အခန်း (၁၀၂)
Vol. 9 Ch. 102
အဖွဲ့ခေါင်းဆောင်ကောက သူ့ကို ပြုံးပြရုံသာမကဘဲ ရလဒ်မှတ်တမ်းများကိုလည်း ကမ်းပေးလိုက်သည်။ စာရင်းမှတ်တမ်းတင်သူက တစ်ချက်ကြည့်ပြီး အံ့အားသင့်သွား၏။
"၇၃.၈?"
"၇၃.၈?"
အမှတ် (၂၁) အလယ်တန်းကျောင်းက အဖွဲ့ခေါင်းဆောင်လည်း ကြက်သေသေသွားတော့သည်။ ဒီပျမ်းမျှရမှတ်က သူတို့ကျောင်းထက် ၀.၁ ပိုများနေခဲ့၏။
သူ မယုံနိုင်ခဲ့ပေ။ "ခင်ဗျား တွက်တာမှားနေတာလား။"
"အတန်းတစ်ခုချင်းစီအတွက် ပျမ်းမျှရမှတ်တွေကိုလည်း စာရင်းသွင်းထားပါတယ်။ မယုံကြည်ရင် ကိုယ့်ဘာသာ စစ်ဆေးကြည့်လို့ရတယ်။"
အဖွဲ့ခေါင်းဆောင်ကောက ပျော်ပျော်ရွှင်ရွှင်ပဲ သူ့ဖိုင်တွဲထဲမှ နောက်ထပ်မိတ္တူတစ်ခုကို ထုတ်ယူပြီး ပြောလိုက်၏။
"ကျောင်းသားတစ်ဦးချင်းစီရဲ့ ရမှတ်အသေးစိတ်ကို ကြည့်ချင်တယ်ဆိုရင်လည်း ကျွန်တော့်မှာ ရှိတယ်။ ဒါနဲ့လည်း မလုံလောက်သေးဘူးဆိုရင် စာမေးပွဲအဖြေလွှာတွေကိုလည်း ကျွန်တော်တို့ မဝေပေးရသေးဘူး။ ရုံးခန်းထဲမှာ ရှိသေးတာမို့လို့ ခင်ဗျားကို ပြပေးနိုင်ပါတယ်။"
ဒီနောက်ဆုံးပူးတွဲစာမေးပွဲတွင် သူတို့ကျောင်း၏ ဓာတုဗေဒရမှတ်များက တကယ်ကိုပဲ မြို့တော်ရဲ့ ထိပ်ဆုံး ဆယ်ကျောင်းစာရင်းထဲ ဝင်သွားခဲ့သည်။ နောက်ဆုံးအဆင့်သတ်မှတ်ချက်များကို မြင်ရသူတိုင်း အံ့အားသင့်သွားခဲ့ကြပြီး အဆက်အသွယ်ကြောင့်သာ စမ်းသပ်ကျောင်းဖြစ်လာသည်ဆိုသော စွပ်စွဲချက်များလည်း မရှိတော့ပေ။
ဓာတုဗေဒအပြင်၊ ကျန်ဘာသာရပ်မျတွင်လည်း ခုနစ်နေရာမှ ရှစ်နေရာ ဆယ်နေရာကျော်အထိ တိုးတက်လာခဲ့သည်။ ကျောင်းအုပ်ကြီးကျန့် ပညာရေးဌာနမှ ပြန်လာတော့ ခြေလှမ်းများက အလွန် ပေါ့ပါးနေခဲ့၏။
"ဒီဓာတ်ခွဲခန်းကို ထူထောင်ခွင့်ရတာက တကယ်ပဲ တန်ဖိုးရှိတယ်။ နောက်နှစ်ထဲမှာ ဒုတိယအသုတ် စမ်းသပ်ကျောင်းတွေကို စတင်ဖို့ စီစဉ်နေကြပြီလို့လည်းကြားတယ်။"
နောက်ဆုံးစာမေးပွဲများပြီးနောက် လင်းချောင် ဆောင်းရာသီကျောင်းပိတ်ရက် ရခဲ့သည်။ ရွှီလီက သူမကို နှစ်သစ်ကူးပစ္စည်းများ ဝယ်ရန် ခေါ်ထုတ်သွားခဲ့ပြီး ထိုနေရာတွင် လင်းချောင်အကြောင် သိချင်နေသည့် လုပ်ဖော်ကိုင်ဖက်ဟောင်း တစ်ယောက်နှင့် ဆုံတွေ့ခဲ့သည်။
