ဆန်းကြယ်ပုံရိပ် နည်းစနစ်
Vol. 18 Ch. 255
"အိုး… မင်းက မွေးရာပါ ယင်သွေးကြော အကြောင်းလည်း သိလား" ခန်းယန် က သူ့မေးစေ့ကို ပွတ်လိုက်ပြီး "မွေးရာပါ ယင်သွေးကြောက ယန် သွေးကြောတွေကို တန်ပြန်တယ်၊သန့်စင်တဲ့ ယင် ခန္ဓာကိုယ်က သန့်စင်တဲ့ ယန် ခန္ဓာကိုယ်ကို တန်ပြန်တယ်"
"ဟုတ်လား" ထိုစကားများကို ကြားတော့ ယီယွင် လည်း စိတ်မကောင်းဖြစ်မိသည်။ ယခင်က သန့်စင်သောယန်ခန္ဓာရှိသော စီနီယာတစ်ဦးသည် 'တိုင်အာ နတ်ကျင့်စဉ်' ကို ရက်နှစ်ဆယ်အတွင်း ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်နိုင်ခဲ့ပြီး နောက်ဆုံးတွင် ၎င်းမှာ ပညာရှင်တစ်ပါး ဖြစ်လာသည်ဟု ခန်းယန်ပြောခဲ့ဖူးသည်။
ယီယွင် သည် လင်ရှင်းထုံ၏ မွေးရာပါ ယင်သွေးကြောမှာ သန့်စင်သော ယန်ခန္ဓာကိုယ်ကို ဆန့်ကျင်နိုင်ပါက လင်ရှင်းထုံသည်လည်း ပညာရှင်ဖြစ်ရန် အခွင့်အလမ်းရှိလိမ့်မည်ဟု ယီယွင် အစကထင်ခဲ့မိသည်။ ယခုအခါတွင် ယီယွင်မှာ မိမိသည် ယခင်က အလွန်ရိုးရှင်းစွာ စဉ်စားမိခဲ့သည်ဟု ထင်နေမိသည်။
ယီယွင်က ထပ်မံ၍ "သန့်စင်တဲ့ ယင်ကိုယ်ခန္ဓာဆိုတာ ဘာလဲ၊ မွေးရာပါ ယင်သွေးကြောဆိုတာကကော ဘာလဲ"ဟု မေးလိုက်လေသည်။
ကျန်းကဲ့ က သူ့မုတ်ဆိတ်မွေးကို ထိုးပွတ်လိုက်ကာ "မွေးရာပါ ယင်သွေးကြောရှိတဲ့ လူတွေမှာ သန့်စင်တဲ့ ယင် ခန္ဓာကိုယ်တွေ သေချာပေါက် ရှိပေမယ့် သန့်စင်တဲ့ ယင်ခန္ဓာကိုယ်ရှိတဲ့ လူတိုင်းမှာတော့ မွေးရာပါ ယင်သွေးကြော ရှိမယ်လို့ မဆိုနိုင်ဘူး"
"သန့်စင်သော ယင်ခန္ဓာတွေက အမျိုးသမီးများတွေမှာသာ ဖြစ်ပေါ်နိုင်တယ်။ ၎င်းတို့ရဲ့ ခန္ဓာကိုယ်က ကောင်းကင်အဆင့် ယွမ်ချီ နဲ့ ကောင်းစွာ ပေါင်းစပ်နိုင်ပြီး များသောအားဖြင့် ရှားပါးတဲ့ ပါရမီရှင်တွေပဲ။ သန့်စင်သော ယင်ခန္ဓာကိုယ်မှာ အဆင့်အမျိုးမျိုးရှိတယ်၊ ခန္ဓာကိုယ် ပိုသန့်ရှင်းလေ၊ ကျင့်ကြံမှုစွမ်းရည် မြင့်လေပဲ"
"ထူးကဲပြင်းထန်တဲ့ ယင်ခန္ဓာကိုယ် အခြေအနေမှာဆို မွေးရာပါ ယင်သွေးကြောတွေရှိတယ်။ ဆိုရိုးစကားအတိုင်းဆို “အရာရာဟာ အဆုံးအထိရောက်သွားတာနဲ့ ပြန်လှည့်သွားတတ်တယ်” ဆိုတဲ့အတိုင်း မွေးရာပါ ယင်သွေးကြောရှိသူတွေဟာ ကျင့်ကြံခြင်းပြုလုပ်ရာမှာ အမျိုးမျိုးသော ကန့်သတ်ချက်တွေကို ကြုံတွေ့ရမယ်။ မင်းပြောတဲ့အတိုင်းဆို အဲဒီမိန်းကလေးက အနှစ် ၄၀၀ ထက် မပိုတဲ့ သက်တမ်း ရှိတယ်။ ဒါပေမယ့်သူတို့က ကျင့်ကြံခြင်း နယ်ပယ် တစ်ခုကို ရောက်တာနဲ့ တစ်သွားကြတယ်"
