အခန်း (၁၀၄)
Vol. 9 Ch. 104
ကျိဇယ်က ဆက်တိတ်ဆိတ်နေခဲ့ပြီး ခေါင်းလှည့်သွားကာ ဆန့်ကျင်လိုက်သည်။
ယဲ့မင်ရှူးသည် ထိုပုံကို မြင်လိုက်သောအခါ အသက်ရှူရပ်လုမတတ် ဖြစ်သွားပြန်သည်။ သူမက လင်းချောင်ကိုပင် အပြစ်တင်ခဲ့ပြီး ချန်ဝေ့ကော်ကို အပြစ်တင်ပြောဆိုခဲ့သော်လည်း နောက်ဆုံးတွင်တော့ သူမ၏ သားအရင်းကသာ ဆပ်ပြာရည် ထုတ်လုပ်နေသည်ကို သိလိုက်ရသည်။
လင်းချောင် ထိုအချိန်က သူမကို နောက်ကွယ်မှ ရယ်နေခဲ့မည်မှာ သေချာ၏။ အဘိုးကြီးနှင့် ရွှီလီတို့ရော ဒီအကြောင်းကို သိနေကြပြီလား။
လင်းချောင်အကြောင်း တွေးလိုက်မိသည်နှင့် ယဲ့မင်ရှူး၏ ရင်ထဲတွင် ဒေါသများ ပြည့်လျှံလာ၏။ သူမက ထထိုင်လိုက်သည်။
"အဲ့ဒီ ဆပ်ပြာရည် ဖော်မြူလာကို လင်းချောင်က မင်းကို ပေးတာလား။"
"အဒေါ်က မပေးပါဘူး။"
ကျိဇယ်က ချက်ချင်း ဖြေရှင်းလိုက်သည်။ "ကျွန်တော်က ဦးလေးကို သူမဆီက ယူခိုင်းခဲ့တာ။"
သို့သော် ယဲ့မင်ရှူးက နောက်ဆုံးစကားကို နားမထောင်တော့ဘဲ ဆက်ပြောနေ၏။ "ငါ သိသားပဲ၊ သူမက မင်းကို မြှောက်ပေးတာ။ သူမ ယောကျ်ားက စစ်တပ်မှာ အဆင်ပြေနေတာတောင် ငါ့သားကို လာဖျက်ဆီးတယ်။ ငါ သူမကို စကားနည်းနည်းလေးပဲ ပြောမိတာ..."
"အရာအားလုံးကို တခြားသူတွေကို လိုက်အပြစ်တင်တာ ရပ်လို့မရဘူးလား။" စကားမဆုံးမီမှာပဲ ကျိဇယ် ရုတ်တရက် ထရပ်လိုက်သည်။
"ကျွန်တော်က သူ့ကို တောင်းဆိုခဲ့တာလို့ ပြောနေတယ်လေ။ ဖော်မြူလာကို ဘယ်သူ တောင်းသွားမှန်းတောင် သူမ မသိဘူး။ ဘယ်လိုလုပ် ကျွန်တော့်ကို မြှောက်ပေးနိုင်မှာလဲ။"
ဒီအချိန်မှာတော့ စကားလုံးများနှင့် ခံစားချက်များ အားလုံးက သူ့အတွက် ထွက်ပေါက်တစ်ခု ရသွားသလို ဖြစ်သွားခဲ့ပြီး သူ မရပ်တန့်တော့ပေ။
"စီစဉ်ထားတဲ့ အိမ်ထောင်ရေးကလည်း ကျွန်တော်တို့ မိသားစုရဲ့ ဆုံးဖြတ်ချက်ပဲ။ ကျွန်တော်တို့က သူမကို မယူချင်တော့ဘူးဆိုပြီး ဦးလေးဆီ တွန်းပို့လိုက်တာလေ။ ကျွန်တော်တို့ မိသားစုဘက်က သူမကို အမှားလုပ်ခဲ့တာ၊ သူမက ကျွန်တော်တို့ကို အမှားလုပ်ခဲ့တာ မဟုတ်ဘူး။ အရာရာအားလုံးကို သူမအပေါ် အပြစ်ပုံချနေတာကို ရပ်လို့မရဘူးလား။"
သူ၏ စကားများသည် လင်းချောင် ဘက်မှ အပြည့်အဝ ရပ်တည်နေသဖြင့် ယဲ့မင်ရှူး ခဏတာ မှင်တက်သွားကာ ငိုဖို့ပင် မေ့သွားခဲ့သည်။ သူမကို ပို၍ စိတ်မကောင်းဖြစ်စေသည်မှာ ကျိကျွင်းက ချက်ချင်း အနေအထား ပြောင်းလိုက်ခြင်းပင်။
