ဘဝက ဒုက္ခတွေနဲ့ပြည့်နေတယ်
Vol. 19 Ch. 276
ဒီစွမ်းအင်မျဥ်းက ဘာလဲ။
ယီယွင် အံ့အားသင့်နေသည်။ လင်မြွေ၏ခန္ဓာကိုယ်က ကြီးမားလေပြီး သည်းခြေအိတ်က ကလေးငယ်တစ်ဦး၏ ဦးနှောက်ခန့်မျှ ရှိလေသည်။ သူက လင်အရိုးသည်းခြေအိတ်ထံမှ စွမ်းအင်များကို ပုံမှန်လုပ်ထုံးအတိုင်း ထုတ်ယူလိုက်မည်ဆိုပါက သည်းခြေအိတ် ပေါက်ကွဲသွားကာ သူ၏ခန္ဓာကိုယ်တွင် သည်းခြေရည်များ စိုရွှဲသွားပေလိမ့်မည်။
ဤသည်က ဆရာယွဲ့ဟွား အသေးစိတ်ပြင်ဆင်ထားသည့် ထောင်ချောက်တစ်ခုပေလော။
ထိုကိစ္စက မဖြစ်နိုင်ဟု ယီယွင်ခံစားမိသည်။ ဆရာယွဲ့ဟွားက သူ့ကို စမ်းသပ်လိုလျှင်ပင် ဤကဲ့သို့လုပ်နေရန် မလိုအပ်ပေ။
ရုတ်ခြည်းမှာပင် ယီယွင် သဘောပေါက်လာ၏။ လော့ဟော်အာက စွမ်းအင်များကို တဖြည်းဖြည်းချင်း ထုတ်ယူနေဟန်ရှိသော်လည်း သူမ၏မျက်လုံးများကမူ သူ့အား ခိုးကြောင်ခိုးဝှက် ကြည့်နေသည်ကို သူ၏မျက်ဝန်းထောင့်စွန်းမှတစ်ဆင့် သတိပြုမိသွားသည်။
ဤသည်က လော့ဟော်အာ၏ ကျီစယ်မှုဖြစ်ကြောင်း ယီယွင် သဘောပေါက်သွားလေ၏။ ယီယွင် ပြောစရာမဲ့နေ၏။
" ဒီမိန်းကလေးက အတော်ကို ရန်ငြိုးထားတတ်တာပဲ။ ငါက သူကို တစ်ခါလေး အရှက်ရအောင် လုပ်မိခဲ့တာနဲ့ပဲ သူက ငါ့ကိုယ်ငါ အရူးလုပ်မိအောင် ဖန်တီးပြီးတော့ လက်စားချေနေတာကိုး..."
" ဒီနေ့ သူက ငါ့ကို အရင်ဆုံးနှုတ်ဆက်လာတာက အံ့ဩစရာမရှိတော့ဘူး။ လော့ဟော်အာ ဖိတ်ခေါ်ထားတဲ့ လော့ဟွားအဖွဲ့က လူတွေကလည်း ဒီဖြစ်စဥ်အတွက် ပရိတ်သတ်တွေပဲ ဖြစ်ရမယ် "
ယီယွင်သာ လူအများရှေ့တွင် ကိုယ့်ကိုယ်ကိုယ် အရူးလုပ်မိပါက ပိုမိုကာ ပျော်စရာကောင်းလိမ့်မည် လော့ဟော်အာက ထင်မိသည်။ ယင်းက သူမကြောင့် ဒုက္ခရောက်ရသည်ထက် ပိုမိုကာ ပျော်စရာကောင်းလိမ့်မည်။
လော့ဟွားအဖွဲ့၏ အဖွဲ့ဝင်များအဖို့ လော့ဟော်အာက တစ်ခုခုကြံစည်ထားသည်ကို သိကြမည်မဟုတ်ပေ။ ယီယွင်က အမှားလုပ်မိခဲ့ကာ လင်အရိုးသည်းခြေအိတ် ပေါက်ကွဲသွားသည်ဟုသာ ထင်ကြပေလိမ့်မည်။
