စိုးရိမ်စွာ ပြောလိုက်သည်။
စူစူလေး စကိတ်ဘုတ်စီးနည်းသင်မည်ဟု ကြားလိုက်ရသောအခါ ကောင်လေးတွေ အားလုံး ပျော်ရွှင်သွားကြသည်။
“ဦးလေး ညီမလေးကို ကျွန်တော်တို့ သင်ပေးလိုက်မယ်!”
“ဟုတ်တယ် ကျွန်တော်တို့ သင်ပေးတတ်တယ်! သူအနာတရ မဖြစ်အောင် ကာကွယ်ပေးမယ်!”
“သူပြုတ်ကျရင် မြေကြီးပေါ်မှာ ကျွန်တော် ဝင်လှဲပြီး ကာကွယ်ပေးမယ်!”
“…”
ကောင်လေးတွေ တစ်ယောက်ပြီးတစ်ယောက် စကားနိုင်လုကာ ပြောနေကြသည်။
ချင်းယန်ကျစ် အားလုံးကို ကြည့်လိုက်ပြီး စူစူလေးကိုလည်း စကိတ်စီးနည်း သင်ပေးဖို့ တကယ် လူလိုနေသဖြင့် သဘောတူလိုက်ပါသည်။
“ဟုတ်ပါပြီ။ ငါ့ညီမလေးကို မင်းတို့လက်ထဲ အပ်လိုက်မယ်နော်။ ဖြည်းဖြည်းချင်းပဲ သင်။ လောစရာ မလိုဘူး”
“စိတ်မပူနဲ့ ဦးလေး။ သူ့ကို ဖြည်းဖြည်းချင်းပဲ သင်ပေးမှာပါ”
ကောင်လေးတွေ ကတိထပ်ပေးလိုက်ကြပါသည်။
“ဟုတ်ပြီ ဟုတ်ပြီ။ သတိထားကြ!”
ချင်းယန်ကျစ်က ကောင်လေးတွေကို ထပ်ခါထပ်ခါ သတိပေးလိုက်သည်။ ထို့နောက် နောက်ဆုတ်ပေးလိုက်ပြီး ကောင်လေးတွေကို နေရာပေးလိုက်ပါသည်။
သူ့မျက်လုံးများက စူစူလေးပေါ်မှာသာ ရှိနေပါသည်။
ယုမူ စကိတ်စီးစသင်တုန်းက အသက် ၃ နှစ် ၄ နှစ်အရွယ်သာ ရှိသေးသည်။ ထိုအချိန်တုန်းက ချင်းယန်ကျစ် ဒီလောက်ထိ စိတ်မပူခဲ့ရပါ။ အနာတရဖြစ်ရင်တောင် ယောက်ျားလေးတစ်ယောက် သန်မာ ရင့်ကျက်လာဖို့ လိုအပ်သည့် အရာဖြစ်သည်ဟု ယူဆခဲ့သည်။
ယုမူ အရေပြားပွန်းပဲ့သွားတုန်းကဆို ချင်းယန်ကျစ် အနည်းငယ်သာ စိတ်မကောင်းဖြစ်ခဲ့သည်။ သို့သော် အနာပြန်ကျက်သွားသောအခါ စကိတ်ဆက်စီးခွင့် ပေးခဲ့ပါသည်။ ဘာမှ မစိုးရိမ်ခဲ့ပါ။
စူစူလေးကို ကောင်လေးများက ဝန်းရံထားကြသည်။ သူတို့ အကြည့်တွေက နည်းနည်းထူးဆန်းနေသော်လည်း လူကောင်းတွေ ဖြစ်သည်ဟု ခံစားမိပါသည်။
“ညီမလေးနာမည် ဘယ်လိုခေါ်လဲ
ဒီချစ်စရာညီမလေးရဲ့ နာမည်ကို သူတို့ မသိရသေးပါ။
“သမီးနာမည်စူစူ။ သမီးအစ်ကိုလတ်ကို ‘ဦးလေး’လို့ ခေါ်ကြတော့ သမီးကို… သမီးကို”။ စူစူလေး သေချာစဉ်းစားလိုက်သည်။ “သမီးကို ဒေါ်လေးလို့ခေါ်!”
ဒေါ်လေးလို့ ခေါ်ရမယ်ဟုတ်လား…။ ဒေါ်လေးဆိုတာက ညီမလေးဆိုတာလောက် ခေါ်လို့မှ မကောင်းတာ!
