← Chapters

ပြန်လည်သင့်မြတ်ခြင်း

Vol. 18 Ch. 269

ပြန်လည်သင့်မြတ်ခြင်း

Vol. 18 Ch. 269

စွမ်းအင်ထုတ်ယူခြင်းက ယီယွင်အတွက် အလွန်ရိုးစင်းလေသည်။ သို့သော် စွမ်းအင်များကို ရွှေရောင်မှော်စာလုံးများထဲသို့ ထည့်သွင်းရန်အတွက်ကမူ ပျက်စီးခြင်းကောင်းကင်နည်းစနစ်အချို့ လိုအပ်လေ၏။

ရွှေရောင်မှော်စာလုံးများ၏ နောက်ကွယ်မှ အကြောင်းအရင်းကို သူ မဖြစ်မနေပင် နားလည်ထားရမည်။ သို့သော် ခရမ်းရောင်သလင်းကျောက်၏ အကူအညီနှင့်ဆိုပါက ဤကိစ္စကလည်း ယီယွင်အတွက် ပြဿနာများစွာမရှိပေ။

ယီယွင် တိုင်အာနတ်ကျင့်စဥ်ကို လေ့ကျင့်ခဲ့စဥ်က သန့်စင်ယန်ချီကို အသုံးပြုပြီး နေမင်းပုံအား ဆွဲခဲ့ရချိန်သည် ရွှေရောင်မှော်စာလုံးများထဲသို့ စွမ်းအင်ထည့်သွင်းရသည်ထက် အဆပေါင်းရာချီရာကာ ပိုမိုခက်ခဲလေ၏။ သို့တိုင်အောင်ပင် ယီယွင်က နေမင်းပုံအား ပြီးမြောက်အောင် ဆွဲနိုင်ခဲ့သည်။

ယီယွင်အဖို့ လုပ်ဆောင်ပုံများကို ကျိုးကြောင်းဆက်စပ် အတုယူရန်မှာ လွယ်ကူလှပေသည်။

သို့သော် ယီယွင်က ထိုမျှလောက်ဖြင့် မတင်းတိမ်နိုင်ပေ။ သူက ရွှေရောင်မှော်စာလုံးများအတိုင်း ရေးဆွဲနေရင်းဖြင့် မှော်စာလုံးများအား အဘယ့်ကြောင့် ဤပုံစံဖြင့် ဆွဲထားရသည်ကို နားလည်အောင် လုပ်ဆောင်နေခဲ့သည်။ ရွှေရောင်မှော်စာလုံးများ၏ နောက်ကွယ်မှ အကြောင်းအရင်းကို မဖြစ်မနေပင် သိထားရပေမည်။ ထိုသို့သာမဟုတ်ပါက သူ့အနေဖြင့် ပျက်စီးခြင်းကောင်းကင်သခင်တစ်ဦး ဘယ်သောအခါမျှ ဖြစ်လာမည်မဟုတ်ပေ။

လျင်မြန်စွာဖြင့်ပင် ခရမ်းရောင်သလင်းကျောက်က ပျက်စီးခြင်းအရိုးထဲမှ စွမ်းအင်များကို ထုတ်ယူပြီးသွားခဲ့လေပြီး မည်သည့်အလင်းမျှ ထွက်မလာပေ။ စွမ်းအင်လှုပ်ခတ်မှုကိုပင် ခံစားရခြင်းမရှိပေ။

ယင်းသည် ခရမ်းရောင်သလင်းကျောက်၏ စွမ်းအား ဖြစ်လေ၏။ ယနေ့အချိန်အထိ ခရမ်းရောင်သလင်းကျောက် လုပ်ခဲ့သမျှကို မည်သူကမျှ သတိပြုမိခြင်းမရှိပေ။ ကျန်းကဲ့က ယီယွင်၏ ခန္ဓာကိုယ်အား နှစ်ကြိမ်စစ်ဆေးကြည့်ခဲ့သည်ကိုပင် ခရမ်းရောင်သလင်းကျောက်က လုံးဝလျစ်လျူရှုထားခဲ့သည်။