ရွှီလီက တစ်လျှောက်လုံး ပြုံးရွှင်စွာ နားထောင်နေခဲ့ပြီး အိမ်ပြန်ရောက်တော့ အဘိုးကြီးကို ပြောပြခဲ့သည်။ အဘိုးကြီးက ခေါင်းညိတ်ပြီး ပြောလိုက်၏။
"မဆိုးဘူး၊ ထိပ်တန်း ဆယ်ကျောင်းထဲတောင် ဝင်တယ်ဆိုတော့။"
"အမေ ရှာပေးခဲ့တဲ့ စာမေးပွဲမေးခွန်းလွှာတွေကြောင့်ပါ။ ဒီတစ်ခါ ယန်သာ့တွဲဖက်အထက်တန်းကျောင်းက မေးခွန်းတစ်ခုက ကွက်တိကျသွားတာ။"
လင်းချောင်က လက်များကို နွေးအောင်လုပ်ရင်း အင်္ကျီကိုချွတ်ကာ ပြောလိုက်သည်။
ရွှီလီက သူမတို့ဝယ်လာသည့် ပန်းကန်အသစ်များကို စီနေရင်း သိသိသာသာ အံ့အားသင့်သွားပြီး မေးလိုက်၏။
"ယန်သာ့တွဲဖက်ကျောင်းကဟာတွေကိုတော့ မယူပေးခဲ့မိဘူးလို့ ထင်တယ်နော်။"
"ဒါဆို ကျိသော် ယူလာပေးတာထင်တယ်။"
အချိန်အတော်ကြာသွားပြီဖြစ်၍ ကျိသော်က ဘယ်ကျောင်းမှ စာမေးပွဲမေးခွန်းများ ယူလာပေးခဲ့လဲဆိုသည်ကို လင်းချောင် သေချာ မမှတ်မိတော့ပေ။
"ဒုတိယသားကလည်း ကူညီပေးခဲ့သေးတာလား။"
ရွှီလီက သူ့သားကို စနောက်သလို ပြုံးပြီးကြည့်ကာ ပြောလိုက်၏။ "အဲဒီနေ့က သူ ဘာလို့ လာမေးတာလဲလို့ တွေးနေတာ။"
အဘိုးကြီးကလည်း သူ့မျက်လုံးများကို မှေးကျဉ်းပြီး သားဖြစ်သူကို မမှတ်မိသလို အပေါ်အောက် ကြည့်လိုက်တော့သည်။
ကျိသော်ကတော့ မနက်ကတည်းက အပြင်ထွက်နေခဲ့ပြီး ယခုမှ ပြန်ရောက်လာချိန်တွင် ရုတ်တရက်ဆိုသလို လင်မယားနှစ်ယောက်၏ အကြည့်များကို ရုတ်တရက် ခံလိုက်ရသည်။ သူ ခေတ္တရပ်သွားပြီး စစ်ဦးထုပ်ပေါ်က ဆီးနှင်းများကို ခါချလိုက်ကာ လင်းချောင်ကို ပြောလိုက်၏။
"အဘိုးကုက ပစ္စည်းတစ်ခု ပေးခိုင်းလိုက်တယ်။"
သူက ပစ္စည်းတစ်ခု ယူလာကြောင်းသာပြောပြီး အဘိုးကြီးနှင့် ရွှီလီရှေ့တွင် ထုတ်မပြခဲ့သည်မှာ လျှို့ဝှက်စွာ ပေးရန် ရည်ရွယ်ထားကြောင်း သိသာနေ၏။
ရွှီလီက ရိပ်မိပြီး သူ့သားကို ပြုံးပြကာ လင်းချောင်ကို တွန်းလိုက်သည်။ "ဒီနားက ရှုပ်ယှက်ခတ်နေတယ်။ မင်းတို့ နှစ်ယောက် အခန်းထဲသွားပြီး ပြောကြပါလား။"
လင်းချောင်က ကျိသော် အနောက်မှ အခန်းထဲ လိုက်ဝင်သွားပြီး စူးစမ်းလိုစိတ်နှင့် မေးလိုက်သည်။ "ဘာတွေကို လျှို့ဝှက်နေရတာလဲ။"
