← Chapters

အခန်း (၉၉)

Vol. 9 Ch. 99

အခန်း (၉၉)

Vol. 9 Ch. 99

ဆပ်ပြာရည်ကို အရှိန်အဟုန်နှင့် အရောင်းမြှင့်တင်နေချိန်တွင် လင်းချောင်၏ အထက်တန်းကျောင်းကလည်း လပတ်စာမေးပွဲများနှင့် အလုပ်များနေ၏။ ဒါက နောက်ဆုံးစာမေးပွဲ မတိုင်ခင် နောက်ဆုံး လပတ်စာမေးပွဲ ဖြစ်သည်။

အဖွဲ့ခေါင်းဆောင်ကောက လေ့ကျင့်မှုများအားလုံး တိုးတက်မှု ရှိ၊ မရှိ သိချင်နေ၏။ ဓာတုဗေဒပျမ်းမျှရမှတ်များကို တွက်ချက်လိုက်သည့်အခါ သူ့အတန်း၏ ရမှတ်များက အောက်ဆုံးတွင် ရှိနေခဲ့သည်။ သူ့အတန်းသည် အတန်းသုံး၏ ကျော်လွန်ခြင်းကို ခံရရုံသာမက အတန်းလေး၏ ပျမ်းမျှရမှတ်ကလည်း အတန်းနှစ် ထက် အနည်းငယ်သာ နောက်ကျနေသောကြောင့် မကြာခင်မှာပဲ မှီသွားနိုင်၏။

ရလဒ်များကို ကိုင်ထားရင်း သူက လင်းချောင်ကို ကြည့်လိုက်သည်။ "ငါ့ရဲ့ ကြိုးစားအားထုတ်မှုတွေကတော့ အလကားဖြစ်တော့မယ် ထင်တယ်။"

သူ၏ ဟာသနှောသည့် စကားကြောင့် ရုံးခန်းထဲက လူတိုင်း ရယ်မောလိုက်ကြ၏။ လင်းချောင်က ဘာသာစုံပျမ်းမျှရမှတ်ကို လက်ညှိုးထိုးပြလိုက်သည်။

"ဘာသာစုံ ပျမ်းမျှကို ကြည့်ပါဦး။"

အဖွဲ့ခေါင်းဆောင်ကော ထပ်ကြည့်စရာ မလိုတော့ပေ။ အတန်းလေးခုလုံး၏ ရမှတ်များကို တွက်ချက်လိုက်ပြီးနောက် ပြောလိုက်၏။

"၇၂.၃၊ မဆိုးဘူးပဲ။ နှစ်လယ် စာမေးပွဲထက် နှစ်မှတ် ပိုမြင့်လာတယ်။"

"လေ့ကျင့်မှုက အကျိုးရှိပုံရတယ်။"

အတန်းသုံး၏ အတန်းပိုင်ဆရာက ပြုံးလိုက်သည်။

"စာမေးပွဲက ခက်လို့ ကျောင်းသားတွေ ကောင်းကောင်း မလုပ်နိုင်လောက်ဘူးဆိုပြီး ပြောခဲ့တယ်မလား။"

တကယ်တော့ သူတို့က ကျောင်းသားများ၏ ယုံကြည်မှုကို မြှင့်တင်ရန်အတွက် စာမေးပွဲကို ပေါင်းစပ်စာမေးပွဲများထက် ပိုခက်အောင် လုပ်ခဲ့ခြင်းဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ပိုခက်သည့် မေးခွန်းများကို ဖြေရှင်းနိုင်လျှင် လွယ်ကူသည့်မေးခွန်းများက လေအေးနှင့် တူနေလိမ့်မည်။ သို့သော် ဓာတုဗေဒက တိုးတက်မှုရှိသော်လည်း တခြားဘာသာရပ်များကတော့ သိပ်မကောင်းခဲ့ပေ။

ဥပမာအားဖြင့် လီရှောင်ချို့က အဆင့်ဆယ်နေရာမှ ကျသွားခဲ့သည်။ ပြဿနာကတော့ တရုတ်စာဖြစ်သည်။ သူမက စာစီစာကုံးတွင် လမ်းလွဲသွားရုံသာမက အချိန်မကုန်ခင် အပြီးလည်း မရေးနိုင်ခဲ့ပေ။ သူမက စာမေးပွဲခန်းထဲမှ ငိုပြီး ထွက်သွားခဲ့ရပြီး ရမှတ်များကို မြင်ရသည့်အခါ မျက်နှာက ဖြူဖျော့နေခဲ့သည်။

