← Chapters

ယီယွင်၏ စာမေးပွဲမှတ်တမ်း

Vol. 19 Ch. 270

ယီယွင်၏ စာမေးပွဲမှတ်တမ်း

Vol. 19 Ch. 270

ယီယွင် ဗဟိုနတ်မျှော်စင်၏ စာသင်ခန်းထဲမှ ထွက်ခွာလာချိန်တွင် အိပ်ဆောင်ဆီသို့ ချက်ချင်းမပြန်ဘဲ သောင်းတန်စေတီသို့သွားရန် ဆုံးဖြတ်ခဲ့သည်။

ပျက်စီးခြင်းကောင်းကင်နည်းစနစ်ကို လေ့ကျင့်ရာတွင် ပျက်စီးခြင်းသားရဲ ပစ္စည်းများစွာ အထောက်အပံ့ပေးရန် လိုအပ်လေ၏။ သို့မှသာ သာသာယာယာ လေ့ကျင့်နိုင်လိမ့်မည်။

တိုင်အာနတ်မြို့မှ မြောက်မြားစွာသော ကျင့်ကြံသူများက ပျက်စီးခြင်းသားရဲများ အမဲလိုက်ရန်အတွက် နတ်အရိုင်းမြေထဲသို့ နေ့စဉ် ဝင်ထွက်နေကြလေသည်။ အချို့က သူတို့၏ ရှုထောင့်ပုံရိပ်ကို ဖွဲ့စည်းခြင်း သို့မဟုတ် အဆင့်မြင့်တင်လိုခြင်းများ လုပ်လိုကြပြီး အချို့ကမူ သူတို့၏ တိုက်ခိုက်ရေးစွမ်းရည်ကို ထက်မြက်အောင် လုပ်ဆောင်လိုကြသည်။

သေဆုံးပြီးသော ပျက်စီးခြင်းသားရဲများထံမှ ပျက်စီးခြင်းအရိုးများနှင့် အခြားပစ္စည်းများကိုမူ သောင်းတန်စေတီတွင် ရောင်းချရန် ချန်ထားကြသည်။

ထိုပစ္စည်းများကို ပျက်စီးခြင်းကောင်းကင်သခင်များ၏ တပည့်များက ဝယ်ယူကြသည်သာမက တိုင်အာနတ်ပြည်ထောင်ထဲမှ ဂိုဏ်းအဖွဲ့အစည်းများကလည်း မကြာခဏဆိုသလိုပင် များပြားစွာ ဝယ်ယူကြသည်။

" ဓာတ်ငါးပါးမိကျောင်းအရိုး ၊ သင်္ကတလေးခုမြွေစွယ် ၊ သံလင်းယုန် လက်သည်း ၊ သံချပ်ကာကြံ့ဦးချို..."

ယီယွင်က ပျက်စီးခြင်းကောင်းကင်နည်းစနစ်ကို နားလည်ထားသည့်အတိုင်း အဝယ်စာရင်း လုပ်နေခဲ့သည်။ ထိုပစ္စည်းများ၏ တန်ကြေးက မှော်နဂါးကြေးပြား ဆယ်ချီခန့်မှစ၍ ရာချီခန့်အထိ ရှိလေသည်။