"သန့်စင်တဲ့ ယင်ခန္ဓာကိုယ်ရှိတဲ့ မိန်းကလေးတွေဆိုတာ အလွန်ရှားတယ်။ တစ်ချို့က သူတို့မှာ အရည်အချင်းတွေ အများကြီးရှိလို့ ကောင်းကင်ဘုံက မနာလိုဖြစ်ပြီး သူတို့ရဲ့ သက်တမ်းနဲ့ ကျင့်ကြံမှုလမ်းကြောင်းကို ကောင်းကင်ဥပဒေနဲ့ ဖြတ်လိုက်တာလို့လဲပြောကြတယ်"
ကောင်းကင်၏ဥပဒေများသည် ကျင့်ကြံမှုလမ်းကြောင်းကို တိုတောင်းအောင် လုပ်လို့ရသတဲ့လား။
ယီယွင် အံ့သြသွားသည်။ ထိုစကားလုံးများဖြင့်ပင် မွေးရာပါ ယင်သွေးကြော ဖွင့်ရန် လိုအပ်သောအခက်အခဲများကို ယီယွင် စိတ်ကူးကြည့်နိုင်သည်။
“အဲဒီလို ပိတ်နေတဲ့ သွေးကြော နဲ့ ပြန်ဖွင့်ဖို့ နည်းလမ်းတွေကို စီနီယာတွေက သိတာလား”
ယီယွင် ၏မေးခွန်းကိုကြားတော့ ကျန်းကဲ့ က ခေါင်းခါပြီး "ခက်တယ် ခက်လွန်းတယ် အဲဒါက ကောင်းကင်ဘုံကို အံတုနိုင်တဲ့ စွမ်းဆောင်မှုတစ်ခုပဲ၊ ကျင့်ကြံမှုလမ်းကြောင်းက တိုတောင်းတဲ့အတွက် သေမျိုးစွမ်းအားကို အသုံးပြုပြီး ပေါင်းစည်းဖို့က ခက်ခဲလွန်းပါတယ်။ ဒါပေမယ့် ယင်သွေးကြောတွေကို ပြန်ပြီး ဖွင့်နိုင်ခဲ့ရင် အဲဒီမိန်းကလေးတွေ ကျင့်ကြံခြင်း ပါရမီရှင်တွေ ဖြစ်ပေါ်သွားတဲ့ ဒဏ္ဍာရီတွေလည်း ရှိဖူးတယ်။ နှစ်သန်းပေါင်းများစွာအတွင်း ထိုမိန်းကလေးက တဟုန်ထိုးတက်လာပြီး ကြီးမြတ်တဲ့ ဧကရီဖြစ်လာလိမ့်မယ်”
“ရှေးခေတ်က အဲဒီလို ဒဏ္ဍာရီလာ ဧကရီကြီးတစ်ပါး ရှိပုံရတယ်။ သူ့မှာ မွေးရာပါ ယင် သွေးကြောတွေ ရှိပေမယ့် လူမသိတဲ့ နည်းလမ်းတချို့ကို သုံးပြီး သူ့ကိုယ်သူ ပိတ်နေတဲ့ သွေးကြောတွေကို ဖွင့်နိုင်ခဲ့တယ်”
ထိုရှေးခေတ် ဧကရီအကြောင်းကို ကျန်းကဲ့က အားမာန်နှင့် ပြောပြလေသည်။ တိုင်အာနတ်မြို့တော် တည်ထောင်ပြီးအချိန်မှစ၌ ထိုကဲ့သို့ ကြီးမြတ်သောဧကရီတစ်ပါးမျှ မပေါ်ထွန်းခဲ့ပေ။
"ရှေးခေတ် ဧကရီ"
ယီယွင် စိတ်ထဲမှာ အတွေးတစ်ခုဝင်လာလေသည်။ ကောင်းကင်ဘုံကို အံတုနိုင်သူတွေရှိသည့်အတွက် ၎င်းမှာ မဖြစ်နိုင်သောလမ်းကြောင်း မဟုတ်ကြောင်း သက်သေပြနေသည်။ ယီယွင်ထံတွင် ခရမ်းရောင် သလင်းကျောက်ရှိသည့် အတွက်ကြောင့် ၎င်းမှာ တခြားသူများနှင့် မတူပေ။ သူ့တွင် ထိုအရာအား လုပ်ဆောင်နိုင်သော နည်းလမ်း ရှိသင့်သည်...
