← Chapters

အခန်း (၉၈)

Vol. 9 Ch. 98

အခန်း (၉၈)

Vol. 9 Ch. 98

လင်းချောင် သူ၏ ဒီလိုအမူအရာမျိုးကို အရင်က သတိမထားမိခဲ့သော်လည်း ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွင်တော့ သူ ရိုးသားပုံရသောကြောင့် သူမက ချီးကျူးရန် ဆုံးဖြတ်လိုက်သည်။

"နာမည်က ကောင်းပါတယ်။ ရိုးရှင်းတယ်၊ မှတ်ရလွယ်တယ်၊ စာသိပ်မတတ်တဲ့သူတွေတောင် နားလည်နိုင်တယ်လေ။"

ထိုအခါ ကျိသော် ပိုပြီး တိတ်ဆိတ်သွားသည်ကို သူမ သတိထားမိလိုက်၏။ ခဏအကြာမှာတော့ သူက စကားလမ်းကြောင်း ပြောင်းလိုက်သည်။

"စူးကျန့် ယူလာတဲ့ ဖိနပ်ကို စီးကြည့်ပြီးပြီလား။"

သူမ အဓိပ္ပာယ်တစ်ခုခု လွဲချော်သွားသည်လား။

လင်းချောင် ပြောစရာစကားမဲ့သွားသလို ခံစားလိုက်ရသည်။ ယောက်ျားတစ်ယောက်၏ အတွေးကို နားလည်ရန်က မိန်းမတစ်ယောက်၏ အတွေးကို နားလည်ရန်ထက် ပိုခက်နေလေသည်။

သူ စကားလမ်းကြောင်း ပြောင်းလိုက်ပြီဖြစ်၍ သူမလည်း နက်နက်နဲနဲ မမေးမြန်းခဲ့တော့ပေ။

"စီးကြည့်ပြီးပါပြီ။ ကျွန်မ ပုံမှန်စီးနေကျ ဖိနပ်တွေထက်တော့ နည်းနည်း ချောင်နေပေမဲ့ အိမ်မှာ စီးဖို့အတွက်တော့ အဆင်ပြေပါတယ်။"

တစ်ချိန်တည်းမှာပဲ ကျိဇယ်က သူ့အမေကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေသည့်တိုင် စီးပွားရေးကိစ္စများကို တွေဝေခြင်းမရှိဘဲ ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့သည်။

နောက်တစ်နေ့ မနက်စောစောမှာပဲ သူက အရောင်းဌာနမှ ထိပ်တန်းအရောင်းသမားများနှင့် ဝါရင့်ဝန်ထမ်းများကို အစည်းအဝေး ခေါ်လိုက်သည်။ သူတို့၏ ဆုကြေးငွေများသည် အရောင်းပမာဏနှင့် ချိတ်ဆက်ထားသောကြောင့် သူ့အဖွဲ့သားများက ဒီကိစ္စကို စိုးရိမ်ပူပန်နေကြ၏။ အထူးသဖြင့် ဆိုင်အကူများကို ကော်မရှင်ခပေးရန် အကြံပြုခဲ့သူများက ပိုစိုးရိမ်နေပြီး သူ့ကို သီးသန့် တောင်းပန်ထားကြသေးသည်။

ဒီကိစ္စနှင့်ပတ်သက်ပြီး ကျိဇယ်ကတော့ စိတ်ထဲမထားခဲ့ပေ။

"ခင်ဗျားတို့ အကြံပြုခဲ့ပေမဲ့ ကျွန်တော်က အတည်ပြုခဲ့တာပါ။ နောက်ဆုံးတော့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တစ်ခု မဟုတ်ခဲ့ရတာက ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်ကြောင့်ပါပဲ။"

ဒါက သူ့ကို အဖွဲ့သားများထံမှ လေးစားမှု ရရှိစေခဲ့ပြီး သူတို့ကလည်း ပိုပြီး စိတ်အားထက်သန်စွာနှင့် အဖြေရှာနိုင်ရန် ကူညီပေးခဲ့ကြသည်။

ပုဂ္ဂလိကဆိုင်ငယ်လေးများအကြောင်း သူ ပြောပြလိုက်သည့်အခါအခါ လူတိုင်း အလင်းပွင့်သွားသလို ခံစားလိုက်ရသည်။

"ဒါက တကယ့်ကို ကောင်းတဲ့ အတွေးပဲ။ သူဌေးက အမြဲတမ်း အဖြေရှာနိုင်စွမ်းရှိတယ်နော်။"

