အခန်း (၁၀၀)
Vol. 9 Ch. 100
စနေနေ့ ညနေပိုင်းတွင် သူမ အလုပ်မှ စောစော ထွက်လာခဲ့ပြီး ကျောင်းဂိတ်မှ ထွက်လိုက်ရာ ကျိသော်၏ ဂျစ်ကားက အသင့်စောင့်နေပြီဖြစ်သည်။ သူတို့က အရင်ဦးဆုံး စတိုးဆိုင်ကိုသွားပြီး သစ်သီးများ ဝယ်ယူကာ အဘိုးကုထံ သွားရောက်တွေ့ဆုံခဲ့ကြသည်။
ကုမိသားစုရဲ့ လုံခြုံရေးက ကျိမိသားစုထက် ပိုမိုတင်းကျပ်သော်လည်း နွေးထွေးမှုကတော့ အနည်းငယ်လျော့နေသည်။ ဧည့်ခန်းထဲ ရောက်မှသာ ကြမ်းပြင်အပူပေးစက်မှ ထွက်လာသည့် အပူဓာတ်က အအေးဓာတ်ကို ပယ်ဖျောက်ပေးနိုင်တော့သည်။
အဘိုးကုက လင်းချောင် ကြိုက်နှစ်သက်သည့်အရာများကို မေးမြန်းထားခဲ့သည်။ ပြင်ဆင်ထားသော ဟင်းလျာများက ရှုပ်ထွေးမှုမရှိဘဲ ခေတ်ကာလ၏ သဘောအတိုင်း ရိုးရှင်းသည့်တိုင် လင်းချောင် အလွန်ကြိုက်သော ပုစွန်ဆီပြန်တစ်ပွဲတော့ ပါဝင်ပြီး စစ်တပ်စားသောက်ဆိုင်မှ ဟင်းလျာများထက် ပိုကောင်းနေခဲ့သည်။
သူမ ကျေနပ်နေသည်ကို မြင်တော့ အဘိုးကြီးက အစ်မကြီးတု သူမအတွက် ထုပ်ပိုးခိုင်းခဲ့သည်။ "နောက်လည်း စားချင်တယ်ဆိုရင် အဘိုးကုဆီသာ လာခဲ့ပါ။"
သူ့အသံက အရင်လို အားကောင်းမနေသော်လည်း ဆေးရုံတွင် ပထမဆုံး တွေ့ခဲ့ချိန်တုန်းက အသက်မရှိသလို ဖြစ်နေသည့်ပုံစံထက်တော့ ပိုအဆင်ပြေနေခဲ့သည်။
ကုမိသားစုအိမ်မှ ထွက်လာခဲ့ပြီးနောက် လင်းချောင်က ကျ်ိသော်ကို ပြောလိုက်၏။
"အဘိုးကုရဲ့ နှလုံးရောဂါက တစ်ဝက်လောက် သက်သာနေပြီလို့ ကျွန်မထင်တယ်။ ရှောင်ပင်း သေဆုံးမှုရဲ့ အကြောင်းရင်းတစ်ခုပဲ ကျန်တော့တယ်။"
ကျိသော်က "အင်း" ဟုသာ တုံ့ပြန်လိုက်သည်။
"စူးကျန့်နဲ့ က်ိုယ်တို့ ဒီ ချန်ကျောက်နန်ကလည်း အတုဆိုတာကို ကြေညာပြီးပါပြီ။"
နောက်ထပ်တစ်ဆင့်ကတော့ တခြားတစ်ဖက်မှ နောက်ထပ် ရှောင်ကျန်းအတုတစ်ယောက် ထပ်လုပ်လာမလားဆိုသည်ကို စောင့်ကြည့်ရုံသာ ဖြစ်သည်။
လင်းချောင် ဆက်မမေးတော့ပေ။ ကားပေါ်ရောက်ပြီးနောက် ရှောင်ဖန်းက ကျ်ိမိသားစုအိမ်ဟောင်းရော စစ်တပ်ကို ပြန်သည့်ဘက်ကို မောင်းမသွားခဲ့ပေ။ ကားပြတင်းပေါက် အပြင်ဘက်က မရင်းနှီးတဲ့ မြင်ကွင်းများကို ကြည့်ရင်း သူမ အံ့ဩစွာဖြင့် ထိုလူကို လှမ်းကြည့်လိုက်မိ၏။
ကျိသော်၏ မျက်ခုံးနှင့် မျက်လုံးများက လမ်းမီးရောင်ကြောင့် ပေါ်လွင်နေလေသည်။ "အချိန် စောပါသေးတယ်၊ ရုပ်ရှင် အရင်သွားကြည့်ရအောင်။"
