ရေခဲသားရဲ
Vol. 1 Ch. 93
စုလောရွှယ်၏ အော်သံများသည် နောက်ကျ သွားခဲ့ဟန် တူသည်။ အဝေးမှ ငယ်သံပါအောင် အော်ဟစ်သံများ ထွက်ပေါ်လာခဲ့သည်။ အနီးရှိ ကျောင်းသားများကလည်း ကြောက်လန့်ကာ အော်ဟစ် ကြလေသည်။ အရပ်မျက်နှာပေါင်းစုံမှ ကျောင်းသားများကလည်း ပျံသန်းလာကြရာ ဝရုန်းသုန်းကား ဖြစ်သွားလေသည်။
"ခွေးကောင်"
စုလောရွှယ်သည် ဒေါသ ထွက်သွားကာ သတ်ဖြတ်ခြင်း အရှိန်အဝါတို့ ထွက်ပေါ် လာခဲ့လေသည်။ သူမ၏ အရှိန်သည် အလင်းကဲ့သို့ မြန်ဆန်သွားကာ နတ်ဆိုးသားရဲ ရှိနေသော ခပ်လှမ်းလှမ်းရှိ တောအုပ်ထဲသို့ ပြေးဝင်သွားခဲ့သည်။
"သခင်လေးကျန်း ... မြန်မြန်ပြေး"
ချမ်ဂိုဏ်းသားများသည် ကြောက်ရွံ့ နေဟန်များနှင့် ပေါ်လာခဲ့ကြသည်။ သူတို့ထဲမှ အားအကောင်းဆုံး ဖြစ်သည့် သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း အမြင့်ဆုံးအဆင့် ဖြစ်သူ ချမ်ဖူသည် အော်ဟစ်လေသည်။
"ဒီနတ်ဆိုးသားရဲက သေချာပေါက် ဒုတိယအဆင့် အကောင်ပဲ ... ဆရာမစုလည်း ထိန်းနိုင်မှာ မဟုတ်ဘူး ... ကျွန်တော်တို့ဆို တွေ့လိုက်တာနဲ့ သေလူ ဖြစ်သွားလိမ့်မယ် ... ကျွန်တော်တို့ အခုသွားရမယ်"
ကျန်းရီသည် မလှုပ်ရှားဘဲ ခပ်ဝေးဝေးကိုသာ ကြောင်တောင်တောင်နှင့် စိုက်ကြည့်နေခဲ့သည်။ သူသည် တိုးတိုး ရေရွတ်လိုက်သည်။
"ဆရာမစုလည်း အဲဒါကို မထိန်းနိုင်ဘူး ... သူမအန္တရာယ် ရှိနေတာ မဟုတ်လား"
"မင်းတို့တွေ ပြေးကြတော့ ... ငါဆရာမစုကို သွားပြီး ကူဦးမယ်"
ကျန်းရီသည် ဆုံးဖြတ်ထားသည့် ဟန်နှင့် စုလောရွှယ် ပြေးထွက်သွားသော ဘက်သို့ လိုက်သွားခဲ့သည်။ စုလောရွှယ်သည် သူ၏ ကျေးဇူးရှင် ဖြစ်ပြီး ကျန်းရှောင်နူကို ကုသရန် ကုဥူကို ရှာဖွေရန်လည်း စုလောရွှယ်ကိုသာ အားကိုးရပေမည်။ သူမ ဤကဲ့သို့ သေသွားမည် မဟုတ်ပေ။
"သခင်လေး ကျန်းရီ ... ရူးသွားပြီလား"
ချမ်ဂိုဏ်း၏ ဂိုဏ်းသား ငါးယောက်သည် ဆွံ့နေ ကြသော်လည်း ကျန်းရီသည် မြားတစ်စင်းအလား ပြေးထွက်သွားခဲ့ပြီ ဖြစ်သည်။ သူတို့သည် သူ့က်ု ပြန်ခေါ်နေရန်ပင် အချိန် မရှိတော့ပေ။ သူတို့ငါးယောက်သည် တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ကာ အံကြိတ်၍ ကျန်းရီ နောက်ကိုသာ ပြေးလိုက် သွားကြလေသည်။ ချမ်ဝမ်ကွမ်သည် သူတို့ကို သေမိန့်ချ ခဲ့ပေသည်။ ကျန်းရီသာ သေသွားလျှင် သူတို့လည်း သေရမည်ဟူ၍ ...