ကောင်လေးတစ်ယောက်က စူစူလေးကို ပြောလိုက်သည်။ “ညီမလေးစူစူ၊ ကိုကြီးတို့က အမျိုးမှ မတော်တာ။ အဲ့တာကြောင့် ဒေါ်လေးလို့ ခေါ်စရာမလိုဘူးလေ။ ညီမလေးက ကိုကြီးတို့ထက် ပိုငယ်တော့ ညီမလေးလို့ပဲ ခေါ်လို့ မရဘူးလား”
… … …
အခန်း(၆၉၉) စကိတ်ဘုတ် ပါရမီရှင်လေး (၃)
ယုမူက ရွေးချယ်စရာမရှိသဖြင့် စူစူလေးကို ဒေါ်လေးဟု ခေါ်ရမှာ ဖြစ်သည်။ သို့သော် သူတို့ကတော့ ရွေးချယ်ခွင့် ရှိပါသည်။
ဒီလောက်ချစ်ဖို့ကောင်းသည့် ကလေးမလေးကို ညီမလေးဟုသာ ခေါ်သင့်သည်။
စူစူလေး ခေတ္တစဉ်းစားလိုက်ပြီး အဓိပ္ပာယ်ရှိသည်ဟု ခံစားလိုက်ရပါသည်။ “ပြီးရော အာ့ဆို ညီမလေးလို့ပဲ ခေါ်တော့!”
“ညီမလေးစူစူ!”
“ညီမလေးစူစူ!”
“…”
စူစူလေး၏ ခွင့်ပြုချက်ကို ရပြီးနောက် ကောင်လေးတွေ ထပ်ခါထပ်ခါ ခေါ်ဆိုလိုက်ကြသည်။
ထိုအသံက မလှမ်းမကမ်းတွင် ရှိနေသော ချင်းယုမူ၏ နားထဲအထိ ရောက်လာပြီး သူ့ကို ဒေါသပိုထွက်သွားစေသည်။
ဒီကောင်တွေကို လျစ်လျူရှုဖို့ ကြိုးစားသော်လည်း အသံတွေကတော့ နားထဲ ဝင်လာဆဲပင်။
“ညီမလေးစူစူ ကိုကြီးတို့ သင်ပေးမယ် ဒီလိုလုပ်-...”။ ရှောင်ကျဲက စူစူလေးကို စကိတ်စီးနည်း တစ်ဆင့်ချင်း သင်ပေးဖို့ ကြံလိုက်သည်။
“မလိုဘူး မလိုဘူး သမီးဖာသာ စီးမယ်!”
စူစူလေးက သူမ၏ လက်ကလေးများဖြင့် ကောင်လေးများကို တွန်းထုတ်လိုက်ပြီး လမ်းကြောင်းရှင်းလိုက်သည်။ ထို့နောက် စကိတ်ဘုတ်ပေါ် ခြေထောက်တစ်ဖက်တင်ကာ ကျန်တစ်ဖက်ဖြင့် အရှိန်ယူပြီး ထွက်ခွာသွားလေတော့သည်။
စူစူလေးက အလွယ်ပေါ့ပါးသဖြင့် စကိတ်ဘုတ်ပေါ်မှာ သမင်ပေါက်လေးတစ်ကောင်လို လျှင်မြန်သွက်လက်လွန်းသည်။
ပထမတော့ ချင်းယန်ကျစ် နှလုံးရပ်မတတ် ထိတ်လန့်သွားသည်။ နောက်တော့ စူစူလေး၏ အစွမ်းအစကို မြင်သောအခါ သူ့မျက်နှာပေါ် ဂုဏ်ယူဝံ့ကြွားသော အပြုံးတစ်ခု ပေါ်လာခဲ့ပါသည်။
ကောင်လေးတွေ အားလုံးလည်း မျက်လုံးပြူးကာ အံ့အားသင့်ကုန်ကြသည်။
အရမ်းမိုက်တာပဲ!
ခဏကြတော့ ကောင်လေးတွေ ဝိုင်းအော်ကြသည်။
“စောင့်ဦး ညီမလေး! ကိုကြီးတို့လည်း လိုက်ခဲ့မယ်!”
“ကိုကြီးလည်း လိုက်ခဲ့မယ်! ညီမလေးက ဒီလောက်တော်နေတာ ငါတို့ နောက်ကျ ကျန်ခဲ့လို့ မဖြစ်ဘူး”
“ဟုတ်တယ်! သွားကြစို့!”
