← Chapters

အခန်း (၁၀၆)

Vol. 9 Ch. 106

အခန်း (၁၀၆)

Vol. 9 Ch. 106

တကယ်တော့ ကျိသော် ထိုအရာများကို ဂရုစိုက်သည်။ လင်းချောင်အတွက် ပုစွန်အနည်းငယ် အခွံနွှာပေးခဲ့ပြီး သူမက တော်ပြီဟု ပြောသည်ကို ကြားသောအခါ သူ ချက်ချင်းဆိုသလို လက်ဆေးရန် ထွက်သွားခဲ့၏။ သူ တစ်ကြိမ်မက ဆေးကြောခဲ့ပြီး သူ့နှာခေါင်းအောက်တွင် နမ်းကြည့်ပြီးမှသာ သူ၏ မျက်ခုံးများ ပြေလျော့သွားခဲ့သည်။

လင်းချောင်လည်း ဒါကို သတိထားမိသည်။ သူ အပြစ်ရှိသလို ခံစားရသောကြောင့်ဖြစ်စေ၊ အခြားတစ်စုံတစ်ရာကြောင့်ဖြစ်စေ၊ မနေ့ည သူမတို့ စကားပြောပြီးကတည်းက သူမကို သူ ပို၍ ဂရုတစိုက်ရှိနေခဲ့သည်။

သူမက အဘိုးကြီးတို့၏ အကြည့်များကို မမြင်ချင်ယောင် ဆောင်ထားလိုက်သည်။ သို့သော် ရွှီလီကတော့ ပြုံးပြီး သူမအတွက် အနီရောင်စာအိတ်တစ်ခု ထုတ်ပေးလိုက်၏။

"မင်းတို့နှစ်ယောက်က အဘိုးကုဆီ ဖက်ထုပ်တွေ သွားပို့ရဦးမှာမလား။ အမေ ဒါကို အရင်ပေးလိုက်မယ်နော်။"

"ဒီလောက်တောင် အသက်ကြီးနေပြီကို အနီရောင်စာအိတ် ပေးနေတုန်းပဲလား။" လင်းချောင် အနည်းငယ် ရှက်ရွံ့သွား၏။

"ဘယ်လောက် အသက်ကြီးလို့လဲ။ နှစ်သစ်ကူးပြီးရင်တောင် ဆယ့်ကိုးနှစ်ပဲ ရှိသေးတာ။ ကလေးမရမချင်း ကလေးပဲဖြစ်နေဦးမှာ။"

ရွှီလီက သူမကို စာအိတ်နီယူရန် အတင်းအကျပ် တိုက်တွန်းခဲ့သည်။

လင်းချောင်သည် ပိုက်ဆံ လိုအပ်နေသူ မဟုတ်။ သူမ၏ နှစ်ကုန်ဆုကြေး၏ နောက်ဆုံးဝေစုကို ရရှိခဲ့ပြီးနောက် သူမ၏ စုဆောင်းငွေများသည် တစ်သောင်းကျော်နေပြီဖြစ်သည်။

နှစ်ကုန်ကာလကြောင့် အရင်လဝင်ငွေက အလွန်ကောင်းမွန်ခဲ့သည်- လေးထောင်နီးပါးပင်။ ၁၉၈၀ ပြည့်နှစ်များ အစောပိုင်းတွင်တော့ ဤသည်မှာ ကြီးမားသော ပမာဏ ဖြစ်၏။ သို့သော်လည်း လူကြီးများ၏ စေတနာဖြစ်သောကြောင့် သူမ ပြုံးပြုံးရွှင်ရွှင်နှင့် လက်ခံလိုက်သည်။ ညစာစားပြီးနောက် အဘိုးကုထံ ဖက်ထုပ်များ ယူသွားပေးခဲ့ပြီး သူ့ထံမှ နောက်ထပ် အနီရောင်စာအိတ် တစ်ခု ရခဲ့ပြန်၏။

"ဒါက တကယ် ကောင်းတာပဲ၊ တစ်ခု ပေးလိုက်တာ နှစ်ခု ပြန်ရတယ်။"

အပြန်လမ်းတွင် လင်းချောင် ရယ်နေခဲ့သည်။ အနီရောင်စာအိတ်များထဲမှ နောက်တစ်ခုက ကျိလင်အတွက် ဖြစ်သည်။ ကျိဇယ်ကတော့ အသက်ကြီးပြီ ဖြစ်ပြီး အလုပ်လုပ်နေပြီဖြစ်သည့်အတွက် မရခဲ့ပေ။