"သူမ ဖိအားတွေ အရမ်းများနေတာလား။" ဆရာမလန်က လင်းချောင်ကို သီးသန့်မေးလိုက်၏။

"အတန်းထဲမှာ စာဖတ်ဝိုင်း ထားပေးထားတော့ တခြားကျောင်းသားတွေရဲ့ ရမှတ်တွေက တိုးတက်လာလိမ့်မယ်။ အဲ့ဒီအခါ သူမက ကောင်းကောင်းမလုပ်နိုင်မှာကို စိုးရိမ်သွားပုံရတယ်။"

တစ်ခါတလေ လူတစ်ယောက်က ပိုဂရုစိုက်လေ၊ ပိုကြိုးစားလေ၊ ပိုဆိုးလေ ဖြစ်နေတတ်သည်။ လီရှောင်ချို့လည်း ဒီလိုပင်။ သူမက အရင်က စာမေးပွဲများကို အပြီးသတ်ဖြေနိုင်ခဲ့သော်လည်း ဒီတစ်ခါမှာတော့ အလွန် သတိထားလွန်းခဲ့သောကြောင့် အချိန်မလောက်တော့ပေ။

လင်းချောင်က လီရှောင်ချို့ကို စိတ်ပိုင်းဆိုင်ရာ ချိန်ညှိရာတွင် ကူညီပေးနိုင်ရန် စကားပြောဖို့ လိုနေပြီဟု ခံစားလိုက်ရသည်။ သူမကို ရုံးခန်းကို ခေါ်ရန် ပြင်လိုက်ချိန်မှာပဲ သူမက ဆရာလီနှင့်အတူ လှေကားထစ်တွင် ရှိနေသည်ကို မြင်လိုက်ရ၏။

ဆရာလီက သူမ၏ ရမှတ်များကို သိနေသောကြောင့် ဒေါသတကြီးနှင့် မျက်နှာတစ်ခုလုံး နီရဲနေ၏။

"တခြားသူတွေက စာကျက်လို့ တိုးတက်လာပေမဲ့ မင်းကတော့ ကျသွားတယ်။ ဒီတစ်ခါ အဆင့်ဆယ်နေရာတောင် မဝင်တော့ဘူး! ဒီအတိုင်းသာဆိုရင် တက္ကသိုလ်တက်ဖို့ ဘာလို့ ကြိုးစားနေဦးမှာလဲ။ ဒီဘွဲ့မရှိဘူးဆိုရင် ဘာလုပ်မှာလဲ။"

လီရှောင်ချို့ ခေါင်းငုံ့ပြီး နားထောင်နေ၏။ မျက်ရည်များက သူမ၏ မျက်နှာပေါ်တွင် စီးကျနေခဲ့သည်။

သူမ ငိုနေသည်ကို မြင်တော့ ဆရာလီက ပိုပြီး ဒေါသထွက်လာ၏။ "ငိုနေတာက အကူအညီဖြစ်မှာ မဟုတ်ဘူး! ငိုနေလို့ ရမှတ်တွေက တိုးတက်လာမှာလား။ တိုးတက်လာမှာလားလို့။"

ကလေးများကို လစ်လျူရှုထားတတ်သော မိဘများနှင့်မတူဘဲ ဆရာလီက လီရှောင်ချို့ကို တစ်ယောက်တည်း ပြုစုပျိုးထောင်ခဲ့ရသည့်အတွက် တာဝန်ယူမှုရှိသည်။

လင်းချောင်က ဆရာမလန်ထံမှတစ်ဆင့် ဆရာလီက သူမကို လီရှောင်ချို့ကို အိမ်တွင်စာလိုက်သင်ပေးရန် ပိုက်ဆံပေးပြီး သီးသန့်တောင်းဆိုခဲ့သည်ကို သိထား၏။ သို့သော် တရုတ်စာက အလွယ်တကူ ကျူရှင်သင်ပေးလို့ရသည့် ဘာသာရပ်မဟုတ်သောကြောင့် သူမက ငြင်းပယ်ခဲ့သည်။ ပညာရေးဆိုသည်မှာ လူကိုလိုက်ပြီး ကွဲပြားသည်။ ကျောင်းသားတချို့က တင်းကျပ်သည့် စည်းကမ်းထားရန် လိုအပ်သော်လည်း လီရှောင်ချ်ို့လို ကျောင်းသားများကတော့ အားပေးမှုကို လိုအပ်သည်။

ဆရာလီ၏ ချဉ်းကပ်ပုံက လီရှောင်ချို့၏ ဖိအားနှင့်စိုးရိမ်စိတ်ကို ပိုတိုးစေပြီး နောက်တစ်ခါ တရုတ်စာတွင် ကောင်းကောင်းလုပ်နိုင်ရန် ပိုခက်ခဲသွားစေခဲ့သည်။

