← Chapters

နွံအိုင်ကိုဖြတ်ခြင်း

Vol. 19 Ch. 281

နွံအိုင်ကိုဖြတ်ခြင်း

Vol. 19 Ch. 281

အနက်ရောင်ပုံရိပ်က မြူခိုးကြားထဲတွင် ပုန်းနေသည်ဖြစ်သော်လည်း ယီယွင်က ခရမ်းရောင်သလင်းကျောက်၏ စွမ်းအင်မြင်ကွင်းကို အသုံးပြုကတည်းက ထိုအရာကို မြင်ထားခဲ့သည်။

စွမ်းအင်မြင်ကွင်းထဲတွင် ထိုအနက်ပုံရိပ်က ဆယ်မီတာခန့်ရှည်သော မိကျောင်းတစ်ကောင် ဖြစ်လေ၏။ ထိုမိကျောင်းက ကျောက်ခဲတမျှမာကြောသည့် နက်မှောင်သော အရေပြားရှိပြီး ဦးခေါင်းတွင်လည်း ချိုတစ်ချောင်း ရှိလေသည်။ ၎င်း၏ ထူထဲသောမျက်ခွံသည် မျက်လုံးကို ဖုံးလုနီးပါးရှိနေပြီး ခန္ဓာကိုယ်တွင်မူ အဆိပ်ရှိကာ ပုပ်ဟောင်နံစော်သော နွံများ ပေကျံနေလေ၏။

ယင်းက ရှေးဟောင်း ရေနက်မိကျောင်း ဖြစ်သည်။

ရေနက်မိကျောင်းက တိုက်စားတတ်သော နွံတောများတွင်သာ ကျက်စားလေ့ရှိ၏။ ၎င်းက ခွန်အားကြီးမားပြီး ​ကောင်းစွာပင် ပုန်းအောင်းတတ်လေသောကြောင့် အန္တရာယ်များမှ ရှောင်ရှားနိုင်လေသည်။ ၎င်းတွင် အလောင်းများကိုစားသည် မနှစ်မြို့ဖွယ်ရာစရိုက် ရှိလေပြီး အထူးသဖြင့် ပုပ်နေသောအလောင်းများကို ပိုကြိုက်လေသည်။

ယီယွင်က အသက်ရှင်နေဆဲဖြစ်သော်လည်း အရေးမကြီးပေ။ ရေနက်မိကျောင်းက လတ်ဆတ်သောအသားကို စားရမည်ဆိုလျှင်လည်း ပြဿနာမရှိပေ။ ရေနက်မိကျောင်းအဖို့ ​ယီယွင်ကို နွံထဲသို့ ဆွဲချသွားကာ နေ့ဖို့ညစာအဖြစ် အသုံးပြု၍ရသည်။

ရေနက်မိကျောင်းကို မြင်ကာ ယီယွင် အကြံရသွားကာ ပြုံးလိုက်လေ၏။

ရေနက်မိကျောင်းက အမြီးကိုယမ်းကာ ယီယွင်ဆီသို့ ကူးခပ်လာသည်။ ရေနက်မိကျောင်းက ခန္ဓာကိုယ်ကြီးမားသော်လည်း အလွန်ပင် သွက်လက်လေ၏။ ၎င်းက သားကောင်ကို ပစ်မှတ်ထားပြီးလျှင် ဖြည်းညင်းစွာ ချဥ်းကပ်တတ်သည်။ သားကောင် ထွက်ပြေးသွားလျှင် လျင်မြန်စွာလိုက်ကာ လျှပ်ပြက်သည့်ပမာ တိုက်ခိုက်တတ်လေ၏။

ယီယွင် ထိုက်ခန်းလေးကို လျင်မြန်စွာဆွဲလိုက်သည်။ စွမ်းအင်မြင်ကွင်းထဲတွင် ရေနက်မိကျောင်းအဖို့ ပုန်းအောင်းနေရန် မဖြစ်နိုင်ပေ။

ယီယွင်က လက်နက်ထုတ်လိုက်ခြင်းကြောင့် ရေနက်မိကျောင်း ဒေါသထွက်သွားလေ၏။ ၎င်းက ကြောက်မက်ဖွယ်ရာ ဟစ်အော်ကာ ယီယွင်အား သတ်ရန်အတွက် ပြေးလာသည်။

