ဆရာသခင်ယွဲ့ဟွား
Vol. 18 Ch. 266
ပျက်စီးခြင်းကောင်းကင်နည်းစနစ် သင်တန်းအခန်းထဲတွင် ပျက်စီးခြင်းကောင်းကင်သခင် အလုပ်သင်တိုင်းအတွက် ကျောက်စားပွဲတစ်ခုစီ ပြင်ဆင်ပေးထားလေ၏။ ကျောက်စားပွဲတစ်ခုချင်းစီပေါ်တွင် ပျက်စီးခြင်းအရိုးအမတေ သန့်စင် အသုံးပြုရန်အတွက် အစီအရင်ပြားတစ်ခုစီ ရှိလေသည်။ သုံးပေခန့်ရှည်သော အစီရင်ပြားပေါ်တွင် မှော်စာလုံးများ ရေးထိုးထားလေ၏။
အစီရင်ပြားအပြင် တစ်မီတာခန့်မြင့်သော ဗီရိုတစ်ခုလည်း ရှိလေသည်။ ဗီရိုက သိုလှောင်ပစ္စည်းဖြစ်ပြီး သိုလှောင်လက်စွပ်နှင့် ဆင်တူလေသည်။ ဗီရိုများအားလုံးထဲတွင် ပျက်စီးခြင်းအရိုးများ ပမာဏများစွာ ထည့်ထားလေ၏။
အများသောအားဖြင့် ပျက်စီးခြင်းအရိုးများက ကြီးမားကြလေသည်။ အချို့သော ရှေးဦးပျက်စီးခြင်းသားရဲများက မိုင်ရာချီ သို့မဟုတ် မိုင်ထောင်ချီအထိပင် ရှည်လျားကြလေ၏။ ထိုမျှကြီးမားသော ပျက်စီးခြင်းသားရဲများ၏ ပျက်စီးခြင်းအရိုးများကို မြေပြင်ပေါ်တွင် ချထားလိုက်ပါက တောင်တန်းတစ်ခုပမာ ဖြစ်နေပေလိမ့်မည်။ ထိုမျှကြီးမားသော ပျက်စီးခြင်းအရိုးကို ပျက်စီးခြင်းအရိုးအမတေအဖြစ် သန့်စင်ရန်အတွက်မူ ပညာရှိအဆင့် ပျက်စီးခြင်းကောင်းကင်သခင်များအတွက်ပင် ခက်ခဲပေလိမ့်မည်။
ပျက်စီးခြင်းကောင်းကင်နည်းစနစ် လေ့ကျင့်ရန်အတွက် အခြေခံအကျဆုံး ပစ္စည်းများကို ယီယွင် မြင်လိုက်ရချိန်တွင် လင်ရှင်းထုံက သူ့အတွက် ချန်ထားပေးခဲ့သည့် ပျက်စီးခြင်းကောင်းကင်သခင်စာအုပ်ကို ပြန်တွေးမိသွားလေ၏။
ထိုစာအုပ်ကို စုကျဲက ရေးထားခဲ့ခြင်း ဖြစ်လေသည်။ စုကျဲက လင်ရှင်းထုံအတွက် စာအုပ်အတွဲ ၁၈ အုပ် ပေးထားခဲ့လေပြီး လင်ရှင်းထုံက သူ့အတွက် ပထမအတွဲကို ချန်ထားပေးခဲ့သည်။
လင်ရှင်းထုံသည် ပါရမီလိုအပ်ချက် မြင့်မားသော ပျက်စီးခြင်းကောင်းကင်နည်းစနစ်အား ယီယွင် လေ့လာမည်ကို မူလက အားပေးခြင်းမရှိခဲ့ပေ။ လူတစ်သောင်းလျှင် တစ်ဦးကသာ ပျက်စီးခြင်းကောင်းကင်နည်းစနစ်ကို သင်ယူနိုင်လေ၏။ ထို့အပြင် ပျက်စီးခြင်းကောင်းကင်နည်းစနစ်အား လေ့ကျင့်ရန်အတွက် များပြားလှသော အရင်းအမြစ်များနှင့် ဆရာကောင်းတစ်ဦး၏ သင်ကြားမှုများလည်း လိုအပ်လေသည်။ ထိုစဥ်က ယီယွင်တွင် ထိုအနေအထားမျိုး ရှိမနေပေ။
