ဥက္ကာခဲချောက်ကမ်းပါး
Vol. 19 Ch. 282
လက်တစ်ဖက်တွင် ရွှေအုတ်ခဲ ကိုင်ထားပြီး အခြားတစ်ဖက်တွင် တပ်တစ်ထောင်ဓားမောက် ကိုင်ထားလျက်ရှိပြီး ယီယွင်၏ ဓားဖျားက ရေနက်မိကျောင်း၏ နှုတ်သီးပေါ်တွင် တင်ထားလေသည်။ ရေနက်မိကျောင်းသည် ယီယွင်က သတ်မည်ကို ကြောက်ရွံ့လေသောကြောင့် ယီယွင်၏ ညွှန်ကြားချက်အတိုင်း နွံအိုင်ကိုဖြတ်ကာ ကြိုပို့ယာဥ် လုပ်ပေးခဲ့ရလေသည်။
ဗွမ်း...။
ရေနက်မိကျောင်းက နွံအိုင်ထဲသို့ ဆင်သွားကာ နွံအိုင်အနက်ပိုင်းထဲသို့ ဦးတည်လေသည်။
နွံအိုင်အနက်ပိုင်း မည်သို့ရှိသည်ကို မြင်လိုက်ရချိန်တွင် ယီယွင် သက်ပြင်းချလိုက်၏။ ရေနက်နွံအိုင်က အမှန်တကယ်ပင် သေခြင်းများပြည့်နေသော နေရာတစ်ခု ဖြစ်လေသည်။
ဤနေရာတွင် ပျက်စီးခြင်းသားရဲအသိုက်များ အလွန်နည်းပါးသော်လည်း ပျက်စီးခြင်းအရိုးများ များစွာပင်ရှိနေသည်။ ပျက်စီးခြင်းသားရဲများ၏ အသားများအားလုံး တိုက်စားခံထားရလေပြီး ကျန်ရစ်ခဲ့သော ပျက်စီးခြင်းအရိုးများတွင်ပင် စွမ်းအင်များ အလွန်နည်းပါးလေသည်။ ပျက်စီးခြင်းအရိုးများက နွံအိုင်၏အဆိပ်ကြောင့် အနက်ရောင်ပြောင်းနေလေ၏။
နွံအိုင်ထဲတွင် ကိုယ်တစ်ဝက်မြုပ်နေပြီး တောင်ကမ်းပါးတစ်ခုနှင့် ဆင်တူသည့် စပါးအုံအရိုးတစ်ခုကို ယီယွင် တွေ့ခဲ့ရသည်။ နံရိုးများက ကောင်းကင်ထက်သို့ မီတာရာချီကာ ဆန့်နေလျက်ရှိပြီး လှံများက ကောင်းကင်ပြာကို ထိုးတော့မည့်အလား ဖြစ်နေသည်။
ထိုမျှအားကောင်းသော ပျက်စီးခြင်းသားရဲတစ်ကောင်က ဤနေရာတွင် သေနေရသည်ကို ယီယွင် ယုံကြည်ရခက်နေ၏။
နွံအိုင်ထဲတွင် ပျက်စီးခြင်းသားရဲများ အလွန်နည်းပါးသော်လည်း အဆိပ်ရှိသည့် အပင်များကမူ အလွန်များပြားလေသည်။ မီတာပေါင်းဆယ်ချီကာ ရှည်လျားကြပြီး အဆိပ်များပြည့်နေသည့် နွယ်ပင်များနှင့် အလောင်းများကို ဝါးမျိုတတ်သည့် ထူးဆန်းသော အရောင်အသွေးရှိသော ပန်းများလည်း ရှိလေသည်။
လေသင်္ဘောတစ်စီး၏ အစိတ်အပိုင်းများကိုပင် ယီယွင် မြင်ခဲ့ရသည်။ ကိုယ်ထည်သည် ပြင်းထန်စွာ ဆွေးမြေ့နေလျက်ရှိပြီး သွေးနီရောင် ရေညှိများ ပေါက်ရောက်နေလေသည်။
