ဆရာတစ်ပိုင်းအဖြစ် အသိအမှတ်ပြုခြင်း
Vol. 19 Ch. 274
ယီယွင်က သူမ၏ရလဒ်ကို မေးလာချိန်တွင် လော့ဟော်အာ မျက်နှာပျက်သွားရလေ၏။ သူမ၏ရလဒ်က များစွာနိမ့်နေလေ၏။ သူမက ယီယွင်နှင့်ယှဥ်လျှင် မည်မျှအထိညံ့ကြောင်း ပြောပြနေသကဲ့သို့ ဖြစ်နေပေလိမ့်မည်။
" ဟော်အာ... မင်းရဲ့ရလဒ်က်ု သိရဲ့လား " ယွဲ့ဟွားက လော့ဟော်အာကို အပြုံးနှင့် မေးလိုက်သည်။
လော့ဟော်အာက တွန့်ဆုတ်စွာဖြင့် ခေါင်းညိတ်ကာ..." တပည့်က မှော်စာလုံးလမ်းကြောင်း ၁၃၈ ခု ဖြည့်နိုင်ခဲ့တယ်ထင်တယ်။ မှော်စာလုံးလမ်းကြောင်း ၂၀ က မပြည့်ခဲ့ဘူး။ ကျန်ခဲ့တဲ့ မှော်စာလုံးလမ်းကြောင်း ၂၀ က လုံးဝဗလာပဲ "
လော့ဟော်အာက ကိုယ်ပိုင်ရလဒ်ကို တိကျစွာပြောနိုင်လေသည်။ ယွဲ့ဟွားက ခေါင်းညိတ်ကာ... " မှန်တယ်။ ဟော်အာရဲ့ စွမ်းအင်ထိန်းချုပ်မှုရမှတ်က ၂၉၆ မှတ်။ ယီယွင်က အမှတ်ပြည့်ဖြစ်ပြီး ၃၆၄ မှတ် ရခဲ့တယ်။ စွမ်းအင်ဖြည့်တင်းမှုမှာ ယီယွင်ရဲ့ရလဒ်က အံ့ဩလောက်စရာမရှိပေမဲ့ သူ့ရဲ့ စွမ်းအင်ထိန်းချုပ်မှုကြောင့် ပထမရသွားခဲ့တာပဲ "
" ယီယွင်... မင်း ပျက်စီးခြင်းကောင်းကင်နည်းစနစ်နဲ့ ထိတွေ့ဖူးတာ ပထမဆုံးအကြိမ်ဆိုတာ တကယ်ပဲလား " ယွဲ့ဟွားက ယီယွင်ကို တောက်ပစွာကြည့်လိုက်သည်။
ယီယွင် အသက်ပြင်းပြင်းရှုကာ ခေါင်းညိတ်လိုက်ပြီး..." ဟုတ်ပါတယ်။ ဂျူနီယာက ပျက်စီးခြင်းကောင်းကင်နည်းစနစ်နဲ့ ထိတွေ့ဖူးတာ ပထမဆုံးအကြိမ်ပါ "
ယွဲ့ဟွား၏ မျက်လုံးများ တောက်ပနေ၏။ သူမက ယီယွင်၏ စကားများကို သံသယရှိနေသည်မှာ ထင်ရှားလှသည်။
" ဒါပေမဲ့... "
ယီယွင်က အမြန်ပင် ဆက်ပြောလေသည်..." ဒီဂျူနီယာက ပျက်စီးခြင်းကောင်းကင်နည်းစနစ်ကို မသိပေမဲ့ စွမ်းအင်ထုတ်ယူပုံကို ကျွမ်းကျင်သူတစ်ဦးဆီက လမ်းညွှန်မှုရဖူးပါတယ် "
ယွဲ့ဟွားကဲ့သို့ လူတစ်ဦးကို လှည့်စားရန်အတွက် ယီယွင်အဖို့ အမှန်တစ်ဝက် အမှားတစ်ဝက် ရောထည့်ရပေမည်။ အားလုံးက အလိမ်များဖြစ်နေလျှင် ယွဲ့ဟွားက သိသွားပေလိမ့်မည်။
" ကျွမ်းကျင်သူတဲ့လား။ ငါ သူ့ရဲ့အမည်ကို သိလို့ရမလား " ယွဲ့ဟွား စိတ်ဝင်စားလာသည်။ ယီယွင်ကဲ့သို့ ပါရမီရှင်တစ်ဦးကို ရှာနိုင်သည့် ကျွမ်းကျင်သူက သေချာပေါက်ပင် သာမန်လူ မဟုတ်ချေ။
" ဒါက..."