သို့သော် ယီယွင်က ပျက်စီးခြင်းကောင်းကင်နည်းစနစ်ကို လေ့လာရန်သာ ခေါင်းမာနေခဲ့လေသောကြောင့် လင်ရှင်းထုံက သူနှင့် သဘောတူညီချက်တစ်ခု လုပ်ခဲ့လေသည်။ ယီယွင်သာ နှစ်နှစ်အတွင်း စုကျဲ၏ မှတ်စုစာအုပ်ထံမှ ထိုးထွင်းသိမြင်မှုအချို့ ရရှိခဲ့ပြီး အခြေခံ လက်ဟန်သင်္ကေတနှင့် စွမ်းအင်ထိန်းချုပ်မှုကို တတ်မြောက်ခဲ့လျှင် လင်ရှင်းထုံက ယီယွင် ပျက်စီးခြင်းကောင်းကင်နည်းစနစ်ကို လေ့လာရာတွင် ကူညီပေးမည်ဖြစ်၏။ မတတ်မြောက်ခဲ့လျှင်မူ မှတ်စုစာအုပ်ကို ပြန်ယူမည်ဖြစ်လေသည်။
ယီယွင်က အစပျိုးအဆင့်သာ ဖြစ်လေသောကြောင့် စုကျဲ၏စာအုပ်က သူ့အတွက် အလွန်ပင်နက်နဲလွန်းလေ၏။ ပြီးခဲ့သည့် နှစ်ဝက်အတွင်း၌ ယီယွင်က စုကျဲ၏စာအုပ်ကို အကြိမ်ပေါင်းမနည်း ဖတ်ကြည့်ခဲ့သော်လည်း သူ သင်ယူနိုင်ခဲ့သည်မှာ အလွန်တရာပင် အကန့်အသတ်ရှိနေသည်။
သူသည် မှတ်စုစာအုပ်၏ အကျဥ်းချုံးထံမှ ပျက်စီးခြင်းကောင်းကင်နည်းစနစ်နှင့် ပတ်သတ်သော အထွေထွေသုံးသပ်မှုများကိုသာ ရရှိခဲ့သည်။ စစ်မှန်သော အခြေခံနှင့် အသေးစိတ်အချက်များကိုမူ သင်ကြားရပေဦးမည်။
ပျက်စီးခြင်းကောင်းကင်နည်းစနစ်အား လေ့လာရာတွင် အားထုတ်မှုအချို့ လိုအပ်သည်ဖြစ်ပြီး ယီယွင်အတွက်မူ အကျိုးထက် အပြစ်ကသာ ပိုများလေသည်။
ခရမ်းရောင်သလင်းကျောက်က တစ်လောကလုံးတွင် အသန့်စင်ဆုံးနှင့် အကြွယ်ဝဆုံး စွမ်းအင်များကို ပြင်ဆင်ပေးနိုင်သည်။ လက်ရှိတွင် ယီယွင်က ထိုစွမ်းအင်များကို စုပ်ယူခြင်း သို့မဟုတ် ဝါးမျိုခြင်းလုပ်ရန်သာ လိုအပ်သော်လည်း ယင်းက ရတနာများကို ဖြုန်းတီးနေခြင်းသာ ဖြစ်လေ၏။
သူသာ ပျက်စီးခြင်းကောင်းကင်နည်းစနစ်ကို အသုံးပြုနိုင်ပါက ထိုစွမ်းအင်များကို ထုတ်ဖော်လာနိုင်လိမ့်မည်။ ထိုစွမ်းအင်များကို သီးခြားကဏ္ဍများအလိုက် ထုတ်ဖော်ပါက သူ၏ သိုင်းပညာလမ်းကြောင်းကို ပိုမိုလွယ်ကူသွားစေပေမည်။
