ငါက မသိတာကြောင့် သင်ယူရတာပဲ
Vol. 18 Ch. 264
ယီယွင် သားရဲတစ်သောင်းပုံရိပ်ကို သင်ယူနေချိန်တွင် တိုင်အာနတ်မြို့ထဲ၌ လူအများကို အံ့အားသင့်စေသည့် သတင်းတစ်ခု ထပ်မံပေါ်ထွက်လာသည်။
တိုင်အာနတ်ပြည်ထောင် တော်ဝင်မိသားစု၏ ပျက်စီးခြင်းကောင်းကင်သခင်ဖြစ်သည့် ဆရာသခင်ယွဲ့ဟွားက တိုင်အာနတ်မြို့၏ အကြီးအကဲအသစ်များထဲမှ တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်မည် ဖြစ်ခြင်းပင်။
မနက်ဖြန်တွင် ဆရာသခင်ယွဲ့ဟွားက ပျက်စီးခြင်းကောင်းကင်နည်းစနစ်ကို ပြည်သူလူထုထံသို့ သင်ကြားပေးမည်။ လတိုင်းတွင် သူမက သင်ခန်းစာသုံးခု သင်ကြားပေးလိမ့်မည်။
ထိုသတင်းသည် ပျက်စီးခြင်းကောင်းကင်နည်းစနစ်ကို လေ့လာနေကြသည့် ကျင့်ကြံသူအသိုင်းအဝိုင်းအကြား အုတ်အော်သောင်းနင်း ဖြစ်သွားခဲ့လေ၏။
ထိုသင်ခန်းစာများကို ပညာရှိအဆင့် ပျက်စီးခြင်းကောင်းကင်သခင်တစ်ဦးက သင်ကြားပေးမည် ဖြစ်ချေ၏။
ယခင်ကမူ ပညာရှိအဆင့် ပုဂ္ဂိုလ်များက တိုင်အာနတ်မြို့မှ လူငယ်ကျင့်ကြံသူများကို စဥ်းစားပေးခဲ့ခြင်း မရှိခဲ့ပေ။ ထို့အပြင် တိုင်အာနတ်မြို့မှ ကျင့်ကြံသူများက ပညာရှိတစ်ဦး ဖြစ်လာနိုင်ခြေမှာလည်း အလွန်တရာပင် နိမ့်လေသည်။ ပညာရှိအဆင့် ပုဂ္ဂိုလ်များက သူတို့၏ ကိုယ်ပိုင်ကျင့်ကြံရေးကိုသာ ဦးစားပေးတတ်လေ၏။
ထို့ကြောင့် ဆရာသခင်ယွဲ့ဟွားက ခရမ်းသွေးနယ်ပယ်နှင့် ယွမ်အုတ်မြစ်ချနယ်ပယ်မှ လူငယ်ကျင့်ကြံသူများအား သင်ကြားပေးမည်ကို သူတို့က မည်သို့များ စိတ်မလှုပ်ရှားဘဲ နေပါမည်နည်း။ ထို့အပြင် ဆရာသခင်ယွဲ့ဟွားက တိုင်အာနတ်ပြည်ထောင်တစ်ခုလုံးရှိ အကောင်းဆုံး ပျက်စီးခြင်းကောင်းကင်သခင်များထဲမှ တစ်ဦးဖြစ်ချေသည်။
လူအများက ထိုကိစ္စကို ဆွေးနွေးနေခဲ့ကြ၏။ ဤကာလမျိုးတွင် ဆရာသခင်ယွဲ့ဟွားက တိုင်အာနတ်မြို့၏ အကြီးအကဲတစ်ဦး ဖြစ်လာခဲ့သည်မှာ တိုက်ဆိုင်မှုမဟုတ်ပေ။ အဓိကအကြောင်းအရင်းမှာ လွန်ခဲ့သော ရက်အနည်းငယ်ခန့်က လော့ဟော်အာသည် ပျက်စီးခြင်းကောင်းကင်နည်းစနစ်စံချိန်ကို ချိုးဖျက်သွားခဲ့ခြင်းကြောင့် ဖြစ်လေ၏။