ယီယွင်က ထိုအကြောင်းများကို တွေးနေစဉ် ခန်းယန်က မိမိအပေါ် မသင်္ကာသည့် မျက်လုံးမျိုးဖြင့် စိုက်ကြည့်နေသည်ကို ယီယွင်သတိထားမိသည်။ ၎င်းက တစ်ခုခုကို သတိထားသကဲ့သို့ပင်။
"ဟမ်... ဘာလို့ ဒီလိုကြည့်နေတာလဲ"
"ကောင်လေး မင်းက ဘာလို့ အသေးစိတ် မေးနေတာလဲ။မွေးရာပါ ယန်သွေးကြော ရှိတဲ့ မိန်းကလေးကို မင်းတကယ် သိလား"
ယီယွင် မည်ကဲ့သို့ တုံ့ပြန်ရမည်ကို မသိဘဲ ဖြစ်နေလေသည်။
“ဟီးဟီး…” ခန်းယန် က ခပ်ရွဲ့ရွဲ့ ပြုံးလိုက်ပြီး လေသံဖျော့ဖျော့ဖြင့် “သန့်စင်တဲ့ ယင်ခန္ဓာကိုယ်နဲ့ မိန်းကလေးတွေဟာ ရင်သပ်ရှုမောဖွယ် အလှတရားတွေပဲ၊ သူတို့ဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးတွေထဲက အကောင်းဆုံးတွေပါပဲ။ ပြီးတော့ ထူးကဲ သန့်စင်တဲ့ ယင်ခန္ဓာကိုယ် မွေးရာပါ ယင်သွေးကြောရဲ့ အနေအထားက ပိုတောင်ဆိုးသေးတယ်… အဲလိုမိန်းကလေးရဲ့ ခန္ဓာကိုယ် သန့်စင်မှုဟာ အရည်ပျော်နေတဲ့ ရေခဲတုံးလိုပါပဲ…”
ခန်းယန် ကထိုသို့ပြောပြီးသည်နှင့် ကျန်းကဲ့က ခန်းယန် ဆက်မပြောရန် တားသည်သဘောဖြင့် ချောင်းဟန့်လိုက်သည်။သို့သော်လည်း ခန်းယန်က မကြားချင်ယောင်ဆောင်လျက် ယီယွင်ဘက်သို့လှည့်ပြီး "ကောင်လေး ယင် နဲ့ ယန် ပေါင်းစပ်တာကို ကြားဖူးသလား။ ယင် ကို ဟန်ချက်ညီဖို့ ယန် ကိုသုံးပြီး ယန်ဟန်ချက်ညီဖို့ ယန် ကိုပြန်သုံးတယ်။ ယောက်ျားနဲ့ မိန်းမရဲ့ ခန္ဓာကိုယ်ကွာခြားလေလေ အကျိုးသက်ရောက်မှုတွေက ပိုကောင်းလေပဲ။ သန့်စင်တဲ့ ယင်ခန္ဓာကိုယ်ရှိတဲ့ မိန်းကလေးတွေက ပေါင်းသင်းဆက်ဆံဖို့ ဖြစ်ပြီး သန့်စင်တဲ့ ယန်ကိုယ်ခန္ဓာရှိတဲ့ ယောက်ျားလေးအတွက်လဲ အကျိုးရှိတယ် ဒါ့အပြင် ဒီကိစ္စမှာ မိန်းကလေးအတွက်လည်း အလွန်အကျိုးကျေးဇူးများတယ်...…”
"အဟမ်း"
ကျန်းကဲ့က ဘာမှမပြောပဲ ပြင်းပြင်းထန်ထန် ချောင်းဟန့်လိုက်သည်။ ယီယွင်က အသက်ဘယ်လောက်ရှိပြီလဲ။ ကျန်းကဲ့က ညစ်ပတ်သော အဖိုးအိုက ထိုသို့သောစကားများကို ဆယ့်သုံးနှစ်အရွယ်ကောင်လေးအား မပြောသင့်ဟု ထင်မြင်မိသည်။
