← Chapters

ရလဒ်ထုတ်ပြန်ခြင်း

Vol. 19 Ch. 272

ရလဒ်ထုတ်ပြန်ခြင်း

Vol. 19 Ch. 272

တိုင်အာနတ်မြို့မှ ကျင့်ကြံသူများက အဖွဲ့များ ထူထောင်ထားသည်သာမက လူမှုအဖွဲ့စည်းများလည်း တည်ထောင်ထားသည်။

အကြီးဆုံး လူမှုအဖွဲ့အစည်းက နတ်အရိုင်းမြေ စွန့်စားသူများမဟာမိတ်အဖွဲ့ ဖြစ်လေ၏။ ထိုလူမှုအဖွဲ့အစည်းမှ လူများက နတ်အရိုင်းမြေထဲသို့သွားကာ လေ့ကျင့်ရေးအတွေ့အကြုံယူခြင်းနှင့် ပျက်စီးခြင်းသားရဲများ အမဲလိုက်ရန်အတွက် အများသောအားဖြင့် အဖွဲ့များ ဖွဲ့ကြလေသည်။

ဒုတိယအကြီးဆုံး လူမှုအဖွဲ့စည်းက ပျက်စီးခြင်းကောင်းကင်သခင်အသင်း ဖြစ်သည်။

ပျက်စီးခြင်းကောင်းကင်သခင်အသင်းက ဗဟိုနတ်မျှော်စင်တွင် တည်ရှိလေ၏။ ပျက်စီးခြင်းကောင်းကင်သခင်အသင်းက လတိုင်းလိုပင် လှုပ်ရှားမှုမျိုးစုံ ပြုလုပ်ပေးလေပြီး ထိုလှုပ်ရှားမှုများကို တိုင်အာနတ်မြို့က တရားဝင်​ထောက်ပံ့ကူညီပေးထားသည်။

ယနေ့တွင်မူ ပျက်စီးခြင်းကောင်းကင်သခင်အသင်းတွင် မည်သည့်လှုပ်ရှားမှုမျှမရှိဘဲ လူစည်ကားနေလေ၏။

လူပေါင်း လေးရာငါးရာခန့် စုစည်းရောက်ရှိနေသည်။ သူတို့အားလုံးက ပျက်စီးခြင်းကောင်းကင်သခင် အလုပ်သင်များ ဖြစ်ကြလေ၏။ တိုင်အာနတ်မြို့၏ ပျက်စီးခြင်းကောင်းကင်သခင်များ ၈၀% ၊ ၉၀% ခန့် ရောက်ရှိနေကြသည်။

အကြောင်းမူကား ယနေ့တွင် ဆရာသခင်ယွဲ့ဟွားက စာမေးပွဲရလဒ်များ ထုတ်ပြန်မည် ဖြစ်လေသောကြောင့်ပင်။

ယွဲ့ဟွား၏အတန်းတွင် အမှတ်တကယ်ပင် တပည့်တစ်ရာခန့်သာ လက်ခံထားသည်။ ပျက်စီးခြင်းကောင်းကင်သခင် အလုပ်သင်အများစုသည် အတန်းများတက်ရောက်ရန်အတွက် သင်တန်းကြေး မပေးနိုင်ကြသော်လည်း ယွဲ့ဟွားက တပည့်များကို သင်ခန်းစာပို့ချရင်း စစ်ဆေးမှုလုပ်ခဲ့သည်ဟု ကြားသိခဲ့ရချိန်တွင် လူအများစုသည် ပါရမီရှင်များ၏ ရလဒ်များကို မြင်လိုကြလေ၏။

ဤစစ်ဆေးမှုက ပညာသင်ဆုနှင့် ထောက်ပံ့ကြေးများ၏ ရလဒ် ဖြစ်လေသောကြောင့် အလွန်အရေးကြီးသည်။ ဤစစ်ဆေးမှုတွင် သေချာသော ရှုထောင့်တစ်ခုရှိပြီး တိုင်အာနတ်မြို့မှ ပျက်စီးခြင်းကောင်းကင်သခင်များ၏ အဆင့်ကို ဖော်ညွှန်းလိမ့်မည်ဟု လူအများက ယုံကြည်ထားသည်။

မည်သူက ပိုတော်ကြောင်းကို ရမှတ်များက ဆုံးဖြတ်ပေးပေလိမ့်မည်။

ပထမနေရာက မည်သူဖြစ်မည်ကို သံသယရှိရန်မလိုပေ။ လော့ဟော်အာက သူမ၏ ပျက်စီးခြင်းကောင်းကင်နည်းစနစ်ကို သက်သေပြရန် မလိုအပ်ပေ။ ပြီးခဲ့သည့် ရက်အနည်းငယ်ခန့်က မှတ်တမ်းများတွင် သူမက လူတိုင်းထက် ထူးချွန်ခဲ့သည်။

မည်သူက ဒုတိယနေရာဖြစ်မည်ကို လူတိုင်း သိလိုကြလေ၏။

ယန်ယွဲ့ဖုန်း ၊ လီတောက်ဟုန် ၊ ကျိုးရှီကွမ်းတို့က ဒုတိယနေရာအတွက် ပြိုင်ဘက်များ ဖြစ်ကြလေသည်။