လော့ဟော်အာ ချိုးဖျက်ခဲ့သည့် ပျက်စီးခြင်းကောင်းကင်နည်းစနစ်စံချိန်က လွန်ခဲ့သည့် နှစ်သုံးသောင်းကျော်ခန့်မှ ဖြစ်လေ၏။
နှစ်သုံးသောင်းဆိုသည်မှာ မည်သည်ကို ဆိုလိုလေသနည်း။ သာမန်ပညာရှိတစ်ဦး၏ သက်တမ်းက နှစ်တစ်သောင်းသာ ဖြစ်လေ၏။ ပညာရှိအဆင့် အလယ်အဆင့် သို့မဟုတ် နောက်ပိုင်းအဆင့် လူအချို့ကသာ သက်တမ်းသုံးသောင်းအထိ ရောက်နိုင်လေသည်။
လော့ဟော်အာက တဖြည်းဖြည်းချင်းဖြင့် တိုင်အာနတ်ပြည်ထောင်တွင် အတော်ဆုံး ပျက်စီးခြင်းကောင်းကင်သခင်တစ်ဦး ဖြစ်လာခဲ့ပါက အံ့ဩစရာမဟုတ်ပေ။ လော့ဟော်အာသာ ပညာရှိတစ်ဦး ဖြစ်လာခဲ့ပါက သူမ၏ ပျက်စီးခြင်းကောင်းကင်နည်းစနစ်သည်လည်း အလွန်မြင့်သောအဆင့်သို့ ရောက်သွားပေလိမ့်မည်။ သူမက တိုင်အာနတ်ပြည်ထောင်၏ နှစ်ပေါင်းတစ်သိန်း ကာလအတွင်း အစွမ်းအထက်ဆုံး ပျက်စီးခြင်းကောင်းကင်သခင်တစ်ဦးပင် ဖြစ်လာနိုင်သည်။
ထို့ကြောင့်ပင် တိုင်အာနတ်ပြည်ထောင်တစ်ခုလုံးက လော့ဟော်အာကို အာရုံစိုက်လာခဲ့ကြလေ၏။ အစွမ်းထက်သော အဖွဲ့အစည်းများက သူမအား သိမ်းသွင်း၍မရမည်မှန်း သိနေသည်ဆိုလျှင်ပင် သူမနှင့် ရင်းနှီးခွင့်ရရန်အတွက် အကျိုးအမြတ်မျိုးစုံ ထောက်ပံ့ပေးကြပေလိမ့်မည်။
ယင်းသည် တိုင်အာနတ်ပြည်ထောင် တော်ဝင်မိသားစု၏ ထင်မြင်ချက်ပုံစံတစ်ခုလည်း ဖြစ်လေ၏။
တော်ဝင်မိသားစု၏ ပျက်စီးခြင်းကောင်းကင်သခင်ယွဲ့ဟွားက တိုင်အာနတ်မြို့တွင် အကြီးအကဲတစ်ဦး ဖြစ်လာခဲ့ကာ သင်ခန်းစာများ ပို့ချပေတော့မည်။
ယွဲ့ဟွားက ဤနေရာသို့ရောက်လာသည့်မှာ လူတစ်ဦးတည်းကိုသာ သင်ကြားပေလို၍ဖြစ်ကြောင်း လူတိုင်း သိကြသည်။ ထိုသူ လော့ဟော်အာ ဖြစ်လေ၏။ ယွဲ့ဟွားက ပျက်စီးခြင်းကောင်းကင်သခင် အလုပ်သင်တစ်ဦး လက်ခံရန်အတွက်လည်း ဖြစ်ချေ၏။
ပျက်စီးခြင်းကောင်းကင်နည်းစနစ်ကို အာရုံစိုက်ကြသည့် အခြားကျင့်ကြံသူများကမူ သူတို့က ဇာတ်ပို့များဖြစ်ကြောင်း သိကြသည့်တိုင်အောင် ပျော်ရွှင်နေကြဆဲပင်။ လော့ဟော်အာ၏ ကျေးဇူးကြောင့် သူတို့က ကြီးမားသောအရာအချို့ ရနိုင်ပေတော့မည်။