အားလုံး ဝယ်ပြီးသည့်နောက်တွင် ယီယွင်က မှော်နဂါးကြေးပြား ၂၀၀၀၀ သုံးမိသွားခဲ့သည်။

" ပျက်စီးခြင်းကောင်းကင်နည်းစနစ်ကို လေ့ကျင့်ရတာက တကယ်ကိုပဲ ငွေကို ရေလိုသုံးရတာပါ့လား။ ငါ မမျှော်လင့်ဘဲ ငွေတွေရထားတာကြောင့်သာ ဒီလိုသုံးဖြုန်းနိုင်တာပဲ။ သာမန်ကျင့်ကြံသူတစ်ဦးအတွက်ကတော့ ဘာမှလုပ်ရသေးခင်မှာ စဉ်းစားတာက ပိုကောင်းလိမ့်မည်။ တိုင်အာနတ်မြို့ထဲမှာ ပျက်စီးခြင်းကောင်းကင်နည်းစနစ်ကို သင်ယူဖို့က မဖြစ်နိုင်လုနီးပါးပဲ။ ပျက်စီးခြင်းကောင်းကင်နည်းစနစ်ကို တိုင်အာနတ်မြို့ကို မသွားရခင် ငယ်စဉ်ကတည်းက သင်ယူပြီး မိသားစုမျိုးနွယ်တွေရဲ့ အရင်းအမြစ်တွေကို အသုံးပြုတာကပဲ တစ်ခုတည်းသောနည်းလမ်း "

" ငါက ပျက်စီးခြင်းကောင်းကင်နည်းစနစ် လေ့ကျင့်ချင်ရုံတင်မကဘူး နတ်အရိုင်းမြေခန်းမကိုသွားပြီးတော့လဲ သားရဲတစ်သောင်းပုံရိပ်တွေနဲ့ လေ့ကျင့်ချင်သေးတယ်။ ငါက မှော်နဂါးကြေးပြားတွေ မပြတ်လပ်တော့ပေမဲ့ အချိန်ကတော့ နည်းပါးနေတယ် "

ယီယွင် တွေးနေရင်းဖြင့် အိပ်ဆောင်ဆီသို့ ဦးတည်ခဲ့လေသည်။

လက်ရှိအချိန်၌ ဗဟိုနတ်မျှော်စင် ၉၈ လွှာတွင် ယွဲ့ဟွားက သူမ၏အခန့်းသို့ ပြန်ရောက်ခါစ ဖြစ်လေသည်။ ၎င်းက စတုရန်းမီတာ ၃၀၀ ကျယ်သည့် အခန်းကြီးတစ်ခု ဖြစ်လေသည်။ အခန်းတွင်း ပရိဘောဂများက ရိုးစင်းကာ ရှေးဆန်လေ၏။

ဗဟိုနတ်မျှော်စင် ၉၈ လွှာတွင် အခန်းလေးခုသာ ရှိလေသည်။ အခန်းတိုင်းတွင် ကျင့်ကြံရေးအခန်း ၊ အဂ္ဂရိတ်အခန်း ၊ အမတေအခန်းများ တွဲဖက်ပေးထားလေ၏။ ဗဟိုနတ်မျှော်စင် ၉၈ လွှာတွင် ယွမ်ချီများ သိပ်သည်းလှပြီး ပညာရှိလေးဦး ကျင့်ကြံရန်ပင် လုံလောက်လေသည်။

ယွဲ့ဟွားက ခန်းမထဲသို့ ဝင်လာကာ ဝတ်ရုံရှည်ကြီးကို ချွတ်လိုက်သည်။ ထို့နောက် သူမ၏ သိုလှောင်လက်စွပ်ထဲမှ ကျောင်းသားများ၏ စာမေးပွဲမှတ်တမ်းများ ထုတ်ယူကာ စားပွဲပေါ်တွင် တင်လိုက်သည်။

ထို့နောက် သူမက စာမေးပွဲမှတ်တမ်းတစ်ခု ကောက်ယူလိုက်လေ၏။ ထိုသည်က လော့ဟော်အာ၏စာလိပ် ဖြစ်လေသည်။

အသက်နှစ်ဆယ်အရွယ်ခန့် အမျိုးသမီးနှစ်ဦးလည်း ရှိနေသေးလေ၏။ သူမတို့က အခြားသောစာမေးပွဲမှတ်တမ်းများကို ကောက်ယူလိုက်ကြသည်။

