← Chapters

ယွဲ့ဟွား၏ ဖိတ်ခေါ်မှု

Vol. 19 Ch. 273

ယွဲ့ဟွား၏ ဖိတ်ခေါ်မှု

Vol. 19 Ch. 273

" ညီနောင်ယွဲ့ဖုန်း ၊ ညီနောင်ယွဲ့ဖုန်း... စိတ်ငြိမ်ငြိမ်ထားပါ "

ချူတော်ဝင်အိမ်တော်မှ ကျင့်ကြံသူအချို့က ယန်ယွဲ့ဖုန်းကို ဆွဲထားရန်အတွက် ရှေ့သို့ထွက်လာကြသည်။ ယန်ယွဲ့ဖုန်း၏ပုံစံအရ သူ့ကို တားဆီးခြင်းမပြုလျှင် အဆင့်စာရင်းဆီသို့ ပြေးကာ စုတ်ဖြဲပစ်မည့်ဟန် ရှိလေသည်။

ယန်ယွဲ့ဖုန်း၏ အနီးနားမှ ပျက်စီးခြင်းကောင်းကင်သခင် အလုပ်သင်များအားလုံးတို့သည် ကို့ရို့ကားယားနိုင့် အဆင့်စာရင်းကို လုံးဝမယုံကြည်နိုင်ဟန်များဖြင့် ကြည့်နေကြလေ၏။

ဆရာသခင်ယွဲ့ဟွား၏ အတန်းတွင် ယီယွင်က ငတုံးတစ်ကောင်ပမာ ရပ်နေခဲ့သည်ကို သူတို့ မှတ်မိကြသေးလေ၏။ ထိုကောင်က ရိုးရှင်းသော အရိုးအမတေအား မည်သို့သန့်စင်မည်ကိုပင် မသိခဲ့သည့်တိုင်အောင် လော့ဟော်အာထက် သာသွားခဲ့သည်တဲ့လား။

အမှန်တကယ်ပင် အမှားတစ်ခု ဖြစ်လေသလော။

" ငါ ဆရာသခင်ယွဲ့ဟွားနဲ့ တွေ့ချင်တယ် " ယန်ယွဲ့ဖုန်းကို အခြားသူများက ဆွဲခေါ်သွားကြသော်လည်း သူက အော်ဟစ်နေဆဲပင်။

ပျက်စီးခြင်းကောင်းကင်သခင် အလုပ်သင်များသည် ယန်ယွဲ့ဖုန်း၏ အခြေအနေကို ကြည့်ကာ စာနာမိနေကြပြီး ကျေနပ်အားရစိတ်လည်း ဖြစ်မိကြသည်။

ဤအခြေအနေက အလွန်ရှင်းလင်းသည်။ စာရင်းက မှားနေလျှင်ပင် အရာတစ်ခုကမူ သေချာလေသည်။ ဆရာသခင်ယွဲ့ဟွားက ယန်ယွဲ့ဖုန်းကို တပည့်အဖြစ် ခေါ်ယူလိုခြင်းမရှိပေ။

ယန်ယွဲ့ဖုန်း၏ စစ်ဆေးမှုရလဒ်က အမှတ် ၃၆၀ သာ ဖြစ်သည်။ ထိုအမှတ်က လီတောက်ဟုန်ထက်ပင် များစွာမမြင့်လေရာ ဆရာသခင်ယွဲ့ဟွားက အဘယ်သို့များ မျက်စိကျပါမည်နည်း။

လော့ဟော်အာ၏ ၄၉၄ မှတ်နှင့် မေးခွန်းထုတ်စရာဖြစ်နေသည့် ယီယွင်၏ ၅၁၅ မှတ်တို့ကသာ ဆရာသခင်ယွဲ့ဟွား မျက်စိကျရန် ထိုက်တန်လေသည်။ ယခုတွင် ယန်ယွဲ့ဖုန်းက အမြင့်သို့ရောက်ကာ အကျနာသွားခဲ့ခြင်း ဖြစ်လေ၏။

" မင်းက ဆရာသခင်ယွဲ့ဟွားနဲ့ တွေ့ချင်တာလား "

