အခန်း (၁၀၁)
Vol. 9 Ch. 101
၂၁ ရာစုမှလာသည့် သူမအတွက်တော့ ဒီထက်ပိုပြီး ပွင့်လင်းသည့် မြင်ကွင်းများကို ရင်းနှီးပြီးသားဖြစ်သည်။ သို့သော် ၁၉၈၀ ပြည့်လွန်နှစ်များတွင်တော့ ပါးကို နမ်းရုံနှင့်ပင် လူအများအပြားက လက်မှတ်များကို ထပ်ခါထပ်ခါ ဝယ်ကာ လာကြည့်ခဲ့ကြသည်။
ရုပ်သံဇာတ်လမ်းတွဲတောင် မကြည့်ဘဲ ပုံမှန်အားဖြင့် အလေးအနက် ထားနေတတ်သော ကျိသော်က ဒါကို ပျော်ရွှင်စွာ လာကြည့်လိမ့်မည်ဟု ဘယ်သူထင်မည်လဲ။
လင်ချောင် သူမဘေးနားရှိလူကို ကြည့်လိုက်သည်။ ကျ်ိသော်က မတ်မတ်ထိုင်နေပြီး မျက်ခုံးများကို တွန့်ချိုးကာ ရုပ်ရှင်ကြည့်ရန်ထက် ရုပ်ရှင်ကို ပြန်လည်သုံးသပ်ရန် ရောက်နေသူနှင့် ပိုတူနေခဲ့သည်။
ရုပ်ရှင်ပြီးဆုံးပြီးနောက် ရုပ်ရှင်ရုံမှ ထွက်ခွာလာသည့်အခါ သူက တီးတိုးပြောလိုက်သည်။ "စူးကျန့်ရဲ့ အကြံပြုချက်တွေက တကယ်ကို မကောင်းဘူး။ နောက်တစ်ခါမှ တခြားတစ်ခုလိုက်ပြမယ်"
"ဒါဆိုရင်တော့ ရှင် ကျွန်မကို လိုက်မပြတာ အကောင်းဆုံးပါပဲ။"
လင်းချောင်သည် ထိုအရာရှိအိုကြီး၏ အကြိုက်များကို မယုံကြည်နိုင်ပေ။ သူ တစ်ခုခု ပြောတော့မည်ကို မြင်သောအခါ သူမက ကျန်နေသေးသော ကန်စွန်းဥဖုတ်ကို သူ၏ ပါးစပ်ထဲ ထိုးထည့်လိုက်၏။
တနင်္လာနေ့တွင် ပညာရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးမှ အတွင်းရေးမှူး အများအပြားက ပညာရေးဝန်ကြီးဌာန၏ အများပြည်သူဆိုင်ရာ စာတိုက်ပုံးကို ပုံမှန်အတိုင်း ဖွင့်လိုက်ကြ၏။
နှစ်ကုန်ခါနီးပြီဖြစ်၍ ဤဌာနများသည် အလုပ်အများဆုံးဖြစ်ပြီး တစ်နိုင်ငံလုံးမှ စာများ ရောက်လာကာ အကြံပြုစာများဖြင့် စာတိုက်ပုံးတစ်ခုလုံးပြည့်နေခဲ့သည်။
စာအပုံလိုက်၏ ထူထဲမှုကို မြင်သောအခါ အတွင်းရေးမှူးတစ်ဦးက ခေါင်းကိုက်လာတော့သည်။ "ဒါတွေ အကုန်လုံးကို ဖတ်နိုင်ဖို့ ဘယ်လောက်တောင်ကြာမှာလဲ။ အသုံးဝင်တဲ့ဟာတွေကိုပါ စစ်ထုတ်ရဦးမယ်။"
မျက်စိလျင်သော လူတစ်ဦးက စာအိတ်တစ်ခုပေါ်ရှိ ရင်းနှီးသောနာမည်တစ်ခုကို သတိပြုမိလိုက်သည်။ "လင်းချောင်လား။ သူမက အရင်တစ်ခါ ငါတို့နဲ့ ခေါင်းဆောင်တွေရဲ့ ရုံးကို စာရေးခဲ့တဲ့သူ မဟုတ်ဘူးလား။"
"သူမပဲ ဖြစ်ပါလိမ့်မယ်။"
နောက်တစ်ဦးကလည်း စာပို့သူလိပ်စာကို ကြည့်လိုက်သည်။ "သူမရဲ့ ကျောင်းကို ကျွန်တော် မှတ်မိတယ်။"
"လအနည်းငယ်ပဲ ရှိသေးတယ်၊ နောက်ထပ် အကြံပြုချက်တစ်ခု ထပ်ပါလာပြီလား။"