"ချောင်ချောင်က ရှောင်ဇယ်နဲ့ တစ်နှစ်နေမှ နှစ်ခါ၊ သုံးခါလောက်ပဲ တွေ့တာ။ ဘယ်လိုလုပ်ပြီး မြှောက်ပေးနိုင်မှာလဲ။ ထင်ရာ ကောက်ချက်ဆွဲချပြီး မပြောနေနဲ့။"
သားအဖနှစ်ယောက်၏ စကားကြောင့် ယဲ့မင်ရှူး ခဏတာ စကားမပြောနိုင် ဖြစ်သွားခဲ့သည်။ နောက်ဆုံးတွင်တော့ ခေါင်းလှည့်ကာ ခေါင်းအုံးပေါ် မျက်နှာအပ်၍ ငိုလိုက်ပြန်၏။
"ငါ့ဘဝက ဘာလို့ ဒီလောက်တောင် ခက်ခဲရတာလဲ။"
သို့သော် သူမ၏ ပြဿနာများကတော့ မပြီးဆုံးသေးပေ။ ထိုနေ့မှစ၍ သူမ၏ ယောက်မအကြီးက သူမ၏ အခြေအနေကို စောင့်ကြည့်နေခဲ့သည်။ အိမ်တွင် လူမရှိသောကြောင့် သူမက ဆပ်ပြာရည်စက်ရုံ သို့ သွားရောက် စုံစမ်းခဲ့ရာ၊ သူဌေးဖြစ်သူသည် သူ၏ အမေ ဖျားနေသောကြောင့် ရက်အတော်ကြာအောင် စက်ရုံသို့ ရောက်မလာသေးကြောင်း ကြားသိခဲ့ရသည်။
"သူ့အမေ ဘာတွေ စဉ်းစားနေလဲတော့ မသိဘူး။ ငါတို့ သူဌေးက အရမ်း ထူးချွန်တယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလိုကြီးမားတဲ့ လုပ်ငန်းကြီးကို ထူထောင်ထားနိုင်တာ။"
ဂိတ်ပေါက်မှ လုံခြုံရေးအဘိုးကြီးက သက်ပြင်းချရင်း ပြောလိုက်သည်။
ယောက်မအကြီးဖြစ်သူလည်း ပြန်လာခဲ့ပြီး သူမခင်ပွန်းကို ပြောပြလိုက်သည်။ ထို့နောက် သူတို့က ပန်းသီးတစ်အိတ်နှင့် လိမ္မော်သီးတစ်အိတ် ဝယ်ကာ ဆေးရုံသို့ လာခဲ့ကြ၏။
ကျိဇယ်သည် စင်္ကြန်နားတွင် တစ်စုံတစ်ဦးနှင့် စကားပြောနေသည်။ "နှစ်သစ်ကူးကာလရောက်တော့မယ်။ မနက်ဖြန်ကစပြီး ကျွန်တော်တို့ စက်ရုံကို ခုနစ်ရက်တိတိ ပိတ်ပါမယ်။ ခုနစ်ရက်မြောက်နေ့ကျမှ ပြန်စကြမယ်။ အချိန်ဇယားဆွဲပြီး တစ်နေ့ကို နှစ်ယောက် အလှည့်ကျ တာဝန်ယူဖို့ စီစဉ်ထားပါ။ ကျွန်တော် ဒီကနေ ခွာလို့မရသေးပေမဲ့ စာရင်းကိုင်ကို မနက်ဖြန် ဆုကြေးငွေတွေ ထုတ်ပေးဖို့ ပြောထားပြီးပြီ။"
ထိုနှစ်ဦးကို မြင်သောအခါ သူက နှုတ်ဆက်လိုက်သည်။ "ဦးလေး၊ အဒေါ်။"
ယဲ့မင်ရှူး၏ အခြေအနေကြောင့် သူ၏ သဘောထားသည် အရင်ကလို မနွေးထွေးနေတော့ပေ။
တစ်ဖက်လူနှစ်ဦးကတော့ အလွန်နွေးထွေးစွာဖြင့် မေးလိုက်သည်။ "ရှောင်ဇယ်၊ အလုပ်များနေတာလား။"
ထိုသို့မေးမြန်းပြီးနောက် ပစ္စည်းများကိုယူကာ အတွင်းသို့ ဝင်သွားလိုက်ကြသည်။
