← Chapters

နတ်အရိုင်းမြေဆီသို့

Vol. 19 Ch. 277

နတ်အရိုင်းမြေဆီသို့

Vol. 19 Ch. 277

လော့ဟော်အာမှာ အသံတိတ် ခံစားနေရလေ၏။ မိန်းကလေးတစ်သိုက်က စိုးရိမ်ဟန်ဖြင့် ကြည့်နေကြသည်ကို မြင်လိုက်ရချိန်တွင် သူမ ဒေါသပေါက်ကွဲလုနီးပါး ဖြစ်သွားရသည်။

အထူးသဖြင့် ထိုကောင်စုတ်က လူအုပ်ထဲတွင် ရှိနေချေသည်။ ထိုကောင်စုတ်ကလည်း သူမကို စိုးရိမ်ခြင်းနှင့် ပဟေဠိဖြစ်ခြင်း မျက်ဝန်းများနှင့် ကြည့်နေလေ၏။

လော့ဟော်အာသည် ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်းမှ သည်းမခံနိုင်စရာ ကိစ္စများကို ပြန်တွေးမိသွားခဲ့သည်။ အားလုံးက ယီယွင်နှင့် ပတ်သတ်နေလေ၏။

ယီယွင်က သူမ၏ဘဝအတွက် ဂြိုဟ်ဆိုးတစ်ခုပမာပင်။ ထိုကောင်နှင့် ဆုံတွေ့ချိန်တိုင်း သူမ ကံမကောင်းချေ။

" ဂရုစိုက်ပါ ခေါင်းဆောင်။ ကျွမ်းကျင်သူတွေလည်း မတော်တဆ ဖြစ်တတ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ထိခိုက်အောင်လုပ်မိရင် ပိုဆိုးနိုင်တာကြောင့် ဂရုမစိုက်ဘဲမနေပါနဲ့ "

လော့ဟော်အဖွဲ့မှ အဖွဲ့ဝင်များက လော့ဟော်အာ စွမ်းအင်ထိန်းချုပ်မှု လွတ်သွားကာ ပေါက်ကွဲမှုဖြစ်ရသည်ဟု ယုံကြည်ထားကြသည်။

လော့ဟော်အာမှာ ဒေါသကြောင့် သေလုနီးပါး ဖြစ်နေလေ၏။ ငါ့ရဲ့စွမ်းရည်နဲ့ဆိုရင် ဒီလိုရိုးရှင်းတဲ့အမှားကို လုပ်မိမှာတဲ့လား။

စွမ်းအင်ထောင်ချောက်က အဘယ့်ကြောင့် ယီယွင်၏လက်ထံတွင် ခလုတ်မပွင့်ဘဲ သူမ၏လက်ထဲမှသာ ပေါက်ကွဲခဲ့ရသည်ကို သူမ တွေးမရသေးချေ။ လင်အရိုးသည်းခြေအိတ် ပေါက်ကွဲသွားကာ စွမ်းအင်များ မရှိတော့ပေ။ သူမအဖို့ မည်သည်က မှားယွင်းနေကြောင်း စုံစမ်းရန်မဖြစ်နိုင်တော့ပေ။

" ဒီကောင်စုတ်က ဒါကို တမင်လုပ်ခဲ့တာလား "

လော့ဟော်အာက ယီယွင်ကို မုန်းတီးစွာကြည့်လိုက်သည်။ သို့သော် ယီယွင်၏ အမူအရာက ပဟေဠိဖြစ်ခြင်း ၊ စိတ်ရှုပ်ထွေးခြင်း ၊ စိုးရိမ်ခြင်းများ ဖြစ်နေသည်။ ၎င်းတို့မှလွဲ၍ မည်သည့်ထူးဆန်းမှုမျှ ရှိမနေပုံပင်။

" သူ မဖြစ်နိုင်ဘူး "