သူတို့သုံးယောက်လုံးက လူသားဂုဏ်အဆင့်တွင် ထိပ်ဆုံးဆယ်ယောက်ထဲ၌ ပါဝင်လေ၏။ လူသားဂုဏ်အဆင့် ထိပ်ဆုံးဆယ်ယောက်ထဲတွင် ပျက်စီးခြင်းကောင်းကင်သခင် အလုပ်သင်များသာ ရှိကြသည်မဟုတ်ပေ။ ဥပမာဆိုရသော် ချင်ဟောင်ထျန်း ၊ လီရှောင်း အစရှိသူများက ပျက်စီးခြင်းသားရဲများ အမဲလိုက်ပြီး မှော်နဂါးကြေးပြားများ ရှာဖွေကာ ထိပ်ဆုံးဆယ်ယောက်ထဲသို့ ဝင်လာခဲ့ခြင်း ဖြစ်လေသည်။

ယွဲ့ဟွား၏ စစ်ဆေးမှုက တိုင်အာနတ်မြို့၏ ပျက်စီးခြင်းကောင်းကင်သခင် အလုပ်သင်အားလုံးကို အကဲဖြတ်ပေးနိုင်သည့် ပြည့်စုံသောနည်းလမ်းတစ်ခု ဖြစ်လေသည်။ အကဲဖြတ်ခြင်း၏နောက်ကွယ်မှ အဓိပ္ပါယ်က ကြီးမားလေ၏။ တိုင်အာနတ်မြို့၏ ပျက်စီးခြင်းကောင်းကင်သခင် အလုပ်သင်များ စိုးရိမ်နေကြသည်သာမက ဂိုဏ်းအဖွဲ့အစည်းများစွာတို့က သတင်းများကို ဦးစွာရရှိရေးအတွက် သူတို့၏ အထောက်တော်များကို စေလွှတ်ထားခဲ့ကြလေသည်။

ဤနေရာရှိ လူများထဲမှ ဆယ်ပုံလျှင် နှစ်ပုံခန့်သည် ဂိုဏ်းအဖွဲ့အစည်းများထံမှ ဖြစ်ကြလေ၏။

လက်ရှိတွင် ဗဟိုနတ်မျှော်စင် ၆၉ လွှာ လေ့ကျင့်ရေးအခန်းထဲ၌ လော့ဟော်အာက အဖြူရောင် လေ့ကျင့်ရေးဝတ်စုံ ဝတ်ဆင်ထားလေသည်။ သူမ၏ ရှည်လျားလှသော ခြေတံနှစ်ခုက ၁၈၀° ခွဲထားလေ၏။ သူမ၏ပေါင်တွင်းသားများက ကြမ်းပြင်နှင့်ထိနေလျက်ရှိပြီး ခန္ဓာကိုယ်အား နောက်သို့ကွေးထားသည်။ သူမ၏ခန္ဓာကိုယ်က ပြီးပြည့်စုံစွာ ကွေးညွတ်နေပြီး သူမ၏ပိုးသားပမာ ဆံနွယ်များက ကော်ဇောပေါ်သို့ ကျဆင်းနေလေသည်။

လော့ဟော်အာက မိသားစု၏ နှလုံးသားကျမ်းကို လေ့ကျင့်နေသည်။

ရုတ်ခြည်းမှာပင် တုန်းအာက တံခါးကိုတွန်းဖွင့်ကာ ပြေးဝင်လာသည်။

" မမလေး... ဒီနေ့က ရလဒ်တွေ ထုတ်ပြန်ပေးမဲ့နေ့နော်။ ပျက်စီးခြင်းကောင်းကင်သခင်အသင်းထဲမှာ လူတွေအများကြီး ရောက်နေတယ်။ အားလုံးက အဆင့်တွေကိုကြည့်ဖို့ စောင့်နေကြတယ်။ မမလေးက ဘာလို့မသွားတာလဲ "

လော့ဟော်အာက မဖြေဘဲ လက်အစုံကို ကြမ်းပြင်ထောက်ကာ ကင်းမြီးကောက်ထောင်လိုက်သည်။ ခြေနှစ်ဖက်ကမူ ၁၈၀° ကားထားဆဲပင်။ သူမက အတောင်ဖြန့်ထားသည့် ငှက်တစ်ကောင်နှင့် ဆင်တူနေလေ၏။

လော့ဟော်အာက နောက်ဆုံးကိုယ်ဟန်ကို အဆုံးသတ်ပြီးနောက် ဆံစများကိုသပ်ကာ ဆိုသည်..." ဘာပဲဖြစ်ဖြစ် ငါက ပထမပဲလေ။ ကြည့်စရာက အများကြီးမရှိဘူး။ ဒီလူတွေရဲ့အဆင့်က အတော်ကိုဆိုးတော့ ဒီလူတွေကို အနိုင်ယူဖို့အတွက် ငါ့ရဲ့ လက်ဟန်သင်္ကေတ တစ်ဝက်တောင် မသုံးလိုက်ရဘူး "