"ဒါက မိသားစုဝင်တစ်ယောက် ပေးတဲ့အကြံပါ။" ကျိဇယ်က လက်ဝှေ့ယမ်းပြပြီး ဂုဏ်ယူကြွားဝါမှု မလုပ်ခဲ့ပေ။

"ဒီဆိုင်ငယ်လေးတွေကို ဘယ်လိုရွေးချယ်ရမလဲဆိုတာ ဆွေးနွေးကြရအောင်။"

အစည်းအဝေးအပြီးတွင် အရောင်းသမားတစ်ဦးချင်းစီက ပြုပြင်ထားသော သုံးဘီးဆိုင်ကယ်လေးများကို ယူဆောင်ပြီး ယန်ဒူမြို့၏ လမ်းမကြီးနှင့် လမ်းကြားများအထဲ ပြန့်နှံ့သွားလာနေခဲ့ကြတယ်။ ဒီမတိုင်မီက "မရောင်းချင်ရင် မရောင်းနဲ့ပေါ့" ဟု ပြောခဲ့သည့် ဆိုင်အကူလေးကတော့ ဒီအကြောင်းများက်ို မသိခဲ့ပေ။

မနက်ပိုင်း ဆိုင်ဖွင့်တော့ သူမက ယခင်အတိုင်း ဆပ်ပြာရည်ထည့်ထားသည့် ပလတ်စတစ်ပုံးကို အဝေးဆုံးထောင့်နေရာတွင်ထားပြီး အခြားပုံးအကြီးများနှင့် ဖုံးအုပ်ထားလိုက်သည်။

နောက်ထပ် ဆိုင်အကူတစ်ယောက်က မေးလိုက်၏။ "ဒီပုံးက ဒီနေရာမှာ ရှိနေတာ လနဲ့ချီနေပြီ မဟုတ်လား။ အခုထိ မရောင်းရသေးဘူးလား။"

"နှစ်လလောက်အထိ မရောင်းရသေးဘူးဆိုရင် ပိုကောင်းမယ်။"

ထိုဆိုင်အကူက ရယ်လိုက်သည်။ "ဒီပစ္စည်းတွေက သက်တမ်းရှိတယ်လို့ ကြားတယ်။ သက်တမ်းကုန်သွားရင် သူတို့ဘက်ကပဲ ပေးလျော်ရမှာလေ။"

"သူတို့ဘက်ကပဲ ပေးလျော်ရမှာ" ဆိုသည့် ဒီပေါ့ပေါ့ပါးပါး စကားက ကျိဇယ်တွင် သူမကို တစ်ပုံးအတွက် တစ်ယွမ် ကော်မရှင်ခပေးရုံကလွဲလို့ တခြားရွေးချယ်စရာ မရှိဘူးဆိုသည်ကို သူမ သိကြောင်း ပြသနေခဲ့၏။

ဒီပစ္စည်းက ဘယ်လောက်ရောင်းစျေးရှိသည်က်ို သူမသိသလို လူတိုင်းလည်း သိကြသည်။ သူမက ဖွက်ထားသည့်တိုင် ဝယ်သူများကတော့ ဆိုင်တွင် ဆပ်ပြာရည်ရှိလားဟု ဆက်မေးနေဆဲပင်။ သူမက အကြိမ်တိုင်း မရှိဘူးဟု ပြောပြီး လှည့်စားခဲ့သည်။

ပွင့်ပွင့်လင်းလင်းသာ ရောင်းမည်ဆိုလျှင် တစ်နေ့ကို အနည်းဆုံး တစ်ပုံး၊ နှစ်ပုံး ရောင်းရမည်ဖြစ်သည်။ ပါးစပ်လှုပ်ရုံနှင့်တင် တစ်လကို လစာအပြင် ဆုကြေးငွေပါ ထပ်ရနိုင်ခဲ့သည်။

လူအချို့က မခံမရပ်နိုင်တော့ဘဲ တီးတိုးပြောလိုက်ကြသည်။

"တကယ်ကို မကောင်းတဲ့လူပဲ။"

အနားကလူတစ်ယောက်က ထိုသူကို ချက်ချင်းပဲ ဆွဲခေါ်သွား၏။ ဒီလိုလုပ်နေသူက လူကောင်းမဟုတ်မှန်း သိသာသည်။ ထို့အပြင် သူမတွင် စတိုးဆိုင်မန်နေဂျာဖြစ်သည့် ဦးလေးတစ်ယောက်လည်း ရှိနေသောကြောင့် လူတိုင်းက မကျေမနပ်ဖြစ်ကြသည့်တိုင် ဘာမှ မပြောရဲခဲ့ကြပေ။