ယီယွင်က လင်အရိုးသည်းခြေအိတ်ကို ပြန်ချထားလိုက်သည်။ ထို့နောက် သူက အခြားပစ္စည်းများကို စစ်ဆေးနေသည့်ပမာ ဟန်ဆောင်လိုက်လေ၏။
လက်ရှိတွင် လော့ဟော်အာက ယီယွင်ကို တိတ်တဆိတ် အကဲခတ်နေလေသောကြောင့် စွမ်းအင်ထုတ်ယူရာတွင် အာရုံမစိုက်နိုင်ပေ။
ယီယွင် လင်အရိုးသည်းခြေအိတ်ကို စကိုင်လိုက်ချိန်က လော့ဟော်အာ အလွန်စိတ်လှုပ်ရှားနေလျက်ရှိပြီး နောက်ဆက်တွဲ ဖျက်ဆီးမှုကို ကြည့်ရန် စောင့်စားနေခဲ့သည်။ ယီယွင်က လင်အရိုးသည်းခြေအိတ်ကို ပြန်ချထားလိမ့်မည်ဟု သူမ ထင်မထားခဲ့ပေ။
လော့ဟော်အာ ဆန္ဒစောလာကာ အတွေးများကို ဖုံးကွယ်မထားနိုင်တော့ပေ။
" ဒီကောင်စုတ်လေးက ဘာကြောင့်မလို့ ဘာမှမလုပ်သေးတာလဲ " လော့ဟော်အာ ဒေါသထွက်နေ၏။ သူမ ဆယ့်ငါးမိနစ်ခန့် စောင့်နေပြီးနောက် ယီယွင် စွမ်းအင်ထုတ်ယူရန် စတင်လိုက်သည်။
လော့ဟော်အာ၏မျက်ဝန်းများ တောက်ပသွား၏။
" ဟီဟီ.. ပြပွဲ စတော့မယ် "
သူမသည် ယီယွင် ခါးသက်သော သည်းခြေအရည်များ စိုရွှဲနေမည်ကို ကြည့်ရှုအတွက် မစောင့်နိုင်တော့ပေ။
ယီယွင် တစ်ခဏမျှ ငြိမ်နေပြီးနောက် လင်အရိုးသည်းခြေအိတ်ထဲသို စိတ်စွမ်းအားများ စတင်ထိုးသွင်းလေသည်။ သူက ယွဲ့ဟွား၏ စာအုပ်ထဲမှ နည်းလမ်းများအတိုင် လက်ဟန်သင်္ကေတများ လုပ်ဆောင်ပြီး လင်အရိုးသည်းခြေအိတ်ထံမှ စွမ်းအင်များကို တဖြည်းဖြည်းချင်း ထုတ်ယူလေသည်။
အမှန်တကယ်တွင် ယီယွင်က ချိတ်တံဆိပ်များမပါဘဲ စွမ်းအင်များကို ထုတ်ယူနိုင်လေသည်။ သို့သော် သူက ပျက်စီးခြင်းကောင်းကင်နည်းစနစ်ထဲမှ အရာအားလုံးနှင့် ရင်းနှီးကျွမ်းဝင်လိုသည်။
" ထင်ထားသလိုပဲ ဒီအရူးက ဘာမှမသိဘူး။ သူ စွမ်းအင်ထိန်းချုပ်မှုမှာ အမှတ်ပြည့်ရအောင် ဘယ်လိုလုပ်ခဲ့သလဲဆိုတာ ငါ မသိပေမဲ့ စွမ်းအင်တွေနဲ့ပတ်သတ်လာရင် ဒီအရူးက ငါ့ထက် ဘယ်လိုများ ပိုသာနိုင်မှာလဲ။ ငါ့ရဲ့ အကြံသေးသေးလေးက သူကို နှိပ်စက်ဖို့အတွက် လုံလောက်တယ်။ မကြာခင်မှာ ပေါက်ကွဲတော့မယ် ဟီဟီ။ ပေါက်ကွဲသွားရင် ပျော်စရာကောင်းလာတော့မယ် " လော့ဟော်အာ အားရကျေနပ်နေ၏။