သို့သော် ဆရာသခင်ယွဲ့ဟွား၏ သင်တန်းအသေးစိတ်ကို ထုတ်ပြန်ခဲ့ချိန်တွင် သူတို့ မှင်တက်မိသွားကြရသည်။ ဆရာသခင်ယွဲ့ဟွား၏ သင်ခန်းစာတိုင်းအတွက် သင်တန်းကြေးအဖြစ် မှော်နဂါးကြေးပြား ၃၀၀၀ ပေးရပေမည်။ သင်တန်းကြေးအား လစဥ်ပေးရမည်ဖြစ်ရာ လူတစ်ဦးက တစ်လလျှင် မှော်နဂါးကြေးပြား ၉၀၀၀ ပေးရမည်ဟု ဆိုလိုလေ၏။ ယင်းက ဈေးကြီးလွန်းလှသည်။
ပျက်စီးခြင်းကောင်းကင်သခင် အလုပ်သင်များအဖို့ မြင့်မားလှသော အခကြေးငွေကို တတ်နိုင်ကြမည်မဟုတ်လောက်ပေ။ လူအများစုက စိတ်ပျက်နေကြသော်လည်း ဈေးကြီးရခြင်း၏ နောက်ကွယ်မှ အကြောင်းအရင်းကို သိကြသည်။
ဆရာသခင်ယွဲ့ဟွား၏ အမည်တစ်ခုတည်းကပင် ကျင့်ကြံသူများစွာကို လှုပ်ရှားသွားစေနိုင်လေ၏။ ပျက်စီးခြင်းကောင်းကင်နည်းစနစ်နှင့် ထိတွေ့ဖူးခြင်းမရှိသည့် ကျင့်ကြံသူများသည်ပင် တက်ရောက်ကြမည် ဖြစ်ချေသည်။ သူတို့က တစ်လုံးမျှ နားမလည်လျှင်ပင် ဆရာသခင်ယွဲ့ဟွားအား မြင်နေရသရွေ့ အဆင်ပြေလေ၏။
သင်တန်းကြေးက ဈေးကြီးသော်ငြားလည်း အပိုဆောင်း ထောက်ပံ့ပေးမှု ရှိသေးလေသည်။ ယင်းက ပျက်စီးခြင်းကောင်းကင်သခင် အလုပ်သင်များ မျှော်လင့်နေသည့်အရာ ဖြစ်သည်။ ယင်းသည် ပညာတော်သင်ဆု ဖြစ်လေ၏။
သင်တန်းကို တက်ရောက်သူများက ထူးချွန်သောရလဒ် ရရှိခြင်းနှင့် ဆရာသခင်ယွဲ့ဟွား၏ အသိအမှတ်ပြုခြင်းကို ရရှိခဲ့ပါက ပညာတော်သင်ဆု ရနိုင်ပေလိမ့်မည်။ ထိုပညာတော်သင်ဆုအား အခြားသူများ၏ သင်တန်းကြေးများထဲမှ ထောက်ပံ့ပေးခြင်း ဖြစ်သည်။
တစ်စုံတစ်ယောက်ကသာ တိုင်အာနတ်မြို့ထဲမှ ပျက်စီးခြင်းကောင်းကင်နည်းစနစ်နှင့် ပတ်သတ်နေသည့် စံချိန်တစ်ခုခုအား ချိုးဖျက်နိုင်ခဲ့လျှင် သင်တန်းကြေးအား ရာသက်ပန် ပယ်ဖျက်ပေးလိမ့်မည်။ ထို့အပြင် ပျက်စီးခြင်းကောင်းကင်နည်းစနစ်နှင့် ပတ်သတ်သည့် ပစ္စည်းများကိုလည်း မှော်နဂါးကြေးပြား ၈၀၀၀ ဖိုး လစဥ်ထောက်ပံ့ပေးလေဦးမည်။