ယီယွင်က ပျာယာခတ်သွားဟန်ဖြင့် တုန့်ဆိုင်းနေကာ..." သူ့ရဲ့အမည်ကို ထုတ်ပြောလို့ရ ၊ မရဆိုတာကို ဂျူနီယာလည်း မသိတာကြောင့် မပြောတော့ပါဘူး။ ဒါပေမဲ့ သူက ဂျူနီယာကို စာအုပ်တစ်အုပ် ပေးခဲ့ပါတယ်။ ဒီစာအုပ်ထဲမှာ စွမ်းအင်ထုတ်ယူပုံနဲ့ ပတ်သတ်တဲ့ အတွေ့အကြုံတွေကို ဖော်ပြထားပါတယ် "
ယီယွင်က စာလိပ်နက်တစ်ခု ထုတ်ယူလိုက်သည်။ ယင်းသည် စုကျဲက လင်ရှင်းထုံကို ပေးထားခဲ့သည့် ပျက်စီးခြင်းကောင်းကင်သခင်မှတ်စု ဖြစ်လေ၏။ စုကျဲ၏ ပျက်စီးခြင်းကောင်းကင်သခင်မှတ်စု စာလိပ် ၁၈ ခုထဲမှ ပထမစာလိပ်တွင် စွမ်းအင်ထိန်းချုပ်မှုများကို ဖော်ပြထားလေ၏။
စွမ်းအင်ထိန်းချုပ်မှုသည် ပျက်စီးခြင်းကောင်းကင်နည်းစနစ်၏ အခြေခံအုတ်မြစ်ဖြစ်လေသောကြောင့် ပထမဆုံးစာလိပ်ထဲ၌ ဖော်ပြထားရခြင်း ဖြစ်လေသည်။
လွန်ခဲ့သည့်နှစ်ဝက်ခန့်က လင်ရှင်းထုံ မထွက်ခွာမီတွင် ယီယွင်အား ထိုမှတ်စုစာအုပ် ပေးခဲ့သည်။ သူတို့က နှစ်နှစ် သဘောတူညီမှု လုပ်ထားခဲ့သည်။ ထိုစဥ်က လင်ရှင်းထုံ ဆိုခဲ့လေ၏..." နှစ်နှစ်အတွင်းမှာ နင်က အခြေခံ လက်ချိတ်တံဆိပ်တွေနဲ့ စွမ်းအင်ထိန်းချုပ်မှုကို နားလည်နိုင်ခဲ့မယ်ဆိုရင် ငါက နင် ပျက်စီးခြင်းကောင်းကင်နည်းစနစ် သင်ယူတာကို ကူညီပေးမယ် "
" ဒီစာလိပ်..."