ဒါက လင်းချောင်ကို ပိုပြီး အံ့အားသင့်စေခဲ့၏။ ဒီလူက အိမ်တွင်တောင် သတင်းသာ ကြည့်တတ်ပြီး တီဗွီဇာတ်လမ်းတွဲများကို တစ်ချက်မှ မကြည့်ဖူးဘဲ ယခု ရုပ်ရှင်ထွက်ကြည့်မည်။
သူမ မစဘဲ မနေနိုင်တော့ပေ။ "အမေက ရှင့်ကို ကျွန်မနဲ့ အပြင်ထွက်ဖို့ ပြောခဲ့ပြန်ပြီလား။"
ကျိသော် ဒီကိစ္စကို သူမကို ပထမဆုံး ပြောဖူးခဲ့သည်မှာ သူမတို့ လက်မထပ်ခင် ရွှီလီ တိုက်တွန်းသောကြောင့်ဖြစ်သည်။
ဒါက ကျိသော်၏ မျက်နှာအမူအရာကို တောင့်တင်းသွားစေခဲ့သည်။ "မဟုတ်ပါဘူး။"
"မဟုတ်ဘူးလား။" လင်းချောင်၏ မျက်နှာအမူအရာလည်း ခေတ္တရပ်တန့်သွား၏။
"ဒါဆို ဘယ်သူက လက်မှတ်ဝယ်ထားပြီး မသွားနိုင်တော့လို့ ရှင့်ကို ပေးလိုက်တာလဲ။"
ဒါကလည်း နားလည်နိုင်သည့်ကိစ္စပင်။ ကျိသော်က စစ်တပ်ရုံးထဲတွင် အငယ်ဆုံးဖြစ်ပြီး သူ့သူငယ်ချင်းများထဲတွင်လည်း အိမ်ထောင်ကျခါစများ မရှိသေးပေ။ ထို့အပြင် သူတို့ ရုပ်ရှင်ကြည့်မည်ဆိုလျှင်လည်း ကလေးများကို စီစဉ်ပေးရဦးမည်။ ဘယ်လိုဖြစ်ဖြစ် ဒီနေ့ ယန်ဒူကို ပြန်ရန် စီစဉ်ထားပြီးသားဖြစ်သည့်အတွက် လမ်းတွင် ရုပ်ရှင်ဝင်ကြည့်သွားလျှင် အလဟဿ မဖြစ်တော့ပေ။
သို့သော်လည်း ဒီမေးခွန်းက ထိုလူ၏ မျက်နှာအမူအရာကို ပို၍ တောင့်တင်းသွားစေပြီး ရှေ့ခန်းမှ ရှောင်ဖန်းကတော့ မကြားချင်ယောင်ဆောင်ကာ လမ်းပေါ်သာ အာရုံစိုက်နေလိုက်သည်။ ကပ္ပတိန်ကျိသည် သူ၏ အေးစက်သည့်ပုံစံကြောင့် နာမည်ကြီးသူဖြစ်ပြီး ရုပ်ရှင်သွားကြည့်မည့်သူမျိုး မဟုတ်ပေ။ သို့တိုင်အောင် သူမကတော့ ဒီလိုမျိုး မမေးသင့်ဘူးမလား။
ကျိသော်က လင်းချောင်ဘက်သို့ လှည့်ကြည့်ကာ နက်ရှ်ိုင်းသည့်အသံဖြင့် ပြောလိုက်၏။ "ကိုယ်က ကိုယ့်ဇနီးကို ရုပ်ရှင်လိုက်ပြချင်ရုံ သက်သက် မဖြစ်နိုင်ဘူးလား။"
ဒီစကားကြောင့် လင်းချောင် စကားမပြောနိုင် ဖြစ်သွားရ၏။ သူကိုယ်တိုင် လာချင်ရုံသက်သက်ကြောင့်သာမက သူ သုံးနှုန်းလိုက်သည့် စကားလုံးကြောင့်လည်း ဖြစ်သည်။
သူမကို သူ့ဇနီးအဖြစ် မိတ်ဆက်ပေးခြင်း၊ တစ်ခါတလေ လင်းချောင်ဟုခေါ်ခြင်း၊ သို့မဟုတ် အစည်းအဝေးများတွင် ရဲဘော် ဟုခေါ်ခြင်းများနှင့် နှိုင်းယှဉ်လိုက်လျှင် "ဇနီး" ဆိုသည့် စကားလုံးက ရှင်းပြလို့ မရနိုင်သည့် ရင်းနှီးမှု တစ်ခုကို ခံစားရစေ၏။
လောင်ကျိုးနှင့် စူးကျန့်တို့က သူမကို "မင်းဇနီး" ဟု အမြဲသုံးနှုန်းကြသော်လည်း ကျိသော်ကတော့ နားထောင်ရုံသာ နားထောင်ခဲ့ပြီး ဒီစကားလုံးကို သူမအတွက် အရင်က တစ်ခါမှ မသုံးဖူးသေးပေ။