လင်းချောင် သူမရှိရာ လျှောက်သွားလိုက်သည်။ "လီရှောင်ချို့၊ ဒီနေ့ ဓာတုဗေဒ အိမ်စာတင်ပြီးပြီလား။"

ထိုကောင်မလေးက မျက်နှာကို အမြန်သုတ်ပြီး တိုးတိုးလေး ပြောလိုက်၏။ "တ... တင်ပြီးပါပြီ။"

လင်းချောင် မျက်မှောင်ကြုတ်လိုက်သည်။ "ဒါဆို ဘာလို့ ငါ ရှာမတွေ့တာလဲ။ လာပြီး စစ်ကြည့်ဦး။"

နာရီပျောက်ဆုံးမှု ဖြစ်ပြီးကတည်းက ဆရာလီက လင်းချောင်နှင့် နီးနီးကပ်ကပ်ရှိနေလျှင် စိတ်မသက်မသာဖြစ်သလို ခံစားရသည်။ သူမကို မြင်လိုက်ရတော့ သူ စကားပြောနေသည်ကို ရပ်လိုက်၏။

လီရှောင်ချို့က လင်းချောင် နောက်ကိုလိုက်ပြီး ရုံးခန်းကို ရောက်သွားသည့်အခါ သူမ၏အိမ်စာက လင်းချောင်၏ စားပွဲပေါ်တွင် အမှတ်ပေးပြီးသား အနေအထားနှင့် ရှိနေသည်ကို တွေ့လိုက်ရ၏။ သူမ တအံ့တဩ ဖြစ်သွားပြီးမှ ဘာဖြစ်နေသလဲဆိုသည်ကို သဘောပေါက်သွားခဲ့သည်။ ရပ်သွားခဲ့သည့် မျက်ရည်များက ပြန်ကျလာ၏။

"ဆရာမလင်း... ကျေးဇူးတင်ပါတယ်။"

"ရပါတယ်၊ ကိစ္စမရှိဘူး။ အတန်းကိုမပြန်ခင် မျက်နှာကို သုတ်လိုက်ဦး။"

လင်းချောင်က လက်ကိုင်ပဝါတစ်ထည်ပေးရင်း ပြောလိုက်သည်။။"တစ်ခါတလေ ကောင်းကောင်းမလုပ်နိုင်တာကလည်း အဆင်ပြေပါတယ်။ လိုအပ်လာရင် မင်းကို ကူညီဖို့အတွက် တခြားနည်းလမ်းတွေ ကူစဉ်းစားပေးပါ့မယ်။"

"ဆရာမလင်း၊ ဆရာမက ကျွန်မအပေါ် အရမ်းကို ကြင်နာနေပါပြီ။"

လီရှောင်ချို့ ထိုသ်ို့ပြောပြီး လက်ကိုင်ပဝါနှင့် မျက်နှာကို သုတ်ကာ အတန်းထဲကို ပြန်သွားလိုက်သည်။

ကောင်မလေး၏ စိတ်ဓာတ်ကျနေသည့် ပုံစံက လင်းချောင်၏ရင်ထဲ ထိမိသွားစေ၏။ သူမက စားပွဲတွင်ထိုင်ကာ နက်နက်နဲနဲ စဉ်းစားနေရင်း ရုတ်တရက် အတန်းသုံး၏ အတန်းပိုင်ဆရာကို မေးလိုက်သည်။

"နိုင်ငံအတွင်းမှာ လက်ရှိ ဘယ်လို ပြိုင်ပွဲမျိုးတွေ ရှိနေလဲသိလား။"

ထိုအချိန်တွင် အဖွဲ့ခေါင်းဆောင်ကောက စာသင်ချိန်ရှိနေ၍ လင်းချောင်နှင့် ရုံးခန်းတွင် အရင်းနှီးဆုံးသူမှာ အတန်းသုံး၏ အတန်းပိုင်ဆရာဖြစ်သည်။

အတန်းသုံး၏ အတန်းပိုင်ဆရာက အဖြေကို သိနေ၏။ "၁၉၇၈ ခုနှစ်မှာ စတင်ခဲ့တဲ့ သင်္ချာပြိုင်ပွဲပဲ ရှိတယ်။ မစ္စတာဟွား တက်ရောက်ခဲ့ဖူးတယ်လေ။"