သို့သော် ခန်းယန် က ပို၍စိတ်လှုပ်ရှားလာပြီး ကျန်းကဲ့ ကို မရှိသလိုသဘောထားကာ "ငါပြောမယ် ကောင်လေး မင်းမှာ 'တိုင်အာ နတ်ကျင့်စဉ်' ကို ပြုစုပျိုးထောင်ရာမှာ အရည်အချင်းအများကြီးရှိတယ်။ အနာဂတ်မှာ မင်းခန္ဓာကိုယ်က ယန်ချီတွေ နဲ့ ပြည့်လာလိမ့်မယ်။ ဒါကြောင့် မင်းမှာ သန့်စင်တဲ့ ယန် ခန္ဓာကိုယ် မရှိပေမယ့်... မင်း 'တိုင်အာ နတ်ကျင့်စဉ်' ရဲ့ နဝမအဆင့်ကို ကျွမ်းကျင်အောင် လုပ်နိုင်ရင် မင်းပုံမှန်ထက် သန့်စင်တဲ့ယန် ခန္ဓာကိုယ်ကိုရလာမှာပဲ ဒါပေမယ့် အဲဒီလို လွန်ကဲသန့်စင်တဲ့ ယန်ရှိနေရုံနဲ့ ပြီးပြည့်စုံတယ်လို့ မဆိုနိုင်ဘူး၊ အဆင့်မြင့်ဆုံးကို ရောက်ဖို့ဆို သန့်စင်တဲ့ ယင်ချီ အနည်းငယ် လိုအပ်ဦးမှာပဲ”
အဖိုးကြီး ခန်းက "မင်းပါသိတယ်" ဟုဆိုကာ ရယ်မောလိုက်လေသည်။ ယီယွင်မှာ ပါးစပ်အဟောင်းသား ဖြင့် ခေါင်းညိတ်ရမလို ခေါင်းခါရမလို ဖြစ်နေလေသည်။
"အဖိုးကြီး ခန်း၊ သူ့ကို ဘာလို့ အဓိပ္ပါယ်မရှိတာတွေ ပြောနေတာလဲ" ကျန်းကဲ့ က မကျေမနပ်ဖြင့် ပြောလိုက်လေသည်။
"အဖိုးကြီး ကျန်း ငါ အဓိပ္ပါယ်မရှိတာတွေ ပြောနေတာမဟုတ်ဘူး၊ ငါပြောသမျှဟာ ကျိုးကြောင်းဆီလျော်တယ်။ ငါ့ကို ပြောစမ်း၊ ငါ ဘာပြောလို့လဲ၊ အဲဒါ အဓိပ္ပာယ်မရှိလို့လား" ခန်းယန် က လေးနက်သော အပြုအမူဖြင့် မေးခွန်းထုတ်ခဲ့ပြီး ကျန်းကဲ့အား အကျပ်ရိုက်စေသည်။
ခန်းယန် ရဲ့ စကားများသည် မမှန်ကန်သလို ခံစားရသော်လည်း ၎င်းမှာ အမှန်တရားများဖြစ်သည်ကို ကျန်းကဲ့ ဝန်ခံရပေမည်။
"ဒါ့အပြင်" ခန်းယန် က ယီယွင် ကို ပုခုံးပုတ်လိုက်ပြီး ကျန်းကဲ့ ရှေ့မှ ယီယွင်အား ဆွဲခေါ်လိုက်ပြီး လေသံဖြင့် "တကယ်တော့၊ ဒီ ယင် နဲ့ ယန် ပေါင်းသင်းဆက်ဆံမှုက မွေးရာပါ ယင်သွေးကြော ရှိတဲ့ မိန်းကလေးကို သူမရဲ့ ပိတ်သွားတဲ့သွေးကြောပြန် ဖွင့်ဖို့ ကူညီပေးနိုင်မယ်လို့ ငါထင်တယ်"