လော့ဟော်အာ ခေါင်းယမ်းလိုက်၏။ ယီယွင်က ပျက်စီးခြင်းကောင်းကင်နည်းစနစ်နှင့် ထိတွေ့မိခါစသာ ဖြစ်သည်။ ထိုကောင်က စွမ်းအင်ထိန်းချုပ်မှုတွင် ပါရမီရှိနေလျှင်ပင် ဤကဲ့သို့ အသံတိတ်ပုံစုံဖြင့် လုပ်ဆောင်ရန် မဖြစ်နိုင်ပေ။ ထို့အပြင် ထိုထောက်ချောက်ကို သူမကိုယ်တိုင် လုပ်ထားခဲ့ခြင်း ဖြစ်လေသည်။

လော့ဟော်အာ၏ အဝတ်များ ညစ်ပေနေပြီး ကြုံခဲ့ရသည့် မိုက်မဲသောအခြေအနေကြောင့် သူမက ဤနေရာတွင် ဆက်နေလိုခြင်း မရှိတော့ပေ။ သူမက ထွက်သွားကာ ရေချိုးချင်နေသည်။

ပျက်စီးခြင်းကောင်းကင်သခင်အသင်းတွင် ကိုယ်လက်သုတ်သင်ရန်နေရာ သို့မဟုတ် အဝတ်လဲရန်နေရာ မရှိပေ။ လော့ဟော်အာတွင် အဝတ်များပါသော်လည်း အဝတ်လဲရန်နေရာ ရှိမနေချေ။

သူမ၏ အိပ်ဆောင်ဆီသို့ ပြန်ရန်အတွက်ကလည်း ပြဿနာရှိနေသည်။ မြွေသည်းခြေအရည်များ ခြောက်သွေ့စေရန် မီးဓာတ်စွမ်းအင်ကို သုံးလိုက်မည်ဆိုလျှင်ပင် အစိမ်းရောင် အစွန်းအထင်းများ ရှိနေဦးမည်သာ ဖြစ်သည်။

မျက်နှာကို တန်ဖိုးထားသည့် လော့ဟော်အာအဖို့ စွန်းထင်းနေသောအဝတ်များ ဝတ်ထားသည်ကို အခြားသူများ မြင်စေမည့်အစား အသေခံလိုက်ပေမည်။

" မိန်းကလေးလော့... ငါ့မှာ အတော်ကြီးတဲ့ ဝတ်စုံတစ်ခု ပါလာတယ်။ မင်း ကြိုက်လောက်မလားတော့ မသိဘူး " ယီယွင် သိုလှောင်လက်စွပ်ထဲမှ ကျင်းလုံဝေ့၏ ငါးပျံဝတ်စုံ ထုတ်ယူလိုက်သည်။

ယီယွင် တိုင်အာနတ်မြို့သို့ လာစဥ်က ငါးပျံဝတ်စုံကိုပါ အတူယူလာခဲ့သည်။ သူ သိုလှောင်လက်စွပ် ရလာခဲ့ချိန်တွင် ငါးပျံဝတ်စုံကိုပါ သိမ်းထားခဲ့လေ၏။ ငါးပျံဝတ်စုံတွင် အောက်အနားသပ် ကျယ်ဝန်းသော ဝတ်ရုံတစ်ခုလည်း ပါလေသည်။

လော့ဟော်အာက ငြင်းရန်ပြင်လိုက်ချိန်တွင် ငါးပျံဝတ်စုံ၏ အပေါ်ဝတ်ရုံက သူမ၏တစ်ကိုယ်လုံးကို ဖုံးထားနိုင်ကြောင်း သတိပြုမိသွားလေ၏။ သူမက ထိုသို့ဝတ်ရုံမျိုး အလွန်ပင်လိုအပ်နေသည်။ သူမက ငါးပျံဝတ်စုံကို မလိုအပ်လေဘဲ ဝတ်ရုံတစ်ခုနှင့်ပင် အဆင်ပြေသည်။

သူမက ဝတ်ရုံကို ခန္ဓာကိုယ်ပေါ်သို့ ခြုံလိုက်သည်။ ရွှေရောင်ဝတ်ရုံပေါ်တွင် ငါးပျံရုပ် ပန်းထိုးထားလေသောကြောင့် ထူးဆန်းမနေတော့ပေ။ စင်စစ်တွင် လော့ဟော်အာကို သူရဲကောင်းဆန်သွားစေလေ၏။

" ကျေးဇူးပါပဲ "

