ခြေတစ်ထောင်ပိုးကောင်နက်
Vol. 19 Ch. 279
ညသန်းခေါင်ချိန်တွင် အေးစက်သောလေများ တိုက်ခတ်နေပြီး အရာအားလုံးကို ဆီးနှင်းရေများ ဖုံးလွှမ်းနေသည်။
ယီယွင် အိပ်မောကျနေရာမှ ရုတ်တရက် နိုးလာခဲ့လေ၏။ သူ၏စိတ်ထဲတွင် သဘာဝအန္တရာယ်သိစိတ် နိုးထလာ၏။ ယီယွင် စွမ်းအင်မြင်ကွင်း ဖွင့်လိုက်လေရာ အမွေးဖွားနှင့် ပျက်စီးခြင်းသားရဲတစ်ကောင် ဘောလုံးတစ်လုံးပမာ တဖြည်းဖြည်းချင်း လာနေသည်ကို မြင်လိုက်ရသည်။
ထိုပျက်စီးခြင်းသားရဲတွင် မျက်ဝန်းနက်တစ်စုံနှင့် လက်တံငယ်များစွာ ရှိလေသည်။ ထိုလက်တံငယ်များက မြေပြင်တွင် တွာသွားနေကြသော်လည်း ထူးဆန်းစွာဖြင့်ပင် မည်သည့်အသံမျှ ထွက်မလာပေ။
ထိုမျှတင်မကသေးဘဲ သားရဲက တည်ရှိမှုကိုလည်း ကောင်းစွာဖုံးကွယ်ထားနိုင်သည်။ သားရဲ ရှိနေကြောင်း လက္ခဏာတစ်ရပ်ပင် ပေါ်မလာပေ။ သားရဲ ရှေ့သို့တိုးလာချိန်တွင် တိုက်စားစေတတ်သော အရည်များ ကျန်ခဲ့လေ၏။ ထိုသားရဲ သွားရာတလျှောက် မြေပြင်ပေါ်တွင် အရည်တိုက်စားမှု စွပ်ကြောင်းကြီး ကျန်ခဲ့လေသည်။
အဆိုပါ တိုက်စားစေတတ်သော အရည်များက မြေဆီလွှာထဲသို့ ဝင်သွားခဲ့လေသည်။
ရှဲ...ရှဲ...ရှဲ...။
ယီယွင် အစောပိုင်းက ချထားခဲ့သည့် အစီရင်ပြားများထံမှ တိုးလျသောအသံများ ထွက်ပေါ်လာ၏။ တိုက်စားသော အရည်များက မြေဆီလွှာထဲသို့ စိမ့်ဝင်သွားလေသောကြောင့် အစီရင်ပြားများမှာ မပေါက်ကွဲမီတွင် တိုက်စားခံခဲ့ရလေသည်။
ယီယွင် ကြွက်သားများ တောင့်တင်းသွားကာ ခန္ဓာကိုယ်ထဲမှ ခရမ်းရောင်သလင်းကျောက်က အလင်းရောင်တောက်ပလာသည်။ ထိုပျက်စီးခြင်းသားရဲက ခြေတစ်ထောင်ပိုးကောင်နက် ဖြစ်လေ၏။
ယီယွင် နတ်အရိုင်းမြေစာအုပ်ထဲတွင် ဖတ်ဖူးခဲ့သည်မှာ ခြေတစ်ထောင်ပိုးကောင်နက်က ကိုင်တွယ်ရ အလွန်ခက်သည့် ပျက်စီးခြင်းသားရဲတစ်ကောင် ဖြစ်လေသည်။ ၎င်းက သားကောင်ကို ညအချိန်တွင် ချောင်းမြောင်းတိုက်ခိုက်ရသည်ကို သဘောကျလေပြီး လေးဖင့်သောစရိုက်သဘာဝ ရှိသည်။ ၎င်းက