"အာ...အဲလိုမျိုးတွေရှိတာလား” ယီယွင် တွေးလိုက်မိသည်။ အဲတာတကယ်ကော ဖြစ်နိုင်လို့လား။
"ဟဲဟဲ၊ ငါတော့ထင်တာပဲ၊ ဒါပေမယ့် မဖြစ်နိုင်ဘူးလို့ ဘယ်သူပြောနိုင်မလဲ ယင် နဲ့ ယန် က အားဖြည့်ပေးတယ်။ အဲဒါက ဘယ်တော့မှ မပြောင်းလဲတဲ့ အမှန်တရားတစ်ခုပဲ။ ပိတ်နေတဲ့သွေးကြော ပြန်ဖွင့်လိုက်မလားလို့ အာမမခံနိုင်ပေမယ့် သေချာပေါက် အကျိုးကျေးဇူးတခုခုတော့ ရမှာပဲ၊ အနည်းဆုံးတော့ မိန်းကလေးရဲ့ သက်တမ်းကို တိုးပေးလိမ့်မယ်။ မွေးရာပါ ယင်သွေးကြောရှိတဲ့ မိန်းကလေးကို မင်းတကယ်သိလား"
အဖိုးကြီး ခန်း သည် ထိုကိစ္စကို အလွန်စိုးရိမ်နေခဲ့သည်။ ယီယွင် ၏ သန့်စင်သော ယန် ပြည့်စုံလာသောအခါတွင် ယီယွင် မှာ သန့်စင်သော ယင်ချီ တစ်စွန်းတစ်စ လိုအပ်ပေမည်။၎င်းမှာ ယီယွင် မလွဲမသွေကြုံတွေ့ရမည် အဖြစ်အပျက်ပင် ဖြစ်သည်။
ယီယွင် က ရယ်မောလိုက်ကာ ခန်းယန်၏ အမေးကို ဝန်ခံခြင်းလည်း မရှိသလို ငြင်းလည်း မငြင်းပေ။
ယီယွင် က ၎င်းကို ဝန်ခံပြီး လင်ရှင်းထုံ၏ အခြေအနေကို အဘိုးကြီးခန်းနှင့် တိုင်ပင်ဆွေးနွေးခဲ့မည် ဆိုပါက ထူးဆန်းသောကိစ္စ များသာ ကြုံတွေ့ရပေလိမ့်မည်။
မည်သို့ပင်ဆိုစေကာမူ ခန်းယန် ၏စကားများမှ ယီယွင်ကို လင်ရှင်းထုံ ၏ ပိတ်နေသောသွေးကြောများ ကို ပြန်ဖွင့်ရန် နည်းလမ်းတစ်ခုပေးခဲ့ လေသည်။
ခန္ဓာကိုယ်ခြင်း ရောထွေးဆက်ဆံမည်ကိစ္စကို လျစ်လျူရှုထားလိုက်ပြီး လင်ရှင်းထုံ၏ ခန္ဓာကိုယ်ကို အင်အားဖြစ်စေရန်အတွက် သန့်စင်သော ယန်ချီ ပါရှိသော ရတနာများကို ရှာဖွေတွေ့ရှိပါက သူမအတွက် အလွန်အကျိုးရှိမည်ဖြစ်သည်။ယီယွင်၏ ခရမ်းရောင်သလင်းကျောက်ဖြင့် သန့်စင်သော ယန် ရတနာများကို ရှာတွေ့ရန်မှာ ၎င်းအတွက် မခဲယဉ်းပေ။