သူမက ပရိတ်သတ်များ ခေါ်ထားသည်ဖြစ်ပြီး အားလုံးက မိန်းမလှများ ဖြစ်သည်။ ယီယွင်သာ မိန်းမလှလေးများအကြားတွင် ကိုယ့်ကိုယ်ကိုယ် အရူးလုပ်မိပါက မိန်းမလှလေးများသည် ယီယွင် အရှက်ကွဲရသည့်အဖြစ်ကို သတင်းဖြန့်ကြမည်ဖြစ်ပြီး ပိုမို၍ပင် အရှက်ကွဲရပေလိမ့်မည်။
လော့ဟော်အာက အတွေးနှင့်ပင် အူမြူးနေလေ၏။ သူမ၏ လက်စားချေနည်းလမ်းက ရင့်ကျက်ခြင်းရှိ ၊ မရှိကိုမူ သူမ အရေးမစိုက်ပေ။
သို့သော် ယီယွင်က လင်အရိုးသည်းခြေအိတ်ထဲသို့ စိတ်စွမ်းအား ထိုးသွင်းခဲ့ပြီး ငါးစက္ကန့်ကြာသည်အထိ ပေါက်ကွဲမှု ဖြစ်မလာပေ။
ဘာဖြစ်တာလဲ။
စွမ်းအင်ထောင်ချောက်က စသင့်နေချေပြီ။ သူမက အမှားလုပ်မိခဲ့ကာ စွမ်းအင်များ မျှခြေမညီဖြစ်ပြီး အသက်ဝင်ရန်အတွက် ပိုကြာသွားခဲ့လေသလော။ ထောင်ချောက်ပုံစံက မည်သည့်အရာ လွဲနေကြောင်းကို လော့ဟော်အာ မတွေးတတ်ပေ။ သူမက စိတ်ရှည်စွာဖြင့် စောင့်နေခဲ့သည်။
စက္ကန့်နှစ်ဆယ် ကုန်လွန်သွားခဲ့ပြီး လင်အရိုးသည်းခြေအိတ်က အဆင်ပြေနေဆဲပင်။
" သောက်ကျိုးနည်း " လော့ဟော်အာ စိတ်ရှုပ်ထွေးနေ၏။ သူမ၏ စွမ်းအင်ထောင်ချောက်က ချက်ချင်းပေါက်ကွဲသင့်သည်။ သို့သော် စက္ကန့်နှစ်ဆယ် ကုန်သွားသည်အထိ ပေါက်ကွဲခြင်းမရှိချေ။
စက္ကန့်သုံးဆယ် ကုန်လွန်သွားခဲ့ပြီး ယီယွင်က စွမ်းအင်များ ပိုမိုထုတ်ယူလာနေသည်။ သူက စာလိပ်အလွတ်ပေါ်တွင် မှော်စာလုံးလမ်းကြောင်းများပင် ဖွဲ့စည်းပြီးသွားခဲ့သော်လည်း လင်အရိုးသည်းခြေအိတ်ကမူ ပေါက်ကွဲခြင်းမရှိချေ။
လော့ဟော်အာက သူမ၏ဥာဏ်ကောင်းမှုကြောင့် အမြဲတမ်းလိုပင် ဂုဏ်ယူခဲ့ပြီး ဘယ်သောအခါမျှ အမှားမလုပ်နိုင်ဟု ခံစားမိသည်။ သို့သော် အဖြစ်မှန်က သူမ၏ရှေ့သို့ ရောက်နေချေသည်။
နာရီဝက် ကုန်လွန်သွားခဲ့၏။
နောက်ဆုံးတွင် လော့ဟော်အာ လက်လျော့လိုက်ရသည်။
" ဒီကောင်စုတ်က ကံကောင်းနေတာ " လော့ဟော်အာ အံကျိတ်ကာ ရေရွတ်လိုက်လေသည်။ စွမ်းအင်ထောင်ချောက်က မည်သည့်ကဏ္ဍတွင် မှားယွင်းနေကြောင်းကို သူမ သိလိုနေသည်။