ကောင်လေးတွေ အားလုံး စကိတ်ဘုတ်ပေါ် ခုန်တက်လိုက်ကြပြီး စူစူလေးနောက်ကို လိုက်သွားကြလေသည်။
မိနစ်အနည်းငယ်လောက် စီးပြီးနောက် စကိတ်စီးရသည့်အရသာကို စူစူလေး သဘောကျသွားခဲ့သည်။
ပထမဆုံးအကြိမ် စီးဖူးတာဖြစ်သော်လည်း အလွန်ပျော်ဖို့ကောင်းပါသည်။ သူမ စကိတ်စီးရတာ သဘောကျသည်။
စကိတ်စီးရင်းနဲ့ တခြားသူတွေရဲ့ အကွက်လှလှတွေကို စူစူလေး ငေးကြည့်ခဲ့သည်။
သူတို့ ခုန်ပေါက်ပြီး လေထဲမှာ စကိတ်ဘုတ်ကို လှည့်နေတာကို မြင်သောအခါ စူစူလေးလည်း ထိုနည်းလည်းကောင်း လိုက်လုပ်ခဲ့သည်။
တခြားသူတွေ စောင်းလျှောအပေါ် တက်သွားတာကိုမြင်သောအခါ စူစူလေးလည်း ချက်ချင်း လိုက်တက်သွားခဲ့သည်။
ဒါတွေအားလုံးက အချိန်အတော်ကြာ လေ့ကျင့်ပြီးမှ ပြုလုပ်နိုင်မည့် အကွက်တွေဖြစ်သည်။
သို့သော်လည်း စူစူလေးက ပထမဆုံးအကြိမ်မှာတင် စွမ်းဆောင်နိုင်ခဲ့သည်။
ချင်းယန်ကျစ် အပျော်လွန်သွားသည်။
သူ့ညီမလေးက ပါရမီရှင်လေးပဲ!
စူစူလေး အကွက်ဆန်းတွေ တစ်ကွက်ပြီးတစ်ကွက် ထုတ်ပြသောအခါ ကောင်လေးတွေအားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြ၏။
တစ်ယောက်တည်း စကိတ်စီးနေသည့် ချင်းယုမူ ရှေ့ကလူတွေကို မကြည့်မိအောင်နဲ့ စူစူလေးကို လျစ်လျူရှုဖို့ အစွမ်းကုန် ကြိုးစားနေသည်။
သို့သော်လည်း ပန်းခြံက ထင်သလောက် မကျယ်သဖြင့် သူတို့ကို မမြင်ရဖို့ မဖြစ်နိုင်ပါ။
အထူးသဖြင့် သူ့သူငယ်ချင်းတွေက အလွန်အာကျယ်ပြီး စူစူးဝါးဝါးအော်သံများက ချင်းယုမူ၏ နားထဲ အဆက်မပြတ် ဝင်ရောက်လာသဖြင့် ချင်းယုမူလည်း စိတ်ဝင်စားမှု မြင့်တက်လာခဲ့ပါသည်။
သူတို့တွေ ဘာကြောင့် ဒီလောက် စိတ်လှုပ်ရှားနေတာလဲဆိုတာ သူလည်း သိချင်လာသည်။
နောက်ဆုံးတော့ ချင်းယုမူ သည်းမခံနိုင်တော့ပါ။ သူ့သူငယ်ချင်းတွေရှိရာဘက်ကို လှည့်ကြည့်လိုက်သောအခါ စူစူလေး ကျွမ်းကျွမ်းကျင်ကျင် စကိတ်စီးနေတာကိုပါ မြင်လိုက်ရသည်။
ဒီကောင်မလေး ဘာလို့ ဒီလောက်တော်ရတာလဲ!!
ခြေထောက်သေးသေး လက်သေးသေးလေးတွေပဲ ရှိပြီး အရုပ်လေးနဲ့ တူပမေယ့် စကိတ်စီးတဲ့ပုံစံက အရမ်းမိုက်တာပဲ!
လခွမ်း သူတကယ် အထင်ကြီးသွားမိပြီ!