ကျိသော်က သူ့အိတ်ကပ်ထဲမှ ကြိုးနီလေးနှင့် သီထားသော ကျောက်စိမ်းကိုထွင်းထားသည့် ကျားရုပ်ငယ်လေး တစ်ခုကို ထုတ်လိုက်သည်။ သူ့ကိုယ်နှင့် ကပ်ထားခဲ့သောကြောင့် လင်းချောင်၏ လက်ဖဝါးပေါ် ရောက်လာချိန်အထိ နွေးနေဆဲပင်။
ဒီခန္ဓာကိုယ်က ကျားနှစ်ဖွား ဖြစ်သော်လည်း လင်းချောင် ကျိသော်ကို မပြောပြခဲ့ဖူးပေ။ "ဒါက အဘိုးကု ပေးတာလား။"
"ဒါက လမ်းမှာ ဖန်းကျားယွမ်ကနေ ဝယ်လာတာ။"
ကျိသော် လိမ်ညာနေခြင်း မဖြစ်နိုင်။ ထို့နောက်နောက် သကြားရည်ဆမ်းထားသော သစ်အယ်သီး တစ်ထုပ်ကို ထုတ်လိုက်ပြီး ပေးလိုက်၏။
"ဒါကတော့ သူ ပေးလိုက်တာ။"
ဒါဆိုရင် ဒီကျားရုပ်လေးက သူပေးသည့် လက်ဆောင်ဖြစ်မည်။
လင်းချောင်သည် တစ်နေ့ ကျိသော်ထံမှ လက်ဆောင်ရလိမ့်မည်ဟု တစ်ခါမှ မတွေးခဲ့ဖူးပေ။ သူ့လေသံက ပေါ့ပေါ့ပါးပါး ဖြစ်နေသော်လည်း သူက လက်ဆောင်ပေးတတ်သူမျိုး မဟုတ်ပေ။ သူမ သူ့အတိတ်အကြောင်း သိသွားပြီး ရှောင်ကျန်းကို ရှာတွေ့အောင် ကူညီပေးခဲ့ပြီးနောက်ပိုင်းမှာတော့ သူ၏ သဘောထားသည် သိမ်မွေ့စွာဖြင့် ပြောင်းလဲသွားခဲ့သည်ဟု သူမ ခံစားမိခဲ့သည်။
သူမ တွေးနေတုန်းမှာပဲ ထိုလူက အသံတိုးတိုးနှင့် ပြောလိုက်၏။ "စူးကျန့်နဲ့ကိုယ်နဲ့ အပြင်ထွက်စရာရှိနေတယ်။"
သူက စူးကျန့်အကြောင်း ထည့်ပြောလိုက်သည်ကို ကြားတော့ လင်းချောင် ချက်ချင်း အာရုံစိုက်မိသွားခဲ့သည်။ "အဲ့ဒီလူက နောက်တစ်ခါ လှုပ်ရှားမှု ထပ်လုပ်ပြန်ပြီလား။"
ကျိသော်က "အင်း" ဟု အသံနက်နက်နှင့် ပြန်ဖြေပြီး ဆက်ပြောလိုက်သည်။
"သတင်းကို အခုလေးတင် ရတာ။ ဒီတစ်ခါ ချန်ကျောက်နန် ထက်တောင် ပိုပြီး ယုံကြည်ရသေးတယ်၊ သူမစကားတွေမှာ အပြစ်လုံးဝ ရှာလို့မရဘူး။"
သူတို့က အရင်ဆုံး ဒီနောက်ကွယ်မှသူကို ရှာမတွေ့လျှင် ဒီလို ဟန်ဆောင်သူများ ထပ်ပေါ်လာနေဦးမည်ဖြစ်ပြီး သူတို့လည်း အတုအယောင်များနှင့် ဆက်ဆံနေရခြင်း၊ ပင်ပန်းရခြင်းများ ကြုံနေရဦးမည်။
လင်းချောင်က လက်ထဲမှ ကျောက်စိမ်းကျားရုပ်လေးကို ပွတ်သပ်ရင်း ပြောလိုက်၏။ "ရှင် စီစဉ်နေတာက..."