တုန်းအာ ရယ်မောကာ..." မမလေး မှန်တယ်။ မမလေးက ပထမ မရစရာအကြောင်းမရှိဘူး။ ဒါပေမဲ့ မမလေး ရလာမဲ့ရလဒ်ကိုတော့ မလွဲချော်သင့်ဘူး "

" ဒီစစ်ဆေးမှုက ခက်ခဲတယ်။ ငါ့ရဲ့ရမှတ်ကို ခပ်ရေးရေးတွေးမိထားတော့ တကယ်ကို သွားမကြည့်ချင်တော့ဘူး။ ငါသာ သူတို့တွေနဲ့ ရောရောထွေးထွေး လုပ်နေမယ်ဆိုရင် ငါ သိက္ခာကျနိုင်တယ်မလား " လော့ဟော်အာ နှုတ်ခမ်းမဲ့လိုက်သည်။ ယင်းက သူမ ရလဒ်ကိုမကြည့်လို့သည့် တကယ့်အကြောင်းအရင်း ဖြစ်လေ၏။

" မမလေး မှန်တယ်။ ကျွန်မပဲ သွားလိုက်မယ် " တုန်းအာက လေ့ကျင့်အခန်းထဲမှ ပြေးထွက်သွားခဲ့လေ၏။

တုန်းအာ အသင်းဆီသို့ ရောက်သွားချိန်တွင် အလွန်ပင် လူများနေချေပြီ။

" ညီနောင်တောက်ဟုန်နဲ့ ညီနောင်ရှီကွမ်း... မတွေ့ရတာကြာပြီ " ယန်ယွဲ့ဖုန်းက လီတောက်ဟုန်နှင့် ကျိုးရှီကွမ်းတို့အား နှုတ်ဆက်လိုက်သည်။

" ညီနောင်ယွဲ့ဖုန်းရော အဆင်ပြေရဲ့လား။ ညီနောင်ယွဲ့ဖုန်းက ဒီစစ်ဆေးမှုမှာ ကောင်းကောင်းလုပ်နိုင်ခဲ့လို့ နတ်လစားသောက်ဆိုင်မှာ စားသောက်ပွဲတစ်ခု လုပ်ခဲ့တယ်လို့ ငါကြားထားတယ်နော်။ ဒုတိယနေရာက ညီနောင်ယွဲ့ဖုန်းအတွက် သေချာနေပြီထင်တယ် " လီတောက်ဟုန်က ပြုံးကာဆိုသည်။

" အသာလုပ်ပါကွာ။ ငါ့ရဲ့ရလဒ်က စိတ်ကျေနပ်ရရုံလောက်ပဲ ရှိတာပါ။ ညီနောင်တောက်ဟုန်ကမှ ပိုကောင်းလောက်မယ် ထင်တယ် " ယန်ယွဲ့ဖုန်းက နှိမ့်ချကာ တုန့်ပြန်လိုက်သည်။

သခင်လေးများ ဆုံမိနေကြပြီး တစ်ဦးနှင့်တစ်ဦး မြှောက်ပင့်ပြောဆိုနေကြသည်။

" ကြောင်သူတော်တွေ "

ထိုသုံးယောက်က ဒုတိယနေရာကို လိုချင်နေသည်ဖြစ်ပြီး တစ်ဦးနှင့်တစ်ဦး မြောက်ပင့်နေသည်ကို တုန်းအာက မြင်လေသည်။ သူမက ငယ်ရွယ်သော်လည် ဤလောကကြီး၏ပုံစံကို သိလေ၏။

ထိုစဥ်တွင် ပျက်စီးခြင်းကောင်းကင်သခင်အသင်း၏ တံခါး ပွင့်သွားလေ၏။ အနက်ရောင်ဝတ်ရုံနှင့် ဥပဒေထိန်းနှစ်ဦး လျှောက်လာသည်။ သူတို့၏ လက်ထံတွင် စာလိပ်တစ်ခု ကိုင်ထားလေ၏။

လူတိုင်း ချက်ချင်း ငြိမ်သက်သွားကြသည်။ ဥပဒေထိန်းနှစ်ဦးက ရလဒ်ထုတ်ပြန်ရန် ရောက်လာခြင်းဖြစ်သည်ဟု သူတို့ အာရုံရနေကြသည်။ စာလိပ်က အဆင့်သတ်မှတ်ချက်များ ဖြစ်ဟန်ရလေ၏။

ဥပဒေထိန်းနှစ်ဦးက အလယ်သို့ရောက်လာပြီး တစ်ဦးက ဆိုလေသည်..." ဆရာသခင်ယွဲ့ဟွားက ငါတို့ကို ရလဒ်ထုတ်ပြန်ခိုင်းထားတယ်။ အရင်ဆုံး ငါက ဆရာသခင်ယွဲ့ဟွားရဲ့ စကားတွေကို ပြောပြပေးမယ်။ သူက ပြောတယ်... ဒီစစ်ဆေးမှုမှာ ပထမနဲ့ ဒုတိယရတဲ့ ကျောင်းသားတွေက လက်တစ်ထောင်လဗုဒ္ဓကို သင်ကြားခွင့်ရမယ်။ အဲ့ဒီနှစ်ယောက်က ဆန္ဒရှိရင် ဆရာသခင်ယွဲ့ဟွားက စိတ်နှစ်ပြီးတော့ လမ်းညွှန်သင်ကြားပေးလိမ့်မယ် "