မမျှော်လင့်ထားဘဲ ထိုညနေခင်းတွင် ကျိသော်ကလည်း သူမကို တစ်ခု ပေးခဲ့သေးသည်။ သူက သူမကို အနီရောင်စာအိတ် ပေးရုံသာမက မီးရှူးမီးပန်းများဖောက်ကာ ပျော်ရွှင်စရာကောင်းသော ညတစ်ညကိုပါ ဖန်တီးပေးခဲ့သေး၏။

ကျိသော်သည် ယခင်ရက်များက ခွင့်ယူထားခဲ့သောကြောင့် နှစ်သစ်ကူးပြီး ရက်အနည်းငယ်အကြာတွင် တပ်စခန်းသို့ ပြန်သွားခဲ့သည်။

အထက်တန်းကျောင်း ဒုတိယနှစ်သည် စောစီးစွာ စတင်သောကြောင့် လင်းချောင်လည်း သူနှင့်အတူ လိုက်သွားခဲ့၏။ သူမသည် ဓာတုဗေဒပြိုင်ပွဲအတွက် စာသင်ပေးရန်လည်း ရှိသည်။

သူတို့ ထွက်ခွာသည်အထိ ယဲ့မင်ရှူး ဆေးရုံမှ မဆင်းရသေးပေ။ ကျီကျွင်း ပြန်လာသည့်အခါတိုင်း အဘိုးကြီး၏ မျက်နှာက ပို၍ပင် မှောင်မည်းနေတော့၏။

ကျောင်းပြန်ဖွင့်သည့် ပထမဆုံးနေ့တွင် ဒုကျောင်းအုပ်ကြီးချီက လင်းချောင်ကို ရုံးခန်းသို့ ခေါ်လိုက်၏။ "ဆရာအတတ်သင်ကောလိပ်မှာ ဘွဲ့လွန် ဆက်တက်ဖို့ စဉ်းစားဖူးလား။"

"ဆရာအတတ်သင်ကောလိပ်မှာ ဘွဲ့လွန်လား။"လင်းချောင် အံ့သြသွား၏။

ဒုကျောင်းအုပ်ကြီးချီက ခေါင်းညိတ်ပြသည်။ "နိုင်ငံတော်မှာ တက္ကသိုလ်မတက်ခဲ့ဖူးပေမဲ့ ညီမျှတဲ့ပညာရေး ရှိပြီး အရည်အချင်းရှိတဲ့ ဝန်ထမ်းတွေကို ဘွဲ့လွန်တစ်ခါတည်း လျှောက်ထားခွင့်ပြုတဲ့ မူဝါဒတစ်ခု ရှိတယ်။ မင်းရဲ့ အခြေအနေကို ငါ အရင်က မေးမြန်းထားခဲ့ဖူးတယ်၊ ပညာရေးဌာနဘက်ကနေပြီး မင်းက နီးစပ်နေပေမဲ့ အတိအကျတော့ မဖြစ်နိုင်သေးဘူးလို့ ပြောလို့ ငါ မပြောပြခဲ့တာ။"

ဒီအကြောင်းကို လင်းချောင် မသိထားခဲ့ပေ။ သို့သော် ဒုကျောင်းအုပ်ကြီးချီ ယခု ပြောပြနေခြင်းက အခွင့်အရေးအသစ် တစ်ခုကို ညွှန်ပြနေသလိုပင်။

တကယ်လည်း ဒုကျောင်းအုပ်ကြီးချီက ဆက်ပြောလိုက်၏။ "နိုင်ငံမှာ အခြေခံပညာအတွက် ဆရာတွေ လိုအပ်နေပြီး ဆရာအတတ်သင် ကောလိပ်တွေကလည်း လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း ဘွဲ့ကြိုကျောင်းသားတွေကို ခေါ်ယူခဲ့တယ်။ ဒါပေမဲ့ မင်းရဲ့ စွမ်းဆောင်ရည်ကတော့ ထူးခြားတယ်လေ။ ယန်ဒူ ဆရာအတတ်သင် တက္ကသိုလ်က မင်းကို ဘွဲ့လွန်တက်ဖို့အတွက် လက်ခံလိုတဲ့ကြောင်း ကျောင်းကို ဆက်သွယ်လာတယ်။ ဘွဲ့ရပြီးရင် ပါမောက္ခအဖြစ် ဆက်လုပ်နိုင်မဲ့ အခွင့်အလမ်းလည်း ရှိတယ်တဲ့။"

ဒါက ချဲ့ကားပြောဆိုခြင်း မဟုတ်ပေ။ ဓာတ်ခွဲခန်းတစ်ခု၊ တိုက်ရိုက်ဝင်ခွင့်ရသည့် ပြိုင်ပွဲတစ်ခုတို့သည် သူမ ကျောင်းသားများ၏ အောင်မြင်မှုများကို ထည့်ပြောစရာမလိုဘဲ ထိုဆရာအတတ်သင်ကောလိပ်များ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ရန် လုံလောက်နေခဲ့သည်။