မိန်းကလေးတစ်ဦးက ရယ်ကာဆိုသည်..." ဆရာက လော့ဟော်အာကို မျက်စိကျနေတယ်ဆိုရင် ဘာကြောင့်များ တပည့်အဖြစ် မခေါ်ရတာလဲ။ ဘာကြောင့်များ ဆရာက အများဆိုင်အတန်းမှာ သင်ကြားတဲ့နည်းလမ်းကို ရွေးချယ်ခဲ့ရတာလဲ။ ဆရာ့ရဲ့ အတန်းထဲမှာ စာဖွဲ့လောက်စရာမရှိတဲ့ စရိုက်ပေါင်းစုံတွေ ရှိလာတော့မယ် "

ယွဲ့ဟွားက ခေါင်းယမ်းကာ..." လော့ဟော်အာရဲ့ နောက်ခံက ဆန်းကြယ်တယ်။ သူ ကျင့်ကြံနေတဲ့ ကျင့်စဉ်တွေနဲ့ ပျက်စီးခြင်းကောင်းကင်နည်းစနစ်တွေ တိုင်အာနတ်ပြည်ထောင်ရဲ့ ကိုယ်ပိုင်အမွေအနှစ်တွေနဲ့ အတော်ကွဲပြားနေတယ်။ လော့ဟော်အာရဲ့ နည်းလမ်းတွေမှာ ကဏ္ဍအများစုက တိုင်အာနတ်ပြည်ထောင်ထက် သာလွန်နေတယ် "

" ပြီးခဲ့တဲ့ရက်အနည်းငယ်တုန်းက တိုင်အာနတ်ပြည်ထောင်ရဲ့ ဂိုဏ်းအဖွဲ့အစည်းအများစုက သူ့ကို ခေါ်ယူဖို့ ဒါမှမဟုတ် မိတ်ဆွေဖြစ်ဖို့အတွက် ကမ်းလှမ်းမှုမျိုးစုံ ပေးခဲ့ကြပေမဲ့ သူကေတာ့ ခပ်ကင်းကင်းပဲ နေခဲ့တယ်။ သူ လာခဲ့တဲ့ အဖွဲ့အစည်းက တိုင်အာနတ်ပြည်ထောင်ထက် ပိုမြင့်နေမလားဆိုတာကို ဘယ်သူသိနိုင်မလဲ။ အဲ့ဒီအတိုင်းသာဆိုရင် သူ့မှာ ဆရာတစ်ဦး ရှိနေတာဖြစ်ဖို့များတယ် "

ယွဲ့ဟွားက များစွာတွေးထားသည်။ လော့ဟော်အာကသာ ဆရာဖြစ်သူကို နက်နဲစွာ ချစ်ခင်တွယ်တာနေခဲ့ပြီး သူမ၏တပည့် ဖြစ်လာရန် ငြင်းပယ်ခဲ့ပါက အခြေအနေများ ကို့ရို့ကားယား ဖြစ်သွားချေမည်။

သို့သော် လော့ဟော်အာ၏ ပါရမီကြောင့် ယွဲ့ဟွားက သူမ၏ဆရာ ဖြစ်ချင်နေခဲ့လေ၏။ လော့ဟော်အာ၏ အနာဂတ် အောင်မြင်မှုများက သူမကိုပင် ကျော်လွန်သွားလိမ့်မည်ဟု ခံစားမိလေ၏။

လော့ဟော်အာနှင့် ဆရာနှင့်တပည့် ဆက်ဆံရေး တည်ဆောက်ထားပါက အထူးသဖြင့် လော့ဟော်အာတွင် အစွမ်းထက်သောနောက်ခံ ရှိလေသောကြောင့် ယွဲ့ဟွားအတွက်သာမက တိုင်အာနတ်ပြည်ထောင်၏ တော်ဝင်မိသားစုအတွက်လည်း အကျိုးရှိလေသည်။