အများအားဖြင့်ဆိုလျှင် နတ်အရိုင်းမြေအား ဖြတ်ကာပျံသန်းကြသည့် လေသင်္ဘောများက အရွယ်အစား ကြီးမားကြလေ၏။ မျိုးစုံသော အစီအရင်များ ၊ လက်နက်များ ၊ အမြောက်များ ပါရှိလေပြီး ၎င်းတို့ကို ထိန်းချုပ်ရန်အတွက် လူသားအရှင်သခင် ဆယ်ယောက်ကျော် လိုအပ်သည်။
သာမန် လေသင်္ဘောငယ်များကမူ လေထဲတွင် ပျက်စီးခြင်းသားရဲများ တိုက်ခိုက်လာပါက အလွယ်တကူပင် ပျက်စီးနိုင်လေ၏။ လေသင်္ဘော ပျက်စီးသွားလျှင် မပျံသန်းနိုင်သည့် ခရမ်းသွေးနယ်ပယ် စစ်သည်များအဖို့ ပျက်စီးခြင်းသားရဲများနှင့် တိုက်ခိုက်ကာ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံသကဲ့သို့ ဖြစ်သွားရပေမည်။
ယီယွင်၏ရှေ့မှ လေသင်္ဘောက သင်္ဘောငယ်အမျိုးအစားထဲတွင် ပါဝင်လေပြီး ပျံသန်း၍မရပေ။ ၎င်းအား ရေနက်နွံအိုင်ကို ဖြတ်သန်းရန်အတွက် အထူးပြင်ဆင်ပေးထားဟန် ရှိလေသည်။
မျက်စိရှေ့မှ ဥပမာများကြောင့် ယီယွင်သည် ရေနက်မိကျောင်းက အကောင်းနှင့်အဆိုး တူညီသည့်အရာများ ဖျက်ဆီးမှုလုပ်မည်ကို ကြိုတင်ကာကွယ်ချင်ခဲ့လေ၏။ သူ၏ တပ်တစ်ထောင်ဓားမောက်ကို နက်နက်ထိုးလိုက်ရာ ရေနက်မိကျောင်း တုန်ယင်သွားပြီး ခြေလက်လေးချောင်း ပြင်းထန်စွာလှုပ်ရှားက ရှေ့သို့ကူးခပ်သွားလေသည်။
လခြမ်းကွေး ပေါ်ထွက်လာချိန်အထိ ခရီးဆက်ခဲ့လေပြီး နောက်ဆုံးတွင်မူ အဝေးမှ ကျွန်းတစ်ခုကို ယီယွင် မြင်လိုက်ရသည်။
ရှေ့တွင် ကျွန်းတစ်ခု မြင်ရမှာသာ ယီယွင် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်၏။ နောက်ဆုံးတွင် သူ စိုးရိမ်စိတ်များ ပြေလျော့သွားရပေပြီ။ သူ တပ်တစ်ထောင်ဓားမောက်ကို ရေနက်မိကျောင်း၏ နှုတ်သီးမှ ဆွဲနုတ်လိုက်ပြီး ကမ်းစပ်ဆီသို့ ခုန်သွားခဲ့သည်။
ရေနက်မိကျောင်းက ယီယွင်အား စိုးရိမ်သည့် မျက်ဝန်းများနှင့် ကြည့်နေလေ၏။
ယီယွင် ပြုံးကာ..." ကျေးဇူးတင်ပါတယ် "
ယီယွင် လှည့်ကာပြေးထွက်သွားခဲ့သည်။ ရေနက်မိကျောင်းသည်သည် ပခုံးပေါ်မှ ဝန်ထုပ်ကြီးအား ဖယ်လိုက်သည့်ပမာ ခံစားလိုက်ရပြီး အမြီးအား လျင်မြန်စွာယမ်းကာ ထွက်ပြေးသွားလေသည်။
....................
