အခွင့်အရေးယူကာ သတ်ခြင်း
Vol. 19 Ch. 283
မျက်ဝန်းတွင် အလင်းရောင်တစ်ချက် တောက်ပသွားပြီး ယီယွင်၏ အမြင်အာရုံက မြူခိုးလွှာကို ထိုးဖောက်သွားလေ၏။ သူ အဝေးမှ မြင်ကွင်းတစ်ခုကို ချက်ချင်းမြင်လိုက်ရသည်။ ဆယ်ကျော်သက်အရွယ် လူငယ်တစ်ဦးနှင့် မိန်းကလေးတစ်ဦးတို့က ဧရာမပုရွက်ဆိတ်နီတစ်ကောင်နှင့် တိုက်ခိုက်နေခြင်း ဖြစ်လေ၏။
ထိုပုရွက်ဆိတ်နီကို ယီယွင် သိသည်။ ယင်းက မီးသတ္တုပုရွက်ဆိတ် ဖြစ်လေ၏။ ၎င်း၏ ခန္ဓာကိုယ်တွင် အနီရောင်ချပ်ဝတ် လွှမ်းခြုံထားလေသောကြောင့် ထိုးဖောက်၍မရနိုင်ပေ။ ၎င်း၏ အားနည်းချက်က နှာမောင်းတံ ဖြစ်လေ၏။ နှာမောင်းတံ ခုတ်ဖြတ်ခံလိုက်ရပါက မီးသတ္တုပုရွက်ဆိတ် ကန်းသွားပေလိမ့်မည်။ မီးသတ္တုပုရွက်ဆိတ်၏ အာရုံခံနိုင်စွမ်းများ နှေးကွေးသွားမည်သာမက ကြီးမားလှသော ထိခိုက်မှုကိုလည်း ဖြစ်စေလိမ့်မည်။
ထိုသို့ဖြစ်လာလျှင် မီးသတ္တုပုရွက်ဆိတ်ကို သတ်ဖြတ်ရသည်မှာ များစွာပိုမိုကာ လွယ်ကူသွားလေ၏။ သို့သော် မီးသတ္တုပုရွက်ဆိတ်က နှာမောင်းတံများကို အလွန်ဂရုစိုက်စွာ ကာကွယ်တတ်သည်။ နှာမောင်းတံကို တိုက်ခိုက်လိုသူများအဖို့ မီးသတ္တုပုရွက်ဆိတ်၏ ကြမ်းတမ်းသော သတ္တုညှပ်ကို ဦးစွာရင်ဆိုင်ရပေလိမ့်မည်။
လူငယ်နှင့် မိန်းကလေးတို့က မီးသတ္တုပုရွက်ဆိတ်ထက် အားနည်သည်မှာ သိသာလှပြီး အန္တရာယ်အခြေအနေတွင် ရောက်ရှိနေလေသည်။
" သူတို့က တိုင်အာနတ်ပြည်ထောင်ရဲ့ ကျင့်ကြံသူတွေ ဖြစ်လောက်မယ် "
ထိုနှစ်ဦး၏ ဝတ်စားပုံနှင့် ကျင့်စဥ်များကြောင့် တိုင်အာနတ်ပြည်ထောင်မှ ဖြစ်လောက်မည်ဟု ယီယွင်က တွေးလိုက်သည်။
သူ အနည်းငယ် ဘေးကျပ်နံကျပ် ဖြစ်နေလေ၏။ သူ အလျင်စလို ရှေ့တက်သွားခြင်းမပြုပေ။ ထိုနှစ်ဦးက မီးသတ္တုပုရွက်ဆိတ်ကို ယှဥ်နိုင်သည်ဆိုရုံမျှ ရှိနေသည်ကို သူ မြင်နေရသော်လည်း ထိုနှစ်ဦးက အချိန်မရွေးပင် ရှုံးသွားနိုင်လေ၏။