"ဒါကအဆင့် ရေခဲသားရဲပဲ ... အားလုံးပြေးကြ"
လူများသည် ချက်ချင်း တောအုပ်ထဲမှ ထွက်ပြေးကြသည်။ သူတို့တွင် ကြောက်လန့်နေဟန်များ အတိုင်းသား ပေါ်နေကြသည်။ သို့သော် သူတို့သည် ကျန်းရီနှင့် အခြားသူများ ဆန့်ကျင်ဘက်သို့ ပြေးသွားရသည်ကို မြင်ရသော် ဆွံ့အ သွားကြသည်။ သူတို့သည် မှင်တက်နေရာမှ သတိရကာ ဆက်ပြေးကြ ပြန်သည်။ ကျန်းရီနှင့် လူတစ်စုသည် အရူးထကာ ရေခဲသားရဲကို သတ်ရန် ကြိုးစားနေမှတော့ သူတို့ ဘေးကင်းစွာ ထွက်ပြေးရန် အချိန်လုံလောက်ပေသည်။
ပေတော်တော်များများ ပြေးပြီးနောက် ကျန်းရီသည် ချမ်ဂိုဏ်းမှ လူငါးယောက် သူ့နောက်သို့ လိုက်လာကြကြောင်း သတိထားမိသွားလေသည်။ သူသည် မျက်နှာပျက်သွားကာ ချက်ချင်း အော်ဟစ်လိုက်လေသည်။
"မင်းတို့ ဒီမှာ ဘာလုပ်နေကြတာလဲ ... အကုန်လုံး အခုချက်ချင်း ထွက်သွား"
ချမ်ဖူနှင့် သူ့လူများသည် ဖြေရှင်းလိုသည့် ဟန်များနှင့် အလေးအနက် ပြောလာခဲ့သည်။
"ကျွန်တော်တို့ ချမ်ဂိုဏ်းရဲ့ ခေါင်းဆောင်ငယ်လေးက အမိန့်ပေးခဲ့ပါတယ် ... သခင်လေး ကျန်းသာ သေသွားရင် ကျွန်တော်တို့လည်း အသက်ရှင်ခွင့် မရှိဘူးလို့ ... ဒါကြောင့် သခင်လေးကျန်း နောက်မဆုတ်ရင် ကျွန်တော်တို့လည်း နောက်မဆုတ်ပါဘူး"
"ဟ"
"ဂူး"
စုလောရွှယ်၏ နူးညံ့သော အော်သံနှင့် နတ်ဆိုးသားရဲ၏ အသံတို့သည် ချက်ချင်း ထွက်ပေါ် လာခဲ့သည်။ ကျန်းရီသည် သူ့နောက်မှ လိုက်လာသူများကို လျစ်လျူရှုရင်း အံကြိတ်ကာ ရှေ့သို့သာ ဆက်ပြေးသွားခဲ့သည်။ သူသည် ပြေးနေရင်းမှပင် အနက်ရောင် အတွင်းအား တစ်မျှင်ကို မျက်လုံးထံ ပို့ဆောင်လိုက်ပြီး ရှေ့ကို လှမ်းကြည့်လိုက်သည်။
ကျန်းရီသည် ခဏအတွင်း တိုက်ပွဲနေရာသို့ ရောက်ရှိသွားခဲ့သည်။ သူမ ရောက်ခင်တည်းက ရှေ့မှ ကြက်သီးထစရာ အငွေ့အသက်များကို ခံစားနေရလေသည်။ ထိုအရာသည် နတ်ဆိုးသားရဲ၏ အရှိန်အဝါ မဟုတ်ဘဲ သူ့ရှေ့ရှိ ရေခဲအလှမယ် လေးထံမှ အရှိန်အဝါပင် ဖြစ်သည်။