"လူကို တိုက်ရိုက်ဖမ်းဖို့ပဲ။"
ရှောင်ကျန်းကို ရှာဖွေရုံသက်သက်ဆိုလျှင် ချန်းကျောက်နန်လို လူမျိုးကို စေလွှတ်လို့ရသည်။ သို့သော် ဒုက္ခပေးသူကို ဖမ်းမိရန်ဆိုလျှင်တော့ သူတို့ကိုယ်တိုင် သွားရလိမ့်မည်။
"ဘယ်တော့ ပြန်လာမလဲ။"
လင်းချောင်က အိမ်အတွက် အနည်းငယ် စိုးရိမ်နေ၏။
"နှစ်သစ်ကူးလည်း နီးပြီလေ။"
နှစ်သစ်ကူးကြောင့်ဖြစ်စေ အခြားအကြောင်းကြောင့်ဖြစ်စေ၊ သူမက ပြန်လာမည့်ရက်ကို မေးလိုက်ချိန်တွင် ကျိသော်၏ မျက်နှာအမူအရာ နူးညံ့သွားခဲ့သည်။
"နှစ်သစ်ကူးမတိုင်ခင် ပြန်လာခဲ့မယ်။"
"အိမ်ကလူတွေကို လျှို့ဝှက်ထားရမလား။" လင်းချောင်က ယခင်အတိုင်းပဲ မေးလိုက်၏။
ကျိသော် ပြန်ဖြေလိုက်သည်။ "ဒီတစ်ခါတော့ လျှို့ဝှက်ထားစရာ မလိုဘူး။ ကိုယ် မရှိတုန်း အိမ်ဟောင်းမှာ သွားနေလိုက်ပါ။"
သူက သူမလက်ထဲမှ ကျောက်စိမ်းကျားရုပ်လေးကိုယူပြီး သူမ၏ လည်ပင်းတွင် ဆွဲပေးလိုက်သည်။ "အိမ်မှာက လူများတယ်၊ ပြီးတော့ အဒေါ်ကျန်းရဲ့ ဟင်းချက်လက်ရာကလည်း စားသောက်ဆိုင်ကထက် ပိုကောင်းတယ်။"
သူ၏ ကြမ်းတမ်းသည့် လက်ချောင်းများသည် သူမ၏ လည်ပင်းအနောက်ဘက်အရေပြားကို ထိသွားချိန်တွင် ကြိုးလေးကို အထုံးအဖြစ်ချည်လိုက်ပြီး ကျားရုပ်ငယ်လေးက သူမ၏ နှလုံးသားရှိသည့်နေရာအပေါ် တွဲလောင်းကျနေခဲ့သည်။
လင်းချောင် အနည်းငယ် စိတ်လေးသွားပြီး တစ်ခုခု ပြောရန်လုပ်နေတုန်းမှာပဲ သူက သူမကို လွှတ်ပေးလိုက်ပြီး ရုတ်တရက် သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။ ခဏလေးဆိုသော်လည်း သူမ၏ ခန္ဓာကိုယ်ကတော့ တစ်ခါတည်း တောင့်တင်းသွားခဲ့တော့သည်။
ဘယ်လိုဖြစ်ဖြစ်၊ တစ်ချို့ကိစ္စများမှလွဲ၍ သူက သူမကို ဒီလိုမျိုး တစ်ခါမှ မပွေ့ဖက်ခဲ့ဖူးပေ။ ဒီနေ့မှာတော့ သူက ပုံမှန်မဟုတ်ဘဲ စကားများနေခဲ့ပြီး သူ သွားမည့်နေရာနှင့် အကြောင်းပြချက်များကို ရှင်းပြရုံသာမက သူမအတွက်ပါ စီစဉ်ပေးခဲ့သေးသည်။
လင်းချောင် သူ့အကြည့်ကို ရှောင်လိုက်၏။ ကျိသော်က သတိထားမိသော်လည်း ဘာမှမပြောခဲ့ပေ။ သူမကို ခဏလောက် ကြည့်နေပြီးမှ ပြောလိုက်သည်။"အမေနဲ့ အဖေကို သွားပြောလိုက်ဦးမယ်။"