လော့ဟော်အာက ယီယွင်ကို ကျေးဇူးတင်စကား ဆိုလိုက်သည်။

ထို့နောက် သူမက တုန်းအာနှင့်အတူ ထွက်ခွာသွားခဲ့သည်။

သူမ အိမ်ဆောင်ဆီသို့ အမြန်ပြန်သွားခဲ့သည်။ သူမ ရေချိုးခန်းထဲသို့ ဝင်သွားခဲ့ပြီး ရေချိုးသန့်စင်လိုက်မှသာ ခါးသက်သက်အနံ့များ ပျောက်သွားခဲ့သည်။ သည်းခြေအရည်များ စွန်းထင်းနေသည့် အဝတ်များက လျှော်ရခက်လေသောကြောင့် လွှင့်ပစ်လိုက်လေ၏။

ဝတ်ရုံသည်လည်း သည်းခြေအရည်များ စွန်းထင်းနေသည်။ သူမက ဝတ်ရုံကိုပါ လွှင့်ပစ်လိုခဲ့သော်လည်း အနည်းငယ်တွေးပြီးနောက် ဝတ်ရုံကို တုန်းအာဆီသို့ပစ်ပေးကာ ဆိုသည်.. " ဝတ်ရုံကို လျှော်လိုက်။ သန့်ရှင်းနေအောင် သေချာလုပ်ပေး။ ဒီည ငါ သူ့ကို ပြန်ပေးမယ် "

" ဟုတ်ကဲ့ " တုန်းအာက နာခံစွာဖြေသည်။

လော့ဟော်အာ အနည်းငယ် ငိုင်နေပြီးနောက် ရေရွတ်လိုက်လေသည်..." တုန်းအာ... ငါ နည်းနည်းလေး လွန်သွားတယ်လို့ထင်လား "

တုန်းအာ ​ငိုင်သွားကာ..." လွန်တယ်ဆိုတာ ဘာကိုဆိုလိုတာလဲ မမလေး "

" ဘာမှမဟုတ်ဘူး " လော့ဟော်အာ ခေါင်းယမ်းလိုက်၏။ သူမနှင့် ယီယွင်တို့၏ အဖြစ်အပျက်များကို တုန်းအာက သိမထားပေ။

တုံးအာက ဝတ်ရုံကိုယူကာ ထွက်သွားခဲ့လေပြီး လော့ဟော်အာက ပြတင်းပေါက်ကိုကြည့်ကာ အတွေးနက်နေသည်။ သေချာတွေးကြည့်လျှင် ယီယွင်က သူမ၏ခန္ဓာကိုယ်ကို မတော်တဆ မြင်ခဲ့ရပြီး သူမ၏စကားများကို မရည်ရွယ်ဘဲ ကြားသွားခဲ့ခြင်း ဖြစ်လေသည်။

ယီယွင်က ဆရာဖြစ်သူ၏ စစ်ဆေးမှုတွင် အနိုင်ရခဲ့သည်မှာ သူ၏စွမ်းရည်ကြောင့် ဖြစ်သည်။ ယီယွင်က အမှားမရှိသော်လည်း သူမကမူ လက်စားချေရန် လုပ်နေခဲ့သည်။ မိမိစိုက်ပျိုးသည့်အရာကို မိမိကိုယ်တိုင် ရိတ်သိမ်းရသည်ဟု ဆိုရပေမည်။

သူမ သည်းခြေအရည်များ စိုရွှဲနေချိန်တွင် ယီယွင်က သူမ၏ ကံဆိုးမှုကို ပြက်ရယ်ပြုခြင်းမပြုဘဲ သူ၏ဝတ်ရုံကိုပင် ထုတ်ပေးကာ သူမ အရှက်ကွဲရမည့်အဖြစ်ကို ကာကွယ်ပေးခဲ့လေသည်။

လော့ဟော်အာ အပြစ်ရှိစွာ ခံစားနေရလေ၏။ သူမက တုန်းအာကို ပြောလိုက်သည်... " တုန်းအာ... ဝတ်ရုံကို မလျှော်ခင်မှာ သောင်းတန်စေတီကိုသွားပြီး လင်အရိုးသည်းခြေအိတ်တစ်ခု လဲလာခဲ့ပေး။ ငါ ယီယွင်ကို အဲ့ဒါလည်းပေးမယ် "

..............................