ရေနက်နွံအိုင်ကို ဖြတ်သန်းပြီးသည့်နောက်တွင် ဥက္ကာခဲချောက်ကမ်းပါးနှင့် နီးကပ်လာပြီဖြစ်၏။
လေထဲတွင် သန့်စင်ယန်ချီများ ပိုမိုကြွယ်ဝလာသည်ကို ယီယွင် ခံစားမိသည်။ သူ လုံခြုံသောနေရာတစ်ခု ရှာဖွေကာ နာရီအနည်းငယ်ခန့် သမထထိုင်ပြီး အထွတ်အထိပ် အခြေအနေသို့ရောက်အောင် လုပ်ခဲ့သည်။
နောက်တစ်ရက်တွင် တိုက်ပွဲအစစ် စတင်ပေတော့မည်။
နောက်တစ်ရက်မနက်တွင် ယီယွင် ချောက်ကမ်းပါးတစ်ခုပေါ်တွင် ရပ်ကာ အဝေးသို့ ကြည့်လိုက်လေ၏။ သူ၏ရှေ့တွင် အဆုံးမဲ့သော ကျတ်တီးမြေတစ်ခု ရှိနေသည်။ မြေပြင်တွင် နီရဲသော ကျောက်အပိုင်းအမစများနှင့် ပြည့်နေလေ၏။
လေသင်္ဘောပေါ်မှ ကြည့်မည်ဆိုလျှင် နက်ရှိုင်းသော ချောက်ကမ်းပါးကြီးကို နတ်ဘုရားတစ်ပါးက နတ်ဓားနှင့် လုပ်ဆောင်ထားသည့် အမာရွတ်ကြီးတစ်ခုဟု ထင်ကြပေလိမ့်မည်။
ဥက္ကာခဲချောက်ကမ်းပါး၏ အလယ်တွင် ဖျော့တော့သော ယန်မီးတောက်များ တောက်ပနေလေ၏။ အပူချိန်သည် ကီလိုမီတာအနည်းငယ် ပတ်လည်ခန့်အတွင်းမှ အရာအားလုံးကို နီရဲနေစေပြီး ကောင်းကင်ထက်မှ တိမ်စိုင်များကိုပင် အငွေ့ပျံသွားစေလေသည်။
ဥက္ကာခဲချောက်ကမ်းပါး အောက်ခြေမျက်နှာပြင်တွင် မီးတောက်အလွှာများ လွှမ်းခြုံထားသည် မြူခိုးများ ဖုံးလွှမ်းနေပြီး အထဲမှအရာအားလုံးကို ရှင်းလင်းစွာမမြင်ရပေ။ ဤနေရာတွင် လေထုက သိသိသာသာပင် ပိုပူလာသည်။
ခရီးဦးတည်ရာက ရှေ့တွင်ရှိနေသည်ဖြစ်ရာ ယီယွင်၏ စိတ်လှုပ်ရှားမှုများ နက်ရှိုင်းလာခဲ့၏။
ယီယွင် ဥက္ကာခဲချောက်ကမ်းပါး၏ အဖျားပိုင်းသို့ လျင်မြန်စွာ ရောက်ရှိသွားခဲ့သည်။ ချောက်အနက်ပိုင်းမှ ပူပြင်းသောလေများ ထွက်နေလေ၏။
သူ ကမ်းပါးပေါ်တွင်ရပ်ကာ အောက်သို့ငုံ့ကြည့်လိုက်ရာ ကြီးမားကျယ်ပြန့်သော ချိုင့်ကြီးများကို တွေ့လိုက်ရလေ၏။ ထိုချိုင့်ကြီးများ၏ အောက်ခြေတွင် ဖုံးကွယ်နေသည့် နက်ရှိုင်းသော အက်ကြောင်းများ ရှိလေ၏။ ၎င်းတို့အားလုံး ပမာဏများပြားလှသော အနီရောင်မီးခိုးငွေ့များထဲတွင် ပုန်းအောင်းနေသည်ဖြစ်ပြီး မြင်နိုင်ရန် ခက်ခဲလှသည်။
