စစ်ဆေးမှု
Vol. 18 Ch. 268
အတန်းပြီးလျှင် စစ်ဆေးမှုရှိသည်ဟု ကြားလိုက်ရချိန်တွင် ကျင့်ကြံသူများ စိတ်အားတက်ကြွလာကြ၏။
သူတို့သာ ယွဲ့ဟွား၏ အသိအမှတ်ပြုမှုကို ရရှိခဲ့ပါက လက်တစ်ထောင်လဗုဒ္ဓကို သင်ကြားခွင့်ရမည့်အပြင် တန်ဖိုးမြင့်မားသည့် ပညာတော်သင်ဆုကိုလည်း ရရှိနိုင်ပေလိမ့်မည်။ ထိုမျှအဆင့်ရှိသည့် ဆန်းကြယ်နည်းစနစ်တစ်ခုက လက်ရှိရောက်ရှိနေကြသည့် ကျင့်ကြံသူတိုင်း၏ အိပ်မက်တစ်ခု ဖြစ်လေသည်။
ယွဲ့ဟွားက ဆိုသည်..." အခြေခံထုတ်ယူခြင်းနည်းလမ်းဆယ်ခုကို ဆန်းကြယ်နည်းစနစ်မျိုးစုံနဲ့ အဲ့ဒီနည်းစနစ်တွေရဲ့ ပုံစံကွဲတွေကို အခြေခံထားတာပဲ။ ဒါတွေက အခြေခံတွေဆိုပေမဲ့ လုံးဝကို မရိုးရှင်းဘူး။ ပျက်စီးခြင်းကောင်းကင်နည်းစနစ်ကို စပြီးသင်ကြားနေတဲ့ လူသစ်တွေကို ဆိုမထားနဲ့ဦး ပျက်စီးခြင်းကောင်းကင်နည်းစနစ်ကို အချိန်ကြာမြင့်စွာ နှံ့စပ်လိုက်စားထားကြတဲ့ ဆရာသခင်တွေတောင် တစ်ခါတစ်လေမှာ အမှားအချို့ကို လုပ်မိတတ်ကြတယ်။ ငါ ထုတ်ယူခြင်းနည်းလမ်းဆယ်ခုလုံးကို တစ်ခါတည်း ရှင်းပြပေးမယ်။ ဒါကို အရင်က မင်းတို့တွေ သင်ကြားထားတွေနဲ့ နှိုင်းယှဥ်ကြည့်လို့ရတယ် "
" ပထမထုတ်ယူခြင်းနည်းလမ်းက....." ယွဲ့ဟွားက စတင်ကာ သင်ခန်းစာပို့ချလေသည်။
ပညာရှိအဆင့် ပျက်စီးခြင်းကောင်းကင်သခင်ဖြစ်သည့် ယွဲ့ဟွား၏ ပျက်စီးခြင်းကောင်းကင်နည်းစနစ်အဆင့်က အပြစ်ပြောစရာမရှိပေ။ သူမ၏ သင်ကြားချက်များကို နားထောင်ကာ ကျင့်ကြံသူများအားလုံး သိမြင်မှုများစွာ ရရှိခဲ့ကြသည်။ လူအများစုတို့၏ ယခင်က မရှင်းမလင်း ဖြစ်နေသည့်အရာများလည်း တဖြည်းဖြည်းချင်း ရှင်းလင်းသွားခဲ့သည်။
ယွဲ့ဟွား သင်ကြားနေချိန်တွင် လော့ဟော်အာက အေးဆေးစွာပင် နားထောင်နေလျက်ဖြင့် ယီယွင်အား ခိုးကြည့်မိလေသည်။ ငတုံးတစ်ကောင်က မိုးကောင်းကင်မှ စာအုပ်ကို နားထောင်သည့်မြင်ကွင်းက မည်သို့ဖြစ်လိမ့်မည်ကို သူမ မြင်တွေ့လိုသည်။
ယီယွင်အဖို့ ယွဲ့ဟွား၏ သင်ကြားမှုများကို နားလည်ရန်မဖြစ်နိုင်ဟု လော့ဟော်အာက ထင်ထားခဲ့သည်။ ယီယွင်က မအီမသာပုံစံဖြင့် မျက်မှောင်ကုတ်၍ နားထောင်နေလိမ့်မည်ဟု သူမက ထင်ထားခဲ့သည်။ သို့သော် သူမ ယီယွင်အား ကြည့်လိုက်ချိန်တွင် သူ၏မျက်နှာထက်၌ ကျေနပ်ဝမ်းသာနေသည့်ပုံစံကို မြင်လိုက်ရလေ၏။
