ပျက်စီးခြင်းစွမ်းအင် ထုတ်ယူခြင်း
Vol. 18 Ch. 267
" မင်း ဘာလုပ်နေတာလဲ "
ယွဲ့ဟွားက ယီယွင်၏ရှေ့သို့ လျှောက်သွားလိုက်သည်။ သူမက ၁.၇ မီတာခန့် အရပ်မြင့်မားလေ၏။ သူမ၏ အစွမ်းထက်သော အရှိန်အဝါနှင့် ပေါင်းဖက်လိုက်ချိန်တွင်မူ လူအများမှာ ဖိနှိမ်ခံရသည့်ပမာ ခံစားကြရလေ၏။
" ကျုပ် စိတ်မကောင်းပါဘူး ဆရာယွဲ့ဟွား။ အရိုးအမတေတစ်ခုကို ဘယ်လိုသန့်စင်ရမလဲဆိုတာ ကိုမသိဘူး " ယီယွင် ပခုံးတွန့်ပြလိုက်၏။
" မင်း မသိဘူးလား " ယွဲ့ဟွား အံ့အားသင့်သွားသည်။ ဤကဲ့သို့ ကျောင်းသားမျိုး ရှိနေလိမ့်မည်ဟု သူမ ထင်မထားခဲ့ပေ။
" မင်းက အရိုးအမတေ ဘယ်လိုသန့်စင်ရမလဲဆိုတာ မသိဘူးဆိုရင်တောင် အနည်းဆုံးတော့ ချိတ်တံဆိပ်တွေ ဘယ်လိုဖန်တီးရမယ်ဆိုတာတော့ သိထားသင့်တယ်။ အရင်ဆုံး မင်း ပျက်စီးခြင်းအရိုးကို သန့်စင်နိုင်လိမ့်မယ်။ မင်းအနေနဲ့ အမတေဖွဲ့တည်ဖို့ မသန့်စင်နိုင်ရင်တောင် အဆင်ပြေတယ်..."
ယွဲ့ဟွားက ယီယွင်၏အသက်ကို ခန့်မှန်းကြည့်လိုက်သည်။ အကြမ်းဖျင်းအားဖြင့် ၁၃ နှစ်ခန့် ထင်ရသည်။ ပျက်စီးခြင်းကောင်းကင်နည်းစနစ် စတင်လေ့လာနေသည့် ပါရမီရှင်အစစ်ဆိုလျှင် ဤအသက်အရွယ်၌ အရိုးအမတေတစ်ခုကို သန့်စင်နိုင်နေပေပြီ။ အကယ်၍ အမတေတစ်ခုပင် မသန့်စင်နိုင်ပါက ပျက်စီးခြင်းကောင်းကင်နည်းစနစ်အား လေ့လာရန် မသင့်တော်ပေ။
ယီယွင်က ဆက်၍ခေါင်းခါပြကာ..." ချိတ်တံဆိပ်တွေ ဘယ်လိုဖန်တီးရတာလဲကိုပါ ကျုပ် မသိဘူး "
ယွဲ့ဟွား မျက်ခုံးပင့်လိုက်၏။ မင်း ဘာမှမသိဘူးဆိုရင် ငါ့အတန်းကို ဘာလာလုပ်တာလဲ။
ယွဲ့ဟွားက ထိုမေးခွန်းကို ထုတ်မမေးခဲ့သော်လည်း သူမ၏ မျက်နှာအမူအရာက သူမ ဘာတွေးနေသည်ကို ရှင်းလင်းစွာပင် သိနိုင်နေလေသည်။
ယီယွင်က ရှင်းပြလိုက်သည်..." ကျုပ်က လူသစ်ပါ။ ပျက်စီးခြင်းကောင်းကင်နည်းစနစ် သင်ခန်းစာအချို့ကို အရင်က ဖတ်ဖူးခဲ့ပြီးတော့ သင်ယူဖို့ အရမ်းစိတ်ဝင်စားသွားခဲ့တာ။ ဒါကြောင့်ပဲ ကျုပ်က ဆရာယွဲ့ဟွားရဲ့ အတန်းမှာ သင်ယူဖို့အတွက် ရောက်လာခဲ့တာပါ "
လူသစ်တဲ့လား။
ယွဲ့ဟွား အနည်းငယ်ခန့် မှင်တက်မိသွားသည်။ ထိုကောင်လေးက သူမ၏အတန်းကို မှော်နဂါးကြေးပြား ၉၀၀၀ ပေးကာ တက်ရောက်ခဲ့သည်မှာ စိတ်ဝင်စား၍တဲ့လား။
ဒီကောင်လေးက အတော်ကို စိတ်ဝင်စားစရာပဲ။