ဆရာအတတ်သင်ကောလိပ်က သူမ၏ အလားအလာကောင်းကို မြင်ထားပြီး သူမကို တက္ကသိုလ်တွင် ပညာသင်ကြားစေခြင်းဖြင့် အရည်အချင်းရှိသူများကို ပိုမိုမွေးထုတ်ပေးနိုင်မည်ဟု ယုံကြည်ခဲ့ကြသည်။

ဒုကျောင်းအုပ်ကြီးချီက နွေးထွေးစွာ ပြောလိုက်၏။ "တိုက်ရိုက် ဘွဲ့လွန်ဆက်တက်လိုက်တာက မင်းအတွက် လေးနှစ်ကြာမဲ့ ဘွဲ့ကြိုသင်ကြားမှု အချိန်တွေကို ချွေတာနိုင်တယ်။ မင်း စိတ်ဝင်စားသလား ဆိုတာတော့ ငါ မသိဘူး။"

လေးနှစ်တာ အချိန်ကို ချွေတာနိုင်ခြင်းက တကယ်ကို ဆွဲဆောင်မှုရှိသည်။ အဘယ်ကြောင့်ဆိုသော် လင်းချောင်သည် သူမ၏ အရင်ဘဝတွင် ဘွဲ့ကြိုအဆင့်ကို ပြီးမြောက်ခဲ့ပြီးပြီဖြစ်၍ ထပ်ခါတလဲလဲ ပြန်လုပ်ခြင်းက အချိန်ဖြုန်းခြင်းသာ ဖြစ်လိမ့်မည်။

သို့သော် သူမ၏ ဘွဲ့ကြိုနှင့် မဟာဘွဲ့များသည် ပညာရေးနယ်ပယ်ဘက်တွင် မဟုတ်ဘဲ ဓာတုဗေဒနယ်ပယ်ဘက်တွင်သာ ဖြစ်ပြီး၊ သူမသည်လည်း စာသင်ခန်းထဲတွင် မဟုတ်ဘဲ ဓာတ်ခွဲခန်းထဲတွင်သာ အချိန်ဖြုန်းခဲ့သူဖြစ်သည်။

ယနေ့ မတိုင်ခင်အထိ ဆရာအတတ်သင်ကောလိပ်များသည် သူမ၏ စိတ်ဝင်စားမှုနယ်ပယ်ထဲတွင် တစ်ခါမျှ ရှိမနေခဲ့ပေ။ သူမ ဆုံးဖြတ်ချက်မချမီ သေချာစဉ်းစားရန် လိုအပ်နေသေး၏။

ထိုသို့သော ဆုံးဖြတ်ချက်မျိုးကို ချက်ချင်း မချနိုင်ကြောင်း ဒုကျောင်းအုပ်ကြီးချီကလည်း နားလည်၏။ "စဉ်းစားဖို့အတွက် အချိန်နည်းနည်း ယူလိုက်ပါ။ နောက်ဆုံး ဆုံးဖြတ်ချက်က မင်းအပေါ်မှာပဲ မူတည်တယ်။"

သူသည် ထိုအခွင့်အရေးကို သိမြင်နေသော်လည်း သူမကိုတော့ အတင်းအကျပ် မတိုက်တွန်းခဲ့ပေ။ ဒါကြောင့် လင်းချောင် ပို၍ စ်ိတ်သက်သာသလို ခံစားခဲ့ရသည်။

"ကျွန်မ စဉ်းစားလိုက်ပါ့မယ်။"

ထိုသို့ ပြောပြီး သူမ ထွက်သွားရန် ထရပ်လိုက်၏။ ရုံးခန်းတံခါးကို ဖွင့်လိုက်စဉ် ကျောင်းအုပ်ကြီးကျန့်နှင့် စင်္ကြံလမ်း၌ ဆုံမိခဲ၏။

ကျောင်းအုပ်ကြီးကျန့်က သူမကို ပြောလိုက်သည်။ "မင်းကို ငါ တွေ့ချင်နေတာ။ အဲ့ဒီ မုဇီ ဆပ်ပြာရည်စက်ရုံက မင်းပိုင်တာလား။"

ဒုကျောင်းအုပ်ကြီးချီသည်လည်း သူ စကားမပြောမီ တံခါးပိတ်လိုက်သည်ကို မြင်သောအခါ အရေးကြီးကြောင်း သိလိုက်သည်။ အကြောင်းအရာကို ကြားလိုက်သောအခါ သူ ချက်ချင်း မျက်မှောင်ကြုတ်လိုက်၏။