သူ့အဖို့ သန့်စင်ယန် သားရဲအမှတ်အသားကို ဦးစွာစုပ်ယူရန် ကြိုးစားရချေမည်။ ဤသည်က ဥက္ကာခဲချောက်တွင် ယီယွင် ပထမဆုံး သတ်ဖြတ်ခဲ့သည့် သန့်စင်ယန် ပျက်စီးခြင်းသားရဲ ဖြစ်လေ၏။
ခရမ်းရောင်သလင်းကျောက်ကို သူ၏စိတ်စွမ်းအားနှင့် ထိတွေ့စေလိုက်ရာ ဝဲကတော့ကဲ့သို့ အားတစ်ခု ပေါ်လာခဲ့ပြီး တောင်ပံနှစ်ဆနတ်ဆိုးနွားသိုးအား ထိတွေ့လေသည်။
ဝီ...ဝီ...။
စွမ်းအင် စတင်တုန်ခါလာကာ တောင်ပံနှစ်ဆနတ်ဆိုးနွားသိုး၏ ယန်စွမ်းအင်များ စတင်ထုတ်ယူခံရလေ၏။ တောင်ပံနှစ်ဆနတ်ဆိုးနွားသိုး၏ သားရဲအမှတ်အသား လေထဲတွင် ပေါ်လာလေ၏။
သားရဲအမှတ်အသားက ပေါ်လာသည်နှင့် ထွက်ပြေးရန်ကြိုးစားလေ၏။ ယီယွင်က သားရဲအမှတ်အသားကို စုပ်ယူစွမ်းအား အသုံးပြုကာ ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းလိုက်လေ၏။ ယီယွင်၏ခန္ဓာကိုယ် တုန်ယင်သွားသည်။ သန့်စင်ယန်စွမ်းအင်များက သူ၏အရိုးနှင့် သွေးကြောများထဲတွင် စီးဆင်းကာ တန်းထျန်ထဲသို့ ဖြည်းညင်းစွာ ဝင်ရောက်သွားသည်။
ယီယွင် စုပ်ယူထားသည့် သန့်စင်ယန်စွမ်းအင်များက မီးပြင်းဖိုပမာ လောင်ကျွမ်းနေ၏။ ယင်းက ယီယွင်၏ အရိုးနှင့်သွေးများကို တည်ငြိမ်စေပြီး ပြီးပြည့်စုံစွာ လိုက်ဖက်ညီနေလေ၏။
" ထင်ထားသလိုပဲ... ဥက္ကာခဲချောက်ထဲက ပျက်စီးခြင်းသားရဲတွေမှာ အတော်ကြွယ်ဝတဲ့ သန့်စင်ယန်ယွမ်ချီတွေ ရှိနေတာပဲ။ နောက်ဆုံးတော့ ငါက သန့်စင်ယန်ပုံရိပ်တစ်ခု ဖွဲ့စည်းနိုင်တော့မယ် "
ယီယွင်က သားရဲတစ်သောင်းပုံရိပ်ထဲမှ မှတ်တမ်းများအတိုင်း လုပ်ဆောင်ကာ သန့်စင်ယန်ပုံရိပ် ဖွဲ့စည်းရန် ကြိုးပမ်းလေ၏။ ဤသည်မှာ ယီယွင် သားရဲတစ်သောင်းပုံရိပ်၏ ရှုထောင့်ပုံရိပ်ကို ပထမဆုံးအကြိမ် စတင်ဖွဲ့စည်းခြင်း ဖြစ်လေသည်။ ယခင်က သူ သတ်ခဲ့သည့် ခြေတစ်ထောင်ပိုးကောင်နက်က သန့်စင်ယန်သားရဲ မဟုတ်ပေ။ ထို့ကြောင့် ယီယွင်က သားရဲအမှတ်အသားကိုသာ စုပ်ယူနိုင်ခဲ့သည်။ ယနေ့မတိုင်မီအထိ ယီယွင်က သားရဲအမှတ်အသားကို ရှုထောင့်ပုံရိပ် အခြေခံအုတ်မြစ် တည်ဆောက်ရန်အတွက် အသုံးပြုခဲ့သည်။
