← Chapters

အခန်း (၁၀၃)

Vol. 9 Ch. 103

အခန်း (၁၀၃)

Vol. 9 Ch. 103

ယောက်မအကြီးဖြစ်သူ၏ မျက်နှာအမူအရာမှာ တည်တင်းပြီး ထူးဆန်းနေခဲ့သည်။ စကားပြောပြီးနောက် သူမသည် ယဲ့မင်ရှူးဘေးမှ ကျိလင်ကို သတိပြုမိသွား၏။

"ရှောင်လင်က ကျောင်းပိတ်လို့လား။"

ကျိလင်သည်လည်း ခေါင်းညိတ်ပြပြီး "အဒေါ်" ဟု ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။

ကျိမိသားစုအိမ်တွင် အခုလေးတင် ဖြစ်ပွားခဲ့သည့် အခြေအနေကြောင့် သူမ၏ မျက်နှာတွင် အပြုံးမရှိနေပေ။ သူမက ယဲ့မင်ရှုးဘက်သို့ လှည့်ကြည့်ကာ ပြောလိုက်၏။ "သမီး အခန်းထဲ ပြန်တော့မယ်နော်။"

"ကောင်းပြီလေ၊ အိမ်စာလုပ်ဖို့တော့ မမေ့နဲ့။"

ယဲ့မင်ရှူးက ထိုသို့မှာကြားပြီးမှ သူမ၏ ယောက်မဖြစ်သူကို မေးလိုက်သည်။ "ဘာကိစ္စရှိလို့လဲ။"

"အထဲမှာ ပြောကြရအောင်။"

ယောက်မဖြစ်သူက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ကာ ဤစကားဝိုင်းက အပြင်လူများအတွက် မဟုတ်ကြောင်း ပြသလိုက်သည်။

ဤအပြုအမူက ယဲ့မင်ရှူးကို ပို၍ပင် စူးစမ်းလိုစိတ် ဖြစ်ပေါ်စေခဲ့သည်။ သူမက အထဲသို့ ဖြည်းဖြည်းချင်း လျှောက်သွားရင်း မျက်မှောင်ကြုတ် လိုက်၏။

"ဆပ်ပြာရည် ကိစ္စဆိုရင်တော့ ထပ်ပြောစရာ မလိုဘူးနော်။"

"ဆပ်ပြာရည် ကိစ္စပဲ။"

ယောက်မဖြစ်သူက သူမ၏ တည်ငြိမ်ပြီး ဂုဏ်သိက္ခာရှိသော အမူအရာကို ကြည့်ကာ ပြောလိုက်သည်။

ယဲ့မင်ရှူး၏ ခြေလှမ်း ရပ်သွားခဲ့ပြီး မျက်မှောင်ကြုတ်ကာ ပြောလိုက်ပြန်၏။

"ကျွန်မတို့ အစ်ကို ဘာကြောင့် ဒုက္ခရောက်ခဲ့ရတယ်ဆိုတာကို မမေ့သေးဘူးလား။ ဘာလို့ ဒီလိုကိစ္စတွေကို စဉ်းစားနေသေးတာလဲ။"

"မုဇီဆပ်ပြာရည်ရဲ့ နောက်ကွယ်က သူဌေးက နင့်ရဲ့ရှောင်ဇယ်ဆိုတာကို နင်သိထားလား။"

သူမ ပြောလိုက်သည့် စကားကြောင့် ဧည့်ခန်းထဲမှ လေထုက ရုတ်တရက် ငြိမ်သက်သွားတော့၏။ ယဲ့မင်ရှူးက သူမ၏ ယောက်မကိုကြည့်ကာ ရယ်မောလိုက်သည်။

"မဖြစ်နိုင်တာ!"

သူမသည် လည်စည်းနှင့် ကုတ်အင်္ကျီကို ချွတ်လိုက်ပြီး ဆက်ပြောလိုက်သည်။ "ရှောင်ဇယ်က လမ်းမှန်မရှိလို့ နောက်လမ်းတစ်ခု ထပ်ရွေးချယ်ရတဲ့ ချန်မိသားစုက ချန်ဝေ့ကော်လို မဟုတ်ဘူး။ သူ့အထက်မှာ အဘိုးကြီးနဲ့ ဒုတိယသား ရှိသေးတယ်။ သူက ရည်မှန်းချက်လည်း ကြီးတယ်လေ။ ရာထူးတိုးဖို့ဆိုတာက အချိန်ပဲလိုတာ။ ကောင်းမွန်နေတဲ့ အနာဂတ်ကို စွန့်ပြီး ဘာလို့ စီးပွားရေးလုပ်ငန်းထဲဝင်ရမှာလဲ။"