"ဘာကိစ္စလဲ။"

ကျောင်းအုပ်ကြီးကျန့်က သူ့ကို စာတစ်စောင် ပေးလိုက်၏။ "တစ်စုံတစ်ယောက်က လင်းချောင်က အလုပ်လုပ်နေချိန်အတွင်းမှာ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းနဲ့လည်း ပါဝင်ပတ်သက်နေတယ်ဆိုပြီး ကျောင်းကို တိုင်ကြားလာတယ်။ ဒါက ပြင်းထန်တဲ့ ကိစ္စဖြစ်လို့ သေသေချာချာ အရေးယူဖို့ တောင်းဆိုထားတယ်။"

နိုင်ငံတော်တွင် ဆရာ၊ ဆရာမများ အလုပ်လုပ်နေစဉ်အတွင်း ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများ၌ ပါဝင်ခြင်းကို တားမြစ်ထားသည့် စည်းမျဉ်းများ ရှိသည်ကတော့ အမှန်ပင်။ သို့သော် တိုင်ကြားမှုသာမရှိပါက စစ်ဆေးလေ့သိပ်မရှိသော ကိစ္စဖြစ်၏။

ဒုကျောင်းအုပ်ကြီးချီလည်း လင်းချောင်ကို ကြည့်လိုက်၏။ "အဲ့ဒီ မုဇီ ဆပ်ပြာရည်က... "

"ဖော်မြူလာကို ကျွန်မ ဖန်တီးခဲ့တာပါ။"

လင်းချောင်ကတော့ တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။ "ဒါပေမဲ့ စီးပွားရေးလုပ်ငန်း ဆောင်ရွက်မှုတွေမှာ ကျွန်မ ပါဝင်တာမျိုး မရှိသလို ပါဝင်ဖို့အတွက် အချိန်လည်း မရှိပါဘူး။"

ဒါက တကယ့် အမှန်တရားပင်။ သူမ ကျောင်းနှင့် ကျောင်းသားများအတွက် ဘယ်လောက် ပံ့ပိုးပေးထားသလဲ ဆိုသည်ကို လူတိုင်း မြင်နိုင်၏။ သူမသည် အရင်ကတည်းက အလုပ်များနေခဲ့ပြီး တက္ကသိုလ်ဝင်တန်း စာမေးပွဲအတွက်လည်း စာပြန်လေ့လာရဦးမည်ဖြစ်သည့်အတွက် အချိန်ပို လုံးဝ ရှိမနေပေ။

ဒုကျောင်းအုပ်ကြီးချီလည်း စာကို ကြည့်ပြီး စကားပင်မပြောနိုင်တော့ပေ။ "ဘယ်သူက ဒီလို လုပ်ရတာလဲ။"

"အဲ့ဒီကိစ္စကိုတော့ အခုလောလောဆယ် စိတ်မပူနဲ့ဦး။"

ကျောင်းအုပ်ကြီးကျန့်က ပြောလိုက်၏။ "ဆရာမလင်းနဲ့ ဆက်စပ်နေသယလားဆိုတာကိုပဲ ငါက စစ်ဆေးချင်တာ။"

သူက စာကို ချထားလိုက်ပြီး ကျင်း ဒုကျောင်းအုပ်ကြီးချီကို မေးလိုက်သည်။ "ပြီးခဲ့တဲ့တစ်ခေါက် မင်း ပညာရေးဌာနကို မေးခဲ့တုန်းက သူမရဲ့ အခြေအနေကို ထောက်ခံဖို့ဆိုရင် တီထွင်မှုတစ်ခုခု ဒါမှမဟုတ် ဆုတစ်ခုခု ရှိထားတာက အကောင်းဆုံးဖြစ်မယ်လို့ ပြောခဲ့တယ်မလား။"

ဒုကျောင်းအုပ်ကြီးချီလည်း ခဏတာ စဉ်းစားလိုက်၏။ "ဆိုလိုချင်တာက ဒီတီထွင်မှုကို ထောက်ခံချက်အဖြစ် အသုံးချပြီး သူမကို ဘွဲ့လွန်တန်းတက်နိုင်ဖို့ အကြံပြုမယ်ဆိုတဲ့ သဘောလား။"