ယဲ့မင်ရှူး၏ အခြေအနေသည် အရင်နေ့များကလောက် မဆိုးရွားတော့ပေ။ သူမသည် ဖျားနာမှုကို အသုံးချကာ သားဖြစ်သူကို လုပ်ငန်းပိတ်ဖို့ ဖိအားပေးရန်အတွက် ဆေးရုံတွင် ဆက်နေနေခြင်းသာ ဖြစ်သည်။
အခြေအနေကို သူမအား ဖော်ထုတ်ပေးခဲ့သော ယောက်မအကြီးဖြစ်သူကို မြင်တော့ သူမ သိပ်မပျော်ရွှင်သော်လည်း အားလျော့စွာဖြင့် ခေါင်းညိတ်နှုတ်ဆက်လိုက်၏။
"ဘာလို့ ဒီလောက်တောင် စိတ်ဆိုးနေရတာလဲ။"
ယောက်မဖြစ်သူက ပစ္စည်းများကို ခုတင်ဘေးတွင် ချထားပြီး ပြောလိုက်၏။
"ကလေးက ကြီးလာပြီဆိုတော့ အကြောင်းအကျိုးအားလုံးကို နားလည်လာပြီ။ ဖြည်းဖြည်းချင်း ပြောပါ။ ကိုယ့်ကိုယ်ကို ဒီလိုအခြေအနေဖြစ်အောင် လုပ်နေတော့ ခင်ပွန်းကရော စိတ်မကောင်း မဖြစ်ရဘူးလား။ နင့် အစ်ကိုကရော စိတ်မကောင်း မဖြစ်ရဘူးလား။"
သူမ၏ အစ်ကိုကြီးက မျက်မှောင်ကြုတ်ကာ သူမကို အခြေအနေမေးလိုက်သည်။ "စင်္ကြန်မှာ ရှောင်ဇယ်ကို မြင်ခဲ့တယ်။ နှစ်သစ်ကူးပြီးရင်ရော သူ ဆက်လုပ်ဖို့ စီစဉ်ထားသေးလား။"
ဒီအကြောင်းကို ပြောလိုက်သောအခါ ယဲ့မင်ရှူးသည် ပို၍ပင် စိတ်ဆိုးသွားတော့သည်။ "သူ ဘာတွေ စဉ်းစားနေလဲ ဘယ်သူ သိမှာလဲ။ ဒီကိစ္စ ဘယ်လောက် အရေးကြီးလဲဆိုတာ ကျွန်မ ပြောပြထားပေမဲ့ သူက လုံးဝ နားမထောင်ဘူး။"
"သူက လုပ်ငန်းကို လက်မလွှတ်ချင်တာလား။"။ယောက်မဖြစ်သူက ခန့်မှန်းပြောလိုက်၏။
"တစ်နေ့ကို အနည်းဆုံး ရာဂဏန်းလောက် ရတယ်လို့ ကြားတယ်။"
ယဲ့မင်ရှူး နားမထောင်ချင်သော်လည်း သူမအစ်ကိုကြီးကတော့ အံ့အားသင့်သွားသည်။ "ဒီလောက်တောင်များတာလား။"
သူက ဒါကို ယခုမှ ကြားဖူးပုံရ၏။
ဇနီးဖြစ်သူ ခေါင်းညိတ်ပြသည်ကို မြင်သောအခါ သူ စဉ်းစားလိုက်သည်။ "တကယ့်ကို နှမြောစရာပဲ။ ဒီလောက်ထိ တည်ဆောက်ထားခဲ့ပြီး၊ လူတွေ အများကြီးကလည်း သူ့ကို အားကိုးပြီး အသက်မွေးဝမ်းကျောင်း ပြုနေရတာ။"
သူက မျက်မှောင်ကြုတ်ကာ ယဲ့မင်ရှူးကို အကြံပြုလိုက်သည်။ "ဒါဆိုရင် ဒီလိုလုပ်မလား။ ရှောင်ဇယ်ကို စက်ရုံကို ငါနဲ့ မင်းအစ်မကြီးကို လွှဲပေးခိုင်းလိုက်လေ။ ငါတို့က သူ့အတွက် စီမံခန့်ခွဲပေးမယ်။"
"အစ်ကိုတို့ကို လွှဲပေးရမယ် ဟုတ်လား။" ယဲ့မင်ရှူးသည် ကြားရသည်ကိုပင် မယုံနိုင်အောင် ဖြစ်သွားခဲ့သည်။
သူမ၏အစ်ကိုကြီးကတော့ အတည်ပြောနေခြင်းဖြစ်၏။ "မိသားစုဝင်ကို လွှဲပေးတာက အပြင်လူတွေထက်တော့ ပိုကောင်းတာပေါ့။ စက်ရုံကို တစ်ယောက်ယောက်က စီမံခန့်ခွဲနေရင် ရှောင်ဇယ်က စစ်တပ်ကို ပြန်သွားလို့ ရပြီလေ။"