ယီယွင်၏ ဘေးပတ်လည်မှ လူများကလည်း သူတို့၏အလုပ်များတွင် အာရုံစိုက်နေကြလေ၏။ သူတို့က ပြင်းထန်သော စစ်ဆေးမှုအတွက် အာရုံစိုက်ထားကြလေ၏။

ဆရာသခင်ယွဲ့ဟွားကမူ လော့ဟော်အာကိုသာ အာရုံစိုက်နေလေသည်။ လော့ဟော်အာ၏ နည်းလမ်းများကို မြင်ရချိန်တွင် ယွဲ့ဟွား၏ မျက်လုံးများထဲ၌ ဖော်မပြနိုင်သော ကျေနပ်ဟန်များ ရှိနေသည်။ သူမက ပျက်စီးခြင်းကောင်းကင်သခင် အခြားအလုပ်သင်များကို ကျောင်းသားများအဖြစ် ရှုမြင်ထားပြီး လော့ဟော်အာကိုမူ သူမ၏တပည့်အဖြစ် ရှုမြင်ထားလေသည်။

လော့ဟော်အာက ပျက်စီးခြင်းအရိုးစွမ်းအင်များ ထုတ်ယူရာတွင် အလွန်မြန်ဆန်လှသော်လည်း ယီယွင်က ပိုမြန်နေသည်။ ယီယွင်သာ လုပ်လိုပါက အရာအားလုံးကို စက္ကန့်နှစ်ဆယ်အတွင်း အပြီးလုပ်နိုင်စွမ်းရှိသည်။

သို့သော် ယီယွင်က ရွှေရောင်မှော်စာလုံးထဲမှ အယူအဆများကို နားလည်ရန်အလို့ငှာ တမင်ပင် နှေးကွေးစွာလုပ်ဆောင်နေခြင်း ဖြစ်လေသည်။

သို့တိုင်အောင်ပင် ယီယွင်က ပျက်စီးခြင်းအရိုးထံမှ စွမ်းအင်များကို ထုတ်ယူရန်အတွက် ခုနစ်မိနစ်သာ ကြာမြင့်ခဲ့သည်။ အချိန်များစွာ ကျန်သေးသည်ဖြစ်ပြီး ရွှေရောင်မှော်စာလုံးများထဲသို့ နောက်ထပ်ပျက်စီးခြင်းအရိုးနှစ်ခု၏ စွမ်းအင်များ ထပ်မံဖြည့်သွင်းပြီးချိန်တွင် ရွှေရောင်မှော်စာလုံးများအပေါ် ယီယွင်၏နားလည်သိမြင်မှုများ နက်ရှိုင်းလာခဲ့သည်။

ယီယွင်သာ ပျက်စီးခြင်းကောင်းကင်နည်းစနစ် အယူအဆများအပေါ် နားလည်အောင်ကြိုးပမ်းနေခြင်းကို စွန့်လွှတ်လိုက်မည်ဆိုပါက ရွှေရောင်မှော်စာလုံးများကို စွမ်းအင်များ အပြည့်ဖြည့်ပေးနိုင်လေသည်။ သို့သော် ယီယွင်က တွေးကြည့်ပြီးနောက်တွင် ထိုသို့မလုပ်ရန် ဆုံးဖြတ်ခဲ့သည်။ ယင်းကိစ္စက တုန်လှုပ်ဖွယ်ကောင်းလွန်းနေ၏။

ယီယွင်က အဆင့်နိမ် ပျက်စီးခြင်းအရိုးတစ်ခု ထပ်မံကာယူလိုက်ပြီး စွမ်းအင်ထုတ်ယူက ရွှေရောင်မှော်စာလုံးများထဲသို့ ထည့်သွင်းလိုက်လေသည်။ ယီယွင်က ဤအရာများကို ဆယ်မိနစ်အတွင်း လုပ်ဆောင်ခဲ့သည်ဖြစ်ပြီး ငါးမိနစ် ကျန်သေးလေသည်။

ယီယွင်အပြင် လော့ဟော်အာ အပါအဝင် လူတိုင်းသည်လည်း စက္ကန့်တိုင်းအတွက် တိုက်ပွဲဝင်နေကြလေ၏။