ယင်းထောက်ပံ့ကြေးက မြင့်မားလေ၏။ စံချိန်တစ်ခု ချိုးဖျက်နိုင်လျှင် သင်တန်းကြေးကို ပယ်ဖျက်ပေးကာ မှော်နဂါးကြေးပြား ၈၀၀၀ ကို လစဥ်ချီးမြင့်ပေလိမ့်မည်။ စံချိန်နှစ်ခု ချိုးဖျက်နိုင်ပါက သင်တန်ကြေး မှော်နဂါးကြေးပြား ၉၀၀၀ ကို ပြန်ပေးမည့်အပြင် ထောက်ပံ့ကြေးသည်လည်း နှစ်ဆတိုးကာ မှော်နဂါးကြေးပြား ၂၅၀၀၀ အား လစဥ်ရရှိပေမည်။
ထိုထောက်ပံ့ကြေးက လူပေါင်းများစွာကို ဆွဲဆောင်နိုင်ခဲ့လေ၏။ သို့သော် နောက်ဆုံးထောက်ပံ့ကြေးက လော့ဟော်အာအတွက် သီးသန့်စီစဥ်ပေးခြင်းဖြစ်သည်ကို အရူးတစ်ယောက်ဖြစ်နေလျှင်ပင် သိလေသည်။
ဤပညာတော်သင်ဆုစနစ်သည် တော်ဝင်မိသားစုက လော့ဟော်အာကို မျက်နှာသာပေးကာ ဆုလာဘ်ပေးခြင်းဟုပင် ဆိုနိုင်လေ၏။ ထို့အပြင် ပျက်စီးခြင်းကောင်းကင်နည်းစနစ် စံချိန်များကို လော့ဟော်အာအပြင် မည်သူကများ ချိုးဖျက်နိုင်ပါမည်နည်း။
ပျက်စီးခြင်းကောင်းကင်နည်းစနစ်အား လေ့လာခြင်းသည် အရင်းအမြစ်များကို ဖြုန်းတီးကာ ကုန်သွယ်နေခြင်းသာ ဖြစ်လေ၏။ ပစ္စည်းများစွာ အသုံးပြုရကာ ကုန်ကျမှုများပြားလေသည်။ လူသားဂုဏ်အဆင့်တွင် အဆင့်ချိတ်ထားသည့် ပျက်စီးခြင်းကောင်းကင်သခင်များစွာတို့တွင် မှော်နဂါးကြေးပြားများစွာ ရှိကြသည့်တိုင်အောင် သူတို့ အသုံးမပြုမီတွင် နှစ်ခါပြန်စဥ်းစားရလေ၏။ သူတို့က သုံးငွေကျပ်တည်းသော ဘဝများတွင်သာ နေထိုင်ကြရသည်။
ဆရာသခင်ယွဲ့ဟွားက ပညာတော်သင်ဆုစနစ် မတည်ပေးခြင်းနှင့်အတူ လော့ဟော်အာကသာ စံချိန်တစ်ခုကို ထပ်မံချိုးဖျက်နိုင်ခဲ့ပါက သူမအဖို့ အနာဂတ်တွင် ပျက်စီးခြင်းကောင်းကင်နည်းစနစ်အား လေ့ကျင့်ရာ၌ လိုအပ်လာမည့်ပစ္စည်းများကို စိုးရိမ်ခြင်းမရှိ သုံးနိုင်ပေတော့မည်။
တိုင်အာနတ်မြို့ကို တည်ထောင်ခဲ့သည့် မူလရည်ရွယ်ချက်က ပါရမီရှင်များကို ပျိုးထောင်ရေးအတွက် အရင်းအမြစ်များ စုဆောင်းပေးရန် ဖြစ်လေသည်။ ယင်းက မျှတသောပြိုင်ပွဲ ဖြစ်လေ၏။ အရင်းအမြစ်များ မရသူများအဖို့ သူတို့ကိုယ်သူတို့အား အပြစ်တင်ရပေလိမ့်မည်။
.............
