← Chapters

သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း ဆဋ္ဌမအဆင့်

Vol. 1 Ch. 92

သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း ဆဋ္ဌမအဆင့်

Vol. 1 Ch. 92

ကျန်းရီနှင့် ချမ်ဝမ်ကွမ်တို့သည် ကံဆိုးမိုးမှောင် ကျလေသည်။ စုလောရွှယ်သည် ကျောင်းသားများ ပြန်အလာကို ထိုင်၍ အနားယူ၍ စောင့်မနေပါချေ။ သူမသည် လူတိုင်း၏ နောက်မှ လိုက်လာကာ ကင်းလှည့် စောင့်ကြည့် နေလေသည်။ ကျောင်းသား တစ်ယောက်ယောက်သာ အန္တရာယ် ကျရောက်ပါလျှင် သူမ ဝင်ရောက် ကူညီလိမ့်မည် ဖြစ်သည်။ ကျန်းရီနှင့် ချမ်ဝမ်ကွမ်တို့သည် အချောင်ခိုနေ၍ မရတော့ဘဲ ညွှန်ကြားချက်အတိုင်း အမဲလိုက်ရ တော့သည်။

သို့သော် ဒုတိယမြောက်နေ့တွင် ချမ်ဝမ်ကွမ်သည် အကြံတစ်ခု ရလာခဲ့သည်။ သူသည် ချမ်ဂိုဏ်းသား တစ်အုပ်ကို သူနှင့် ကျန်းရီ အနောက်မှ လိုက်စေသည်။ လူအုပ်သည် နတ်ဆိုးသားရဲများကို အတူတကွ အမဲလိုက်ကြပြီး အသုံးဝင်သော အစိတ်အပိုင်းများကို ကျန်းရီနှင့် ချမ်ဝမ်ကွမ်ထံ အရင်ဆုံး ပေးလေသည်။ သူတို့တာဝန်များ ပြီးမြောက် သွားသည်နှင့် သူတို့ နှစ်ယောက်သည် ကျင့်ကြံရန်နှင့် အနားယူရန် နေရာတစ်နေရာ ရှာကြလေသည်။ စုလောရွှယ်သည် သူတို့တာဝန်များ ပြီးမြောက်သွားသည် ဟူသော အချက်ကိုသာ ကြည့်၍ ဘာမှမပြောပေ။

နေ့လည်တိုင်း၌ ကျန်းရီသည် သင်တန်းကျောင်းသို့ ပြန်ရောက်သည်နှင့် ကျင့်ကြံခန်းများထံ ချက်ချင်းသွား၍ ကျင့်ကြံသည်။ သူသည် အဆောင်ခန်းငယ်လေး၌လည်း အိပ်ပျော် မသွားမချင်း ကျင့်ကြံသည်။ ကျန်းရီသည် သူ၏ ချိတ်ပိတ်သင်္ကေတ ပျက်စီး သွားချိန်တည်းက သူ၏ ကျင့်ကြံနှုန်းသည် ထူးချွန်သူ ပါရမီရှင်များလောက် မြန်ဆန်နေခဲ့ပြီး ဖြစ်သည်။ သူ၏ အနက်ရောင် အတွင်းအားနှင့် မြေကမ္ဘာအဆင့် ဆေးလုံးများကလည်း ကျင့်ကြံရာတွင် အထောက်အကူ ပြုသေးသည်။ ကျင့်ကြံခန်းများ၌ ဆိုလျှင် ကျင့်ကြံနှုန်းသည် သုံးဆခန့် ပိုမို မြန်ဆန်သေးရာ ကျန်းရီ၏ ကျင့်ကြံနှုန်း မည်မျှ မြန်ဆန်ကြောင်း တွေးကြည့်နိုင်ပါသည်။

ကျန်းရိလျှိုသည် ပြဿနာ လာမရှာ သေးသည်မှာ အတော်လေး ထူးဆန်းသည်။ ထို့ကြောင့် ချမ်ဝမ်ကွမ်သည် အဖြေရှာရန် ထွက်ခွာ သွားလေသည်။ သူတို့သိရသည်မှာ ကျန်းရိလျှိုသည် မည်သို့မှ လှုပ်ရှားမနေဘဲ အရှေ့ဘက် အဆောင်တွင်သာ မရပ်မနား ကျင့်ကြံနေခဲ့သည်။ ကျန်းရိလျှိုသည် ငြိမ်သက်လွန်းနေရာ ကျန်းရီနှင့် ချမ်ဝမ်ကွမ်သည် ပို၍ စိုးရိမ်လာရသည်။ 'ကိုက်တတ်သော ခွေးသည် မဟောင်' ဟူသော ဆိုရိုးစကားပင် ရှိသေးသည် မဟုတ်ပါလား …