ယွဲ့ဟွားက ယီယွင်ကိူ ရူးနေသည်ဟု မထင်မိပေ။ စင်စစ်တွင် လုပ်လိုသည့်အရာကို လုပ်ကိုင်ရဲသည့် ယီယွင်၏သတ္တိကို သူမ ချီးကျူးမိသည်။
ထို့အပြင် ထိုကောင်လေးက မိမိ၏နှစ်သက်မှုအတွက် မှော်နဂါးကြေးပြား ၉၀၀၀ ကို မျက်တောင်မခတ်ဘဲ သုံးစွဲပစ်ခဲ့သည်။ ဤသည်မှာ ထိုကောင်လေးက အခြားအရာများတွင် ထူးချွန်သည်ဟု ဆိုလိုလေသည်။
ယွဲ့ဟွားက အသိအမှတ်ပြုမိသော်လည်း ထိုကောင်လေးက သူမထံမှ ပျက်စီးခြင်းကောင်းကင်နည်းစနစ်ကို သင်ယူနိုင်မည်ဟု မထင်မိပေ။ သူမ၏အတန်းက အခြေခံရှိပြီးသူများအတွက်သာ ရည်ရွယ်လေသည်။ သူမ ပို့ချမည့် သင်ခန်းစားများက မြန်ဆန်နေလိမ့်မည်။ လူသစ်ဖြစ်သည့် ယီယွင်က မည်သို့များ အမီလိုက်နိုင်ပါမည်နည်း။
ယွဲ့ဟွားက ဆိုသည်..." သတ္တိရှိတာက ကောင်းပေမဲ့ မင်းအနေနဲ့ ကိုယ့်အစွမ်းအစကို သိထားဖို့လိုသေးတယ်။ ငါ့အတန်းက မင်းအတွက်နဲ့ သင်ကြားမှုတွေကို နှေးပစ်မှာမဟုတ်ဘူး။ မင်း လုံးဝနားမလည်နိုင်တဲ့ အရာတွေ အများကြီးရှိလာလိမ့်မယ်။ ဒီအတန်းအတွက်တော့ မင်းက ဘေးကနေပဲ နားထောင်လိုက်။ အတန်းပြီးချိန်မှာ ငါ့အတန်းက မင်းအတွက် အကျိုးမရှိဘူးလို့ ထင်မိလာခဲ့ရင် ငါ မင်းရဲ့ သင်တန်းကြေးတွေကို တစ်ယောက်ယောက်နဲ့ ပြန်ပေးလိုက်မယ် "
ယီယွင်က မျက်ကန်း တစ္ဆေမကြောက် ဖြစ်နေသည်ဟု ယွဲ့ဟွားက ထင်မိသည်။ သူက သူ့ကိုယ်သူအား မသိချေ။ သို့တိုင်အောင်ပင် ယွဲ့ဟွားက ထိုသို့သွေးဆူလွယ်သော လူငယ်များကို အသိအမှတ်ပြုသည်။ ထို့ကြောင့်ပင် သူမက ယီယွင်က အလေးထားပေးနေခြင်း ဖြစ်လေ၏။
ယီယွင်က ဆိုသည်..." ကျေးဇူးပါပဲ ဆရာယွဲ့ဟွား။ ကျုပ် ကြိုးစားကြည့်ပါ့မယ် "
" ကောင်းပြီ... မင်းသဘောပဲ "
ယွဲ့ဟွားက ယီယွင်ကို အရေးမစိုက်တော့ဘဲ လော့ဟော်အာဆီသို့ သွားလိုက်လေသည်။
ယွဲ့ဟွားက လော့ဟော်အာ၏နံဘေးတွင် အချိန်အတန်ကြာ ရပ်နေခဲ့ပြီး လော့ဟော်အာ ဂရုတစိုက်လုပ်ဆောင်နေသည့် ချိတ်တံဆိပ်များကို ကြည့်နေခဲ့သည်။ ယွဲ့ဟွား၏ မျက်ဝန်းတွင် သိသာသော ကျေနပ်ဟန်များ ပေါ်ထွက်နေလေ၏။
သူမက လော့ဟော်အာအတွက် တိုင်အာနတ်မြို့သို့ အထူးတလည် ရောက်လာခဲ့ခြင်း ဖြစ်လေသည်။ ဤကောင်မလေးက တိုင်အာနတ်ပြည်ထောင်တွင် နှစ်ပေါင်းသောင်းချီကြာမှ တစ်ကြိမ်သာပေါ်ထွန်းသည့် ပျက်စီးခြင်းကောင်းကင်နည်းစနစ် ပါရမီရှင်တစ်ဦး ဖြစ်လေ၏။
........................