မီးခိုးငွေ့များထဲတွင် ဆန်းကြယ်စွာဖြင့်ပင် မီတာပေါင်းရာချီကာ မြင့်မားသော ဧရာမသစ်ပင်ကြီးများ ရှိနေလေ၏။ ဤနေရာတွင် တစ်နှစ်ပတ်လုံး မိုးမရွာသည့်တိုင်အောင် သစ်ပင်များ ရှိနေသည်မှာ ထူးဆန်းလှချေသည်။
" တကယ်ကို အံ့ဖွယ်နေရာတစ်ခုပဲ "
ယီယွင် ခံစားချက်များ ပြည့်နှက်နေသည်။ မည်ကဲ့သို့ ဥက္ကာခဲမျိုးက ကြွေကျပြီးနောက်တွင် ဤသို့မြင်ကွင်းမျိုး ဖြစ်ပေါ်လာစေခဲ့သည်ကို သူ သိလိုသည်။
လေပူများထံမှ သားရဲများ ဟိန်းဟောက်သံသဲ့သဲ့ကို သူ ကြားနေရလေ၏။ ယီယွင် စွမ်းအင်မြင်ကွင်းကို ဖွင့်လိုက်သည်။ ချောက်၏ အကန့်အသတ်မဲ့သော မျက်နှာပြင်ပေါ်တွင် ယီယွင်က စွမ်းအင်မြင်ကွင်း အသုံးပြုကာ စွမ်းအင်အလင်းစက်များစွာနှင့် အသက်လက္ခဏာများကို ဖြည်းညင်းစွာ အာရုံခံမိလာလေ၏။
တိုင်အာနတ်မြို့၏ နတ်အရိုင်းမြေစာအုပ်ထဲတွင် ဥက္ကာခဲချောက်၏ ပြင်ပနေရာ အနေအထားများကို အသေးစိတ်ဖော်ပြထားလေ၏။ သို့သော် ဥက္ကာခဲချောက် အနက်ပိုင်းထဲတွင် ကြယ်ကြွေဂိတ် ရှိနေသော်လည်း တိုင်အာနတ်မြို့တွင် ဖော်ပြထားသည်မှာ အလွန်နည်းလေသည်။ စာတစ်ကြောင်းဖြင့် ဖော်ပြထားသည်လည်း ရှိနေလေ၏။
" ကြယ်ကြွေဂိတ် အတွင်းပိုင်းထဲမှာ ယန်မီးတောက်တွေက နှစ်သန်းပေါင်းဆယ်ချီအထိ မငြိမ်းနိုင်အောင် လောင်ကျွမ်းနေတယ်။ ချောက်ထဲမှာရှိတဲ့ အမြဲပြောင်းလဲနေတဲ့ ပတ်ဝန်းကျင်က အရမ်းအန္တရာယ်များတယ် မဝင်ကြနဲ့ "
ယီယွင်သည် ကြယ်ကြွေဂိတ် အတွင်းပိုင်း၌ မည်သည်အရာများ ရှိနေလိမ့်မည်ကို အလွန်စိတ်ဝင်စားသော်လည်း သူ့ကိုယ်သူအား သိလေသည်။ ထိုသို့နေရာမျိုးတွင် သူ၏ ခရမ်းသွေးနယ်ပယ် ကျင့်ကြံမှုမျှဖြင့် အသက်ရှင်နိုင်ရန်မှု မဖြစ်နိုင်ပေ။ ထိုနေရာကို ရှောင်ရှားခြင်းကသာ အကောင်းဆုံးဖြစ်လေသည်။
ယီယွင် အလွန်စိတ်လှုပ်ရှားနေ၏။ စိတ်တည်ငြိမ်လာပြီးနောက်တွင် ယီယွင်၏မျက်ဝန်းများ ပိုမိုတောက်ပလာ၏။ သူ အသက်ပြင်းပြင်းရှုကာ အရပ်မျက်နှာ ရွေးချယ်ပြီးနောက် ချောက်ထဲသို့ ငှက်ကြီးတစ်ကောင်ပမာ ခုန်ဆင်းသွားလေသည်။
ဥက္ကာခဲချောက်၏ အပြင်ဘက်ပိုင်းက မီတာရာအနည်းငယ်ခန့် မြင့်မားလေသည်။ ယီယွင်က ကမ်းပါးနံရံကို တပ်တစ်ထောင်ဓားမောက်နှင့် ထိုးသွင်းကာ တွယ်ကပ်လိုက်လေ၏။