ယီယွင် လျင်မြန်စွာ ဆုတ်ခွာသွား၏။ လေးကြိုးဆွဲသံ တစ်ချက်နှင့်အတူ မြားတံသည် ရေနက်မိကျောင်း၏ ဝမ်းဗိုက်အား ထိမှန်သွား၏။

ဘုန်း...။

မြားခေါင်းထဲမှ ယွမ်ချီများ ပေါက်ကွဲသွားကာ နွံများ နေရာအနှံ့သို့ လွင့်စဥ်သွားလေ၏။

ရေနက်မိကျောင်း နာကျင်သွားသည်။ ရေနက်မိကျောင်း၏ ဝမ်းဗိုက်တွင် ကြေးခွံများရှိသည့်တိုင်အောင် သွေးများ ထွက်ကျလာလေ၏။

ဝှစ်...ဝှစ်...ဝှစ်...။

ယီယွင် မြားများ ဆက်တိုက်ပစ်လွှတ်လေသည်။ ရေနက်မိကျောင်းက ခန္ဓာကိုယ်အားတွန့်လိမ်ကာ တိုက်ခိုက်မှုများကို ကျောပြင်နှင့်ခုခံရန် ကြိုးစားလေသည်။ ယီယွင်က လေလိုက်မြားများ ဆက်တိုက်ဖောက်ခွဲနေရာ နွံအိုင်ထဲတွင် နွံမုန်တိုင်း ဖြစ်ပေါ်နေလေ၏။

ရေနက်မိကျောင်း အလွန်ပင် ဒေါသထွက်နေသည်။ အားနည်းဟန်ရသော သားကောင်က သူ့အား ပစ်မှတ်ထားကာ သနားဖွယ်ရာ အခြေအနေသို့ရောက်အောင် ပြောင်းလဲပစ်လိုက်မည်ဟု ထင်မထားခဲ့ပေ။

ရေနက်မိကျောင်း ဟစ်အော်ကာ နွံအိုင်ထဲမှ ခုန်ထွက်လာသည်။ ၎င်း၏ ရှည်လျားလှသော အမြီးက ယီယွင်အား ရိုက်ချလေ၏။

ယီယွင်က လှုပ်ရှားမှုနည်းစနစ်ကို အမြင့်ဆုံးအထိ ထုတ်ဖော်လိုက်ရာ ပုံရိပ်အကြွင်းအကျန်များစွာ ဖြစ်ပေါ်သွားလေ၏။ ထို့နောက် သူက မီတာသုံးဆယ်ကျော်အဝေးအထိ ဆုတ်ခွာသွားလေသည်။

အမြီးက ယီယွင်ကို မရိုက်မိသော်လည်း မြေပြင်အား ရိုက်မိသွားကာ မြည်ဟီးသံကြီး ထွက်ပေါ်လာပြီး ပမာဏများပြားသော နွံများ လွင့်ပျံလာသည်။

ယီယွင်က တပ်တစ်ထောင်ဓားမောက် အသုံးပြုကာ နွံများကို ခုခံပြီးနောက် လှည့်ကာပြေးလေသည်။ ရေနက်မိကျောင်းက ဟစ်အော်ကာ ယီယွင်၏နောက်သို့ လိုက်လေ၏။ ရေနက်မိကျောင်းက ယီယွင်၏နောက်သို့လိုက်ရင်း နွံအိုင်ထဲမှထွက်လာပြီး ကျတ်တီးမြေထဲသို့ ဝင်လာခဲ့သည်။

ရေနက်မိကျောင်းက မြန်ဆန်သည်မှာ နွံအိုင်ထဲတွင်သာ ဖြစ်သည်။ နွံအိုင်ထဲမှ ထွက်လာခဲ့ချိန်တွင် ၎င်း၏အမြန်နှုန်းများ သိသိသာသာပင် လျော့ကျသွားလေ၏။ ရေနက်မိကျောင်းသည် ယီယွင်၏နောက်သို့လိုက်ရင်း ကီလိုမီတာအနည်းငယ်ခန့် ခရီးပေါက်လာပြီးနောက် မသက်မသာဖြစ်ခြင်းကို စတင်ခံစားလာရသည်။ နွံအိုင်နှင့် များစွာဝေးလံလာချိန်တွင် ၎င်းက အန္တရာယ်ကို ဝိုးတဝါးခံစားလာရသည်။