သူမက တခြားကိစ္စတစ်ခုကို လှည့်လုပ်လိုက်တော့ ဘေးနားကလူက တီးတိုးပြောလိုက်၏။

"သူမက မင်းရဲ့ပိုက်ဆံကို ယူတာမှ မဟုတ်တာ။ ဘာလို့ စိတ်ပူနေရတာလဲ။"

ထိုအချိန်မှာပဲ လှည်းတွဲထားသည့် စက်ဘီးတစ်စီး အပြင်ဘက်တွင် လာရပ်သည်။ စက်ဘီးစီးလာသူက အနီရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး လှည်းပေါ်တွင် ပလတ်စတစ်ပုံး အတန်းလိုက် တင်လာသည်။

"ကြည့်စမ်း သူမရဲ့လုပ်ရပ်ကို သည်းမခံနိုင်တဲ့သူကတော့ သူမကို ပိုက်ဆံပေးဖို့ ရောက်လာပြီ။"

ဘေးနားကလူက အပြင်ဘက်ကို ခေါင်းညိတ်ပြပြီး ပြောလိုက်သည်။

"မကောင်းတဲ့သူ" ဟု ပြောခဲ့သူက တိတ်ဆိတ်သွားသော်လည်း ဆိုင်အကူကတော့ သတိထားမိသွားပြီး ပြုံးလိုက်သည်။ ထိုလူက အထဲဝင်လာသည်နှင့် သူမက တမင်တကာ လစ်လျူရှုထားလိုက်၏။ မျှော်လင့်ထားသည့် အရောင်းအဝယ်ကလည်း ဖြစ်မလာခဲ့ပေ။ ထိုလူက သူမကို လှည့်တောင်မကြည့်ဘဲ အပေါ်ထပ်က ပစ္စည်းများထားသည့်ရုံးခန်းကို တန်းတန်းမတ်မတ် တက်သွားလိုက်သည်။

ခဏအကြာမှာတော့ သူတို့ ပြန်ဆင်းလာ၏။

"ပိုက်ဆံ ရှင်းပြီးပြီဆိုတော့ ဒီတစ်ပုံးကို ယူသွားမယ်။"

သူတို့က ထောင့်ထဲမှ ပလတ်စတစ်ပုံးကို ရှာယူပြီး ထွက်သွားတော့သည်။

ဆိုင်အကူတင်မကဘဲ တခြားလူများလည်း ဇဝေဇဝါဖြစ်ကုန်ကြ၏။ သူတို့က ပစ္စည်းများထားသည့်ရုံးခန်းကို သွား၍ မေးကြည့်လိုက်ရာ ထိုလူများက ပစ္စည်းများ လာပြန်သိမ်းခြင်းဖြစ်ကြောင်း သိလိုက်ရ၏။

"သူတို့က ငါတို့ရဲ့ ရောင်းအားကို သဘောမတွေ့လို့လား။ ဒီမှာ ဆက်မရောင်းတော့ဘူးလား။"

လူတစ်ယောက်က ဆိုင်အကူကို မရဲတရဲ ကြည့်ပြီး မေးလိုက်မိသည်။

ဆိုင်အကူ၏မျက်နှာက ပိုလို့တောင် ရုပ်ဆိုးသွား၏။

"သူတို့ ဒီမှာမရောင်းဘူးဆိုရင် ဘယ်မှာသွားရောင်းမှာလဲ။ ရာသီဥတုအေးနေတာကို အပြင်မှာ လမ်းပေါ်ထွက်ပြီး အော်ရောင်းနေတော့မလို့လား။"

သို့ရာတွင် သူမ နေ့လည်စာအတွက် အလုပ်ဆင်းချိန်မှာတော့ အနီရောင်ဝတ်စုံနှင့်အဖွဲ့က လမ်းပေါ်တွင် တကယ်ရှိနေခဲ့သည်။ သူတို့က အော်ဟစ်ရောင်းနေခြင်းတော့ မဟုတ်ဘဲ ထိုအစား ယခုလို ကြေညာနေကြခြင်းပင်။