ဘုန်း...။
ယီယွင် မြေပြင်သို့ ပြင်းထန်စွာကျဆင်းသွားကာ အနီရောင်ဖုန်မှုန့်များ ထကြွသွားလေ၏။ သူ ဘေးပတ်လည်အား ကြည့်လိုက်လေရာ ကောင်းကင်အား အနီရင့်ရောင် မီးခိုးများက ပိတ်ဆို့ထားသည်ကို တွေ့လိုက်ရသည်။
ယီယွင်က ဧရာမကျောက်တုံးတစ်ခု၏ အောက်ခြေတွင် ရှိနေသည်။ ကျတ်တီးမြေ ကျောက်တုံးကြီးက တောင်တစ်လုံးပမာ ကြီးမားလှပြီး ချုံနွယ်သစ်ပင်များ ပေါက်ရောက်နေလေသည်။
သစ်ပင်များက နက်မှောင်နေကာ သတ္တုရောင် တောက်ပနေလေ၏။ ၎င်းတို့ အကိုင်းအခတ်အချို့တွင် ရွှေရောင်အဖူးများရှိနေပြီး အားကောင်းသော အသက်စွမ်းအားကို ပြသနေလေသည်။
ဥက္ကာခဲချောက်ထဲတွင် ယီယွင်က စွမ်းအင်မြင်ကွင်းကို မပြတ်ဖွင့်ထားလေ၏။
ဝေါ...။
ယီယွင် ရေစီးသံတစ်ခု ကြားလိုက်ရသည်။ ထိုအသံကြောင့် ယီယွင် အံ့အားသင့်သွားရလေ၏။ ဥက္ကာခဲချောက်ထဲတွင် မိုးမရွာသလို အပူချိန်မြင့်မားလေရာ အဘယ်သို့ဖြစ်၍ မြစ်တစ်စင်း ရှိနေရလေသနည်း။
ယီယွင် အသံကြားရာအတိုင်း လိုက်သွားလေရာ ဆယ်မီတာခန့်အဝေးတွင် တောင်တစ်လုံးကို ကွေ့ပတ်ထားသည့် မြစ်တစ်စင်းအား တွေ့လိုက်ရသည်။
ယီယွင် အနီးကပ်သွားကြည့်ချိန်တွင် အံ့အားသင့်သွားရလေ၏။ ထိုမြစ်မှ အေးစက်မှုတစ်ခု ထွက်ပေါ်နေသည်။ ရေကို ထိကြည့်မိရုံနှင့်ပင် အရိုးခိုက်လုမတတ် အေးစိမ့်သွားရလေ၏။
ယီယွင် အံ့အားသင့်သွားရသည်။ ဒီမြစ်က ဘာလဲ။
မြစ်ရေက ကြည်လင်နေကာ အောက်ခြေအထိ မြင်ရလေသည်။ မြစ်ထဲမှ လက်ဝါးအရွယ်ခန့် ငါးများကို ထွင်းဖောက်ကာ မြင်နေရလေ၏။
ယီယွင်က ထူးဆန်းသော မြစ်အကြောင်းကို တွေးနေချိန်တွင် သူ၏စွမ်းအင်မြင်ကွင်းထဲ၌ အပြောင်းအလဲ ဖြစ်လာသည်။
ရုတ်ခြည်းမှာပင် ကောင်းကင်ထက်တွင် လေခွင်းသံများ ထွက်ပေါ်လာ၏။ တစ်စုံတစ်ခုက လေထုကိုခွင်းကာ လျင်မြန်စွာ ချဥ်းကပ်လာနေချေ၏။
ယီယွင်က စွမ်းအင်မြင်ကွင်းမှ မြင်ထားခဲ့ပြီးဖြစ်၍ လိုက်ရှာခြင်းမပြုပေ။ ယင်းက နွားဦးခေါင်းနှင့် ဆိတ်ခန္ဓာကိုယ်ရှိသည့် ထူးဆန်းသော သားရဲတစ်ကောင် ဖြစ်သည်။ ၎င်းတွင် ထက်ရှသော လက်သည်းများနှင့် ကျောဘက်၌ တောင်ပံများ ရှိလေသည်။