ယွဲ့ဟွား၏ သူငယ်အိမ်များ ကျုံ့ဝင်သွားကာ..." ငါ ကြည့်လို့ရနိုင်မလား "
ယီယွင် တုန့်ဆိုင်းနေ၏။ ဤသည်က သူ့အား လင်ရှင်းထုံ ပေးထားခဲ့သည့်အရာ ဖြစ်သည်။ အခြားသူကို ပေးသည်မှာ မကောင်းလှပေ။
ယွဲ့ဟွားက ယီယွင် တုန့်ဆိုင်းနေသည်ကို စိတ်မဆိုးမိဘဲ သူ တုန့်ဆိုင်းနေသည်မှာ ဖြစ်သင့်သည်ဟုပင် တွေးမိသည်။ သူမက ရယ်မောကာ... " ငါက စာလိပ်ထဲက အကြောင်းအရာတွေကို မကြည့်ပါဘူး "
ထို့နောက်တွင် ယီယွင်က ယွဲ့ဟွားကို စာလိပ်ပေးလိုက်သည်။
ယွဲ့ဟွားက စာလိပ်ကိုကြည့်ကာ သူမ၏အမူအရာ ထူးဆန်းသွားပြီး..." တကယ်ပဲ သူလား "
ယွဲ့ဟွား သက်ပြင်းဖွဖွ ချလိုက်လေ၏။ သူမက တစ်စုံတစ်ခုကို ပြန်တွေးမိသွားသည့်အလားပင်။ သူမက ယီယွင်အား စာလိပ်ပြန်ပေးကာ ဆိုသည်..." ငါ နားလည်ပြီ။ မင်း သူ့ဆီကနေ လမ်းညွှန်မှုရထားလိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး "
" အစကတော့ မင်းတို့ကို ငါ့ရဲ့တပည့် ဖြစ်ချင်လားလို့ မေးချင်ခဲ့တာ။ ဒါပေမဲ့ မင်းတို့မှာ ဆရာတစ်ဦး ရှိနေပြီးသားဖြစ်နေမယ်လို့ ငါ ထင်မထားခဲဘူး "
သူမ၏ အဆင့်အတန်းနှင့်ဆိုလျှင် သူမသာ လိုချင်ပါက တပည့်ခံလိုသူများ များစွာပင်ရှိသော်လည်း သူမကမူ ယီယွင်နှင့် လော့ဟော်အာတို့ကို တပည့်ဖြစ်စေလိုခဲ့ပြီး ဖြစ်ခွင့်မရခဲ့သည်မှာ ရယ်စရာကောင်းလှချေသည်။
ယွဲ့ဟွားက တစ်ခဏမျှတွေးကာ သက်ပြင်းချ၍ ဆိုလိုက်သည်..." မင်းတို့က ငါ့ကို ဆရာတစ်ပိုင်းအဖြစ် တင်မြောက်ချင်ကြလား "
ဆရာတစ်ပိုင်းလား။
ယီယွင် အနည်းငယ်ခန့် မှင်တက်မိသွားသည်။ ဤလောကထဲတွင် ဆရာများ အမျိုးအစားအနည်းငယ် ရှိသည်။
ပထမသည် ကွယ်လွန်သူဆရာ ဖြစ်၏။ ထင်မထားဘဲ အခွင့်အရေးကြုံလာကာ သေပြီးသော လူတစ်ဦး၏ အမွေအနှစ်များအား လက်ခံရရှိခဲ့ပါက ထိုဆရာကို ကွယ်လွန်သူဆရာဟု ခေါ်လေသည်။ ဥပမာဆိုရသော် ယီယွင်က ဓားမောက်သင်္ချိုင်းထဲတွင် ဓားမောက်အမှန်တရားကို ထိုးထွင်းသိမြင်ခဲ့သည်။ ဓားမောက်သင်္ချိုင်း၏ ပိုင်ရှင်က ယီယွင်၏ ကွယ်လွန်သူဆရာ ဖြစ်လေ၏။