"ဟို... စီနီယာ၊ ကျွန်တော် ဆန်းကြယ်ပုံရိပ် နည်းစနစ်တွေနဲ့ ပတ်သက်ပြီး နောက်ထပ် မေးစရာတစ်ခုရှိသေးတယ်။ကျွန်တော် မကြာခင် ရက်အနည်းငယ်အတွင်းမှာ ပျက်စီးခြင်း သားရဲတွေကို အမဲလိုက်ဖို့ နတ်အရိုင်းတောထဲကို သွားဖို့ စီစဉ်ထားတယ်။ ရှုထောင့်ပုံရိပ် ကို ဖွဲ့စည်းဖို့ ကြိုးစားချင်တယ်"
ယီယွင် က စကားလမ်းကြောင်း လွှဲလိုက်လေသည်။ ရှုထောင့်ပုံရိပ် ကို ပါးလွှာသော လေထုထဲမှ စုပ်ယူ၍မရပေ။၎င်းအတွက် နက်နဲသော နည်းစနစ်တစ်ခု လိုအပ်သည်။
ဆန်းကြယ် ပုံရိပ်နည်းစနစ် သည် ကျင့်ကြံခြင်းနည်းစနစ်နှင့် အတူတူပင်ဖြစ်သည်။ စစ်သည်များအတွက် အလွန်အရေးကြီးသော နည်းစနစ်တစ်ခုဖြစ်သည်။
"အိုး...မင်းက ယွမ်ကိစ္စတောင်မပြီးသေးဘူး ရှုထောင့်တစ်ခုကို ဖွဲစည်းဖို့ ကြိုးစားချင်တာလား" အဘိုးကြီး ခန်း ၏ မျက်လုံးများ တောက်ပလာ လေသည်။ ယွမ်မတိုင်မီ ရှုထောင့်တစ်ခုအား ဖွဲ့စည်းအောင် ပြုလုပ်နိုင်သူများသည် အံ့သြဖွယ်ကောင်းသူများ ဖြစ်ကြသည်။ ပါရမီရှင်များဖြင့် စုစည်းထားတဲ့ တိုင်အာနတ်မြို့တော်ကဲ့သို့ နေရာမျိုးမှာပင် ထိုသို့ပြုလုပ်နိုင်သူ အနည်းငယ်သာရှိသည်။
ထိုသူတို့မှာ သိမြင်နိုင်စွမ်းရှိရုံသာမက အရည်အချင်းရှိရန်လည်း လိုအပ်ပေသည်။ မတူညီသော စစ်သည်တော်များတွင် ပျက်စီးခြင်းစွမ်းအားနှင့် မတူညီသော ဆက်စပ်မှုများရှိသည်။
လူတချို့မှာ ထူးချွန်ထက်မြက်သော အရည်အချင်းတွေရှိကြသော်လည်း ပျက်စီးခြင်း သားရဲ၏ စွမ်းအားတွေကို စုပ်ယူရာမှာ ဆိုးရွားလျက်ရှိသည်။ ထိုသို့သောလူတို့သည် ရှုထောင့်ပုံရိပ် ကို ယွမ်အုတ်မြစ်ချနယ်ပယ် သို့ရောက်ရှိပြီးနောက် ရှုထောင့် ရှေ့မှ ယွမ် ကို အသုံးပြုရန် အလွန်ခက်ခဲနိုင်သည်။
“ကျွန်တော် ကြိုးစားကြည့်မယ်…” ယီယွင် က ပြုံးပြီးပြောလိုက်သည်။
"တကယ်မလုပ်နိုင်ရင်တော့ ယွမ် အုတ်မြစ်ချနယ်ပယ်ကို ရောက်တဲ့အထိ စောင့်ရလိမ့်မယ်"
"ဟေ့ကောင်၊ မင်းက ‘တိုင်အာ နတ်ကျင့်စဉ်' ကို ကျွမ်းကျင်ပြီး ဓားမောက်အမှန်တရား စကားလုံး ၃၂လုံးကိုလည်း ထိုးထွင်းသိမြင်လာတယ်။ မင်း ယွမ်ရှေ့မှာ ရှုထောင့်ကို စမ်းကြည့်ချင်သေးတယ်၊ ကောင်းတာတွေအကုန် မင်းပဲလုပ်နေတယ်" ခန်းယန် က ရင်းနှီးစွာ ကျိန်ဆဲလိုက်လေသည်။