လျင်မြန်စွာဖြင့်ပင် နှစ်နာရီကုန်လွန်သွားခဲ့သည်။
ပျက်စီးခြင်းကောင်းကင်သခင် အလုပ်သင်တစ်ဝက်ခန့်ကသာ သူတို့၏ ပျက်စီးခြင်းအရိုးအမတေ သန့်စင်မှုကို ပြီးမြောက်ခဲ့ကြသည်။ အခြားသူများကမူ အရိုးအမတေ သန့်စင်ရာတွင် ကျရှုံးခြင်းနှင့် အချိန်မီ မပြီးကြခြင်းများ ဖြစ်လေ၏။
သန့်စင်မှုကို ပြီးမြောက်ခဲ့ကြသည့် ပျက်စီးခြင်းအရိုးအမတေအများစုက ခရမ်းသွေးနယ်ပယ် စစ်သည်များအတွက် ဖြစ်ကြလေသည်။ အနည်းစုက ယွမ်အုတ်မြစ်ချနယ်ပယ် စစ်သည်များအတွက် ဖြစ်ကြလေ၏။
ဥပမာဆိုရသော် ယန်ယွဲ့ဖုန်း၏ ရတနာခုနစ်သွယ်ပုံရိပ်အမတေက ယွမ်အုတ်မြစ်ချနယ်ပယ် စစ်သည်များအတွက်ဖြစ်ပြီး ရှုထောင့်ပုံရိပ် ဖွဲ့စည်းရာတွင် ထောက်ပံ့ကူညီပေးလေသည်။ သို့သော် လော့ဟော်အာ၏ ပျက်စီးခြင်းအရိုးအမတေနှင့် နှိုင်းယှဥ်လိုက်ပါက ၎င်းသည် ဘာမျှမဟုတ်တော့ပေ။
လော့ဟော်အာက နောက်ဆုံးအချိန်တွင် အစီရင်ပြားကို ချထားလိုက်သည်။ အစီအရင်ပြားထဲတွင် ခရမ်းရောင် ပျက်စီးခြင်းအရိုးအမတေတစ်ခု လည်ပတ်ကစားနေလေ၏။
ပျက်စီးခြင်းကောင်းကင်သခင် အလုပ်သင်များမှာ ခရမ်းရောင် ပျက်စီးခြင်းအရိုးအမတေကို ကြည့်ကာ မည်သို့ဆိုရမည်မှန်း မသိတော့ချေ။
လော့ဟော်အာ သန့်စင်ခဲ့သည့် ခရမ်းရောင်နှလုံးသား မေ့လျော့အမှုန့်အမတေဖြစ်ပြီး ယွမ်အုတ်မြစ်ချနယ်ပယ် အထွတ်အထိပ် စစ်သည်များ ပိုမြင့်သောအဆင့်သို့ ချိုးဖျက်ရာတွင် ကူညီပေးနိုင်သည်။ အခြားအမတေများနှင့် နှိုင်းယှဥ်လျှင် ၎င်းက လုံးဝမတူသော အဆင့်၌ ရှိနေချေသည်။
အမတေအားလုံးကို ယွဲ့ဟွားက စစ်ဆေးကြည့်ခဲ့သည်။ ကျရှုံးခဲ့သည့် ပျက်စီးခြင်းအရိုးအမတေများကိုပင် ယွဲ့ဟွားက စစ်ဆေးကြည့်ခဲ့လေ၏။ ရံဖန်ရံခါတွင် သူမက လမ်းညွှန်မှုများပေးကာ ကျရှုံးခဲ့ရသည့် အကြောင်းအရင်းများကို ပြောပြပေးလေသည်။ လမ်းညွှန်များရရှိကြသည့် လူများစွာတို့မှာ ဝမ်းသာကျေနပ်နေကြသည်။
ပညာရှိအဆင့် ပျက်စီးခြင်းကောင်းကင်သခင်တစ်ဦးက လမ်းညွှန်မှုပေးနေခြင်း ဖြစ်ချေ၏။ လူတိုင်း၏ စိတ်များထဲတွင် ယွဲ့ဟွား၏ စကားလုံးတိုင်းကို အကြိမ်ကြိမ်မှတ်သားနေကြလေ၏။