ကားထဲတွင် ခဏတာ တိတ်ဆိတ်သွားရာ အပြင်ဘက်မှ အသံများကို ပို၍ ရှင်းလင်းစွာ ကြားလိုက်ရ၏။
ကျိသော် တစ်ခုခုပြောရန်ပြင်တုန်း ပြတင်းပေါက်ကို ကြည့်မိသွားပြီး ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်။
"ကားရပ်လိုက်။"
ရှောင်ဖန်း ဘာမှ မမေးတော့ဘဲ စတီယာရင်ဘီးကို လှည့်ကာ လမ်းဘေးတွင် ကားရပ်လိုက်သည်။
ကျိသော် ကားတံခါးကို ဖွင့်ပြီး အပြင်ထွက်သွားတော့သည်။ ထိုအခါမှ လင်းချောင် သတိထားမိသည်မှာ ရှောင်ဖန်းက ဖြတ်လမ်းတစ်ခုမှ လာခဲ့ခြင်းဖြစ်ပြီး သူတို့ ရပ်ထားသည်က လမ်းကြားတစ်ခု၏ အဝင်ဝနားတွင် ဖြစ်သည်။
မလှမ်းမကမ်းတွင် စားသောက်ဆိုင်တစ်ခုရှိပြီး အမျိုးသားများစွာက မိန်းကလေးငယ်တစ်ဦး၏ လမ်းကို ပိတ်ဆို့ထားသည်။ ထိုမိန်းကလေး ဘယ်နေရာကိုသွားသွား တစ်စုံတစ်ယောက်က ပိတ်ဆို့နေ၏။ ကားတံခါး ပိတ်ထားသောကြောင့် သူတို့ ဘာတွေပြောနေသလဲဆိုသည်ကို သေချာ မကြားရသော်လည်း ထိုမိန်းကလေးက စိတ်ပူပန်စွာဖြင့် မျက်ရည်များကိုသုတ်နေပြီး ထိုအမျိုးသားများက ကျယ်လောင်စွာ ရယ်မောနေသည်ကို မြင်ရသည့်အတွက် သူတို့ စကားကောင်းကောင်း ပြောနေကြသည်တော့ မဟုတ်န်ိုင်။
ဒီလိုမြင်ရတော့ လင်းချောင်လည်း ဆင်းချင်သည့်တိုင် ကျိသော်က သူမ၏ပခုံးကို ကိုင်ပြီး ပြောလိုက်၏။ "ကိုယ့် အသိပါ။ ကိုယ်တိုင်ပဲ သွားဖြေရှင်းလိုက်မယ်။"
သူ့အသိ? လမ်းပိတ်ခံနေရသည့် မိန်းကလေးကို ပြောသည်လား။
လင်းချောင် ခဏတာ ကြောင်သွားခဲ့သည်။ ထိုအချိန်မှာပဲ ကျိသော်က ကားတံခါးကို ပိတ်ပြီး ခြေလှမ်းကျယ်များဖြင့် လျှောက်သွားကာ နက်ရှိုင်းသောအသံဖြင့် ပြောလိုက်သည်။
"ထန်အာ။"
လူငယ်များ အားလုံးက သူတို့၏ ခေါင်းဆောင်ကို လှည့်ကြည့်လိုက်ကြသည်။ ထိုသူကလည်း ခေါင်းလှည့်လိုက်၏။ ကျိသော်ကို မြင်လိုက်သောအခါ သူ၏ အကြည့်က စူးရှသွားတော့သည်။
"မင်း ဘာလိုချင်တာလဲ။"
စစ်ဝတ်စုံ ဝတ်ထားသော ကျ်ိသော်က ထိုအုပ်စုကို ခေါင်းညိတ်ပြပြီး မေးလိုက်၏။
"ငါ ဘာလိုချင်တယ်လို့ မင်းထင်လဲ။"
ဒီမေးခွန်းကြောင့် ထိုလူ၏ အကြည့်က ပို၍ပင် ဆိုးရွားသွားတော့၏။ "မင်း ဘာလို့ သူများကိစ္စတွေကို အမြဲ ဝင်ရှုပ်နေရတာလဲ။ မင်း ဒီမိန်းကလေးကို သိလို့လား။ မင်း အပြင်မှာ အပျော်ရှာထားတဲ့သူလား။"
သူ ဒီလိုပြောလိုက်တော့ ပတ်ဝန်းကျင်ရှိ အမျိုးသားများ အားလုံး ရယ်မောလိုက်ကြ၏။ ထိုမိန်းကလေး၏ မျက်နှာ နီရဲသွားသော်လည်း သူမက ကျိသော်ကို ကြည့်ပြီး ပြောလိုက်သည်။