အကဲဖြတ်ခံရမှု နည်းပါးသော ထိပ်တန်းအဆင့် ဆန်းကြယ်ပုံရိပ်နည်းစနစ်တစ်ခုဖြစ်ပြီး ပညာရှိများပင် နားမလည်နိုင်သော သားရဲတစ်သောင်းပုံရိပ်နည်းစနစ်၏ ရှုထောင့်ပုံရိပ်ကို ယီယွင်က မျှော်လင့်တကြီး ဖြစ်နေသည်။
ယီယွင် စွမ်းအင်လည်ပတ်လိုက်ချိန်တွင် ခန္ဓာကိုယ်က တဒင်္ဂအတွင်း အသွင်ပြောင်းလဲသွားသည်ဟု ခံစားလိုက်ရလေ၏။ သူ ဝမ်းသာသွားကာ ပိုမို၍ပင် အလေးအနက်ဖြစ်လာလေ၏။
တောင်ပံနှစ်ဆနတ်ဆိုးနွားသိုးက အားနည်းသော်လည်း သန့်စင်ယန်စွမ်းအင်များ များစွာပါဝင်လေ၏။ သို့သော် ရှုထောင့်ပုံရိပ်၏ အပုံတစ်သောင်းလျှင် တစ်ပုံပင်မပြည့်ပေ။
ယီယွင် ပြောစရာမဲ့နေရ၏။ သူ့တွင် ခရမ်းရောင်သလင်းကျောက် ရှိနေလေသောကြောင့် သားရဲအမှတ်အသား ဖွဲ့စည်းရာတွင် နှိုင်းဆမရနိုင်အောင် အားသာချက်ရှိသည်ဟု ယုံကြည်ထားလေသည်။ သို့တိုင်အောင်ပင် သားရဲတစ်သောင်းပုံရိပ်ကို အမှန်တကယ် ကျွမ်းကျင်ရန်အတွက် အတိုင်းအတာတစ်ခုအထိ ခက်ခဲနေဆဲပင်။
သူ့အဖို့ ရှုထောင့်ပုံရိပ်တစ်ခု ဖွဲ့စည်းရန်အတွက် တောင်ပံနှစ်ဆနတ်ဆိုးနွားသိုး အကောင်ရေတစ်သောင်း သတ်ဖြတ်ရန် လိုအပ်လေသလော။
ကြိုးစားကြသည့် စစ်သည်အများစုမှာ ရှုထောင့်ပုံရိပ် မဖန်တီးရသေးမီတွင် အကြောင်းအရင်းအမျိုးမျိုးကြောင့် သေခဲ့ကြရပေ၏။ ထိုသို့ဖြစ်ရသည်မှာ ထိုသူများက ယွမ်အုတ်မြစ်ချနယ်ပယ်သို့ မရောက်မီတွင် ရှုထောင့်ပုံရိပ် ဖွဲ့စည်းနိုင်သည်ကို ပါရမီရှင်များဟု ရှုမြင်နေကြခြင်းကြောင့်လဲ ဖြစ်လေ၏။ ရှုထောင့်ပုံရိပ် ဖွဲ့စည်းထားသည့် ချင်ဟောင်ထျန်းသည်ပင် မည်သည့်နေရာမှ သာလွန်နေခြင်းမရှိပေ။
" သားရဲတစ်သောင်းပုံရိပ်က လှည့်ကွက်များတာပဲ။ အခြားသူတွေရဲ့ ဆန်းကြယ်ပုံရိပ်နည်းစနစ်တွေက ပိုလွယ်တာကြောင့် သူတို့တွေက ကြိုးစားအားထုတ်မှု နည်းနေမယ်ဆိုရင်တောင် ဆုံးရှုံးမှုကြီးမားမှာမဟုတ်ဘူး။ ဒါပေမဲ့ ငါ့ရဲ့ ဆန်းကြယ်ပုံရိပ်နည်းစနစ်က ကွဲပြားတယ်။ ငါသာ ကျရှုံးသွားခဲ့မယ်ဆိုရင် ကြီးကြီးမားမား ဆုံးရှုံးရလိမ့်မယ် "