သူသည် ချုံများကို ကျော်လွန် သွားသောအခါ နတ်ဆိုးသားရဲ၏ ပုံပန်းသဏ္ဌာန်ကြောင့် တုန်လှုပ် သွားရသည်။ ၎င်းသည် သစ်နက် (black panther) နှင့် တူလေသည်။ ထိုသတ္တဝါသည် အရမ်းမကြီးသော်လည်း သူ့ကိုယ်သည် ရေခဲတစ်လွှာနှင့် ဖုံးအုပ် ထားသကဲ့သို့ အပြာရောင် သန်းနေလေသည်။ သူ့ကိုယ်မှ ဖြာထွက်နေသော အရှိန်အဝါတို့သည် ကျောရိုးထဲမှ စိမ့်တက် လာစေသည်။
အဖြူရောင် ဓားရှည်ကို လွှဲလိုက်ရင်း စုလောရွှယ်သည် ရေခဲသားရဲကို ဆက်တိုက် နေခဲ့သည်။ သူမ၏ ဖြူဖွေးသော ချစ်စဖွယ် မျက်နှာလေးသည် အစိမ်းရောင်ပင် သမ်းလုမတတ် ဖြစ်နေလေပြီ။ သူမသည် ကြောက်ရွံ့ဟန်ပင် မပြပေ။ သူမသည် အဖြူရောင် ဓားရှည်ကို စက်ဝိုင်းခြမ်းပုံစံ လွှဲလိုက်ကာ နတ်ဆိုးသားရဲ၏ ခေါင်းကို စိုက်ချလိုက်သည်။
"ဘန်း"
နတ်ဆိုးသားရဲသည် ထူးဆန်းသော အော်သံကြီး ပြုကာ လေဖြင့် မှုတ်လိုက်လေသည်။ လေထုအတွင်းတွင် ရေများခဲသွားကာ စုလောရွှယ်၏ လက်ထဲမှ ဓားရှည်ပင် ခဲသွားရလေသည်။ ထိုရေခဲများသည် ဓားရှည်မှ တစ်ဆင့် စုလောရွှယ်၏ ကိုယ်ဆီသို့ပါ ပျံ့နှံ့ သွားခဲ့လေသည်။
"ဟ"
စုလောရွှယ်၏ မျက်နှာတွင်ပါ ရေသည် ခဲစပြုနေပေပြီ။ သူမသည် အော်ဟစ်လိုက်ကာ ဓားရှည် အတွင်းအားများ ထည့်လိုက်ပြီး ဓားကို ခါ၍ လှုပ်ရှားလိုက်ရာ ရေခဲများအားလုံး ကွာကျ သွားခဲ့သည်။ သူမသည် သွေးများခဲသွားမည့် အရေးကို စိတ်မပူဘဲ နတ်ဆိုးသားရဲ၏ ခေါင်းကိုသာ ဓားဖြင့် ပိုင်းချလိုက်လေသည်။
"ဂါး"
နတ်ဆိုးသားရဲသည် ကြောက်လန့်သွားကာ ကိုယ်ကိုယိမ်း၍ ရှောင်တိမ်း သွားခဲ့သည်။ ဓားရှည်သည် သူ့လည်ပင်း၏ အရေးပြားကို ဖြတ်တောက် သွားခဲ့သည်။ သတ္တဝါကြီးသည် ပါးစပ်ဟကာ ရေခဲများကို မှုတ်ထုတ်လိုက် ပြန်သည်။ ရေခဲများသည် စုလောရွှယ်ထံ အလွန်မြန်သော အရှိန်နှင့် ပျံသန်း သွားခဲ့သည်။
"ဘန်း"
စုလောရွှယ်၏ ကိုယ်သည် ခဲသွားမတတ် ဖြစ်သွားသော်လည်း သူမသည် ဓားကို ကိုင်ကာ တိုက်ခိုက်မှုကို ခုခံလိုက်ရင်း အမြန် လှုပ်ရှားလိုက်သည်။ သို့သော် စုလောရွှယ်သည် ဓားရှည်နှင့်အတူ လွင့်စဉ်သွားကာ မြေပြင်ပေါ်သို့ ကျလေသည်။