သို့သော် ချမ်ဝမ်ကွမ်သည် ကျန်းရီကို ကျန်းရိလျှိုတွင် ခရမ်းရောင် နန်းတော်ရှင် အမြင့်ဆုံး အဆင့်ရှိ လူများကိုသာ အသုံးပြုနိုင်သည့် အာဏာရှိကြောင်း ပြောပြ လာခဲ့သည်။ သို့ဖြစ်၍ ကျန်းရီသည် ကျန်းယွင်ဟိုင်နှင့် ကျန်းရှောင်နူတို့ကို စိတ်ပူစရာ မလိုတော့ပေ။

နောက်လအထိ အရာရာသည် ငြိမ်းချမ်း နေခဲ့သည်။ ကျန်းရီသည်လည်း ထိုငြိမ်းချမ်းမှုလေးကို ပျက်စီး မသွားစေချင်ပေ။ ထို့ကြောင့် သူ့အင်အား တိုးလာရန် ကျင့်ကြံခြင်းတွင်သာ အာရုံစိုက် ထားလိုက်သည်။

နှစ်ပတ် ကြာပြီးနောက် ... .

ထိုတစ်နေ့တွင် ကျန်းရီသည် သူ့အိပ်ဆောင်သို့တောင် ပြန်မအိပ်ခဲ့ပေ။ သူတို့၏ နေ့စဉ်တာဝန်ကို ထမ်းဆောင်ရန် လူစုကြချိန်အထိ ကျန်းရီပေါ် မလာခဲ့ပေ။ ချမ်ဝမ်ကွမ်သာ သူကျင့်ကြံခန်းထဲတွင် ရှိကြောင်း သိမထားပါလျှင် ကျန်းရီ ပျောက်နေသည်ဟု ထင်လိမ့်မည်မှာ အသေအချာ။

"ချမ်ဝမ်ကွမ် ... ကျန်းရီ ဘယ်မှာလဲ"

စုလောရွှယ်သည် ခေါင်းများကို ရေတွက်လိုက်ပြီး ကျန်းရီကို မတွေ့သော် ချမ်ဝမ်ကွမ်ကို မျက်ခုံး ပင့်ကြည့်ကာ သံသယများနှင့် မေးလာခဲ့သည်။

ချမ်ဝမ်ကွမ်သည် တောင်ဘက်သို့ လှည့်ကြည့်လိုက်ပြီး ပြန်ဖြေလိုက်သည်။

"သူကျင့်ကြံခန်းထဲမှာပဲ ရှိဦးမယ် ထင်တယ် ... ကျွန်တော် တစ်ယောက်ယောက်ကို လွှတ်ပြီး သူ့ကို မြန်မြန်သွားခေါ်ခိုင်းလိုက်မယ်"

"ဝှစ်"

ထိုအချိန်တွင် အစိမ်းရောင် ပုံရိပ်တစ်ခုသည် ရောက်ရှိ လာခဲ့သည်။ လူတိုင်းသည် အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ် လာကြသော်လည်း စုလောရွှယ်နှင့် ချမ်ဝမ်ကွမ်တို့သည် ပို၍ အံ့အားသင့်ရသည်။ ကျန်းရီသည် အဖွဲ့ဆီ လျှောက်သွားလိုက်သော အချိန်တွင် စုလောရွှယ်သည် ချက်ချင်း မေးမြန်းလိုက်သည်။

"ကျန်းရီ ... မင်း သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း ဆဋ္ဌမအဆင့်ကို ရောက်သွားတာလား"

ချမ်ဝမ်ကွမ်သည် အလန့်တကြား ပြောလာခဲ့သည်။

"အစ်ကိုကြီး ...  မင်းတကယ်ကြီး ရောက်သွားတာလား"

ကျန်းရီ၏ မျက်လုံးများတွင် ပျော်ရွှင်သည့် အရိပ်အယောင်များ ရှိနေခဲ့သည်။ သူသည် ခေါင်းညိတ်လိုက်ကာ ပြန်ဖြေလိုက်သည်။