မူလက သူ ထင်ထားသည်မှာ ခရမ်းရောင်သလင်းကျောက်၏ အကူအညီဖြင့်သာဆိုလျှင် သားရဲတစ်သောင်းပုံရိပ်အား ကျင့်ကြံရသည်မှာ မခက်ခဲလောက်ဟူ၍ ဖြစ်သည်။ သို့သော် ခရမ်းရောင်သလင်းကျောက်သည်လည်း တိကျသော စည်းမျဥ်းများအတိုင်း လိုက်ပါရပုံပင်။
သားရဲတစ်သောင်းပုံရိပ်နည်းစနစ်ကို အပြည့်အဝ ကျွမ်းကျင်လိုပါက ရှေးဦးသားရဲတစ်သောင်းကို သတ်ရမည်ဟု ရေးထားလေ၏။ ရှေးဦးသားရဲတစ်ကောင်နှင့် သာမန် ပျက်စီးခြင်းသားရဲတစ်ကောင်အတို့အကြား အကြီးမားဆုံး ကွာခြားမှုမှာ ၎င်းတို့၏ စွမ်းအင်အရည်အသွေး ဖြစ်လေသည်။
ခရမ်းရောင်သလင်းကျောက်က စွမ်းအင်များကို ထိန်းချုပ်နိုင်သော်လည်း အရည်အသွေးကိုမူ ပြောင်းလဲမပေးနိုင်ပေ။ တောင်ပံနှစ်ဆနတ်ဆိုးနွားသိုး၏ စွမ်းအင်က နိမ့်ကျသည်မှာ ရှင်းလင်းလှသည်။ သားရဲတစ်သောင်းပုံရိပ်နည်းစနစ်အတွက် အရည်အသွေးပြည့်မီခြင်း မရှိပေ။
" ငါ ရှေးဦးမျိုးစိတ်သားရဲတွေကို စမ်းသတ်ပြီး သတ်ကြည့်ဖို့ဆိုတာက မဖြစ်နိုင်ဘူး။ ငါ့အနေနဲ့ အဆင့်ပိုမြင့်တဲ့ သန့်စင်ယန် ပျက်စီးခြင်းသားရဲတွေကို သတ်ဖို့ကြိုးစားကြည့်ရမဲ့ပုံပဲ။ သန့်စင်ယန် ပျက်စီးခြင်းသားရဲတွေရဲ့ စွမ်းအင်တွေက သားရဲတစ်သောင်းပုံရိပ်နည်းစနစ်ရဲ့ ဆန်းကြယ်ပုံရိပ်တစ်ခုကို တည်ဆောက်နိုင်မလားဆိုတာ ငါ ကြည့်ရမယ် " ယီယွင် သက်ပြင်းချလိုက်၏။
" စီနီယာခန်းယန်က ငါ သားရဲတစ်သောင်းပုံရိပ်ကို ရွေးချယ်လိုက်မှာ တားဖို့ကြိုးစားခဲ့တာက မဆန်းတော့ဘူး။ ငါက ဓားမောက်အမှန်တရား စကားလုံး ၃၂ ခုကို ရက်အနည်းနဲ့တင် နားလည်သိမြင်မှုအချို့ ရခဲ့တာတောင် သူက ငါ သားရဲတစ်သောင်းပုံရိပ်ကို သင်လိုက်မှာကို တားခဲ့သေးတယ်။ ဒီဆန်းကြယ်ပုံရိပ်နည်းစနစ်က အတော်ခက်ခဲတာပဲ "