"ဒီလို စိတ်ကူးမျိုးနဲ့ ကျွန်မကို လာသတိပေးခဲ့တာပေါ့။"
ယဲ့မင်ရှူး ခုတင်ဘေး စားပွဲကို ရိုက်ချလိုက်၏။ ကျိဇယ်က အသံကြားပြီး အပြေးပြန်လာချိန်တွင် သူမကတော့ ဟန်ချက်ပျက်ကာ ကုတင်ပေါ်က ပြုတ်ကျသွားတော့သည်။
"မင်ရှူးရဲ့ အခြေအနေက ပိုဆိုးသွားတာလား။"
ရွှီလီ ထိုသတင်းကို ကြားလိုက်ရသောအခါ အမှန်တကယ်လား အကြောင်းပြချက်သက်သက်လား မသေချာသဖြင့် အဘိုးကြီးကို လှမ်းကြည့်လိုက်မိသည်။
ကျိကျွင်းက အရင်ကထက် ပို၍ ပင်ပန်းနွမ်းနယ်နေပုံရ၏။ "သူမ သတိမထားမိလိုက်ဘဲ ခုတင်ပေါ်က ပြုတ်ကျသွားပြီး လက်ကို ထိခိုက်မိသွားတယ်။ ဆရာဝန်ကတော့ အနည်းဆုံး လဝက်လောက်နေမှ အနာကျက်မယ်လို့ ပြောတယ်။"
လက်ထိခိုက်သွားသည်။ ဒီတစ်ခါတော့ တကယ် ဖြစ်သွားပုံရပြီ...
အခြေအနေအရ ရွှီလီသည် ယောက္ခမအနေဖြင့်လည်းကောင်း၊ လင်းချောင်သည်လည်း အငယ်တစ်ယောက်အနေဖြင့်လည်းကောင်း မသွားဘဲနေ၍ မဖြစ်တော့ပေ။ ယခင်က ကျိကျွင်း၏ ရှင်းပြချက်များသည် မရေမရာ ဖြစ်နေခဲ့ပြီး ကျိလင်ကိုပင် မခေါ်သွားသောကြောင့် သွားရောက်ကြည့်ရှုရန် မလိုဟုတွေးကာ သူတို့ မသွားခဲ့ကြခြင်းပင်။
ရွှီလီသည် လင်းချောင်ကို ကြည့်ကာ စကားစရန် စဉ်းစားနေစဉ်မှာပဲ လင်းချောင်က "အမေ" ဟုခေါ်ပြီး ပြောလ်ိုက်၏။ "ကျွန်မတို့ အစ်မကြီးကို တစ်ခါလောက် သွားတွေ့ကြရအောင်။"
သူမ၏ ရည်ရွယ်ချက်ကို နားလည်သဖြင့် ရွှီလီက ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ၊ ဒီနေ့ နေ့လယ်ပဲ သွားကြတာပေါ့။ အဒေါ်ကျန်းကိုလည်း ဟင်းချို နည်းနည်း ပြင်ဆင်ပေးဖို့ ပြောလိုက်မယ်။"
ကျိကျွင်းက တစ်ခုခု ပြောချင်ဟန် ရှိနေပြီး အဘိုးကြီးက သတိထားမိကာ မေးလိုက်သည်။
"ဘာဖြစ်လို့လဲ။"
"ဘာမှ မဟုတ်ပါဘူး။"
ကျိကျွင်းသည် အဘိုးကြီး၏ စူးရှပြတ်သားသော မျက်လုံးများကို မကြည့်ရဲဘဲ ပြောလိုက်၏။
"ဒီလို အားလပ်ရက်မှာတောင် ချောင်ချောင် စာကျက်နေတာတွေ့တော့ အံ့သြသွားလို့ပါ။"
လင်းချောင်သည် တကယ်ကိုပဲ အိမ်စာလုပ်နေသော ကျိလင်နှင့် စားပွဲတစ်လုံးတည်းတွင်ထိုင်ကာ စာကျက်နေခဲ့သည်။ သို့သော် ကျိကျွင်း အစက ပြောချင်သည့် စကားမှာ ဒါမဟုတ်မှန်းကတော့ ရှင်းနေ၏။