မစ္စတာဟွားသည် သင်္ချာလောကတွင် ထင်ရှားသူဖြစ်သောကြောင့် သူ မှတ်မိနေ၏။

"အဲ့ဒီတုန်းက ပြည်နယ်နဲ့ အခြားမြို့ကြီးရှစ်ခုက လူပေါင်း နှစ်သိန်းကျော် လောက် အကြိုပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပေမဲ့ ၃၅၀ လောက်ပဲ နောက်ဆုံးအဆင့် ရွေးချယ်ခံရပြီး ၅၇ ယောက်က ဆုတွေ ရခဲ့တယ်။ ငါတို့ကျောင်းလည်း ပါဝင်ခဲ့ပေမဲ့ ကံမကောင်းစွာနဲ့ပဲ နောက်ဆုံးအဆင့်ထိတော့ မရောက်ခဲ့ကြဘူး။"

ပြည်နယ်နှင့် မြို့ကြီးရှစ်ခု အားလုံးအတွက် နေရာ ၃၅၀ သာရှိသောကြောင့် ထိပ်တန်းကျောင်းများကသာ နေရာအများစုကို ယူသွားကြသည်။ သူတို့လို အဆင့်နိမ့်ကျောင်းအတွက်ကတော့ ထူးချွန်ပြောင်မြောက်သော ကျောင်းသားတစ်ဦးရှိမှသာ ဝင်ခွင့်ရနိုင်မည်ဖြစ်သည်။

ထို့အပြင် သင်္ချာတစ်ဘာသာတည်းသာဆိုလျှင် ပို၍ပင် ခက်ခဲနိုင်သေး၏။ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ ဘာသာရပ် သုံးခုအနက် လီရှောင်ချို့သည် သင်္ချာတွင် အားအနည်းဆုံးသူဖြစ်သည်။

လင်းချောင် ခဏမျှ စဉ်းစားလိုက်သည်။ "ဆုရသွားတဲ့ ကျောင်းသားတွေကရော ဘယ်လိုဖြစ်သွားလဲ။ အခု ဘယ်မှာလဲ။"

နောက်ထပ် ဘာဆက်လုပ်ရမည်ဆိုသည်ကို ဆုံးဖြတ်နိုင်ရန် သူမ သိထားမှရမည်။

အတန်းသုံးမှ အတန်းပိုင်က အံ့အားသင့်သွား၏။ "သေချာတော့ မသိပါဘူး။ တချို့ကတော့ ကောလိပ်ကိုပဲ သွားကြမှာပေါ့။ အသက် အငယ်ဆုံးတစ်ယောက်ကတော့ ၁၄ နှစ်ပဲ ရှိသေးတယ်တဲ့။"

လင်းချောင် အံ့အားသင့်သွားတော့သည်။ ဒီခေတ်တွင် ပြိုင်ပွဲများကိုအနိုင်ရလျှင်တောင် ကောလိပ်ဝင်ခွင့် အာမခံချက် မရရှိနိုင်ဘူးလား။

သူမတို့ခေတ်တွင်ဆိုလျှင် လီရှောင်ချို့ကဲ့သို့ ဘာသာရပ်တစ်ခုတွင် အထူးကျွမ်းကျင်သော ကျောင်းသားများသည် နာမည်ကြီးဆုများရအောင် ယှဉ်ပြိုင်ခဲ့ပြီး ကောလိပ်ဝင်ခွင့်ရရန် ကြိုးစားလေ့ရှိကြသည်။ လီရှောင်ချို့၏ တရုတ်စာရမှတ်များ မတိုးတက်လာသောကြောင့် သူမ ဒီလိုစဉ်းစားမိခြင်းဖြစ်၏။ သင်္ချာပြိုင်ပွဲ တစ်ခုတည်းသာရှိပြီး ကောလိပ်ဝင်ခွင့်အတွက် အာမခံချက်လည်း မရှိဘူးဟုတော့ သူမ မမျှော်လင့်ထားခဲ့မိပေ။

"ဘာလို့ ရုတ်တရက်ကြီး ဒီအကြောင်း မေးတာလဲ။" အတန်းသုံး၏ အတန်းပိုင် ဆရာက မေးလိုက်သည်။

"ဒီပြိုင်ပွဲတွေက များသောအားဖြင့် နွေဦးနဲ့ နွေရာသီအတွင်းမှာပဲလုပ်တာ၊ နောက်နှစ်ဆိုရင် ကောလိပ်ဝင်ခွင့်စာမေးပွဲကလည်း ဖြေရတော့မယ်လေ။"

ဟုတ်သည်။ သူမတို့ နောက်နှစ်ဆိုလျှင် ကောလိပ်ဝင်ခွင့် စာမေးပွဲ ဖြေဆိုရတော့မည်။ လီရှောင်ချို့၏ တရုတ်စာအမှတ်အများအရ နောက်ထပ်တစ်နှစ် ဆက်လေ့လာလျှင်တောင် ထိပ်တန်းတက္ကသိုလ်ကို တက်နိုင်ရန်က ခက်ခဲဦးမည်။