"မင်းရဲ့မျှော်လင့်ချက်တွေ အရမ်းမထားနဲ့၊ အဲတာကို မဖွဲ့စည်းနိုင်လဲ ဘာပြဿနာမှမရှိဘူး၊ ဖွဲ့စည်းနိုင်တဲ့လူတွေလည်း များများစားစား ရှိတာမဟုတ်ဘူး။ မင်းရထားတဲ့၏ရလဒ်တွေနဲ့တင် အံ့သြစရာ ကောင်းလှပါပြီကွာ” ခန်းယန်က ယီယွင် ထံ ကျောက်စိမ်းစာလိပ်တစ်ခုကို ပစ်ပေးရင်း ပြောသည်။
"ဆန်းကြယ်ပုံရိပ် နည်းစနစ်တွေ ပါတယ်။ မင်းကြိုက်တာရွေးလို့ရတယ်။ စည်းမျဉ်း အတိုင်းပဲ ငါမင်းဆီက အခကြေးငွေတောင်းယူမယ်၊ ကောင်းမွန်တဲ့ ဆန်းကြယ်ပုံရိပ် နည်းစနစ်တွေက ဈေးမသေးဘူး"
တိုင်အာနတ်မြို့တော် တွင် ကိုယ်ပိုင်စည်းမျဉ်းများ ရှိသည်။ အရင်းအမြစ်ခွဲဝေမှုများတွင် ထိုတင်းကျပ်ထားသော စည်းကမ်းများကို လိုက်နာရမည်ဖြစ်သည်။
ယီယွင် က ဝမ်းသာအားရဖြင့် ကျောက်စိမ်းလိပ်ကို ဖမ်းလိုက်သည်။
ကျောက်စိမ်းလိပ်၏အစတွင် ရှုထောင့်ပုံရိပ် ၏ မတူညီသောအဆင့်များကို မိတ်ဆက်ထားသည်။
ရှုထောင့်ပုံရိပ် တွင် အံ့သြဖွယ်ကောင်းသော အမျိုးအစားများပါရှိသည်။
မတူညီသောစစ်သည်များသည် ၎င်းတို့၏ ကိုယ်ခန္ဓာဝိသေသလက္ခဏာများနှင့် ၎င်းတို့ကျင့်ကြံခဲ့သော ကျင့်ကြံခြင်းနည်းစနစ်များအလိုက် မတူညီသော ရှုထောင့်ပုံရိပ် အမျိုးအစားများကို ဖွဲ့စည်းနိုင်သည်။
ဥပမာ- ချူရှောင်ရန်၏ ရှုထောင့်ပုံရိပ်မှာ ပျက်စီးခြင်း သားရဲ၏ပုံစံဖြစ်သည်။
အပင်များ၊ လက်နက်များ၊ ကြယ်နက္ခတ်တာရာများ၊ တောင်များနှင့် မြစ်များကဲ့သို့သော ရှုထောင့်ပုံရိပ် ပုံစံမျိုးစုံကို လူတချို့က ဖွဲ့စည်းထားကြသည်။
ရှုထောင့်ပုံရိပ် သည် အားကောင်းလေ၊ စုပ်ယူရန် ပိုခက်ခဲလေဖြစ်သည်။ ဖွဲ့စည်းပြီးသည်နှင့် အလွန်ကြီးမားလာကာ သဘာဝမကျသော ဖြစ်စဉ်တစ်ခုကိုပင် ဖြစ်ပေါ်စေနိုင်သည်။
ထိုအဆင့်သို့ရောက်ရန်ပင် အလွန်ခက်ခဲလျက်ရှိသည်။