"ဒါတစ်ခုတည်းနဲ့တော့ မလုံလောက်ဘူး ထင်တယ်။"။ကျောင်းအုပ်ကြီးကျန့်က ပြန်ဖြေခဲ့သည်။

ကျောင်းအုပ်ကြီးကျန့်သည် ဒီလို အချက်အလက်မျိုးကို ဂရုတစိုက် စောင့်ကြည့်ရှာဖွေနေကြောင်း သိသာ၏။ သူက လင်းချောင်ဘက်သို့ လှည့်ကာ ဆိုလိုက်သည်။

"ဖော်မြူလာက တကယ် မင်းရဲ့ဟာဆိုရင် ယန်ဒူမြို့မှာ လာမယ့်လကုန်လောက် အမျိုးသား တီထွင်ဖန်တီးမှု ပြပွဲ ကျင်းပဖို့ရှိတယ်။ သူတို့က ရွှေတံဆိပ်၊ ငွေတံဆိပ်၊ ကြေးတံဆိပ်တွေ ချီးမြှင့်မှာဖြစ်ပြီး မင်း စာရင်းသွင်းလို့လည်း ရနေသေးတယ်။"

အမှန်ပြောရလျှင် ဆပ်ပြာရည်ဖော်မြူလာက လင်းချောင်၏ ဖော်မြူလာမဟုတ်ပေ။ သို့သော် သူမ မည်သို့ရှင်းပြရမည်ကို မသိသောကြောင့် တွေဝေသွားပြီး ပြောလိုက်၏။

“ဒါက နိုင်ငံခြားမှာတော့ ရှိနေတာကြာပါပြီ။”

ဒုကျောင်းအုပ်ကြီးချီက သက်ပြင်းချလိုက်ပြီး ပြောခဲ့သည်။

“ငါတို့ အခုသုတေသနလုပ်နေတဲ့ အရာတွေထဲမှာရော နိုင်ငံခြားမှာ မရှိတာ ဘယ်နှစ်ခုများ ရှိလို့လဲ။ ငါတို့နိုင်ငံက ပြည်သူတွေကတော့ အဲ့ဒါတွေကို အသုံးမပြုနိုင်သေးဘူးလေ။ နိုင်ငံတော်ဘက်က ဒီလိုလုပ်တာက တီထွင်ဖန်တီးမှုကို အားပေးဖို့နဲ့ ရာထူးတိုးမြှင့်နိုင်မဲ့ လမ်းကြောင်းတစ်ခု ဖန်တီးပေးဖို့ပဲလေ။”

ထိုစကားကြောင့် လင်းချောင်သည် ကျိယန် သူမထံ ပို့ပေးခဲ့သည့် လစဉ်သုံးပစ္စည်းများကို သတိရသွား၏။ ၎င်းတို့သည် နိုင်ငံခြားတွင် ရှိနေသည်မှာ နှစ်တစ်ရာကျော် ကြာမြင့်နေပြီဖြစ်သည့်တိုင် တရုတ်ပြည်ရှိ အမျိုးသမီးများကတော့ မကြာသေးမီကမှ သန့်ရှင်းရေးစက္ကူကို စတင်အသုံးပြုခဲ့ကြခြင်း ဖြစ်သည်။ သူမ ဘာမှ ထပ်မပြောခဲ့တော့ပေ။

ဤနေရာသို့ မလာခင်က လင်းချောင်သည် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအတွက် ပြင်ဆင်နေခဲ့သည်။ ဒုကျောင်းအုပ်ကြီးချီ၏ ရုံးခန်းမှ ထွက်လာပြီးနောက်မှာတော့ သူမ၌ ဘွဲ့လွန်ကျောင်းသို့ တိုက်ရိုက်သွားနိုင်မည့် လမ်းကြောင်းနှစ်ခု ရှိလာခဲ့ပြီဖြစ်၏။ ပထမတစ်ခုမှာ ဆရာအတတ်သင်ကောလိပ်သို့ တက်ရောက်ခြင်းဖြစ်ပြီး၊ နောက်တစ်ခုမှာ ဆုတစ်ဆုရရန် နည်းလမ်းရှာပြီး သိပ္ပံနှင့် အင်ဂျင်နီယာကောလိပ်သို့ ဝင်ခွင့်ရရှိရန် ဖြစ်သည်။

ဤသည်မှာ သူမ လုံးဝမျှော်လင့်မထားခဲ့သော အခြေအနေပင်။ သူမသည် ဒုကျောင်းအုပ်ကြီးချီနှင့် ကျောင်းအုပ်ကြီးကျန့်တို့ကို စိတ်ရင်းမှန်ဖြင့် ကျေးဇူးတင်စကား ပြောခဲ့လိုက်၏။

“မလိုပါဘူး။”