ယီယွင် တွေးနေချိန်တွင် အဝေးဆီမှ မိန်းမအော်သံတစ်ခု ထွက်ပေါ်လာလေ၏။ သူမက အန္တရာယ်ကြီး ကြုံနေရပုံပင်။
" ထိန်းမထားနိုင်တော့ဘူးလား "
ယီယွင် လှမ်းကြည့်လိုက်ရာ မီးသတ္တုပုရွက်ဆိတ်တွင် ရေခဲသလင်းလွှာတစ်ခု ဖုံးအုပ်နေသည်ကို မြင်လိုက်ရလေ၏။ ယင်းကြောင့်ပင် မီးသတ္တုပုရွက်ဆိတ်က ထိုနှစ်ဦးကို ဒေါသတကြီး တိုက်ခိုက်နေလေသည်။
ထိုရေခဲသလင်းများက ထိုနှစ်ဦး၏ ပေါက်ကွဲအစီအရင်များမှ ဖြစ်ကြောင်း ရှင်းလင်းလှသည်။ သို့သော် သူတို့က မီးသတ္တုပုရွက်ဆိတ်ကို ဒဏ်ရာရစေခဲ့ခြင်းမရှိဘဲ ဒေါသပင် ထွက်သွားစေခဲ့သည်။
သူတို့အားလုံးက တိုင်အာနတ်မြို့မှ ဖြစ်လေသောကြောင့် တစ်ဦးနှင့်တစ်ဦး သိကျွမ်းခြင်းမရှိလျှင်ပင် ယီယွင်က မကူညီဘဲ နေမည်မဟုတ်ပေ။ သူ တပ်တစ်ထောင်ဓားမောက်အား ဆွဲထုတ်လိုက်ပြီးနောက် မီးသတ္တုပုရွက်ဆိတ်ဆီသို့ ပြေးဝင်သွားလေ၏။
ထိုနှစ်ဦးသည် မီးသတ္တုပုရွက်ဆိတ်ကို ရုန်းကန်ရင်ဆိုင်နေရသည်ဖြစ်၍ အခြားအရာများကို ဂရုမစိုက်နိုင်ကြပေ။ နောက်ဆုံးမှသာ အနီးနားတွင် လူတစ်ဦး ရှိနေကြောင်းကို သတိပြုမိသွားခဲ့သည်။
သူတို့က ယီယွင်ကိုမြင်ကာ ပျော်ရွှင်သွားခဲ့၏။ လူငယ်က ချက်ချင်းပင် အော်လေသည်..." မိတ်ဆွေ... ငါတို့သုံးယောက် ပူးပေါင်းပြီးတော့ မီးသတ္တုပုရွက်ဆိတ်ကို သတ်လိုက်ကြရအောင်။ မင်းမှာရှိတဲ့ သက်စောင့်ဝှက်ဖဲတွေကို နှမြောမနေပါနဲ့။ ငါတို့တွေ မီးသတ္တုပုရွက်ဆိတ်ကို သတ်ပြီးသွားခဲ့ရင် မင်းက ပစ္စည်းကောင်းအားလုံးကို ယူပါ "
မီးသတ္တုပုရွက်ဆိတ်၏ တိုက်ခိုက်မှုကြောင့် လူငယ်၏အသံက ကပျာကယာဖြစ်နေသည်။
ယီယွင်၏ပစ်မှတ်က မီးသတ္တုပုရွက်ဆိတ်၏ နှာမောင်းတံ ဖြစ်လေ၏။
မီးသတ္တုပုရွက်ဆိတ်မှာ လူသားလေးတစ်ဦးက သူ၏ရှေ့မှောက်သို့ လျင်မြန်စွာတိုးဝင်လာလိမ့်မည်ဟု ထင်မထားခဲ့ပေ။ ၎င်းက ချက်ချင်းလိုပင် ယီယွင်အား သတ္တုညှပ်ဖြင့် ကိုက်ရန်ကြိုးစားလိုက်သည်။
အား...။