သူသာ ပျက်စီးခြင်းကောင်းကင်နည်းစနစ်ကို တတ်ကျွမ်းခဲ့ပါက ချမ်းသာကြွယ်ဝလာရန် နည်းလမ်းကောင်းတစ်ခုလည်း ဖြစ်လေ၏။ လက်ရှိတွင် ယီယွင်က ဆရာတစ်ဦး လိုအပ်နေ၏။ သူ့အား ပျက်စီးခြင်းကောင်းကင်နည်းစနစ် လောကကြီးထဲသို့ လမ်းပြပေးမည့် ဆရာတစ်ဦး ဖြစ်လေသည်။
ယီယွင် အစီရင်ပြားကို လေ့လာနေချိန်မှာပင် တစ်စုံတစ်ယောက်က အော်လိုက်လေသည်..." ဆရာသခင်ယွဲ့ဟွား ရောက်လာပြီ "
သင်တန်းအခန်းတံခါး ပွင့်သွားခဲ့ကာ ခရမ်းရောင် ပျက်စီးခြင်းကောင်းကင်သခင်ဝတ်စုံ ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦး ဖြည်းညင်းစွာ လျှောက်ဝင်လာသည်။ ထိုအမျိုးသမီးက သုံးဆယ်ကျော်ဟန်ပင် မရှိသေးပေ။ သူမတွင် ဖြူဝင်းသော သွားများ ၊ ချစ်စဖွယ် မျက်ခုံးနှင့် ပြီးပြည့်စုံသောခန္ဓာကိုယ်တို့ ရှိကာ အရွယ်ရောက်ပြီးသော အလှတရားများ ထုတ်ဖော်ပြနေ၏။
အိုး...။
ယီယွင် အံ့အားသင့်သွား၏။ ဒါက ဆရာသခင်ယွဲ့ဟွားလား။
ပညာရှိအဆင့် ပျက်စီးခြင်းကောင်းကင်သခင်တစ်ဦးက စုကျဲကဲ့သို့ပင် အဖိုးအိုတစ်ဦး ဖြစ်လိမ့်မည်ဟု သူ ထင်ထားမိခဲ့သည်။ ဆရာသခင်ယွဲ့ဟွားက အရွယ်ကောင်း အမျိုးသမီးတစ်ဦး ဖြစ်နေလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။ သူမ၏ ရုပ်ရည်အရဆိုလျှင် ထိုအမျိုးသမီးက လွန်ခဲ့သော နှစ်တစ်ထောင်နီးပါးခန့်က ပညာရှိတစ်ဦး ဖြစ်လာခဲ့သူ ထင်နိုင်စရာမရှိပေ။
ဤစစ်သည်လောကကြီးထဲတွင် ပြိုင်စံရှားသော အပြုအမူနှင့် ကိုယ်ဟန်များရှိသည့် အမျိုးသမီးများ ရှိကြလေပြီး သူမတို့က ပါရမီထူးကြသည်သာမက မြို့များနှင့် တိုင်းပြည်များ ပျက်သုဥ်းရသည်အထိလည်း လှပကြလေသည်။