လင်းချောင် သက်ပြင်းချလိုက်၏။ "ကျွန်မက လီရှောင်ချို့အတွက် တခြားနည်းလမ်းတွေများ ရှိမလားလို့ပါ။"

လီရှောင်ချို့ကို စာသင်ပေးနေရသည့် အတန်းသုံး၏ အတန်းပိုင်ဆရာလည်း သက်ပြင်းချလိုက်မိ၏။ "သူမရဲ့ အခြေအနေက ခက်ခဲတယ်။ သာမန်တက္ကသိုလ်တစ်ခုကို ရောက်သွားရင်တော့ နှမြောစရာပဲ။"

ညနေစာစားချိန် ကျိသော် အိမ်ပြန်ရောက်သည့်အခါ လင်းချောင် ဘာမှမလုပ်ဘဲ ဆိုဖာပေါ်တွင် ထိုင်နေသည်ကို တွေ့လိုက်ရ၏။ သူ ဝင်လာသည့်တိုင် သူမကတော့ မော့မကြည့်ခဲ့။ ဒါက သူမ၏ပုံစံနှင့် မတူဘဲ ထူးခြားနေသည်။ သူမသည် ပုံမှန်အားဖြင့် အလွန်သတိရှိသူဖြစ်သည်။ သူတို့ အိမ်ထောင်ပြုစအချိန်ကတောင် သူမက အိပ်ပျော်နေသည့်တိုင် သူ အိမ်ပြန်ရောက်သည်ကို စစ်ဆေးရန် မျက်လုံးဖွင့်ကြည့်လေ့ရှိသည်။ သူလည်း စစ်ဦးထုပ်ကို ချွတ်ပြီး ချိတ်လိုက်ကာ မကြာသေးမီက ဖြစ်ရပ်များကို ပြန်စဉ်းစားခဲ့၏။

"ဒီတစ်ခေါက် စာမေးပွဲမှာ ကျောင်းသားတွေရဲ့ အခြေအနေက အဆင်မပြေဘူးလား။"

ရင်းနှီးသောအသံကို ကြားလိုက်ရတော့ လင်းချောင် အတွေးထဲမှ ရုန်းထွက်လာတော့သည်။ "မဟုတ်ပါဘူး၊ သူတို့ အဆင်ပြေကြပါတယ်။ စီနီယာအဖွဲ့ခေါင်းဆောင်ရဲ့အတန်းကိုတောင် ကျော်တက်သွားသေးတယ်။"

ဒါဆို တစ်စုံတစ်ယောက်က သူမကို ထပ်ပြီး ဒုက္ခပေးနေပြန်သည်လား။

ကျိသော် လက်အိတ်များကို ချွတ်နေရင်း ခဏရပ်သွားကာ မျက်နှာအမူအရာ မည်းမှောင်သွားတော့သည်။ "ဆရာမကျန်း ကျောင်းကို ပြန်ရောက်လာပြီလား၊ ဒါမှမဟုတ်..."

လင်းချောင် ကျန်းဟွေ့ဖန်အကြောင်း မတွေးမိသည်မှာ အတော်ကြာပြီဖြစ်သည်။ သူမ မရည်ရွယ်ဘဲ သူ့ကို တစ်ချက်ကြည့်လိုက်မိ၏။ "သူမကို မျက်ခြည်မပြတ် စောင့်ကြည့်နေတာလား။"

တစ်စုံတစ်ယောက်က သူမကို ဒုက္ခမပေးနေဘူးဆိုသည်ကို သိလိုက်ရတော့မှ ကျိသော် သူ၏ လက်အိတ်များကို ကော်ဖီစားပွဲပေါ်တင်လိုက်သည်။

"ကျောင်းအုပ်ကြီးက မင်းကို ကျောင်းသားတွေနဲ့ စမ်းသပ်မှုတွေ ထပ်မလုပ်ဖို့ ပြောခဲ့လို့လား"

'ဒါက ရည်ရွယ်ချက်ရှိရှိ မေးသည့်မေးခွန်း' လိုပင်။ သူသည် ဒီနေ့ စကားပြောချင်နေပုံရသည်ဟု လင်းချောင် တွေးမိလာ၏။

"ဓာတ်ခွဲခန်းက ဆောက်ပြီးသွားပြီလေ။ သူတို့က ကျွန်မကို အသုံးမပြုခိုင်းဘူးဆိုရင်၊ ကျွန်မက အခြေအနေကို သတင်းပို့ဖို့ နောက်ထပ်စာတစ်စောင် ထပ်ရေးပစ်မှာပေါ့။"