ထိုနေ့ညတွင် ယီယွင် တံခါးခေါက်သံ ကြားလိုက်ရသည်။ သူ တံခါးဖွင့်လိုက်ရာ ခေါက်ထားသော ဝတ်ရုံကို ကိုင်ထားသည့် လော့ဟော်အာကို တွေ့လိုက်ရလေသည်။ ဝတ်ရုံပေါ်တွင် လင်အရိုးသည်းခြေအိတ်လည်း ရှိနေသည်။

အမ်...။

ယီယွင် မှင်တက်မိသွားသည်။ သူ တစ်ခုခုပြောရန် ပြင်လိုက်စဥ်တွင် လော့ဟော်အာက ပစ္စည်းများ ကမ်းပေးလာကာ..." ဒီနေ့အတွက် ကျေးဇူးတင်ပါတယ်။ ငါ ဝတ်ရုံကို လျှော်ပြီး ပြန်လာပို့ပေးတာပါ "

လော့ဟော်အာက စကားဆိုပြီးသည်နှင့် လှည့်ထွက်သွားလေသည်။

ယီယွင်က သူမ ထွက်သွားသည်ကိုကြည့်ကာ ငိုင်နေလေ၏။ သူ လက်ထဲမှ ဝတ်ရုံကို ကြည့်လိုက်သည်။ ဝတ်ရုံတွင် မီးဓာတ်အငွေ့အသက် ရှိနေဆဲပင်။ ဝတ်ရုံကို လျှော်ပြီးနောက်တွင် လော့ဟော်အာက မီးဓာတ်အသုံးပြုကာ ဝတ်ရုံ ခြောက်သွေ့အောင် လုပ်ခဲ့ကြောင်း ထင်ရှားလေသည်။

" ငါ လွန်သွားပြီလား " ယီယွင် လော့ဟော်အာ၏ ကျောပြင်ကိုကြည့်ရင်း ခေါင်းယမ်းလိုက်၏။

.........................

နေထွက်လာကာ တိုင်အာနတ်မြို့ သက်ဝင်လှုပ်ရှားလာသည်။

ယီယွင်က နေ့တိုင်းလိုပင် ကျင့်ခဲ့လေပြီး ပျက်စီးခြင်းကောင်းကင်နည်းစနစ် ၊ ဓားမောက်အမှန်တရား ၊ ဥပဒေသအမှန်တရား ၊ သားရဲတစ်သောင်းပုံရိပ် ၊ တိုင်အာနတ်ကျင့်စဥ်တို့ကိုလည်း လေ့ကျင့်ခဲ့သည်။ ယီယွင်တွင် လေ့ကျင့်စရာများ များလှလေပြီး တစ်ခုချင်းစီတိုင်းက ခက်ခဲသောလမ်းကြောင်းများ ဖြစ်လေသည်။

တဖြည်းဖြည်းချင်းဖြင့် နှစ်လတာ ကုန်လွန်သွားခဲ့၏။ ယခုတွင် ယီယွင် တိုင်အာနတ်မြို့သို့ ရောက်ရှိသည်မှာ နှစ်ဝက်ခန့် ကြာခဲ့ပေပြီ။

ဤနှစ်လတွင် ယီယွင်က အခြေခံအုတ်မြစ်ကို ခိုင်မာအောင်လုပ်ခဲ့သည်။ သူ၏ကျင့်ကြံမှုက လျင်မြန်စွာ မြင့်တက်ထားခဲ့သည်။ သူ သေမျိုးသွေးနယ်ပယ် အခြေခံပထမအဆင့်မှ ခရမ်းသွေးနယ်ပယ် အလယ်အဆင့်အထိ နှစ်ဝက်ခန့်သာ အချိန်ယူခဲ့သည်။

ကျင့်ကြံမှု မြန်ဆန်သည်မှာ အခြေခံအုတ်မြစ်ကို ချိနဲ့စေလေသည်။ ထို့ကြောင့် ယီယွင်က အ​ခြေခံအုတ်မြစ် အားကောင်းလာအောင် သေချာလုပ်ဆောင်နေခဲ့သည်။