အကြီးအကဲယွဲ့ဟွား၏ သင်တန်းအတွက် စာရင်းသွင်းခြင်းများ စတင်လေပြီ။
သင်တန်းကြေးက ဈေးကြီးသည့်တိုင်အောင် စာရင်းပေးသူများ များစွာပင်ရှိလေသည်။ လူသားဂုဏ်အဆင့်တွင် အဆင့်ထိပ်ပိုင်း၌ရှိပြီး ပျက်စီးခြင်းကောင်းကင်နည်းစနစ်ကို အာရုံစိုက်ထားသည့် ကျင့်ကြံသူများအဖို့ မှော်နဂါးကြေးပြား ၉၀၀၀ ပေးရသည်မှာ နာကျင်ရသည်ဟု ခံစားရသည့်တိုင်အောင် ပေးနိုင်ကြလေ၏။
မှော်နဂါးကြေးပြား ၉၀၀၀ ပေးပြီးပါက လူတစ်ဦးလျှင် သင်တန်းပြေစာတစ်ခုစီ ရရှိလေသည်။ သင်တန်းပြေစာများ ဒါဇင်အနည်းငယ်ခန့် ပေးပြီးသည့်တိုင်အောင် လူတန်းရှည်ကြီး ကျန်နေသေးလေ၏။ အကြီးအကဲယွဲ့ဟွား၏ ပထမသင်တန်းကို တက်လိုကြသူများ များစွာရှိသည်မှာ ပုံမှန်သာဖြစ်လေ၏။
သင်တန်းပြေစာအားလုံး ပေးပြီးသလောက်နီးပါး ရှိလာချိန်တွင် လူများစွာလည်း ထွက်သွားကြပေပြီ။ လက်ရှိအချိန်၌ ယီယွင်က သင်တန်းပြေစာတစ်ခု ရရှိရန်အလို့ငှာ အုပ်ချုပ်ရေးရုံးထဲသို့ တရွေ့ရွေ့ဖြင့် သွားနေလေသည်။
သင်တန်းပြေစာများ ထုတ်ပေးရန် တာဝန်ယူထားသည့် စာရေးက ယီယွင်ကို မှတ်မိလေသည်။ ယီယွင်က သင်တန်းပြေစာကို တောင်းဆိုချိန်တွင် စာရေး၏အမူအရာက ထူးဆန်းသွားလေ၏။ သူက ယီယွင်ကို သတိပေးလိုက်သည်..." ဒါက ပျက်စီးခြင်းကောင်းကင်သခင် အလုပ်သင်တွေအတွက် သင်ခန်းစာနော် "
ယီယွင် အမှားလုပ်မိမည်ကို သူ စိုးရိမ်သည်။ ယီယွင်က ဥပဒေသများ ၊ ကျင့်စဥ်နည်းစနစ်များ ၊ ရှုထောင့်ပုံရိပ်များ သင်ကြားပေးသည့် စစ်သည်သင်တန်းများကိုသာ တက်ရောက်သင့်သည်။
" အာ... ကျုပ် သိပါတယ် " ယီယွင်က ဆိုလိုက်လေပြီး မှော်နဂါးကြေးပြား ၉၀၀၀ ပေးရန်အတွက် ကိုယ်ပိုင်တံဆိပ်ပြားကို ထုတ်ပေးလိုက်သည်။
စာရေးက မှော်နဂါးကြေးပြားများကို မြင်ကာ အနည်းငယ်ခန့် အေးခဲသွားပြီးနောက် မေးလိုက်လေသည်..." မင်းက ပျက်စီးခြင်းကောင်းကင်နည်းစနစ်ကို သိတာလား "
ယီယွင်၏ တိမ်ရိုင်းနယ်မြေနောက်ခံကို စာရေးက သိလေသည်။ ယီယွင်က ဆင်းရဲသည်။ ပျက်စီးခြင်းကောင်းကင်နည်းစနစ်ကို လေ့လာရန်အတွက် ပေါများလှသော အရင်းအမြစ်များ ထောက်ပံ့ပေးရန် လိုအပ်လေ၏။ ယီယွင်၏ သိုင်းပညာပါရမီက မွန်းစတားဆန်သည့်အား တွေးကြည့်လျှင်မူ ယီယွင်က ပျက်စီးခြင်းကောင်းကင်နည်းစနစ်ကိုလည်း သင်ယူနေသည်မှာ မဖြစ်တန်ရာပေ။
" ကျုပ် ဘာမှမသိဘူး " ယီယွင်က ခေါင်းယမ်းပြပြီး ချက်ကျလက်ကျ ပြန်ပြောလေသည်..." ကျုပ်က မသိတာကြောင့် သင်ယူရတာပဲ "
" အမ်..." စာရေးမှာ သီးလုမတတ် ဖြစ်သွားရလေ၏။
ကျုပ်က မသိတာကြောင့် သင်ယူရတာပဲတဲ့လား။
ထိုစကားများက ယုတ္တိတန်နေသည့်တိုင်အောင် စာရေးမှာ ပြောစရာမဲ့နေရသည်။
ပျက်စီးခြင်းကောင်းကင်နည်းစနစ်ကို နကန်းတစ်လုံးမျှမသိသည့် တပ်သားသစ်တစ်ဦးက ဆရာသခင်ယွဲ့ဟွား၏ သင်တန်းသို့ အမှန်တကယ်ပင် တက်ရောက်လိုနေသည်တဲ့လား။ သင်ခန်းစာသုံးခုအတွက် မှော်နဂါးကြေးပြား ၉၀၀၀ ပင် ကျသင့်လေသည်။
တပ်သားသစ် အဆင့်သတ်မှတ်ချက်ပြိုင်ပွဲ အပြီးတွင် ယီယွင်က အလွန်ကြွယ်ဝနေသည်ကို စာရေးက သိသည်။ လူချမ်းသာများက ပြောင်းလဲလွယ်သည်ဟူသည့် ဆိုရိုးစကားကြောင့် စာရေးမှာ သက်ပြင်းချလိုက်ရ၏။ သင်တန်းကြေးက မည်မျှပင်ဖြစ်နေပါစေ ယီယွင် စိတ်ဝင်စားပါက တက်ရောက်မည်သာပင်။
................