ထိုသို့ပြောရင်း သူမ ခေတ္တရပ်သွား၏။ "ဟုတ်သားပဲ၊ ကျွန်မ ဘယ်လိုလုပ်ပြီး မေ့သွားရတာလဲ။"

လမ်းမရှိဘူးဆိုလျှင် ဖန်တီးရမည်။ မအောင်မြင်ဘူးဆိုလျှင်တောင် ဘာမှမလုပ်ဘဲ နောင်တရနေသည်ထက်စာရင်တော့ ပိုကောင်း၏။

လင်းချောင်သည် အပေါ်ထပ်သို့ တက်ရန် ထရပ်လိုက်သော်လည်း နောက်ပြန်လှည့်လိုက်ပြန်သည်။ "အချိန်မကြာပါဘူး။ အရင် နေ့လည်စာ စားကြရအောင်။"

သူမ ပြန်လည်၍ သတိဝင်လာသည်ကို မြင်သောအခါမှ ကျိသော်လည်း သူ့၏ လက်အိတ်များနှင့် စစ်ဦးထုပ်ကို ကောက်ယူလိုက်ကာ နှစ်ဦးသား အတူ ထွက်လာခဲ့ကြသည်။

လင်းချောင် ပဝါကို ပတ်နေစဉ် သူက မေးလိုက်၏။ "ဒီအပတ် စနေနေ့မှာ အလုပ်တွေအများကြီးရှိလား။"

"သိပ်မရှိပါဘူး။ ဘာလို့လဲ။"

"အဘိုးကုက မင်းကို ထမင်းစားဖိတ်ချင်လို့တဲ့။"

လင်းချောင်သည် အဘိုးကုနှင့် အကြိမ်ကြိမ် တွေ့ဆုံခဲ့ဖူးသော်လည်း ဆေးရုံတွင်သာ အမြဲတွေ့ခဲ့ရခြင်းဖြစ်ပြီး အကောင်းဆုံး တွေ့ဆုံခြင်းမျိုးလည်း မဟုတ်ခဲ့ပေ။

သူမ ခေါင်းညိတ်လိုက်၏။ " ဒါဆို စနေနေ့ ကျွန်မ စောစောပြန်လာခဲ့မယ်။"

နောက်တစ်နေ့ မနက်တွင် ဒုကျောင်းအုပ်ကြီးချီက ပထမအတန်းပြီးသည်နှင့် သူ့ရုံးခန်းကို လာခဲ့ရန် လင်းချောင်ကို ခေါ်ခဲ့သည်။

လင်းချောင်လည်း သူမ အကြံပြုခဲ့သည်မှာ တစ်ပတ်ကျော်ပြီဖြစ်ပြီး ကျောင်းဘက်မှ ပင်လယ်ထဲ ကျသွားသည့် ကျောက်တုံးကဲ့သို့ ဘာတုံ့ပြန်မှုမှမရှိသေးသည့်အတွက် စာဖတ်ခန်းကိစ္စသာ ဖြစ်လိမ့်မည်ဟု ထင်ခဲ့၏။

သို့သော် မမျှော်လင့်ထားဘဲ ဒုကျောင်းအုပ်ကြီးချီက သူမကို လျှောက်လွှာပုံစံအချို့ ပေးလိုက်သည်။

"ကျောင်းအုပ်ကြီးကျန့်နဲ့ငါနဲ့ ဆုံးဖြတ်ထားပြီးပြီ။ ဒီနှစ်ရဲ့ ထူးချွန်ဆရာဆု အတွက် မင်းကို အကြံပြုမှာ။ ဒီလျှောက်လွှာပုံစံတွေကို ဒီအပတ်ကုန်ရင် ပြန်တင်ပေးပါ။"

လင်းချောင် အံ့ဩသွားပြီး ဒုကျောင်းအုပ်ကြီးချီကို ကြည့်လိုက်သည်။"ဒါပေမဲ့ ကျွန်မက နောက်နှစ်မှာ ကောလိပ်ဝင်ခွင့်စာမေးပွဲ ဖြေရမှာလေ။"

"ငါတို့ သိပါတယ်။"

ဒုကျောင်းအုပ်ကြီး ချီက ပြုံးကာ မျက်မှန်ကိုပြင်ဆင်ရင်း ပြောလိုက်သည်။ "ဒါပေမဲ့ မင်းက ဒီလွန်ခဲ့တဲ့ ခြောက်လအတွင်းမှာ ကျောင်းနဲ့ ပညာရေးတိုးတက်ဖို့အတွက် အများကြီး လုပ်ဆောင်ခဲ့တယ်။ ဒီအကြံပြုချက်ကို မင်းပဲ ရသင့်ပါတယ်။"