"မုဇီဆပ်ပြာရည်ကို ဝယ်ယူလို့ရနိုင်မဲ့ သတ်မှတ်ထားတဲ့ အရောင်းဆိုင်တွေကတော့ မော့အာဟူထုန်က အစ်မကြီးလီရဲ့ဆိုင်၊ ရှီးစီဟူထုန်က လိုင်ဝမ်ရဲ့ဆိုင်နဲ့ ဟယ်ဟွားလမ်းကြားက ချွမ်ဖူဆိုင်ငယ်လေးတို့ပဲ ဖြစ်ပါတယ်။ မှတ်ထားကြပါနော်။ ပထမ ခုနစ်ရက်အတွင်း နှစ်ပေါင်ဝယ်ယူရင် တစ်အောင်စ အပိုရမယ်၊ သုံးပေါင်ဝယ်ယူရင် နှစ်အောင်စ အပိုရမယ်၊ အချိန်အကန့်အသတ်ရှိတဲ့ အထူး ပရိုမိုးရှင်းအစီအစဉ်ပါနော်!"

အစပိုင်းမှာတော့ လူအများက နားထောင်နေရုံသာရှိသော်လည်း ပထမခုနစ်ရက်အတွက် လျှော့စျေး ကို ကြားလိုက်ရတော့ ချက်ချင်းပဲ စုဝေးလာပြီး မေးမြန်းကြတော့သည်။

အပိုတစ်အောင်စ ဆိုသည်က အချိန်ကြာကြာ အသုံးပြုလို့ရသည်။ ဒီလိုအချိန်မျိုးတွင် လူတိုင်းက ငွေကြေးချွေတာနေရသည်ဖြစ်၍ နည်းနည်းပါးပါး အပိုရခြင်းက ခြေလှမ်းအနည်းငယ် ပိုလျှောက်ရသည်နှင့် တန်နေ၏။

ဆိုင်အကူက ထိုလူများ ဆိုင်လိပ်စာများကို မှတ်သားကာ အနီးဆုံး အရောင်းဆိုင်ရှိရာ ဦးတည်သွားနေသည်ကို ကြည့်နေမိသည်။ သူတို့ဆိုင်တွင် ပဲငံပြာရည် လာဝယ်သည့် လူတချို့တောင် သူတို့၏ ပုလင်းများနှင့်အတူ လှည့်ထွက်သွားကြ၏။

အသစ်ဖွင့်ထားသည့် ဆိုင်ငယ်လေးများသည်လည်း ဒီလောက်များသည့် ဖောက်သည်များကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။ ကြိုတင်ပြင်ဆင်ထားသည့် ဆပ်ပြာရည် ဆယ်ပုံးက တစ်ရက်တောင် မပြည့်ခင် ရောင်းကုန်သွားပြီး ညဘက် ဆိုင်ပိတ်ခါနီးအချိန်ထိ ဝယ်သူများက ပုလင်းများယူ၍ ရောက်လာကာ ကျန်သေးလားဟု မေးနေကြသည်။

တချို့က ရောင်းကုန်သွားပြီဆိုတော့ ထွက်သွားကြသော်လည်း တချို့ကတော့ ဆိုင်က တခြားပစ္စည်းများကို ဝယ်ယူသွားကြ၏။ ညအိပ်ရာမဝင်ခင် ဆိုင်ရှင် မိသားစုက ထိုင်ပြီး တစ်နေ့တာ ဝင်ငွေကို ရေတွက်လိုက်ကြရာ ယွမ်နှစ်ဆယ်ကျော် ရရှိခဲ့ကြပြီး ဒါက တစ်လစာ၏ တစ်ဝက်နီးပါး ရှိနေခဲ့သည်။

လျှော့စျေးအတွက် ပေးလိုက်ရသည့် ပိုက်ဆံက သူတို့ အိတ်စိုက်ပေးထားခြင်းဖြစ်သည်။ မုဇီဆပ်ပြာရည်က ပထမခုနစ်ရက်အတွက် တစ်ပေါင်ကို ၉ စင့်နှင့်သာ ရောင်းပေးရန် ကတိပေးထားသည်။ ထိုနောက်ပိုင်းမှာတော့ ဈေးနှုန်းက ၉.၂ ကို တက်သွားလိမ့်မည်။ သို့သော် ဒီလောက်များသည့် ဝင်ငွေများကိုသာ ရနိုင်လျှင် ၉.၂ ဆိုလျှင်တောင် တန်၏။ တစ်နေ့ကို တစ်ပုံးရောင်းရလျှင် လေးယွမ်၊ နှစ်ပုံးရောင်းရလျှင် ရှစ်ယွမ် ရမည်ဖြစ်သည်။