"ဟုတ်တယ် ... ငါအခုလေးတင်ပဲ ရောက်သွားတာ"

ကျောင်းသား တစ်ယောက်သည် သူတို့အားလုံး အံ့အားသင့် နေသည်ကို ထူးဆန်းသလို ခံစားလာရသည်။ ထိုကျောင်းသားသည် စိတ်ရှုပ်စွာဖြင့် ခပ်တိုးတိုး ရေရွတ်လိုက်သည်။

"ဒါက သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း ဆဋ္ဌမအဆင့်ကို ရောက်သွားတာလေးပဲ မဟုတ်ဘူးလား ... ဘယ်နေရာက အံ့အားသင့်စရာ ကောင်းနေလို့လဲ"

ကျန်းရီသည် ထိုကျောင်းသား ပြောသည်များကို ကြားလိုက်သည်။ ထို့ကြောင့် သူသည် ခေါင်းညိတ် ပြလိုက်သည်။

"ဟုတ်တယ် ... ဒါက သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း ဆဋ္ဌမအဆင့်ကို ရောက်သွားတာလေးပဲ မဟုတ်ဘူးလား ... ဘယ်မှာ အံ့အားသင့်စရာ ရှိလို့လဲ ... ကျောင်းသား အများစုက အနည်းဆုံးတော့ သတ္တမအဆင့်၊ အဋ္ဌမအဆင့်လောက်ကို ရောက်နေကြပြီလေ"

ချမ်ဝမ်ကွမ်နှင့် စုလောရွှယ်သည် တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ကာ မျက်ဖြူသာ လှန်ပြမိသည်။ အခြားသူများ မသိသော်လည်း သူတို့သည် သေချာသိပေသည်။ အထူးသဖြင့် စုလောရွှယ် ဖြစ်သည်။ ကောင်းကင် တောင်ပံမြို့တွင် ကျန်းရီကို သူမ ပထမဆုံး စတွေ့သော အခါက သူသည် သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း စတုတ္ထအဆင့်သာ ရှိသေးသည်။ နောက်နှစ်လ အကြာတွင် သူသည် ပဉ္စမအဆင့်သို့ ရောက်ရှိခဲ့ပြီး သင်တန်းကျောင်းကို ဝင်ရောက်ပြီး နောက်နှစ်လ အကြာတွင် သူ့ကျင့်ကြံဆင့် ထပ်မြင့်သွားခဲ့ပြန်ပြီ ဖြစ်သည်။

စုလောရွှယ်သည် ကျန်းရီ မကြာခဏ ကျင့်ကြံခန်းသို့ သွားနေပြီး မြေကမ္ဘာအဆင့် ဆေးလုံးများလည်း သုံးစွဲသည်ကို သိသော်လည်း နှစ်လ အတွင်းတွင် ကျင့်ကြံဆင့် တိုးတက် သွားခြင်းက အလွန် ကြောက်စရာ ကောင်းနေသည်။ ဒီအတိုင်းသာ ဆက်သွားနေပါလျှင် သူသည် မကြာခင်တွင် ပါရမီရှင် အဆင့်သို့ ရောက်လာပေလိမ့်မည်။

အရေးကြီးဆုံးသည်ကား သူ၏ တိုက်ခိုက်နိုင်စွမ်း ဖြစ်သည်။ သူသည် သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း ပဉ္စမအဆင့်တွင် ရှိချိန်တည်းက တိုက်ခိုက်နိုင်စွမ်းသည် ခရမ်းရောင် နန်းတော်ရှင် ပထမအဆင့်လောက် ရှိနေပြီ ဖြစ်သည်။ သူသာ ခရမ်းရောင် နန်းတော်ရှင် ပထမအဆင့်သို့ ရောက်သွားလျှင် ခရမ်းရောင် နန်းတော်အဆင့်တွင် ပြိုင်ဘက်ကင်း သွားနိုင်လောက်သည်။

"သွားကြစို့"

စုလောရွှယ်သည် ကျန်းရီကို တစ်ချက် ကြည့်လိုက်ပြီး မရည်ရွယ်ပါဘဲနှင့် သူမ၏ ချစ်စဖွယ် ကောင်းသော အမူအရာလေး တစ်ခုကို ဖော်ပြမိသွားသည်။ ကျောင်းသား အားလုံးသည် မှင်တက် သွားကြလေသည်။ စုလောရွှယ်သည် သူမ၏ အေးစက် တည်ငြိမ်သော အမူအရာကို အလျင်အမြန် ပြန်ထိန်းလိုက်ကာ အဖွဲ့ကို ဦးဆောင် လိုက်လေသည်။