သူကိုယ်တိုင်လည်း ဒီကိစ္စကို ကျောင်းအုပ်ကြီးကျန့်နှင့် အကြိမ်ကြိမ် ဆွေးနွေးခဲ့ပြီဖြစ်ပြီး လင်းချောင်မှလွဲ၍ အခြား အသိအမှတ်ပြုရလောက်သည့် ကိုယ်စားလှယ်လောင်း မရှိဘူးဆိုသည်ကလည်း သေချာနေသည်။

ထို့အပြင် တခြားသူများက ဒီနှစ် လွဲချော်သွားလျှင်တောင် နောင်တွင်ထပ်ပြီး လျှောက်ထားနိုင်သေးသော်လည်း လင်းချောင်အတွက်ကတော့ ဒီအခွင့်အရေး တစ်ကြိမ်တည်းသာ ရှိသည်။ မဟာဘွဲ့ တိုက်ရိုက်ယူမည့်ကိစ္စကလည်း လမ်းစမပေါ်သေးဘဲ လင်းချောင်က ကျောင်းအတွက် ဒီလောက်လုပ်ပေးခဲ့သည်ဖြစ်၍ ကျောင်းဘက်က သူမအတွက် တစ်ခုခုတော့ ချန်ထားပေးရမည်။

ဒီလိုတွေးမိပြီး ဒုကျောင်းအုပ်ချီက မေးလိုက်၏။ "နောက်နှစ် ဘယ်တက္ကသိုလ်ကို လျှောက်ဖို့ စီစဉ်ထားလဲ။"

"ချင်တက္ကသိုလ် ဒါမှမဟုတ် ယန်ဒူနည်းပညာတက္ကသိုလ်။" လင်းချောင်က ဆိုသည်။

"နောက်စာသင်နှစ်ဝက်လောက်မှာ အစမ်းစာမေးပွဲတွေဖြေပြီး ကျွန်မရဲ့ အဆင့်ကို သိအောင်လုပ်ဖို့ စီစဉ်ထားတယ်။"

လက်ရှိ ပြန်လည်သုံးသပ်နေသည့် အခြေအနေအရဆိုလျှင် ယန်ဒူနည်းပညာ တက္ကသိုလ်ဝင်ခွင့်အတွက် ပြဿနာမရှိလောက်ပေ။

ဒုကျောင်းအုပ်ချီက ခေါင်းညိတ်ပြီး စကား ဆက်မပြောတော့ပေ။ "စာဖတ်ခန်းကိစ္စက ဒီနှစ်ထဲမှာတော့ အချိန်ဇယားဆွဲလို့ ရတော့မှာမဟုတ်ဘူး။ သိတဲ့အတိုင်းပဲ၊ သင်တန်းကာလကလည်း ကုန်ခါနီးပြီဆိုတော့ ကျောင်းသားတွေက စာပြန်ကြည့်နေရပြီလေ။ ပြီးတော့ ကျောင်းမှာကလည်း လုပ်စရာတွေ အများကြီးရှိတော့ ဒီကိစ္စအတွက် အချိန်မပေးနိုင်သေးဘူး"

သူက မဖြစ်နိုင်ဘူးဟု တိုက်ရိုက်မပြောဘဲ ဒီနှစ်ထဲတွင် အချိန်ဇယားဆွဲမရတော့ဘူးဟု ပြောခြင်းက ကိစ္စကို အလေးအနက်ထား စဉ်းစားခဲ့သည်ဆိုသော အဓိပ္ပာယ်ပင်။

လင်းချောင် ပြုံးလိုက်၏။ "ကျွန်မက အကြံပေးရုံပါ။အကောင်အထည် ဖော်နိုင်မလား၊ ဘယ်လိုဆက်လုပ်မလဲ ဆိုတာကတော့ ကျွန်မတို့ ကျောင်းရဲ့ အခြေအနေပေါ်မှာပဲ မူတည်ပါတယ်။"

ရုံးခန်းပြန်ရောက်တော့ ထူးချွန်ဆရာဆု ချီးမြှင့်ခံရဖူးသော အဖွဲ့ခေါင်းဆောင်ကောက သူမ ကိုင်ထားသည့်အရာကို ချက်ချင်း မြင်လိုက်ပြီး ပြောလ်ိုက်သည်။

"သူတို့ ဒီနှစ်ရက်အတွင်း မင်းကိုရှာလိမ့်မယ်ဆိုတာ ငါသိနေတယ်။"

ဒါက လင်းချောင်ကို အနည်းငယ် အံ့အားသင့်သွားစေ၏။ "ဆရာက အရင်ကတည်းက သိနေတာလား။"

"ဟုတ်တယ်"