"ရှင် အချိန်ကိုက် ရောက်လာတာပဲ၊ သူတို့က ကျွန်မကို နှောင့်ယှက်နေတာ။"
ကျိသော် ဘာမှ မပြောတော့ဘဲ ထန်အာကိုသာ စိုက်ကြည့်နေလိုက်သည်။ ထန်အာက တိုးတိုးလေး ဆဲဆိုလိုက်၏။
"မင်း တကယ် သိနေတာပဲ!" သူက အံကြိတ်ကာ ပြောလိုက်သည်။
"တော်ပြီ။ ဆက်မကစားတော့ဘူး။" ထိုသို့ပြောပြီးနောက် သူ လှည့်ထွက်သွားတော့၏။ သူ့နောက်လိုက်များလည်း လျင်မြန်စွာ လိုက်သွားကြသည်။ ထန်အာ မရှုပ်ချင်သူကို သူတို့လည်း သွားမစရဲကြပေ။
စကားအနည်းငယ်ဖြင့်သာ ကျိသော် ပြန်လာခဲ့သည်။ သူ ကယ်တင်ခဲ့သော မိန်းကလေးငယ်လည်း သူ့နောက်မှ လိုက်ပါလာ၏။
သူ၏ ခြေလှမ်းကျယ်များကြောင့် ထိုမိန်းကလေးက အမီလိုက်နိုင်ရန် ရုန်းကန်နေရပြီး သူ့ကို "ရဲဘော်" ဟု လှမ်းခေါ်လိုက်သည်။
လင်းချောင် ကားတံခါး ဖွင့်ရန် ပြင်လိုက်စဉ် ကျိသော် မျက်မှောင်ကြုတ်ပြီး နောက်လှည့်သွားသည်ကို မြင်လိုက်ရ၏။
"တခြား ဘာကိစ္စများ ရှိသေးလို့လဲ။"ထိုမိန်းကလေး သိသိသာသာ အံ့အားသင့်သွား၏။ "မရှိတော့ပါဘူး၊ ကျေးဇူးတင်ချင်ရုံသက်သက်ပါ။"
ဒါကတော့ သူတို့ အချင်းချင်း သိကျွမ်းနေကြသည့်ပုံစံမျိုး လုံးဝ မဟုတ်။ လင်းချောင် ကားတံခါးကို ဖွင့်ပြီး ထိုမိန်းကလေးကို ညင်သာစွာ မေးလိုက်သည်။ "အဆင်ပြေရဲ့လား။"
"ကျွန်မ အဆင်ပြေပါတယ်၊ နည်းနည်း ကြောက်သွားတာပါ။" ထိုမိန်းကလေးက ခေါင်းခါရင်း တွေဝေစွာ ပြောသည်။
"ကျွန်မ ရှင်တို့ ကားဘေးနားကနေ ခဏလောက် လိုက်လျှောက်လို့ ရမလား။ သူတို့ သိပ်မဝေးသေးဘဲ ပြန်လာမှာကို ကြောက်လို့ပါ။"
ဒီတောင်းဆိုမှုက ရုတ်တရက်ဆန်သော်လည်း သူမက အခုမှ ကြောက်လန့်တကြားဖြစ်ထားပြီး ဒီနေရာကလည်း လူပြတ်သည့်နေရာဖြစ်သောကြောင့် သူမ ကြောက်နေသည်က်ို နားလည်နိုင်၏။
လင်းချောင် တစ်ခုခု ပြောရန်ပြင်တုန်းမှာပဲ ကျိသော်က ခရီးသည်ထိုင်သည့်တံခါးကို ဖွင့်လိုက်သည်။
ထိုမိန်းကလေး ခေတ္တတွေဝေသွားပြီး ကျေးဇူးတင်စကား ပြောရန်ပြင်လိုက်စဉ်မှာပဲ သူက ရှောင်ဖန်းကို ပြောလိုက်သည်။
"မင်း သူ့ကို လိုက်ပို့လိုက်ပါ။ ငါ ဒီမှာပဲ ငါ့ဇနီးနဲ့ စောင့်နေလိုက်မယ်။"
ရှောင်ဖန်း အံ့အားသင့်သွားတော့သည်။
သူလည်း "ဟုတ်ကဲ့" ဟု ပြောပြီး ကားထဲမှ လျင်မြန်စွာ ထွက်လာကာ ပြောလိုက်၏။
"ရဲဘော်၊ ကျွန်တော် လိုက်ပို့ပေးပါ့မယ်။"