သူမ ထိုသို့ပြောရင်း အဝတ်ချိတ်ရန် ရပ်တန့်လိုက်ကာ ယောက်မဖြစ်သူကို ကြည့်လိုက်သည်။ "ကျွန်မက အစ်မကို ဖော်မြူလာရအောင် မကူညီပေးလို့ ကျွန်မကို စိန်ခေါ်ဖို့အတွက် ဒီလိုတွေ ပြောနေတာလား။"

သူမ၏ ယောက်မအကြီးဖြစ်သူသည် ယဲ့မိသားစုသို့ လက်ထပ်ဝင်ရောက်ခဲ့သည်မှာ နှစ်ပေါင်းသုံးဆယ်နီးပါး ရှိပြီဖြစ်သော်လည်း ဤညီမဖြစ်သူထံမှ ယောက်မတစ်ဦးအနေဖြင့် အမှန်တကယ် လေးစားစွာဆက်ဆံမှုကို တစ်ခါမှ မရရှိခဲ့ပေ။ လက်မထပ်မီက ယဲ့မင်ရှူးသည် သူတို့၏ အနုပညာအဖွဲ့ထဲတွင် ပန်းတစ်ပွင့်ဖြစ်ပြီး လူပေါင်းများစွာ၏ ကြိုက်နှစ်သက်ခြင်းကို ခံရကာ အမြဲတမ်းလိုလို ခေါင်းမော့၍ လျှောက်လှမ်းခဲ့သူ ဖြစ်သည်။

လက်ထပ်ပြီးနောက်တွင်မူ သူမ၏ အနုပညာအဖွဲ့မှ နောက်ခံက သူမအတွက် အမှတ်ရစရာတစ်ခု မဟုတ်တော့ဘဲ ဝန်ထုပ်ဝန်ပိုးတစ်ခုသာ ဖြစ်လာခဲ့သည်။ သို့သော် သူမသည် ပိုမြင့်မားသော အကိုင်းအခက်တစ်ခုသို့ တက်လှမ်းနိုင်ခဲ့သည်။ သူမသည် မွေးရပ်မြေသို့ ပြန်လာတိုင်းလည်း ကျိကျွင်းနှင့် ကလေးများကို ဂရုစိုက်ရန်လိုသည်ဟု ဆိုကာ စောစောပြန်သွားလေ့ရှိသည်။ အဆုံးတွင်တော့ သူမ၏ မိသားစုနောက်ခံက သူမကို ဆွဲချသွားမည်ကို စိုးရိမ်သောကြောင့်သာဖြစ်နေခဲ့၏။

ယဲ့မင်ရှူး၏ စကားများကို ကြားရသောအခါ ယောက်မဖြစ်သူက ချက်ချင်း ရှင်းပြရန် မလိုလားတော့ပေ။ "မယုံဘူးဆိုရင် ကိုယ့်ဘာသာ သွားကြည့်လိုက်လေ။"

"ကျွန်မက အဲ့ဒီလောက် အားမနေဘူး။"

ယဲ့မင်ရှူးသည် ရယ်စရာကောင်းသည်ဟုသာ ထင်နေခဲ့ပြီး အင်္ကျီလက်ကို ခေါက်တင်ကာ မီးဖိုချောင်သို့ ဝင်ရန် ပြင်လိုက်၏။

"သူ့ရဲ့ တပ်ရင်းကို ဖုန်းဆက်မေးဖို့တောင် အချိန်မရှိဘူးလား။" ယောက်မဖြစ်သူက ဆက်ပြောလိုက်ပြန်၏။ "ရှောင်ဇယ်က နင်ဖုန်းခေါ်ရင် ချက်ချင်း မကိုင်တာကို နင် သတိထားမိလား။"

ဤမေးခွန်းက အဓိကအချက်ကို ထိသွားခဲ့၏။ လွန်ခဲ့သည့် လအနည်းငယ်အတွင်း ယဲ့မင်ရှူး ကျိဇယ်ကို ဖုန်းခေါ်တိုင်း သူက တိုက်ရိုက် ပြန်မဖြေခဲ့ဘဲ အမြဲတမ်းလိုလို နောက်မှသာ ပြန်ခေါ်လေ့ရှိသည်။

သူမ ငြိမ်သက်သွားသည်ကို မြင်သောအခါ ယောက်မဖြစ်သူက သက်ပြင်းချလိုက်၏။ "ငါသာ သူတို့ စက်ရုံကို မတွေ့ခဲ့ရဘဲ၊ ရှောင်ဇယ်ကို ငါ့မျက်စိနဲ့ တပ်အပ်မမြင်ခဲ့ရဘူးဆိုရင် နင့်ကို ဒီစကားတွေ လာပြောနေမှာ မဟုတ်ဘူး။"