နေရာတစ်ခုလုံး ဆူညံသွားလေ၏။ ထိပ်ဆုံးနှစ်ယောက်က လက်တစ်ထောင်လဗုဒ္ဓကို သင်ကြားခွင့်ရမည်။ ထိုနှစ်ဦးကသာ ဆန္ဒရှိလျှင် ဆရာသခင်ယွဲ့ဟွားက စိတ်နှစ်ကာ လမ်းညွှန်သင်ကြားပေးပြန်ဦးမည်။ အမှန်တကယ်တွင် ၎င်းက သူမ၏ တပည့်များအဖြစ် လက်ခံခြင်းနှင့် တူညီလေ၏။

ဆရာသခင်ယွဲ့ဟွား တိုင်အာနတ်မြို့သို့ လာခဲ့သည်မှာ တပည့်ခေါ်ရန်ဖြစ်သည်ကို လူတိုင်း သိကြသည်။ သူမက လော့ဟော်အာကိုသာ ခေါ်လိမ့်မည်ဖြစ်သော်လည်း လူအားလုံးသည် ယွဲ့ဟွား မျက်စိကျလာစေရန် မျှော်လင့်မိနေကြသည်။ သူတို့က အမည်ခံတပည့်တစ်ဦး ဖြစ်ရမည်ဆိုလျှင်ပင် ပြိုင်ဆိုင်ကြမည်သာ ဖြစ်လေ၏။

" ညီနောင်တောက်ဟုန်နဲ့ ညီနောင်ရှီကွမ်း... ငါတို့သုံးယောက်မှာ အခွင့်အရေးရှိလာလိမ့်မယ်လို့ ငါ ထင်မထားမိခဲ့ဘူး။ ညီနောင်တောက်ဟုန် ဒါမှမဟုတ် ညီနောင်ရှီကွမ်းက ဆရာသခင်ယွဲ့ဟွား မျက်စိကျအောင် လုပ်နိုင်မလားဆိုတာ ဘယ်သူသိနိုင်မလဲ " ယန်ယွဲ့ဖုန်းက မရိုးဖြောင့်စွာ ဆိုလေသည်။ သူ၏အသံက တုန်ယင်နေ၏။ ယခုတွင် သူသည် လီတောက်ဟုန်နှင့် ကျိုးရှီကွမ်းတို့ ရုတ်တရက် သေသွားစေရန်ပင် ဆုတောင်းမိနေလေ၏။

" ဟားဟား... ညီနောင်ယွဲ့ဖုန်းက နှိမ့်ချနေပြန်ပါပြီ။ ညီနောင်ယွဲ့ဖုန်းက ဒုတိယနေရာအတွက် ဖြစ်နိုင်ခြေများတယ်လို့ ငါထင်တယ်။ အနာဂတ်မှာ မင်းက ငါတို့ကို ဂရုစိုက်ပေးရမယ်နော် " ကျိုးရှီကွမ်းကလည်း လိမ်ညာလိုက်လေ၏။

လက်ရှိအချိန်၌ လီတောက်ဟုန် ၊ ကျိုးရှီကွမ်း ၊ ယန်ယွဲ့ဖုန်းတို့က အစိုးရိမ်ဆုံးဖြစ်သည်။ ယခုက သူတို့၏အနာဂတ်ကို အဆုံးဖြတ်ပေးမည်အချိန် ဖြစ်လေ၏။

ဥပဒေထိန်းနှစ်ဦးက ဆိုသည်..." အခု ငါ ရလဒ်တွေ ကြေညာပေးမယ်။ အမှတ်ပြည့်က အမှတ် ၇၀၀ "

ဥပဒေထိန်းတစ်ဦးက ရလဒ်စာရင်း၏ချိတ်တံဆိပ်ကို ဆုတ်ဖြဲလိုက်သည်။ အခြားမည်သူမျှ ရလဒ်စာရင်းကို မမြင်ရသေးပေ။

စာရင်းက အလွန်ရှည်သည်။ ဥပဒေထိန်းတစ်ဦးက စာလိပ်အဆုံးတစ်ဖက်ကို ကိုင်ထားလေပြီး အခြားတစ်ယောက်က စာလိပ်ကို ဆွဲဖွင့်မည်ဖြစ်သည်။ နှစ်ဦးလုံးက စာလိပ်ကို ရေပြင်ညီအတိုင်း ဖွင့်လိုက်ကြလေပြီး ရလဒ်များ ပေါ်လာသည်။

လူတိုင်း အသက်အောင့်ထားကြ၏။

အမည်များက နိမ့်ရာမှ မြင့်ရာအတိုင်း အစဥ်လိုက်ပေါ်လာသည်။ ပထမဆုံးပေါ်လာသည့် အမည်က အဆင့်အောက်ဆုံးဖြစ်ပြီး အမှတ်က နှစ်ရာကျော်ရုံသာ ရှိလေသည်။