ဒုတိယက ဆရာ ဖြစ်၏။ တပည့်တစ်ဦးက ဆရာတစ်ဦး တင်မြောက်ရန်အတွက် ရိုးရာဓလေ့များအတိုင်း လုပ်ဆောင်ရလေသည်။ အများသောအားဖြင့်ဆိုလျှင် ထိုကဲ့သို့ ဆရာမျိုးက တစ်ဦးသာ ရှိတတ်လေသည်။ ခြွင်းချက်လည်း ရှိလေသည်။ တပည့်၏စွမ်းအားက ဆရာဖြစ်သူထက် ကျော်လွန်သွားပါက ဆရာတပည့်ဆက်ဆံရေး အလိုအလျောက်ပင် ပျက်ပြယ်သွားကာ ဆရာသစ်တစ်ဦး ရှာဖွေရှာရန် ခွင့်ပြုပေးရလေသည်။
တတိယအမျိုးအစားကမူ ဆရာတစ်ပိုင်း ဖြစ်လေ၏။ ဆရာတစ်ပိုင်းသည် တရားဝင်ဆရာတစ်ဦး မဟုတ်သော်လည်း ဆရာတစ်ပိုင်း၏ လမ်းညွှန်မှုအတိုင်း ကျင့်စဥ်များနှင့် သိုင်းပညာရပ်များကို သင်ယူခွင့်ရှိသည်။ တပည့်တစ်ဦးတွင် ဆရာတစ်ပိုင်းများ များစွာရှိခွင့်ရလေပြီး တင်းကျပ်သော ဓလေ့ထုံးတမ်းများ မရှိပေ။
ပုံမှန်ဆိုလျှင် ယွဲ့ဟွားကဲ့သို့ ပညာရှိအဆင့် ပျက်စီးခြင်းကောင်းကင်သခင်တစ်ဦးက လက်ရင်းတပည့် သို့မဟုတ် အမည်ခံတပည့် ခေါ်ယူလျှင်ပင် ဆရာတစ်ဦးသာ ဖြစ်ရချေမည်။ သူမက ဘယ်သောအခါမျှ ဆရာတစ်ပိုင်း လုပ်မည်မဟုတ်ပေ။ ယီယွင်နှင့် လော့ဟော်အာတို့ကြောင့်သာ ဤသို့ဆုံးဖြတ်ခဲ့ခြင်း ဖြစ်လေ၏။
လော့ဟော်အာ တစ်ဦးတည်းသာဆိုပါက ယွဲ့ဟွားသည် သိက္ခာအကျခံကာ ဆရာတစ်ပိုင်း လုပ်မည်မဟုတ်ပေ။ သို့သော် ယီယွင် ပေါ်လာလေသောကြောင့် ယွဲ့ဟွားမှာ တင်းမခံနိုင်တော့ပေ။ သူမက ဆရာတစ်ပိုင်းလည်း လုပ်ရပေတော့မည်။
အကြောင်းကမူ ယီယွင်၏ဆရာက စုကျဲ ဖြစ်နေလေသောကြောင့်ပင်။ ယွဲ့ဟွားက သူမ၏နိမ့်ကျမှုကို နားလည်လေသောကြောင့် စုကျဲ၏နောက်တွင် ဆရာတစ်ပိုင်းဖြစ်ရသည်က သူ့မအတွက် သိက္ခာကျစရာမရှိပေ။
" ဆရာသခင်ယွဲ့ဟွားက တကယ်ကိုပဲ ငါတို့ရဲ့ဆရာတစ်ပိုင်း ဖြစ်ချင်နေတာလား "
ယီယွင် အံ့အားသင့်နေသည်။ ဆရာတစ်ပိုင်း၏ နောက်ကွယ်မှ အဓိပ္ပါယ်ကို သူ သိလေသောကြောင့် ဂုဏ်ယူမိစွာ ခံစားရသည်။
" ဆရာသခင်ယွဲ့ဟွားက အဖိုးကြီးစုကို သိနေတယ်လို့ ငါထင်တယ်။ အနာဂတ်မှာ အဖိုးကြီးစုက ဆရာမဟုတ်တာကို သူမ သိသွားဖို့များတယ်။ ဒါပေမဲ့ ငါ အဖိုးကြီးစုရဲ့စာလိပ်ကို ရထားခဲ့တာကလည်း အမှန်ပဲလေ။ ငါက အဖိုးကြီးစုကို ဆရာအဖြစ်တင်မြောက်ထားတယ်လို့ ပြောမထားဘဲ သူ့ဆီက သင်ယူတယ်လိုပဲ ပြောထားခဲ့တာဆိုတော့ လိမ်ရာမကျပါဘူး "