ဒါ့အပြင် ဆပ်ပြာနှင့်အတူ တခြားပစ္စည်းများလည်း ရောင်းရနိုင်ချေရှိ၏။ တခြားဆိုင်များတွင် မရှိသည့် ပစ္စည်းတစ်ခုခု သူတို့တွင် ရှိနေသရွေ့ ဖောက်သည်များကို အဆက်မပြတ် ဆွဲဆောင်နိုင်မည်ဖြစ်သည်။

နောက်တစ်နေ့ မနက်စောစောမှာပဲ ဝယ်သူများက အပိုနှစ်ပုံးမှ ခြောက်ပုံးအထိ ထပ်မှာရန် ဖုန်းခေါ်ခဲ့ကြသည်။ နှစ်ရက်အတွင်းမှာပဲ အခြားဆိုင်ငယ်များမှ ပိုင်ရှင်များကတောင် သူတို့ထံ ချဉ်းကပ်လာခဲ့ကြ၏။

"ကျွန်တော်တို့ အစိုးရပိုင်ဆိုင်တွေကို ပစ္စည်းဖြန့်စရာ မလိုတော့ဘူး ထင်တယ်။ ဒီသတ်မှတ်နေရာလေးတွေနဲ့တင် လုံလောက်နေပါပြီ။"

အရောင်းဝန်ထမ်းတစ်ဦးက အခြေအနေကို လာကြည့်သည့် ကျိဇယ်ကို ပြောလိုက်သည်။

"ပုဂ္ဂလိက ဆိုင်ငယ်လေးတွေက အချိန်ပြောင်းလွယ်တယ်။ လူတွေက မနက်ခင်း နိုးတာနဲ့ ဖွင့်တယ်၊ အိပ်ခါနီးမှ ပိတ်တာဆိုတော့ အစိုးရပိုင်ဆိုင်တွေထက် အလုပ်ချိန် ပိုကြာတယ်။"

"သူတို့က ဝင်ငွေလည်း ပိုရတယ်။"

နောက်ထပ် အရောင်းဝန်ထမ်းတစ်ဦးက ထပ်ပြောလိုက်သည်။

"ကော်မရှင်မပါဘူးဆိုရင်တောင် အစိုးရပိုင်ဆိုင်တွေကို ရောင်းတာက တစ်ပေါင်ကို ၉ စင့်ပဲ ရတာပါ။"

သူက အစိုးရပိုင်ဆိုင်မှ ပုံးအလွတ်များ သွားယူလာသည့်အတွက် ပိုသိနေခဲ့သည်။

"ကျွန်တော်တို့ အဲ့ဒီမှာ ဆက်မရောင်းတော့ဘူးဆိုတာ ကြားတော့ ကော်မရှင်ခ ရဖူးတဲ့သူတွေက ဘာလို့လဲဆိုပြီး မေးကြတယ်။ ကျွန်တော်လည်း ဆိုင်အချို့က ပစ္စည်းတွေကို တမင်တကာ ဖွက်ထားလို့ပါလို့ ပြောပြီး မနည်း ထွက်ပြေးလာခဲ့ရတယ်။"

"မင်းက တော်တော် ရက်စက်တာပဲ။"

နောက်ထပ် အရောင်းဝန်ထမ်းတစ်ဦးက ရယ်လိုက်သည်။

"ဒီလောက်ကြီးမားတဲ့ ကော်မရှင်ခကို ဆုံးရှုံးရတာဆိုတော့ သူတို့က အဲ့ဒီဆိုင်အကူတွေကို ဆွဲဖြဲပစ်ကြတော့မှာပဲ။"

"သူတို့ ကိုယ်တိုင် ဖန်တီးခဲ့တာပဲလေ။ လောဘမကြီးဘူးဆိုရင် ဒီလိုဖြစ်လာမှာ မဟုတ်ဘူး။"

နောက်ဆုံးတော့ အရောင်းအဖွဲ့က ပြီးခဲ့သည့် ရက်များမှ စိတ်ပျက်ဒေါသထွက်မှုများကို ဖွင့်ထုတ်လိုက်ရသည့်အတွက် စိတ်သက်သာရာ ရသွားကြပြီး ကျိဇယ်ကလည်း ပြုံးလိုက်သည်။

"အားလုံးပဲ၊ နောက်ထပ် ရက်နည်းနည်းလောက်ပဲ အားထုတ်ကြပါ။ ဒီအလုပ်များတဲ့ကာလ ပြီးသွားရင် ကျွန်တော် အားလုံးကို ထမင်းလိုက်ကျွေးပါမယ်။"