ထိုမိန်းကလေးများက သူမတို့၏ မိသားစုများမှ သွေးမျိုးဆက်များကို လက်ခံရရှိထားကြသည်။ သူမတို့၏ အနာဂတ်အတွက် ပျိုးထောင်ပေးရန် မိုးမြေယွမ်ချီနှင့် ဆေးမျိုးစုံ မှီဝဲခဲ့ကြရ၏။ ယင်းအရာများက မိန်းကလေးများစွာ၏ ခန္ဓာကိုယ်များကို ပြီးပြည်စုံစေသည်အထိ ကြီးထွားစေသည်။ ယွမ်ချီကြောင့် သူမတို့၏ အသားအရေများက ကျောက်စိမ်းပမာ ဖြူဝင်းကြလေပြီး ခန္ဓာကိုယ်များက ပြီးပြည့်စုံစွာ ဖွံ့ထွားကြသည်။ သူမတို့က သေမျိုးမိန်းကလေးများကဲ့သို့ ပိန်လွန်းခြင်း သို့မဟုတ် ဝလွန်းခြင်းများ မရှိကြပေ။
" ဒီနေ့ကစပြီး ငါက မင်းတို့တွေရဲ့ ပျက်စီးခြင်းကောင်းကင်နည်းစနစ် ဆရာပဲ " ယွဲ့ဟွားက ခန်းမရှေ့တွင်ရပ်ပြီး ကျောက်စားပွဲပေါ်မှ အစီရင်ပြားကို အသာခေါက်နေရင်း ဆိုလိုက်သည်။ သူမ၏အသံက သိမ်မွေ့လေပြီး အမူအရာနည်းပါးခြင်းကြောင့် ဆွဲဆောင်မှုအချို့ ရှိနေလေသည်။
စင်အောက်ဘက်မှ လူငယ်များ ချက်ချင်းပင် ငေးမောသွားကြရလေ၏။ အလွန်ပင် ခွန်အားပြည့်ဝကြသည့် ၁၆ နှစ်အရွယ် လူငယ်များအတွက်မူ မိန်းမငယ်များထက် အရွယ်ရောက်ပြီးသော အမျိုးသမီးများက ပိုမိုကာဆွဲဆောင်နိုင်စွမ်းရှိကြသည်။
" ဆရာယွဲ့ဟွားက အရမ်းလှတာပဲ။ ပြီးတော့ အရမ်းလည်း နုပျိုတယ် "
လူအချို့က လျှို့ဝှက်စွာ အသံပေးပို့ကြလေ၏။ မိန်းကလေးများမှာမူ သူမတို့၏ ရုပ်ရည်များအတွက် စိုးရိမ်လာကြရသည်။
" ငါက နောင်နှစ်အနည်းငယ်လောက်အထိ တိုင်အာနတ်မြို့မှာ သင်ကြားပေးမယ်။ ငါက မင်းတို့တွေကို ပျက်စီးခြင်းကောင်းကင်နည်းစနစ်အကြောင်း အားလုံးသင်ပေးမယ်။ မင်းတို့မှာ အစွမ်းအစရှိရင် ငါ့ရဲ့ လက်တစ်ထောင်လဗုဒ္ဓကိုတောင် သင်ယူလို့ရတယ် "
ယွဲ့ဟွားက လက်တစ်ထောင်လဗုဒ္ဓအကြောင်း ပြောလိုက်ချိန်တွင် ထိုဆန်းကြယ်နည်းစနစ်အကြောင်းကို သိထားကြသည့် လူများစွာတို့မှာ ပါးစပ်အဟောင်းသား ဖြစ်သွားကြလေ၏။
ပျက်စီးခြင်းကောင်းကင်သခင်လောကတွင်လည်း ကျင့်စဥ်နည်းစနစ်များနှင့် ဆန်းကြယ်နည်းစနစ်များ ရှိလေသည်။ ယင်းတို့ကို စွမ်းအင်ထုတ်ယူခြင်းနှင့် စွမ်းအင်သန့်စင်ခြင်းများတွင် အသုံးပြုကြလေ၏။
လက်တစ်ထောင်လဗုဒ္ဓက လက်သင်္ကေတအစုံလိုက် ဖြစ်လေ၏။ ၎င်းကို အသုံးပြုလိုက်သည်နှင့် လက်သင်္ကတေများက အလွန်တရာပင် မြန်ဆန်လှလေသောကြောင့် အရိပ်များအဖြစ်သာ မြင်ကြရလေသည်။