အဘိုးကြီးက သူ့ကို တိတ်ဆိတ်စွာ စိုက်ကြည့်နေသောကြောင့် လေထုထဲတွင် တင်းမာသော အငွေ့အသက်များ ပေါ်လာတော့သည်။ ရွှီလီက အခြေအနေကို ထိန်းရန် ကြိုးစားလိုက်၏။
"ချောင်ချောင်က လာမဲ့နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအတွက် စာပြန်လေ့လာနေတာ။"
"ဟင်။ တကယ်ပဲလား။"
ကျိကျွင်း လုံးဝ အံ့အားသင့်သွားခဲ့ပြီး ကျိလင်က စကားပြင်ပေးလိုက်သည်။
"အဒေါ်က ပြိုင်ပွဲတစ်ခုကို အဆိုပြုလိုက်နိုင်ပြီး အဲ့ဒီအတွက် ကျောင်းသားတွေကို စာသင်ပေးနေတာ။"
ဒီကိစ္စက ကျိကျွင်းကို ပို၍ပင် အံ့အားသင့်စေခဲ့သည်။ "ချောင်ချောင်က တကယ်ကို အထင်ကြီးစရာပဲ။"
သူသည် ထိုနေရာတွင် ရပ်နေရင်း လင်းချောင်ကို ချီးကျူးရန် စကားလုံးများ ရှာနေမ်ိသည်။
ရွှီလီသည် ကျိလင်က သူမနှင့် လင်းချောင်ကို ကြည့်နေသည်ကို သတိပြုမိလိုက်ပြီး ပြောလိုက်၏။ "အလျင်မလိုဘူးဆိုရင် ဒီနေ့ နေ့လယ် အဘွားနဲ့ မင်းအဒေါ်တို့နဲ့အတူ လိုက်ခဲ့လို့ရတယ်။ အလျင်လိုတယ် ဆိုရင်တော့ မင်းအဖေနဲ့ လိုက်သွားလိုက်လေ။"
"သမီး အဖေနဲ့ လိုက်ခဲ့မယ်။"
ယဲ့မင်ရှူးကို စိတ်ပူနေပုံရသော ကျိလင်သည် ချက်ချင်း ထရပ်ကာ ပစ္စည်းများကို သိမ်းဆည်းတော့သည်။
သူတို့ ထွက်သွားပြီးနောက် လင်းချောင်လည်း စာအုပ်များကို သိမ်းလိုက်၏။ အဘိုးကြီးက ရုတ်တရက် အသံတိုးတိုးဖြင့် ပြောလိုက်သည်။
"သားကြီးက ငါတို့ကို တစ်ခုခု ဖုံးကွယ်ထားတယ်။"
ရွှီလီလည်း သူ၏ စကားအဓိပ္ပာယ်ကို နားလည်သည်။ ယဲ့မင်ရှူး၏ ဖျားနာမှုသည် သံသယဖြစ်ဖွယ်ကောင်းပြီး ကျိကျွင်းသည်လည်း အိမ်သို့ နှစ်ကြိမ် လာခဲ့သည့်တိုင် ဘာတစ်ခုမှ မပြောခဲ့ပေ။ သို့သော် သူမသည် မီးလောင်ရာ လေပင့်သူတော့ မဖြစ်လိုပေ။
"ဒီလင်မယား စကားများထားကြတာလည်း ဖြစ်နိုင်တာပဲ။ သူတို့ ဖြစ်သမျှ အကုန်လုံး ရှင့်ကို အစီရင်ခံနေရမှာလား။"
အဘိုးကြီးလည်း မှတ်ချက်မပေးတော့ဘဲ လက်ဖက်ရည်တစ်ငုံ သောက်လိုက်၏။ ခွက်ကို စားပွဲပေါ် ပြန်ချလိုက်သည့်အခါ ယခင်ထက် သိသိသာသာ ပိုမို ကျယ်လောင်သော တံခါးခေါက်သံကို ကြားရသည်။
နေ့လယ်ပိုင်းတွင် အဒေါ်ကျန်း ဟင်းချိုချက်၍ ပြီးသွားခဲ့သည်။ လင်းချောင်က ဟင်းချိုကိုဗူးထဲ ထည့်ပြီး ထိုဗူးကို စောင်ဖြင့် ပတ်လိုက်သည်။ သူမနှင့် ရွှီလီ ထွက်ခွာတော့မည်အလုပ် တံခါးဝ၌ ကားတစ်စီးပေါ်မှ ကျိသော် ဆင်းလာသည်ကို မြင်လိုက်ရ၏။ သူ၏ မျက်နှာသည် စစ်ဦးထုပ်နှင့် ကုတ်အင်္ကျီ ကော်လံကြောင့် တစ်ဝက်လောက် ကွယ်နေခဲ့ပြီး မျက်နှာအမူအရာသည်လည်း တည်ငြိမ်နေသောကြောင့် ခရီးက ပြန်လာသည့်ပုံ မပေါ်နေခဲ့ပေ။ လင်းချောင် ဟင်းချိုဗူးကိုကိုင်ကာ ထွက်လာသည်ကို မြင်သောအခါ ထိုသူက အမြန်လျှောက်လာပြီး ရွှီလီကို ဦးစွာနှုတ်ဆက်လိုက်သည်။