သူ ပြောလို့ မပြီးသေးခင်မှာပဲ တစ်ခုခုကို သတိထားမိလိုက်ပြီး အရောင်းဝန်ထမ်းတစ်ဦးထံမှ ဂွမ်းဦးထုပ်ကို အမြန်ယူကာ သူ့ခေါင်းပေါ် ဆောင်းလိုက်၏။

အရောင်းဝန်ထမ်းက နားမလည်နိုင်ဖြစ်နေသော်လည်း ကျိဇယ်က ဦးထုပ်ကို နိမ့်အောင် ဆွဲချပြီး သူ့မျက်နှာကို ကုတ်အင်္ကျီ ကော်လံထဲ ဖွက်ထားလိုက်၏။

"ကျွန်တော့်ကို ကွယ်ထားပေးကြပါဦး။"

သူတို့ နားမလည်သည့်တိုင် သူ့ကို ဝိုင်းပြီး ကွယ်ထားပေးလိုက်ကြသည်။

ခဏအကြာမှာတော့ ကျိဇယ် ချောင်းကြည့်လိုက်ပြီး ဘေးကင်းသွားသည်ကို တွေ့တော့မှ သက်ပြင်းချလိုက်သည်။ ဘာဖြစ်သလဲဆိုသည့် မေးခွန်းများကိုတော့ သူ မရှင်းပြခဲ့ပေ။

"ဦးထုပ်ကို ခဏငှားလို့ရလား။ ဒီနေ့ ကျွန်တော် ဦးထုပ်မေ့လာလို့ပါ။"

စီးပွားရေးက အသေးစားလုပ်ငန်းလေး ဖြစ်နေချိန်တွင် မိသားစုနှင့် ထိပ်တိုက်တွေ့နိုင်မည့် နေရာများကို ရှောင်ခဲ့ရသည်။ အရွယ်အစားကြီးလာတော့ ကိုယ်တိုင် မလုပ်ရတော့သော်လည်း ပြီးခဲ့သည့်အပတ်က သူ့အဒေါ်နှင့် ဒီအပတ်တွင် သူ့အမေနှင့် ဆုံမိနေသည်။

သူ့အဒေါ်ကတော့ ထိန်းရလွယ်သော်လည်း သူ့အမေကတော့ ပြဿနာကြီးဖြစ်သည်။ နောက်နှစ်နွေဦးတွင် စက်ရုံကို တရားဝင် တည်ထောင်ပြီးသည်အထိ သူ ပိုပြီး ဂရုစိုက်ဖို့ လိုအပ်နေပြီဆိုသည်ကို သူ သဘောပေါက်လိုက်သည်။

ကျိဇယ် ထိုနေရာမှ အမြန် ထွက်ခွာသွားလိုက်သည်။ တစ်ချိန်တည်းမှာပဲ ယဲ့မင်ရှူးက လမ်းလျှောက်၍ ကျော်သွားသည့်တိုင် မျက်မှောင်ကြုတ်နေဆဲပင်။

"ရှောင်ဇယ်ကို မြင်လိုက်ရသလိုပဲ။"

"အမြင်မှားတာ ဖြစ်မယ်။"

သူမနှင့်အတူ ပါလာသော ယောက်မဖြစ်သူက ပြောလိုက်၏။

"ဒီနေ့က စစ်တပ်ထဲက ခွင့်ရက်မဟုတ်ဘူးလေ။ သူ ဘယ်လိုလုပ် အပြင်မှာ ရှိနေနိုင်မှာလဲ။"

"ဟုတ်သားပဲ။"

ယဲ့မင်ရှူး အနည်းငယ် စိတ်အေးသွားသော်လည်း လူအများနှင့် ပြည့်ကျပ်နေသည့် လမ်းကိုတော့ ဆက်ကြည့်နေခဲ့သည်။

"အပိုတစ်အောင်စ၊ နှစ်အောင်စလေးအတွက်ကို သူတို့ ဒီလောက်တောင် တန်းစီနေရတာလား။"

ယဲ့မင်ရှူးက ပုံပန်းသဏ္ဌာန်ကို အလေးထားတတ်သူဖြစ်ပြီး အသေးအမွှားလေးကို ချွေတာနိုင်ရန် လူအုပ်ထဲ ဝင်ရသည်ကို မကြိုက်မှန်း သိသည့် သူ့ယောက်မက ပြောလိုက်၏။