"သခင်လေးကျန်း ... ဒီရေခဲသားရဲက အရမ်း ကြောက်စရာ ကောင်းတယ် ... ကျွန်တော်တို့သာ ဒီကောင်ကို တိုက်မယ်ဆိုရင် အနား မရောင်ခင်တည်းက ခဲသွားလိမ့်မယ် ... ပြီးတော့ ဒီအကောင်က ဒီနေရာမှာ ပေါ်လာတယ် ဆိုတည်းက ထောက်ချောက် တစ်ခုခု ရှိရမယ် ... တစ်ယောက်ယောက်က သခင်လေးကို ရှင်းဖို့ အကွက်ချ ထားတာလည်း ဖြစ်နိုင်တယ် ... မြန်မြန် နောက်ဆုတ်ကြစို့"
ချမ်ဖူသည် လေးလေးနက်နက် ပြောလိုက်သော်လည်း သူ့စကားပင် မဆုံးသေး ကျန်းရီသည့် ပြေးထွက်သွားခဲ့ပြီ ဖြစ်သည်။ ချမ်ဖူသည် ကူကယ်ရာမဲ့စွာဖြင့် အော်ဟစ် လိုက်ပါသည်။
"ထားလိုက်ပါတော့"
နတ်ဆိုးသားရဲသည် စုလောရွှယ်ကို နင်းချေတော့မည့် ဟန်ကြောင့် ကျန်းရီသည် ရွေးစရာမရှိဘဲ ရှေ့သို့ ပြေးသွားလိုက် ရသည်။ စုလောရွှယ်၏ ဆံပင်များသည်လည်း ခဲနေပြီ ဖြစ်ကာ သူမ၏ လှုပ်ရှားမှုများသည် အလွန်နှေးကွေးနေခဲ့ပြီ ဖြစ်သည်။ သူမတွင် ပြန်ကုစားနေရန် အချိန်မရှိရာ မကြာမီပင် နတ်ဆိုးသားရဲ၏ လက်အတွင်း သေရပေတော့မည်။
"အမ်"
စုလောရွှယ်သည် ဘေးရှိ တောအုပ်ထဲမှ ပြေးထွက်လာသော အစိမ်းရောင် ပုံရိပ်ကို မြင်လိုက်လျှင် ကျေနပ်သွားခဲ့သည်။ သို့သော် ထိုပုံရိပ်သည် ကျန်းရီဖြစ်ကြောင်း သိလိုက်ရချိန်တွင်တော့ သူမသည် မျက်နှာ ပျက်သွားရသည်။ သူမသည် အားတင်းကာ အော်ဟစ်လိုက်သည်။
"ကျန်းရီ ... မင်းစိတ်လွတ်သွားပြီလား ... အခုချက်ချင်းပြေး"
ကျန်းရီသည် စကားတစ်ခွန်းမှ မဆိုဘဲ ကံတရား၏ ဓားစိမ်းကို အတွင်းအား သုံး၍ နတ်ဆိုးသားရဲထံ ပစ်လိုက်လေသည်။ သူသည် အခြား လက်တစ်ဖက်မှ အနက်ရောင်နှင့် အပြာရောင် အတွင်းအားကို ပေါင်းစပ်ကာ အတွင်းအား ပေါက်ကွဲ လက်ဝါးကို ထုတ်ဖော်နေလိုက်သည်။
နတ်ဆိုးသားရဲသည် ကျန်းရီထံ အေးခဲနေသော လေများ မှုတ်ထုတ် မလာခဲ့ပေ။ ကျန်းရီသည် ထိုသတ္တဝါနှင့် ဆယ်ပေခန့် အကွာတွင် ရှိနေခဲ့သော်လည်း သူ့တစ်ကိုယ်လုံး ခဲသွားတော့မတတ် ခံစားနေခဲ့ရသည်။ ခြေတစ်လှမ်း တိုးလိုက်တိုင်း သူ့ခြေထောက်များသည် ခိုက်ခိုက်တုန်အောင် အေးနေကာ ခဲသွားတော့ မလိုပင်။