ချင်းယုမူ မိုကြည့်မိလေလေ သူတို့ဆီ သွားချင်လာလေလေဖြစ်သည်။
သို့သော် အခုချိန်မှ သွားရင် ရှက်စရာ ကောင်းသွားမလား။
သို့သော် သူ မသွားပါက ဟိုကောင်မလေးကို သူ့သူငယ်ချင်းတွေ လက်ဝါးကြီးအုပ်သွားလိမ့်မည်။
သူဘာလုပ်ရမလဲ…။
… … …
အခန်း(၇၀၀) စကိတ်ဘုတ် ပါရမီရှင်လေး (၄)
ချင်းယုမူ ဝေခွဲမရဖြစ်သွားသည်။
သူ့ခေါင်းထဲ မသိစိတ်နှစ်ခုက တိုက်ပွဲဖြစ်နေသလို ခံစားရသည်။
အချိန်အတော်ကြာမှ ချင်းယုမူ မသွားတော့ဖို့ ဆုံးဖြတ်လိုက်ပါသည်။
သူသွားဖို့ သတ္တိမမွေးနိုင်ခဲ့ပါ။
ထို့ကြောင့် စူစူလေးကို လျစ်လျူရှုပြီး တစ်ယောက်တည်း စကိတ်ဆက်စီးနေလိုက်ပါသည်။
စူစူလေးကတော့ အခုချိန်မှာ အတော်လေး ထူးချွန်နေပြီဖြစ်သည်။ အခြေခံ နည်းလမ်းတွေကို ကိုယ့်ဖာသာကိုယ် လေ့ကျင့် တတ်မြောက်သွားပြီး ပိုမိုခက်ခဲသည့် အကွက်တွေကို ပြဖို့ ပြင်ဆင်နေပြီဖြစ်သည်။
ညီမလေးရဲ့ ထူးချွန်မှုကြောင့် ချင်းယန်ကျစ် ပီတိဖြာနေစဉ် စူစူလေး လေထဲမှာ စကိတ်ကို ၃၆၀ ဒီဂရီ ရုတ်တရက် လှည့်ပြလိုက်သည်။
ချင်းယန်ကျစ် အလွန် ထိတ်လန့်သွားသဖြင့် ဒူးတွေပါ ချောင်သွားလေသည်။
“အစ်ကိုလတ်!” စူစူလေးက ချင်းယန်ကျစ်ကို လက်လှမ်းပြလိုက်သည်။
“ညီမလေး! သတိထား! ပြုတ်မကျစေနဲ့နော်!” ချင်းယန်ကျစ်က စူစူလေးကို ဆက်တိုက် သတိပေးလိုက်သည်။
“အစ်ကိုလတ် မကြောက်ပါနဲ့။ သမီး ပြုတ်ကျမှာ မကြောက်ပါဘူး!”။ စူစူလေးက နှစ်သိမ့်ပေးလိုက်ပါသည်။
သူမရဲ့ အသားအရည်က အလွန်မာကျောသဖြင့် ပြုတ်ကျမှာကို မစိုးရိမ်ပါ။
ချင်းယန်ကျစ်က တည်ငြိမ်ချင်ယောင်ဆောင်ပြီး သူ့ညီမလေးကို အားပေးနေရသော်လည်း စိတ်ထဲမှာတော့ စူစူလေး ဆိုးဆိုးရွားရွား မတော်တဆဖြစ်သွားနိုင်သည့် နည်းလမ်း ၁၀၀ လောက်ကို မြင်ယောင်ထားပြီးပြီ ဖြစ်သည်။
သို့သော်လည်း စူစူလေး ပိုမို ထူးချွန်လာဖို့အတွက် ချင်းယန်ကျစ် အံကြိတ်ကာသာ ခေါင်းငြိမ့်ပြနိုင်တော့သည်။ “အင်း စူစူလေးက အရမ်းတော်တယ်!
စူစူလေး အရမ်းမိုက်နေတာကိုမြင်ပြီး ကောင်လေးတွေလည်း အားကျကာ အကွက်ဆန်းတွေ ထုတ်ပြကြပါသည်။
“စူစူလေး ဒီမှာကြည့်! ကိုကြီး အဲ့ဒီ လက်ရန်းပေါ်မှာ စီးပြမယ်!”
“ကိုကြီးကောပဲ! ကိုကြီးလည်း လုပ်တတ်တယ်”
“ညီမလေးစူစူ ကိုကြီး ၃၆၀ ဒီဂရီလှည့်ပြမယ်နော်!”