ယီယွင်က လက်ထဲတွင် စုတ်တံတစ်ချောင်း ကိုင်ထားပြီး စာရွက်ပေါ်တွင် အကြိမ်ကြိမ်ရေးမှတ်နေလေသည်။ စစ်သည်တစ်ဦး၏ မှတ်ဥာဏ်က ကောင်းမွန်သည်ဖြစ်ပြီး ရံဖန်ရံခါတွင် မေ့တတ်ကြသော်လည်း အများသောအားဖြင့်ဆိုလျှင် ထိုကိစ္စက ၎င်းတို့ သင်ကြားထားသည်များကို အခြေခံမျှ နားလည်ချိန်မှသာ ဖြစ်တတ်ကြသည်။ တစ်ခုမျှ နားမလည်လျှင်မူ မှတ်မိရန်ခက်ခဲလေသည်။ ယင်းကြောင့်ပင် စုတ်တံနဲ့စာရွက်တို့က အသုံးဝင်လာခဲ့ခြင်း ဖြစ်လေ၏။
ယီယွင်က စဥ်းစားနေရင်းဖြင့် စာရွက်ပေါ်တွင် ရေးခြစ်ခြင်း သို့မဟုတ် မျက်မှောင်ကုတ်နေခြင်းများ ဖြစ်နေသည်ကို မြင်လိုက်ရခြင်းကြောင့် လော့ဟော်အာ မှင်တက်မိနေသည်။
ဒီလူယုတ်မာက ခုလိုအလေးအနက်လုပ်ပြနေတာကို ရပ်လို့မရဘူးလား။ သူ ဘာမှနားမလည်သလို ပျက်စီးခြင်းကောင်းကင်နည်းစနစ်ကိုလည်း သင်နိုင်မှာမဟုတ်ဘူးဆိုတာ ငါ အတပ်သိတယ်။
လော့ဟော်အာက ယီယွင်ကို အထင်သေးခြင်းကြောင့် ထိုသို့ရှုမြင်ခြင်းမဟုတ်လေဘဲ ယီယွင် စတင်သည်မှာ နောက်ကျလွန်းနေလေသောကြောင့်ပင်။ ထို့အပြင် သူက ယွဲ့ဟွားကဲ့သို့ ဆရာသခင်တစ်ဦးထံတွင် သင်ယူနေသည်ဖြစ်၍ အမီလိုက်နိုင်ရန်မှာ မဖြစ်နိုင်ချေ။
ဒီကောင် မသင်နိုင်ဘူးဆိုရင်လဲ ဘာကြောင့် လက်မလျော့ရတာလဲ။ ဘာကြောင့် ခေါင်းမာနေရတာလဲ။
ယွဲ့ဟွား၏ သင်ကြားမှုများထဲတွင် အချို့အပိုင်းများက အလွန်တရာပင် နက်နဲလေသည်။ ပျက်စီးခြင်းကောင်းကင်သခင် အလုပ်သင်အချို့ပင် တဖြည်းဖြည်းချင်းဖြင့် သူမ၏ သင်ကြားမှုနောက်သို့ မလိုက်နိုင်ကြတော့ပေ။ သူတို့ လိုက်မမီတော့ပါက အလွယ်တကူပင် နောက်တွင်ကျန်ရစ်ခဲ့ပေလိမ့်မည်။
ဤနေရာမှ ကျင့်ကြံသူအားလုံးက ဆယ်ကျော်သက်များ ဖြစ်ကြသည်။ သူတို့က ကြိုးစားကြသော်လည်း ကလေးစိတ် ကျန်နေသေးပေ၏။ နားမလည်သည့်အရာများ များပြားလာချိန်တွင် သူတို့အတွက် အာရုံစိုက်ရန် ခက်ခဲလာနိုင်သည်။
လူအချို့က အာရုံစိုက်မရတော့ကြောင်းကို လော့ဟော်အာ သိလေသည်။ သူတို့ အာရုံပြန်စိုက်၍ရချိန်တွင် မည်မျှပင် အာရုံစူးစိုက်ပါစေ နားမလည်သည့်အရာများစွာ ရှိနေပေတော့မည်။
