← Chapters

ဆန်းကြယ်သောလူငယ်

Vol. 19 Ch. 280

ဆန်းကြယ်သောလူငယ်

Vol. 19 Ch. 280

ယီယွင်က ခြေတစ်ထောင်ပိုးကောင်နက်ထဲမှ ပိုးချည်နှင့် အဆိပ်အနည်းငယ်ကို အလျင်အမြန် ထုတ်ယူလိုက်သည်။ ထို့နောက်တွင် ခြေတစ်ထောင်ပိုးကောင်နက်၏ သွားအချို့ကို နုတ်ယူကာ သိုလှောင်လက်စွပ်ထဲသို့ ထည့်သွင်းပြီးနောက် လှုပ်ရှားမှုနည်းစနစ်ကို အသုံးပြုကာ နတ်အရိုင်းမြေ အနက်ပိုင်းထဲသို့ ပြေးဝင်သွားလေ၏။

စစ်သည်များ နတ်အရိုင်းမြေထဲသို့ လေ့ကျင့်ရေးထွက်လျှင် သိုလှောင်မှုက အဓိကပြဿနာ ဖြစ်လေ၏။ သာမန်ပျက်စီးခြင်းသားရဲတစ်ကောင်၏ တန်ဖိုးအကြီးဆုံး အပိုင်းများကိုသာ ယူရပေလိမ့်မည်။ ထိုသို့သာမဟုတ်ပါက သိုလှောင်လက်စွပ် အမြန်ပြည့်သွားချေမည်။

ယီယွင် ပြေးနေချိန်တွင် ခရမ်းရောင်သလင်းကျောက်၏ စွမ်းအင်မြင်ကွင်းကို ထပ်မံကာ ဖွင့်ထားလေ၏။ ဘေးပတ်ဝန်းကျင်တွင် ပျက်စီးခြင်းစွမ်းအင်များက လှိုင်းများပမာ ပေါ်ထွက်လာသည်။ မကြာမီတွင် အဝေးမှ ကျတ်တီးမြေထဲတွင် စွမ်းအင်အလင်းစက်များ ပေါ်လာသည်ကို ယီယွင် မြင်လိုက်ရသည်။

" တစ် ၊ နှစ် ၊ သုံး..."

အလင်းစက်တစ်ခုချင်းစီက ခြေတစ်ထောင်ပိုးကောင်နက်တစ်ကောင်စီ ဖြစ်လေ၏။

ယီယွင် ချက်ချင်းပင် ဦးတည်ရာပြောင်းကာ ခြေတစ်ထောင်ပိုးကောင်နက်အုပ်စုကို ရှောင်တိမ်းပြီး တောနက်ပိုင်းထဲသို့ ပြေးလေသည်။

အပြောကျယ်လှသော တောနက်ထဲတွင် ညအချိန်က အန္တရာယ်များသော်လည်း ယီယွင်တွင် ခရမ်းရောင်သလင်းကျောက်၏ စွမ်းအင်မြင်ကွင်း ရှိလေသောကြောင့် မည်သည့်အန္တရာယ်ကိုမဆို ကြိုတင်ရှောင်ရှားနိုင်လေသည်။

ပြေးနေချိန်တွင် ခန္ဓာကိုယ်ထဲတွင် ရှုထောင့်ပုံရိပ် တဖြည်းဖြည်းချင်း ဖွဲ့စည်းလာသည်ကို ယီယွင် ခံစားမိလေ၏။ ခြေတစ်ထောင်ပိုးကောင်နက်တစ်ကောင် သတ်ရုံမျှဖြင့်ပင် ရှုထောင့်ပုံရိပ် ဖန်တီးရန်အတွက် လုံလောက်နေချေပြီ။