"အမေ"
ထိုသို့နှုတ်ဆက်ပြီးနောက် လင်းချောင်ကို ကြည့်၍ မေးလိုက်၏။
"အပြင်သွားကြ မလို့လား။"
သူ၏ စကားများက ပြတ်သားနေခဲ့ပြီး သူ ထွက်ခွာသွားခဲ့သည့်နေ့နှင့် မတူညီပေ။ အပြင်ဘက်တွင်ဆိုလျှင် ဒီလူက အမြဲ ဒီလို အတိုချုပ်သာ ပြောတတ်ပုံရသည်။
လင်းချောင် ခေါင်းညိတ်လိုက်၏။ "အစ်မကြီး ဖျားနေလို့။ ကျွန်မနဲ့ အမေတို့ ဆေးရုံ သွားကြည့်ကြမှာ။"
"မရီးက ဖျားနေတာလား။"
ကျိသော် အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိပြီး သူမထံမှ ဟင်းချိုဗူးကို ယူကာ ပြန်လျှောက်သွားလိုက်ပြန်သည်။ သူတို့နှင့်အတူ လိုက်သွားရန် ရည်ရွယ်ထားပုံပင်။
ရွှီလီကတော့ သားဖြစ်သူကို တံခါးဝတွင် တွေ့ရမည်ဟု မမျှော်လင့်ထားသဖြင့် အံ့အားသင့်ကာ ဝမ်းသာသွား၏။
"မင်း တကယ် အချိန်မီ ပြန်လာနိုင်ခဲ့တာပဲ။ ဘယ်လိုလဲ၊ အရာအားလုံး အဆင်ပြေခဲ့ရဲ့လား။"
အရှေ့မှ လျှောက်နေသော ကျိသော်သည် သူမ၏ စကားကြောင့် အနည်းငယ် ငြိမ်သက်သွားခဲ့သည်။
လင်းချောင်လည်း တစ်ခုခု မှားနေကြောင်း ချက်ချင်း ရိပ်မိလိုက်၏။
တကယ်ကိုပဲ ထိုသူက နောက်လှည့်လာပြီး နက်ရှိုင်းသည့် အကြည့်များဖြင့်ကြည့်ကာ အေးတိအေးစက် ပြန်ဖြေလိုက်သည်။
"အဆင်မပြေခဲ့ပါဘူး။"
"အဆင်မပြေဘူးလား။"
ရွှီလီ အနည်းငယ် အံ့သြသွားခဲ့သည်။
လင်းချောင်က အခြေအနေကို ပိုသိသူဖြစ်၍ သူမ၏ ပထမဆုံး တုံ့ပြန်မှုက ထိုလူ ထွက်ပြေးသွားလောက်သည် ဟူ၍ပင်။ သတင်းက ကြိုတင် ပေါက်ကြားသွားသည်လား။
မဟုတ်လျှင်၊ ကျိသော်၏ အလုပ်လုပ်ကိုင်ပုံအရ အရာအားလုံး ချောမွေ့နေရမည်ဖြစ်ပြီး ရှာဖွေရမည့်နေရာ ကျဉ်းမြောင်းလာပြီဟုလည်း သူပြောခဲ့သောကြောင့် အမှားအယွင်းတစ်ခုခု ရှိသွားစရာ အကြောင်းမရှိပေ။
ထိုဇနီးမောင်နှံသည် အချင်းချင်း မျက်လုံးချင်းဆုံကာ ကြည့်လိုက်ကြသော်လည်း ဘာမှတော့ ထပ်မပြောခဲ့ကြတော့ပေ။
သို့သော် ရွှီလီကတော့ အနည်းငယ် စိတ်မကောင်းဖြစ်မိခဲ့၏။
"အဘိုးကုကတော့ နောက်တစ်ခါ စိတ်ပျက်ရပြန်ပြီ။ ဒီတစ်ခါ မင်း အပြင်ထွက်သွားတာ သူသိထားလား။"