သို့သော် ပျက်စီးခြင်းကောင်းကင်နည်းစနစ်ကို တစ်ခုမျှမသိသည့် ယီယွင်က အစမှအဆုံးအထိ အာရုံစိုက်နေခဲ့သည်။ သူက ပျင်းရိခြင်းမရှိဘဲ စာရွက်ပေါ်တွင် ရေးမှတ်နေလေ၏။
" ဒီဖား..." လော့ဟော်အာမှာ အခြေအနေကို နားမလည်နိုင်တော့ပေ။
ထိုကောင်က မျှော်လင့်ချက်နည်းကြောင်း သိနေသည့်တိုင်အောင် ဝီရိယရှိနေချေ၏။ ထိုသို့သောလူများက လူအများ၏ စိတ်နှလုံးကို သိမ်းယူနိုင်လေသည်။
ယွဲ့ဟွား၏ သင်ကြားမှုက နှစ်နာရီကြာပြီးနောက် အဆုံးသတ်သွားခဲ့သည်။
ကျင့်ကြံသူများစွာတို့မှာ နားထောင်ရင်း ခေါင်းကိုက်နေကြလေ၏။ လော့ဟော်အာနှင့် ယန်ယွဲ့ဖုန်းတို့ကဲ့သို့ အတော်ဆုံးလူများကသာ များပြားလှသော အကျိုးအမြတ်များ ရရှိကြလေသည်။
" ကောင်းပြီ... ငါ သင်ပေးတာတွေကို ကြေညက်အောင်လုပ်ကြ။ ဆယ်မိနစ်ကြာရင် စစ်ဆေးမှုစမယ် " ယွဲ့ဟွားက ဆိုလိုက်လေရာ လူအများအပြား တောင့်တင်းသွားကြလေ၏။
အစပိုင်းက ယုံကြည်ချက်ရှိနေကြသည့် လူငယ်များမှာ ယုံကြည်ချက်မရှိကြတော့ပေ။ ယွဲ့ဟွား သင်ပေးခဲ့သည့် အရာများက နက်နဲလွန်းလှသည်။ သူတို့က ရလဒ်ကောင်းတစ်ခု မရနိုင်မည်ကို စိုးရိမ်နေကြသည်။
လူများစွာ အခက်တွေ့နေကြသည်ကို မြင်နေရခြင်းကြောင့် ယန်ယွဲ့ဖုန်း စိတ်လှုပ်ရှားနေခဲ့သည်။ စစ်ဆေးမှုများကို သူ သဘောကျသည်။ သူသည် စစ်ဆေးမှုမှတစ်ဆင့် ပညာတော်သင်ဆု ရရှိလိုပြီး တစ်ချိန်တည်းမှာပင် တောက်ပလိုသည်။ သူ၏ ပျက်စီးခြင်းကောင်းကင်နည်းစနစ် ပါရမီကို လူတိုင်းအား ပြလိုလေ၏။
သူက လော့ဟော်အာထက် နိမ့်ကျသည့်တိုင်အောင် သူ၏ကြိုးစားမှုကြောင့် လော့ဟော်အာနှင့် အနီးဆုံးမှလူတစ်ဦး ဖြစ်လာခဲ့ပါက လော့ဟော်အာ၏ အာရုံစိုက်မှုကို ရနိုင်လောက်သည်။
ယန်ယွဲ့ဖုန်းမှာ တွေးလေလေ မျှော်လင့်မိလေလေပင်။ ယီယွင်ကိုမူ သူ မေ့ပစ်ထားသည်မှာ ကြာခဲ့ချေပြီ။ ယန်ယွဲ့ဖုန်းက လော့ဟော်အာကို အကြိမ်ကြိမ်ခိုးကြည့်ရင်းဖြင့် ယုံကြည်ချက်များ ရရှိလာ၏။ သူ ဒုတိယနေရာအတွက် ယှဥ်ပြိုင်လိုသည်။
" ကောင်းပြီ... ငါ စစ်ဆးမှုကို ထုတ်ပြန်ပေးမယ် " ယွဲ့ဟွားက စားပွဲကို အသာခေါက်လိုက်လေရာ တစ်ခန်းလုံး ငြိမ်ကျသွားလေ၏။
ယွဲ့ဟွားက သိုလှောင်လက်စွပ်ထဲမှ စာလိပ်တစ်ရာကျော် ထုတ်ယူလိုက်သည်။ သူမ လက်ချောင်းကို တစ်ချက်ယမ်းလိုက်ရာ စာလိပ်များက ကျင့်ကြံသူတိုင်းဆီသို့ ပျံသန်းသွားလေ၏။ စာလိပ်များကို ပျက်စီးခြင်းသားရဲ၏ သားရေဖြင့် ပြုလုပ်ထားသည်ဖြစ်ပြီး ဗလာကျင်းဖြစ်နေသည်။