အဖွဲ့ခေါင်းဆောင်ကော ပြောလိုက်သည်။ "ကျောင်းအုပ်ကြီးကျန့်နှင့် ဒုကျောင်းအုပ်ချီတို့ မင်းအတွက် အကြံပြုသူရှာတုန်းက ငါ့ဆီလည်း လာခဲ့ကြသေးတယ်လေ။"

သူ ရယ်မောလိုက်ပြီးမှ ဆက်ပြောလိုက်၏။ "အတော်လေး အငြင်းပွားပြီးမှ နောက်ဆုံး မင်းဆီ ရောက်သွားတာပဲ။ ကျန်းဟွေ့ဖန် သိရင် ဘယ်လိုနေမလဲ မသိဘူး။ အတန်းသုံးက အလုပ်သင်ဆရာနှစ်ယောက်ကတော့ အတော်လေး ကောင်းကောင်း လုပ်နေကြတယ်လို့ ကြားတယ်။ အထူးသဖြင့် စုန့်ကျင်းပဲ။ သူ့အတန်းက စာမေးပွဲ အတော်များများမှာ အမှတ်တွေ တည်တည်ငြိမ်ငြိမ် တိုးတက်လာနေတယ်။"

စုန့်ကျင်းအကြောင်း ပြောတော့ အတန်းသုံး၏ အတန်းပိုင်ဆရာကလည်း ပြောလာ၏။ "စာမေးပွဲ မေးခွန်းတွေ စလုပ်တော့လည်း သူမက ကျောင်းသားတွေအတွက် မေးခွန်းနှစ်စုံ လုပ်ပေးခဲ့တယ်လို့ ကြားတယ်။"

"ဟုတ်တယ်၊ နှစ်စုံ လုပ်ပေးခဲ့တယ်။ မဟုတ်ဘူးဆိုရင် ဘာလို့ သူမအတန်းက မိဘတွေက စုပေါင်းပြီး ကျောင်းအုပ်ကြီးကျန့်ကို 'ဉာဏ်ပညာရှိသော မျက်လုံးများက အရည်အချင်းကို အသိအမှတ်ပြုပြီး လူကောင်းကို ကောင်းစွာ အသုံးပြုနိုင်သည်' ဆိုပြီး စာလုံးကြီးတွေနဲ့ ဗီနိုင်းဆိုင်းဘုတ် လာပေးကြမှာလဲ။"

"ဉာဏ်ပညာရှိသော မျက်လုံးများက အရည်အချင်းကို အသိအမှတ်ပြုပြီး လူကောင်းကို ကောင်းစွာ အသုံးပြုနိုင်သည်?"

လင်းချောင် မရယ်ဘဲ မနေနိုင်တော့ပေ။ "ဒါက ဘယ်တုန်းက ဖြစ်သွားတာလဲ။ ကျွန်မ ဘာလို့ မသိလိုက်တာလဲ။"

"အရင်အပတ် စနေနေ့၊ မင်း နေ့တစ်ဝက်ခွင့်ယူတုန်းက ကျောင်းသားမိဘ ကိုယ်စားလှယ် နည်းနည်းရောက်လာပြီး ပို့သွားတာ။ အဲ့ဒီ ဆိုင်းဘုတ်ကို ကျောင်းအုပ်ကြီးကျန့်ရုံးခန်းမှာ ခုထက်ထိ ချိတ်ထားတုန်းပဲ။"

ဒီမိဘများက တကယ်ကို အရည်အချင်းရှိပြီး ဒီလို စာသားမျိုးကို ရေးခဲ့ကြ၏။ ကျောင်းအုပ်ကြီးကျန့်က ကျန်းဟွေ့ဖန်ကို ပြန်လာအောင် ဘယ်လိုလုပ်နိုင်တော့မည်လဲ။ နောင်တွင်လည်း အလုပ်ခန့်သည့်အခါ ပိုပြီး သတိထားရတော့မည်။

တစ်ခါတလေတွင် ဝေဖန်မှုနှင့် ချီးကျူးမှုများက တစ်မျိုးတစ်ဖုံသော ချည်နှောင်မှုတစ်ခု ဖြစ်လာနိုင်သည်။ ချီးမြှောက်ခြင်းခံရသည့်အခါ လူအများက ထိုသူ၏ လုပ်ရပ်များကို ပိုသတိထားလာကြပြီး၊ ချီးကျူးခံရသူကလည်း စံနှုန်းများကို လိုက်နာနေရတော့မည်ဖြစ်သည်။

လင်းချောင်လည်း လျှောက်လွှာပုံစံ သုံးစုံကို အလျင်အမြန် ဖြည့်သွင်းပြီး သင့်လျော်သည့်အချိန်၌ တင်သွင်းခဲ့၏။

All Chapters