ရေနက်မိကျောင်းက အရှိန်လျော့ချကာ နွံအိုင်ဆီသို့ပြန်ရန် ပြင်လိုက်သည်။ သို့သော် ယီယွင်လည်း ရပ်သွားလေ၏။

ယီယွင် ပြုံးလိုက်သည်။ ဤကောင်ကြီးကို မျှားခေါ်လာရသည်မှာ မလွယ်ကူပေရာ အဘယ်သို့များ အလွယ်တကူ ထွက်ပြေးခံပါမည်နည်း။

ယီယွင်က သိုလှောင်လက်စွပ်ထဲမှ မြားတစ်ချောင်း ထုတ်ယူကာ လေးကြိုးဆွဲလိုက်သည်။

ယီယွင်က ထွက်ပြေးခြင်းမပြုတော့ဘဲ တိုက်ခိုက်ရန်ပြင်နေသည်ကို မြင်လိုက်ရချိန်တွင် ရေနက်မိကျောင်းက ဟစ်အော်ကာ ယီယွင်ဆီသို့ ပြေးဝင်သွားလေ၏။

ယီယွင်က မထိတရိ့ပြုံးကာ လက်ချောင်းများကို ဖြေလျော့လိုက်ရာ မြားသည် ကြယ်ကြွေသည့်ပမာ ပြေးထွက်သွားလေ၏။

ဝီး...။

မြားက လေထုအား လေခွင်းသံပေးကာ ထိုးဖောက်သွားသည်။

ရေနက်မိကျောင်းက ၎င်း၏ သန်မာသောခုခံနိုင်စွမ်းကို သိနားလည်လေသောကြောင့် ယီယွင်ကို မကြောက်ချေ။ ၎င်းက မြားကို ထိပ်တိုက်ရင်ဆိုင်သည်။ သို့သော် မြားက ရေနက်မိကျောင်းကို ထိမှန်သွားချိန်တွင်...။

ဘုန်း...။

ကြောက်မက်ဖွယ်ရာ ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ မြားခေါင်းထဲတွင် ဖုံးကွယ်ထားသည့် အစီအရင်က ပေါက်ကွဲသွားလေ၏။ စွမ်းအင်လှိုင်းများ ဂယက်ရိုက်သွားပြီး ဆန်းကြယ်သော အအေးစွမ်းအားတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက်တွင် စွမ်းအင်ထိသည့် နေရာတိုင်း ရေခဲသလင်းများအဖြစ် ပြောင်းလဲသွားလေ၏။

ယီယွင်က နတ်အရိုင်းမြေ ခရီးစဥ်အတွက် ဗလာမြားခေါင်းများစွာ ပြင်ဆင်ထားခဲ့သည်။ ထို့နောက်တွင် သူက ဗလာမြားခေါင်းများထဲ၌ မတူညီသော အစီအရင်များ ထည့်သွင်းထားခဲ့လေ၏။

လေလိုက်မြား ထိမှန်သွားသည့် ရေနက်မိကျောင်းအား ရေခဲသလင်းများ ဖုံးအုပ်သွားလေသည်။ ရေနက်မိကျောင်းက သွေးအေးသတ္တဝါဖြစ်၍ အအေးဒဏ်ကို ခုခံနိုင်စွမ်း အလွန်နိမ့်လေသည်။

ရေနက်မိကျောင်းက ကြီးမားသောအားအင်ဖြင့် ရုန်းကန်လိုက်ရာ ရေခဲသလင်းများ ကွဲကြေသွားသည်။ ရေနက်မိကျောင်းက ထွက်ပြေးတော့မည် ဖြစ်သော်လည်း တိုတောင်းသော အချိန်ပမာဏက ယီယွင်အတွက် လုံလောက်လေသည်။

ဝှစ်...။

ယီယွင် ကျားသစ်တစ်ကောင်ပမာ လှုပ်ရှားကာ ရေနက်မိကျောင်း၏ ဦးခေါင်းထက်သို့ ခုန်တက်လိုက်လေသည်။ သူ၏ခန္ဓာကိုယ်မှ မြည်သံများ ထွက်ပေါ်လာလေ၏။ သူ သိုလှောင်လက်စွပ်ထဲမှ အုတ်ခဲကဲ့သို့ လက်နက်အား ထုတ်ယူလိုက်သည်။