ထိုနောက် သူမက လက်သင်္ကေတများ လုပ်ဆောင်လိုက်သည်။ သူမ၏ လက်ချောင်များတစ်ဝိုက်တွင် သိပ်သည်းလှသော အရိပ်များစွာ ထွက်ပေါ်လာခဲ့ပြီး သူမ ဖန်တီးထားသော ချိတ်တံဆိပ်တစ်ရာကျော် ထွက်ပေါ်လာသည်။ ၎င်းတို့က ရွှေရောင်မှော်စာလုံးများအဖြစ် ပြောင်းလဲသွားကာ ပျံသန်းသွားလေ၏။
" အိုး...ဒါက လက်တစ်ထောင်လဗုဒ္ဓလား "
ယွဲ့ဟွား၏ လှုပ်ရှားမှုများကို ကြည့်နေရင်းဖြင့် ကျင့်ကြံသူများစွာတို့မှာ မျက်ဝန်းများ တောက်ပနေကြလေ၏။ တစ်ခဏအတွင်း ချိတ်တံဆိပ်တစ်ရာကျော် ဖန်တီးခဲ့သည်မှာ အထင်ကြီးစရာပင်။
တီးတိုးသံများကြောင့် ယန်ယွဲ့ဖုန်းက အထင်သေးစွာ ဆိုလိုက်လေ၏..." ဒါက ဘယ်လိုလုပ်ပြီး လက်တစ်ထောင်လဗုဒ္ဓ ဖြစ်မှာလဲ။ ဒါက ဆရာယွဲ့ဟွား သာမန်ပဲလုပ်တဲ့ လက်သင်္ကေတတွေပဲ။ လက်တစ်ထောင်လဗုဒ္ဓက ဒီထက်ပိုပြီးတော့တောင် အံ့မခန်းဆန်သေးတယ် "
လူများစွာတို့ တံတွေးမျိုချကာ နှုတ်ဆိတ်နေကြသည်။ ဆရာသခင်ယွဲ့ဟွား၏ ပျက်စီးခြင်းကောင်းကင်နည်းစနစ်က သူတို့ မျှော်မှန်းနိုင်သည်ထက် များစွာကျော်လွန်နေချေ၏။
ယွဲ့ဟွား ဖော်ဆောင်ထားသည့် ရာချီသော ချိတ်တံဆိပ်များက ကျင့်ကြံသူတိုင်း၏ရှေ့သို့ ပျံသန်းသွားလေပြီး စာလိပ်အလွတ်ပေါ်သို့ ဆင်းသက်သွားကာ ပေါင်းစည်းသွားလေသည်။
ယီယွင်သည် ထိုသို့စာလိပ်တစ်ခု ရရှိခဲ့သည်ဖြစ်ပြီး စာလိပ်ပေါ်မှ မှော်စာလုံးများက ရွှေရောင်မှင်ဖြင့် ရေးသားထားသည့်အလားပင်။
" အခု မင်းတို့က ကြိုက်တဲ့အဆင့် ပျက်စီးခြင်းအရိုးကိုယူပြီး အရိုးထဲက စွမ်းအင်တွေကို ထုတ်ယူပြီးတော့ မှော်စာလုံးထဲမှာ ပေါင်းထည့်ရမယ်။ စစ်ဆေးမှုစာရွက် ပြန်မသိမ်းခင် ဆယ့်ငါးမိနစ် အချိန်ပေမယ် "
ယွဲ့ဟွား ပြောသွားခဲ့သည့် စစ်ဆေးမှုအကြောင်းအရာက ရှင်းလင်းရိုးစင်းလှသည်။
ရိုးစင်းမည်ထင်ရသော်လည်း လုပ်ဆောင်ရန်မှာ မလွယ်ကူပေ။ မှော်စာလုံးများက သေးငယ်သော်လည်း ယွဲ့ဟွား ဖန်တီးထားခြင်း ဖြစ်လေ၏။ မှော်စာလုံးလမ်းကြောင်းများတွင် ကြီးမားလှသော ဝင်ဆံ့ပမာဏ ရှိနေသည်သာမက ၎င်းတို့က ရှုပ်ထွေးလေသည်။ မှော်စာလုံးလမ်းကြောင်းများနှင့် လိုက်လျောညီထွေဖြစ်စေပြီး ပျက်စီးခြင်းစွမ်းအင်များ ဖြည်းညင်းစွာ ဖြည့်သွင်းပေးရမည်မှာ အလုပ်ထက် အပြောက ပိုလွယ်လေ၏။