ယီယွင် ဓားမောက်သင်္ချိုင်းသို့ ထပ်သွားခဲ့ချိန်တွင် ခန်းယန် ရောက်လာခဲ့သည်။ သူက ယီယွင်၏ရင်ဘက်ကို ပုတ်ကာ ဆိုသည်..." ကောင်လေး... ဘာကြောင့် မြေအဆင့်ကို ထပ်ပြီးတော့ မစိန်ခေါ်သေးရတာလဲ "

သူ၏အမြင်အရ ယီယွင် ထိပ်ဆုံးတစ်ထောင်နား ရောက်ခဲ့သည်မှာ နှစ်လကြာသွားခဲ့ပြီဖြစ်၍ မြေအဆင့် အဆင်တစ်ထောင်အတွင်းသို့ ဝင်ရောက်ရန် ထပ်မံစိန်ခေါ်သင့်ပြီဟု ထင်မိသည်။

တိုင်အာနတ်မြို့တွင် တပ်သားသစ်တစ်ဦးက ပထမနှစ်တွင် အဆင့် ၁၀၀၀ အတွင်း ဝင်နိုင်ခဲ့ပါက အံ့မခန်းဖြစ်သွားပေလိမ့်မည်။ ယီယွင်သာ နှစ်ဝက်အတွင်း အဆင့် ၁၀၀၀ ထဲသို့ ဝင်နိုင်ခဲ့ပါက ဂိုဏ်းအဖွဲ့အစည်းများစွာ မျက်လုံးပြူးသွားကြမည်မှာ သေချာလေသည်။

ယီယွင်က ဆိုသည်..." ကျုပ် ကျင့်ကြံရမှာတွေ များတယ်။ မြေအဆင့်ကို လွှတ်ထားလိုက်ဦးမယ် "

" သောက်ကလေး... မင်း လိုက်လျောညီထွေအောင် မလုပ်တတ်ဘူးလား။ သိုင်းပညာလမ်းကြောင်းပေါ်မှာ ဖြည်းဖြည်းချင်း လျှောက်ပေးနေရုံပဲ။ မင်းက ဓားမောက်အမှန်တရားနဲ့ တိုင်အာနတ်ကျင့်စဥ်ကိုပဲ နားလည်ဖို့လိုတယ်။ ရှုထောင့်ပုံရိပ်နည်းစနစ်ကလည်း ကောင်းသွားပြီဆိုရင် မင်းရဲ့အနာဂတ်က အကန့်အသတ်မဲ့သွားပြီ။ ဒါနဲ့တောင် မင်းက ပျက်စီးခြင်းကောင်းကင်နည်းစနစ်ကိုလည်း သင်ချင်နေသေးတယ်။ မင်းရဲ့ပါရမီနဲ့ဆိုရင် မင်းသာ အရင်းအမြစ်တွေ လိုအပ်လာရင် တိုင်အာနတ်ပြည်ထောင်က မင်းအတွက် စေးကုတ်နေမှာမဟုတ်ဘူး။ မင်းဘာသာ ရှာနေစရာမလိုပါဘူး "

ခန်းယန် မည်သို့ပြောရမည်မှန်း မသိတော့ချေ။ ယီယွင်က ခက်ခဲသော အရာများစွာကို သင်ကြားနေလေသောကြောင့် ခန်းယန် စိုးရိမ်မိသည်။

ယီယွင် ရယ်မောကာ..." စီနီယာက စိုးရိမ်ပေးတာ ကျေးဇူးတင်ပါတယ်။ ဂျူနီယာက ပျက်စီးခြင်းကောင်းကင်နည်းစနစ်ကို စိတ်ဝင်စားတာကြောင့် ဆက်ပြီးသင်ယူမှာပါ "

သူသာ တိုင်အာနတ်ပြည်ထောင်ထဲတွင် လုံလောက်သော ပါရမီကို ပြသနိုင်ပါက သူ့အား တော်ဝင်မိသားစုက ပျိူးထောင်ပေးလိမ့်မည်ကို ယီယွင် သိသည်။