ယီယွင်က စဥ်းစားကြည့်ပြီးနောက် ပြဿနာမရှိကြောင်း ခံစားမိသွားကာ ဆိုလေသည်..." ဆရာသခင်ယွဲ့ဟွားက အသိအမှတ်ပြုတာကို ကျေးဇူးတင်ပါတယ်။ ဒီဂျူနီယာက ဆရာသခင်ယွဲ့ဟွားကို ဆရာတစ်ပိုင်းအဖြစ် တင်မြောက်ချင်ပါတယ် "
ယီယွင်က သူ၏လက်ရှိအခြေအနေကို ကောင်းစွာပင်သိသည်။ သူက ပြိုင်စံရှားပါရမီနှင့် တောက်ပနေနိုင်လောက်သော်လည်း ပညာရှိတစ်ဦး သို့မဟုတ် တိုင်အာနတ်ပြည်ထောင်၏ ဂိုဏ်းအဖွဲ့အစည်းတစ်ခုနှင့် ယှဥ်မည်ဆိုပါက ကွာဟချက် ကြီးမားလွန်းနေသေးသည်။ သူက အရင်းအမြစ်များနှင့် ကာကွယ်ပေးမှုများ လိုအပ်သည်။
ချူတော်ဝင်အိမ်တော်ကဲ့သို့ အဖွဲ့များက သူ့အား ဝိညာဥ်စာချုပ်နှင့် ချုပ်ကိုင်ရန်အတွက် ပစ်မှတ်ထားနေကြဆဲပင်။ သူက ထိုကိစ္စကို လက်ခံမည်မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့်မူ သူ့အပေါ်တွင် တပ်မက်မှုမရှိသည့် ပညာရှိအဆင့် ဆရာသခင်ယွဲ့ဟွားက သူ့အား တပည့်တစ်ဦးအဖြစ် ခေါ်ယူလိုနေလေပြီး ဆရာတစ်ပိုင်းဖြစ်ရမည်ဆိုလျှင် သူမက သူ့အား ပျိုးထောင်ပေးလိုနေသည်။
ယွဲ့ဟွားက သူမ၏အဆင့်အတန်းကို ချပေးထားခဲ့သည်။ သူသာ ငြင်းလိုက်မည်ဆိုပါက သူမ၏ကြင်နာမှုကို အသိအမှတ်မပြုသကဲ့သို့ ဖြစ်သွားချေမည်။
ယီယွင်က သူမကို ဦးညွတ်ဂါရဝပြုလိုက်သည်။ နံဘေးမှ လော့ဟော်အာမှာ ငေးငိုင်နေလေ၏။ သူမက အသိအမှတ်ပြုရမည်လား မပြာရမည်လားကို မသိတော့ချေ။
ယွဲ့ဟွားက လော့ဟော်အာကို တိုက်တွန်းခြင်းမပြုဘဲ ကြည့်နေသည်။ လော့ဟော်အာက သူမ၏နောက်ခံကြောင့် စိုးရိမ်စရာများစွာ ရှိနေလိမ့်မည်ဟု ယွဲ့ဟွားက ခန့်မှန်းမိသည်။
စင်စစ်တွင် ယွဲ့ဟွားက အတွေးလွန်နေခြင်း ဖြစ်လေ၏။ လော့ဟော်အာက စည်းမျဥ်းများနှင့် အရေးမပါသည့် ထုံးတမ်းများကို အရေးစိုက်ပေ။ သူမ တွေးနေမိသည်မှာ ယွဲ့ဟွားကို ဆရာတင်လိုက်ပါက ဒေါသထွက်စရာကောင်းသည့် တောသားယီယွင်နှင့် ဆရာတူတပည့်များ ဖြစ်လာရမည်ကိုပင်။
ထိုသို့ဆိုလျှင် သူမတို့က မကြာမကြာ တွေ့နေရတော့မည် မဟုတ်ပေလော။ ယင်းက ဟာသဆန်နေသည် မဟုတ်ပေလော။