ရွှီလီကလည်း ကျိသော် အပြင်ထွက်တော့မည်ဆိုသည်ကို ကြားသည့်အခါ စိုးရိမ်ပူပန်ခဲ့ပြီး နှစ်သစ်ကူးမတိုင်ခင် ပြန်မလာနိုင်မည်နှင့် အရာအားလုံး အဆင်မပြေဖြစ်သွားမည်ကို ကြောက်ရွံ့နေခဲ့သည်။
အသက်ကြီးသူများက စကားပိုများတတ်ပြီး ကျိသော်က နားထောင်နေရင်း လင်းချောင်ကို လှမ်းကြည့်လိုက်သည်။ သူမက အတွေးနယ်ချဲ့နေပုံရပြီး၊ ယခင်လို သူ့အကြည့်ကို ချက်ချင်း မရိပ်မိခဲ့ပေ။ ဒီတစ်ခါမှာတော့ ရွှီလီက သတိထားမိသွားပြီး သူ့ကိုကြည့်နေတော့မှ သူမ ရိပ်မိခဲ့သည်။
ဘာကြောင့်မှန်းမသိပဲ၊ သူက တည်ငြိမ်ပြီး ပြတ်သားသည့် နှုတ်ဆက်ခြင်းကို ခံရသည်ထက် စိုက်ကြည့်ခံရသည်ကို ပိုပြီး စိတ်ချမ်းသာသလို ခံစားမိနေသည်။
ကျိသော် အကြည့်မလွှဲခဲ့ဘဲ လင်းချောင်ကို ဆက်ကြည့်နေရင်း အဘိုးကြီးက ချောင်းဆိုးပြတော့မှသာ အချိန်ကို ကြည့်ပြီး ပြောလိုက်၏။
"ပစ္စည်းတွေ သွားထုပ်ပိုးလိုက်ဦးမယ်။"
လင်းချောင် သူနှင့်အတူ လိုက်မသွားခဲ့ပေ။ သူမ တစ်ခုခုကို ရှာတွေ့လိုက်သလို ခံစားမိသော်လည်း သေချာတော့ မသိခဲ့ပေ။
မူလဇာတ်လိုက်က သူမနှင့် ရင်းရင်းနှီးနှီး နေချင်သည်ထက်စာလျှင်၊ သူ၏ သူမနှင့် ပုံမှန်ဘဝတစ်ခုကို နေထိုင်ချင်နေသည့် အတွေးက သူမ၏ နားလည်နိုင်စွမ်းထက် ပိုနေခဲ့၏။ ဘာပဲဖြစ်ဖြစ်၊ သူမတို့သည် စစချင်းကတည်းက ပူးပေါင်းဆောင်ရွက်သည့် ဆက်ဆံရေးတစ်ခုဟုသာ သဘောတူထားခဲ့ကြခြင်းဖြစ်ပြီး သူကလည်း အမြဲတမ်းလိုလို အလုပ်ကိစ္စများကိုသာပြောပြီး စကားမများဘဲ ကောင်းမွန်သည့် အလုပ်ခွင်အကွာအဝေးတစ်ခုကို ထိန်းသိမ်းထားခဲ့သူဖြစ်သည်။
ဘာလို့ အခုကျမှ အပြင်ထွက်ခါနီးတွင် အရာအားလုံးကို ရှင်းရှင်းလင်းလင်း ရှင်းပြရုံသာမက၊ သူမအတွက်ပါ စီစဉ်ပေးခဲ့ပြီး ထွက်ခွာခါနီးမှာ ပွေ့ဖက်သွားရပြန်သည်လဲ။
ထိုညတွင် အိမ်ဟောင်းရှိ ခုတင်ကြီးပေါ်၌ တစ်ယောက်တည်း လဲလျောင်းနေရင်း လင်းချောင် အိပ်မပျော်နိုင်ဖြစ်နေခဲ့သည်။ သူမ၏ သင်ထောက်ကူပစ္စည်းများကို ထုတ်ယူပြီး စာမျက်နှာနှစ်ရွက်လောက် ပြန်လည်လေ့လာလိုက်၏။ ထို့နောက် သူမ၏ စိတ် ငြိမ်သက်သွားတော့သည်။
သူ ထွက်သွားပြီကို သူမက ဘာလို့ အတွေးများနေရသည်လဲ။
အိပ်ရမည်။ သူမတွင် ဒီကိစ္စများကို တွေးနေရုံကလွဲပြီး တခြားလုပ်စရာလည်း ဘာမှမရှိနေပေ။