ယွဲ့ဟွား၏ ရွှေရောင်မှော်စာလုံးများက ဝင်ဆံ့နိုင်စွမ်း ကြီးမားလှသည်။ ၎င်းတို့အား ပြည့်စေရန်အတွက် တစ်နာရီနှင့်ပင် မလုံလောက်ပေရာ ဆယ့်ငါးမိနစ် မည်သို့များ ထူးပါမည်နည်း။

လော့ဟော်အာ သက်ပြင်းရှည်ကြီးချကာ လက်ကောက်ဝတ်များကို နှိပ်နယ်နေခဲ့သည်။ သူမ၏ စစ်ဆေးမှုအဖြေလွှာအတွက် အလွန်ပင် ကျေနပ်မိလေ၏။ သူမ ခေါင်းမော့လိုက်ချိန်တွင် ယွဲ့ဟွား၏ အသိအမှတ်ပြုပုံကို မြင်လိုက်ရသည်။

ယွဲ့ဟွားက လော့ဟော်အာကို အသာခေါင်းညိတ်ပြ၏။ လော့ဟော်အာက ချိုသာစွာ ပြန်ပြုံးပြလိုက်သည်။

" မဆိုးဘူး... မင်းရဲ့ နည်းလမ်းအတိုင်း ဆက်လုပ်ပါ။ တစ်ချိန်ကျရင် မင်းပဲ အသုံးပြုနိုင်တဲ့ ထုတ်ယူခြင်းဆန်းကြယ်စနစ်ကို ဖန်တီးနိုင်လာမှာပါ " ယွဲ့ဟွားက ကျေနပ်မှုအပြည့်ဖြင့် ချီးကျူးလိုက်လေ၏။

ဘေးပတ်လည်မှ ကျင့်ကြံသူများ မနာလိုဖြစ်သွားကြရသည်။ သူတို့က ရွှေရောင်မှော်စာလုံး မျဥ်းများအတိုင်း ကြိုးစားလုပ်ဆောင်နေချိန်တွင် လော့ဟော်အာကမူ ကိုယ်ပိုင် ထုတ်ယူခြင်းဆန်းကြယ်နည်းစနစ်ကို ဖန်တီးနိုင်လုနီးပါးပင် ဖြစ်နေလေ၏။ နှိူင်းယှဥ်ကြည့်ပါက အမှန်တကယ် စိတ်တိုစရာကောင်းလှသည်။

ယွဲ့ဟွား၏ ချီးကျူးမှုကြောင့် လော့ဟော်အာ အလွန်ပျော်ရွှင်သွားရလေ၏။ သူမက စာလိပ်ကို လိပ်နေချိန်တွင် တစ်စုံတစ်ခုအား သတိရသွားကာ ယီယွင်ကို လှမ်းကြည့်လိုက်သည်။ ယီယွင်က မတ်တက်ရပ်နေလျက်ရှိပြီး ရှေ့တွင်ရှိနေသည့် စာလိပ်မှာလည်း လိပ်နေလျက်သားရှိသည်ကို သူမ မြင်လိုက်ရသည်။

" ဒီလူယုတ်မာအတွက် ခက်ခဲခဲ့မှာပဲ။ သူက ပျက်စီးခြင်းကောင်းကင်နည်းစနစ်ကို ဘာကြောင့် စွဲလန်းနေရသလဲဆိုတာ ငါလည်း မသိတော့ဘူး။ သူ တစ်ခုခုကို သင်ယူနိုင်လိမ့်မယ်လို့ ငါမျှော်လင့်ပါတယ် " လော့ဟော်အာက ယီယွင်ကို အရေးမစိုက်တော့ပေ။ ပျက်စီးခြင်းအရိုးစွမ်းအင် ထုတ်ယူခြင်းနည်းလမ်းက ယီယွင်အတွက် ခက်ခဲလွန်းပေလိမ့်မည်။

" မင်းတို့ရဲ့စာလိပ်တွေ ပြန်အပ်ကြပါ " ယွဲ့ဟွားက ဆိုလိုက်လေရာ ကျင့်ကြံသူများက စာလိပ်များကို ပြန်လိပ်လိုက်ပြီး ယွဲ့ဟွားဆီသို့ အပ်နှံလိုက်ကြသည်။