လူအများ မျက်မှောင်ကုတ်လိုက်ကြဇး။ သူတို့က မဖြစ်နိုင်သော တာဝန်တစ်ခုနှင့် ကြုံနေရသည့်ပမာ ခံစားနေရသည်။ ပထမဆုံးအတန်း၏ စစ်ဆေးမှုအကြောင်းအရာက အလွန်ခက်ခဲလှချေ၏။
လူအချို့က ယီယွင်အား ကြည့်လိုက်ကြသည်။ သူတို့က စွမ်းအင်ထုတ်ယူရာတွင် မည်မျှပင် နည်းနေပါစေ အောက်ဆုံးတွင်သာ အဆုံးသတ်ရမည့် ထိုတောသားကို သူတို့က ကျေးဇူးတင်သင့်သည်။ သို့သော် ယီယွင်က သစ်သားတိုင်တစ်ခုပမာ ရပ်နေဖို့ရာသာ များချေသည်။
" ဆရာယွဲ့ဟွားက လူကောင်းတစ်ဦးပဲ။ သူက ဘာမှမသိတဲ့ ယီယွင်ကိုတောင် စစ်ဆေးမှုစာရွက် ပေးခဲ့သေးတာပါ့လား "
ယီယွင်အား စစ်ဆေးမှုစာရွက် ပေးရန်မလိုအပ်ဟု လူအများစုက ထင်မိကြသည်။ ယွဲ့ဟွားက ယီယွင်၏ဂုဏ်သိက္ခာကို ငဲ့ကွက်ပေးကာ ခွဲခြားခွဲခြားမလုပ်ခြင်းဟု သူတို့က ထင်မိသည်။
လက်ရှိင်အချိန်၌ လော့ဟော်အာနှင့် ယန်ယွဲ့ဖုန်းတို့ကဲ့သို့ တော်ကြသူများ ပျက်စီးခြင်းအရိုးများကို ရွေးချယ်ပြီးကြချေပြီ။ သူတို့က ပျက်စီးခြင်းအရိုးများထဲမှ စွမ်းအင်များကို မှော်စာလုံးများထဲသို့ ပြောင်းရွှေ့ရန်အတွက် စတင်ထုတ်ယူနေကြချေပြီ။
ဤစစ်ဆေးမှုက သူတို့အတွက် ပြဿနာမရှိပေ။ အထူးသဖြင့် လော့ဟော်အာအတွက် ဖြစ်လေ၏။ သူမ၏ လက်ချောင်းများနှင့် သေးငယ်သော လှုပ်ရှားမှုများကို လုပ်ဆောင်နေသည်။ လော့ဟော်အာ၏ လက်အောက်တွင် အလင်းရောင်တောက်ပနေသည်ကို လူတိုင်း မြင်ကြလေ၏။
ယင်းသည် ပျက်စီးခြင်းစွမ်းအင် ဖွဲ့စည်းရာတွင် ထွက်ပေါ်လာသောအလင်း ဖြစ်လေ၏။
လက်ရှိတွင် ယီယွင်က လှုပ်ရှားမှုမရှိသေးပေ။ သူ ခရမ်းရောင်သလင်းကျောက်ကို အသုံးပြုလိုက်လေ၏။ သူ၏ စွမ်းအင်မြင်ကွင်းထဲတွင် ပျက်စီးခြင်းစွမ်းအင်၏ အလင်းက ပိုမို၍ပင် တောက်ပနေသည်။ အလင်းစက်များက လော့ဟော်အာ၏ လှုပ်ရှားမှုများအတိုင်း လိုက်ပါနေကြပြီး ရွှေရောင်မှော်စာလုံးများထဲသို့ ဝင်ရောက်နေကြသည်ကို သူ ရှင်းလင်းစွာပင် မြင်နေရသည်။
ယွဲ့ဟွား သင်ကြားပေးခဲ့စဥ်က ယီယွင်သည် အာရုံစိုက်ကာ နားထောင်နေခဲ့လေ၏။ လင်ရှင်းထုံက သူ့အတွက် ချန်ထားပေးခဲ့သည့် စုကျဲ၏မှတ်စုစာအုပ် ပထမအတွဲကလည်း စွမ်းအင်ထုတ်ယူခြင်းအကြောင်း ဖြစ်လေသည်။