ဘုရင်အဆင့် ပျက်စီးခြင်းသားရဲ၏မစင်ကို လုံးဝပင် လျစ်လျူရှုထားလေသည်။ ၎င်း၏ တိုက်စားသောအရည်များက မီးပွားအစီရင်ပြားများကို တိုက်စားလေသောကြောင့် ကျင့်ကြံသူများစွာတို့ အငိုက်မိကြရသည်။ ထို့ကြောင့်ပင် ၎င်းက တစ်ကိုယ်တော်ခရီးထွက်သည့် ကျင့်ကြံသူများအတွက် အိပ်မက်ဆိုးတစ်ခု ဖြစ်လေ၏။
ခြေတစ်ထောင်ပိုးကောင်နက်၏ အမွေးများက အပ်များအလားပင်။ အမွေးများကို ပစ်လွှတ်၍ရလေပြီး ခန္ဓာကိုယ်အရည် အဆိပ်များကြောင့် ကျင့်ကြံသူများအဖို့ ထိမိရုံနှင့်ပင် သေနိုင်သည်။ ယင်းက ခြေတစ်ထောင်ပိုးကောင်နက်၏ အစွမ်းအထက်ဆုံး တိုက်ကွက် ဖြစ်လေ၏။ ၎င်း၏ခန္ဓာကိုယ်မှ အမွေးများ ပစ်ထုတ်လိုက်လျှင် ရှောင်တိမ်းရန်မှာ မဖြစ်နိုင်လုနီးပါးပင်။
ယီယွင် နတ်အရိုင်းမြေသို့ မလာမီက လိုအပ်သော ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ထားခဲ့သည်။ ခြေတစ်ထောင်ပိုးကောင်နက်၏ အားနည်းချက်က အမြန်နှုန်း ဖြစ်လေ၏။ ခြေတစ်ထောင်ပိုးကောင်နက်အား ရင်ဆိုင်လိုလျှင် အကွာအဝေးခြားထားကာ အဝေးမှ တိုက်ခိုက်ရပေမည်။
ယီယွင် ထိုက်ခန်းလေးကို လက်တွင်ကိုင်ကာ တွင်းထဲမှ ခုန်ထွက်လာလေ၏။
ဖောင်း...။
ကျောက်ခဲများနှင့် မြေဆီလွှာများ ပေါက်ကွဲသွားလေ၏။ ရုတ်တရက် ပေါက်ကွဲမှုကြောင့် ခြေတစ်ထောင်ပိုးကောင်နက်၏ ခြေလှမ်းများ ရပ်သွားလေသည်။
လက်ရှိတွင် ယီယွင် မီတာသုံးဆယ်ခန့် ခုန်ဆုတ်သွားရင် ထိုက်ခန်းလေးကို အားအပြည့် ဆွဲလိုက်လေ၏။ ယီယွင်၏ ယွမ်ချီများက အနက်ရောင် မြားခေါင်းအဖြစ် ဖွဲ့စည်းသွားလေသည်။ လေလိုက်မြား၏ အေးစက်သောအလင်းက ညအချိန်တွင် တောက်ပနေလေ၏။
ဝှီး...။
ယီယွင် ပစ်လွှတ်လိုက်သည့် လေလိုက်မြား၏ ခေါင်းထိပ်တွင် ပေါက်ကွဲအစီအရင် ရှိလေ၏။ ထိုမြားက ခြေတစ်ထောင်ပိုးကောင်နက်ကို အလင်းတန်းတစ်ခုပမာ ထိမှန်သွားလေသည်။
ဘုန်း...။
ပေါက်ကွဲအစီအရင် ပေါက်ကွဲသွားခဲ့လေ၏။ ခြေတစ်ထောင်ပိုးကောင်နက် စူးရှစွာဟစ်အော်ကာ သွေးများစွာ ကျဆင်းလာလေ၏။