လင်းချောင် အိမ်ဟောင်းကို ပြန်လာသည်က အဘိုးကြီးနှင့် ရွှီလီအတွက်တော့ ပျော်ရွှင်မှုများကို သယ်ဆောင်လာ၏။ သူမ လက်မထပ်ခင်တုန်းက အိမ်တွင် နေခဲ့သည့်အချိန်နှင့်ပင် တူနေပြန်တော့သည်။
အဒေါ်ကျန်း၏ ဟင်းချက်စွမ်းရည်ကလည်း လူငယ်တစ်ယောက်ပါ အတူတူ စားသောက်နေသည့်အခါ ယခင်ထက်ပိုပြီး ကောင်းမွန်နေခဲ့သည်။ ရက်အနည်းငယ်အတွင်းမှာပဲ ကျိလင် ကလည်း ကျောင်းလွယ်အိတ်နှင့် ရောက်လာခဲ့၏။
ယဲ့မင်ရှူးက သူ့သမီးကို အိမ်ပြန်ခေါ်ရန် ရောက်လာချိန်တွင် ကျိလင်နှင့် လင်းချောင်တို့က စမ်းသပ်မှုလေးတစ်ခု ပြုလုပ်ပြီးနောက် ဆပ်ပြာရည်နှင့် လက်ဆေးနေသည်ကို တွေ့လိုက်ရ၏။
ထို့နောက် သူမက ယောက်မဖြစ်သူ၏ စကားကို သတိရသွားခဲ့သည်။ အိမ်ဟောင်းတွင် အမြဲတမ်းလိုလို လင်းချောင် ပို့ပေးသည့် ဆပ်ပြာရည်ကိုသာ သုံးနေခြင်းဖြစ်ပြီး ဝယ်သုံးခြင်း မဟုတ်။ လင်းချောင်က ထိုမုဇီဆပ်ပြာရည်နှင့် တကယ်ပဲ ဆက်စပ်နေသည်လား။
အကယ်၍ ဆက်စပ်နေသည်ဆိုလျှင်တောင် လင်းချောင်က ဘာလို့ တစ်ခါမှ မပြောပြရသည်လဲ။ ထို့အပြင် သူမက ပိုက်ဆံလည်း သိပ်ရှိပုံမရ...
ယဲ့မင်ရှူး ခဏတာ တုံ့ဆိုင်းနေခဲ့ပြီး ဧည့်ခန်းဆိုဖာတွင် ထိုင်ကာ အဘိုးကြီးကို မေးလိုက်သည်။ "အဖေ၊ ရှောင်ဇယ်ရဲ့ ငယ်သူငယ်ချင်း ချန်ဝေ့ကော်ကို မှတ်မိသေးလား။"
"ချန်းပိုင်ရှန့်ရဲ့ မြေးလား"
အဘိုးကြီးက သူ၏ ချွေးမအကြီးကို မျက်နှာသာပေးသည့်အနေနှင့် ပြန်ဖြေလိုက်သည်။
"ဟုတ်ပါတယ်။ အဘိုးချန်းက ဆုံးသွားပြီမလား။ နောက်ပိုင်း ပြန်နေရာချထားပေးခဲ့ပေမဲ့ သူ့မိသားစုကတော့ ပြန်မထူထောင်နိုင်ခဲ့ဘူးလေ။ မကြာသေးခင်က အဲ့ဒီ ရှောင်ဇယ်ရဲ့ ငယ်သူငယ်ချင်းကောင်လေးက စီးပွားရေးလုပ်ငန်းထဲ ဝင်သွားပြီး ဘဏ်ကနေ ငွေအများကြီး ချေးထားတယ်တဲ။"
ယဲ့မင်ရှူး သက်ပြင်းချလိုက်သည့်အခါ အဘိုးကြီးနဲ့ ရွှီလီတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး နှစ်ဦးစလုံး မျက်မှောင်အနည်းငယ်ကြုတ်လိုက်မိသည့်တိုင် ဘာမှတော့ မပြောခဲ့ပေ။
လင်းချောင်လည်း ချန်ဝေ့ကော် ဆိုသည့်နာမည်ကို သတိရသွားပြီး ယဲ့မင်ရှူးကို တစ်ချက်ကြည့်လိုက်၏။ ယဲ့မင်ရှူးကလည်း သူမကို ကြည့်နေသည်နှင့် တိုက်ဆိုင်သွားခဲ့သည်။