ကျိသော်က သူ၏ မိသားစုကို တစ်စုံတစ်ယောက်ကို သွားရှာမည်ဟုသာ ပြောထားခဲ့သည်။ ရှောင်ကျန်းကို ရှာတွေ့ပြီဆိုသည်ကိုတော့ သူ၊ လင်းချောင်၊ အဖိုးကုနှင့် စူးကျန့်တို့ လေးယောက်တည်းသာ သိထားသေး၏။
ကောယန်၏ အဒေါ်က ကျိသော်သည် သူ၏ ငယ်သူချင်းဖြစ်သူ၏ညီမကို အဘိုးကိုယ်စား ရှာဖွေပေးနေကြောင်း သိထားသော်လည်း၊ အဘိုးကုကိုတော့ မသိခဲ့ပေ။
ကျိသော်က ညင်သာသည့် လေသံဖြင့် ပြန်ဖြေလိုက်သည်။ "အဘိုးကု အဆင်ပြေပါတယ်။"
"တော်သေးတာပေါ့။"
ရွှီလီသည် သူမ၏သား မျက်နှာက အနည်းငယ် မကြည်မလင်ဖြစ်နေသည်ကို မြင်လိုက်ရသည်။ သူမ၏ ချွေးမကို ကြည့်လိုက်ပြီး ဤဇနီးမောင်နှံနှစ်ယောက်သည် ရက်ပေါင်းများစွာ မတွေ့ကြရသေးဟု တွေးလိုက်ကာ ပြုံးပြီး ပြင်ဆင်ထားသော ကားထဲသို့ ဝင်သွားလိုက်၏။
"ဒုတိယသား ပြန်ရောက်ပြီဆိုတော့၊ ချောင်ချောင်က သူနဲ့အတူတူ စီးသွားလိုက်ပေါ့။"
သူမက လက်ပြနှုတ်ဆက်ပြီး အရင်ထွက်ခွာသွားလိုက်၏။
ယခုတော့ တံခါးဝတွင် သူတို့ဇနီးမောင်နှံနှစ်ဦးသာ ကျန်ရှိနေတော့သည်။ လင်းချောင်က ရှေ့တိုးသွားပြီး ကျိသော်ကို တိုးတိုးလေး မေးလိုက်၏။
"သတင်း ပေါက်ကြားသွားတာလား။"
"မသေချာဘူး။"
ကျိသော်၏ အသံသည်လည်း တီးတိုးပြောနေသကဲ့သို့ပင်။
"ဒါပေမဲ့ သူရုတ်တရက် ထွက်သွားတာကတော့ အမှန်ပဲ။ တည်းခိုခန်းမှာ သုံးရက်စာ ပေးထားပြီးတော့ တစ်ရက်ပဲ တည်းသွားတယ်။"
သူတို့ ဖမ်းမိတော့မည့်အချိန်တွင်မှ ရုတ်တရက် ထွက်ပြေးသွားခြင်းသည် သံသယဖြစ်စရာ ကောင်းနေသည်မှာတော့ အမှန်ပင်။
လင်းချောင်က ခေါင်းငုံ့ပြီး တွေးလိုက်၏။ "ဒီအကြောင်းကို ဘယ်သူမှ မသိထားလောက်ပါဘူး။ ရှင် ကျွန်မကို ဖုန်းဆက်တယ် ဆိုရင်တောင်၊ ဘယ်သူမှ ကြားဖြတ် နားမထောင်နိုင်ခဲ့ဘူးမလား။"
ဒီလူက အလွန် သတိကြီးသူဖြစ်သည်။ သူရေးပြီးသွားသည့် စာရွက်မှန်သမျှကိုလည်း အမြဲ ဖျက်ဆီးပစ်တတ်၏။ ဒီလို သတင်း ပေါက်ကြားလောက်မည့် အမှားကြီးမျိုး မလုပ်မိနိုင်ပေ။
သူမ သူ့အကြောင်းကို ကောင်းကောင်းသိထားပြီး ယုံလည်းယုံကြည်၏။ ကျိသော်၏ အကြည့်သည် သူမ၏ မျက်နှာပေါ် ကျရောက်သွားခဲ့တော့သည်။
"သူထွက်သွားတဲ့အချိန် ကိုယ် မင်းကို ဖုန်းတောင် မခေါ်ရသေးဘူး။"