ယဲ့မင်ရှူးတွင် တုံ့ပြန်မှုမရှိသေးသဖြင့် ယောက်မဖြစ်သူက သူမအား စက်ရုံလိပ်စာကို ပေးလိုက်သည်။။"ကိုယ့်ဘာသာကိုယ် သွားကြည့်လိုက်ပါ။ ငါက နင့်ကို လှည့်စားဖို့ ကြိုးစားနေတာ မဟုတ်ဘူး။"

ယောက်မဖြစ်သူ ထွက်သွားပြီးနောက်တွင်လည်း ယဲ့မင်ရှူး ဤကိစ္စကို စိတ်ထဲမှ မဖျောက်နိုင်ခဲ့ပေ။ ကျိလင်အတွက် ညစာ ချက်ပြုတ်ပေးခဲ့ပြီးနောက် သူမ စိတ်မထိန်းနိုင်တော့ဘဲ ကုတ်အင်္ကျီကိုဝတ်ကာ ထွက်သွားခဲ့တော့သည်။

သူမသည် စက်ရုံသို့ တိုက်ရိုက်မသွားဘဲ တပ်ရင်းကို အရင်သွားခဲ့သည်။ ဂိတ်စောင့်ကို ဖုန်းခေါ်ခိုင်းခဲ့ရာ အတွင်းမှ လူတစ်ယောက်က ကျိဇယ် အလုပ်ရှုပ်နေသဖြင့် မနက်ဖြန်မှ လာရန်ပြောခဲ့သည်။ သူမလည်း ပြန်မသွားဘဲ အနီးတစ်ဝိုက်တွင် စုံစမ်းကြည့်ရာ ကျိဇယ် ရှိမနေသည်မှာ လအတော်ကြာပြီဖြစ်ကြောင်း သိခဲ့ရသည်။

ပထမတော့ နှစ်စဉ်ခွင့်တင်သည်။ နောက်ပိုင်းတွင်တော့ နေမကောင်းသဖြင့် ခွင့်တင်ခဲ့သည်။ သို့သော်လည်း သူမသည် ယင်းကို မယုံကြည်ချင်သေးပေ။ သူမ အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီးမှ ယောက်မဖြစ်သူ ပေးထားသော လိပ်စာအတိုင်း သွားခဲ့လိုက်သည်။

စက်ရုံမှာ သိပ်မကြီးဘဲ ပြောင်းလဲထားသော လူနေအိမ်အဆောက်အအုံတစ်ခုမျှသာ ဖြစ်သည့်တိုင် လုံခြုံရေးကတော့ တင်းကျပ်သည်။ အသက်ကြီးကြီး လုံခြုံရေးအစောင့်တစ်ဦးက ဝင်ပေါက်တွင် ရှိနေပြီး ဝင်ရောက်သူတိုင်း စာရင်းသွင်းရသည်။ သူမသည် ထိုအဘိုးကြီးကို သူဌေး ရှိ၊မရှိ မေးမြန်းလိုက်ရာ ရှိနေကြောင်း ပြောပြသည်။ သူမက သူဌေးနှင့် တွေ့လိုကြောင်း ပြောသောအခါ အဘိုးကြီးက ဘာကိစ္စရှိလဲဟု ပြန်မေး၏။

ယဲ့မင်ရှူးတွင် ရွေးချယ်စရာ မရှိတော့သလို အပြင်တွင်လည်း ဆက်ပြီး စောင့်မနေချင်တော့ပေ။ ထို့ကြောင့် သူမသည် ဆိုင်သေးသေးလေးတစ်ခု ပိုင်ကြောင်းနှင့် ဆပ်ပြာရည်အမြောက်အမြား ဝယ်ယူလိုကြောင်း လိမ်ပြောလိုက်၏။

ဤစကားသည်လည်း သူတို့အတွက်တော့ သိပ်ယုံကြည်စရာ မကောင်းနေပေ။ သူမ၏ အဝတ်အစားနှင့် အမူအရာတို့က အလွန်သပ်ရပ်လှပနေသဖြင့် ကောင်းမွန်သောအလုပ် သို့မဟုတ် မိသားစုနောက်ခံကောင်းကောင်း ရှိကြောင်း ဖော်ပြနေ၏။ သို့သော်လည်း အဘိုးကြီးကတော့ စက်ရုံထဲသို့ ဖုန်းခေါ်ပေးလိုက်သည်။

မကြာမီမှာပဲ အသက်သုံးဆယ်ဝန်းကျင် အမျိုးသားတစ်ဦး ထွက်လာပြီး သူမကို အတွင်းထဲသို့ ခေါ်သွားခဲ့သည်။ လျှောက်သွားနေရင်း သူမက်ို မေးမြန်းလိုက်၏။

"ခင်ဗျားရဲ့ ဆိုင်နာမည်က ဘာလဲ။ ဘယ်နေရာမှာ ရှိတာလဲ။ ကျွန်တော်တို့ သူဌေးက အရောင်းဆိုင်တွေ အရမ်းနီးနေရင် ပြိုင်ဆိုင်မှု ဖြစ်လာနိုင်ပြီး နှစ်ဖက်စလုံးအတွက် ရောင်းအား မကောင်းနိုင်ဘူးလို့ ပြောထားလို့ပါ။"