ထိုမိန်းကလေးလည်း သိသိသာသာ အံ့ဩသွားသည့်တိုင် ကျေးဇူးတင်ကြောင်းပြောပြီးနောက် တစ်မီတာအကွာအဝေးခြားကာ ရှောင်ဖန်းနောက်မှ လိုက်သွားခဲ့သည်။
"ကားပေါ်တက်တော့။"
ကျိသော်၏ အကြည့်က လင်ချောင်ထံ ပြန်ရောက်လာသည်။
လင်ချောင်လည်း သူဖွင့်ပေးထားသော တံခါးမှတစ်ဆင့် ကားထဲဝင်ထိုင်လိုက်ပြီး သူ အပြင်ထွက်သွားတုန်းက ပြောခဲ့သည့်စကားကို ပြန် သတိရသွား၏။
"ရှင်က ရှင့်အသိလို့ ပြောခဲ့တာလေ။ ရှင် သူမကို မှတ်မိတယ်လို့ ထင်ခဲ့တာ။"
"ကိုယ်ပြောတာက သူမကို လမ်းပိတ်ထားတဲ့သူတွေကို ပြောတာ။" ကျိသော်၏ လေသံက သိပ်မကောင်းလှပေ။
ဒါက လင်းချောင်ကို ပိုပြီး အံ့အားသင့်စေခဲ့သည်။ ကျိသော်သည် အမြဲလိုလို တွေးခေါ်လုပ်ကိုင်တတ်သူ၊ လူအပေါင်းအသင်းနှင့် ကိစ္စများကို သေသေချာချာ မြင်တတ်သူဖြစ်ပြီး ဒီလိုလူမျိုးများနှင့် ပေါင်းသင်းမည့်သူမျိုး မဟုတ်ဟု ထင်ရသူဖြစ်သည်။
သူမ ထိုလူကို မော့ကြည့်မိလိုက်သည်။
"ကားပေါ်တက်၊ ပြီးရင် ရှင်းပြမယ်။" ကျိသော် ကားထဲဝင်ရန် ပြင်လိုက်သည်နှင့် မလှမ်းမကမ်းမှ နောက်ပြောင်သံပါသည့် အမျိုးသားတစ်ဦး၏အသံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
"မင်းက သူရဲကောင်းတစ်ယောက်လို မိန်းမလှလေးကို ကယ်တင်ပြီးပြီပဲ။ အဆုံးထိ မလုပ်ချင်တော့ဘူးလား။"
ကျိသော် လှည့်ကြည့်လိုက်သလို လင်းချောင်လည်း အသံလာရာဘက်ကို လိုက်ကြည့်လိုက်မိသည်။ အသက် သုံးဆယ်တောင် မရှိသေးသော လူငယ်တစ်ဦးကို တွေ့လိုက်ရပြီး ထိုသူက အရက်အနည်းငယ် သောက်ထားပုံရသည်။ မျက်နှာက နီရဲနေပြီး မျက်လုံးများကလည်း သိပ်မကြည်လင်သလို အေးနေသည့်ရာသီတွင် သူ့ကုတ်အင်္ကျီက ပွင့်နေခဲ့သည်။
ကားထဲမှ လင်းချောင်ကို မြင်တော့ သူက ပိုပြီး အံ့ဩသွားဟန်ဖြင့် ပြောလိုက်၏။ "ဒါဆို ကားထဲမှာက အိမ်ရှင်မပေါ့၊ ငါ နားလည်ပါပြီ။"
နောက်ပြောင်ခြင်း ဖြစ်သော်လည်း ဒီလူက စူးကျန့်ကဲ့သို့ အပျော်အတွက် ကိစ္စများကို ကြီးထွားအောင် လုပ်ချင်သည့် ခံစားချက်မျိုးကိုတော့ မပေးနေခဲ့ပေ။
ကျိသော် သူနှင့်သိပ်မရင်းနှီးသည်မှာ သိသာနေပြီး လင်းချောင်ကိုသာ မိတ်ဆက်ပေးလိုက်သည်။ "ဒါက ယွီမိသားစုရဲ့ ငါးယောက်မြောက်သား၊ သူ့ရဲ့တူ ယွီကျင်းက ရှောင်ဇယ်ရဲ့ ငယ်သူငယ်ချင်းလေ။"
ကျိဇယ်နှင့် ဆက်စပ်မှုကို အလေးပေးပြောဆိုခြင်းက သူတို့တွင် တကယ်တမ်း ခင်မင်ရင်းနှီးမှု မရှိဘူးဆိုသည်ကို ပေါ်လွင်စေ၏။