သို့သော် ယီယွင်က ၎င်းကို အပင်ပေါက်ဟုသာ ခံစားမိလေ၏။

သာမန်စစ်သည်တစ်ဦး၏ ရှုထောင့်ပုံရိပ်အား အများသောအားဖြင့် ပေါ်လာပြီးသည်နှင့် ဆုံးဖြတ်ထားခဲ့ပြီးဖြစ်သော်လည်း သားရဲတစ်သောင်းပုံရိပ် ရှုထောင့်ပုံရိပ်ကမူ အသုံးပြုထားသည့် သားရဲများနှင့် ကွဲပြားနေမည်ဖြစ်၏။ ရှုထောင့်ပုံရိပ် သန္ဓေပုံစံမှ ပုံသွင်းပေးရမည်ဖြစ်ပြီး နောက်ဆုံးတွင် ပုံစံပြည့်စုံသွားပါက သန္ဓေပြောင်းလဲကာ ဆင့်ကဲပြောင်းလဲမည် ဖြစ်လေသည်။

ရှုထောင့်ပုံရိပ်တစ်ခု သန္ဓေပြောင်းလဲချိန်တွင် မည်သို့ရှိမည်ကို ယီယွင် မသိပေ။ ယီယွင်က ထိုအရာကို မျှော်လင့်မိသော်လည်း လက်ရှိအခြေအနေက သူ၏ရှုထောင့်ပုံရိပ် သန္ဓေပြောင်းလဲရန် များစွာလိုနေသေးသည်။ သူက ခရီးရှည်ကြီးတွင် ခြေတစ်လှမ်းသာ စတင်ရသေးလေ၏။

အဆုံးတောအုပ်၏ အမှောင်ထုထဲတွင် ယီယွင် ကြာမြင့်စွာ ပြေးလွှားနေလေ၏။ သူသည် အမှောင်ထဲတွင် ချောင်းနေကြသည့် ပျက်စီးခြင်းသားရဲများနှင့် ကြုံခဲ့ရသော်လည်း ကြိုတင်ကာ ရှောင်နိုင်ခဲ့လေ၏။

တောအုပ်ထဲသို့ အရုဏ်ဦးအလင်း သမ်းလာချိန်တွင်မူ မြေပြင်တစ်ခုလုံးကို မြူခိုးများ ဖုံးလွှမ်းနေလေ၏။ ထိုမြူခိုးများက ဆိုးရွားသောအနံ့များ ထုတ်လွှတ်ပေးနေလေသည်။

ဒါ အနံ့ဆိုးတွေ။

ထို့နောက်တွင် ယီယွင်က ရေပွက်နေသည့်အသံကို ကြားလိုက်ရသည်။ ယီယွင်၏ရှေ့တွင် မဲမှောင်ကာ အဆုံးမဲ့နွံအိုင်ကြီး ပေါ်လာသည်။ နွံအိုင်ပေါ်တွင် မြူခိုးပါးပါး ရစ်သိုင်းနေလေ၏။

" ဒါက ရေနက်နွံအိုင်ပဲ " ယီယွင်က နတ်အရိုင်းမြေစာအုပ်ထဲတွင် မှတ်တမ်းတင်ထားသည်ကို သတိရသွားလေသည်။ ရေနက်နွံအိုင်က ပုပ်ဟောင်နေသောရွှံ့နှင့် အနံ့ဆိုးများက အဆိပ်ဖြစ်သည်။ အနက်ပိုင်းထဲသို့ ပိုရောက်လေလေ အဆိပ်ရှိမှု ပိုများလေလေပင်။

အထူးသဖြင့် နွံအိုင်ထဲမှ ရွှံ့နက်များက ခြေတစ်ထောင်ပိုးကောင်နက်၏ အရည်များကဲ့သို့ပင် တိုက်စားနိုင်လေသည်။

သဘောတရားအရဆိုလျှင် အဆိပ်နွံအိုင်ထဲတွင် သက်ရှိများ မရှိသင့်သော်လည်း ထူးဆန်းစွာဖြင့်ပင် နွံအိုင်ထဲတွင် ရေနေအပင်များ ရှိနေလေသည်။ ရေနေအပင်များက လှပဆွဲဆောင်နိုင်သော ပန်းများ ရှိနေလေသောကြောင့် နွံအိုင်နှင့်ပင် မတူချေ။