" ဟော်အာ... မင်း ဆန္ဒမရှိရင်လည်း အဆင်ပြေပါတယ် "
ယွဲ့ဟွား၏အမူအရာ တည်ငြိမ်နေသည်။
ထိုစဥ်က လော့ဟော်အာက အံကျိတ်လိုက်ပြီး ဦးညွတ်ဂါရဝပြုကာ ဆိုလေသည်..." ဟော်အာက အသိအမှတ်ပြုချင်ပါတယ် "
ယွဲ့ဟွားက ကျေနပ်စွာပြုံးကာ..." ကောင်းတယ်.. နောင်ကျရင် မင်းတို့က ငါ့ရဲ့တပည့်တွေ ဖြစ်လာလိမ့်မယ်။ မင်းတို့က တစ်ဦးနဲ့တစ်ဦး ဖေးမကူညီပေးကြရမယ် "
ယွဲ့ဟွားသည် ယီယွင်နှင့် လော့ဟော်အာတို့၏ အတိတ်ကြောင်းများကို သတိမထားချေ။ သူမ၏စကားများ တပည့်လက်ခံချိန်တွင် သာမန်မှာတမ်းစကားများ ဖြစ်သော်လည်း လော့ဟော်အာမှာ နှုတ်ခမ်းမဲ့သွားရလေ၏။
မည်ကဲ့သို့ ဘဝမျိုးပေနည်း။ သူမနှင့် ယီယွင်က ရုတ်တရက်အတွင်း ဆရာတူတပည့်များ ဖြစ်လာခဲ့ချေသည်။ လေ့ကျင့်ရေးကွင်းထဲတွင် ယီယွင်က သူမ၏ ရင်သားများကို မြင်သွားခဲ့ပြီးနောက် ယီယွင်၏ ရှက်စရာစကားများကို ကြားခဲ့ရလေသည်။ တစ်ရက်တွင် ယီယွင်နှင့် ယခုခဲ့သို့ ပတ်သတ်မှုမျိုး ရှိလာလိမ့်မည်ဟု လော့ဟော်အာ ထင်မထားခဲ့ပေ။ သူမ ရယ်ရမည်လား ငိုရမည်လားပင် မသိတော့ချေ။
" ဒီနေတော့ ဒီလောက်ပါပဲ။ နောင်ကျရင် ယီယွင်ရဲ့ သင်တန်းကြေးကို သက်ညှာခွင့်ပေးမယ်။ မင်းတို့တွေ ပျက်စီးခြင်းကောင်းကင်နည်းစနစ်နဲ့ ပတ်သတ်ပြီး ပြဿနာတစ်ခုခုရှိလာရင် ငါ့ကို အချိန်မရွေး လာရှာလို့ရတယ် "
ယွဲ့ဟွားက သိုလှောင်လက်စွပ်ထဲမှ စာအုပ်နှစ်အုပ် ထုတ်ယူကာ ယီယွင်နှင့် လော့ဟော်အာကို ပေးရင်းဆိုသည်..." ဒါက ငါ့ရဲ့ ပျက်စီးခြင်းကောင်းကင်နည်းစနစ် မှတ်စုစာအုပ်ပဲ။ မင်းတို့နှစ်ယောက်လုံး ဒီစာအုပ်ထဲကနေ သင်ကြားလို့ရတယ်။ ယီယွင်ရဲ့စာအုပ်က အခြေခံကျတာတွေ ပိုများပြီးတော့ ဟော်အာရဲ့စာအုပ်က ပိုပြီးလေးနက်တယ် "
ယွဲ့ဟွားက အလွန်ပင် စဥ်းစားတတ်သည်။ ယီယွင်၏ပါရမီက အသိအမှတ်ပြုလောက်စရာ ဖြစ်သော်လည်း အခြေခံအုတ်မြစ်ကမူ အားနည်းလေသည်။
သူမ ယီယွင်ကိုပေးခဲ့သည့် စာအုပ်သည် လွန်ခဲ့သောနှစ်များစွာကတည်းကပင် ပျက်စီးခြင်းကောင်းကင်သခင် အလုပ်သင်များအတွက် ကြိုတင်ပြင်ဆင်ပေးထားခြင်း ဖြစ်လေသည်။ ထိုစာအုပ်က ယီယွင်၏ အခြေခံအားနည်းမှုကို ဖြည့်ဆည်းပေးလိမ့်မည်။