၎င်းက ဆရာသခင်ယွဲ့ဟွား၏ ထူးခြားမှုလည်း ဖြစ်လေ၏။ အဆိုပါ လက်သင်္ကေတအစုံကို အသုံးပြုပါက ပျက်စီးခြင်းအရိုးများကို အလွယ်တကူ ထုတ်ယူကာ သန့်စင်နိုင်သည်။
ဆရာသခင်ယွဲ့ဟွား လေ့ကျင့်ရေးခရီး ထွက်ခဲ့စဥ်ကာ ကံကောင်းကာ လက်တစ်ထောင်လဗုဒ္ဓကို ရရှိခဲ့ခြင်း ဖြစ်လေသည်။ ဆရာသခင်ယွဲ့ဟွားက ပျက်စီးခြင်းကောင်းကင်သခင်အဖြစ် ယခုလောက်အထိ ပေါက်မြောက်ခဲ့သည်မှာ လက်တစ်ထောင်လဗုဒ္ဓကြောင့် ဖြစ်လေသည်။ သူမက အခြားသူများကို လက်တစ်ထောင်လဗုဒ္ဓအား သင်ကြားပေးလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။
" လက်တစ်ထောင်လဗုဒ္ဓက လော့ဟော်အာကို သင်ကြားပေးဖို့ ပြင်ဆင်ထားတာပဲ ဖြစ်ဖို့များတယ်။ ငါတို့တွေအတွက်က တွေးစရာတောင်မလိုဘူး " လူအများက အသံပို့လွှတ်ကာ ပြောကြလေ၏။
ထိုစဥ်တွင် ဆရာသခင်ယွဲ့ဟွားက ဆက်ပြောလေသည်..." မင်းတို့အားလုံးက ပါရမီနှင့် အခြေခံတွေ ကြီးကြီးမားမား ကွာခြားကြတယ်။ ငါက မင်းတို့ရဲ့ ပင်ကိုယ်စွမ်းရည်တွေအလိုက် ဘာတွေသင်ကြားပေးရမလဲဆိုတာကို ငါ အကြမ်းဖျင်း နားလည်ထားဖို့ လိုအပ်တယ်။ မင်းတို့ရဲ့ ကျောက်စားပွဲတွေပေါ်က အစီရင်ပြားနဲ့ ပစ္စည်းဗီရိုကို အသုံးပြုဖို့အတွက် နှစ်နာရီအချိန်ပေးမယ်။ မင်းတို့ရဲ့ အကောင်းဆုံး ပျက်စီးခြင်းကောင်းကင်နည်းစနစ်ကို ရွေးချယ်ပြီး ငါ့ကိုပြကြ "
ယွဲ့ဟွားက စကားဆုံးသည်နှင့် ခရမ်းရောင်ဝတ်စုံကို အသာရမ်းကာ ထိုင်လိုက်သည်။
လူငယ်ကျင့်ကြံသူများ ချက်ချင်းပင် ဝင်းပသွားကြလေ၏။ အထူးသဖြင့် သူတို့၏ ပျက်စီးခြင်းကောင်းကင်နည်းစနစ်ကို အလွန်ပင် ယုံကြည်ချက်ရှိနေသူများ လက်ဖဝါးများ ပွတ်သပ်နေကြလေသည်။
သင်တန်းအစပိုင်းတွင် ဆရာသခင်ယွဲ့ဟွား၏ အာရုံများအား မည်သို့ဖမ်းစားရမည်ကို သူတို့အားလုံး တွေးနေကြလေ၏။ သူတို့အဖို့ အနာဂတ်တွင် လက်တစ်ထောင်လဗုဒ္ဓကို သင်ကြားခွင့်မရခဲ့လျှင်ပင် အနည်းဆုံးအနေဖြင့် ပညာတော်သင်ဆု ရရှိရန်အတွက် လွယ်ကူသွားချေမည်။