ထိုအတွင်းရေးမှူးက စာအိတ်၏ ထူထဲမှုကို စမ်းကြည့်ရင်း သူတို့၏ အလုပ်ပမာဏကို ထပ်တိုးစေပြန်ပြီဟု တွေးလိုက်သည်။
"သူမက တစ်ခါတလေလေး ချီးကျူးခံရပြီး ခေါင်းဆောင်တွေ ချီးမွမ်းတာကို ခံလိုက်ရလို့ သူမ ရေးတဲ့ စကားလုံးတိုင်းက ရွှေလို တန်ဖိုးရှိတယ်လို့ ထင်နေတာလား။"
သူ မကျေမနပ်ဖြစ်နေသည်မှာ မဆန်းပေ။ အရင်က လင်းချောင်ပို့ခဲ့သောစာကို သူက စစ်ထုတ်ပြီး လွှင့်ပစ်ခဲ့သော်လည်း ဝန်ကြီးက သိရှိသွားပြီးအတွင်းရေးမှူးက သူတို့ကို အပြစ်တင်ခဲ့ဖူးသည်။
သူက အတွင်းရေးမှူးအကြောင်း တွေးနေတုန်းမှာပဲ အတွင်းရေးမှူးဖြစ်သူ ရောက်လာပြီး သူတို့၏ အလုပ်ကိုစစ်ဆေးတော့သည်။ စာအိတ်ပေါ်က နာမည်ကို မြင်တော့ သူလည်း အံ့ဩသွား၏။
"လင်းချောင်လား? ငါ ကြည့်ပါရစေဦး။"
စာအိတ်ကို ဖွင့်လိုက်ရာ အတွင်းမှ စာက ငါးမျက်နှာမှ ခြောက်မျက်နှာ ခန့်အထိ ထူထဲနေခဲ့သည်။
အတွင်းရေးမှူး ရာထူးတွင် ရှိနေသူဖြစ်၍ သူသည် စိတ်မရှည်ခြင်း လက္ခဏာကို ပြသခြင်းမျိုး မရှိခဲ့ပေ။ သူက စာ၏ ပထမစာမျက်နှာကို လျင်မြန်စွာ ဖတ်လိုက်သည်။ မပြီးသေးခင်မှာပဲ သူ၏မျက်နှာအမူအရာက တင်းမာလာရာ အတွင်းရေးမှူးများ အချင်းချင်း စိတ်ဝင်တစား လှမ်းကြည့်လိုက်ကြ၏။ အထူးသဖြင့် စောစောက မကျေမနပ်ဖြစ်ခဲ့သူမှာ ပို၍ပင် သိချင်စိတ် ပြင်းပြနေခဲ့သည်။
သို့သော်လည်း သိချင်စိတ်က အသုံးမဝင်ခဲ့ပေ။ အတွင်းရေးမှူးသည် စာကို အမြန်ဖတ်ပြီးသည်နှင့် စာအိတ်ထဲသို့ ပြန်ထည့်လိုက်၏။ "ဒီစာကို ကျွန်တော် ယူသွားမယ်။"
ထိုအခါ အားလုံးက ပို၍သိချင်လာကြပြီး မကျေမနပ်ပုံပေါ်နေသော အတွင်းရေးမှူးကို လှမ်းကြည့်လိုက်ကြသည်။
"ဘာတွေ ရေးထားတာလဲ။ ပုံမှန်လုပ်ငန်းစဉ်အတိုင်းတောင် မသွားဘဲ တိုက်ရိုက် ယူသွားတာဆိုတော့လေ။"
"ဘယ်သိမလဲ၊ ဒါပေမဲ့ အရေးကြီးတာတော့ သေချာတယ်။"
"ကဲ၊ ဆက်ဖတ်ကြတာပေါ့။ ဌာနက အစည်းအဝေးလုပ်တဲ့အခါတော့ အရေးကြီးလား မကြီးလားဆိုတာ သိရမှာပါ"
မကြာခင်မှာပဲ သူတို့ သိလိုက်ကြရသည်။ အဘယ်ကြောင့်ဆိုသော် နောက်ထပ် ပြည်တွင်းအစည်းအဝေးတစ်ခုတွင် ဝန်ကြီးက ထိုစာကို ထုတ်ပြောလာသောကြောင့်ပင်။
"အခြေခံအဆင့်က ဆရာတစ်ယောက်ဆီက အကြံပြုချက်တစ်ခုကို ကျွန်တော် ရခဲ့ပါတယ်။ အားလုံး ကြည့်ရှုနိုင်ပါတယ်။"
သူ စာအိတ်ကို စားပွဲပေါ် တင်လိုက်၏။ အနီးဆုံးတွင် ထိုင်နေသော ဒုတိယဝန်ကြီးက ထိုစာအပေါ်ရှိ နာမည်ကို မြင်လိုက်သည်။
"လင်းချောင်?"