"သူ ဘာတွေတွေးနေမှန်း ကျွန်မတော့ နားမလည်ဘူး။ မိသားစုက ဒုက္ခရောက်နေရင်တောင် တည်ငြိမ်တဲ့ အလုပ်တစ်ခုရှိထားတာက စီးပွားရေးလုပ်ငန်းလုပ်တာထက် ပိုကောင်းတာပေါ့၊ ဟုတ်တယ်မလား။ အရင်တုန်းကတော့ 'ပညာရှင်၊ လယ်သမား၊ လက်သမား၊ ကုန်သည်' လို့ ပြောခဲ့ကြတာ။ အခုကျတော့ နိုင်ငံရဲ့ အခြေအနေရဆိုရင် ဒီအလုပ်မျိုးက စွန့်စားမှုတစ်ခုလိုဖြစ်နေပြီ။ အကယ်၍ အဘိုးချန်သာ အသက်ရှင်နေမယ်ဆိုရင်လည်း ဒေါသထွက်နေမှာပဲ။"
ယဲ့မင်ရှူးက ခေါင်းယမ်းလိုက်ပြီး စိတ်ပျက်အားလျော့နေသည့် အသံဖြင့် ပြောလိုက်သည်။။"စောစောကတည်းက မသိခဲ့ရတာ နှမြောစရာပဲ။ ကြိုသိခဲ့ရင် ရှောင်ဇယ်ကို သူ့ကို သွားပြီး အကြံပေးခိုင်းလိုက်မှာ။"
ဒီစကားကြောင့် အဘိုးကြီးနှင့် ရွှီလီတို့နှစ်ဦးစလုံး ဘာပြောရမှန်းမသိ ဖြစ်သွားကြ၏။ သူတို့နှစ်ဦးစလုံးက ရှောင်ဇယ်သည် အရင်ကတည်းက စီးပွားရေးလုပ်ငန်း လုပ်ချင်နေခဲ့သည် ဆိုသည်ကို သိကြပြီးသားဖြစ်ကာ၊ သူ အတိုင်းအတာတစ်ခုအထိ အောင်မြင်မှုရနေပြီ ဆိုသည်ကိုလည်း ကြားသိထားကြ၏။
ယဲ့မင်ရှူးက ရှောင်ဇယ်၏ ငယ်သူငယ်ချင်းကိုရော၊ စီးပွားရေးလုပ်ငန်းများကိုပါ အပုပ်ချပြောဆိုလိုက်သည့်အခါ သူတို့ဇနီးမောင်နှံနှစ်ဦးက တိတ်တိတ်သာနေလိုက်ကြတော့သည်။
လင်းချောင်က ပြုံးပြလိုက်ပြီး ကျိလင်ကို အပြင်သို့ လွှတ်လိုက်သည်။"သွား၊ အဒေါ်ကျန်း ချက်ပြုတ်ပြီးပြီလား သွားကြည့်လိုက်ဦး။"
ဧည့်ခန်းထဲက တင်းမာနေသည့်လေထုကြောင့် ကျိလင်လည်း တစ်ခုခု မှားနေပြီဆိုသည်ကို ခံစားမိလိုက်သည်။ သူမက ခေါင်းညိတ်ပြပြီး စကားနားထောင်စွာဖြင့် အပြင်ထွက်သွားခဲ့သည်။
ထို့နောက် လင်းချောင်က မျက်ခုံးပင့်လိုက်ပြီး မေးလိုက်၏။ "အစ်မကြီး အခုတစ်လော အလုပ်မလုပ်ဘူးလား။"
သူမ၏ နွေးထွေးမှုမရှိသည့် အကြည့်နှင့် ဆုံလိုက်သည့်အခါ ယဲ့မင်ရှူးက လင်းချောင် သူမကို အပျင်းကြီးသည်ဟု ဆိုလိုချင်နေမှန်း ချက်ချင်းနားလည်လိုက်၏။
ယဲ့မင်ရှူးက ပြုံးလိုက်သည်။ "ငါက ပြောပြရုံသက်သက်ပါ။ နင်ကတော့ အလုပ်ကို လစ်လျူရှုပြီး စီးပွားရေးလုပ်ငန်း လုပ်မနေဘူးဆိုတာ သေချာပါတယ်။"
"အစ်မကြီး အလုပ်လုပ်နေတယ်ဆိုရင်လည်း သတင်းစာကို သေချာဖတ်ကြည့်ပါလား။ ခေါင်းဆောင်တစ်ယောက်က လူတစ်ယောက်ချင်းစီကို စီးပွားရေးလုပ်ငန်း လုပ်ဖို့ အားပေးခဲ့တယ်လေ။ ဟုတ်တယ်မလား။"