"အစ်ကိုကြီး ... ဒါက အရမ်းကြမ်းသွားပြီ ... နှစ်လအတွင်းမှာ တကယ်ကြီးကို အဆင့်တက်သွားတယ်"

ချမ်ဝမ်ကွမ်၏ မျက်လုံးများသည် ဝမ်းသာမှုများနှင့် တလက်လက် တောက်ပနေခဲ့သည်။ သူဂရုစိုက်သည်မှာ ကျန်းရီ၏ အလားအလာနှင့် အဆင့်အတန်းသာ ဖြစ်သည်။ ဤအခြေအနေအရ ဆိုလျှင် သူသည် ကျန်းရီ၏ အဆင့်အတန်းကို နောက်ထပ် ဂရုစိုက်နေစရာ မလိုတော့ပေ။ ပုံမှန် လူတစ်ယောက်သည် သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း ပဉ္စမအဆင့်မှ ဆဋ္ဌမအဆင့်သို့ ရောက်ရန် နှစ်တစ်ဝက်ခန့် ကြာလေသည်။

"သခင်လေးချမ်"

သူတို့သည် တောင်ဘက် တံခါးဝမှ ထွက်လာသည့် အခါတွင် ချမ်ဝမ်ကွမ်သည် လူတစ်ယောက်၏ တားမြစ်ခြင်းကို ခံရလေသည်။ ထိုသူသည် ချမ်ဝမ်ကွမ်ကို စကားနည်းနည်း ကပ်ပြောပြီးနောက် ချမ်ဝမ်ကွမ်သည် ကျန်းရီကို အမှီလိုက်ကာ အသိပေးလိုက်သည်။

"ကျွန်တော့်ရဲ့ ဒုတိယ ဦးလေးက ဝိညာဉ်သားရဲမြို့ကို ရောက်နေတယ် ... ကျွန်တော် သွားတွေ့ရမယ် ... ဂရုစိုက်ပါ … အစ်ကိုကြီး ... ကျွန်တော် ချမ်ဖူနဲ့ သူ့လူတွေကို အစ်ကိုကြီးကို အဖော်ပြု ထားခိုင်းမယ်"

ကျန်းရီသည် ခေါင်းညိတ်လိုက်သည်။ ချမ်ဝမ်ကွမ်သည် ချမ်ဂိုဏ်းမှ လူများကို ခပ်တိုတို အမိန့်ပေးကာ စုလောရွှယ်ထံ အလျင်အမြန် သွားလိုက်သည်။ သူစုလောရွှယ်ကို ဘာပြောလိုက်သည် မသိသော်လည်း အမြဲစည်းကမ်း တင်းကြပ်လေ့ ရှိသော စုလောရွှယ်သည် သူ့ကို တစ်ရက် ခွင့်ပေးလိုက်သည်။

သူတို့ အမဲလိုက်နေကျ တောင်ပေါ်သို့ ရောက်လာပြီးနောက် ကျန်းရီနှင့် ချမ်ဂိုဏ်းမှ လူခုနှစ်ယောက်သည် အလွယ်တကူ အမဲလိုက် နေကြသည်။ ထို့နောက် ခါတိုင်းလိုပင် ကျန်းရီသည် သစ်ပင်ကြီးကြီး တစ်ခုထက်တွင် ထိုင်ကာ ကျင့်ကြံနေလိုက်ပြီး ချမ်ဂိုဏ်းမှ ကျန်လူများသည် အနီးပတ်ဝန်းကျင်၌ ဆက်လက် အမဲလိုက် နေကြလေသည်။

"ကျန်းရီ"

တစ်ခဏမျှ ကျင့်ကြံပြီးနောက် ကျန်းရီကို အော်သံတစ်ခုက နှောင့်ယှက် လိုက်လေသည်။ သူသည် အောက်ကို ငုံ့ကြည့်လိုက်သော် သူ့ကို ကြည့်နေသော လပြည့်ဝန်းနှယ် မျက်နှာလေး တစ်ခုကို မြင်လိုက်ရလေသည်။

သူသည် ချက်ချင်း သစ်ပင်ပေါ်မှ ခုန်ချကာ စနောက်လိုက်သည်။

"ဆရာမစု ... ဒီလောက် အပူအပင် ကင်းနေရအောင် အသက် ကြီးသွားတာလား"