ဥပဒေထိန်းနှစ်ဦးက ယန်ယွဲ့ဖုန်းကို ငတုံးတစ်ကောင်ပမာ ကြည့်ကာ..." ဆရာသခင်ယွဲ့ဟွားဆိုတာက မင်း တွေ့ချင်တိုင်း တွေ့လို့ရတဲ့သူ မဟုတ်ဘူး "

သူတို့နှစ်ဦးသည်လည်း ဤရလဒ်မျိုးကို မမြင်ဖူးသည့်တိုင်အောင် ဤရလဒ်ကို ဆရာသခင်ယွဲ့ဟွားကိုယ်တိုင် ပေးခဲ့ခြင်း ဖြစ်လေသည်။ ဆရာသခင်ယွဲ့ဟွား၏ စိတ်စွမ်းအားနှင့်ဆိုလျှင် အမှတ်စာရင်း မှတ်တမ်းတင်ရန်ကို ဆိုမထားနှင့် ချိတ်တံဆိပ်များ သောင်းချီကာ ထည့်သွင်းရန်လိုအပ်သည် ပျက်စီးခြင်းအရိုးအမတေကိုပင် ပြဿနာမရှိဘဲ သန့်စင်နိုင်လေသည်။ သူမက ရိုးရှင်းသောအမှားကို မည်သို့များ လုပ်နိုင်ပါမည်နည်း။

ဥပဒေထိန်းနှစ်ဦး ထွက်သွားခဲ့လေပြီး ပျက်စီးခြင်းကောင်းကင်သခင် အလုပ်သင်များသာ ငေးငိုင်ကာ ကျန်ရစ်ခဲ့သည်။ ယနေ့ အဆင့်သတ်မှတ်ချက်များက တုန်လှုပ်ဖွယ်ကောင်းလွန်းလှပြီး သူတို့ သိနားလည်ထားသည့် အရာအားလုံးကို ပြောင်းပြန်လှန်ပစ်ခဲ့ချေသည်။

အစေခံမလေးတုန်းအာမှာ လုံးဝပင် ကြက်သေသေနေလေ၏။

" မမလေးက တကယ်ကိုပဲ ပထမ မဟုတ်ဘူးလား မမလေးက ပထမ မဟုတ်ဘူးလား " အစေခံမလေးက ထိုစကားကို ဆက်တိုက်ရေရွတ်နေခဲ့သည်။ သူမသည် နံရံတွင်ကပ်ထားသည့် အဆင့်သတ်မှတ်ချက်စာရင်းကို စူးစိုက်ကြည့်နေသည်။

" ငါ မမလေးကို ပြောပြဖို့လိုတယ်..." သူမ ရေရွတ်ကာ ဗဟိုနတ်မျှော်စင်ဆီသို့ ပြေးသွားခဲ့လေသည်။

ဗဟိုနတ်မျှော်စင် ၆၉ လွှာသို့ တုန်းအာ ရောက်ရှိလာသည်။

ဘုန်း...။

တုန်းအာက လေ့ကျင့်ရေးအခန်းတံခါးကို တွန်းဖွင့်လိုက်သည်။ လော့ဟော်အာက မိသားစု၏ နှလုံးသားကျမ်းကို လေ့ကျင့်နေဆဲပင်။ သူမက တုန်းအာ ဝင်လာသည်ကိုမြင်ကာ ဒေါသထွက်စွာဖြင့် ဆိုလိုက်သည်..." ဘာတွေ ပျာယာခတ်နေတာလဲ ကောင်မစုတ်လေး "

လော့ဟော်အာက လေ့ကျင့်နေချိန်တွင် စိတ်တည်ငြိမ်ရန် လိုအပ်လေသည်။ တုန်းအာက အကြိမ်ကြိမ် ဝင်ထွက်နေသည်မှာ သူမ၏ကျင့်ကြံမှုကို ထိခိုက်စေလေ၏။

တုန်းအာက လော့ဟော်အာ ပြစ်တင်ပြောဆိုနေသည်ကို လျစ်လျူရှုကာ ဆိုလေသည်..." မ....မမလေး...စစ်...စစ်ဆေးမှု "

" ရလဒ်ထုတ်ပြန်လိုက်ပြီလား။ ငါ့ရဲ့ရမှတ်က ဘယ်လောက်လဲ " လော့ဟော်အာက လေ့ကျင့်နေရင်း ပေါ့ပေါ့ပါးပါးပင် မေးလိုက်လေသည်။