" ငါ လော့ဟော်အာရဲ့ စာမေးပွဲမှတ်တမ်းကို ယူသွားလိုက်မယ်။ ကျန်တာတွေကို မင်းတို့နဲ့ လွှဲထားခဲ့မယ် " ယွဲ့ဟွားက ပေါ့ပေါ့ပါးပါးပင် ဆိုလိုက်သည်။ အမှန်စင်စစ်တွင် သူမ၏ အားကောင်းသော စိတ်စွမ်းအားနှင့်ဆိုလျှင် စာမေးပွဲမှတ်တမ်းတစ်ရာခန့်ကို အဆင့်သတ်မှတ်ပေးရန် လွယ်ကူလေသည်။ သို့သော် ထိုသူများက သူမ၏တပည့် မဟုတ်လေသောကြောင့် လုပ်မည်မဟုတ်ပေ။

" ဟုတ်ကဲ့ " မိန်းကလေးနှစ်ဦးက စာမေးပွဲမှတ်တမ်းများကို ယူကာ ထွက်သွားကြသည်။ ယခင်က သူမတို့က တူညီသော စစ်ဆေးမှုကို လုပ်ဖူးလေသောကြောင့် ယွဲ့ဟွား၏ အမှတ်ပေးပုံကို သိကြလေသည်။

ယွဲ့ဟွား ပျက်စီးခြင်းကောင်းကင်သခင် အလုပ်သင်များ၏ စွမ်းအင်ထုတ်ယူပုံကို အကဲဖြတ်ရာတွင် အဓိကနှစ်ချက်ကိုသာ စစ်ဆေးလေသည်။

တစ်ခုသည် ထုတ်ယူထားသည့် စွမ်းအင်ပမာဏဖြစ်ပြီးအခြားတစ်ခုမှာမူ စွမ်းအင်ထိန်းချုပ်မှုအတိုင်းအတာ ဖြစ်လေသည်။

စွမ်းအင်ပမာဏများ ပိုထုတ်နိုင်လေလေ ပျက်စီးခြင်းအရိုးအမတေက ပိုမိုအားကောင်းလေလေပင်။ ထိန်းချုပ်မှု ပိုကောင်းလျှင်မူ ပျက်စီးခြင်းအရိုးအမတေကို သန့်စင်ရာတွင် အောင်မြင်နိုင်နှုန်း ပိုမြင့်လေလေပင်။

စာမေးပွဲမှတ်တမ်းထဲတွင် ရွှေရောင်မှော်စာလုံးများတွင် ကောင်းမွန်သော မှော်စာလုံးလမ်းကြောင်း ၁၈၂ ခု ရှိသည်။ ထိုမှော်စာလုံးလမ်းကြောင်း ၁၈၂ ခုက ပျက်စီးခြင်းကောင်းကင်သခင် အလုပ်သင်များ၏ စွမ်းအင်များကို ထုတ်ယူခြင်းနှင့် ထိန်းချုပ်ခြင်းကို စစ်ဆေးခြင်း ဖြစ်လေသည်။

ပျက်စီးခြင်းစွမ်းအင် အမျှင်တိုင်းကို ပြီးပြည့်စုံစွာ ထုတ်ယူပြီး ပြီးပြည့်စုံစွာ ထိန်းချုပ်နိုင်မှသာ မှော်စာလုံးလမ်းကြောင်း ၁၈၂ ခုအတိုင်း ပြီးပြည့်စုံစွာ လိုက်ပါနိုင်မည်ဖြစ်သည်။

ထို့အပြင် မှော်စာလုံးလမ်းကြောင်း ၁၈၂ တွင် စွမ်းအင်လှောင်ကန်သုံးခုလည်း ရှိနေသေးလေ၏။ ပျက်စီးခြင်းကောင်းကင်သခင် အလုပ်သင်များ ထုတ်ယူထားသည့် ပျက်စီးခြင်းစွမ်းအင်ပမာကို ထိုစွမ်းအင်လှောင်ကန်များနှင့် စစ်ဆေးလေသည်။