ဒုကျောင်းအုပ်ကြီးချီက မျက်မှန်ကို ပင့်တင်ရင်း ပြုံးလိုက်သည်။

“ကျောင်းအတွက် မင်းလုပ်ပေးခဲ့တာတွေက အများကြီးပဲ။ အထောက်အပံ့တစ်ခုခုရဖို့ ထိုက်တန်ပါတယ်။”

ကျောင်းအုပ်ကြီးကျန့်က ဘာမှ မပြောသော်လည်း သူ၏ လမ်းညွှန်မှုများကတော့ အဓိပ္ပာယ်များစွာကို ဖော်ပြပေးနေခဲ့သည်။

ဤ လူကြီးများသည် အစိုးရအရာရှိကြီးများ၏ ပုံစံမျိုး မဟုတ်ကြပေ။ ကျောင်းအုပ်ကြီးကျန့်သည် ဆယ်နှစ်တာ ဒုက္ခခံခဲ့ရသောကာလကြောင့် ပင်ပန်းနွမ်းနယ်နေသော်လည်း စိတ်အားထက်သန်မှုကတော့ အပြည့်ရှိနေဆဲဖြစ်သည်။ အခွင့်အရေးရလျှင် သူသည် ကျောင်းသားများနှင့် စာသင်ကြားရေးကို စိတ်ရင်းမှန်ဖြင့် ဂရုစိုက်သော ဆရာ၊ ဆရာမများအတွက် တစ်ခုခု လုပ်ပေးလိုစိတ် အမြဲရှိသည်။

နိုင်ငံ၏ အစောပိုင်းကာလမှ လူများတွင် နောက်ပိုင်းမျိုးဆက်များ၌ ပျောက်ဆုံးနေသော စိတ်ဓာတ်တစ်မျိုး ရှိခဲ့ပုံရ၏။ အခြေအနေသည် မည်မျှပင် ခက်ခဲ၊ ဆင်းရဲနေစေကာမူ ထိုသူတို့ကတော့ နိုင်ငံတည်ဆောက်နိုင်ရေးအတွက် အမြဲလိုလို စိတ်အားထက်သန်မှုများကို အပြည့်အဝ မြှုပ်နှံထားခဲ့ကြသည်။

လင်းချောင်သည် ရုံးခန်းမှ ထွက်ခါရန် နောက်ဆုတ်လိုက်သော်လည်း ရုတ်တရက် လှည့်ပြန်လာပြီး ဒုကျောင်းအုပ်ကြီးချီကို တည့်တည့်ကြည့်ကာ ဆိုလိုက်၏။

“ဒုကျောင်းအုပ်ကြီးချီ၊ ကျွန်မ စမ်းသပ်မှုတွေ ထပ်လုပ်ချင်ပါသေးတယ်။”

ဆရာအတတ်သင်ကောလိပ်သို့ တက်ရောက်ခြင်းက ပိုလွယ်ကူပြီး စိတ်ချရသည်။ အခြားလမ်းကြောင်းတစ်ခုကဲ့သို့ ဆုရရန်အတွက် နည်းလမ်းရှာဖွေနေစရာ မလိုပေ။ သို့သော် သူမ၏ ပထမဆုံးသော ဝါသနာသည် ဆရာလုပ်ခြင်း မဟုတ်ဘဲ ဓာတုဗေဒ စမ်းသပ်မှုများသာ ဖြစ်၏။ သူမသည် စာသင်ခန်းထက် ဓာတ်ခွဲခန်းကို ပိုနှစ်သက်သူဖြစ်သည်။

ထို့အပြင် သူမ၏ ယခင်အောင်မြင်မှုများသည်လည်း ထူးချွန်သော အရည်အချင်းကြောင့်မဟုတ်ဘဲ အနာဂတ် နှစ်လေးဆယ်မှ လာခဲ့သူဖြစ်သောကြောင့်ပင်။ သူမ ဘာကို ကောင်းကောင်းလုပ်နိုင်သည် ဆ်ိုသည်ကို သူမကောင်းကောင်းသိ၏။

လူအများသည် မိမိတို့၏ မူလရည်ရွယ်ချက်များကို မမေ့လျော့ဘဲ ထူးချွန်သော ပညာတတ်များဖြစ်အောင်သာ အမြဲကြိုးစားတတ်ကြသည်။ သူမသည်လည်း ဆရာအတတ်သင်ကောလိပ်သို့ တက်ရောက်ခြင်းက ပိုလွယ်ကူနေသောကြောင့် သူမ၏ မူလရည်ရွယ်ချက်များကို မေ့ပစ်လိုက်လိုစိတ် မရှိခဲ့ပေ။ ဆပ်ပြာရည်ပြုလုပ်ခြင်းက အကျိုးအမြတ်ရနိုင်သည်ကို သိထားခဲ့သော်လည်း၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို စွန့်လွှတ်ပြီး စီးပွားရေးသမားတစ်ဦး ဖြစ်လာရန် စိတ်ကူးမယဉ်မိခဲ့သလိုပင်။