ယီယွင် တစ်ဦးတည်းကသာ ကျရှုံးသည့် ပစ္စည်းကိုပင် မလုပ်နိုင်လေသောကြောင့် လမ်းညွှန်ချက် မရခဲ့ပေ။ ပြီးခဲ့သည့်နှစ်နာရီအတွင်း အစမှအဆုံးအထိ ယီယွင်က မည်သည့်အရာမျှ မလုပ်ခဲ့ပေ။ အလုပ်သင်များစွာတို့မှာ ယီယွင်က သစ်သားတိုင်တစ်ခုပမာ ရပ်နေသည်ကို မြင်သောအခါတွင် ရှက်မိကြလေ၏။
" အလိုလေး... ဒီကောင့်ရဲ့ စိတ်သဘောကတော့ တကယ်ကို ကောင်းလွန်းတယ်။ ဒီကောင်က ကြောင်တောင်တောင် ရပ်နေရတာကိုတောင် ကို့ရို့ကားယားဖြစ်စိတ် မခံစားရဘူးလား "
" အမှန်ပဲ... ငါ ဒီကလေးအတွက် စိတ်မကောင်းဘူး။ သူက ငါတို့နဲ့ အဖွဲ့တူမနေဘူး။ ဘာကြောင့်များ ခေါင်းမာပြီး နေနေရသေးတာလဲ။ သူက ဆရာသခင်ယွဲ့ဟွားရဲ့ လမ်းညွှန်ချက်တွေကို နားမလည်ဖို့ပဲများတယ်။ ဒါက သူ့အတွက် ခက်ခဲမှာပဲ "
ယီယွင်က ပျက်စီးခြင်းကောင်းကင်သခင် အလုပ်သင်အဖွဲ့နှင့် လုံးဝပင် ကိုက်ညီမနေချေ။ အဘယ့်အတွက်နှင့် ကိုယ့်ကိုယ်ကိုယ်အား မသက်မသာဖြစ်အောင် လုပ်နေရလေသနည်း။
လူငယ်အားလုံးက အသက် ၁၄ မှ ၁၇ အတွင်း ရှိကြလေသည်။ သူတို့က ကိုယ့်ကိုယ်ကိုယ်အား ကြီးစွာတန်ဖိုးထားကြပြီး သူတို့ကိုယ်သူတို့အား မာနကြီးစွာဖြင့်သာ ရှိကြသည်။ သူတို့သာ ယီယွင်၏နေရာတွင်ဆိုပါက တစ်စက္ကန့်ပင် သည်းမခံဘဲ ထွက်သွားခဲ့မည်မှာ ကြာလောက်ချေပြီ။
" ဒီငတုံးကောင် "
ယန်ယွဲ့ဖုန်းက ယီယွင်အား အထင်သေးစွာ ကြည့်လိုက်သည်။ သူက ယီယွင်ကို အရေးမစိုက်တော့ပေ။ ယီယွင်က ခေါင်းမာစွာဖြင့် ရှိနေဆဲဖြစ်ပြီး မှော်နဂါးကြေးပြား ၉၀၀၀ ကိုလည်း ကို့ရို့ကားယားဖြစ်ရပ်အတွက် အသုံးပြုခဲ့ရချေသည်။ ယင်းက ရူးနေသည့်လက္ခဏာရပ်များ မဟုတ်ပေလော။ လူကောင်းတစ်ဦးက အရူးတစ်ယောက်ကဲ့သို့ တွေးနေရမည်သာဖြစ်၍ အရူးတစ်ယောက်ကို နိုင်စရာအကြောင်းမရှိပေ။
ယန်ယွဲ့ဖုန်း မိမိကိုယ်ကို ဂုဏ်ဝင့်နေချိန်တွင် ယွဲ့ဟွားက ယန်ယွဲ့ဖုန်း၏ရှေ့သို့ ရောက်ရှိလာသည်။ ယန်ယွဲ့ဖုန်းက ဂါရဂပြုကာ သူ၏ပစ္စည်းကို မျှော်လင့်တကြီးဖြင့် ကမ်းပေးလိုက်သည်။
ယွဲ့ဟွား ထိုပစ္စည်းကို အနည်းငယ်ခန့်ကြည့်ကာ လမ်းညွှန်မှုအချို့ ပေးခဲ့လေသည်။ သိသာသော ချီးမွှမ်းမှုများမရှိသော်လည်း အသိအမှတ်ပြုသည့် စကားလုံးများကြောင့် ယန်ယွဲ့ဖုန်းမှာ ဂုဏ်ယူနေရသည်။