လှောင်ကန်များထဲတွင် စွမ်းအင်များ ပိုများလာလေလေ ပြည့်ရန်အတွက် ပိုခက်လေလေပင်။

ခရမ်းသွေးနယ်ပယ်နှင့် ယွမ်အုတ်မြစ်ချနယ်ပယ်တို့အတွက် စွမ်းအင်လှောင်ကန်သုံးခုကို ဖြည့်ရန်မှာ မဖြစ်နိုင်လုနီးပါးပင်။ အမှတ်ပေးနည်းလမ်းကမူ တွက်ချက်ကြည့်ခြင်း ဖြစ်လေ၏။ သူတို့က မီတာအတိုင်း ရေတွက်ကြလေသည်။

စွမ်းအင်ထိန်းချုပ်မှုအတွက် မှော်စာလုံးလမ်းကြောင်း ၁၈၂ ခုအား လမ်းကြောင်းတစ်ခုကို ပြီးပြည့်စုံစွာ ဖြည့်နိုင်လျှင် နှစ်မှတ် ၊ ချို့ယွင်းချက်ရှိနေလျှင် တစ်မှတ် ဖြစ်လေသည်။

စုစုပေါင်း ၃၆၄ မှတ် ရှိမည်ဖြစ်သည်။

စွမ်းအင်လှောင်ကန်သုံးခုအတွက်မူ စွမ်းအင်လှောင်ကန်တစ်ခုအား ဖြည့်နိုင်လျှင် ၁၁၀ မှတ်ဖြစ်ပြီး စုစုပေါင်း အမှတ် ၃၃၀ ရှိလေသည်။

စုစုပေါင်းအမှတ်က ၉၆၄ မှတ်ဖြစ်ပြီး ဘက်စုံထူးချွန်ခဲ့လျှင် အမှတ် ၇၀၀ ကျော် ရရှိနိုင်သည်။

ယခင်နှစ်အတွေ့အကြုံများအရ ပျက်စီးခြင်းကောင်းကင်သခင် သာမန်အလုပ်သင်များက စွမ်းအင်ထိန်းချုပ်မှုတွင် ၁၄၀-၁၅၀ မှတ်နှင့် စွမ်းအင်သိုလှောင်ကန်တွင် အနှတ် ၈၀-၉၀ ခန့်မျှသာ ရရှိကြသည်။

စုစုပေါင်းအမှတ် ၂၃၀ - ၂၄၀ ဝန်းကျင်က လက်ခံနိုင်လောက်လေ၏။ အမှတ် ၃၀၀ ကျော်လျင် အလွန်တော်သည်။ အမှတ် ၃၅၀ ဆိုလျှင် ပါရမီရှင်တစ်ဦး ဖြစ်လေ၏။

အမှတ် ၄၀၀ အထက်မှာမူ အလွန်ရှားပါးသည်။ ယွဲ့ဟွား၏ တပည့်မနှစ်ဦး ငယ်ရွယ်စဉ်က အမှတ် ၄၃၀ နှင့် ၄၄၀ သာ ရရှိခဲ့လေသည်။

ယခုတွင် ယွဲ့ဟွားက လော့ဟော်အာ၏ စာမေးပွဲမှတ်တမ်းကို မျှော်လင့်မိနေသည်။ လော့ဟော်အာ၏ ရလဒ်ကသူမကို အံ့အားသင့်စေလောက်လေ၏။

ပထမဆုံး စွမ်းအင်လှောင်ကန်သုံးခုကို တစ်ချက်ကြည့်ရုံနှင့်ပင် သူမက အမှတ်ကို ပြောနိုင်လေသည်။ သူမ၏ စိတ်စွမ်းအား စွမ်းအင်လှောင်ကန်သုံးခုထဲသို့ ဝင်သွားချိန်တွင် လော့ဟော်အာက စွမ်းအင်လှောင်ကန်သုံးခုကို စွမ်းအင် ၆၀% ခန့် ဖြည့်ထားသည်ကို သူမ မြင်လိုက်ရသည်။