" မနက်ဖြန်ကျရင် နတ်မြို့ရဲ့ ပျက်စီးခြင်းကောင်းကင်သခင်အသင်းမှာ ရလဒ်တွေကို ထုတ်ပြန်ပေးမယ်။ အတန်းပြီးပြီ " ယွဲ့ဟွားက ပြောပြီးသည်နှင့် ချက်ချင်းထွက်သွားခဲ့သည်။

ကျင့်ကြံသူများမှာမူ မချိ့တင်ကဲ ဖြစ်နေကြဆဲပင်။ သူတို့၏ ရလဒ်များက ကောင်းမည်လား ဆိုးမည်လားကို သူတို့ မသိကြပေ။

" ငါ အခြေနေမကောင်းဘူး " တစ်ယောက်က ဆိုသည်။

" ဟုတ်တယ်... စစ်ဆေးမှုက အရမ်းခက်တယ် " အခြားတစ်ယောက်က ခေါင်းယမ်းကာ... " ညီနောင်ယွဲ့ဖုန်းက ရလဒ်ကောင်းတစ်ခု ရခဲ့မယ်လို့ ငါပြောနိုင်တယ် "

ချူတော်ဝင်အိမ်တော်၏ လူငယ်မျိုးဆက်ခေါင်းဆောင်ဖြစ်သည့် ယန်ယွဲ့ဖုန်းက တိုင်အာနတ်မြို့တွင် အပတ်အသတ်ပေါများလေ၏။

" မင်းတို့တွေက ငါ့ကို အနေရခက်အောင် မလုပ်ကြပါနဲ့။ ဒီစစ်ဆေးမှုက မလွယ်ကူသလို ငါ့ရဲ့အဖြေတွေကလည်း လက်သင့်ခံနိုင်ရုံလောက်ပဲ ရှိပါတယ် "

" လက်သင့်ခံနိုင်တယ်ဆိုရင်ပဲ ကောင်းနေပြီကို အစ်ကိုယွဲ့ဖုန်းက နှိမ့်ချနေပြန်ပါပြီ "

" ဟုတ်တယ်... ညီနောင်ယွဲ့ဖုန်းက လူတိုင်းကို တုန်လှုပ်အောင်လုပ်ပြီး ငါတို့တွေ မနာလိုဖြစ်ရအောင် လုပ်ခဲ့ဖို့ပဲများတယ် "

လူအများစုက အရွှန်းဖောက်နေကြလေ၏။ သခင်လေးအသိုင်းအဝိုင်းများ အတူဆုံမိကြလျှင် မြောက်ပင့်ပြောဆိုတတ်ကြသည်မှာ ထုံးစံပင်။

" အားလုံးက နောက်နေပြန်ပါပြီ။ ငါတို့တွေ အတူဆုံမိကြတယ်ဆိုမှတော့ နတ်လစားသောက်ဆိုင်မှာ ပျော်ပါးကြမယ်လေ "

ယန်ယွဲ့ဖုန်း ဧည့်ခံမည်ဆိုလျှင် နတ်လစားသောက်ဆိုင်သာ ဖြစ်ချေလိမ့်မည်။ ဤသည်ကို သခင်လေးတစ်ဦး၏ ဂုဏ်သတင်းအတွက် လုပ်ဆောင်ရမည်။ နတ်လစားသောက်ဆိုင်တွင် သုံးဖြုန်းခြင်းကပင် ကွဲပြားသောစံနှုန်းများ ရှိနေသေးသည်။ ယန်ယွဲ့ဖုန်း ဧည့်ခံသည့် သာမန်စားသောက်ပွဲတစ်ခုကပင် မှော်နဂါးကြေးပြား ရာပေါင်းများစွာ ကုန်ကျလေ၏။

" ညီနောင်ယွဲ့ဖုန်းကတော့ အစဥ်လာမပျက်ပါပဲ "

" ငါတို့တွေ အိမ်မပြန်နိုင်တဲ့အထိ သောက်ကြမယ် "