သူမက စွမ်းအင်ထောင်ချောက်၏ နိယာမများကို ပြန်တွေးကြည့်လိုက်သော်လည်း မည်သည့်အမှားမျှ ရှိမနေပေ။
နောက်ထပ် မိနစ်သုံးဆယ် ကုန်လွန်သွားခဲ့သည်။ ယီယွင်က လင်အရိုးသည်းခြေအိတ်ထဲမှ စွမ်းအင်များကို ထုတ်ယူပြီးသွားချေပြီ။ သူ နဖူးမှချွေးများကို သုတ်ကာ လင်အရိုးသည်းခြေအိတ်ကို ဘေးဘက်သို့ ချလိုက်လေ၏။
" ငါ ဒီလောက်ပဲ ထုတ်ယူနိုင်တယ်။ ငါက ကျင့်ကြံမှုအဆင့် ချို့တဲ့နေတယ်။ လင်အရိုးသည်းခြေအိတ်ထဲက ပျက်စီးခြင်းစွမ်းအင်အားလုံးကို ငါ မထုတ်ယူနိုင်ဘူး " ယီယွင်က ပင်ပန်းနေသည့်ပမာ ဟန်ဆောင်နေ၏။
" အမ်...မိန်းကလေးလော့... ဘာကြောင့် အရမ်း ကြည့်ရဆိုးနေရတာလဲ " ယီယွင်က လော့ဟော်အာကို ပဟေဠိဟန်ဖြင့် ကြည့်လိုက်သည်။
လော့ဟော်အာ၏မျက်နှာ သုန်မှုန်နေ၏။ အဘယ့်ကြောင့် ယီယွင်၏ကံက အလွန်ကောင်းနေပြီး ထိုဘေးဒုက္ခအား ရှောင်လွဲသွားနိုင်သည်ကို သူမ နားမလည်ပေ။
" ငါ အဆင်ပြေတယ် " လော့ဟော်အာက ခပ်မာမာ တုန့်ပြန်လိုက်သည်။ သူမသည် ယီယွင်က ဆရာတူအစ်မဟု မခေါ်သည်ကို ဗွေမယူနိုင်တော့ချေ။
" အိုး..." ယီယွင် ပခုံးတွန့်လိုက်၏။ သူက လော့ဟော်အာကို လျစ်လျူရှုကာ ဆိုလေသည်..." ငါ ယွမ်ချီတွေ အများကြီးကုန်သွားလို့ ပြန်ဖြည့်ဖို့လိုတယ်။ မင်းတို့တွေ ဆက်လုပ်ကြပါ "
ယီယွင် အခန်းထောင့်သို့သွားကာ ထိုင်ချလိုက်သည်။ သူ အရိုးအမတေတစ်ခု စားကာ မျက်စိမှိတ်ပြီး သမထထိုင်လိုက်သည်။
" အသုံးမကျတဲ့ တောသား... စွမ်းအင်နည်းနည်းလေး ထုတ်ယူပြီးတာနဲ့ သက်လုံအား ကုန်နေပြီ " လော့ဟော်အာက ယီယွင်ကို မုန်းတီးမိသော်လည်း ထိုအမှိုက်က သူမအား အမှန်တကယ် အနိုင်ရသွားသည်ကိုသာ ဒေါသအထွက်ရဆုံး ဖြစ်လေသည်။
လော့ဟော်အာ တစ်ခဏမျှ တုန့်ဆိုင်းနေပြီးနောက် ယီယွင်ကို ကြည့်လိုက်သည်။ ယီယွင်က အာရုံခံစွမ်းရည်များ ပိတ်ထားသည်ကို သူမ သိလေ၏။
ဘေးကင်သည့် ပတ်ဝန်းကျင်တွင် စစ်သည်များက မကြာခဏဆိုသလိုပင် အာရုံခံစွမ်းရည်များ ပိတ်ကာ သမထထိုင်တတ်ကြသည်။ သမထထိုင်သည့် အာနိသင် တိုးလာစေရန်အတွက် သူတို့က ပတ်ဝန်းကျင်နှငွ အဆက်အသွယ်ဖြတ်ထားတတ်သည်။ လက်ရှိတွင် ယီယွင် ထိုအခြေအနေ၌ ရှိနေလေ၏။