ဝန်ကြီးက ခေါင်းညိတ်သည်။ "သူမက သင်္ချာပြိုင်ပွဲအပြင် အလယ်တန်းကျောင်း ရူပဗေဒနဲ့ ဓာတုဗေဒ ပြိုင်ပွဲတွေကိုပါ ပြုလုပ်တယ်လို့ အကြံပြုထားတယ်။"
အသေးစိတ်ကို သိရှိထားသူများကတော့ မအံ့ဩကြပေ၊ လင်းချောင်က ဓာတုဗေဒ သင်ကြားသူဖြစ်သောကြောင့်သာ ဤကိစ္စကိုလိုလားခြင်း ဖြစ်သည်။ တစ်စုံတစ်ဦးကတော့ မျက်မှောင်ကြုတ်သည်။
"ဒါတွေကို အခုစဖို့က အရမ်းစောနေသေးတယ် မဟုတ်ဘူးလား။"
နောက်တစ်ဦးက ထပ်ပြောလိုက်သည်။ "သင်္ချာပြိုင်ပွဲကလည်း စတင်ကျင်းပတာ နှစ်အနည်းငယ်ပဲ ရှိသေးပြီး အကျိုးသက်ရောက်မှုလည်း သိပ်မပြသေးဘူး။"
တကယ်တမ်းတော့ ဒီလို အကြံပြုခဲ့သူ မရှိခဲ့သည်မဟုတ်၊ သို့သော် ကောလိပ်ဝင်ခွင့်စာမေးပွဲ ပြန်စပြီးနောက် အရေးတကြီး ဖြေရှင်းရမည့် ကိစ္စများစွာရှိနေသဖြင့် အားလုံးကို အာရုံစိုက် မလုပ်နိုင်ခဲ့ကြခြင်းပင်။ ပုံမှန်ဆိုလျှင် ဝန်ကြီးက ဒီလိုကိစ္စမျိုးကို အစည်းအဝေးတွင် အလေးအနက်ထား ဆွေးနွေးမည်မဟုတ်။
အမှန်တကယ်လည်း ဝန်ကြီးက ရေတစ်ငုံ သောက်လိုက်ပြီး ဆက်ပြောလိုက်၏။ "အကယ်၍ ရည်ရွယ်ချက်က အခြေခံပညာအရည်အချင်းကို ခိုင်မာစေဖို့၊ ကျောင်းသားတွေရဲ့ အရည်အချင်းကို မြှင့်တင်ပေးဖို့နဲ့ သင်ယူလိုစိတ်ကို လှုံ့ဆော်ပေးဖို့ဆိုရင်တော့ တကယ်ကိုပဲ နှစ်နှစ်အတွင်းမှာ အကျိုးသက်ရောက်မှု သိပ်မမြင်ရနိုင်ပါဘူး။ ဒါပေမဲ့ ပြိုင်ပွဲတွေကို ကောလိပ်ဝင်ခွင့်နဲ့ ချိတ်ဆက်ပြီး ဆုရတဲ့ ကျောင်းသားတွေကို ဝင်ခွင့်အတွက် အကြံပြုခွင့်ပြုမယ်ဆိုရင်ရော။"
"ဝင်ခွင့်အတွက် အကြံပြုမယ်။"
အရင်က တက္ကသိုလ်အဖွဲ့အစည်း ဥက္ကဌဟောင်းဖြစ်ခဲ့ဖူးသော ဒုတိယဝန်ကြီးသည် ဒီစကားကို ကြားသည်နှင့် ချက်ချင်း စာကိုယူပြီး ဖွင့်ဖတ်ကြည့်လိုက်သည်။
တခြားသူများကလည်း လင်းချောင်၏ အကြံပြုချက်ကို အံ့ဩနေကြ၏။
"သူမက အထူးပြုပါရမီရှင်တွေကို ရွေးချယ်မွေးထုတ်ဖို့အတွက် ပြိုင်ပွဲတွေကို အသုံးပြုဖို့ အဆိုပြုတာလား။"
ဒါက သာမန်ပြိုင်ပွဲကျင်းပခြင်းနှင့် မတူဘဲ ကောလိပ်ဝင်ခွင့်စာမေးပွဲ အပြင်ဘက်မှ ပါရမီရှင်ရွေးချယ်သည့် နောက်ထပ်နည်းလမ်းတစ်ခု ဖြစ်သည်။ ယခင်က အလုပ်သမား-လယ်သမား-စစ်သား ကျောင်းသားများ စနစ်နှင့် ဆင်တူသော်လည်း လိမ်လည်မှုများစွာ ဖြစ်နိုင်ခဲ့ပြီး စာမေးပွဲများကဲ့သို့ အဆင့်အတန်းများကို ရှင်းရှင်းလင်းလင်း ခွဲခြားနိုင်ခြင်း မရှိခဲ့ပေ။