လူများစွာတို့က ဗီရိုထဲမှ ပျက်စီးခြင်းအရိုးပစ္စည်းများ စတင်ထုတ်ယူကြသည်။ သူတို့နှင့်သင့်တော်မည့် ပစ္စည်းများ ထုတ်ယူကာ ပျက်စီးခြင်းအရိုးအမတေကို အကောင်းဆုံးသန့်စင်ရန် စတင်ကြလေသည်။
အခန်းထောင့်မှ ယီယွင်ကမူ ဆရာသခင်ယွဲ့ဟွား၏ စကားကို ကြားရချိန်တွင် မှင်တက်မိနေသည်။
ပျက်စီးခြင်းအရိုးအမတေ သန့်စင်ရမှာတဲ့လား။
သူက အခြေခံချိတ်ပိတ်နည်းလမ်းကိုပင် မသိလေရာ ပျက်စီးခြင်းအရိုးအမတေအား မည်သို့သန့်စင်ရပါမည်နည်း။
စုကျဲ၏ မှတ်စုစာအုပ်ထဲတွင် ရေးသားထားသည်များကို သူ၏အစပျိုးအဆင့်၌ပင် အသုံးမချနိုင်သေးပေ။
ယီယွင်က ပျက်စီးခြင်းအရိုး အစိတ်အပိုင်းအချို့ကို ထုတ်ယူလိုက်သော်လည်း မည်သည့်ကိုမျှ မသိချေ။
လက်ရှိအချိန်၌ ယီယွင်မှလွဲ၍ လူတိုင်း ကိုယ်စီအလုပ်များနေကြသည်။ သူတို့က အကောင်းဆုံးလုပ်ဆောင်ရန် အာရုံစိုက်နေကြလေ၏။ ယီယွင် တစ်ဦးတည်းကသာ ဘာမျှမလုပ်လေသောကြောင့် သီးခြားကွဲထွက်နေခဲ့သည်။
ယီယွင် ငေးနေချိန်တွင် ယန်ယွဲ့ဖုန်းက ရတနာခုနစ်သွယ်ပုံရိပ်အမတေကို သန့်စင်တော့မည်။ ထိုအမတေက ရှုထောင့်ပုံရိပ် ဖွဲ့စည်းရာတွင် ကူညီပေးနိုင်သည်။ ၎င်းက ရှုထောင့်ပုံရိပ် ဖွဲ့စည်းရာတွင် အောင်မြင်နိုင်ခြေအား ၅% တိုးမြင့်ပေး၏။
ယင်းသည် ယန်ယွဲ့ဖုန်း လုပ်ဆောင်နိုင်သည့် အကောင်းဆုံး ပျက်စီးခြင်းကောင်းကင်နည်းစနစ် ဖြစ်လေ၏။ သူက ရတနာခုနစ်သွယ်ပုံရိပ်အမတေနှင့် ပတ်သတ်ပြီး ယုံကြည်ချက်ရှိကာ လော့ဟော်အာနှင့် လက်တစ်ဆုပ်စာခန့်သော လူများမှလွဲ၍ သူထက်သာနိုင်သူ များစွာရှိမည်မဟုတ်ပေ။
ယန်ယွဲ့ဖုန်းက ယီယွင်အား တစ်ချက်ကြည့်လိုက်ရာ ယီယွင်က ငိုင်နေသည်ကို မြင်လိုက်ရသည်။ ဤအခြေအနေမျိုးတွင်ပင် ယီယွင်က အမှန်တကယ် ငေးငိုင်နေချေ၏။
" ဒီငတုံး " ယန်ယွဲ့ဖုန်းက စိတ်ထဲတွင် ဆိုလိုက်သည်။ ဆရာသခင်ယွဲ့ဟွားသာ ရှိမနေခဲ့လျှင် သူ ကျယ်လောင်စွာ အော်ရယ်ကာ ယီယွင်ကို သရော်မည်ဖြစ်လေ၏။