မြက်ခင်းပေါ်တွင် သွေးနက်များ ဖုံးလွှမ်းသွားလေသည်။ အဆိပ်သွေးများ ကျဆင်းသွားသည့် နေရာတိုင်းတွင် တရှဲရှဲမြည်သံများပေးကာ မြေတွင်းပေါက်များ ဖြစ်သွားရသည်။
ခြေတစ်ထောင်ပိုးကောင်နက် နာကျင်နေချိန်တွင် ယီယွင်က ခြေတစ်ထောင်ပိုးကောင်နက်၏ သိမ်းငှက်မျက်လုံးကဲ့သို့ မျက်လုံးများကို ကြည့်လိုက်လေ၏။ သူ မြားများ ဆက်တိုက်ပစ်လွှတ်လေသည်။
ဝီး...ဝီး...။
လေးကြိုးခတ်သံ မြည်ဟီးနေလျက်ရှိပြီး မြားများက လေထုအား ထွင်းဖောက်နေကာ ယွမ်ချီအရိပ်အငွေ့သာ ကျန်ရစ်ခဲ့သည်။
အမှောင်ထုထဲတွင် ထိုမြားများက ဥက္ကာခဲမိုးရွာသကဲ့သို့ ကျဆင်းနေပြီး အရာအားလုံးကို ထိုးဖောက်ပစ်နိုင်ဟန် ရှိနေလေသည်။
ဝှစ်...ဝှစ်...ဝှစ်...။
မြားအနည်းငယ်သည် ခြေတစ်ထောင်ပိုးကောင်နက်၏ ဒဏ်ရာကို ထိုးဖောက်ကာ နူးညံ့သော အသားစိုင်ထဲသို့ ဝင်ရောက်သွားလေ၏။ မြားများက ခြေတစ်ထောင်ပိုးကောင်နက်၏ အားနည်းသောဝမ်းဗိုက်ကို စုတ်ဖြဲသွားပြီး အသားလွှာကို ထိုးဖောက်သွားကာ မြေပြင်ပေါ်သို့ စိုက်ဝင်သွားလေသည်။
ခြေတစ်ထောင်ပိုးကောင်နက် စူးရှစွာအော်ဟစ်ကာ ကြွက်သားများ တွန့်လိမ်သွားပြီး အမွေးအားလုံး ပစ်လွှတ်လိုက်လေသည်။ ပုံမှန်ဆိုလျှင် ခြေတစ်ထောင်ပိုးကောင်နက် သားကောင်ကို အမဲလိုက်ရာတွင် အမွေးဆယ်ချောင်းသာ ပစ်လေ့ရှိသည်။ သို့သော် ယခုအခါ အသက်ဘေးကြုံလာရချိန်တွင်မူ အမွေးအားလုံးကို ပစ်လွှတ်ခဲ့လေ၏။
ဤသည်ကား ထောင့်ပေါင်းစုံကို တိုက်ခိုက်လိုက်ခြင်း ဖြစ်လေ၏။
ခြေတစ်ထောင်ပိုးကောင်နက်က အစွမ်းကုန်သုံးကာ ထိတ်လန့်တကြားတိုက်ခိုက်မှု လုပ်ဆောင်လိမ့်မည်ကို ယီယွင်က မျှော်မှန်းထားခဲ့ပြီး ဖြစ်လေ၏။ သူ မြေပြင်သို့ ခြေချမိသည်နှင့် မြေပြင်ပေါက်ကွဲသွားလေသည်။ ယီယွင်၏ခန္ဓာကိုယ်ကို ပြင်းထန်သော လေက သယ်သွားသည့်အလားပင် ခြေတစ်ထောင်ပိုးကောင်နက်၏ ဘေးတစ်ဖက်သို့ ရောက်သွားလေသည်။
ဝှစ်...။
မြောက်မြားစွာသော အမွေးများက ယီယွင်၏ခန္ဓာကိုယ်ကို ဖြတ်ကျော်သွားသော်လည်း အားလုံးကို ရှောင်နိုင်ခဲ့လေသည်။