ဒုတိယဝန်ကြီး စာမျက်နှာနှစ်ခု ဖတ်ပြီးသွားသည်ကို မြင်တော့ သူ့ဘေးတွင်ရှိသူက လှမ်းယူလိုက်သည်။ အလှည့်မကျသေးသူတစ်ဦးက ဒုတိယဝန်ကြီးကို မေးလိုက်သည်။
"ဒါက လက်တွေ့ကျမယ်လို့ ထင်ရဲ့လား။"
"ဒါက တကယ်ကိုပဲ စဉ်းစားသင့်တဲ့ ကိစ္စပါ။"
ဒုတိယဝန်ကြီးက ပြောလိုက်သည်။။"ကျွန်တော့်ဆီမှာ အထူးပြုဘာသာရပ်မှာ အရမ်းအားကောင်းပေမဲ့ အခြားဘာသာရပ်တွေမှာ အဆင်မပြေခဲတဲ့ ကျောင်းသားတစ်ယောက် ရှိခဲ့ဖူးတယ်။ သူက ဝင်ခွင့်စာမေးပွဲကို သုံးနှစ်ကြာအောင် ဖြေပြီးမှ အောင်ခဲ့ရတာ။"
သူ ဖတ်ပြီးသော နောက်စာတစ်မျက်နှာကို ကမ်းပေးလိုက်ရင်း ဆက်ပြောလိုက်သည်။ "ဒီကျောင်းသားကို ခင်ဗျားတို့လည်း သိပါတယ်။"
သူက နာမည် တစ်ခုကို ဖော်ပြခဲ့ပြီး အားလုံးကလည်း တကယ်ကို သိကြသည်။ ထိုသူသည် မကြာသေးမီနှစ်များအတွင်း မျိုးဆက်သစ်သိပ္ပံသုတေသနပါရမီရှင်များ၏ အမာခံ ဖြစ်လာသူဖြစ်ပြီး စမ်းသပ်စီမံကိန်းများတွင်သာမက တက္ကသိုလ်များတွင်ပါ ပညာသင်ကြားပေးနေသူ ဖြစ်သောကြောင့်ပင်။
ဒီကိစ္စက တကယ်ကို စဉ်းစားသင့်၏။ ကောလိပ်ဝင်ခွင့်စာမေးပွဲ ပြန်လည်စတင်သည်မှာ သုံးနှစ်ရှိပြီဖြစ်ပြီး နိုင်ငံက ပါရမီရှင်များကို လိုအပ်နေဆဲကာလဖြစ်သည်။ လက်ရှိ ပြန်လည်ထူထောင်ကာလတွင် ဆိုလျှင် အနောက်တိုင်းနည်းပညာများ၏ ရိုက်ခတ်မှုအောက်၌ ဒီလိုအပ်ချက်က ပိုပြီး ဆိုးရွားလာမည်ဖြစ်သည်။ အသုံးချနိုင်သော ပါရမီရှင်များကို လျင်မြန်စွာ မမွေးထုတ်နိုင်ဘဲ သူတို့၏ နည်းပညာ အဆင့်အတန်းကို တိုးတက်အောင် မလုပ်နိုင်လျှင် အမြဲတမ်း အားနည်းနေရလိမ့်မည်။
နောက်ဆုံးမှာတော့ ကန့်ကွက်မဲတစ်ခုတည်းသာ ရှိခဲ့ပြီး အားလုံးနီးပါးက သဘောတူညီခဲ့ကြသည်။ နောက်တစ်ဆင့်မှာတော့ သူတို့ အစီအစဉ်တစ်ခုကို ရေးဆွဲရမည်။ ဘယ်အချိန်တွင် ဘယ်လို အကောင်အထည်ဖော်ရမလဲဆိုသည်ကို ဖြည်းဖြည်းချင်း ဆွေးနွေးဆုံးဖြတ်ရဦးမည်။
ဒုတိယဝန်ကြီးသည် အစည်းအဝေးတွင် ဘာမှ မပြောခဲ့သော်လည်း အစည်းအဝေးပြီးနောက်မှာတော့ သူ၏ ဇနီး ကို ပြန်ပြောပြလိုက်သည်။