ယဲ့မင်ရှူးကတော့ ထိုစကားများကို နားမထောင်နိုင်ဘဲ ရင်းနှီးသော ပုံပန်းသဏ္ဌာန်တစ်ခုကို မျှော်လင့်ကာ ဝေ့ဝဲကြည့်၍ ရှာဖွေနေခဲ့တော့သည်။

ထိုသူက တစ်ခုခုတော့ မဟုတ်တော့ဘူးဟု ရိပ်မိလိုက်ပြီး မျက်မှောင်ကြုတ်ကာ ရပ်လိုက်၏။ "ခင်ဗျားက တကယ်ပဲ ဆပ်ပြာရည် လာဝယ်တာရော ဟုတ်ရဲ့လား။"

သူမက စက်ရုံထဲဝင်လာပြီး သံသယမျက်လုံးဖြင့် ပတ်ပတ်လည်ကို ကြည့်နေသည်ကို မြင်တော့ သူက သူတို့အား သူလျှိုလုပ်ရန် လာသည့်သူလားဟု တွေးမိသွားသည်။ သူမကို ထွက်သွားရန် ပြောတော့မည်အလုပ် ယဲ့မင်ရှူးက သူမ၏ပုံရိပ်ကို ဂရုမစိုက်တော့ဘဲ တစ်နေရာသို့ ရုတ်တရက် ပြေးဝင်သွားပြီး အော်လိုက်၏။

"ရှောင်ဇယ်!

သူမကို တားဆီးတော့မည့်အချိန်တွင် သူတို့၏ သူဌေးဖြစ်သူ ထွက်လာ၏။ ယခင်က ပြုံးရွှင်နေခဲ့သူသည် သူမကို မြင်သောအခါ မျက်နှာအမူအရာက ချက်ချင်း ပြောင်းလဲသွားပြီး၊ "အမေ" ဟု ရေရွတ်လိုက်၏။

'အမေ?' ထိုစကားကို ကြားလိုက်ရသူတိုင်း အံ့အားသင့်သွားခဲ့ကြသည်။

ယဲ့မင်ရှူး၏ စိတ်ထဲတွင် ဘာမှ မရှိတော့ဘဲ ကျိဇယ်ကို အလိုအလျောက် ဆွဲကိုင်လိုက်ပြီး မေးလိုက်၏။."မင်း ဒီကို လာလည်တာ မဟုတ်ဘူးလား။"

သူမ၏ အသံသည် ပြတ်သားနေပြီး ကျိဇယ်ကို မေးခွန်းမေးနေသည်လား၊ သို့မဟုတ် သူမကိုယ်သူမ အားပေးနှစ်သိမ့်နေသည်လား မရှင်းလင်းခဲ့ပေ။

"မင်းမှာ သူငယ်ချင်းတွေ အများကြီး ရှိတာပဲ၊ ဒီကိစ္စမျိုးတွေလည်း လုပ်ကြမှာပေါ့။ မင်း ဒီကို လာလည်တာ မဟုတ်လား။"

ကျိဇယ်လည်း သူ့အမေ ရောက်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့။ သူမက သူ့ကို ဆွဲကိုင်လိုက်တော့ သူလည်းဘာမှ ပြန်မပြောနိုင်ဖြစ်နေတော့သည်။

"မင်း အဒေါ်ပြောသလိုမျိုး အလုပ်ကောင်းကောင်းကို စွန့်ပစ်ပြီး စီးပွားရေး လုပ်နေတာ မဟုတ်ပါဘူးနော်။"

ထိုစကားတွင် မျက်ရည်စများ ရောနှောနေခဲ့ပြီဖြစ်သည်။

သူမကို ခေါ်လာသူက အခြေအနေ မကောင်းမှန်း ရိပ်မိလိုက်ပြီး ကျိဇယ်ကို အသံတိုးတိုးဖြင့် မေးလိုက်၏။

"သူဌေး။"

ထို "သူဌေး" ဆိုသည့် စကားတစ်လုံးတည်းက ယဲ့မင်ရှူး၏ အထင်အမြင်များကို ရိုက်ချိုးပစ်လိုက်နိုင်ခဲ့သည်။

သူမသည် သူ၏ လက်ကို လွှတ်လိုက်ပြီး နောက်သို့ နှစ်လှမ်း သုံးလှမ်းခန့် ဆုတ်သွားကာ ထိုနေရာတွင်ပဲ သတိလစ်သွားခဲ့တော့သည်။