မဝေးလှသောနေရာမှ မိန်းကလေးက အော်လိုက်သည်။ မီးသတ္တုပုရွက်ဆိတ်က ကိုင်တွယ်ရခက်လှသည်။ ၎င်း၏အားနည်းချက်က နှာမောင်းတံဟု လူတိုင်း သိကြသည့်တိုင်အောင် နှာမောင်းတံကို တိုက်ခိုက်ရသည်မှာ အလုပ်ထက် အပြောကပိုလွယ်လေ၏။
မီးသတ္တုပုရွက်ဆိတ်က အလွန်ပင် တုန့်ပြန်မှုမြန်ဆန်သည်ဖြစ်ရာ ကပျာကယာတိုးဝင်ခြင်းသည် မီးသတ္တုပုရွက်ဆိတ်၏ နှာမောင်းတံကို တိုက်ခိုက်ရန်အတွက် ခက်ခဲစေသည်သာမက မီးသတ္တုပုရွက်ဆိတ်၏ အစွမ်းအထက်ဆုံး တိုက်ခိုက်မှုနှင့်လည်း ကြုံရနိုင်လေသည်။
ယီယွင်အား မီးသတ္တုပုရွက်ဆိတ်က ကိုက်သွားသည်ဟု မိန်းကလေးက ထင်မိသွားကာ ယောင်အော်မိသွားခဲ့ခြင်း ဖြစ်လေ၏။
ယီယွင်၏ တုန့်ပြန်မှုက မြန်ဆန်လေသည်။ သူက လေထဲတွင် တဒင်္ဂလှုပ်ရှားမှု အသုံးပြုကာ ရှောင်တိမ်းသွားလေ၏။ တစ်ချိန်တည်းမှာပင် သူ၏ သိုလှောင်လက်စွပ်တွင် အနက်ရောင်အလင်း တောက်ပသွားပြီး ရွှေအုတ်ခဲနှင့် တိုက်ခိုက်လိုက်သည်။
ဝုန်း...
ရွှေအုတ်ခဲက မီးသတ္တုပုရွက်ဆိတ်၏ပါးစပ်ကို တည့်တည့်ထိမှန်လေ၏။
ယီယွင်၏ ရွှေအုတ်ခဲတွင် မည်သည့်မှော်အစီအရင်မျှ မပါသော်လည်း အမာဆုံးနှင့် အလေးလံဆုံးသတ္တု ဖြစ်လေ၏။
မီးသတ္တုပုရွက်ဆိတ် အနည်းငယ်ခန့် မူးဝေသွားချိန်တွင် ယီယွင်က မီးသတ္တုပုရွက်ဆိတ်၏ သတ္တုညှပ်ကို တပ်တစ်ထောင်ဓားမောက်နှင့် ခုတ်ချလိုက်လေ၏။
ဝီး...။
ဓားမောက်ချီက ကောင်းကင်ထက်တွင် အဖြူရောင် ရေတံခွန်တစ်ခုပမာ တောက်ပသွားလေ၏။
မီးသတ္တုပုရွက်ဆိတ်က နှာမောင်းတံကို လျင်မြန်စွာ ဆုတ်ယူလိုက်သည့်တိုင်အောင် အစွမ်းထက်သော ဓားသွားကိုမူ ရှောင်နိုင်ခြင်းမရှိပေ။
ဝုန်း...။
မီးသတ္တုပုရွက်ဆိတ်၏ နှာမောင်းတံနှစ်ခု ခုတ်ပိုင်းခံရကာ လေထဲတွင် လွင့်ပျံသွားသည်။
ဂီး...။
မီးသတ္တုပုရွက်ဆိတ်က နားစည်ကွဲလုမတတ် အော်လိုက်လေ၏။ မီးသတ္တုပုရွက်ဆိတ်မှာ ချက်ချင်းပင် ကန်းသွားရသည်။ မီးသတ္တုပုရွက်ဆိတ်က နာကျင်မှုကြောင့် ပရမ်းပတာလှုပ်ရှားလေရာ ကျောက်ခဲများ ကွဲကြေလွင့်စင်သွားရသည်။