စာရင်း တဖြည်းဖြည်းချင်း ပေါ်လာလေ၏။ အမည်များ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာသည်။ လူငယ်များက ကိုယ်ပိုင်ရမှတ်များကို မြင်တွေ့ကာ အမူအရာများ ရှုပ်ထွေးနေကြ၏။ အဆင့်အောက်ခြေတွင် ရှိနေသည်မှာ ဂုဏ်ယူစရာမဟုတ်ချေ။

အမည်ဆယ်ခုကျော် ပေါ်လာခဲ့သည်။ ထို့နောက်ပိုင်းတွင် အဆင့်အလယ်သို့ ရောက်ရှိလာကာ ရမှတ်များ ၂၅၀ ကျော်လာခဲ့လေ၏။ ထို့နောက်တွင် ရမှတ် ၂၆၀ ၊ ၂၇၀ ၊ ၂၈၀...။

အမှတ်များ ဆက်တိုက်တက်လာကာ အမှတ် ၃၀၀ အထိ ရောက်သွားခဲ့သည်။

ယခုအခါ၌ သူတို့၏အမည်ကို မြင်ရကြသည့် လူငယ်များ ဝင်းပနေကြသည်။ သူတို့၏ရမှတ်များက အထင်ကြီးစရာရှိသော်လည်း အဆင့်အမြင့်ပိုင်းထဲတွင် ပါဝင်လေသောကြောင့် ဂုဏ်ယူစရာဖြစ်လေသည်။

စာရင်းအား သုံးပုံနှစ်ပုံခန့်အထိ ဖွင့်ပြီးသွားခဲ့လေပြီး ထိပ်ဆုံးအမည်နှစ်ဆယ်သို့ ရောက်ရှိလာသည်။

ယန်ယွဲ့ဖုန်းက ယပ်တောင်ခပ်ရင်း တည်ငြိမ်သည့်ပမာ ဟန်ဆောင်နေသော်လည်း လက်ဖဝါးများ ချွေးပျံနေ၏။ လီတောက်ဟုန်က အားတင်း၍ပြုံးထားပြီး မျက်နှာကမူ အေးခဲနေလေ၏။ ကျိုးရှီကွမ်းကမူ ခံစားချက်များ ဖုံးကွယ်ထားသည်။ သူ လက်သီးနှစ်ဖက် ဆုပ်ထားလေပြီး စာရင်းပေါ်မှ အမည်များကို စူးစိုက်ကြည့်လေသည်။

စာရင်းထဲမှ အမည်ဆယ်ခု ထပ်မံကာ ပေါ်လာပြီးနောက်တွင် ထိပ်ဆုံးအမည်ဆယ်ခုဆီသို့ ရောက်သွားလေသည်။ ယခုအခါ၌ ပေါ်လာမည့် အမည်အားလုံးက ကျော်ကြားကြ၏။ ထိုသူများက မိသားစုမျိုးနွယ်ကြီးများမှ ဆင်းသက်လာကြသည့် ပျက်စီးခြင်းကောင်းကင်သခင် ပါရမီရှင်များ ဖြစ်လေသည်။

သို့တိုင်အောင်ပင် ထိုသူများ၏ ရမှတ်များက အကြမ်းဖျင်းအားဖြင့် အမှတ် ၃၂၀ နှင့် ၃၃၀ ကြားတွင်သာ ရှိကြသည်။

အမှတ်ပြည့်က အမှတ် ၇၀၀ ဖြစ်သော်လည်း မိသားစုမျိုးနွယ်ကြီးများမှ ပါရမီရှင်များကမူ ရမှတ် ၅၀% ပင် မရကြပေ။ ယင်းသည် စစ်ဆေးမှုက မည်မျှခက်ခဲကြောင်း ပြသနေလေ၏။

အမည်အနည်းငယ်ခန့် ပေါ်လာပြီးနောက် စာလိပ်အနည်းငယ်သာ ကျန်တော့သည်။ ယခုအခါ၌ စာရင်းထဲမှ အမည်များကို စာလုံးကြီးများနှင့် ရေးထားလေသည်။

" ကျောက်ရှီကွမ်း ၊ ၃၄၅ မှတ် "

ကျောက်ရှီကွမ်းမှာ မူးမိုက်သွားသည်။ အားနည်းသွားသည့်ပမာပင် နားများတွင် လေထွက်လာရ၏။ သူ အပယ်ခံလိုက်ရချေပြီ။ သူ၏အမည်က လီတောက်ဟုန်နှင့် ယန်ယွဲ့ဖုန်းတို့ထက် အရင်ပေါ်လာခဲ့ချေ၏။ သုံးယောက်ထဲတွင် သူက ရမှတ်အနိမ့်ဆုံးဟု ဆိုလိုခြင်းဖြစ်လေသည်။