လင်းချောင်၊ အဘိုးကြီး၊ ရွှီလီတို့သည် ယဲ့မင်ရှူး နာမကျန်းဖြစ်သွားကြောင်းကို နောက်နေ့မှ သိလိုက်ရသည်။

မနက်စာမစားမီ ကျိကျွင်း ရောက်လာပြီး ကျိလင်ကို လာပို့ခဲ့သည်။ ယဲ့မင်ရှူး ဖျားနေ၍ ဆေးရုံတက်နေရပြီး ကျိလင်းကို သူတို့နှင့် ခဏ လာထားလိုကြောင်း ပြောပြလိုက်၏။

"မင်ရှူး ဖျားနေတာလား။"

ရွှီလီ အလွန် အံ့အားသင့်သွားသည်။ "မနေ့က လာတုန်းကတော့ အကောင်းပါပဲ။"

ကျိကျွင်းက တုံ့ဆိုင်းနေပြီးမှ ပြန်ဖြေလိုက်၏။ "မနေ့ နေ့လယ်ပိုင်းကမှ ရုတ်တရက် ဖျားသွားတာပါ။ သိပ်မပြင်းထန်ပါဘူး၊ နှစ်ရက်လောက်ဆိုရင် ပြန်ကောင်းသွားမှာပါ။"

ဆေးရုံတက်ရသည့်တိုင် သိပ်မပြင်းထန်နေဘူးလား။ သူက သိပ်မပြောပြချင်ကြောင်း ရှင်းနေ၏။

ရွှီလီလည်း ထပ်မမေးတော့ပေ။ "ရှောင်လင်ကို ဒီမှာ ထားခဲ့ပါ။"

ရွှီလီသည် ကျိလင်၏ ကျောင်းလွယ်အိတ်ကို ယူလိုက်ပြီး သူမကို ညင်သာစွာ မေးလိုက်သည်။ "မနက်စာ စားပြီးပြီလား။"

"မစားရသေးပါဘူး။"

ကျိလင်က နှုတ်ခမ်းကို စေ့ထားသည်။ စိတ်ပူနေပုံရပြီး မျက်နှာလည်း မကြည်မလင် ဖြစ်နေ၏။

ရွှီလီလည်း မနက်စာကို ကိုယ်တိုင် သွားယူပြီး ပဲနို့တစ်ခွက် ပေးလိုက်ကာ ကျိကျွင်းကို မေးလိုက်၏။

"မင်းလည်း မစားရသေးဘူး မဟုတ်လား။ စားပြီးမှ သွားပါ။"

"ကျွန်တော် မစားတော့ပါဘူး။ အပြင်ကနေ တစ်ခုခု ဝယ်ပြီး မင်ရှူးကို သွားပို့လိုက်ပါဦးမယ်။"

သူ ထွက်သွားသည်နှင့် အဘိုးကြီးက မြေးမလေး အကြိုက်ဆုံးဖြစ်သော မုန့်ကြော်ကို ချက်ချင်း လှမ်းပေးလိုက်သည်။

"ဒီမုန့်ကြော်ကို အဒေါ်ကျန်းက မနက်စောစောထ တန်းစီပြီး ဝယ်ထားခဲ့တာ။ ခုထိ ကြွပ်နေတုန်းပဲ။"

ရွှေအိုရောင် မုန့်ကြော်သည် တကယ်ကို ကြွပ်ရွနေခဲ့သည်။ ကျိလင် တစ်ကိုက်ကိုက်လိုက်သည်နှင့် ပါးဖောင်းသွားသော်လည်း မျက်နှာကတော့ မသာယာသေးပေ။

"အိမ်မှာ တစ်ခုခု ဖြစ်နေတယ်လို့ သမီး ထင်တယ်။"

"စိတ်ပူမနေပါနဲ့။ အဖေက နှစ်ရက်လောက်ဆို ပြန်ကောင်းသွားမှာပဲလို့ ပြောသွားတယ်မလား။"

ရွှီလီက မြေးမဖြစ်သူကို ဟင်းချဉ်အချို့ ပေးလိုက်သည်။

"အတည်ပြောနေတာပါ။ မနေ့က မနက်ပိုင်းက အဒေါ် ရောက်လာပြီး အမေနဲ့ ဆွေးနွေးစရာရှိတယ်လို့ ပြောသွားတယ်။ နေ့လယ်ကျတော့ အမေ ထွက်သွားတာ ခုချိန်ထိ ပြန်မလာသေးဘူး။"

ကျိလင်သည် အိမ်ရှိ ပြောင်းလဲမှုများကို သိလွယ်သော အရွယ်ရောက်နေပြီဖြစ်ရာ ငယ်ငယ်ကကဲ့သို့ လွယ်လွယ်နှင့် အလိမ်မခံတော့ပေ။