လက်ရှိ ယီယွင် ရှိနေသည်မှာ ခြေတစ်ထောင်ပိုးကောင်နက်၏ ဒဏ်ရာရှိနေသည့်ဘက် ဖြစ်လေသောကြောင့် အမွေးများ ကျဲလေ၏။ ယင်းသည် ခြေတစ်ထောင်ပိုးကောင်နက်၏ ထောင့်ပေါင်းစုံတိုက်ခိုက်မှုတွင် တစ်ခုတည်းသောအားနည်းချက် ဖြစ်လေသည်။
နောက်ဆုံးတိုက်ခိုက်မှုက ထိရောက်ခြင်းမရှိလေသောကြောင့် ခြေတစ်ထောင်ပိုးကောင်နက် ထိတ်လန့်သွားသည်။ ၎င်း၏ခန္ဓာကိုယ်မှ အမွေးအားလုံးကို ပစ်လွှတ်ခဲ့လေ၏။ ၎င်း၏ တိုက်ခိုက်ရေးစွမ်းရည်က အချိန်တစ်ခုအထိ အားနည်းနေလေသည်။
ထိုစဥ်တွင် ယီယွင်က လျှပ်ပြက်သည့်ပမာ လှုပ်ရှားသွားကာ ခြေတစ်ထောင်ပိုးကောင်နက်၏ ရှေ့တည့်တည့်တွင် ပေါ်လာခဲ့သည်။
ရွှမ်း...။
တပ်တစ်ထောင်ဓားမောက်၏ ဓားအလင်း တောက်ပသွားကာ ခြေတစ်ထောင်ပိုးကောင်နက်၏ ဦးခေါင်းအား ခုတ်ပိုင်းလေသည်။ ခြေတစ်ထောင်ပိုးကောင်နက်မှာ အဆိပ်များ အန်ထုတ်ရခြင်းမရှိသေးမီတွင် တပ်တစ်ထောင်ဓားမောက်ထဲ၌ ထည့်သွင်းထားသည့် ယွမ်ချီများက ခြေတစ်ထောင်ပိုးကောင်နက်၏ ဦးခေါင်းထဲတွင် ပေါက်ကွဲသွားခဲ့သည်။
ခြေတစ်ထောင်ပိုးကောင်နက် စူးရှစွာဟစ်အော်ကာ အကြိမ်အနည်းငယ်ခန့် ရုန်းကန်နေပြီးနောက် မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။
ယီယွင်၏ တိုက်ခိုက်မှုဖြစ်စဥ်တစ်ခုလုံးက တစ်ခါတည်းနှင့် ပြီးသွားခဲ့သည်။ သူက ခြေတစ်ထောင်ပိုးကောင်နက်ကို နားချိန်ပင် မပေးခဲ့ပေ။
ရှုထောင့်ပုံရိပ် ဖွဲ့စည်းရန်အတွက် ပျက်စီးခြင်းသားရဲ၏ အလောင်းထံမှ သားရဲအမှတ်အသားကို ဖွဲ့စည်းရပေမည်။ သားရဲအမှတ်အသား ဆိုသည်မှာ မကြာသေးမီက သေဆုံးထားသည့် ပျက်စီခြင်းသားရဲ၏ အသက်အဆီအနှစ်နှင့် ပျက်စီးခြင်းစွမ်းအင်တို့ကို ပေါင်းစည်းထားခြင်း ဖြစ်လေသည်။
သာမန်ဆိုလျှင် ပျက်စီးခြင်းသားရဲ အသတ်ခံလိုက်ရသည်နှင့် အသက်အဆီအနှစ် ၊ ပျက်စီးခြင်းစွမ်းအင်တို့ တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားရလေသည်။ ထိုသို့ဆိုလျှင် ပျက်စီးခြင်းကောင်းကင်သခင်များက ပျက်စီးခြင်းအရိုးအမတေအဖြစ် သန့်စင်ပေးရုံသာ ရှိတော့လေ၏။