" စွမ်းအင်ဖြည့်တင်းမှု ၁၉၈ မှတ် "

ထို့နောက်တွင် စွမ်းအင်ထိန်းချုပ်မှုကို ပြသသော မှော်စာလုံးလမ်းကြောင်း ၁၈၂ ခု ဖြစ်လေသည်။ ယင်းက စွမ်းအင်ဖြည့်တင်းမှုထက် ပိုမိုအရေးကြီးသည်။

ပျက်စီးခြင်းကောင်းကင်သခင်က အဆင့်တိုးတက်လာလျှင် စွမ်းရည်ထုတ်ယူသည့် အစွမ်းအစများလည်း တည်ငြိမ်စွာပင် တိုးတက်လာပေလိမ်မည်။ သို့သော် စွမ်းအင်ထိန်းချုပ်မှုကမူ ပါရမီကို တိုင်းတာခြင်း ဖြစ်လေ၏။

အဆင့်တူသည့် ပျက်စီးခြင်းကောင်းကင်သခင်နှစ်ဦးတွင် မတူညီသော စွမ်းအင်ထိန်းချုပ်မှုအဆင့်များ ရှိလေသည်။

လော့ဟော်အာ၏ စာလိပ်ကို ကြည့်နေရင်းဖြင့် ယွဲ့ဟွား၏ မျက်ဝန်းများ တောက်ပလာသည်။ ထိုခံစားချက်က ရှေးဟောင်း ပျက်စီးခြင်းကောင်းကင်သခင်တစ်ဦး၏ ကျမ်းတစ်ခုကို ဖတ်နေရသကဲ့သို့ပင်။

ပြီးပြည့်စုံတယ်၊ ပြီးပြည့်စုံတယ်၊ ပြီးပြည့်စုံတယ် "

ယွဲ့ဟွား၏ စိတ်စွမ်းအားက မှော်စာလုံးလမ်းကြောင်း ၁၈၂ ကို စက္ကန့်ပိုင်းအတွင်း အသေးစိတ်စီစစ်သွားခဲ့သည်။ သူမက လော့ဟော်အာ ဖန်တီးထားသည့် မှော်စာလုံးလမ်းကြောင်း တစ်ခုချင်းစီတိုင်းကို စစ်ဆေးနေလေ၏။

ပြီးပြည့်စုံတယ်၊ ပြီးပြည့်စုံတယ်၊ ပြီးပြည့်စုံတယ်

" အိုး...ဒီတစ်ခုက ချို့ယွင်းနေတာပဲ "

မှော်စာလုံးလမ်းကြောင်း ၁၂၆ ခု စစ်ဆေးပြီးနောက်တွင် ချို့ယွင်းချက် ပေါ်လာသည်။ လော့ဟော်အာက မှော်စာလုံးလမ်းကြောင်းတစ်ခုကို ဖြည့်မထားချေ။

ယွဲ့ဟွား သက်ပြင်းချလိုက်၏။ လက်ရှိ လော့ဟော်အာ လုပ်ဆောင်ထားသည့် ပြီးပြည့်စုံမှုများက ချီးကျူးဖွယ်ရာဖြစ်သည်ကို သူမ သိသည်။ သို့သော် ပြီးပြည့်စုံခြင်းကို မြတ်နိုးလေသော သူမအဖို့ ချို့ယွင်းချက်ကို တွေ့လိုက်ချိန်တွင် နောင်တရမိသည်။

" မှော်စာလုံးလမ်းကြောင်းက တစ်မှတ်ပဲရမယ် "