"နင့်အနေနဲ့တော့ မလိုဘူးပေါ့။ ဒါပေမဲ့ ငါကတော့ လုပ်ရတယ်လေ။ နင့်အစ်ကိုက ဝင်ငွေနည်းပြီး ငါတို့မှာ ကလေးတွေလည်း များတယ်။ ပိုက်ဆံတစ်ယွမ်ချင်းစီက အရေးကြီးတယ်။"

ဘယ်မိန်းကလေးကမှ မိသားစု အကျိုးမခံစားရဘဲ ချမ်းသာသူနှင့် လက်မထပ်ချင်ကြပေ။ ယဲ့မင်ရှုးက လမ်းဘေးတွင် ရပ်နေခဲ့ပြီး ပြန်မဖြေခဲ့ပေ။

"သွားနှင့်လိုက်ပါ။ ကျွန်မ လူအုပ်ထဲ မဝင်တော့ဘူး။"

သူ့ယောက်မက ပုံးတစ်ပုံးနှင့် ဝင်သွားပြီး ခြောက်ပေါင် ဝယ်ခဲ့၏။ ပျက်စီးသွားမည်ကိုသာ မပူပန်ဘူးဆိုလျှင် ပိုဝယ်ဖြစ်ဦးမည်ဖြစ်သည်။

အပြန်လမ်းတွင် သူ့ယောက်မက ရုတ်တရက် မေးလိုက်၏။

"နင့်ယောက္ခမ မွေးနေ့တုန်းက နင့်ညီမ(လင်းချောင်)က အိမ်လုပ်ဆပ်ပြာရည် လက်ဆောင်ပေးခဲ့တယ်လို့ ပြောခဲ့တယ်မလား။ ဒီအမျိုးအစားလား။"

ယဲ့မင်ရှူးက အငယ်ဆုံး ချွေးမ သူမကို ပေးသည့် အရာမှန်သမျှကို ရွှီလီက ရတနာလို သဘောထားသည့်အကြောင်း မိသားစုကို ညည်းညူပြောပြဖူး၏။ သို့သော် သူ့ယောက်မက အခုမှ ဒီအကြောင်းကို ထုတ်ပြောလာသည်။

သူ့ယောက်မက အသံကို တိုးလိုက်ပြီး ပြောလိုက်၏။

"ဒါက ယန်ဒူမှာ အခုလက်ရှိ အရောင်းရဆုံး ပစ္စည်းပဲ။ အဲ့ဒါသာဆိုရင် ဘယ်သူ သင်ပေးတာလဲဆိုတာ ငါသိချင်တယ်။ သူမက ငါနဲ့ နင့်အစ်ကိုကို သင်ပေးနိုင်မလား။"

ယဲ့မင်ရှုး၏ ခြေလှမ်းများရပ်သွား၏။ "ကျွန်မတို့ရဲ့ ဆက်ဆံရေးအရ၊ အစ်မက ကျွန်မကို သူမဆီသွားပြီး အစ်မတို့နဲ့ ကျွန်မအစ်ကိုကို သင်ပေးဖို့ တောင်းဆိုခိုင်းချင်တာလား။"

သူမ၏ မယုံကြည်နိုင်သည့် ပုံစံက ထင်ရှားလွန်းနေသဖြင့် သူမ၏ ယောက်မကလည်း စိတ်မသက်မသာ ဖြစ်သွားခဲ့သည်။

"သူမက နင်နဲ့ တစ်ကြိမ်ပဲ စကားများဖူးတာ။ တကယ်တန်း ရန်ငြှိုးတော့ မရှိပါဘူး..."

သို့သော်လည်း သူမက ရှောင်ဇယ်နှင့် ငယ်ဘဝက စေ့စပ်ထားဖူးသူတစ်ဦးဖြစ်သည်။ လင်းချောင် ကိုယ်တိုင် မသိထားသော်လည်း ယဲ့မင်ရှူးအတွက်တော့ သူမကို အကူအညီတောင်းဖို့ဆိုသည်မှာ ရူးမိုက်ရာ ရောက်နေခဲ့သည်။

"မေ့လိုက်ပါ။"

ယဲ့မင်ရှူး ပြတ်ပြတ်သားသား ငြင်းလိုက်သည်။ "နောက်ကျနေပြီ။ ကျွန်မ အိမ်ပြန်ပြီး ကျိကျွင်း အတွက် ချက်ပြုတ်ရမယ်။"

သူမက ယောက်မဖြစ်သူကို ထပ်ပြောခွင့်မပေးဘဲ ကက်ရှ်မီးယာ ပဝါကို ပြင်ဆင်ဝတ်လိုက်ပြီး ထွက်သွားတော့သည်။