ယွီဝူကတော့ ဂရုမစိုက်ဘဲ မေးလိုက်သည်။ "မင်းတို့ မိသားစုက အဲ့ဒီ ထုတ်လုပ်မှုလိုင်းကို လိုချင်သေးလား။ ချန်ဝေ့ကော်က ချေးငွေယူဖို့ ပြင်ဆင်နေပြီလို့ ရှောင်ကျင်းက ငါ့ကို ပြောတယ်။"
ထုတ်လုပ်မှုလိုင်း? လင်းချောင် ဒီအကြောင်း တစ်ခါမှ မကြားဖူးသောကြောင့် ကျိသော်ကို ကြည့်လိုက်သည်။
ကျိသော် ဒီမေးခွန်းကို မမျှော်လင့်ထားသောကြောင့် သူ့အကြည့်က ပိုနက်ရှိုင်းသွား၏။ "သူ မလုပ်တော့ဖို့ စီစဉ်ထားတယ်၊ မိသားစုက ခွင့်မပြုဘူးလေ။"
"ဒီလောက် ကောင်းတဲ့ အခွင့်အရေးကို ဘာလို့ မလုပ်တာလဲ။" ယွီဝူက ကျိဇယ်အတွက် နောင်တရသလို ပြောလိုက်သည်။
"ဒါက အသုံးပြုဖို့ အဆင်သင့်ဖြစ်နေတဲ့ ထုတ်လုပ်မှုလိုင်းတစ်ခုပဲ"
"မင်း အဲ့ဒါကို အရမ်းကောင်းတယ်လို့ ထင်ရင် ကိုယ်တိုင် ဘာလို့ မကြိုးစားကြည့်တာလဲ။ မင်းတို့ မိသားစုအတွက် ပိုအဆင်မပြေဘူးလား။"
ကျိသော် ထိုသို့ မေးလိုက်ရာ ယွီဝူက ချက်ချင်း လက်မြှောက်လိုက်သည်။ "မင်း ငါ့အကြောင်း သိပါတယ်။ ငါက ငယ်ငယ်ကတည်းက ဘာမှ အရာမရောက်ခဲ့ဘူး။ ငါ လုပ်ချင်ရင်တောင် အဘိုးကြီးက သဘောတူမှာ မဟုတ်ဘူး။"
ထို့နောက် သူက ကျိဇယ်အကြောင်းကို ထပ်ပြောပြန်သည်။ "အရင်တုန်းက သူ အတော်လေး ဆန္ဒရှိခဲ့ပါတယ်။ ရှောင်ကျင်းရဲ့ အဆက်အသွယ်တွေနဲ့ဆိုရင် မင်းတို့လည်း စိတ်မချရဘူးလား။ မင်းရဲ့ ရှောင်ဇယ်လည်း အရွယ်ရောက်လာပါပြီ။ ဒီကိစ္စက သူ့ရဲ့ ကိုယ်ပိုင် အတွေးအမြင်ပေါ် မူတည်သင့်တယ်။ အရင်ကလို စစ်တပ်မှာ အတင်းအကျပ် နေခိုင်းရမဲ့ခေတ်မျိုး မဟုတ်တော့ဘူးလေ။"
ကျိသော် မတုံ့ပြန်ခဲ့ပေ။ ရှောင်ဖန်း ပြန်လာသည်ကို မြင်တော့ နာရီကို တစ်ချက်ကြည့်လိုက်၏။ "အခြား ဘာကိစ္စမှမရှိဘူးဆိုရင် ငါသွားတော့မယ်။"
ယွီဝူ၏ စည်းရုံးမှုစကားများသည် ကားတံခါးအပြင်ဘက်၌သာ ကျန်ရစ်ခဲ့တော့သည်။ ကားစတင်ထွက်ခွာချိန်မှာပဲ လင်းချောင်၏ အကြည့်က ကျိသော်၏ မျက်နှာပေါ်သို့ ရောက်ရှိသွား၏။
"ရှောင်ဇယ်က ထုတ်လုပ်မှုလိုင်း ဝယ်ဖို့ စဉ်းစားခဲ့တာလား။"
"ဟုတ်တယ်။"
ကျိသော် ဖုံးကွယ်မထားခဲ့ပေ။ "အဖေရော ကိုယ်ရောက ချေးငွေယူတာကို အရမ်းအန္တရာယ်များတယ်လို့ ထင်ခဲ့လို့ သဘောမတူခဲ့ဘူး။"
"ဒါဆို မဖြစ်ခဲ့ဘူးပေါ့။"
လင်းချောင် မျက်မှောင်ကြုတ်လိုက်သည်။ တစ်ခုခု မှားနေသည်ဟု ခံစားရသော်လည်း တိတိကျကျတော့ မပြောနိုင်ခဲ့ပေ။
"မဖြစ်ခဲ့ဘူးလေ။"
ကျိသော် သူမကို ကြည့်ပြီး အစောပိုင်းကိစ္စကို ထပ်ပြောလိုက်သည်။"ကိုယ် ကားပေါ်က ဆင်းသွားတာက ထန်အာကို မြင်လိုက်လို့ပါ။"