" နှမြောစရာပဲ ညီနောင်ရှီကွမ်း " ယန်ယွဲ့ဖုန်းက ယပ်တောင်ခတ်ရင်း ဆိုလိုက်လေသည်။ သူက စိတ်ထဲတွင် ပျော်နေသော်လည်း နောင်တရနေသည့် မျက်နှာထားကို တမင်လုပ်ထားလေသည်။

" ဒါ...အဆင်ပြေပါတယ်။ ညီနောင်ယွဲ့ဖုန်းနဲ့ ညီနောင်တောက်ဟုန်ကို ဂုဏ်ပြုပါတယ်။ ငါက နိမ့်သွားခဲ့ပြီ " ကျိုးရှီကွမ်းက အားတင်းကာပြုံးရင်း လက်သီးဆုပ်၍ ဆိုလိုက်လေသည်။ သူ၏ပုံစံက ငိုသည်ထက်ပင် အရုပ်ဆိုးနေချေ၏။

ထို့နောက်တွင် ယန်ယွဲ့ဖုန်းနှင့် လီတောက်ဟုန်တို့က ကျိုးရှီကွမ်းနှင့် စကားမပြောတော့ချေ။ အကြောင်းကမူ နောက်ထပ်အမည် ပေါ်လာတော့မည် ဖြစ်လေသောကြောင့်ပင်။

နောက်ထပ်အမည် " လီတောက်ဟုန် ၊ ၃၄၇ မှတ် "

လီတောက်ဟုန် တုန်ယင်သွားကာ မျက်နှာဖြူလျော်သွားလေ၏။ သူ၏ လက်ချောင်းများ တုန်ယင်နေလေပြီး မြင်လိုက်ရသည့်အရာကို မယုံကြည်နိုင် ဖြစ်နေလေသည်။

သူက ယန်ယွဲ့ဖုန်းကို ရှုံးသွားချေပြီ။

ယခုအခါ၌ ယန်ယွဲ့ဖုန်းက ကျိတ်ကာ ဝမ်းသာနေလေ၏။

" နှမြောစရာပဲ ညီနောင်တောက်ဟုန်။ ကပ်သီးလေးပါ " ယန်ယွဲ့ဖုန်းမှာ စိတ်လှုပ်ရှားနေလေ၏။

လီတောက်ဟုန် ပြီးသည့်နောက် ယန်ယွဲ့ဖုန်း၏အမည် ပေါ်လာသည်။

" ယန်ယွဲ့ဖုန်း ၊ အမှတ် ၃၆၀ "

ထိုနေ့က သူ့အား နတ်ဝင်ပူးခဲ့လေသလားကို ယန်ယွဲ့ဖုန်း မသိတော့ချေ။ သူက လီတောက်ဟုန်ထက် ၁၃ မှတ် ပိုမြင့်ကာ ရမှတ် ၃၆၀ ရရှိခဲ့လေသည်။

" ဂုဏ်ပြုပါတယ် ညီနောင်ယွဲ့ဖုန်း "

" ညီနောင်ယွဲ့ဖုန်းက ငါတို့ကို ပြုစုရမယ်နော်။ နတ်လစားသောက်ဆိုင်ရဲ့ ဈေးအကြီးဆုံးအခန်းမှာ ဖြစ်ရမယ်။ ပြီးတော့ သုံးရက်သုံးညလုံးလုံး ပြုစုပေးရမယ် "

လူများစွာက ပြုံးရယ်ကာ ယန်ယွဲ့ဖုန်းကို ဂုဏ်ပြုစကားများ ဆိုနေကြသော်လည်း ထိုအပြုံးများ၏ နောက်ကွက်တွင် မကျေနပ်ခြင်းများ ရှိနေသည်။

ယန်ယွဲ့ဖုန်းနှင့် အမျိုးတော်စပ်သူနှင့် ချူတော်ဝင်အိမ်တော်၏ နောက်လိုက်များကသာ အမှန်တကယ် ဝမ်းသာပေးကြသည်။ သူတို့၏သူဌေး အားကောင်းလာလျှင် သူတို့သည်လည်း များစွာပိုမိုကာ ရရှိနိုင်ချေမည်။

ယန်ယွဲ့ဖုန်း၏မျက်နှာ စိတ်လှုပ်ရှားမှုကြောင့် နီမြန်းနေလေ၏။ သို့သော် သူက အသိစိတ်အချို့ ရှိသေးလေသည်။ သူက အလွန်အကြူး ပွဲမခံပေ။ ဖျက်မြင်းတစ်ကောင် ရုတ်တရက် ပေါ်လာနိုင်လောက်ချေ၏။

" ငါ့ကို ဂုဏ်ပြုမစောကြနဲ့ဦး။ တိုင်အာနတ်မြို့ထဲမှာ ပုန်းနေကြတဲ့ နဂါးတွေ ၊ ကျားတွေ အများကြီးရှိတယ်။ ညီနောင်တောက်ဟုန် ၊ ညီနောင်ရှီကွမ်းနဲ့ ငါ့ထက် ပိုတော်တဲ့သူ ရှိလာနိုင်တယ် " ယန်ယွဲ့ဖုန်းက နှိမ့်ချတတ်ကာ တည်ငြိမ်ဟန်ရှိသော်လည်း နဖူးတွင်မူ သွေးကြောများ ပေါ်နေလေ၏။ သူ၏မျက်လုံးများက စာရင်းကိုသာ မမှိတ်မသုန် ကြည့်နေသည်။