" ကျေးဇူးတင်ပါတယ် ဆရာ " ယီယွင်က ယွဲ့ဟွားကို ကျေးဇူးတင်စွာ ကြည့်လိုက်လေ၏။
ယီယွင်နှင့် လော့ဟော်အာတို့က နှုတ်ဆက်ကာ တံခါးဆီသို့ သွားခဲ့ကြလေသည်။ လော့ဟော်အာ၏ မျက်နှာက ဆူပုပ်နေသေးသည်ကို ယီယွင် သတိပြုမိလေ၏။
လော့ဟော်အာက ရှေ့တွင်ရှိနေပြီး ယီယွင်က နောက်တွင်ရှိနေသည်။ နှစ်ဦးစလုံး တိတ်ဆိတ်နေကာ ကိုယ့်လမ်း ကိုယ်သွားနေကြလေ၏။
သူတို့က ဆရာတူတပည့်များ ဖြစ်လာပြီဖြစ်၍ အနာဂတ်တွင် ဤသိုလုပ်နေရန်မသင့်ဟု ယီယွင် ခံစားမိသည်။ ထို့ကြောင့် သူက သူတို့၏ဆက်ဆံရေး ပြေလျော့အောင်လုပ်ရန်အတွက် ချောင်းခြောက်ဟန့်လိုက်သည်။
" ဒါ..."
ယီယွင် စကားပြောလိုက်ချိန်တွင် လော့ဟော်အာ ရပ်တန့်သွားကာ ယီယွင်ကို လှည့်ကြည့်လာသည်။ ယီယွင် အံ့အားသင့်သွားကာ ရပ်သွားလေ၏။
" ဘာကို ဒါလဲ။ နင် ဘယ်သူ့ကို ခေါ်နေတာလဲ။ အနာဂတ်မှာ ငါက နင့်ရဲ့ ဆရာတူအစ်မပဲ။ နောင်ကျ နင် ငါ့ကိုတွေ့ရင် ဆရာတူအစ်မလို့ ခေါ်ရမယ်။ ကြားရဲ့လား " လော့ဟော်အာက လက်သီးဆုပ်ပြကာ ခပ်ကြမ်းကြမ်းဆိုသည်။
ဆရာတူတပည့်များ တော်စပ်သည်မှာ ငြင်းမရတော့လေသောကြောင့် သူမကသာ ဆရာတူအစ်မ ဖြစ်လိုသည်။ ဒေါသထွက်စရာ တောသားက သူ့မအား ဆရာတူအစ်မဟု ခေါ်ရမည်ကို တွေးကြည့်ရလျှင်မူ ဆိုးလှဟန်မရှိပေ။
လက်တို့လက်တောင်းခိုင်းရန် ယောက်ျားသားတစ်ယောက် ရှိနေသည်ကလည်း ကောင်းလေသည်။
လော့ဟော်အာက ထိုသို့သာ တွေးထားလေ၏။ ယီယွင်၏ အတွေး သိုမဟုတ် ငြင်းဆန်မည်လားကိုမူ လော့ဟော်အာက ထည့်တွေးမထားပေ။ ထို့ကြောင့် လော့ဟော်အာက တဖြည်းဖြည်းချင်း ပျော်ရွှင်လာခဲ့လေ၏။ သူမ၏ သုန်မှုန်နေခဲ့သော မျက်နှာသည် အပြုံးများနှင့် တောက်ပနေ၏။
လော့ဟော်အာ၏ မျက်နှာထားက ရှင်းပြ၍မရနိုင်လောက်အောင် ပြောင်းလဲသွားသည်ကို မြင်သောအခါတွင် ယီယွင် ပါးစပ်အဟောင်းသား ဖြစ်နေရလေ၏။ သူ မည်သို့ပြောရမည်မှန်း မသိတော့ချေ။
သူ စကားတစ်လုံးပင် မဆိုခဲ့ပေ...။
ဒီကောင်မလေး ခေါင်းကောင်းရဲ့လား။