"ရွှီလီက တကယ်ပဲ နိုင်ငံအတွက် လူတော်တစ်ယောက်ဖြစ်တဲ့ ချွေးမကောင်းတစ်ယောက်ကို မွေးထုတ်ပေးနိုင်ခဲ့တာ။"
သူ၏ ဇနီးသည်လည်း ပညာရေးနယ်ပယ်ထဲတွင်ရှိနေသူဖြစ်ရာ ရွှီလီကို ဖုန်းဆက်ပြီး ပြောပြခဲ့သည်။
"ရှင်က ရှင့်ရဲ့ ဒုတိယသားအတွက် ချွေးမရွေးချယ်တဲ့ နေရာမှာ တကယ်ကို မျက်စိလျင်တာပဲ။"
"ဒါကလည်း ဒုတိယသား ကံကောင်းလို့ပါ။"
ရွှီလီက ဂုဏ်ယူစွာဖြင့် ပြုံးပြီး မေးလိုက်သည်။ "ဒီတစ်ခါက ဘာဖြစ်လို့လဲ။ ဘာလို့ ရုတ်တရက် ဖုန်းဆက်လာရတာလဲ။"
"မသိထားဘူးလား။"
သူမ အံ့ဩသွားပြီး လင်းချောင်က ပညာရေးဝန်ကြီးဌာနကို နောက်ထပ် အကြံပြုစာတစ်စောင် ရေးပို့ခဲ့ကြောင်း ရှင်းပြလိုက်သည်။
"ကျွန်မ တကယ်ကို မသိထားတာ။ ရှင်တို့ မသိပါဘူး၊ ချောင်ချောင်နဲ့ ကျွန်မတို့ ဒုတိယသားက အတူတူပဲ။ ကိစ္စတစ်ခုကို မပြီးမချင်း တစ်ခွန်းမှ မပြောကြဘူး။ ကျွန်မ အရင်တစ်ခါတုန်းကလည်း သတင်းစာဖတ်ပြီးမှ သိရတာ။"
ရွှီလီက မကျေမနပ် ပြောနေသော်လည်း သူမ၏ မျက်နှာကတော့ ပြုံးရွှင်နေခဲ့သည်။ "တကယ်တော့ သူတို့နှစ်ယောက်လုံးက ကိစ္စတွေကို ကိုယ့်ဘာသာ ထိန်းသိမ်းထားတဲ့နေရာမှာ တော်ကြတာလေ။"
သူမ မမေးဘဲ မနေနိုင်တော့ပေ။ "ဒါဆို ဒီကိစ္စက အတည်ပြုခဲ့ပြီလား။"
"အတည်ပြုဖို့က ရှစ်ဆယ်ရာခိုင်နှုန်းကနေ ကိုးဆယ်ရာခိုင်နှုန်းအထိ အခွင့်အလမ်းရှိပါတယ်။"
ဒုတိယဝန်ကြီး၏ ဇနီးက ပြောလိုက်သည်။ "ဘယ်အချိန်မှာ တရားဝင် အကောင်အထည် ဖော်မလဲဆိုတာကိုတော့ ကျွန်မ မသိသေးဘူး။"
ဓာတ်ခွဲခန်းကိစ္စနှင့် တိုက်ရိုက်ဝင်ခွင့်ရသည့်ပြိုင်ပွဲတစ်ခုကိစ္စက ရွှီလီကို သူမ၏ တစ်သက်တာလုံး ဂုဏ်ယူနေစေရန် လုံလောက်သည်။ သူမ အလွန် ပျော်ရွှင်စွာဖြင့် ဖုန်းချလိုက်ပြီး ဆိုဖာပေါ် ပြန်ထိုင်ကာ တီးတိုးရေရွတ်၏။
"ချောင်ချောင်က အတွေးအခေါ်ကောင်းတွေ အများကြီး ရှိတဲ့သူပဲ။"
ကျိသော် သူမအတွက် မွေးနေ့လက်ဆောင်အဖြစ် ပေးခဲ့သော စာကြည့်မျက်မှန်ကို မြင်တော့ သူမကပြောလိုက်၏။
"ဒီကိစ္စတွေအတွက် ချွေးမအကြီးကို တကယ် ကျေးဇူးတင်ရမှာ။"
ဒီလိုပုံစံက သူမ၏ ပုံစံမဟုတ်ပေ။ ယဲ့မင်ရှုး၏ ကိစ္စ ပေါ်လာတုန်းကလည်း သူမ အလွန်ဒေါသထွက်ခဲ့သည့်တိုင် ယဲ့မင်ရှူးကိုတော့ စကားကြမ်းကြမ်း မပြောခဲ့ပေ။