မီးသတ္တုပုရွက်ဆိတ်၏ ကိုယ်ထည်က အခွံနှင့် သန့်စင်ယန်စွမ်းအင်များ ပါရှိလေသောကြောင့် မာကြောလေ၏။
မီးသတ္တုပုရွက်ဆိတ်၏ နှာမောင်းတံများက လောက၏ သန့်စင်ယန်စွမ်းအင်များနှင့် ထိတွေ့ဆက်သွယ်ပေးသည်။ နှာမောင်တံများ မရှိတော့သောကြောင့် မီးသတ္တုပုရွက်ဆိတ်၏ ဒဏ်ရာထံမှ သန့်စင်ယန်စွမ်းအင်များ ယိုစိမ့်ကာ ထွက်ကျလာလေ၏။ ယင်းအဖြစ်ကြောင့် မီးသတ္တုပုရွက်ဆိတ်ကို တိုက်ခိုက်ရန် ပိုမိုလွယ်ကူသွားခဲ့သည်။
ယီယွင်က မီးသတ္တုပုရွက်ဆိတ် ရူးသွပ်နေသည်ကို ဆယ်စက္ကန့် စောင့်ပေးခဲ့သည်။ သူ အခွင့်အရေးကို တွေ့သွားသည်နှင့် လျင်မြန်စွာ လှုပ်ရှားသွားလေ၏။ သူ မီးသတ္တုပုရွက်ဆိတ်၏ ဦးခေါင်းထက်တွင် ထွက်ပေါ်လာကာ ပါးစပ်အား ဓားမောက်နှင့် ထိုးလိုက်သည်။
ဖူး....။
သူ ဓားမောက်ကို ပြန်ဆွဲထုတ်လိုက်ချိန်တွင် အစိမ်းရောင်အရည်များ ပန်းထွက်လာ၏။ မီးသတ္တုပုရွက်ဆိတ် အပြင်းအထန် ရုန်းကန်နေပြီးနောက် အိမ်တစ်လုံးအရွယ်ခန့် ကျောက်တုံးကြီးတစ်ခုနှင့် ဝင်ဆောင့်မိသွားခဲ့ကာ နောက်ဆုံးတွင် မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။
ယီယွင် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်၏။
ဤမီးသတ္တုပုရွက်ဆိတ်က နှစ်ဆတောင်ပံနတ်ဆိုးနွားသိုးထက် ပိုမိုသန်မာလေ၏။ ယင်းကြောင့်သာမဟုတ်ပါက ထိုနှစ်ဦးအဖို့ သနားစဖွယ်အခြေအနေသို့ ရောက်မည်မဟုတ်ပေ။
လက်ရှိအချိန်၌ ယီယွင်နှင့် အတူပူးပေါင်းပြီး ဝှက်ဖဲအားလုံးကို ထုတ်သုံးရန် စီစဥ်ထားသော ထိုနှစ်ဦးမှာ လုံးဝပင် မှင်တက်နေသည်။ သူတို့က ယီယွင်၏ကျောပြင်ကိုကြည့်ကာ ငေးငိုင်နေလေ၏။
အသက်ဆယ့်သုံးနှစ်ခန့်မျှ ကလေးငယ်တစ်ဦးက သေချာပေါက်ပင် တစ်ကိုယ်တော်ကျင့်ကြံသူ ဖြစ်လိမ့်မည်ဖြစ်သော်လည်း သူက မီးသတ္တုပုရွက်ဆိတ်ကို သတ်ပစ်နိုင်ခဲ့သည်တဲ့လား။
ထိုကောင်လေးက လူသားပုံစံ ပျက်စီးခြင်းသားရဲတစ်ကောင်သာ ဖြစ်ချေ၏။