" အေးဆေးပေါ့ ညီနောင်ယွဲ့ဖုန်းရာ။ အဲ့ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ ပေါ်လာသင့်တဲ့ လူတွေအားလုံး ပေါ်လာပြီးသွားပြီလေ " တစ်ယောက်က ဆိုလိုက်လေရာ ယန်ယွဲ့ဖုန်း စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်၏။

" လော့ဟော်အာ ၊ ၄၉၄ မှတ် "

ထိုအမည်က ယခင်အမည်များထက်ပင် ပိုကြီးလေပြီး ရေပြင်ညီအတိုင်း ရေးသားထားသည်။ ထိုအမည်က စာလိပ်ပေါ်တွင် နှစ်ပေခန့် နေရာယူထားလေသည်။ စကားလုံးတိုင်းကို မှင်ဖြင့်ရေးသားထားခြင်း မဟုတ်လေဘဲ မှော်စာလုံးစွမ်းအင် သုံးထားလေသည်။

၄၉၄ မှတ်လား။

အတော်မြင့်တာပဲ။

လူတိုင်း မျက်လုံးပြူးသွားကြ၏။ ဒုတိယနေရာမှ ယန်ယွဲ့ဖုန်းက ရမှတ် ၃၆၀ သာ ရခဲ့လေသည်။ လော့ဟော်အာက အမှတ် ၁၃၀ ခန့် ပိုများလေ၏။ ယင်းက ရူးလောက်စရာပင်။

" ဟီဟီ...မမလေးက အရမ်းတော်တာပဲ။ မမလေးက ပထမ ရခဲ့ရုံတင်မကဘူး ဒုတိယနေရာက လူကိုလည်း အများကြီးဖြတ်ထားနိုင်တယ်။ ငါ မမလေးကို သတင်းကောင်း ပြောတဲ့အချိန်ကျရင် မမလေးက ပျော်ပါ့မလားဆိုတာတောင် သံသယဖြစ်မိတယ်။ မမလေးကတော့ ဒါကဖြစ်သင့်တာပဲလို့ သေချာပေါက် ပြောလာမှာပဲ " တုန်းအာက လော့ဟော်အာ၏ တုန့်ပြန်မှုကို မျှော်လင့်တကြီး ဖြစ်နေလေ၏။

" ဂုဏ်ယူပါတယ် ညီနောင်ယွဲ့ဖုန်း "

" ညီနောင်ယွဲ့ဖုန်းက လူအများကြားက နဂါးတစ်ကောင်ပဲ "

လူအများက ယန်ယွဲ့ဖုန်းဆီသို​့ ရောက်လာကာ ဂုဏ်ပြုစကားများ ဆိုကြသည်။ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ပင်ဖြစ်စေ အားလုံးက ယန်ယွဲ့ဖုန်းကို သံပြိုင်ချီးကျူးနေကြလေ၏။

" ဟားဟားဟား... အားလုံးကို ကျေးဇူးပါပဲ " ယန်ယွဲ့ဖုန်းက ဂုဏ်ပြုစကားများ လက်ခံနေလျက်ရှိသည်။

သူ လည်ချောင်းရှင်းကာ ဘေးပတ်လည်မှ လူအများကိုကြည့်လိုက်ပြီး..." ဒီနှစ်တွေမှာ ကျုပ်က ပျက်စီးခြင်းကောင်းကင်နည်းစနစ်ကို အပတ်တကုတ် လေ့ကျင့်ခဲ့ပါတယ်။ ကျုပ်က ချို့ယွင်းချက်ရှိပေမဲ့ အမြဲတမ်းကြိုးစားခဲ့ပြီး အေးဆေးမနေခဲ့ပါဘူး။ ဆရာသခင်ယွဲ့ဟွားက ကျုပ်ကို အသိအမှတ်ပြုပြီး တပည့်အဖြစ် ကောက်ယူခဲ့တာကို ကျုပ် အရမ်းစိုးရိမ်မိပါတယ်။ ဆရာသခင်ယွဲ့ဟွား မျှော်မှန်းထားသလို ဖြစ်မလာမှာကို ကျုပ် စိုးရိမ်မိပါတယ်။ အနာဂတ်မှာ ကျုပ် ကြိုးစားသွားမှာပါ။ အားလုံးရဲ့ အားပေးမှုနဲ့အတူ ကျုပ်က တိုင်အာနတ်ပြည်ထောင်အတွက် တိုက်ခိုက်ပေးပြီး မိုးကောင်းကင်အောက်က အသက်တွေအားလုံးအတွက် ကာကွယ်တိုက်ခိုက်...."