လှပဆွဲဆောင်နိုင်သည့် ထိုပန်းများက သွေးအလောင်းပန်းများ ဖြစ်သည်ကို ယီယွင် သိလေသည်။ ထိုပန်းများက ရှင်သန်ကြီးထွားရန် အလောင်းများကို အသုံးပြုကြပြီး အဆိပ်ငွေ့ကို နှစ်သက်ကြလေသည်။ သွေးအလောင်းပန်းကလည်း အဆိပ်ဖြစ်လေ၏။

ဤအခြေအနေတွင် ယီယွင်မှာ သဘာဝရွှံ့များ၏ တိုက်စားမှုကို ခံနိုင်ရန်အတွက် ခန္ဓာကိုယ်အား ယွမ်ချီများနှင့် လွှမ်းခြုံရမည်ဖြစ်သော်လည်း အချိန်ကြာလာလျှင် သူ၏ယွမ်ချီများ ကုန်ခမ်းသွားပေလိမ့်မည်။

ရေနက်နွံအိုင်က ကျယ်ပြောလှလေ၏။ ရေနက်နွံအိုင်ကို တစ်ရက်နှင့်တစ်ညခန့် ဖြတ်သန်းရလိမ့်မည်ဟု ယီယွင်က ခန့်မှန်းထားသည်။ သို့သော အဆိပ်ရွှံ့များထဲတွင် သူ့အဖို့ နှစ်နာရီပင် ခံနိုင်မည်မဟုတ်ပေ။

ထို့အပြင် ရေနက်နွံအိုင်ထဲတွင် ရှေးဟောင်းရေနက်မိကျောင်း ကဲ့သို့သော ပျက်စီးခြင်းသားရဲအချို့လည်း ရှိနေသေးလေ၏။ ပျက်စီးခြင်းသားရဲများနှင့် မကြာခဏကြုံနေရပါက ခရီးစဥ်သည် အနည်းဆုံး ဆယ်ရက်ခန့် ကြာပေလိမ့်မည်။

ယီယွင် တွေးနေချိန်တွင် ရုတ်တရက်ပင် တစ်စုံတစ်ခုကို မြင်လိုက်ရသည်။

ဒါက...။

ယီယွင် အဝေးကိုကြည့်ကာ အံ့ဩတကြီး ဖြစ်သွားရလေ၏။ အဆိပ်ငွေ့များထဲတွင် အစိမ်းရောင်ဝတ် လူငယ်တစ်ဦးက အစိမ်းရောင် နွားတစ်ကောင် စီးနင်းကာ တဖြည်းဖြည်းချင်း သွားနေလေ၏။

နွားစိမ်း၏ခြေထောက်များ ရွှံ့ပေါ်တွင်ရှိနေကြပြီး ညစ်ပေနေခြင်းမရှိပေ။ နွား၏ကျောပေါ်မှ လူငယ်က ပလွေတိုတစ်ခု ကိုင်ထားလေသည်။ သူက ဝါးဦးထုပ်ဆောင်းထားပြီး သံစဥ်တစ်ခု တီးမှုတ်နေလေရာ နွံအိုင်ထဲမှ လေများကို လှုပ်ခါစေလေသည်။ သွေးအလောင်းပန်းများ၏ ညှာတံများက လေနှင့်အတူ ယိမ်းနေလေ၏။

အန္တရာယ်ထူပြောလှသော အဆိပ်နွံအိုင်သည် ရုတ်တရ​က်အတွင်းမှာပင် နွေရာသီ၏ တောက်ပမှုနှင့် ဆွဲဆောင်မှုများ ထင်ဟပ်နေသည့် ဘေးမဲ့တောတစ်ခုပမာ ​ပြောင်းလဲသွားလေ၏။ လှပသော သွေးအလောင်းပန်းများပင် နူးညံ့နေသည့်ပမာ ရှိနေလေသည်။