၎င်းက တောင်ပံများ ဖြန့်လိုက်ချိန်တွင် ကိုးမီတာကျော် ရှည်လျားလေပြီး ယီယွင်၏ ဦးခေါင်းထက်တွင် ဝဲနေသည်။
" တောင်ပံနှစ်ဆနတ်ဆိုးနွားသိုး "
ယီယွင် ဝပ်ချလိုက်ချိန်တွင် ဦးခေါင်းထက်မှ လေပြင်းတစ်ခု ဖြတ်ပြေးသွားသည်။ တောင်ပံနှစ်ဆနတ်ဆိုးနွားသိုး၏ သတ္တုပမာ လက်သည်းများက အောက်သို့ကုတ်ချလိုက်၏။
ယီယွင်က ခန္ဓာကိုယ်ကို မြေပြင်တွင်ကပ်ထားပြီး အဝေးသို့သွားနေသည်။ သူ၏လက်ထဲတွင် ထိုက်ခန်းလေး ပေါ်ထွက်လာပြီး သားရဲ၏ဦးခေါင်းဆီသို့ မြားတစ်ချောင်း ပစ်လိုက်လေသည်။
စွမ်းအင်မြင်ကွင်းထဲတွင် တောင်ပံနှစ်ဆနတ်ဆိုးနွားသိုးကို ရှင်းလင်းစွာပင် မြင်နေရလေ၏။ မြားက တောင်ပံနှစ်ဆနတ်ဆိုးနွားသိုး၏ အားနည်းချက်ကို ပစ်မှတ်ထားလေသည်။
တောင်ပံနှစ်ဆနတ်ဆိုးနွားသိုးက ရေနက်မိကျောင်းထက် များစွာအားနည်းသည်။ ၎င်း၏တောင်ပံများက သံနက်တမျှ မာကျောသော်လည်း ဝမ်းဗိုက်ကမူ အလွန်ပျော့ပြီး အားနည်းချက်လည်း ဖြစ်ချေသည်။
တောင်ပံနှစ်ဆနတ်ဆိုးနွားသိုးက မြူခိုးထဲတွင်ရှိနေသည်။ တောင်ပံနှစ်ဆနတ်ဆိုးနွားသိုးက အန္တရာယ်ကို ခံစားမိလျင်ပင် အကွာအဝေးက နီးနေလေသောကြောင့် ရှောင်တိမ်းရန် နောက်ကျသွားချေပြီ။
ဝီး...။
လေလိုက်မြားက တောင်ပံနှစ်ဆနတ်ဆိုးနွားသိုး၏ ဝမ်းဗိုက်ကို ထိုးဖောက်သွားလေ၏။
ဘုန်း...။
တောင်ပံနှစ်ဆနတ်ဆိုးနွားသိုးမှာ ကျောက်ဆောင်များနှင့် ပြင်းထန်စွာ ရိုက်မိသွားလေ၏။ တောင်ပံနှစ်ဆနတ်ဆိုးနွားသိုး၏ ဝမ်းဗိုက်မှ သန့်စင်ယန်စွမ်းအင်များ ထွက်လာလေသည်။
ဥက္ကာခဲချောက် အပြင်ဘက်ဆုံးအပိုင်းမှာ အတော်ပင် အားနည်းကြသည်။ ထို့ကြောင့်ပင် ယီယွင်က တောင်ပံနှစ်ဆနတ်ဆိုးနွားသိုးကို အလွန်လွယ်ကူစွာ ရင်ဆိုင်နိုင်ခဲ့ခြင်း ဖြစ်လေ၏။
ယီယွင်က တောင်ပံနှစ်ဆနတ်ဆိုးနွားသိုး၏ ဝိညာဥ်အမှတ်အသားကို စုပ်ယူရန်ပြင်လိုက်ချိန်တွင် အသံတစ်ခုအား ကြားလိုက်ရသည်။
ရုတ်ခြည်းမှာပင် ကောင်းကင်ထက်တွင် ထက်ရှသော ဓားအလင်းတစ်ခု ပေါ်လာလေ၏။
ယီယွင် အနည်းငယ် မှင်တက်မိသွားကာ အသံထွက်ပေါ်လာရာဆီသို့ လှမ်းကြည့်လိုက်သည်။ အိုး... အခြားသူတွေလည်း ရှိနေသေးတာလား။