ထိုအဖွဲ့က အပေါင်းအဖော်များ စုစည်းကာ နတ်လစားသောက်ဆိုင်သို့ ဦးတည်ခဲ့ကြလေသည်။

ယီယွင်က ထိုအဖွဲ့ ထွက်ခွာသွားသည်ကို ကြည့်နေရင်းဖြင့် သူ၏ပစ္စည်းများ အေးဆေးစွာသိမ်းဆည်းကာ အတန်းထဲမှ ထွက်လာခဲ့သည်။ သူ့တွင် လုပ်ဆောင်စရာများစွာ ရှိနေလေ၏။ သားရဲတစ်သောင်းပုံရိပ်နှင့် ဥပဒေသအမှန်တရား နှစ်ခုစလုံးအား ကျင့်ကြံရန်လိုအပ်သည်။ ယီယွင်တွင် အချိန်မလောက်ငှပေ။

ထို့အပြင် မကြာမီတွင် ယီယွင်က ရှုထောင့်ပုံရိပ် ဖွဲ့စည်းရန်အတွက် ပျက်စီးခြင်းသားရဲများကို အမဲလိုက်ထွက်ရပေဦးမည်။ ယင်းသည် တိုင်အာနတ်မြို့တွင် အန္တရာယ်အများဆုံး ကျင့်ကြံရေးနေရာတစ်ခု ဖြစ်လေ၏။ ဤကျင့်ကြံခြင်းလမ်းကြောင်းတွင် လက်ရွေးစင်ပေါင်းများစွာ သေဆုံးခဲ့ရဖူးသည်။

" ဟေ့..."

ယီယွင် လမ်းလျှောက်နေချိန်တွင် သူ့အား တစ်စုံတစ်ယောက်က လှမ်းခေါ်သံကို ကြားလိုက်ရသည်။ သူ လှည့်ကြည့်လိုက်ရာ အနီဝတ်မိန်းကလေးတစ်ဦးကို မြင်လိုက်ရသည်။ ယင်းက အခြားသူမဟုတ်လေဘဲ လော့ဟော်အာ ဖြစ်လေ၏။

" မိန်းကလေးလော့... " ယီယွင် ချောင်းခြောက်ဟန့်လိုက်သည်။ သူ လော့ဟော်အာကို မြင်ရချိန်တိုင်း ထိုမြင်ကွင်းကို ထိန်းမရစွာပင် တွေးမိနေလေ၏။

" နောင်ကျရင် နင် လေ့ကျင့်ရေးမြေကို အသုံးပြုချင်ရင် ငါ့ကို အရင်လာပြောပါ။ ငါက လေ့ကျင့်ရေးမြေကို အခြားသူတွေနဲ့အတူ အသုံးပြုရတာကို မကြိုက်ဘူး " လော့ဟော်အာက နှုတ်ခမ်းဆူကာ ဆိုသည်။

သူမက အဆုံးမဲ့နတ်မီးစာအုပ်ကို လေ့ကျင့်လိုလေပြီး ယင်းအား အခြားသူများ မြင်၍မရပေ။

ယီယွင် နှာခေါင်းအား ပွတ်လိုက်၏။ ယင်းက စည်းထားကြသည့်ဟန် ရှိနေသည်တိုင်အောင် လော့ဟော်အာက သူ့အား အိမ်နီးချင်းအဖြစ် အသိအမှတ်ပြုသွားခဲ့ခြင်းလည်း ဖြစ်လေသည်။ အနည်းဆုံးအနေဖြင့် အတိတ်တွင် ဖြစ်ခဲ့သမျှက လက်ရှိတွင် ပြီးပြတ်သွားပြီဖြစ်ပြီး ဗဟိုနတ်မျှော်စင်ထဲတွင် နေထိုင်ချိန်၌ ဤအရူးမက ဓားနှင့်လာထိုးမည်ကို ယီယွင်အတွက် စိုးရိမ်နေစရာမလိုတော့ပေ။

" ကောင်းပြီ... ငါက လေ့ကျင့်ရေးမြေကို မကြာခဏ မသုံးဖြစ်ပါဘူး "

All Chapters