" မမလေးက ၄၉၄ မှတ် ရပါတယ် " တုန်းအာ ဖြည်းညင်းစွာ ဆိုလိုက်သည်။

" ၄၉၄ မှတ်လား။ အမှတ်ပြည့်က ဘယ်လောက်လဲ။ ပြီးတော့ ဒုတိယနေရာက အမှတ်ဘယ်လောက်ရတာလဲ " လော့ဟော်အာက ထပ်မံကာ ခပ်အေးအေးပင် မေးလိုက်သည်။ သူမက အမှတ်ပေးစည်းမျဥ်းကို မသိသော်လည်း ၄၉၄ မှတ်က မည်သည်ကို ဆိုလိုကြောင်းကို အကြမ်းဖျင်းသိသည်။

" အမှတ်ပြည့်က အမှတ် ၇၀၀ ပါ "

တုန်းအာက ရေတစ်ခွက် အဝသောက်ကာ စိုးရိမ်ဟန်ဖြင့် ဆိုလေသည်..." ပြီး...ပြီးတော့ မမလေးက ဒုတိယနေရာမှာပါ။ အခြားတစ်ယောက်က ပထမနေရာ ရသွားခဲ့တာပါ။ သူ့ရဲ့အမှတ်က ၅၁၅ မှတ်ပါ "

" ဘာပြောလိုက်တဲ့။ တစ်ယောက်ယောက်က ၅၁၅ မှတ် ရခဲ့ပြီးတော့ ငါ့ထက် ပိုများတာလား " လော့ဟော်အာ ပြူးကာကြည့်နေသည်။ သူမ၏ ကျင့်ကြံမှုများ ရှုပ်ထွေးသွားကာ အသက်ရှုတစ်ကြိမ်အတွင်းမှာပင် အားလုံးပျက်စီးသွားခဲ့၏။

လော့ဟော်အာက တုန်းအာကို ကြက်သေသေနေသော အမူအရာဖြင့် ကြည့်နေလေသည်။ တုန်းအာက ဟာသမပြောတတ်သည့် အရိုးခံတစ်ဦးဖြစ်ကြောင်း သူမ သိသည်။

အဘယ်သို့ဖြစ်၍ တစ်စုံတစ်ယောက်က သူမထက် ပိုမြင့်နေရလေသနည်း။

ယန်ယွဲ့ဖုန်းပေလော သို့မဟုတ် အခြားတစ်ယောက်ပေလော။

ယန်ယွဲ့ဖုန်း၏ ဖားမျက်နှာကို ပြန်တွေးမိချိန်တွင်မူ လော့ဟော်အာက မဖြစ်နိုင်ဟု ခံစားရသည်။ သူမက ဖားတစ်ကောင်ကိုပင် အနိုင်မယူနိုင်ပါက သေသင့်လေသည်။

" ဘယ်သူက ငါ့ထက် အမှတ်ပိုများတာလဲ " လော့ဟော်အာက တုန်းအာ၏ ပခုံးနှစ်ဖက်ကို ဆုပ်ကိုင်လိုက်လေ၏။ သူမက တုန်းအာထက် အရပ်ရှည်ပြီး ယခုအခါ၌ သူမ၏ ကြောက်မက်ဖွယ်ရာပုံစံကြောင့် တုန်းအား ထိတ်လန့်လာရသည်။

" အ...အဲ့ဒီလူရဲ့အမည်က ယီယွင်ပါ "

တုန်းအာသည် ယီယွင်နှင့် လော့ဟော်အာတို့၏ ဇာတ်လမ်းကို သိမထားပေ။ " ယီယွင် " ဆိုသည့် စကားနှစ်လုံးက လော့ဟော်အာအတွက် မည်သို့သက်ရောက်မှု ဖြစ်စေသည်ကိုလည်း သူမ မသိပေ။

" ဘယ်သူ "

လော့ဟော်အာမှာ အမည်ကိုကြားကာ မိုးကြိုးပစ်ခံလိုက်ရသည့်ပမာ ခံစားလိုက်ရလေ၏။ သူမ လုံးဝပင် ကြက်သေသေနေသည်။