"ထန်အာ? ရှင် အဲ့ဒီတုန်းက လှည့်စားခဲ့တဲ့သူလား။"
လင်းချောင် အဘိုးကု ပြောပြခဲ့သည့် ဇာတ်လမ်းကို သတိရသွားသည်။
"မဟုတ်ဘူး၊ အဲ့ဒါက သူတို့ရဲ့ တတိယအစ်ကိုပါ။"
ရုပ်ရှင်ရုံကိုမြင်လိုက်ရတော့ ကျိသော် ကားပေါ်က ဆင်းလိုက်သည်။
"ထန်အာက အရင်တုန်းက ရှောင်ဇယ်ကို ထောင်ချောက်ဆင်ဖို့ ကြိုးစားခဲ့ဖူးတယ်။"
"ရှောင်ဇယ်ကို ထောင်ချောက်ဆင်တယ်?" လင်းချောင် အနည်းငယ် အံ့ဩသွားရပြန်သည်။
ကျိသော် ခေါင်းညိတ်ပြီး လျှောက်လာရင်း တိုးတိုးလေး ပြောပြလိုက်သည်။ "သူက ရှောင်ဇယ်ကို ဆေးလိပ်သောက်ဖို့၊ အရက်သောက်ဖို့၊ လောင်းကစားလုပ်ဖို့ ခေါ်ထုတ်သွားပြီး သူတို့နဲ့ အတူလိုက်ဖို့ မိန်းကလေး အတော်များများကိုပါ ခေါ်ခဲ့သေးတယ်။"
ဒီစကားကို ကြားတော့ လင်းချောင်က လောင်းကစားနှင့် မိန်းမရှုပ်ခြင်းသည် ပြဿနာရှိနိုင်သည့်ကိစ္စဆိုသည်ကို သိလိုက်၏။
"ပိုက်ဆံနဲ့ လောင်းကစား လုပ်တာလား။"
"ပိုက်ဆံ အများကြီးနဲ့။"
ကျိသော် ဝင်ပေါက်တွင် ခဏရပ်ပြီး ဘေးနားက ကန်စွန်းဥမီးဖုတ်ဆိုင် ဘက်သို့ လှည့်သွားခဲ့သည်။
"အဲ့ဒီတုန်းက ရှောင်ဇယ်က ၁၆ နှစ်ပဲ ရှိသေးတာ။"
အရွယ်မရောက်သေးသူကို ဆေးလိပ်၊ အရက်၊ လောင်းကစားလုပ်ဖို့ ခေါ်ထုတ်သွားသည်က ရည်ရွယ်ချက်ကောင်းတော့ မဟုတ်ပေ။
"နောက်တော့ ဘာဖြစ်သွားလဲ။"
"သူနဲ့ အဲ့ဒီနေရာမှာရှိနေတဲ့ မိန်းကလေးတစ်ယောက်ကို ဖမ်းမိသွားပြီး အဲ့ဒီမိန်းကလေးမှာက လက်တွဲဖော်ရှိတယ်။"
ကျိသော်၏ စကားလုံးများက တိုတောင်းသော်လည်း အဓိပ္ပာယ်လေးနက်သည်။
ကျိဇယ် ၁၆ နှစ်သားအရွယ်က ထိုဆယ်နှစ်တာ ကာလအတွင်းတွင်သာ ရှိသေးပြီး ထိုအချိန်ကာလတွင်သာ ဒီလိုကိစ္စမျိုး ဖြစ်ခဲ့လျှင် လူအများရှေ့အရှက်ရပြီး ဂုဏ်သိက္ခာနှင့် နိုင်ငံရေးလမ်းကြောင်းမှ အနာဂတ်ပါ အဆုံးသတ်သွားနိုင်သည်။ လင်းချောင် ဒါကို တိုက်ဆိုင်မှုသက်သက်ဟု မထင်ပေ။ အစောပိုင်းက ထိုလူဘာလို့ မကျေမနပ်ဖြစ်ပြီး ထွက်သွားခဲ့သလဲဆိုသည်မှာ အံ့သြစရာမရှိတော့။ နောက်ဆက်တွဲ အကျိုးဆက်များကို ကြောက်သောကြောင့် ဖြစ်နိုင်သည်။
ကျိသော်က ဒီကိစ္စမျိုးကို အကြောင်းမရှိဘဲ ပြောမည့်သူမျိုး မဟုတ်ပေ။
လင်းချောင် ခဏစဉ်းစားပြီး ပြောလိုက်၏။ "အဲ့ဒီတုန်းက ကိစ္စမှာ သူ ပါဝင်ပတ်သက်နေတယ်လို့ ရှင် သံသယရှိနေတာလား။"
"ထန်မိသားစု၊ ယွီမိသားစု၊ တိုင်မိသားစု..."