ယီယွင်၏ တုံးအမှုက သူ ထင်ထားသည်ထက် ကျော်လွန်နေချေ၏။ ယီယွင် တစ်ခုနှစ်ခုမျှ လုပ်နိုင်လိမ့်မည်ဟု ယန်ယွဲ့ဖုန်းက ထင်ထားမိခဲ့သည်။ ယီယွင်က ပျက်စီးခြင်းကောင်းကင်နည်းစနစ်အား နကန်းတစ်လုံးမျှမသိဘဲ အရှက်ကွဲခံကာ ဆရာသခင်ယွဲ့ဟွား၏ အတန်းအား တက်ရောက်လိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။ ထိုကောင်က ဝက်ငတုံးသာ ဖြစ်ချေ၏။
ယန်ယွဲ့ဖုန်း ခေါင်းယမ်းကာ ယီယွင်ကို ထပ်မကြည့်တော့ပေ။ သူက ရတနာခုနစ်သွယ်ပုံရိပ်အမတေကို သန့်စင်ရာတွင်သာ ဆက်လက်၍ အာရုံစိုက်လိုက်သည်။ ရတနာခုနစ်သွယ်အရိုးအမတေအား သန့်စင်ရာတွင် သေးငယ်သောအမှားပင် ပါ၍မရလေသောကြောင့် သူ သေချာအာရုံစိုက်ရပေမည်။
ယန်ယွဲ့ဖုန်းသာမက လော့ဟော်အာသည်ပင် ယီယွင်ကို သတိပြုမိသွားခဲ့သည်။
ယီယွင်က လှုပ်ရှားမှုမရှိသည်ကို မြင်တွေ့မိကာ လော့ဟော်အာ ဝမ်းသာသွားခဲ့သည်။
သူ ကျိတ်ကာရေရွတ်လိုက်သည်..." ဒီဖားက အတော်ကို နိမ့်ကျတာပဲ။ ဒီကောင်က သိုင်းပညာပါရမီမှာ ကောင်းမွန်နေတာတောင် ပျက်စီးခြင်းကောင်းကင်သခင် သင်တန်းကိုလာပြီး ကိုယ့်ကိုယ်ကိုယ် အရှက်ရအောင် လုပ်နေသေးတယ်။ ဒီကောင် ဘာတွေးနေလဲဆိုတာကို ငါ တကယ်မသိတော့ဘူး "
လော့ဟော်အာက ယီယွင်အား အရေးစိုက်နေသည်ကို လျင်မြန်စွာပင် ရပ်တန့်လိုက်သည်။ သူမ သန့်စင်လိုသည့် ပျက်စီးခြင်းအရိုးအမတေကို ချွေးချယ်ထားခဲ့ပြီး ဖြစ်လေ၏။ သူမ၏ပါရမီကို ထုတ်ပြကာ လော့ဟော်အာ၏ ပျက်စီးခြင်းကောင်းကင်နည်းစနစ်က မည်သို့ဖြစ်သည်ကို လူတိုင်းအား သိစေမည်ဖြစ်သည်။
ယီယွင်က ငေးငိုင်နေဆဲသာဖြစ်၍ ယွဲ့ဟွားသည်လည်း အကြည့်ရောက်သွားခဲ့သည်။ ပျက်စီးခြင်းကောင်းကင်သခင်များစွာက ပျက်စီးခြင်းအရိုးအမတေကို သန့်စင်ခြင်းမပြုမီတွင် တစ်ခဏမျှ ငြိမ်နေတတ်ကြလေသောကြောင့် ယီယွင်ကလည်း စိတ်ပြင်ဆင်နေသည်ဟုသာ ယွဲ့ဟွားက ထင်ထားခဲ့သည်။
သို့သော် ဆယ့်ငါးမိနစ်ကြာသည်အထိ ယီယွင်က မလှုပ်မယှက်ရှိနေဆဲပင်။ ယွဲ့ဟွား အနည်းငယ် မျက်မှောင်ကုတ်လိုက်ပြီး မတ်တက်ရပ်ကာ ယီယွင်ဆီသို့ သွားလိုက်လေသည်။