အ...အဲ့ဒီတောသားလား။ ဘယ်လိုဖြစ်ရတာလဲ။

လော့ဟော်အာ မျက်လုံးပြူးကာ ပါးစပ်အဟောင်းသား ဖြစ်နေလေ၏။ ယီယွင်ဟု ဆိုလိုက်ရုံနှင့်ပင် သူမအဖို့ လွန်ခဲ့သော ရက်အနည်းငယ်ခန့်က ထိုကောင်ပြောခဲ့ မကောင်းသောစကားများကို ပြန်သတိရမိသွားသည်။ ထိုခွေးကောင်က အမှန်တကယ်ပင် သူမထက် အဆင့်ပိုမြင့်နေသည်တဲ့လား။

ထို့အပြင် ထိုကောင်က ပျက်စီးခြင်းကောင်းကင်နည်းစနစ်ကို မသိသည်မှာ ရှင်းလင်းနေလေ၏။

ဒေါက်...ဒေါက်...ဒေါက်... ။

လော့ဟော်အာ လက်သင့်မခံနိုင် ဖြစ်နေချိန်တွင် တံခါးခေါက်သံကို ကြားလိုက်ရသည်။

တုန်းအာ တံခါးဆီသို့ ပြေးသွားခဲ့ပြီးနောက် တံခါးအပြင်ဘက်တွင် အဖြူရောင်ဝတ်ဆင်ထားပြီး အသက်နှစ်ဆယ်ခန့် အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသည်။

" နေကောင်းရဲ့လား ကလေးမလေး " ထိုမိန်းကလေးက ချိုသာစွာ ပြုံးလိုက်သည်။

" ကောင်းပါတယ် " တုန်းအာက ငေးကြည့်နေရင်း နှုတ်ဆက်လိုက်သည်။

" မိန်းကလေးလော့ဟော်အာ ရှိလား " အဖြူဝတ်မိန်းကလေးက မေးလိုက်သည်။

လော့ဟော်အာ လျှောက်လာကာ..." ရှင်က..."

" ငါက ဆရာသခင်ယွဲ့ဟွားရဲ့ တပည့်ပါ။ မင်းက ငါ့ကို အစ်မလျောင်လို့ ခေါ်လို့ရတယ်။ ဆရာက မိန်းကလေးလော့ကို ဖိတ်ခေါ်လိုက်ပါတယ် " အဖြူဝတ်မိန်းကလေးက ပြုံးလိုက်သည်။

လော့ဟော်အာက ဆရာသခင်ယွဲ့ဟွားကို သွားတွေ့တော့မည် ဖြစ်၏။ သူမက ရလဒ်ကို ကိုယ်တိုင်မြင်တွေ့လိုသည်။ ဒေါသထွက်စရာကောင်းသည့် တောသားက သူမအား မည်ကဲ့သို့ အနိုင်ယူသွားခဲ့ကြောင်းကို သူမ မြင်လိုသည်။

" သွားမယ် " လော့ဟော်အာက အဝတ်အစား အမြန်လဲကာ အဖြူဝတ်မိန်းကလေးနှင့်အတူ ယွဲ့ဟွား၏ အခန်းဆီသို့ သွားခဲ့လေသည်။

မိန်းကလေးက လော့ဟော်အာကို ဗဟိုနတ်မျှော်စင် ၉၈ လွှာသို့ ခေါ်သွားလေသည်။ တံခါးဖွင့်လိုက်ချိန်တွင် ကျယ်ဝန်းလှသော ခန်းမဆောင်ကို မြင်လိုက်ရလေ၏။

ခန်းမအလယ်တွင် တင့်တယ်လှပသော အမျိုးသမီးတစ်ဦး ထိုင်နေလေသည်။ သူမက ယွဲ့ဟွား ဖြစ်လေ၏။ ယွဲ့ဟွား၏ နံဘေးတွင် အသက်နှစ်ဆယ်ခန့် အခြားမိန်းကလေးတစ်ဦး ရှိနေသည်။ ထိုမိန်းကလေးက လူငယ်တစ်ဦးကို ခေါ်လာလေ၏။ ထိုလူငယ်က လော့ဟော်အာ မည်သို့ကိုင်တွယ်ရမည်မှန်းမသိသော ယီယွင် ဖြစ်လေသည်။