ယီယွင်က သူမအား သတိပြုမိခြင်းရှိ ၊ မရှိကို အကဲဖြတ်ရန်အတွက် လော့ဟော်အာက ပေါ့ပေါ့ပါးပါးပင် ဟိုဟိုသည်သည် လမ်းလျှောက်နေ၏။ ထို့နောက် သူမက ယီယွင်၏စားပွဲသို့ သွားကာ လင်အရိုးသည်းခြေအိတ်ကို ကောက်ယူလိုက်လေ၏။
" မမလေး ဘာလုပ်နေတာလဲ " တုန်းအာက သိလိုစွာဖြင့် မေးလိုက်သည်။
ရှုး...။
လော့ဟော်အာက တိတ်တိတ်နေရန် အချက်ပြကာ ယီယွင်အား တစ်ချက်ခိုးကြည့်လိုက်သည်။ ယီယွင် တုန့်ပြန်မှုမရှိကြောင်း အတည်ပြုပြီးသည့်နောက် သူမက လင်အရိုးသည်းခြေအိတ် စတင်ကာ လေ့လာကြည့်လေသည်။
လင်အရိုးသည်းခြေအိတ်ထဲတွင် သူမ ချထားခဲ့သည့် စွမ်းအင်ထောင်ချောက်က မည်သည့်အရာ မှားယွင်းနေကြောင်းကို သူမ သိလိုသည်။ သူမ၏ ပျက်စီးခြင်းကောင်းကင်နည်းစနစ် အခြေခံက ပြီးပြည့်စုံသည်ဖြစ်ရာ စွမ်းအင်ထောင်ချောက်က အဘယ်သို့ဖြစ်၍ မပေါက်ကွဲရလေသနည်း။
သူမ ပုံစံထုတ်ထားသည့် စွမ်းအင်ထောင်ချောက်တွင် အခြေခံပြစ်ချက် ရှိနေလေသလော။ သူမသာ အမှား၏နောက်ကွယ်မှ အကြောင်းအရင်းကို မသိရလျှင် အန္တရာယ်များသွားပေလိမ့်မည်။
လော့ဟော်အာက ပျက်စီးခြင်းကောင်းကင်နည်းစနစ်နှင့် ပတ်သတ်သည့် အရာအားလုံးကို မဖြစ်မနေပင် သိရှိလိုသည့် လူစားမျိုး ဖြစ်သည်။
သို့သော် သူမ၏စိတ်စွမ်းအားက စွမ်းအင်ထောင်ချောက်ကို ထိမိသွားချိန်တွင် စွမ်းအင်မျှခြေ ပျက်စီးသွားကာ ပျက်စီးခြင်းစွမ်းအင်လေးမျိုးလုံး ပေါက်ကွဲသွားလေ၏။
ဖောင်း...။
လော့ဟော်အာက စွမ်းအင်ထောင်ချောက်၏ ပြစ်ချက်ကို ရှာဖွေရာတွင် အာရုံစိုက်ထားခဲ့သည်။ ယီယွင် စိတ်စွမ်းအား အသုံးပြုခဲ့ချိန်တွင် ဘာမျှမဖြစ်ခဲ့ဘဲ သူမက အသုံးပြုချိန်တွင် စွမ်းအင်ထောင်ချောက် ပေါက်ကွဲသွားလိမ့်မည်ဟု ထင်မထားခဲ့ပေ။
ရုတ်တရက် ပေါက်ကွဲမှုကြောင့် လော့ဟော်အာမှာ တုန့်ပြန်ချိန် မရလုနီးပါး ဖြစ်ခဲ့ရသည်။ အစိမ်းရောင် မြွေသည်းခြေအရည်များ နေရာအနှံ့သို့ လွင့်စဥ်သွားပြီး သူမ၏တစ်ကိုယ်လုံးကို စိုရွှဲသွားစေလေသည်။