"ဟ"
ကျန်းရီသည် အော်ဟစ်လိုက်ပြီး အနက်ရောင် အတွင်းအား တစ်မျှင်ကို ဘယ်ဘက် ခြေထောက်ဆီ ပို့ဆောင်လိုက်ပြီး ခြေထောက်ကို ဆောင့်လိုက်သည်။ သူ့အမြန်နှုန်းသည် အလွန် မြန်ဆန်သွားကာ နတ်ဆိုးသားရဲထံ ပြေးဝင်သွားခဲ့လေသည်။ အတွင်းအား ပေါက်ကွဲ လက်ဝါးသည် နတ်ဆိုးသားရဲကို ထိခိုက်မည်လား ဆိုတာ သူသေချာ မသိပေ။ သူတတ်နိုင်သမျှ အကောင်းဆုံးတော့ ကြိုးစားကြည့်ချင် သေးသည်။
"ဂါး"
နတ်ဆိုးသားရဲသည် ခေါင်းမော့ကာ အော်ဟစ်လိုက်သည်။ သူ၏ အပြာရောင် မျက်လုံးများသည် တောက်ပသွားကာ ကျန်းရီထံ လေအေးများ မှုတ်ချ လာခဲ့လေသည်။ ထိုလေအေးများသည် ကျန်းရီကို ရစ်သိုင်း သွားသည်နှင့် ရေသည် ရေခဲရုပ်တု ဖြစ်သွား ပေလိမ့်မည်။ သူကံကောင်းလျှင် အသက်ရှင်မည် ဖြစ်ပြီး ကံမကောင်းလျှင် သွေးခဲကာ ချက်ချင်း သေဆုံးသွားမည် ဖြစ်သည်။
"လွှတ်လိုက်စမ်း"
ကျယ်လောင်သော အော်သံတစ်ခုသည် မလှမ်းမကမ်းမှ ပေါ်ထွက်လာခဲ့သည်။ အနက်ရောင် အလင်းများသည် နတ်ဆိုးသားရဲ၏ အာရုံကို ဆွဲဆောင် သွားခဲ့သည်။ ထိုအနက်ရောင် အလင်းတို့သည် ချမ်ဖူနှင့် သူ့လူများ၏ လက်ထဲရှိ အနက်ရောင် လေးများထံမှ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ အလင်းများသည် နတ်ဆိုးသားရဲ၏ တင်ပါးများထံ ဦးတည် ပျံလာခဲ့သည်။ ထိုလေးများသည် အနက်ရောင် တောက်နေပြီး အဖိုးတန် လက်နက်များ ဖြစ်သည်မှာ ထင်ရှားသည်။
"ဂါး"
နတ်ဆိုးသားရဲသည် အနက်ရောင် အလင်းများကို ကြောက်နေဟန်ဖြင့် ကြည့်နေခဲ့သည်။ ၎င်းသည် ကျန်းရီကို လုံးဝမေ့လျော့ သွားခဲ့ပြီး သူ့တင်ပါးများကို မထိအောင်သာ ရှောင်တိမ်း နေခဲ့သည်။
"သေစမ်း"
ကျန်းရီသည် သူ့တစ်ကိုယ်လုံးသည် ရေခဲ ဖြစ်သွားသလို ခံစားနေရသော်လည်း မျက်လုံးများသည် ကြယ်ပွင့်များလို တစ်လက်လက် တောက်ပနေခဲ့သည်။ သူသည် အားအင်အပြည့်နှင့် အော်ဟစ်လိုက်ပြီး အတွင်းအား ပေါက်ကွဲလက်ဝါးကို ထုတ်လွှတ်လိုက်သည်။ ကျန်းရီ၏ ညာဘက် လက်ဝါးသည် ရေခဲသားရဲ၏ ဦးခေါင်းထက်သို့ ကျရောက် သွားခဲ့လေပြီ။
***