အဘိုးကြီးက ရွှီလီကို ကြည့်ပြီး မနေနိုင်ဘဲ ပြောလိုက်၏။ "ငါ အသက်ကြီးသွားလို့ နားလေးသွားတာလား။"
"အဲ့ဒါဆိုလည်း နားလေးနေတယ်လို့သာ သဘောထားလိုက်ပါတော့။" ရွှီလီက ထိုသို့ပြောပြီး သိုးမွှေးချည်ရှာရန် ထရပ်လိုက်သည်။
"ချောင်ချောင်က ကျွန်မတို့အိမ်ကို ဘာမှမပါဘဲ ရောက်လာတာ၊ သူမအတွက် ပစ္စည်းလေးတွေ နည်းနည်းထပ်လုပ်ပေးရဦးမယ်။"
ဧည့်ခန်းထဲတွင် တစ်ယောက်တည်း ကျန်ခဲ့သည့် အဘိုးကြီးကတော့ အံ့သြနေခဲ့၏။ သူ့အတွက် ဒူးကာနှစ်စုံ အရင်လုပ်ပေးမည်ဟုပြောပြီး ဘယ်လိုလုပ် ချောင်ချောင်အတွက် ပစ္စည်းလုပ်ပေးမည်ဟု ဖြစ်သွားရပြန်ပြီလဲ။
ဒီဇင်ဘာလနှောင်းပိုင်းတွင်တော့ သတင်းအတိအကျ ထွက်လာခဲ့သည်။ လာမည့်နှစ်တွင် ရူပဗေဒနှင့် ဓာတုဗေဒ အသင်းအဖွဲ့များ ပူးပေါင်းပြီး ပထမဆုံး ရူပဗေဒနှင့် ဓာတုဗေဒ ပြိုင်ပွဲကို ကျင်းပကြမည်။ အကြိုပွဲကို မတ်လ၊ နောက်ဆုံးပွဲကို မေလတွင် ကျင်းပရန်စီစဉ်ထားပြီး ထူးချွန်ကျောင်းသားများကို တက္ကသိုလ်ဝင်ခွင့် တိုက်ရိုက်လျှောက်ထားခွင့် ပေးမည်ဖြစ်သည်။
ကြေညာစာ၏ ပထမပိုင်းကို မြင်တော့ ပညာရေးဌာနမှ ကျောင်းအုပ်ကြီးများက စိတ်ထဲတွင် စာရင်းသွင်းမည့်သူများနှင့် စာမေးပွဲ စီစဉ်မှုများကို စဉ်းစားနေနိုင်ခဲ့ကြသေးသည်။
သ်ို့ရာတွင် ဒုတိယပိုင်းကိုမြင်ပြီးနောက်မှာတော့ အားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြတော့၏။ တက္ကသိုလ်ဝင်ခွင့် တိုက်ရိုက်လျှောက်ထားခွင့် ပေးမည်တဲ့လား။ အရင် သင်္ချာပြိုင်ပွဲများ ကျင်းပတုန်းက ဒီလိုမျိုး မရှိခဲ့ပေ။
ယန်ဒူဒေသခံဖြစ်သော အဓိက အလယ်တန်းကျောင်းကြီးများကပါ ဒီအရာသည် လင်းချောင်၏ စိတ်ကူးဖြစ်သည်ဆိုသည်ကို လျင်မြန်စွာ သိလိုက်ကြပြီး ဒါက အရင်တစ်ခေါက်ထက်တောင် ပိုပြီး တုန်လှုပ်စရာ ဖြစ်သွားခဲ့သည်။
အရင်တစ်ခါကတော့ ကျောင်းအရေအတွက် အကန့်အသတ်နှင့်သာ အကျိုးရှိခဲ့သော စမ်းသပ်အစီအစဉ်တစ်ခုသာ ဖြစ်ခဲ့ပြီး ဒီတစ်ခါမှာတော့ ဘယ်သူမဆို စာရင်းသွင်းနိုင်ပြီး ကောင်းကောင်းလုပ်နိုင်ပါက တက္ကသိုလ်ကိုပါ တိုက်ရိုက် ဝင်ခွင့်ရဦးမည်ဖြစ်သည်။
"သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ သုံးဘာသာပေါင်း ၂၉၃ မှတ်၊ ရူပဗေဒမှာ အမှတ်ပြည့်ရတယ်။ သူမရဲ့ တရုတ်စာကသာ ၉၀ အထိ ရောက်နိုင်ရင် မြို့တော်ရဲ့ ထိပ်ဆုံး အယောက် ၁၀၀ ထဲမှာ သေချာပေါက် ပါလိမ့်မယ်။"
အဖွဲ့ခေါင်းဆောင်ကောက သူ့လက်ထဲမှ အမှတ်စာရင်းကို လှုပ်ယမ်းပြီး ပြောလိုက်၏။ "ဒီလိုမျိုး ဘာသာရပ် သီးသန့်ကျွမ်းကျင်နေတဲ့ ကျောင်းသားတွေအတွက်၊ အထူးသဖြင့် အဓိကဘာသာရပ်တွေမှာ အားနည်းတဲ့သူတွေအတွက် ပုံမှန် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲက တကယ်ကို အလဟဿဖြစ်စေတယ်။"
"ဘာသာရပ်တစ်ခုချင်းစီ၏ ပျမ်းမျှရမှတ်တွေ ထွက်လာပြီဆိုတော့ ဆရာ ပညာရေးဌာနကို ရမှတ်တွေ သွားတင်ပြရမှာ မဟုတ်ဘူးလား။" အတန်းသုံး၏ အတန်းပိုင်ဆရာက ပြုံးပြီး မေးလိုက်၏။
ထိုစကားကို ကြားတော့ အဖွဲ့ခေါင်းဆောင်ကောက ပိုပြီး တက်ကြွလာ၏။ "ဟုတ်တယ်၊ မနက်ဖြန်မနက် သွားတင်ပြပြီးတော့ တခြားကျောင်းတွေ ဘယ်လိုလုပ်ထားလဲဆိုတာ ကြည့်ရဦးမယ်။"
နောက်ဆုံးပူးတွဲစာမေးပွဲများကို တစ်နှစ်တစ်ကြိမ်သာ ကျင်းပရခြင်း၏ အဓိကအကြောင်းရင်းမှာ အလုပ်ရှုပ်လွန်းသောကြောင့်ပင်။ ဘယ်လ်ိုဖြစ်ဖြစ်၊ ဒီခေတ်တွင် ရမှတ်များတွက်ချက်ရန် ကွန်ပျူတာမရှိဘဲ ရလဒ်အားလုံးကို လူကိုယ်တိုင် အဆင့်သတ်မှတ်ရသည်။
စာမေးပွဲများစစ်ပြီးတိုင်း သူတို့ကျောင်းက ရမှတ်များကို တွက်ချက်ပြီး အဆင့်သတ်မှတ်ရန် ရက်ပေါင်းများစွာ အချိန်ယူရသည်။ ယန်ဒူတွင် အလယ်တန်းကျောင်း တစ်ရာကျော်ရှိသည့်အတွက် ရလဒ်အားလုံးကို ပေါင်းထုတ်ရန်ဆိုလျှင် ပိုပြီးတောင် အလုပ်ရှုပ်ဦးမည်ဖြစ်သည်။
ဇန်နဝါရီလသည် တစ်နှစ်တာ၏ အအေးဆုံးအချိန်ဖြစ်သည်။ အဖွဲ့ခေါင်းဆောင်ကောက ဝတ်စုံပြည့်ဝတ်ဆင်ပြီး ထူထဲသည့်ဖိုင်တွဲထဲ စာမေးပွဲရလဒ်မှတ်တမ်းများကို သယ်ဆောင်ကာ ပညာရေးဌာနကို ရောက်ရှိလာချိန်တွင် အမှတ် (၂၁) အလယ်တန်းကျောင်း၏ ဒုတိယနှစ် သိပ္ပံအဖွဲ့ခေါင်းဆောင်နှင့် တိုက်ဆိုင်စွာ ဆုံတွေ့ခဲ့၏။
နှစ်ဦးစလုံးကလည်း အလွန်ခင်မင်ရင်းနှီးကြသည်။ အဖွဲ့ခေါင်းဆောင်ကောက အတော်အတန် ဖော်ရွေသူဖြစ်ပြီး ခပ်လှမ်းလှမ်းကပင် တခြားတစ်ယောက်ကို နှုတ်ဆက်လိုက်၏။