ယီယွင် အံ့ဩတုန်လှုပ်နေသည်။ အစိမ်းရောင်အဝတ် ၊ နွားစိမ်နှင့် ပလွေတို...။

သိုးထိန်းပမာ ဝတ်ဆင်ထားသည် လူငယ်က ရေနက်နွံအိုင်ထဲတွင် ရုတ်တရက်ပေါ်လာသည်မှာ ထင်ယောင်ထင်မှားဆန်လွန်းနေလေ၏။ လူငယ်က အဆုံးမဲ့သော နတ်အရိုင်းမြေနှင့် လုံးဝမသက်ဆိုင်သည့်ပမာ ရှိနေလေသည်။

သူကာ..။

ယီယွင်က အစိမ်းဝတ်လူငယ်ကိုကြည့်ကာ ချဥ်းကပ်သွားလေ၏။ သူ တပ်တစ်ထောင်ဓားမောက်း ဓားရိုးကို ကိုင်ထားကာ ခန္ဓာကိုယ်ထဲတွင် ယွမ်ချီများ လည်ပတ်ထားလေ၏။

ထိုလူငယ်၏အဆင့်ကို သူ မပြောနိုင်ပေ။ ထိုလူငယ်က သာမန်လူ မဟုတ်ဟု သူခံစားမိသည်။ ခရမ်းရောင်သလင်းကျောက်နှင့် စစ်ဆေးကြည့်ခဲ့သည့်တိုင်အောင် လူငယ်တွင် စွမ်းအင်များစွာ ရှိနေပုံမရချေ။ လူငယ် ကွဲပြားနေသည့် တစ်ခုတည်းသောအရာမှာ သူ၏ခန္ဓာကိုယ်ထဲတွင် မျက်စိပသာဒရှိစွာ လှပနေသည့် ရောင်စုံအသက်စွမ်းအားများ ရှိနေခြင်းပင်။

လူငယ်က ယီယွင်ကို မြင်သောအခါတွင် ပါးစပ်မှ ပလွေတိုကိုချကာ ပြုံးလိုက်လေပြီး... " မင်္ဂလာပါ "

လူငယ်၏အသံက အေးချမ်းလှသည်။

ယီယွင်က သတိမပြတ်ဘဲ အပြန်အလှန်ဟန်ဖြင့် အသာခေါင်းညိတ်ပြသည်။

" မင်းက... နတ်အရိုင်းမြေထဲက ကျင့်ကြံသူတစ်ဦးလား "

လူငယ်၏ အစွမ်းထက်မှုကို ယီယွင် အလိုလိုပင် သိနေလေ၏။ လူငယ်က ၁၆ နှစ်ခန့်သာ ရှိသေးလေသည်။ ဤကဲ့သို့ ကောင်းကင်သားတော်တစ်ဦး ရှိနေသည်ကို မှန်းဆကြည့်ရန်ပင် ခက်ခဲလှလေ၏။

" ကျင့်ကြံသူတဲ့လား "

လူငယ်က အနည်းငယ် အံ့ဩသွားပြီးနောက် ရယ်လိုက်လေသည်။ သူက အသာခေါင်းယမ်းကာ...." မဟုတ်ပါဘူး။ ငါက နတ်အရိုင်းမြေကို ဖြတ်သွားတဲ့ ခရီးသွားတစ်ဦးပါပဲ "

ခရီးသွားတဲ့လား။ နတ်အရိုင်းမြေကို ဖြတ်သွားတာတဲ့လား။

ယီယွင် ထိတ်လန့်သွားသည်။ လူငယ် လာခဲ့သည်ဦးတည်ချက်အရ ရေနက်နွံအိုင်ကို ဖြတ်လာသည်သာ ဖြစ်ဖို့များလေသည်။