လက်ရှိအချိန်၌ ဗဟိုနတ်မျှော်စင်တွင် လော့ဟော်အာက ကုတင်ပေါ်တွင် သက်တောင့်သက်သာ လှဲလျောင်းနေလေ၏။ သူမ၏လက်တွင် ပြေစာငယ်တစ်ခုကို ကစားနေလေသည်။ တစ်စုံတစ်ယောက်က သင်တန်းပြေစာကို သူမဆီသို့ ပို့ပေးခဲ့လေသောကြောင့် သူမက သင်တန်းပြေစာကို သွားမယူခဲ့ရပေ။ လော့ဟော်အာက ထိုကိစ္စအတွက် အလွန်ကျေနပ်နေလေ၏။
တိုင်အာနတ်မြို့တွင် အပြီးပြည့်စုံဆုံး မိန်းကလေးပါရမီရှင်ဖြစ်သည့် သူမအဖို့ အဘယ်သို့များ အထူးတလည် အရေးပေးမခံရပါမည်နည်း။
" မမလေးက အနာဂတ်ကျရင် ထောက်ပံ့ကြေး မှော်နဂါးကြေးပြား ၈၀၀၀ ကိုလည်း လစဥ်ရလာတော့မယ်။ ဆရာသခင်ယွဲ့ဟွားက တကယ့်ကို သဘောကောင်းတဲ့သူပဲ "
အစေခံမလေး တုန်းအာက လော့ဟော်အာကို ကြည့်လိုက်လေသည်။ သူမက ယခုအထိ နှစ်ရက်ခန့်မျှ ဘာမျှမစားရသေးပေ။ သူမက အမတေများကို ရှောင်ထားရကာ သီးနှံအချို့ စားထားခဲ့ပြီး ဗိုက်မဆာသော်လည်း သူမ၏ ပါးစပ်နှင့်အစာအိမ်တို့တွင် ဗလာကျင်းဖြစ်နေသည်ဟု ခံစားနေရဆဲပင်။ စိတ်ကောင်းဝင်နေသည့် လော့ဟော်အာက သူမ၏အပြစ်များကို ပယ်ဖျက်ပေးလိမ့်မည်ဟု ဆုတောင်းနေမိလေသည်။
လော့ဟော်အာက တုန်းအာကို မျက်ဖြူလန်ပြကာ ဆိုသည်... " မှော်နဂါးကြေးပြား ၈၀၀၀ ထောက်ပံ့ကြေးပေးတော့ရော ဘာဖြစ်လဲ။ ငါ သုံးစွဲဖို့အတွက် လုံလောက်ဖို့က အဝေးကြီးလိုနေသေးတယ်။ ငါ ပျက်စီးခြင်းကောင်းကင်နည်းစနစ် စံချိန်နောက်တစ်ခုကို ချိုးဖျက်ပြီးတော့ လစဥ်ထောက်ပံ့ကြေး မှော်နဂါးကြေးပြား ၂၅၀၀၀ ရလာမှာကို စောင့်နေလိုက်စမ်းပါ။ ငါက စံချိန်သုံးခုချိုးပြီး မှော်နဂါးကြေးပြား ၄၂၀၀၀ ကိုတောင် ထောက်ပံ့ကြေးရလာနိုင်တယ်။ အဲ့ဒီအချိန်ကျရင် ပျက်စီးခြင်းကောင်းကင်နည်းစနစ်ကို ငါ့စိတ်ကြိုက် လေ့ကျင့်လို့ရပြီ "
" ဟုတ်တယ်... ဟုတ်တယ်။ မမလေးက အတော်ဆုံးပဲ " တုန်းအာက စတင်ကာ မျက်နှာချိုသွေးလေ၏။ တစ်ချိန်တည်းမှာပင် သူမက လော့ဟော်အာကို မျက်လုံးရွဲကြီးများဖြင့် မျှော်လင့်တကြီး ကြည့်နေလေသည်။
လော့ဟော်အာက နှာခေါင်းရှုတ်ကာ..." နင် ဘာတွေးနေလဲဆိုတာ ငါသိတယ်။ နောက်နှစ်ရက်နေမှ အပြစ်ပေးတာကို ပယ်ဖျက်ပေးမယ်။ မနက်ကျရင် ငါနဲ့ သင်တန်းကိုလိုက်ခဲ့ "
ဟုတ်သည်။ တုန်းအာက သင်တန်းထဲသို့ ဝင်မရပေ။ သူမက အပြင်ဘက်တွင်သာ စောင့်ရပေမည်။
............................