ဤအရာကို နတ်အရိုင်းမြေ လေ့ကျင့်ရေးအတွက် ယီယွင်က အထူးပြင်ဆင်ထားခြင်း ဖြစ်လေ၏။ တပ်တစ်ထောင်ဓားမောက်ကို ဓားအိမ်မှထုတ်လျှင် သွေးစွန်းရန်လွယ်ကူသော်လည်း အချိန်အများစုတွင် ယီယွင်အဖို့ သတ်ဖြတ်နေရန် မလိုအပ်ပေ။

တပ်သားသစ်ပြိုင်ပွဲ၌ အုတ်ခဲက လက်ထဲတွင် စီးစီးပိုင်ပိုင်ရှိလှသည်ကို ယီယွင် သိခဲ့ရသည်။ ထို့ကြောင့် လေ့ကျင့်ရေးအတွေ့အကြုံအတွက် အုတ်ခဲတစ်ခု ပြင်ဆင်လာခဲ့ခြင်း ဖြစ်လေသည်။

အုတ်ခဲတွင် အစီအရင်များမရှိသော်လည်း အရေးသာသည်မှာ လုံလောက်စွာ လေးလံမာကျောခြင်း ဖြစ်လေ၏။

ယီယွင်က လက်နှစ်ဖက်လုံးတွင် စွမ်းအင်များ စီးဆင်းစေပြီး ရေနက်မိကျောင်း၏ နှုတ်သီးအား အုတ်ခဲနှင့် ထုချလိုက်သည်။

ဂျွတ်...။

ယီယွင်ကြောင့် ရေနက်မိကျောင်း၏ နှုတ်သီး ကျိုးကြေသွားလေ၏။ သွေးများ ကျဆင်းလာကာ ရေနက်မိကျောင်း၏ခန္ဓာကိုယ် တွန့်လိမ်နေသည်။

ဒေါင်...ဒေါင်...။

ယီယွင်က ထပ်မံကာ ထုနှက်လေသည်။

အစပိုင်းတွင် ရေနက်မိကျောင်းက အော်ဟစ်လူးလွန့်နေခဲ့လေ၏။ နောက်ပိုင်းတွင်မူ ရေနက်မိကျောင်း၏ ခန္ဓာကိုယ်ကြီး တောင့်တင်းသွားကာ တုန်ခါနေလေ၏။

ယခင်က ရေနက်မိကျောင်းသည် ကျင့်ကြံသူများကို မြင်တွေ့ဖူးလေ၏။ ၎င်းက ကျင့်ကြံသူများ၏ အလောင်းများကို စားခဲ့ဖူးကာ ကျင့်ကြံသူများကို မောင်းထုတ်ဖူးလေသည်။ သို့သော် ဤသို့သောနည်းလမ်းမျိုးဖြင့် ရိုက်နှက်သည့် ရက်စက်သောလူသားကို တစ်ခါမျှပင် မတွေ့ခဲ့ဖူးပေ။

ဟုတ်သည်။ ဤသည်က တိုက်ပွဲ မဟုတ်လေဘဲ ရိုက်ပွဲသာ ဖြစ်ချေ၏။ ကြောက်စရာကောင်းသည့် ဤလူသားကို ယှဥ်နိုင်ခြင်းမရှိသည်ကိုလည်း ရေနက်မိကျောင်းက သိရှိသွားလေသည်။

ရေနက်မိကျောင်း စုတ်ပြတ်နေအောင် အရိုက်ခံထားရသည်ကို မြင်သောအခါတွင် ယီယွင် ရပ်လိုက်သည်။ သူ၏ခြေထောက်များက ရေနက်မိကျောင်း၏ လည်ပင်းကို ခွထားဆဲပင်။ ရွှေအုတ်ခဲက ရေနက်မိကျောင်း၏ နှုတ်သီးနားတွင် တဝဲလည်လည် ရှိနေဆဲပင်။ ရေနက်မိကျောင်းအတွက်မူ အုတ်ခဲက ကြောက်မက်ဖွယ်ရာ ခြိမ်းခြောက်မှုတစ်ခု ဖြစ်လေ၏။

" မင်း..."