ပျက်စီးခြင်းကောင်းကင်သခင် မဟုတ်သည့် စစ်သည်များအတွက်မူ ထိုစွမ်းအင်ကို အသုံးပြုရန်အတွက် ကြီးစွာပင် အခက်အခဲရှိလေသည်။
ဟုတ်သည်။ စစ်သည်တစ်ဦးက ရှုထောင့်ပုံရိပ် ဖန်တီးပြီးသွားလျှင် လောကစွမ်းအားများကို အတိုင်းအတာတစ်ခုအထိ မကြာခဏ ငှားရမ်းနိုင်လေ၏။ ၎င်းတို့က ပျက်စီးခြင်းသားရဲ၏ အသက်အဆီအနှစ်နှင့် ပျက်စီးခြင်းစွမ်းအင်တို့ကို သူတို့၏ ကိုယ်ပိုင်သတ်ဖြတ်ဖြတ်ခြင်းချီနှင့် ပေါင်းစည်းပြီး တဖြည်းဖြည်းချင်း ထုတ်ယူရလေသည်။
စစ်သည်က ပျက်စီးခြင်းသားရဲကို ကိုယ်တိုင်သတ်ထားမှသာ စစ်သည်၏ သတ်ဖြတ်ခြင်းချီနှင့် ပေါင်းစည်း၍ရလေသည်။
ဆန်းကြယ်ပုံရိပ်နည်းစနစ်ကို အသုံးပြုလျှင် သီးခြားဖြစ်နေသော စွမ်းအင်များက အလင်းစက်တစ်ခုအဖြစ် ဖြစ်ပေါ်လာမည်ဖြစ်ပြီး ထိုအလင်းစက်ထဲတွင် သေဆုံးသွားခဲ့သော ပျက်စီးခြင်းသားရဲ၏ပုံရိပ် ပါဝင်လေ၏။ ယင်းက သားရဲအမှတ်အသား ဖြစ်လေသည်။
စစ်သည်တစ်ဦးက ဆန်းကြယ်ပုံရိပ်နည်းစနစ် အသုံးပြုကာ သားရဲအမှတ်အသား ဖွဲ့စည်းလိုပါက ပျက်စီးခြင်းသားရဲ၏ စွမ်းအင်အနည်းငယ်ကိုသာ ရပေလိမ့်မည်။
ထို့ကြောင့် သားရဲအမှတ်အသားကို ထုတ်ယူပြီးလျှင်ပင် ပျက်စီးခြင်းသားရဲအလောင်းကို မှော်နဂါးကြေးပြားများနှင့် လဲလှယ်နိုင်လေသည်။ ပျက်စီးခြင်းသားရဲ၏ ပျက်စီးခြင်းအရိုးကို အမတေအဖြစ် သန့်စင်ရခြင်းမှာလည်း အာနိသင်မဆိုးလှပေ။
သားရဲအမှတ်အသားတစ်ခု ဖွဲ့စည်းရသည်မှာ မလွယ်ကူပေ။ စစ်သည်များစွာက ပျက်စီးခြင်းသားရဲများစွာကို သတ်ဖြတ်ပြီးမှသာ သားရဲအမှတ်အသားတစ်ခု ဖွဲ့စည်းနိုင်မည်ဖြစ်ပြီး အရည်အသွေးမှာလည်း ထင်သလောက်မဟုတ်ပေ။ သားရဲအမှတ်အသား၏ အရည်အသွေး နိမ့်နေပါက ဖွဲ့စည်းထားသည့် ရှုထောင့်ပုံရိပ်တွင်လည်း စွမ်းအားအကန့်အသတ် ရှိနေပေလိမ့်မည်။