ကျိကျွင်း၏ တုံ့ဆိုင်းနေမှုကို မြင်ရသဖြင့် ရွှီလီလည်း ပြဿနာ တစ်ခုခုရှိမှန်း ခန့်မှန်းမိပြီးသား ဖြစ်ပြီး တိုက်ရိုက်တော့ မပြောရဲခဲ့ပေ။

"စိတ်ပူနေရင် အဖေနဲ့အတူ ဆေးရုံ သွားကြည့်လိုက်ပေါ့။"

အဘိုးကြီးကလည်း မြေးမလေး၏ အာရုံကို လွှဲပြောင်းရန် ကြိုးစားလ်ိုက်သည်။

"ဒီမုန့်ကြော်က အရမ်းကောင်းတာ။ မစားဘူးဆိုရင် အဘိုး စားပစ်လိုက်ရမလား။"

ကျိလင်က ချက်ချင်း တူကို ကောက်ကိုင်လိုက်ပြီး မုန့်ကြော်ကို ဆွဲယူလိုက်သည်။

ရွှီလီနှင့် အဘိုးကြီးတို့ နှစ်ယောက်တည်း ကျန်တော့မှ အဘိုးကြီးက တိုးတိုးလေး ပြောလိုက်၏။

"သားကြီးတို့မိသားစုက ဘာတွေ ဖြစ်နေကြတာလဲ။ ကလေးကိုတောင် ဘယ်လောက် ကြောက်အောင် လုပ်ထားလဲကြည့်ဦး။"

"အင်း၊ စိတ်ဆိုးအောင် လုပ်တာကတော့ သားကြီး မဖြစ်နိုင်လောက်ပါဘူး။ ကျွန်မတို့သိတဲ့ လူတွေထဲမှာ သားကြီးလောက် သူ့မိသားစုကို အလေးထားတဲ့သူ မရှိဘူး။"

"သူ့မိန်းမ အလိုကျ နားထောင်လွန်းသူလို့ပဲ ပြောရမလား။"

အဘိုးက လှောင်ပြောင်လ်ိုက်ပြီး အသံကို ပိုလျှော့လိုက်သည်။

"ရှောင််ဇယ် ကိစ္စများ ဖြစ်နေမလား။"

ရွှီလီလည်း တိတိကျကျ မပြောနိုင်ပေ။ သို့သော် ထိုကိစ္စသာ ပေါ်လာပါက ချွေးမအကြီးသည် ဆေးရုံရောက်ရလောက်အောင်အထိ စိတ်ဆိုးနိုင်သည်မှာကတော့ အမှန်ပင်။

သူတို့လည်း ဘာမှ ထပ်မပြောခဲ့တော့ပေ။ ထိုအချိန်မှာပဲ ဧည့်ခန်းမှ ဖုန်းမြည်လာသဖြင့် ရွှီလီက ထွက်ဖြေလိုက်သည်။

"ဟယ်လို၊ ဒုတိယသားလား။"

ရွှီလီလည်း အံ့အားသင့်သွားပြီး အဘိုးကြီးကပါ အခန်းထဲမှ ထွက်လာခဲ့သည်။

"ဒုတိယသားက အိမ်ကို ဖုန်းဆက်တတ်သေးတယ်လား။"

ဒီလိုမျိုး တစ်ခါမှ မဖြစ်ဖူးပေ။ တစ်ခါတလေဆိုလျှင် ကျိသော် ခရီးက ပြန်လာမှသာ သူတို့က သူ ခရီးသွားခဲ့မှန်း သိရသည်။

ရွှီလီသည် သူ၏စကားအနည်းငယ်ကို နားထောင်ပြီး ရယ်မောမိကာ ပြောလိုက်၏။

"ကောင်းပြီ၊ ငါ သူ့ကို ခေါ်ပေးမယ်။"

ဖုန်းကို ဘေးချလိုက်ပြီးနောက် အပြင်ထွက်၍ အော်လိုက်၏။

"ချောင်ချောင်၊ ဒုတိယသား ဖုန်းခေါ်တယ်။"

လင်းချောင်သည် ကျိလင်နှင့်အတူ ခြံဝင်းထဲ၌ မီးရှူးမီးပန်းများ ဖောက်ကာ ယမ်းမှုန့်၏ ဖွဲ့စည်းပုံအကြောင်းကို ရှင်းပြနေခဲ့သည်။ ရွှီလီ၏ ခေါ်သံကို ကြားတော့ သူမလည်း အံ့သြသွား၏။

"ကျိသော်ဆီက ဖုန်းလား။"

သူက ခရီးထွက်နေသည့်တိုင် သူမကို ဖုန်းဆက်နိုင်သေးသည်။

ကျိလင်က မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။

"ဒါက ဦးလေးဆီက ဖုန်းနော်~"