"အဲ့ဒီလို မိသားစုထဲ လက်ထပ်သွားပြီးတော့ မာနကြီးနေလိုက်တာ၊ သူ့မိသားစုကျတော့ ပြောင်းဖူးပြုတ်ပဲစားနေရတာကို။"

သူမ၏ ယောက်မဖြစ်သူက မချိတင်ကဲ ရေရွတ်လိုက်မိသည်။

နေ့လယ်စာစားချိန်တွင် သူမက ခင်ပွန်းဖြစ်သူကို ဒီအကြောင်းပြောပြလိုက်ရာ သူက မျက်မှောင်ကြုတ်လိုက်၏။

"သူမကို ညီမအငယ်နဲ့ ဆက်ဆံရေးပြန်ကောင်းလာအောင် တောင်းဆိုတာက သူမကို ပြိုင်ဆိုင်ခိုင်းတာမှ မဟုတ်တာ။ ဒါက သူမကို ကျိမိသားစုထဲက လူကြီးတွေရဲ့မျက်နှာသာလည်း ရစေနိုင်မယ် မဟုတ်လား။"

"သူမ ဘာတွေးနေလဲဆိုတာ ဘယ်သူသိမှာလဲ။"

သူမ၏ ယောက်မက ထမင်းခူးပေးရင်း ပြောလိုက်သည်။ "ကျွန်မသိတာကတော့ အခြား အိမ်ထောင်ရေး ကောင်းစားသွားတဲ့သူတွေဆိုရင် သူတို့မိသားစုကို ကူညီကြတယ်။ သူမကတော့ အဘိုးကြီးနဲ့ သူမယောက်ျားက ခွင့်မပြုဘူး၊ ကျွန်မတို့ အကျိုးခံစားရမှာကို သူတို့က မလိုလားဘူးလို့ပဲ အမြဲပြောတယ်။"

"အဲ့ဒီလိုတော့ မပြောသင့်ဘူး။ ငါ ဒုက္ခရောက်တုန်းက သူမက မစ္စတာကျိကို အကူအညီတောင်းပေးခဲ့တယ်လေ။"

"ဘာဒုက္ခလဲ။ ဒီခေတ်မှာ အဲ့ဒါက ပြဿနာတောင် မဟုတ်တော့ဘူး။ သူမက ရှင့် ကူညီပေးခဲ့ပြီးကတည်းက ကျွန်မတို့အပေါ် မကျေမနပ်ဖြစ်နေတာ ရှင်လည်းသိသားပဲ။"

သူမ ခင်ပွန်းဖြစ်သူ တိတ်ဆိတ်သွား၏။ ထိုအချိန်ကစပြီး ယဲ့မင်ရှူးက သူ့အပေါ် အမြဲတမ်း မကျေမနပ်ဖြစ်နေသလိုပင်။ ဒါ့အပြင် သူ့ညီမ(ယဲ့မင်ရှူး)က သူတို့အပေါ် အနီးကပ် စောင့်ကြည့်နေသောကြောင့် သူမ၏ ကျိမိသားစုထဲက ဂုဏ်သိက္ခာ သို့မဟုတ် သူမယောက်ျားနှင့် သား၏ အနာဂတ်ကို ထိခိုက်စေနိုင်သည့် တစ်စုံတစ်ရာကို သူတို့က သူမ နာမည်သုံးပြီး လုပ်မိမည်ကို စိုးရိမ်နေခဲ့သည်မှာ ထင်ရှား၏။

"ငါတို့ အဲ့ဒီ ဆပ်ပြာရည်အကြောင်း စုံစမ်းကြည့်ရအောင်"

သူက ဇနီးသည်ကို ပြောလိုက်၏။ "ဘယ်သူက နောက်ကွယ်က လုပ်နေတာလဲဆိုတာက်ို ရှာကြည့်ရမယ်။ ဘယ်သူကမှ လုပ်နည်းကို မသိကြဘူး။ အဲ့ဒါက သူမညီမ(လင်းချောင်)နဲ့လည်း ဆက်စပ်နေနိုင်တယ်။ ငါတို့လည်း ကြီးကြီးမားမားလုပ်ဖို့တော့ မဟုတ်ပါဘူး၊ သူတို့ရဲ့ စီးပွားရေးကို မထိခိုက်စေဘဲ တစ်နေ့ကို ဆယ်ယွမ်၊ နှစ်ဆယ်ယွမ်လောက် ရမယ်ဆိုရင် အဆင်ပြေပါပြီ။"

All Chapters