ယွဲ့ဟွား ခေါင်းယမ်းလိုက်သည်။ သူမက လောဘကြီးလွန်နေ၍ သက်ပြင်းချမိသွားသည်။ ဆယ်ကျော်သက်အရွယ် ကလေးတစ်ဦးက ဤမျှအထိ လုပ်နိင်ခဲ့သည်မှာ မကောင်းဆိုးဝါးဆန်နေပြီ ဖြစ်လေ၏။ သူမက မည်သည်ကို ထပ်လိုချင်နေလေသနည်း။

မှော်စာလုံးလမ်းကြောင်း ၁၂၇ မြောက်ကလည်း ပြီးပြည့်စုံသည်။ ထို့နောက်တွင်မူ ပြီးပြည့်စုံခြင်းနှင့် ချို့ယွင်းခြင်းများ ရောထွေးလာလေ၏။

မှော်စာလုံးလမ်းကြောင်း ၁၆၀ မြောက်နောက်တွင် အားလုံးက ဗလာဖြစ်နေလေ၏။ ၎င်းတို့အတွက်က အမှတ်သုည ဖြစ်လေသည်။

လော့ဟော်အာက စွမ်းအင်ထိန်းချုပ်မှုတွင် စုစုပေါင်းရမှတ် ၂၉၆ မှတ်အထိ ရရှိလေသည်။ ယင်းက မွန်းစတားဆန်သည့် အမှတ်ပေါင်း ဖြစ်လေ၏။

၂၉၆ မှတ်နှင့် အခြားသော ၁၉၈ မှတ်ကို ပေါင်းလိုက်ရာ လော့ဟော်အာ၏ စုစုပေါင်းအမှတ်က ၄၉၄ မှတ် ဖြစ်လေ၏။ သူမက ငါးရာပြည့်ရန် လေးမှတ်သာ လိုလေသည်။

ယွဲ့ဟွား အမှတ်စာရင်းကိုကြည့်ကာ အသက်ပြင်းပြင်း ရှုလိုက်သည်။ အမှတ် ၄၀၀ ကျော် ရသည်မှာ ရှားပါးလေသည်။ အမှတ် ၄၅၀ ကျော်ကမူ ​မဖြစ်နိုင်လုနီးပါးပင်။ ထို့ကြောင့် အမှတ်ငါးရာနီးပါး ရရှိရန်အတွက် ခက်ခဲမှုကို မြင်သာလေ၏။

" လော့ဟော်အာရဲ့ အနာဂတ်အလားအလာက တိုင်းဆလို့မရဘူး "

ယွဲ့ဟွား အနာဂတ်ကို မျှော်လင့်မိနေသည်။ ထိုကဲ့သို့ အဖိုးတန်ကျောက်မျက်တစ်လုံးကို လိုက်ရှာစရာမလိုဘဲ ကံကောင်းထောက်မစွာ ကြုံတွေ့ခဲ့ရချေသည်။

ယွဲ့ဟွားက စာမေးပွဲမှတ်တမ်းကို ဂရုတစိုက် သိမ်းဆည်းလိုက်လေ၏။ တစ်ခဏအကြာတွင် သူမ၏ တပည့်မနှစ်ဦးက အခန်းထဲသို့ ကပျာကယာပြေးဝင်လာကြ၏။

ဒုန်း...။

တံခါး ဆောင့်ကာ ပွင့်သွားလေ၏။

" ဘာဖြစ်တာလဲ " ယွဲ့ဟွား အံ့အားသင့်သွားသည်။ သူမ၏ တပည့်မနှစ်ဦးက တော်ဝင်မိသားစုနှင့် သီးခြားမိသားစုတို့မှ လာခဲ့ခြင်းဖြစ်သည်။ သူမတို့က အမြဲတမ်းလိုပင် အပြုအမူကောင်းကာ အိန္ဒြေရှိကြသည်။ သူမတို့ ပျာယာခတ်နေသည်မှာ ကြုံတောင့်ကြုံခဲပင်။

All Chapters