ယီယွင်က ဆိုသည်..." ငါပြောတာကို မင်း နားလည်လားဆိုတာ ငါ မသိဘူး။ ဒါပေမဲ့ မင်းက ငါ့ရဲ့စီးတော်ယာဥ်အဖြစ် ယာယီလုပ်ပေးပြီး ငါ ရေနက်နွံအိုင် ဖြတ်ကူးတာကို အပို့အကြို လုပ်ပေးရမယ်။ နွံအိုင်အလယ်ကိုရောက်မှ ငုပ်ဆင်းသွားတာလိုမျိုး မကောင်းတဲ့အတွေး ရှိနေခဲ့မယ်ဆိုရင်တော့ မင်းရဲ့နှုတ်သီး ချက်ချင်း ပွင့်ထွက်သွားစေရမယ်လို့ ငါ အာမခံတယ် "

ယီယွင်က လက်တစ်ဖက်တွင် အုတ်ခဲကို ကိုင်ထားကာ အခြားတစ်ဖက်တွင် တပ်တစ်ထောင်ဓားမောက်ကို ကိုင်ထားလေသည်။ အေးစက်သော ဓားမောက်၏ ဓားသွားက ရေနက်မိကျောင်း၏ နှုတ်သီးပေါ်သို့ ရောက်ရှိသွားလေ၏။

" ရေနက်နွံအိုင်ထဲကို ကျသွားရင် ငါ့ရဲ့ယွမ်ချီတွေ ကုန်ခမ်းနိုင်တယ်ဆိုပေမဲ့ နှစ်နာရီကနေ လေးနာရီလောက်အထိတော့ အေးဆေးနေနိုင်တယ်။ ဒါဟာ ငါ့အတွက် မင်းကိုသတ်ဖို့ အချိန်တွေ အများကြီးရတယ် "

ယီယွင်က ရေနက်မိကျောင်း၏နှုတ်သီးအား တပ်တစ်ထောင်ဓားမောက်နှင့် လှီးလိုက်သည်။ တပ်တစ်ထောင်ဓားမောက်က ရေနက်မိကျောင်း၏ ကြေးခွံကို လှီးဖြတ်နိုင်ခြင်းမရှိသော်လည်း နှုတ်သီးတွင် အေးစိမ့်သောခံစားချက်ကို ပေးခဲ့လေသောကြောင့် ရေနက်မိကျောင်းမှာ သတ္တိကြောင်သွားရလေ၏။

ပျက်စီးခြင်းသားရဲများက ဥာဏ်ရည်မြင့်မားသည်။ ယီယွင်က ရိုက်နှက်သည်ကို ခံခဲ့ရပြီး အသက်အန္တရာယ်ခြိမ်းခြောက်မှု ကြုံလာရချိန်တွင် ရေနက်မိကျောင်းက ယီယွင်၏ဆန္ဒကို နားလည်သွားခဲ့ဟန် ရှိလေသည်။ ခုခံခြင်းမပြုဘဲ ယီယွင်၏ဆန္ဒအတိုင်း လိုက်လျောပေးပါက အသက်အန္တရာယ် မရှိနိုင်ပေ။

" သွား..."

ယီယွင်က တပ်တစ်ထောင်ဓားမောက်နှင့် ညွှန်ပြလိုက်သည်။ ရေနက်မိကျောင်းက တစ်ခဏမျှ မှင်တက်မိနေပြီးနောက် ယီယွင်၏ဆန္ဒကို နားလည်သွားကာ ယီယွင် ညွှန်ပြသည့်အရပ်သို့ တွားသွားခဲ့လေ၏။

ရေနက်မိကျောင်းက ရေနက်နွံအိုင်ဆီသို့ ဦးတည်နေပြီး ပိုမိုမြန်ဆန်လာခဲ့သည်။

ရေနက်မိကျောင်းကို စီးတော်ယာဥ်လုပ်ထားသည့် ယီယွင်အဖို့ နွံထဲသို့ ဆင်းရခြင်းနှင့် ယွမ်ချီပမာဏများစွာ ​သုံးစွဲရခြင်းတို့ကို ကာကွယ်နိုင်ခဲ့လေသည်။ ထို့ကြောင့် ယီယွင်အဖို့ ယွမ်ချီကို အဆိပ်ငွေ့များ ပြယ်လွင့်စေရေးအတွက် အသုံးပြုရန်သာ လိုအပ်လေသည်။

ဤသို့ဆိုလျှင် ယီယွင်အတွက် သက်လုံအားကို ထိန်းထားနိုင်ပြီး ရေနက်နွံအိုင်ကို လျင်မြန်စွာ ဖြတ်ကူးနိုင်ပေလိမ့်မည်။

All Chapters