ယန်ယွဲ့ဖုန်းက အောင်မြင်မှုအရသာကို ခံစားနေလျက်ရှိပြီး အသံက ကျယ်လောင်နေသည်။ သို့သော် သူ၏ စိတ်အားတက်ကြွနေသော တစ်ကိုယ်မိန့်ခွန်း အဆုံးမသတ်မီတွင် သူ အေးခဲသွားလေ၏။

ဘာဖြစ်တာလဲ။

တစ်ခုခုလွဲနေသည်ကို သူ သိလိုက်ရသည်။ သူ့အား ဂုဏ်ပြုနေကြသူများ အေးခဲနေလေ၏။ ထိုသူများက သူ၏ကျောဘက်တွင် သရဲရှိနေသည့်အလား ကြည့်နေကြသည်။

စာရင်းတွင် ပြဿနာရှိနေလေသလော။

ယန်ယွဲ့ဖုန်း လှည့်မကြည့်ဝံ့ပေ။ ယခုအခါ၌ ခန်းမတစ်ခုလုံး ထူးဆန်းစွာ တိတ်ဆိတ်နေသည်။ လူအားလုံး မှင်တက်မိနေကြ၏။

ယန်ယွဲ့ဖုန်းမှာ ကျောပြင်တွင် ကြက်သီးထလာရလေ၏။ သူက ပျက်စီးခြင်းကောင်းကင်သခင်အသင်းထဲတွင် မရှိတော့ဘဲ သုဿန်တစ်ခုထဲသို့ ရောက်သွားသည့်ပမာ ခံစားနေရသည်။

" လော့ဟော်အာ... လော့ဟော်အာ... သူက ဘယ်လိုဖြစ်ပြီး... "

လူငယ်တစ်ဦးက စာရင်းကို လက်ညှိုးထိုးကာ အံ့ဩတကြီး ရေရွတ်လိုက်လေသည်။

ယန်ယွဲ့ဖုန်း၏ခန္ဓာကိုယ် အေးခဲနေလေ၏။ သူ အားတင်းကာ ခန္ဓာကိုယ်ကို တဖြည်းဖြည်းချင်း လှည့်လိုက်လေသည်။ ယန်ယွဲ့ဖုန်းက စာရင်းကို အားတင်းကာ ကြည့်လိုက်လေ၏။ စာရင်းပေါ်တွင် လော့ဟော်အာ၏ အထက်၌ တောက်ပသော ရွှေရောင်မှော်စာလုံးများ ရှိနေသည်။ ထိုစကားလုံးများက...

" ယီယွင် ၊ ၅၁၅ မှတ် "

ယန်ယွဲ့ဖုန်းမှာ ခန္ဓာကိုယ်ထဲတွင် သွေးများ ခမ်းခြောက်သွားသည့်ပမာ ခံစားလိုက်ရသည်။ သူ၏ခန္ဓာကိုယ်က အားပျက်သွားသည့်အလားပင် လဲကျလုနီးပါး ဖြစ်သွားရလေ၏။

၅၁၅ မှတ်လား။

ယီယွင်...ဒါ ယီယွင်ပဲ။ ဘယ်လိုလုပ်ပြီး ယီယွင် ဖြစ်နေရတာလဲ။

ပျက်စီးခြင်းကောင်းကင်သခင် အလုပ်သင်တစ်ရာကျော်ထဲတွင် ယီယွင်ဟု အမည်ရှိသူမှာ လူတစ်ဦးတည်းသာရှိလေပြီး ထိုသူက မဖြစ်နိုင်ဆုံးလူတစ်ဦး ဖြစ်လေသည်။

" မဟုတ်ဘူး... ငါ ဒါကို လက်မခံနိုင်ဘူး " ယန်ယွဲ့ဖုန်း အော်လိုက်သည်။ သူ၏မျက်နှာ မဲ့ရှုံ့နေလေ၏။ သူ၏ မျက်နှာနှင့် လည်ပင်းတို့တွင် သွေးကြောများ ပေါ်နေလေသည်။

" တစ်ခုခုမှားနေတာပဲ ဖြစ်ရမယ်။ ယီယွင်က ပျက်စီးခြင်းကောင်းကင်နည်းစနစ်ကိုတောင် မသိတာကို ဘယ်လိုလုပ်ပြီး လော့ဟော်အာထက် အဆင့်ပိုမြင့်နိုင်မှာလဲ။ ဘယ်လိုလုပ်ပြီး ငါ့ထက် အဆင့်ပိုမြင့်နေရတာလဲ။ မှားနေတာပဲ ဖြစ်ရမယ်။ မှားနေတာပဲ ဖြစ်ရမယ်။ ငါက ဒုတိယ။ ငါက ဒုတိယ "

ယန်ယွဲ့ဖုန်းက အသိစိတ်လွတ်သွားချေပြီ။ သူ အဖြစ်မှန်ကို လက်သင့်မခံနိုင်ပေ။ သူ၏မျှော်လင့်ချက်များက လူတိုင်း၏ရှေ့တွင် မော်ကြွားနိုင်သည်အထိ မတိုင်းဆနိုင်အောင် မြင့်တက်သွားပြီးနောက် ရိုက်ချခံခဲ့ရချေသည်။ ယင်းသည် သူ၏နှလုံးကို ဓားမြောင်နှင့် လှီးဖြတ်လိုက်သည့်အလားပင်။

All Chapters