ရှုထောင့်ပုံရိပ်တစ်ခု အောင်မြင်စွာ ဖွဲ့စည်းနိုင်ရန်အတွက် ကျင့်ကြံသူအများစုက သင်ယူရလွယ်ကူသည့် ဆန်းကြယ်ပုံရိပ်နည်းစနစ်ကိုသာ ရွေးချယ်ကြပေလိမ့်မည်။ သားရဲချိတ်တံဆိပ် အရည်အသွေးက ဆန်းကြယ်ပုံရိပ်နည်းစနစ်၏ အဆင့်နှင့် သက်ဆိုင်သည်ဟု ပြော၍ရလေ၏။
သို့သော် အဆင့်မြင့် ဆန်းကြယ်ပုံရိပ်နည်းစနစ်ကို သင်ယူရန်မှာ မဖြစ်နိုင်ပေ။ ဒါဇင်နှင့်ချီသော ပျက်စီးခြင်းသားရဲများ သတ်ဖြတ်ခြင်းမှ ဖွဲ့စည်းထားသည့် သားရဲအမှတ်အသားပင် အရည်အသွေးပိုင်းတွင် မေးခွန်းထုတ်စရာဖြစ်နေလေသောကြောင့် ဆန်းကြယ်ပုံရိပ်နည်းစနစ်အဆင့်က မည်မျှပင်မြင့်နေပါစေ အရေးမပါပေ။
ဥပမာဆိုရသော် ယီယွင် သင်ကြားနေသည့် သားရဲတစ်သောင်းပုံရိပ်က အဆင့်မြင့် ဆန်းကြယ်ပုံရိပ်နည်းစနစ်တစ်ခု ဖြစ်လေ၏။
တိုင်အာနတ်မြို့၏ ပညာရှိများသည်ပင် သားရဲတစ်သောင်းပုံရိပ်၏ အံ့ဩဖွယ်ရာဆိုလိုရင်းများကို ဖောက်မမြင်နိုင်ကြပေ။
ယီယွင် ခြေတစ်ထောင်ပိုးကောင်နက်၏ ရှေ့တွင်ရပ်ကာ ခဏတွေးပြီးနောက် မျက်စိမှိတ်လိုက်ပြီး စိတ်စွမ်းအားကို ခရမ်းရောင်သလင်းကျောက်ထဲ ထိုးသွင်းလိုက်သည်။
ယီယွင်၏နှလုံးထဲတွင် တည်ရှိနေသည့် ခရမ်းရောင်သလင်းကျောက်က ထူးဆန်းစွာတောက်ပနေ၏။ သူ၏ခန္ဓာကိုယ်ထဲတွင် ဝဲကတော့တစ်ခု ဖြစ်ပေါ်လာခဲ့ပြီး ခြေတစ်ထောင်ပိုးကောင်နက်အား သတ်ဖြတ်ခြင်းမှ ဖြစ်ပေါ်လာသည့် သတ်ဖြတ်ခြင်းချီက ဝဲကတော့ထဲသို့ စိမ့်ဝင်သွားသည်ဟု ယီယွင် ခံစားလိုက်ရသည်။
ခြေတစ်ထောင်ပိုးကောင်နက်၏ အသက်အဆီအနှစ်နှင့် ပျက်စီးခြင်းစွမ်းအင်များကို ထိုဝဲကတော့က စုပ်ယူလေ၏။
ဝီ...ဝီ..။
ထိုစွမ်းအင်များက လေထုထဲတွင် တုန်ခါနေပြီး နောက်ဆုံးတွင်မူ လက်သီးဆုပ်အရွယ် သားရဲအမှတ်အသားတစ်ခုအဖြစ် ဖွဲ့စည်းသွားရလေ၏။ ထိုသားရဲအမှတ်အသားက ရွှေနီရောင်အလင်း တောက်ပနေ၏။ ၎င်း၏အထဲတွင်မူ ခြေတစ်ထောင်ပိုးကောင်နက် ပေါက်စလေး ရှိနေလေ၏။ တစ်ချက်တွေးလိုက်သည်နှင့် ထိုသားရဲအမှတ်အသားက ယီယွင်ဆီသို့ ပျံသန်းသွားလေ၏။
ဝှစ်...။