ရေနက်နွံအိုင်က အလွန်ပင် အန္တရာယ်များသည့်တိုင် လူငယ်က နောက်မတွန့်ဘဲ ဖြတ်လာခဲ့ချေသည်။ သို့သော် ယင်းအရာကို ယီယွင် ထိတ်လန့်ခြင်းမဖြစ်ပေ။

သူ ထိတ်လန့်နေရသည်မှာ လူငယ် ဦးတည်နေသည့်အရပ်က တိုင်အာနတ်ပြည်ထောင်ဆီသို့ဖြစ်ကြောင်း ရှင်းလင်းနေပေလေသောကြောင့်ပင်။ ထို့အပြင် လူငယ်က လူသူနေထိုင်ခြင်းမရှိသည့် မြောက်အရပ်မှ လာခဲ့ခြင်းဖြစ်သည်။ နတ်အရိုင်းမြေ၏ မြောက်ဘက်အစွန်ဆုံးတွင် အဆုံးမဲ့သော ပျက်စီးခြင်းနယ်မြေ ဖြစ်၏။ ထိုနေရာတွင် မရေမတွက်နိုင်လောက်သော အားကောင်းသည့် ပျက်စီးခြင်းသားရဲအုပ်များ ကျက်စားကြသည်။ လူသားပညာရှိများပင် ထိုပျက်စီးခြင်းသားရဲများနှင့် ဆုံတွေ့ရပါက ထွက်ပြေးရပေလိမ့်မည်။

ဤလူငယ်က နတ်အရိုင်းမြေကို ဖြတ်သွားရုံသာဟု ဆိုခဲ့ချေ၏။ သူသာ အမှန်တကယ်ပင် ​မြောက်အရပ်မှ လာခဲ့သည်ဆိုပါက သူ လာခဲ့သည့်နေရာတွင် မည်သည့်အရာများ ရှိနေလေသနည်း။

နတ်အရိုင်းမြေရဲ့ အခြားအဆုံးတစ်ဖက်ကတော့ မဟုတ်လောက်ဘူးမလား။

ယီယွင်က စိတ်များ ဗလောင်ဆူနေသော်လည်း အပေါ်ယံတွင်မူ တည်ငြိမ်နေလေ၏။ သူ အခြားစကားမဆိုပေ။ ဆန်းကြယ်သောလူငယ်၏ကမ္ဘာက လက်ရှိ သူနှင့် ကွာခြားလေသည်။ သို့မဟုတ် ထိုလူငယ်က လူငယ်မဟုတ်သည်ပင် ဖြစ်နိုင်လေသည်။

" ကောင်းတယ်... မင်းက အတော်ကို စိတ်ဝင်စားစရာပဲ "

လူငယ်က ယီယွင်ကိုကြည့်ကာ ရယ်မောလိုက်ပြီး..." ငါတို့တွေ ထပ်တွေ့ကြလောက်မှာပါ "

ထို့နောက် လူငယ်က နွားစိမ်းကိုစီးကာ ယီယွင်အား ဖြတ်ကျော်သွားလေသည်။

ပလွေသံ ထပ်မံထွက်ပေါ်လာသည်။ တက်ကြွဖွယ်ရာသံစဥ်က လောကအစစ်ကို ပြောင်းလဲသွားစေသည့်အလားပင်။ သံစဥ်က ကောင်းကင်ပြာဆီသို့ ပျံတက်သွားကာ အဖြူရောင်တိမ်တိုက်များကို လှုပ်ခါသွားစေသည်။

ကောင်းကင်မှ လင်းတများသည်လည်း သံစဥ်က ဖမ်းစားသည်ကို ခံခဲ့ရကာ လူငယ်နှင့် မဝေးလှသော လေထုထဲတွင် ကခုန်နေလေ၏။