ဒီလိုဆိုလျှက် ပိုတောင် ထူးဆန်းသွားပြီဖြစ်သည်။ လင်းချောင် မော့ကြည့်လိုက်ရာ၊ သူက စကားဆက်ပြောရန် ခေါင်းငုံ့လာခဲ့ပြီး မထင်မှတ်ထားဘဲ သူတို့၏ နဖူးချင်း ပွတ်မိသွားကြတော့သည်။ သူမ အံ့အားသင့်သွားပြီး ကျိသော်ကလည်း သူမ၏ ရုတ်တရက် လှုပ်ရှားမှုကြောင့် ကြောင်အမ်းအမ်းဖြစ်သွားကာ သူတို့နှစ်ဦးလုံး၏ မျက်နှာအမူအရာများလည်း ခဏတာ ရပ်တန့်သွားခဲ့ကြတော့၏။
ထိုအချိန်တွင် အဒေါ်ကျန်းက အမှိုက်ပစ်ရန်အတွက် အမှိုက်အိတ်ကို ယူလာပြီး တံခါးဖွင့်လိုက်ရာ၊ ထိုမြင်ကွင်းကို မြင်ပြီး သိသိသာသာ လန့်သွား၍ တံခါးကို ပြန်ပိတ်ပစ်လိုက်၏။
ခြံဝင်းဘေးမှ ဖြတ်သွားသော အဘိုးကြီးက သူမကိုမြင်ပြီး မေးလိုက်သည်။
"ဘာဖြစ်တာလဲ။"
"ဘာမှ မဟုတ်ဘူး၊ ဘာမှ မဟုတ်ပါဘူး။"
အဒေါ်ကျန်းက တုန်တုန်ရီရီဖြင့် ပြန်ပြောလိုက်သည်။ သူမ မြင်လိုက်ရသည့် အရာကို အတိအကျ ပြောပြလို့လည်း မဖြစ်ပေ။
"ကျွန်မ မထုတ်ရသေးတဲ့ အမှိုက်တွေ ရှိနေသေးတာ သတိရသွားလို့ပါ။"
သူမက ထိုသို့ပြောပြီး တစ်ဖက်လှည့်ကာ မီးဖိုချောင်သို့ ပြန်ဝင်သွားတော့သည်။
မီးဖိုချောင်ထဲရောက်သည်နှင့် သူမ တီးတိုးရေရွတ်လိုက်မိသည်။
"ရှောင်သော်က ပုံမှန်ဆို အရမ်း တည်ကြည်တာ။ တကယ်တော့ ဒီလိုမျိုးလို့ ဘယ်သူက ထင်ထားမှာလဲ။"
သူမ၏ တုံ့ပြန်မှုက လျင်မြန်သော်လည်း တံခါးဖွင့်သံနှင့် ပိတ်သံ၊ အဘိုးကြီးနှင့် သူမ၏ စကားပြောသံတို့ကို အပြင်ဘက်မှ နှစ်ဦးစလုံး ကြားလိုက်ရ၏။ ထို့အပြင် အနီးရှိ ကားထဲတွင် ထိုင်နေသော ယာဉ်မောင်း ရှောင်ဖန်းကလည်း မြင်ကွင်းတစ်ခုလုံးကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသေးသည်။
သို့တိုင်အောင် ထိုဇနီးမောင်နှံကတော့ စိတ်ကို ထိန်းချုပ်ထားနိုင်ခဲ့သည်။ တခြားသူသာဆိုလျှင် လန့်သွားသကဲ့သို့ အလျင်အမြန် ခွာလိုက်မိခြင်း သို့မဟုတ် မျက်နှာနီရဲသွားခြင်းတို့ ဖြစ်သွားလောက်သည်။ သို့သော်လည်း သူတို့နှစ်ဦး ထိုနေရာတွင်တော့ စကားဆက်မပြောခဲ့တော့ပေ။ ကျိသော်က ဟင်းချိုဗူးကို ကိုင်ထားရင်း ပြောလိုက်၏။
"အိမ်ပြန်ရောက်မှ ဆက်ပြောကြတာပေါ့။"
လင်းချောင်လည်း လျှောက်လာရင်း စကားကို လမ်းကြောင်းပြောင်းလိုက်သည်။
"ဆေးရုံကို အရင်သွားကြရအောင်။ အမေ့ကို အကြာကြီး မစောင့်ခိုင်းသင့်ဘူး။"
ထိုအချိန်တွင် ဇနီးမောင်နှံနှစ်ဦးစလုံးက ဘာမှမဖြစ်ခဲ့သလိုသာ ပြုမူလိုက်ရန် ရွေးချယ်ခဲ့ကြပြီး အချင်းချင်း နားလည်မှု ပြခဲ့ကြသည်။