အစပိုင်းတွင် ယီယွင် ပရိယာယ်သုံးကာ ပထမဆုံး စံချိန်ချိုးခဲ့စဥ်က လော့ဟော်အာသည် အနည်းငယ်ခန့် စိတ်ဆိုးခဲ့လေ၏။

နောက်ပိုင်းတွင် လေ့ကျင့်ရေးကွင်းထဲမှ ထိုကသိကအောက် အခြေအနေကြောင့် ခြေရာလက်ရာများအားလုံးကို ဖုံးကွယ်ပစ်ရန်အတွက် ယီယွင်ကို နှုတ်ပိတ်ကာ ခန္ဓာကိုယ်ကို ဖျက်ဆီးပစ်လိုခဲ့သည်။

ဤစစ်ဆေးမှုတွင်လည်း ယီယွင်က သူမကို သူ၏ရမှတ် ၅၁၅ မှတ်ဖြင့် နင်းချေခဲ့လေ၏။

ထိုကောင်က မည်ကဲ့သို့ လူစားမျိုးပေနည်း။ အဘယ့်ကြောင့် သူမက ထိုတောသားနှင့် ဆုံတွေ့ရန် ကံပါနေရလေသနည်း။

လော့ဟော်အာက ယီယွင်အား ကြည့်လိုက်ချိန်တွင် သူကလည်း သူမကို ပြန်ကြည့်လာလေ၏။ အကြည့်ချင်းဖလှယ်မိကာ ယီယွင်နှင့် လော့ဟော်အာတို့ နှစ်ဦးစလုံး မသက်မသာ ခံစားလိုက်ရသည်။ သူမက ခံစားချက်များ မျိုသိပ်ထားရလေ၏။

" ကျောင်းသူလော့ဟော်အာက ဆရာမယွဲ့ဟွားကို ဂါရဝပြုပါတယ် " လော့ဟော်အာက တရိုတသေ ဦးညွတ်လိုက်သည်။

" အင်း..."

ယွဲ့ဟွားက ပြုံး၍ခေါင်းညိတ်ကာ..." အနာဂတ်မှာ ငါက မင်းကို ဟော်အာလို့ ခေါ်မယ်။ မင်းမှာ သံသယဖြစ်မိတာရှိလား "

" ဟုတ်ကဲ့ " လော့ဟော်အာ ခေါင်းညိတ်လိုက်၏။ သူမပ တင့်တယ်စွာဆိုသည်..." ဆရာ... ဒီလူက ပျက်စီးခြင်းကောင်းကင်နည်းစနစ်ကို မသိဘူးလို့ တပည့် ထင်မိပါတယ်။ သူက တပည့်ထက် ရမှတ်ပိုများနေတာကို တပည့် မယုံကြည်နိုင်ပါဘူး။ အဖြေလွှာကို ကြည့်လို့ရနိုင်မလား "

ယွဲ့ဟွားက အသာအယာပြုံးကာ..." မင်း ကြ​ည့်ချင်ရင် ခဏနေကျ ငါ ပြပေးမယ်။ တကယ်တော့ ယီယွင်က မင်းထက် ဘယ်လိုလုပ်ပြီး အမှတ်ပိုများနေရလဲဆိုတာက ငါလဲ သိချင်နေတာ။ ယီယွင်က အခုမှရောက်တာဆိုတော့ ငါ သူ့ကို ဘာမှမမေးရသေးဘူး "

ယွဲ့ဟွားက ယီယွင်အား ကြည့်လိုက်သည်။ သူမ၏ မျက်ဝန်းများ ယီယွင်ကို ထွင်းဖောက်ကာ ကြည့်နေသည့်အလားပင်။

ယီယွင် အသက်အောင့်လိုက်၏။ ထပ်မံကာ ရှင်းပြရတော့မည်ကို သူ သိလေသည်။

" ယီယွင်... မင်းက စွမ်းအင်ထိန်းချုပ်မှုမှာ အမှတ်ပြည့်ရခဲ့တယ်။ မင်းက မှော်စာလုံးလမ်းကြောင်း ၁၈၂ လုံးကို ပြီးပြည့်စုံအောင် ဖြည့်နိုင်ခဲ့တယ်။ မင်း ဘယ်လိုလုပ်ခဲ့တာလဲ "