လင်းချောင် ပြန်ပြုံးပြလိုက်ပြန်၏။ "ဒါမှမဟုတ် အစ်မကြီးက အဲ့ဒီခေါင်းဆောင်ကလည်း မသိနားမလည်တဲ့သူ၊ ကောင်းမွန်တဲ့ အလုပ်တွေကို စွန့်ပြီး လူတွေကို စီးပွားရေးလုပ်ငန်း လုပ်ခိုင်းနေတဲသူလို့ ထင်နေတာလား။"
ဒီစွပ်စွဲချက်က ပြင်းထန်လွန်းလှပြီး ယဲ့မင်ရှူးက သိသိသာသာ ထိတ်လန့်သွားတော့သည်။ "ငါ ဘယ်တုန်းက အဲ့ဒီလို ပြောခဲ့ဖူးလို့လဲ။"
"ဒါဆိုရင်တော့ ကျွန်မ အထင်လွဲသွားတာပဲ ဖြစ်မှာပါ။ ရှောင်ဇယ်ရဲ့ ငယ်သူငယ်ချင်းအကြောင်း ပြောတုန်းက အစ်မကြီးက နှမြောတသဖြစ်နေတယ်လို့ ကျွန်မ ထင်ခဲ့မိလို့ ဒီစကားကို အစ်မကြီး သဘောမကျတာဖြစ်မယ်လို့ ထင်လိုက်တာ။"
လင်းချောင်က မိုက်မဲသူမဟုတ်ပေ။ ယဲ့မင်ရှူး၏ ခနဲ့တဲ့တဲ့ပြောနေသော စကားများသည် သူမနှင့် ကျိသော်တို့၏ စီးပွားရေးလုပ်ငန်းများကို သွယ်ဝိုက်ဝေဖန်နေခြင်း ဖြစ်နေနိုင်၏။
သူတို့က တရားဝင်စီးပွားရေးလုပ်ငန်း လုပ်နေကြခြင်းဖြစ်ပြီး နိုင်ငံတော်ကလည်း တားမြစ်ထားခြင်းမရှိပေ။ အဘိုးကြီးရော၊ ရွှီလီရောကပါ ကန့်ကွက်ထားတာမျိုး မရှိသည့်အတွက် အစ်မကြီးအနေနှင့် ပြောပိုင်ခွင့် မရှိပေ။
လင်းချောင်၏ စကားများက အတော်လေး ပွင့်လင်းပြီး တိုက်ရိုက်ဆန်လွန်းသောကြောင့် ယဲ့မင်ရှူး၏ မျက်နှာသည် ဒေါသဖြင့် နီမြန်းသွားတော့သည်။ သူမ ပြန်ပြောရန် ပြင်လိုက်စဉ်မှာပဲ အဘိုးကြီးက မျက်နှာပျက်သွားပြီး ပြောလိုက်၏။
"အိမ်ကိုလာတာက ဒီစကားတွေ ပြောဖို့သက်သက်ပဲလား။"
သူက သူ၏ ချွေးမအငယ်ကို ကာကွယ်နေခြင်းမဟုတ်လား။
ယဲ့မင်ရှူးက သူမ၏ ပြစ်တင်ပြောဆိုမှုတွင် ဘာအမှားရှိနေသလဲကို မတွေးမိပေ။ လင်းချောင်က စီးပွားရေးလုပ်ငန်း မလုပ်ဘူးဆိုလျှင်လည်း သူမက စကားအနေနှင့် ပြောရုံသက်သက်ပင်။ အကယ်၍ လုပ်သည်ဆိုလျှင်လည်း သူမကို ထိန်းသိမ်းဖို့က အဘိုးကြီး၏ တာဝန်ဖြစ်၏။ ဒီကိစ္စသာ အပြင်ကို ပေါက်ကြားသွားလျှင် ဟာသတစ်ခု ဖြစ်သွားမည်မဟုတ်လား။
သို့သော် အဘိုးကြီးကတော့ သိသိသာသာ ဘက်လိုက်နေသည်ဖြစ်ရာ သူမလည်း ဘာမှမတတ်နိုင်ဘဲ ထရပ်လိုက်ပြီး ကျိလင်ကိုခေါ်ကာ အိမ်ပြန်ရန် ပြင်လိုက်တော့သည်။
မမျှော်လင့်ထားဘဲ အိမ်တံခါးဝသို့ ရောက်သည့်အခါ သူမ၏ ယောက်မအကြီးက ထိုနေရာတွင် စောင့်နေသည်ကို တွေ့လိုက်ရ၏။
"မင်ရှူး၊ ငါ နင့်ကို ပြောစရာရှိတယ်။"