လင်းချောင်က သူမ၏ ဦးခေါင်းကို အသာလေးပုတ်လိုက်သည်။

ရွှီလီက စနောက်သံ အပြည့်ဖြင့် ပြောလိုက်၏။ "ငါ့သားက အသက် နှစ်ဆယ့်ခုနစ်နှစ်အတွင်း တစ်ခါမှ အိမ်ကို ဖုန်းမခေါ်ဖူးဘဲ ခုမှ ခေါ်တတ်သွားတယ်။"

"အရေးကြီးတဲ့ ကိစ္စများ ရှိနေတာလား။"

လင်းချောင်က ထိုစကားအဓိပ္ပာယ်ကို လက်မခံချင်ဘဲ ဧည့်ခန်းထဲဝင်ကာ ဖုန်းကို ကောက်ကိုင်လိုက်သည်။

"ကိုယ် ရောက်ပြီ။"

ကျိသော်၏ အသံသည် ယခင်ကဲ့သို့တိုး၍ ပြတ်သားနေခဲ့သည်။

"ကိုယ်တို့ အကြောင်းစုံ သိရပြီးပြီ၊ အရင်တစ်ခါက လူပဲ။"

ထင်သည့်အတိုင်း အလုပ်ကိစ္စပင်။ လင်းချောင်၏ မျက်နှာအမူအရာ တင်းမာသွားခဲ့၏။

"ဘယ်လိုလဲ၊ လူကိုရော ဖမ်းမိပြီလား။"

"မမိသေးဘူး၊ ဒါပေမဲ့ ရှာရမဲ့ နယ်မြေကိုတော့ ကျဉ်းလိုက်နိုင်ပြီ။"

"ကျွန်မ လုပ်ပေးရမဲ့ ကိစ္စတစ်ခုခု ရှိသေးလား။"

"မရှိဘူး။ ကိုယ်က လုံခြုံကြောင်းနဲ့ အရာအားလုံး အဆင်ပြေနေကြောင်း မင်းကို ပြောပြချင်ရုံပါ။"

'ဒါလေး ပြောဖို့ကိုသက်သက် ဖုန်းဆက်တာလား?'

လင်းချောင် သည် အလိုအလျောက်ပဲ လက်ကိုမြှောက်ကာ ဆွယ်တာအင်္ကျီပေါ်မှ လည်ပင်းရှိ ကျောက်စိမ်းကျား ရုပ်လေးကို စမ်းကြည့်မိခဲ့ပြီး၊ သူ မထွက်ခွာမီက ပွေ့ဖက်ခဲ့သည်ကို ပြန်သတိရသွားသည်။ ဒီလူက သူမ မေ့သွားမည်ကို စိုးရိမ်ပြီး သတိပေးရန် ဖုန်းဆက်ခဲ့သည်လား။

တစ်ဖက်တွင်မူ ဆေးရုံမှ အခြေအနေသည် အိမ်ဟောင်းထက် ပို၍ စိတ်ဖိစီးမှုများနေခဲ့သည်။

ကျိကျွင်း ဝင်သွားသောအခါ ဆေးရုံကုတင်ပေါ်တွင် လဲလျောင်းနေသော ယဲ့မင်ရှူး ထပ်ငိုနေသည်ကို တွေ့လိုက်ရပြန်၏။ တစ်နေ့လုံး ငိုနေပုံရသည်။

"သားက ဘာတွေ စဉ်းစားနေတာလဲ။ စစ်တပ်မှာ အရာရှိဖြစ်နေတာ မကောင်းဘူးလား။ အခုတောင် ဒုဗိုလ်ရာထူးတောင် တိုးပြီးနေပြီပဲ။ အနည်းဆုံး နောက်နှစ်နှစ်လောက်ဆို တပ်ခွဲမှူး ဒါမှမဟုတ်ရင် တပ်ရင်းမှူး ဖြစ်တော့မှာ။"

ကျိဇယ်သည် သူ့အမေ သတိလစ်ပြီး ဆေးရုံရောက်သည့်အချိန်ကတည်းက ဘေးခုတင်ပေါ်တွင် တိတ်ဆိတ်စွာ ထိုင်လျက် သူမ၏ စကားများကို နားထောင်နေခဲ့သည်။

ကျိကျွင်းလည်း အထဲဝင်လာခဲ့ပြီး ယူလာသော နေ့လယ်စာဘူးကို ခုတင်ဘေး စားပွဲပေါ် တင်လိုက်သည်။

"တော်ပြီ၊ မငိုပါနဲ့တော့။ ထပြီး အစားစားလိုက်ဦး။"

"ကျွန်မ ဘယ်လိုလုပ် စားနိုင်မှာလဲ။"

ယဲ့မင်ရှူးသည် ရင်ဘတ်ကို ဆုပ်ကိုင်ရင်း ဖျားနာနေသည့်ပုံစံဖြင့် ဆိုလိုက်၏။ "ဒီနှစ်တွေတစ်လျှောက်လုံး သူ့ကို ကျွေးမွေးစောင့်ရှောက်လာတာ ဒီလို ဖြစ်သွားဖို့လား။"