လော့ဟော်အာ ငေးငိုင်ကာ ရပ်နေ၏။ သူမ၏အဝတ်မှ သည်းခြေရည်များ ကျဆင်းနေပြီး ဆံပင်များ စိုရွှဲနေလေသည်။
" မမလေး... ဘာဖြစ်တာလဲ "
လော့ဟော်အာက လင်အရိုးသည်းခြေအိတ်ကို ကိုင်လိုက်ချိန်တွင် ပေါက်ကွဲသွားလိမ့်မည်ဟု တုန်းအာ ထင်မထားခဲ့ပေ။
" ဘာဖြစ်တာလဲ ခေါင်းဆောင် "
" ဘာဖြစ်တာလဲ ခေါင်းဆောင် "
မိန်းကလေးများ တစ်ဦးပြီးတစ်ဦး စိုးရိမ်တကြီး မေးလာကြလေ၏။
ထိုသူများ၏ စကားများကြောင့် လော့ဟော်အာ ရူးသွပ်သွားရသည်။ ဘာဖြစ်သွားတာဆိုတာ ငါ့ကို တစ်ယောက်ယောက် ပြောပြပေးနိုင်မလား။
ယီယွင်သည်လည်း ဆူဆူညံညံအသံများကြောင့် သမထထိုင်ခြင်း ရပ်နားလိုက်သည်။
သူ မရေမရာပုံစံဖြင့် လျှောက်သွားလိုက်သည်။ သူ မိန်းကလေးများအကြားမှ တိုးဝင်လာပြီး လော့ဟော်အာကို သိလိုစွာဖြင့်ကြည့်ကာ..." အဆင်ပြေရဲ့လား မိန်းကလေးလော့။ ပေါက်ကွဲသွားတာလား။ ဘာဖြစ်သွားတာလဲ။ မင်းက စွမ်းအင်ထိန်းချုပ်မှု လွတ်သွားတာလား "
ပျက်စီးခြင်းကောင်းကင်သခင်များ ပျက်စီးခြင်းအရိုးအမတေ သန့်စင်ချိန်တွင် စွမ်းအင်ထိန်းချုပ်မှု လွတ်သွားခြင်းမျိုး ဖြစ်တတ်သည်။ ယင်းက ဆေးဆရာတစ်ဦး ဆေးဖော်စပ်နေချိန်တွင် အမှားလုပ်မိကာ ဆေးအိုးပေါက်ကွဲသွားခြင်းမျိုးနှင့် ဆင်တူလေသည်။
သို့သော် မကျွမ်းကျင်သော ပျက်စီးခြင်းကောင်းကင်သခင်များကသာ ထိုကဲ့သို့ တုံးအသောအမှားမျိုးကို လုပ်တတ်ကြသည်။ ကျွမ်းကျင်လိမ္မာသော ပျက်စီးခြင်းကောင်းကင်သခင်များကမူ ပျက်စီးခြင်းအရိုးအမတေကို သန့်စင်ခြင်း ကျရှုံးခဲ့လျှင်ပင် စွမ်းအင်ပေါက်ကွဲမှု မဖြစ်ကြပေ။
လော့ဟော်အာက မကျွမ်းကျင်သော ပျက်စီးခြင်းကောင်းကင်သခင် မဟုတ်ပေ။ စွမ်းအင်ထိန်းချုပ်မှု လွတ်သွားခဲ့ခြင်းမျိုးသည် သူမအတွက် လုံးဝပင်အရှက်ရစရာ ဖြစ်လေ၏။
သို့သော် သူမအဖို့ စွမ်းအင်ထိန်းချုပ်မှု လွတ်သွားသည်မှလွဲ၍ မည်သို့ရှင်းပြရပါမည်နည်း။