ပြုံးနေသည့် မျက်နှာကို မြင်တော့ တစ်ဖက်လူက စိတ်ရှုပ်ထွေးစွာနှင့် သူ့ကို တစ်ချက်ကြည့်လိုက်သော်လည်း ပြန်မတုံ့ပြန်ဘဲ ကားကိုသော့ခတ်ပြီး ပညာရေးဌာနထဲ ဝင်သွားတော့သည်။ သို့သော် နှစ်ဦးစလုံးက ရမှတ်များကို သတင်းပို့ရန် ရောက်လာကြသည်ဖြစ်၍ နောက်ဆုံးမှာတော့ ရုံးခန်းကျယ်ကြီးထဲ ဆုံကြရမည်ဖြစ်သည်။
အဖွဲ့ခေါင်းဆောင်ကောကတော့ တုံ့ဆိုင်းမနေဘဲ တစ်ဖက်လူ၏ အနောက်မှ လိုက်ဝင်သွားခဲ့ပြီး အားလုံးက ရမှတ်များကို စာရင်းသွင်းနေသည့်အတွက် ရုံးခန်းကျယ်ကြီးက ဆူညံနေခဲ့သည်။
တစ်စုံတစ်ယောက်က အမှတ် (၂၁) အလယ်တန်းကျောင်းမှ အဖွဲ့ခေါင်းဆောင်ကို မြင်တော့ ချက်ချင်း ပြောလိုက်၏။
"ခင်ဗျားရောက်လာပြီပဲ။ မြန်မြန်လုပ်ပါ၊ အဆင့်သတ်မှတ်ချက်တွေကို အတည်ပြုနိုင်ဖို့ ခင်ဗျားတို့ကျောင်းရဲ့ရမှတ်တွေကို ကျုပ်တို့စောင့်နေတာ။"
တခြားတစ်ယောက်ကလည်း လျင်မြန်စွာ ဝင်သွားပြီး ပြောလိုက်၏။ "ဒီနှစ်လည်း ဒီလောက် စောတာလား။ ဘယ်လိုရမှတ်တွေ ရထားလဲဆိုတာ ကြည့်ပါရစေဦး။"
ဒီစကားကိုကြားတော့ အဖွဲ့ခေါင်းဆောင်ကောလည်း လိုက်ဝင်သွားပြီး ဒီနှစ်တွင် အဆင့်မြင့်ကျောင်းများ၏ စုစုပေါင်းရမှတ်များ ဘယ်လိုရှိသလဲဆိုသည်ကို ကြည့်ကာ သူ့ကျောင်း၏ အဆင့်က ဘယ်လောက်ဖြစ်နိုင်မလဲဟု ခန့်မှန်းချင်နေ၏။
ဓာတုဗေဒရမှတ်များကို ကြားလိုက်ရသောအခါ သူ တအံ့တဩဖြစ်သွားခဲ့သည်။ အမှတ် (၂၁) အလယ်တန်းကျောင်းက စတင်သတင်းပို့လိုက်သည့်အခါ သူ ယူလာခဲ့သော ရလဒ်မှတ်တမ်းများကို အလိုအလျောက် ပွတ်သပ်လိုက်မိ၏။
"တစ်ဆယ်ထဲ ပါနေတုန်းပါပဲ။"
စာရင်းမှတ်တမ်းတင်နေသူက ရမှတ်များကို အကြမ်းဖျင်း အဆင့်သတ်မှတ်ပြီး အမှတ် (၂၁) အလယ်တန်းကျောင်းက အဖွဲ့ခေါင်းဆောင်ကို ပြောပြလိုက်သည်။
အဖွဲ့ခေါင်းဆောင်ကတော့ ကျေနပ်နေပုံမရပေ။ မမျှော်လင့်ထားဘဲ အဖွဲ့ခေါင်းဆောင်ကောက ရုတ်တရက် ဝင်ပြောလိုက်၏။
"အဆင့်သတ်မှတ်မယ်ဆိုရင် ကျွန်တော်တို့ကျောင်းရဲ့ ရမှတ်တွေကိုလည်း တစ်ခါတည်း အဆင့်သတ်မှတ်လိုက်ကြရအောင်။"
"ခင်ဗျားတို့ကျောင်းလား။"
အမှတ် (၂၁) အလယ်တန်းကျောင်း၏ အဖွဲ့ခေါင်းဆောင်က သူ့ကို တစ်ချက်ကြည့်လိုက်သော်လည်း ဘာမှ ထပ်မပြောခဲ့ပေ။ သူ့မျက်လုံးထဲတွင်တော့ အဓိပ္ပာယ်က ရှင်းလင်းနေခဲ့၏။