လင်းချောင်၏ အကြည့်များက ခိုင်မာနေပြီး သူမ၏ စကားလုံးများသည်လည်း တကယ်ကို ရိုးသား၏။ “အနာဂတ်မှာ အခွင့်အရေးရတယ်ဆိုရင် ကျောင်းသားတွေကိုလည်း စာသင်ကြားပေးမှာပါ။ ဒါပေမဲ့ အရင်ဆုံးတော့ ဓာတုဗေဒလောကကို ပိုပြီး စူးစမ်းလေ့လာကြည့်ချင်ပါတယ်။”

ဤစကားသည် ဒုကျောင်းအုပ်ကြီးချီ၏ စေတနာကို ငြင်းပယ်လိုက်သလို ဖြစ်နေနိုင်သော်လည်း သူကတော့ စိတ်မဆိုးခဲ့ဘဲ ပြုံးလိုက်၏။

“မင်းမှာ ကိုယ်ပိုင်အကြံဉာဏ်တွေ ရှိတာပဲ။”

သူ၏ မျက်လုံးများက သူ၏ စိတ်ကျေနပ်မှုကို ပြသနေခဲ့သည်။

“ဆရာအတတ်သင်ကောလိပ် တက်ဖို့ဆိုတာက ရွေးချယ်စရာတစ်ခုပါပဲ။ နောက်ဆုံးဆုံးဖြတ်ချက်က မင်းအပေါ်မှာပဲ မူတည်ပါတယ်။”

သူမ စိတ်ပူပန်မှု မခံစားရစေရန် သူက ပြုံးရွှင်စွာဖြင့် ထပ်လောင်းပြောလိုက်သေးသည်။

“စာရင်းသွင်းဖို့ သေချာပြင်ဆင်ထားပါ။ တီထွင်မှုအသစ်တွေ ရှိလာရင်လည်း အားလုံးကြည့်နိုင်အောင် ထုတ်ပြပါဦး။”

“သေချာပေါက် ပြမှာပါ။”

လင်းချောင်လည်း ပြုံးလိုက်သည်။ ဒီတစ်ကြိမ်တွင် ရုံးခန်းထဲမှ ထွက်ခွာခြင်းသည် ယခင်ကထက်ပင် ပိုမို ပေါ့ပါး လန်းဆန်းသွားသည်ဟု ခံစားခဲ့ရသည်။

ပြိုင်ပွဲအတွက် ဘယ်အရာကို စာရင်းသွင်းရမလဲဆိုသည်ကို သေချာစဉ်းစားရန် လိုအပ်နေသေးသည်။

ဆပ်ပြာရည်သည် လူသိထားသည်မှာ အချိန်ကြာနေခဲ့ပြီဖြစ်ပြီး၊ ဖော်မြူလာသည်လည်း ရိုးရှင်းကာ ယခင်ကပင် ပေါက်ကြားခဲ့ဖူးသေးသည်။ အသစ်ဖြစ်ပြီး အမှန်တကယ်အသုံးဝင်မည့် အရာတစ်ခုကို တီထွင်နိုင်လျှင် အကောင်းဆုံးဖြစ်လိမ့်မည်။

သို့သော် သူမတွင် စိတ်ကူးများစွာ မရှိသေးဘဲ တိုင်စာ ကိစ္စကို ဖြေရှင်းရန်က အဓိက လိုအပ်နေခဲ့၏။ ၎င်းသည် ဤကာလမှ အကျင့်တစ်ခု ဖြစ်ပုံရသည်။ တစ်စုံတစ်ဦးက ပြဿနာရှာလိုသည့်အခါတိုင်း ပထမဆုံးအနေနှင့် တိုင်စာရေးရန် စဉ်းစားတတ်ကြသောကြောင့်ပင်။

လွန်ခဲ့သည့် ခြောက်လအတွင်း သူမ၏ ယခင်ဘဝမှ ကျောင်းသားများက ပိတ်ရက်တွင်စာသင်ကြားခြင်းကို ပညာရေးဌာနသို့ သွားရောက်တိုင်ကြားသည်ထက် ပိုများသော ကိစ္စများကို တွေ့ကြုံခဲ့ရ၏။