သူ လော့ဟော်အာကို ခိုးကြည့်လိုက်သည်။ လော့ဟော်အာက သူ့အား သတိပြုမိစေရန် ဆုတောင်းမိခဲ့သော်လည်း သူ စိတ်ပျက်ခဲ့ရသည်။
" ငါ လူတိုင်းရဲ့ ပျက်စီးခြင်းကောင်းကင်နည်းစနစ်ကို အကြမ်းဖျင်း နားလည်သွားပြီ။ အခု ငါ စပြီးသင်ကြားပေးမယ်။ ငါက စွမ်းအင်ထုတ်ယူရာမှာ အခြေခံအကျဆုံးအရာကနေ စသင်ပေးမယ် "
ယွဲ့ဟွားက စင်မြင့်ပေါ်သို့ ပြန်တက်သွားခဲ့သည်။
ပျက်စီးခြင်းအရိုးအမတေ သန့်စင်ရန်အတွက် ပထမအဆင့်မှာ ပျက်စီးခြင်းအရိုးထံမှ စွမ်းအင်များ ထုတ်ယူခြင်း ဖြစ်သည်။ ထိုပထမအဆင့်က အလွန်ပင် အရေးကြီးလေသည်။ စွမ်းအင်ထုတ်ယူခြင်းကို ကောင်းစွာမလုပ်ဆောင်လျှင် ပျက်စီးခြင်းအရိုးပစ္စည်းက မည်မျှပင်ကောင်းနေပါစေ ဖြုန်းတီးမိမည်သာ ဖြစ်လေသည်။ ထိုသို့ဆိုလျှင် စွမ်းအင်ထိန်းချုပ်ခြင်း ၊ သန့်စင်ခြင်း ၊ နှိုးဆွခြင်း စသည်အားဖြင့် နောက်ပိုင်းအဆင့်များကို ဆွေးနွေးနေရန် မလိုအပ်တော့ပေ။
ယွဲ့ဟွားက ဆက်ပြောလေသည်... " စွမ်းအင်ထုတ်ယူခြင်းမှာ သာမန်အခြေခံနည်းလမ်းဆယ်ခု ရှိတယ်။ နည်းလမ်းအားလုံးမှာ ကိုယ်ပိုင်အားသာချက်တွေ ရှိတယ်။ ဒါ့အပြင် မတူညီတဲ့ ပျက်စီးခြင်းကောင်းကင်သခင် ကျောင်းတွေမှာလည်း ကိုယ်ပိုင်ဆန်းကြယ်နည်းစနစ်တွေ ရှိကြတယ်။ အဲ့ဒီဆန်းကြယ်နည်းစနစ်တွေက ပျက်စီးခြင်းစွမ်းအင် ထုတ်ယူခြင်း အာနိသင်ကို တိုးမြင့်ပေးစေတယ် "
" ပြီးတော့ တစ်ကိုယ်ရည်ပိုင် ထုတ်ယူခြင်းနည်းလမ်းတွေလည်း ရှိသေးတယ်။ မင်းတို့တွေသာ ပိုမြင့်တဲ့အဆင့်ကို ရောက်သွားခဲ့မယ်ဆိုရင် အခြေခံနည်းလမ်းတွေကို ပေါင်းစည်းပြီးတော့ ကိုယ်ပိုင် ထုတ်ယူခြင်း ဆန်းကြယ်နည်းစနစ်တစ်ခုကိုတောင် ဖန်တီးလို့ရတယ်။ ဒါပေါ့လေ ဒီကိစ္စက အရမ်းခက်တယ်။ ကျော်ကြားတဲ့ ဆရာသခင်များစွာတွေက ဒီကိစ္စကိုလုပ်ဖို့ ခက်ခဲတာကို ရှာတွေ့ခဲ့ကြတယ် "