“…”
ခပ်လှမ်းလှမ်းမှ ချင်းယုမူတစ်ယောက် သူ့သူငယ်ချင်းတွေ ကြွားလုံးထုတ်နေကြတာကို ကြားပါသည်။
သူတို့ ဘာပြောနေမှန်း မသိချင်သော်လည်း အားလုံးက ဆူညံလွန်းသဖြင့် ကြားနေရသည်။ ထို့အပြင် သူတို့စကားတွေကို ချင်းယုမူ အလွန် အမြင်ကတ်ပါသည်။
ဘာလဲကွ၊ သူတို့ ဘာအကွက်တွေ ထုတ်ပြနေတာလဲ! အကုန်လုံးက သူ့ကို ရှုံးထားတဲ့ကောင်တွေပဲ! ဒါတောင် စကားကြီးစကားကျယ်ပြောနိုင်သေးတယ်!
ချင်းယုမူ ခေတ္တ စဉ်းစားလိုက်ပြီး စကိတ်ဘုတ်ကိုချကာ စူစူလေးတို့ ရှိရာထံသို့ စီးသွားလိုက်ပါသည်။
စူစူလေးတို့နား ရောက်သောအခါ ချင်းယုမူ ခက်ခဲသည့် အကွက်တွေကို စတင် ထုတ်ပြသည်။
လေထဲမှာ ၃၆၀ ဒီဂရီလှည့်ပြခြင်း၊ လက်ရန်းပေါ်မှာ စီးပြခြင်း စသည်ဖြင့် အစုံအလင် ပါဝင်သည်။
ချင်းယုမူ ခုန်ပေါက်နေတာကိုမြင်ပြီး စူစူလေး စဉ်းစားလိုက်သည်။
သူဘာဖြစ်ချင်နေတာလဲ။ သူမကို စိန်ခေါ်နေတာလား။
ဟုတ်တယ်။ သူမကို စိန်ခေါ်နေတာ သေချာတယ်!
စူစူလေးကြည့်နေတာကို မြင်သောအခါ ချင်းယုမူ သွေးပိုပူသွားသည်။
ဒီမှာကြည့်လိုက် ကလေးမ! သူ့စကေးက ဟိုကောင်တွေထက် အများကြီး ပိုသာတယ်မလား! သူကမှ အရမ်းမိုက်တာမလား!
ခေတ္တစဉ်းစားပြီးနောက် ချင်းယုမူ၏စိန်ခေါ်မှုကို စူစူလေး လက်ခံလိုက်သည်။
စူစူလေး စကိတ်ပေါ်တက်ကာ ဝှစ်ခနဲ အသံမြည်အောင် ထွက်သွားခဲ့သည်။
ထို့နောက် ချင်းယုမူ ပြသည့် အကွက်တိုင်းကို စူစူလေးက လိုက်လုပ်ခဲ့သည်။
သူမရဲ့ အကွက်များက ချင်းယုမူလောက် မချောမွေ့ဘဲ အနည်းငယ် ယိမ်းယိုင်သွားသော်လည်း အခုမှ စကိတ်စီးဖူးသူ တစ်ယောက်အတွက် ဆန်းကြယ်သည့် ရလဒ်ဟု ဆိုနိုင်သည်။
ချင်းယန်ကျစ် သူ့သားကို စိုက်ကြည့်လိုက်၏။
ဒီကောင်ဘာလုပ်နေတာလဲ! စူစူလေး ခုနက လုပ်ပြသွားတဲ့ အကွက်တွေကတောင် တော်တော် အန္တရာယ်များနေပြီ! မင်းက မတားတဲ့အပြင် ပိုခက်တဲ့ အကွက်တွေ သင်ပေးနေတာလား!
ချင်းယုမူကတော့ သူ့အဖေ၏ နဂါးမျက်လုံးကို မမြင်ဘဲ အကြမ်းဆုံး အမိုက်ဆုံး အကွက်တွေကိုသာ အာရုံစိုက် ပြသနေသည်။
ပြကွက်များအဆုံးတွင် ချင်းယုမူ သူ့ကိုယ်သူ အလွန်ကျေနပ်သွားပါသည်။
ထို့နောက် သူ့နှာခေါင်းသူ လက်ဖြင့် ပွတ်လိုက်ပြီး ခပ်လန်းလန်း ပုံစံဖမ်းကာ စူစူလေးအား လှည့်ကြည့်လိုက်သည်။ “ဘယ်လိုလဲ”
စူစူလေး၏ လေးစား အားကျသော အကြည့်ကို မြင်ရဖို့ ချင်းယုမူ မျှော်လင့်ထားခဲ့သည်။ ဧကန္တ ချီးကျူးစကားတောင် ကြားရလောက်သည်။
သို့သော်…။
… … …