ယခင်ကတော့ သူမတစ်ဦးတည်းနှင့်သာ သက်ဆိုင်ခဲ့သော်လည်း ဤတစ်ကြိမ်တွင်တော့ ဆပ်ပြာရည်စက်ရုံကိုပါ ဆွဲထည့်လာသည်။ ဤစာကို ပို့သူသည် သူမကို ရည်ရွယ်ခြင်းလား၊ ကျိသော်ကို ရည်ရွယ်ခြင်းလား ဆိုသည်ကိုတော့ မည်သူမျှ မသိနိုင်။

နေ့လယ်စာစားချိန်တွင် ကျိသော် အိမ်ပြန်ရောက်လာသောအခါ လင်းချောင်က သူ့ကို အခြေအနေပြောပြလိုက်၏။

“ရှင်သူငယ်ချင်းက ဒီလိုကိစ္စမျိုး မကြုံဖူးဘူးမလား။”

ကျိသော်၏ အာရုံစိုက်မှုကတော့ တိုင်ကြားစာအပေါ်တွင်သာ ရှိနေခဲ့တော့သည်။

“မင်းကို ထပ်ပြီး တိုင်ကြားပြန်ပြီလား။”

သူ၏ မျက်ခုံးများတွန့်ကွေးသွားပြီး အကြည့်များကလည်း မှောင်မိုက်လာတော့၏။

“ကျွန်မ အဆင်ပြေပါတယ်။”

လင်းချောင်က ပြောလိုက်သည်။ “တကယ်တော့၊ ဒါကပဲ ကံကောင်းသွားသေးတယ်။ ကျွန်မမှာ ဖော်မြူလာတစ်ခု ရှိတယ်ဆိုတာကို ကျောင်းက သိသွားပြီး ဘွဲ့လွန်ကျောင်းကို တိုက်ရိုက်တက်ရောက်ခွင့်ရမဲ့ လမ်းကြောင်းကို ပြပေးခဲ့တယ်လေ။”

“ဘွဲ့လွန်ကျောင်းကို တိုက်ရိုက်တက်ရောက်ခွင့်ရမဲ့လမ်းကြောင်းလား။”

လင်းချောင်ပင် ဒီအကြောင်းကို မသိထားသေးသည့်အတွက် ပညာရေးစနစ်ပြင်ပမှ ကျိသော်ကတော့ လုံးဝ မသိနေနိုင်ပေ။

လင်းချောင်က အခြေအနေကို သူ့အား ရှင်းပြလိုက်၏။ “ဒါပေမဲ့ ဒါက လမ်းကြောင်းတစ်ခုအဆင့်ပဲ ရှိပါသေးတယ်။ အောင်မြင်မလားဆိုတာကတော့ ကျွန်မ ဆုတစ်ခုခု ရနိုင်မလား ဆိုတဲ့အပေါ်မှာပဲ မူတည်နေတာ။”

ကျိသော်၏ အကြည့်များက သူမ၏ မျက်နှာပေါ်တွင် ဆက်ရှိနေခဲ့၏။ “မင်း ဆပ်ပြာရည်ဖော်မြူလာ ဖန်တီးနိုင်တယ်ဆိုတာကို လူအများကြီး မသိကြဘူးမလား။”

လင်းချောင် ခဏရပ်သွားသော်လည်း သူ့မျက်လုံးကို တည့်တည့်ကြည့်လိုက်ပြီး ပြောလိုက်၏။ “မိသားစုဝင်တွေပဲ သိထားတာ။ အပြင်လူတွေကိုတော့ သူငယ်ချင်းတစ်ယောက် လုပ်ထားတာလို့ပဲ ကျွန်မ အမြဲပြောထားခဲ့တယ်။”

ကျောင်းမှ တစ်စုံတစ်ဦးက ပြဿနာရှာချင်သည်ဆိုလျှင် ယခင်ကတည်းက တိုင်ကြားခဲ့လောက်ပြီဖြစ်သည်။ ကျောင်းအုပ်ကြီးကျန့်နှင့် ဒုကျောင်းအုပ်ကြီးချီတို့ကလည်း အခုအချိန်မှ ဒီဖော်မြူလာက သူမ၏ ဖော်မြူလာဖြစ်ကြောင်း အတည်ပြုခဲ့ကြမည် မဟုတ်ပေ။

ဒီလိုဆိုလျှင် မိသားစုဝင်တစ်ဦးဦး သို့မဟုတ် မိသားစုဝင်တစ်ဦးဦးထံမှ သတင်းပေါက်ကြားသွားခြင်းသာ ဖြစ်ရမည်။ ကျိသော်၏ အကြည့်များ အေးစက်သွားပြီး အခြေအနေကို အကြမ်းဖျင်း သဘောပေါက်သွားခဲ့၏။

“ဒီကိစ္စကို ကိုယ် ရှင်းလိုက်မယ်။”

All Chapters