ကျိကျွင်းလည်း ဘာပြောရမှန်းမသိဘဲ သားဖြစ်သူကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်၏။ "မင်း စစ်တပ်ထဲမှာ အဆင်ပြေနေတာပဲ။ ဘာလို့ ဒီလိုတွေ လုပ်နေရတာလဲ။ မြန်မြန် ရပ်လိုက်တော့၊ မင်း အမေ စိတ်မဆိုးရအောင်။"

ကျိဇယ် စကားမပြောခဲ့ပေ။ သူ ဖိအားများ ခံစားခဲ့ရပုံ၊ ပြောင်းလဲချင်သည့်ဆန္ဒနှင့် မကြာသေးမီက ရထားသော အောင်မြင်မှုများ အကြောင်း သူ့အမေကို ပြောပြခဲ့ပြီးပြီဖြစ်သည်။ သို့သော် ယဲ့မင်ရှူးက နားမထောင်ဘဲ သူမဘဝ ဘယ်လောက် ခက်ခဲခဲ့ကြောင်းကိုသာ ပြောပြီး သူက အနာဂတ်ကို ဖျက်ဆီးနေသည်ဟုသာ စွပ်စွဲနေခဲ့သည်။

သူ သဘောမတူကြောင်း သိလိုက်ရသောအခါ ယဲ့မင်ရှူးက ထပ်ငိုပြန်၏။ "မင်း ငါ့ကို သေစေချင်တာလား။ ငါတို့ ပတ်ဝန်းကျင်ကို ကြည့်လိုက်စမ်း။ ချန်ဝေကော်ကလွဲရင် အခြား ဘယ်သူကများ ဒီလိုလုပ်နေလို့လဲ။ ဒါက ဘယ်လိုလုပ် လမ်းမှန် ဖြစ်နိုင်မှာလဲ။"

"နိုင်ငံတော်က ခွင့်ပြုထားတာ၊ မူဝါဒချပြီးပါ ထောက်ပံ့ပေးထားတာ။ ဘယ်လိုလုပ် လမ်းမှန် မဟုတ်ရမှာလဲ။" ကျိဇယ်က ပြန်ချေပလိုက်သည်။

"လမ်းမှန်ဆိုရင် ဘာလို့ အရင်က ခွင့်မပြုခဲ့ရတာလဲ။" ယဲ့မင်ရှူးက ပို၍ပင် အားပါးတရ ငိုချလိုက်ပြန်သည်။ "မင်းဦးလေးကိုသာ မှောင်ခိုကိစ္စနဲ့ မဖမ်းသွားဘူးဆိုရင် ငါ အဲ့ဒီ စီစဉ်ထားတဲ့ အိမ်ထောင်ရေးမျိုးကို သဘောတူပါ့မလား။ ငါ ဒီနှစ်တွေတစ်လျှောက်လုံး ငါ့မိသားစုကိုပဲ ကြည့်ရှုစောင့်ရှောက်လာတာ၊ လူတိုင်းနဲ့ အတိုက်အခံလုပ်ပြီး၊ အားလုံးက မင်းနဲ့ မင်းအဖေအတွက်ပဲ။ အခုကျမှ မင်းက ဒီလိုလုပ်နေတယ်။"

လက်ထပ်ပြီးနောက် မိဘအိမ်ကိုထောက်ပံ့သော အမျိုးသမီးများနှင့်မတူဘဲ ယဲ့မင်ရှူးသည် သူတို့၏ မိသားစုငယ်လေးအပေါ်တွင်သာ အာရုံစိုက်ခဲ့သည်။ ကျိဇယ် ဆက်လက် တိတ်ဆိတ်နေခဲ့၏။

ကျိကျွင်းက သားဖြစ်သူကို နားချရန် ကြိုးစားလိုက်သည်။ "တော်ပြီ၊ အသစ်တစ်ခုခု စမ်းလုပ်ကြည့်ချင်တယ်ဆိုရင်တောင် ခြောက်လလောက်ဆို လုံလောက်သင့်ပြီလေ။ ပိုက်ဆံလိုချင်တာဆိုရင်လည်း အခုလောက်ဆို တော်တော်များများ ရထားလောက်ပြီ။ ရပ်လိုက်ပါတော့။ မင်းအမေလည်း ဒီနှစ်တွေတစ်လျှောက်လုံး ခက်ခဲခဲ့ရတာ။ ဒါကလည်း အလားအလာကောင်းတဲ့လုပ်ငန်းမျိုး မဟုတ်ဘူး။ စစ်တပ်ကပေးတဲ့ တည်ငြိမ်မှုနဲ့ အလားအလာကို ဘယ်လိုမှ လိုက်မမီနိုင်ဘူး။"

All Chapters