သားရဲအမှတ်အသား၏ စွမ်းအင်များက ယီယွင်၏ခြေလက်အားလုံးသို့ ပျံ့နှံ့သွားလေသည်။ ထို့နောက် ယီယွင်၏ခန္ဓာကိုယ်ထဲသို့ ဖော်ပြ၍မရသော ခံစားချက်တစ်ရပ် ကူးပြောင်းလာချေသည်။
သူသည် ပျက်စီးခြင်းသားရဲများ၏ အဆီအနှစ်များကို စုပ်ယူရာတွင် အတွေ့အကြုံများစွာ ရှိနေသော်လည်း ယင်းတို့က ယနေ့အတွေ့အကြုံနှင့် မတူကြပေ။ ယီယွင်၏ ချွေးပေါက်များ ပွင့်ထွက်သွားကာ တစ်ကိုယ်လုံး၏ ဝိညာဥ်နှင့် အသွေးအသားတို့က အဆင့်သစ်တစ်ခုသို့ ရောက်သွားသည့်အလားပင်။
" ဒါက ရှုထောင့်ပုံရိပ် ဖန်တီးတဲ့ ဖြစ်စဥ်ပေါ့လေ "
တစ်ကိုယ်လုံး လွတ်လပ်ပေါ့ပါးနေသည်ဟု ယီယွင် ခံစားရသည်။ အရိုးများ ၊ သွေး ၊ သွေးကြောများ တစ်လက်မချင်းစီတိုင်းကို ပျက်စီးခြင်းသားရဲ၏ အဆီအနှစ်များက ပျိုးထောင်ပေးနေသည့်အလားပင်။
ယီယွင်၏တစ်ကိုယ်လုံး အသက်စွမ်းအားများ ပြည့်ဝနေကာ နုပျိုလန်းဆန်းနေ၏။ စက္ကန့်တစ်ဒါဇင်ခန့် ကြာသောအခါတွင် ယီယွင်က သားရဲအမှတ်အသား၏ စွမ်းအင်အားလုံးကို စုပ်ယူပြီးသွားခဲ့ကာ မျက်လုံးဖွင့်လိုက်သည်။
အတော်ကို သက်တောင့်သက်သာရှိတာပဲ။
အခြားသူများ ရှုထောင့်ပုံရိပ် ဖွဲ့စည်းလျှင် မည်သို့ရှိကြောင်း သို့မဟုတ် ပျက်စီးခြင်းသားရဲအလောင်းထံမှ သားရဲအမှတ်အသားကို ထုတ်ယူချိန်တွင် မည်သို့ရှိကြောင်းကို ယီယွင် မသိပေ။
ယင်းက သူ ခရမ်းရောင်သလင်းကျောက်ကို အသုံးပြုကာ သားရဲအမှတ်အသား ထုတ်ယူခြင်းနှင့် ကွာခြားမှုရှိလေသလော။
သို့သော် စဥ်းစားနေချိန်မရပေ။ နတ်အရိုင်းမြေစာအုပ်၏ မှတ်တမ်းများအရ ခြေတစ်ထောင်ပိုးကောင်နက် သေသွားခဲ့လျှင် အနီးဝန်းကျင်မှ ခြေတစ်ထောင်ပိုးကောင်နက်များ စုစည်းရောက်ရှိလာစေရန် ထူခြားသောအနံ့တစ်ခု ထုတ်လွှတ်ပေးသည်။
မကြာမီတွင် ဤနေရာ၌ ခြေတစ်ထောင်ပိုးကောင်နက်များ စုစည်းရောက်ရှိလာပေလိမ့်မည်။ ခြေတစ်ထောင်ပိုးကောင်နက်ဘုရင်တစ်ကောင် ရောက်လာသည်ပင် ဖြစ်နိုင်ခြေရှိလေပြီး ယင်းအရာကို ယီယွင် မကိုင်တွယ်နိုင်ပေ။
သူ ဤနေရာမှ ချက်ချင်းထွက်ခွာရလိမ့်မည်။