အဝေးမှ နွံအိုင်ထဲတွင်လည်း ထူးဆန်းပုံစံဖြင့် အဆိပ်ငါးတစ်ကောင် ခုန်ထွက်လာကာ ပူပေါင်းတစ်ခု မှုတ်ထုတ်လေသည်။ ငါးက အလွန်ပျော်ရွှင်နေဟန် ရှိလေ၏။

လူအများ ကြောက်လန့်ရွံရှာအောင် လုပ်နိုင်ကြသည့် သတ္တဝါများက ပျော်ရွှင်တတ်သော စိတ်ဝိညာဥ်များအဖြစ် ပြောင်းလဲသွားကြသည့်အလားပင်။ ထိုမြင်ကွင်းကြောင့် ယီယွင်မှာ နက်ရှိုင်းသောထင်မြင်ချက် ဖြစ်ရလေသည်။

လူငယ်က ရေနက်နွံအိုင်ကို ဖြတ်သန်းချိန်တွင် ပန်းခြံထဲ၌ လမ်းလျှောက်နေသည့်အလားပင်။

လူငယ်က သိသာသည့်ပစ်မှတ်တစ်ခု ဖြစ်သော်လည်း ပျက်စီးခြင်းသားရဲများက လူငယ်ကို အမဲလိုက်ကြခြင်းမရှိပေ။ ထူးဆန်းသောသံစဥ်က သူ့အား တိုက်ခိုက်မလာစေရန် ကြိုတင်ကာကွယ်ထားသည်လည်း ဖြစ်နိုင်လေသည်။

" ဒီလူငယ်က ထူးဆန်းတယ်။ သူ့မှာ ပျက်စီးခြင်းသားရဲတွေကို ထိန်းချုပ်နိုင်တဲ့စွမ်းရည် ရှိတယ်။ သူ တိုင်အာနတ်ပြည်ထောင်ကို ဦးတည်နေတာက ဘာလုပ်မလို့လဲ " ယီယွင် ရေရွတ်လိုက်လေသည်။ သိုင်းပညာလမ်းစဥ်တွင် ထူးဆန်းသောအရာများ မျိုးစုံရှိလေ၏။ လူတစ်ဦးက ပျက်စီးခြင်းသားရဲများကို ထိန်းချုပ်နိုင်သည်မှာလည်း မထူးဆန်ပေ။

လူငယ်က တိုင်အာနတ်ပြည်ထောင်သို့ အဘယ့်ကြောင့် ဦးတည်နေလေသလော သို့မဟုတ် တိုင်အာနတ်ပြည်ထောင်ကို ဖြတ်သွားရုံမျှသာ ဖြစ်သည်လောကိုမူ ယီယွင်က အရေးစိုက်မနေတော့ပေ။ သူ အစိုးရိမ်ရဆုံးမှာ ရေနက်နွံအိုင်အား မည်သို့ဖြတ်ရမည်ကိုပင်။

ကွေ့ပတ်သွားရန်မှာ ဝေးလွန်းလှချေ၏။

ယီယွင် ရေနက်နွံအိုင်၏အစပ်သို့သွားကာ ဆယ့်ငါးမိနစ်ခန့် စူးစမ်းနေပြီးနောက် ရုတ်တရက်ပင် ရပ်လိုက်လေ၏။

အိုး...။

သူ၏စွမ်းအင်မြင်ကွင်းထဲတွင် ​မြေအောက်ထဲမှ အနက်ရောင်စွမ်းအင်များစွာ ထွက်ပေါ်နေလေ၏။

ဂလု...ဂလု...။

နွံအိုင်အနက်ပိုင်းထဲတွင် ရုတ်တရက်မှာပင် မူမမှန်သည့် လှုပ်ရှားမှုတစ်ခု ဖြစ်ပေါ်လာသည်။ နွံများ လှုပ်ရှားလာကာ ကြီးမားသော နွံပူပေါင်းများ ထွက်ပေါ်လာ၏။

မြူခိုးများအလယ်တွင် အနက်ရောင်ပုံရိပ်တစ်ခု ပေါ်လာခဲ့လေ၏။

All Chapters