"အသက်ကြီးတယ်"

ဆရာမစုသည် ကျန်းရီကို သူမ၏ ကြီးမား ဝိုင်းစက်သော မျက်လုံးများနှင့် စိုက်ကြည့်ကာ ဒေါသတကြီး မေးလိုက်သည်။

"ငါက အသက်ကြီးပြီလား"

"ဟီးဟီး"

ကျန်းရီသည် ရယ်မောကာ အလျင်အမြန် ဆက်ပြောလိုက်သည်။

"ကျွန်တော်က စီနီယာလို့ သုံးနှုန်းချင်တာပါ ... ဆရာမစုက ကျွန်တော့်ထက် ငယ်တဲ့ပုံတောင် ပေါ်နေသေးတာ ... ဘယ်လိုလုပ် အသက်ကြီးမှာလဲ"

"လျှာစောင်း ထက်လိုက်တာ"

စုလောရွှယ်သည် မျက်လုံး လှန်ကြည့်လိုက်သည်။ သူမတွင် မျက်လုံး လှန်ကြည့်တတ်သော အကျင့်လေး ရှိပုံရသည်။ ထို့နောက် သူမသည် သူမ၏ အေးစက်စက် ဟန်အမူအရာကို အမြန် ပြန်ထိန်းလိုက်သည်။ သူမသည် ကျန်းရီတွင် ရှိနေသော ထူးဆန်းသည့် စွမ်းရည်ကို ရှာဖွေရန် ကြိုးစားနေခြင်း ဖြစ်သည်။ မမျှော်လင့်ပါဘဲနှင့် သူမ၏ ပင်ကိုစရိုက်လေး များကို ဖော်ပြမိသွားခဲ့သည်။

သို့သော် သူမ ဘယ်လောက်ပင် လေ့လာကြည့်ကြည့် ကျန်းရီ၏ သာမန် မျက်နှာကိုသာ တွေ့ရပြီး ထူးခြားသည့် မည်သည့် အရာကိုမှ မတွေ့ရပေ။ သူမသည် ကျန်းရီ စကား အသွားအလာကို ပြန်ကြည့်သော်လည်း ထူးခြားသည့်အရာ တစ်ခုကိုမှ မတွေ့ပေ။ ၎င်းတို့သည် နေ့စဉ် သုံးနေကျ သာမန် စကားများသာ ဖြစ်သည်။

ကျန်းရီ၏ စစ်မှန်သော အပြုံးကို ကြည့်ရင်း စုလောရွှယ်သည် ရုတ်တရက် တစ်ခုခုကို သဘောပေါက် သွားခဲ့သည်။ ကျန်းရီ၏ စစ်မှန်သော အပြုအမူများနှင့် စကားပြောပုံတို့သည် သူမကို သတိလွတ်သွား စေသည်။ ထို့ကြောင့်ပင် သူမသည် သူမ၏ အေးစက်စက် အမူအရာများ ပျောက်ကွယ်သွားကာ ပင်ကိုစရိုက်အတိုင်း နေမိသွားခြင်း ဖြစ်သည်။

"ဆရာမစု ... တစ်ခုခု လိုတာများ ရှိတာလား ... ကျွန်တော် ကျင့်ကြံနေတာ ဆိုတော့ ... "

ကျန်းရီ၏ လေသံသည် သူမကို ဆရာမတစ်ယောက် အနေနှင့် ပြောခြင်းမဟုတ်ဘဲ သူငယ်ချင်းတစ်ယောက် အနေနှင့် ပြောခြင်း ဖြစ်သည်။ ထိုနေရာတွင် သူသည် ပါးနပ်ပေသည်။ သူသည် ထိုနေ့က ကျန်းရိလျှိုနှင့် ရင်ဆိုင်တွေ့ခြင်းမှာ အကြောင်းရင်း တစ်ခုလည်း ရှိပါသေးသည်။ ၎င်းသည် ဆရာမစုထံမှ အမြင်ကောင်းကိုလည်း ရရှိလိုခြင်းကြောင့် ဖြစ်ပေသည်။

တကယ်တော့ သူသည် စုလောရွှယ်အတွက် ပုံမှန် မဟုတ်သော ခံစားချက်များလည်း ရှိမနေပေ။ သူ့တွင် ချစ်မှုရေးရာများကို စဉ်းစားနေရန်လည်း အချိန်မရှိပေ။ စုလောရွှယ်ထံမှ အမြင်ကောင်းကို ရရှိလိုခြင်းမှာလည်း ကျန်းရှောင်နူ အတွက်သာ ဖြစ်လေသည်။