သို့သော် ယီယွင်၏ပန်းတိုင်က တိုင်အာနတ်ပြည်ထောင် မဟုတ်ပေ။ အနာဂတ်တွင် သူက ပြည်ထောင်မှ ထွက်ခွာကာ ပိုမိုကျယ်ဝန်းသည့် လောကကြီးကို တွေ့မြင်လိုသည်။ ထိုအချိန်သို့ရောက်လျှင် သူ့အား မည်သည့်အဖွဲ့ကမျှ ထောက်ပံ့ပေးနိုင်မည် မဟုတ်လောက်တော့ပေ။ နည်းစနစ်တစ်ခု အပိုရှိနေလျှင် သူ့အတွက် ကယ်ပေါက်တစ်ခု ပိုတိုးလေသည်။

" မင်း သားရဲတစ်သောင်းပုံရိပ်ကို သင်ယူချင်နေသေးတာလား " ခန်းယန်သည် ယီယွင်က သားရဲတစ်သောင်းပုံရိပ်နည်းစနစ် ပြန်ပေးလာသည်ကို လိုချင်နေဆဲပင်။ သားရဲတစ်သောင်းပုံရိပ်နည်းစနစ်က ပညာရှိတစ်ဦးပင် မတတ်ကျွမ်းနိုင်သည့် ဆန်းကြယ်နည်းစနစ်တစ်ခု ဖြစ်သည်။

" ဟုတ်ကဲ့ " ယီယွင် ခေါင်းညိတ်လိုက်၏။

" မင်း တကယ်ပဲ မပြောင်းချင်တော့ဘူးလား။ ငါက သားရဲတစ်သောင်းပုံရိပ်နည်းစနစ်အတွက် ဂုဏ်အမှတ်တွေကို မင်းအတွက် ပြန်ပေးနိုင်တယ် " ခန်းယန်က စိတ်ရှည်လက်ရှည် ဆိုလိုက်သည်။

ယီယွင် ခေါင်းယမ်းကာ..." ဒီနေ့ ကျုပ် ဓားမောက်သင်္ချိုင်းကို လာခဲ့တာက စီနီယာကိုလည်း နှုတ်ဆက်ဖို့ပါ။ နတ်အရိုင်းမြေထဲသွားပြီး ကျုပ်ရဲ့ ရှုထောင့်ပုံရိပ်ကို ဖွဲ့စည်းဖို့ ပြင်ဆင်ထားတယ် "

ယီယွင် နှစ်လတာကျင့်ကြံနေသည်မှာ နတ်အရိုင်းမြေထဲသို့ မသွားမီတွင် နောက်ဆုံးပြင်ဆင်နေခြင်း ဖြစ်လေသည်။ တိုင်အာနတ်မြို့သို့ ရောက်လာကြသည့် စစ်သည်များအဖို့ နောက်ဆုံးတွင် ပျက်စီးခြင်းသားရဲများ သတ်ဖြတ်ရန်အတွက် နတ်အရိုင်းမြေထဲသို့ ဝင်ကြရမည်သာ ဖြစ်၏။ ယင်းက တိုင်အာနတ်မြို့၏ အရေးအကြီးဆုံးနှင့် အန္တရာယ်အများဆုံး လေ့ကျင့်ရေးလည်း ဖြစ်လေသည်။ ဤလေ့ကျင့်ရေးအတွေ့အကြုံတွင် သေခဲ့ကြရသည့် ကျင့်ကြံသူများ များစွာပင်ရှိလေ၏။

" ရှုထောင့်ပုံရိပ် ဖွဲ့စည်းဖို့လား "

ခန်းယန် မှင်တက်မိသွားကာ..." မင်းက သားရဲတစ်သောင်းပုံရိပ်ရဲ့ ရှုထောင့်ပုံရိပ်ကို ဖွဲ့စည်းဖို့ ပြင်ထားတာလား "

" ဟုတ်တယ်... ကျုပ် ကြိုးစားကြည့်ချင်တယ် " ယီယွင်က တည်ကြည်ခိုင်မာစွာ ဆိုလိုက်သည်။

နောက်ဆုံးတွင် သူက ဘာမျှမသိရသော ဆန်းကြယ်လောကတစ်ခုဖြစ်သည့် နတ်အရိုင်းမြေထဲသို့ ဝင်ရပေတော့မည်။

All Chapters