ဆရာသခင်ယွဲ့ဟွား၏ သင်ခန်းစာပို့ချချက်များ စတင်လာသည်။
သင်တန်းအခန်းက ဗဟိုနတ်မျှော်စင်၏ မြေအောက်ထဲတွင် တည်ရှိလေ၏။ စတုန်ရန်းမီတာတစ်ထောင်ခန့် ကျယ်ဝန်းသော ကြီးမားလှသည့် ပျက်စီးခြင်းကောင်းကင်နည်းစနစ်ခန်းမကို သင်တန်းအခန်းအဖြစ် အသုံးပြုထားလေသည်။
ခန်းမကြီးထဲတွင် မျိုးစုံသော ပျက်စီးခြင်းအရိုးအမတေများ ၊ ဒယ်စောက်များ ၊ ကျောက်စားပွဲရှည်တန်းများ ရှိလေ၏။ စားပွဲများပေါ်တွင် အဖိုးတန်ပစ္စည်းမျိုးစုံ တင်ထားလေသည်။
အဆင်အပြင်နှင့် ပစ္စည်းများကြောင့် လူများစွာတို့မှာ သင်တန်းကြေး မှော်နဂါးကြေးပြား ၉၀၀၀ က ဈေးမကြီးဟု ခံစားမိလာသည်။ ပျက်စီးခြင်းကောင်းကင်နည်းစနစ်ကို လေ့ကျင့်ရသည်မှာ အရင်းအမြစ်များစွာ ကုန်ခမ်းရသော်လည်း ဤခန်းမထဲတွင်မူ ပစ္စည်းများက အခမဲ့ထောက်ပံ့ပေးထားလေ၏။
ကျင့်ကြံသူများစွာတို့က ခန်းမထဲသို့ တစ်နာရီစောကာ ရောက်နေကြသည်။ သူတို့က မျှော်လင့်တကြီးဖြစ်နေကာ ဆရာသခင်ယွဲ့ဟွား ပေါ်လာမည်ကို စောင့်နေကြသည်။
သင်တန်းထဲတွင် ကျင့်ကြံသူစုစုပေါင်း ၁၀၆ ယောက် ရှိလေသည်။ လော့ဟော်အာ အခန်းထဲသို့ ရောက်လာချိန်တွင် လူတစ်ရာနီးပါးခန့် ရောက်နေကြပေပြီ။
လော့ဟော်အာ ပေါ်လာချိန်တွင် လှုပ်လှုပ်ရှားရှား ဖြစ်ခဲ့လေ၏။
" လော့ဟော်အာပဲ "
တစ်ယောက်က ဆိုလိုက်လေရာ လူတိုင်း၏အကြည့်များက သင်တန်းအခန်း၏ ဝင်ပေါက်ဆီသို့ ရောက်ရှိသွားလေ၏။
လော့ဟော်အာက ခရမ်းရောင် ပျက်စီးခြင်းကောင်းကင်သခင်ဝတ်စုံကို ဝတ်ထားလေသည်။ သူမက လူအများအကြား၌ ကွဲထွက်နေလေ၏။ တဖြည်းဖြည်း လမ်းလျှောက်လာသည့် သူမ၏ အပြုအမူက တင့်တယ်လှပကာ အထက်တန်းစား မိသားစုမှ လူတစ်ဦး၏ အရှိန်အဝါမျိုး ပေါ်ထွက်နေသည်။