" ဒီကိစ္စက ခက်ခဲတယ်ဆိုပေမဲ့ တိုင်အာနတ်ပြည်ထောင်ရဲ့ သမိုင်းမှာ ကိုယ်ပိုင် ထုတ်ယူခြင်း ဆန်းကြယ်နည်းစနစ်ကို ဖန်တီးနိုင်ခဲ့ကြတဲ့ မင်းတို့အရွယ် ပျက်စီးခြင်းကောင်းကင်သခင်တွေ အများရှိတယ်။ ဒီလိုဆန်းကြယ်နည်းစနစ်တွေက တစ်ဦးတည်းအတွက်ပဲ သင့်တော်တယ်။ အဲ့ဒီဟာကို နားလည်လို့ပဲရပြီး သင်ယူလို့မရဘူးလို့တောင် ဆိုနိုင်တယ် "
ဆရာသခင်ယွဲ့ဟွားက စကားဆုံးသောအခါတွင် လော့ဟော်အာဆီသို့ အကြည့်ရောက်သွားခဲ့သည်။ သူမ၏ ဆိုလိုရင်းက ရှင်းလင်းလှသည်။ လော့ဟော်အာကို ကိုယ်ပိုင် ထုတ်ယူခြင်းဆန်းကြယ်နည်းစနစ်တစ်ခု ဖန်တီးစေကာ အံ့ချီးဖွယ်ရာတစ်ခု လုပ်ဆောင်စေလိုခြင်း ဖြစ်လေသည်။
လက်ရှိလူများထဲတွင် လော့ဟော်အာကသာ ထိုသို့လုပ်နိုင်စွမ်းရှိသည်။
လော့ဟော်အာကလည်း ယွဲ့ဟွား၏အတွေးကို သိရှိလေပြီး လက်သီးဆုပ်လိုက်သည်။ ပျက်စီးခြင်းကောင်းကင်နည်းစနစ်တွင် အဓိကအဆင့်သုံးခု ရှိလေသည်။
ပထမအဆင့် ၊ ပျက်စီးခြင်းစွမ်းအင် ထုတ်ယူခြင်း။
ဒုတိယအဆင့် ၊ ပျက်စီးခြင်းစွမ်းအင် ချိတ်တံဆိပ်ကို ထိန်းချုပ်ခြင်း။
တတိယအဆင့် ၊ အမတေကို ဖွဲ့စည်းစေခြင်း။
အခြေခံအကျဆုံးအပိုင်းက ပထမအဆင့်တွင် ရှိနေလေသည်။ သူမ၏ကိုယ်ပိုင် ထုတ်ယူခြင်းဆန်းကြယ်စနစ်ကို ဖန်တီးရန်အတွက် နည်းလမ်းရှာမည်ဟု ဆုံးဖြတ်လိုက်သည်။ ယင်းသည် ပျက်စီးခြင်းကောင်းကင်သခင် အသက်မွေးလုပ်ငန်းအတွက် အလွန်တရာပင် အရေးကြီးလေ၏။
လော့ဟော်အာ၏ စိတ်ပိုင်းဖြတ်ထားပြီး ဆန္ဒပြင်းပြသောပုံစံကို မြင်သောအခါတွင် ယွဲ့ဟွားက စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။ ထို့နောက် သူမက ဆိုသည်...." ဒီနေ့အတန်းမှာ ငါက စွမ်းအင်ထုတ်ယူခြင်းအကြောင်းကိုပဲ ပြောသွားမယ်။ သင်ခန်းစာပြီးရင် စစ်ဆေးမှုနည်းနည်း ရှိမယ် "
" နောင်ကျရင် ငါက အတန်းပြီးတိုင်းမှာ စစ်ဆေးမှုတစ်ခု လုပ်မယ်။ မင်းတို့ရဲ့ နောက်ဆုံးအဆင့်အတွက် ငါက မင်းတို့ရဲ့ စစ်ဆေးမှုရမှတ်တွေကို မှတ်တမ်းတင်ထားမယ်။ အဆင့်ကောင်းတဲ့သူတွေကို ငါက ဆုချမယ် "
စစ်ဆေးမှုတဲ့လား။
ယွဲ့ဟွားက စစ်ဆေးမှုအကြောင်း ပြောလိုက်ချိန်တွင် အချို့က စိုးရိမ်သွားကာ အချို့ကမူ စိတ်လှုပ်ရှားလာကြသည်။ လော့ဟော်အာနှင့် ယန်ယွဲ့ဖုန်းတို့က စိတ်လှုပ်ရှားသည့် အမျိုးအစားထဲတွင် သေချာပေါက် ပါဝင်ကြသည်။