ကျိသော်သည် ယန်ဒူရှိ ထင်ရှားသော မိသားစုများစွာကို စာရင်းပြုပြလ်ိုက်သည်။ "သူတို့အားလုံး ဖြစ်နိုင်ခြေရှိတယ်။"
ဒီမိသားစုအားလုံးက ထိုအချိန်တွင် နေရာတစ်ခုတည်း၌ရှိခဲ့ကြပြီး သူတို့မိသားစုမှ လူငယ်များက ဆယ်ကျော်သက်နှင့် အသက်နှစ်ဆယ်ကြား အရွယ်များ ဖြစ်ကြသည်။ ထိုကိစ္စ ပြီးဆုံးပြီးနောက် သူတို့အားလုံး ပြန်လည် ထူထောင်ရေး လုပ်ခဲ့ကြရသည်။
ကျ်ိဇယ်ကို လမ်းမှားသို့ ခေါ်ဆောင်ရန် ကြိုးစားခဲ့သည့် ထန်အာက ကျ်ိမိသားစုအပေါ် ကောင်းသည့်ဆန္ဒမရှိသည်မှာ သေချာသောကြောင့် သူသံသယဝင်မိခြင်းဖြစ်သည်။
လင်းချောင် စဉ်းစားနေစဉ်မှာပဲ ကျိသော်က သူ ခုနက ဝယ်လာသော ကန်စွန်းဥဖုတ် တစ်လုံးကို သူမအား လှမ်းပေးလိုက်သည်။
"သွားရအောင်။"
ထိုလူက သူ့အတွက် ဘာမှ မယူဘဲ အိတ်ကပ်ထဲမှ လက်မှတ်နှစ်စောင်ကိုသာ ထုတ်လိုက်သည်။ သူတို့ ရုပ်ရှင်ရုံထဲဝင်ပြီး နွေရာသီတွင် ရုံတင်ပြသခဲ့သော "လုရှန်းတောင်မှ အချစ်ဇာတ်လမ်း" ကို ကြည့်လိုက်ကြသည်။
ခေါင်းစဉ်က အချစ်ဇာတ်ကားဖြစ်ကြောင်း ဖော်ပြနေပြီး အမှန်တကယ်လည်း အမေရိကန်-တရုတ် အမျိုးသမီးဇာတ်ဆောင်နှင့် ပြည်မမှ အမျိုးသားဇာတ်ဆောင်တို့ ပါဝင်သည့် အချစ်ဇာတ်ကား ဖြစ်သည်။ ဒါကို အမေရိကန်နှင့် သံတမန်ဆက်ဆံရေး ထူထောင်ပြီးနောက်ပိုင်း ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။
လင်းချောင် ကြည့်လေလေ ရင်းနှီးလာလေလေပင်။ နောက်ဆုံးတွင် အမျိုးသမီးဇာတ်ဆောင်က အမျိုးသားဇာတ်ဆောင်၏ပါးကို နမ်းလိုက်သည့်အခါမှ ရုပ်ရှင်သမိုင်းတွင် ပထမဆုံးအနမ်းအဖြစ် နာမည်ကြီးခဲ့သည့် ဇာတ်ကားဆိုသည်ကို သူမ သတိရလိုက်၏။