ယခင်က ယီယွင် များစွာနားမလည်ခဲ့သော်လည်း ယွဲ့ဟွား၏ သင်ကြားမှုများကို နားထောင်ခဲ့ပြီး ယွဲ့ဟွား၏ သရုပ်ဖော်နည်းလမ်းများကို မြင်ရပြနောက်တွင်မူ စုကျဲ၏စာအုပ်ထဲမှ ဖော်ပြချက်များနှင့် နှိုင်းယှဥ်ကြည့်ခဲ့လေ၏။ ထို့ကြောင် ယီယွင် ယခင်က မသိခဲ့သည့် အရာများစွာကို စတင်နားလည်လာခဲ့လေသည်။
ယွဲ့ဟွား သရုပ်ပြနေချိန်တွင် ယီယွင်က စွမ်းအင်မြင်ကွင်းကို အသုံးပြုကာ သူမ၏လှုပ်ရှားမှုတိုင်းကို မြင်နိုင်ခဲ့လေ၏။ သူသည် စွမ်းအင်များ မည်သို့ပြောင်းလဲခြင်းနှင့် မည်သို့ရွေ့လျားခြင်းတို့ကို ရှင်းလင်းစွာမြင်တွေ့ကာ သိမြင်ဖမ်းဆုပ်နိုင်ခဲ့သည်။
အယူအဆကို လက်တွေ့နှင့် ပေါင်းစပ်လိုက်ချိန်တွင် ယီယွင်သည် ပျက်စီးခြင်းစွမ်းအင် ထုတ်ယူခြင်းအကြောင်းကို ယေဘုယျယူဆချက်တစ်ခု ရရှိလာလေ၏။ ခရမ်းရောင်သလင်းကျောက်၏ အကူအညီနှင့်ဆိုပါက ပျက်စီးခြင်းအရိုးထံမှ ပျက်စီးခြင်းစွမ်းအင်များ ထုတ်ယူရခြင်းသည် ယီယွင်အတွက် ခက်ခဲမှုမဟုတ်တော့ပေ။
ပျက်စီးခြင်းစွမ်းအင်ထုတ်ယူခြင်း အယူအဆ ဆယ်မျိုးကို ပြန်တွေးရင်းဖြင့် ယီယွင် စတင်လှုပ်ရှားလေသည်။ သူ အဆင့်မြင့် ဗိုလ်ချုပ်အဆင့် ပျက်စီးခြင်းအရိုးတစ်ခု ရွေးချယ်ခဲ့လေ၏။ ထိုအဆင့်ရှိသည့် ပျက်စီးခြင်းအရိုးက ပျက်စီးခြင်းကောင်းကင်သခင် အလုပ်သင်များအတွက် မလွယ်ကူပေ။
အမှန်တကယ်တွင် ယီယွင်သာ လုပ်လိုပါက ရှေးဦးမျိုးစိတ်အရိုးမှ စွမ်းအင်များကိုပင် ထုတ်ယူနိုင်လေသည်။ သို့သော် ထိုကိစ္စက တုန်လှုပ်ဖွယ်ကောင်းလွန်းသွားပေလိမ့်မည်။
လက်ချောင်းများ အနည်းငယ်လှုပ်ရှားလိုက်လေရာ ပျက်စီးခြင်းအရိုးထံမှ စွမ်းအင်များကို ယီယွင်က လျင်မြန်စွာပင် ဆွဲယူနိုင်ခဲ့လေ၏။
ခရမ်းရောင်သလင်းကျောက်၏ စွမ်းအင်မြင်ကွင်းထဲ၌ အတန်းတစ်ခုလုံးတွင် စွမ်းအင်အလင်းစက်များက ပိုးစုန်းကြူးများပမာ ပျံဝဲနေသည်ကို ယီယွင် မြင်နေရလေ၏။ သို့သော် ထိုအလင်းစက်များကို ခရမ်းရောင်သလင်းကျောက်က ဆွဲယူနေကြောင်းကိုမူ မည်သူကမျှ မမြင်နိုင်ကြပေ။
မြင်ကွင်းက မည်မျှပင် ခမ်းနားနေပါစေ သူ၏ဘေးပတ်လည်မှ လူများကမူ မမြင်နိုင်ကြပေ။