ကျန်းရှောင်နူကို ကုသရန် သင်တန်းကျောင်းမှ ကောင်းကင်အဆင့် ကုသသူကို လိုအပ်လေသည်။ သင်တန်းကျောင်း အတွင်းရှိ စုလောရွှယ်၏ အဆင့်အတန်းနှင့် ဆိုလျှင် သူမသာ ဆန္ဒရှိလျှင် ကောင်းကင်အဆင့် ကုသသူမှ ကုသပေးရန် အခွင့်အရေး ပိုများလေသည်။ သူသင်တန်းကျောင်းသို့ ရောက်လာရသော အကြောင်းအရင်းသည် ကျန်းရှောင်နူကြောင့်သာ မဟုတ်ပါလား ... သူသည် ထိုအခွင့်အရေးကို အလွဲခံ၍ မဖြစ်ပေ။

စုလောရွှယ်ထံမှ အမြင်ကောင်းကို ရရန်နှင့် သူမ၏ မိတ်ဆွေ ဖြစ်လာရန်မှာ သူမအပေါ်တွင် ဖြူစင်၍ မိတ်ဆွေစစ် တစ်ယောက်လို နေထိုင်ရပေမည်။ သူသည် သူမအပေါ်တွင် ချစ်ကြိုက်သည့်ပုံစံ မပြသသင့်ပေ။ ကျန်းရီ အောင်မြင်ခဲ့ပါသည်။ စုလောရွှယ်သည် ကျန်းရီနှင့် ဆက်ဆံရာတွင် သူမ၏ ပင်ကိုစရိုက်လေးများ မရည်ရွယ်ပါဘဲနှင့် ပေါ်သွားသည်ကို ကြည့်နိုင်ပေသည်။

"အများကြီး မဟုတ်ပါဘူး ... ငါက မင်းကို မင်းရဲ့ ကျင့်ကြံတဲ့ နည်းလမ်းအကြောင်း မေးချင်လို့ပါ ... မင်းက ဘာလို့ ဒီလောက် မြန်မြန် အဆင့်တက်တာလဲ"

စုလောရွှယ်၏ မျက်လုံးများသည် တည်ငြိမ် နေခဲ့သည်။ ကျန်းရီ၏ ထူးဆန်းသော အင်အားတို့သည် သူမကို သိလိုစိတ် ဖြစ်ပေါ်စေသည်။

"ဝူး"

ထိုအချိန်တွင် ကျယ်လောင်သော အူသံကြီး တစ်ခုသည် ခပ်လှမ်းလှမ်း တစ်နေရာမှ ထွက်ပေါ် လာခဲ့သည်။ ထိတ်လန့် ချောက်ချားဖွယ် တည်ရှိမှု တစ်ခုသည် နေရာ တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။ ကျန်းရီသည် ပြန်ဖြေရန် ပြင်နေတုန်းပင် ရှိသေး မျက်နှာပျက် သွားရလေသည်။ သူသည် စုလောရွှယ်၏ မျက်ဝန်းထဲသို့ ကြည့်သောအခါတွင် လေးနက်မှုများကို တွေ့လိုက်ရသည်။ သူသည် လေးလံနေသော အသံနှင့် မေးလိုက်သည်။

"ဒါက ဒုတိယအဆင့် နတ်ဆိုးသားရဲတော့ မဟုတ်ဘူးမလား"

"အမ် ... ဒါက အဆင့်မြင့်တဲ့ အကောင်"

စုလောရွှယ်သည် စကားကို သေချာ ဆုံးအောင်ပင် ပြောမသွားဘဲ ခပ်ဝေးဝေးသို့ ပျံသန်းသွားကာ သူမ၏ နူးညံ့သော လေသံကို အသားကုန် ကျယ်ကာ အော်ဟစ် လိုက်သည်။

"အခုချက်ချင်း ကျောင်းသားတွေ အကုန်လုံး သင်တန်းကျောင်းဆီ ဆုတ်ခွာကြ ... ဒီနတ်ဆိုးသားရဲက မင်းတို့ ရှင်းနိုင်လောက်မဲ့ အကောင်မဟုတ်ဘူး ... ပြေးကြ"

***

All Chapters