လော့ဟော်အာ ပါးစပ်အား အုပ်လိုက်သည်။

ဘယ်လို။ အမှတ်ပြည့်တဲ့လား။

" ဆရာ... တပည့်တို့က တကယ်ပဲ တူညီတဲ့စစ်ဆေးမှုကို ခံယူခဲ့တာလား " လော့ဟော်အာက မေးလိုက်သည်။ စစ်ဆေးမှုက မည်မျှခက်ခဲသည်ကို သူမ သိသည်။ သူမအား ဆယ့်ငါးမိနစ်ခန့် ထပ်မံကာ ပေးမည်ဆိုလျှင်ပင် မှော်စာလုံးလမ်းကြောင်း ၁၈၂ လုံးကို ပြီးပြည့်စုံစွာ ဖြည့်နိုင်မည်ဟု အာမမခံနိုင်ပေ။

" ဒါပေါ့... စစ်ဆေးမှုက တစ်မျိုးတည်းပဲရှိတည် " ယွဲ့ဟွားက ယီယွင်အား အလေးအနက် ကြည့်လိုက်သည်။ သူမ၏မျက်ဝန်းများက ကြယ်များပမာ တောက်ပနေ၏။

ယွဲ့ဟွား၏ အတည်ပြုချက်ကြောင့် လော့ဟော်အာ ကို့ရို့ကားယား ဖြစ်သွားရလေ၏။ သူမ ငယ်စဥ်ကတည်းကပင် ပျက်စီးခြင်းကောင်းကင်နည်းစနစ်ကို သင်ယူခဲ့ရ၏။ သို့တိုင်အောင်ပင် သူမက သင်ခန်းစာတစ်ခုသာ သင်ယူထားသည့် တပ်သားသစ်တစ်ဦးထက် နိမ့်ကျနေသည်တဲ့လား။

ယီယွင်က လော့ဟော်အာ၏ အပြုအမူကို သတိပြုမိသွားခဲ့သည်။ သူ နှာခေါင်းအားပွတ်၍ ကို့ရို့ကားယား ဆိုလိုက်သည်.." ဒါနဲ့... မိန်းကလေးလော့ဟော်အာက စွမ်းအင်ထိန်းချုပ်မှုမှာ အမှတ် ဘယ်လောက်ရခဲ့တာလဲ "

ယီယွင် ထိုကဲ့သို့ စစ်ဆေးမှုမျိုးတွင် ပထမဆုံး ပါဝင်ဖူးခဲ့ခြင်း ဖြစ်လေသည်။ ခရမ်းရောင်သလင်းကျောက်၏ အကူအညီမရှိသော ပျက်စီးခြင်းကောင်းကင်သခင် အလုပ်သင်များ၏ ရလဒ်များကို သူ မသိခဲ့ပေ။ ဂုဏ်ဝင့်သော မိန်းကလေးတစ်ဦးဖြစ်သည့် လော့ဟော်အာက သူ အမှတ်ပြည့်ရခဲ့သည်ကို ကြားသိခဲ့ကာ တည်ငြိမ်မှုများ ပျောက်ဆုံးနေသည်ကို ကြည့်ခြင်းအားဖြင့် သူက ကြီးကြီးမားမားအခြေအနေတစ်ခု လုပ်မိသွားခဲ့ကြောင်း သိရှိခဲ့သည်။

ယင်းက ကြီးကြီးမားမားအခြေအနေတစ်ခု ဖြစ်နေလျှင်ပင် ယီယွင်က ရှင်းပြ၍ရလေသောကြောင့် သူ၏ စွမ်းအင်ထိန်းချုပ်မှု အားသာချက်ကို ထုတ်ပြောရန်အတွက် စိတ်ကွက်နေမည်မဟုတ်ပေ။

စွမ်းအင်ဖြည့်တင်းမှုကမူ လူတစ်ဦး၏ကျင့်ကြံမှုကို အခြေခံအုတ်မြစ်အဖြစ် လိုအပ်လေ၏။ လေ့ကျင့်မှု ချို့တဲ့နေသည့် ယီယွင်ကသာ ထိုကဏ္ဍတွင် အံ့ဩဖွယ်ရာ ကောင်းမွန်နေပါက သံသယများ ဖြစ်လာကြပေလိမ့်မည်။

All Chapters